Switch Mode

အခန်း ( ၈၀ )

ဖက်တီးကျန်းကြီး၏ အရည်အချင်းများ

ယခုသူ့တွင် ဝိညာဉ်ကျောက်တုံးများစွာရှိသွားပြီဖြစ်ရာ ပိုင်ရှောင်ချန်းက လိပ်ကလေးနှင့်ပတ်သတ်သောကိစ္စကို ထပ်၍စိတ်မပူပန် ချင်တော့ပေ။ ဖြစ်ပျက်ခဲ့သောအရာများကြောင့် သူ၏နှလုံးသားမှာ ဓားနှင့် အကြိမ်ထောင်ပေါင်းများစွာထိုးခံထားရ သကဲ့သို့ဖြစ်နေတော့သည်။ ယခုလုပ်ရန်ကျန်သော တစ်ခုတည်းသောအရာမှာ ဆေးဖော်စပ်ဆောင်သို့သွား၍ ဆေးဖော်စပ်ခြင်းတွင် စိတ်နှစ်ကာ မိမိကိုယ်ကိုယ် ပြန်ကုစားရန်ပင် ဖြစ်တော့သည်။

ဤအကြိမ်တွင် ပိုင်ရှောင်ချန်း၏ အဆင့်နှစ် စိတ်စွမ်းအင်ဆေးဖော်စပ်နိုင်စွမ်းမှာ ပြီးပြည့်စုံသော အဆင့်သို့ရောက်သွားပြီ ဖြစ်သည်။ သူ၏အောင်မြင်မှုနှုန်းမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားနေတော့သည်။ သူက အဆင့်သုံး စိတ်စွမ်းအင်ဆေးများဖော်စပ်ရန် ပြင်လိုက်တော့သည်။

သူလုပ်ငန်းစသောအခါ သူ၏အလုပ်ရုံမှာ တဂျုံးဂျုံးမြည်ဟည်းသံများဖြင့် ပြည့်နှက်နေတော့သည်။ တစ်ခါက မထင်မှတ်ထားသော အရာတစ်ခုဖြစ်ကာ ဆေးပေါင်းဖိုကြီးမှာ လေပေါ်မြောက်တက်သွားပြီး နံရံကိုဝင်ဆောင့်မိသဖြင့် အသံကျယ်ကြီးတစ်သံထွက်လာပြီး ချိုင့်ခွက်အသေးလေးတစ်ခုပင် ပေါ်လာတော့သည်။

သို့သော်လည်း ထိုအရာမှာ ဆေးလုံးတစ်ကြိမ် ပျက်စီးကာ ပေါက်ကွဲစဉ်က အလုပ်ရုံ၏ အကာအကွယ်မန္တန်ဝင်္ကပါပင် မတားဆီးနိုင်ခဲ့ဘဲ မီးခိုးများထွက်လာသောအခါနှင့် နှိုင်းယှင်လျှင် ဘာမှမဟုတ်ပေ။ ထိုမီးခိုးများမှာ ဆေးဖော်စပ်ရာအဆောင်၏ တစ်ဝက်ခန့် ပြည့်နှက်သွားပြီး အတွင်းရှိလူတိုင်းမှာ ချောင်းဆိုးရင်း ကျိန်ဆဲကာ အပြင်သို့ ပြေးထွက်လာရသည်အထိပင်။

ပိုင်ရှောင်ချန်းမှာလည်း ထိတ်လန့်သွားပြီး သူတို့နည်းတူ ပြေးထွက်လာခဲ့သည်ဖြစ်ရာ အဆုံးတွင် တရားခံ မည်သူမှန်း တစ်ယောက်မှ မသိလိုက်ချေ။

ထိုအကြောင်းအရာများကြောင့် အတော်လေး စိတ်ကုန်သွားသဖြင့် ပိုင်ရှောင်ချန်းက သူ၏အလုပ်ရုံအတွင်းသို့ ဂရုတစိုက်ပြန်ဝင်ကာ အဆင့်သုံးစိတ်စွမ်းအင်ဆေးကို နောက်တစ်ကြိမ် ထပ်ဖော်ရန် ပြင်လိုက်သည်။ သူက ထူးဆန်းသော စိတ်စွမ်းအင်ဆေးများအား မကြာခဏ မှားယွင်းဖော်စပ်ခဲ့သည်များကို ပြန်တွေးမိလိုက်သောအခါ သူ၏မျက်နှာပေါ်တွင် နားလည်ရခက်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ဥပမာအားဖြင့် ပုရွက်ဆိတ် အုံလိုက်ကြီး ရောက်လာစေသော ဆေးလုံးကိုဖော်စပ်ခဲ့မိသော အချိန်ရှိသည်။ ထို့အပြင် သူ၏ ကာမအားတိုးဆေးကို ဖော်စပ်မိခဲ့သော အချိန်လည်း ရှိ၏။

သူဖော်စပ်ခဲ့သမျှ ထူးဆန်းသည့်ဆေးလုံးများက ကြောက်မက်ဖွယ်ကောင်းသည်မှာ သေချာသည်။

” ဆေးဖော်စပ်တဲ့အခါ ဖော်စပ်နည်းတစ်ခုထဲကို ပုံသေမသုံးလို့များ အဲ့လိုတွေဖြစ်နေရတာလား။ ငါဆေးဖော်တိုင်း ငါစိတ်ထင်တဲ့အတိုင်းကောက်ကောက်လုပ်လို့ အဲ့လိုမျိုး အထူးအဆန်း ပြောင်းလဲမှုတွေဖြစ်ကုန်တာများလား။ ဒါမှမဟုတ် ငါက မွေးကတည်းက အရည်အချင်းရှိလွန်းလို့ ဘုရားသခင်က မနာလိုပြီး ငါ့အတွက် ပြဿနာမဖြစ်ဖြစ်အောင် တမင်ဖန်ဆင်းနေတာမျာလား။” သူက အတွေးများထဲ နစ်မျောနေတော့သည်။

လောလောဆယ်တွင် ပိုင်ရှောင်ချန်းက သူ့ရှေ့ရှိ အရောင်တောက်တောက်နှင့်ဆေးလုံး ဒါဇင်အနည်းငယ်ကို မျက်မှောင်ကြုတ်ရင်း ငုံ့ကြည့်လိုက်သည်။

ထိုဆေးလုံးများမှာ စက်လုံးပုံစံမရှိကြပေ။ ဆေးလုံးအချို့မှာ ကုဗတုံးပုံစံဖြစ်နေပြီး အခြားဆေးလုံးများမှာ ပုံပျက်နေသော ရွှံ့တုံးကြီးများနှင့် တူသည်။ ၎င်းတို့က ပုံမှန်စိတ်စွမ်းအင်ဆေးများမဟုတ်သည်မှာ သေချာသည်။ ထို့အပြင် ဆေးလုံးတစ်လုံးချင်းစီမှ ပြင်းထန်သောဆေးအနံ့များ ထွက်နေသည်။

ပိုင်ရှောင်ချန်းက ယခုထက် အကြိမ်တစ်ရာ ပို သတ္တိရှိလျှင်ပင် ထိုဆေးများကို မသောက်ရဲချေ။ မည်ကဲ့သို့အကျိုးသက်ရောက်မှုများ ထွက်လာနိုင်ကြောင်း မည်သူမှ တပ်အပ်မပြောနိုင်ပေ။

” တာအိုဆေးပညာရဲ့ အမြင့်ဆုံးအဆင့်ထိ ငါက တက်လှမ်းချင်တာလေ။ ငါက ကောင်းကင်ပေါ်က တိမ်တိုက်လိုမျိုး မျောလွင့်နေပြီး ဒီကမ္ဘာမြေကြီးအကြောင်း လျစ်လျူရှုထားတဲ့လူတစ်ယောက်။ တာအိုဆေးပညာဆိုတာ အနှောင့်အယှက်ပေါင်းစုံနဲ့ ပြည့်နှက်နေတဲ့လမ်းတစ်လမ်း။ အဲ့တာကြောင့် ငါကြောက်နေလို့မရဘူး။ ကြံ့ကြံ့ခံနိုင်မှရမယ်။ ငါက စိတ်သစ်လူသစ်နဲ့ ပိုင်ရှောင်ချန်းအသစ်ဖြစ်သွားပြီကွ ”

သူက ထိုသို့တွေးရင်း ဆုံးဖြတ်ချက်ပြတ်သားဟန်များက သူ့မျက်နှာပေါ်တွင် ထင်ဟပ်နေတော့သည်။ သူက ဘဝ၏နက်နဲသောအမှန်တရားများကို ရှာဖွေနေသည့်လူတစ်ယောက်ပုံစံဖြင့် ဆေးလုံးများကို သိမ်းဆည်းလိုက်ကာ ဆေးထပ်ဖော်စပ်ရန် ပြင်လိုက်တော့သည်။

နောက်တစ်ကြိမ် ဖော်စပ်ရာတွင် နေ့တစ်ဝက်ခန့် ကြာသွားသည်။ သို့သော်လည်း သူ ထပ်မံဖော်စပ်နိုင်သော ဆေးအမျိုးအစားမှာ မရှိသလောက်နည်းနေပြီဖြစ်သည်။ သူထပ်မံဖော်စပ်ပါက အန္တရာယ်များလွန်းသည်။ သူ၏ဆေးပေါင်းဖိုမှာလည်း အကြိမ်တိုင်းပေါက်ကွဲနေသည့်အတွက် အပျက်အစီး များနေပြီဖြစ်သည်။ သူ့ကို ဆေးဖော်စပ်ရာအဆောင်မှထွက်ခွာရန် တာဝန်ရှိသူများက လာပြောသောအခါ သူက ဆူပုတ်ပုတ်ဖြင့် ဝိညာဉ်ကျောက်တုံးအချို့ကို နစ်နာကြေးအဖြစ် ပေးလိုက်ရသည်။

သူသည် ဂိုဏ်းခေါင်းဆောင်၏ဂိုဏ်းတူညီလေးဖြစ်ကြောင်းပြောကာ ဆက်၍နေခွင့်ပေးရန် ပြင်လိုက်စဥ်မှာပင် ဖက်တီးကျန်းကြီးက သူ့ကို ကျောက်စိမ်းပေလွှာတစ်ခုအား သုံးကာ သတင်းပို့ထားသည်ကို သိလိုက်ရသည်။ ပိုင်ရှောင်ချန်း၏နေအိမ်သို့ သူလာခဲ့သော်လည်း မတွေ့သည့်အတွက်ကြောင့် ဘယ်သွားနေလဲသိရန် သတင်းပို့ထားခြင်းဖြစ်သည်

ဖက်တီးကျန်းကြီး လာလည်သည်ကိုသိလိုက်ရသောအခါ ပိုင်ရှောင်ချန်းလည်း ဆေးဖော်စပ်ဆောင်မှ ထွက်ခွာလာခဲ့တော့သည်။ သူက သက်ပြင်းချရင်း တောင်ဆင်းလမ်းကျဥ်းလေးအတိုင်း လျှောက်လာတော့သည်။

” တာအိုဆေးပညာရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်ချင်ရင်တော့ လမ်းမှာ အတားအဆီးတွေနဲ့ ကြုံရမှာပဲ။ ငါပိုင်ရှောင်ချန်းက မျောလွင့်နေတဲ့ တိမ်တိုက်တစ်ခုလိုမျိုးပဲ။ ဘယ်တော့မှ ရှုံးနိမ့်မှာမဟုတ်ဘူး ”

ထိုသို့ရေရွတ်ရင်း သူက ရင်ကော့ခေါင်းမော့ကာ လျှောက်လာပြီး ခဏကြာသောအခါ တစ်ခုခုလွဲမှားကြောင်း သတိထားမိလိုက်သည်။ ယခုအချိန်က ဂိုဏ်းထဲတွင် အလုပ်ရှုပ်နေရမည်ဖြစ်သော်လည်း မွှေးရနံ့တိမ်တောင်မှာ တိတ်ဆိတ်လွန်းနေသည်။ ဘေးနားသို့ လှည့်ပတ်ကြည့်လိုက်သောအခါ ချီစုစည်းမှုအဆင့်ခြောက် နှင့်အထက်ရှိသော ဂိုဏ်းသားတစ်ယောက်မှမရှိကြောင်း သိလိုက်ရသည်။ ကျန်ရှိနေသည့်လူတိုင်းမှာလည်း အဆင့်ငါး နှင့်အောက်က ဂိုဏ်းသားများသာဖြစ်သည်။

သူ တုန်လှုပ်သွားကာ သူ၏နေအိမ်သို့ အလျင်အမြန် ပြေးသွားတော့သည်။ အိမ်၏ခပ်လှမ်းလှမ်းသို့ရောက်သောအခါ အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးလူငယ်တစ်ယောက်က ပင်မတံခါးဝရှေ့တွင် စိတ်လှုပ်ရှားစွာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်ကို မြင်လိုက်ရသည်။

ထိုလူငယ်မှာ အဆီများစွာကျသွားသော ဖက်တီးကျန်းကြီးမှလွဲ၍ အခြားလူမဟုတ်ချေ။

” အစ်ကိုကြီး ” ပိုင်ရှောင်ချန်းက လှမ်းအော်၍ နှုတ်ဆက်လိုက်ပြီး အပြေးသွားလိုက်သည်။

” အမှတ်ကိုး ဂိုဏ်းတူညီလေး ”

ဖက်တီးကျန်းကြီးက ပိုင်ရှောင်ချန်းကိုလှည့်ကြည့်ပြီး ပြန်အော်လိုက်ကာ ကျယ်လောင်စွာရယ်မောလိုက်သည်။ ဖက်တီးကျန်းကြီးကမူ ပိုင်ရှောင်ချန်းသည် ဂိုဏ်းခေါင်းဆောင်၏ ဂိုဏ်းတူညီလေးဖြစ်နေသည်ဆိုသောအချက်ကို ဂရုမစိုက်ပေ။ ဖက်တီးကျန်းကြီးအတွက်မူ သူသည် ဂိုဏ်းတူညီလေးသာဖြစ်သည်။

ပိုင်ရှောင်ချန်းက သူ့ကို ခြံဝန်းထဲခေါ်သွားကာ စကားပြောရန် ထိုင်ချလိုက်သည်။ ထို့နောက် ပိုင်ရှောင်ချန်းက အထူးတဆန်းဖြစ်နေသောအမူအရာဖြင့် မေးလိုက်သည်။

” အစ်ကိုကြီး… အစ်ကို ပုံမှန်ဆို လာမလည်ပါဘူးဗျ။ ဘာကိစ္စရှိလို့လဲ။ ကျွန်တော့်အကူအညီများလိုလို့လား။ ပြောနော် အားမနာနဲ့။ ”

ပိုင်ရှောင်ချန်းက ဖက်တီးကျန်းကြီးကို သူ၏အစ်ကိုအရင်းတစ်ယောက်ပမာ အရင်ထဲက သတ်မှတ်ထားပြီးဖြစ်သည်။ စားဖိုဆောင်တွင် အတူတူရှိခဲ့သောနေ့ရက်များကို ပြန်တွေးလိုက်တိုင်း သူ၏ရင်ထဲတွင် နွေးထွေးသွားရသည်။

ဖက်တီးကျန်းက ချောင်းဟန့်လိုက်၏။ သို့သော် သူ့မျက်နှာတွင်ပေါ်နေသော စိတ်လှုပ်ရှားမှုနှင့် ဂုဏ်ယူနေမှုကို မဖုံးကွယ်နိုင်ပေ။ သူကပိုင်ရှောင်ချန်းကိုကြည့်ကာ သူ့ရင်ဘတ်ကို ဂုဏ်ယူစွာပုတ်ပြလိုက်သည်။ စားဖိုဆောင်တုံးကဆိုလျှင် အသားစိုင်များ၏ တဘတ်ဘတ်မြည်သံများသာထွက်လာမည်ဖြစ်ပြီး ယခုတွင်မူ အရိုးများ၏ တကျွတ်ကျွတ်မြည်သံများသာ ကြားရသည်။ သို့သော်လည်း ဖက်တီးကျန်းကြီးမှာ တက်ကြွနေဟန်ရှိသည်။

” အမှတ်ကိုးဂိုဏ်းတူညီလေး… အစ်ကို့မှာ ညီလေးကိုပြောပြစရာ လျှို့ဝှက်ချက်အကြီးကြီး တစ်ခုရှိတယ်။”

လျှို့ဝှက်ချက် အကြီးကြီးဆိုသော စကားလုံးကိုကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားပြီး အာရုံအပြည့်စိုက်လိုက်သည်။

ဖက်တီးကျန်းကြီးက ဟိတ်ဟန်အပြည့်ဖြင့် ဆိုလိုက်လေသည်။ ” အခုကစပြီး ငါ ဖက်တီးကျန်းကြီး…. စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ သေချာပေါက် နာမည်ကြီးတော့မယ်။ လူတိုင်းက ငါ့နာမည်ကို သိသွားတော့မယ်။ ဂိုဏ်းသားအများကြီးက ငါ့ကိုတည့်အောင်ပေါင်းကြတော့မယ်။ အခြေခိုင်မာခြင်းအဆင့်ဝါရင့်ဂိုဏ်းဝင်တွေတောင် ငါ့ကို တလေးတစားဆက်ဆံကြတော့မှာကွ။ ”

” အမ်… ဘာဖြစ်လို့လဲ။ အစ်ကိုကရော လိပ်ကလေးပဲလား။” ပိုင်ရှောင်ချန်းက အံ့အားသင့်နေသော အမူအရာဖြင့် မေးလိုက်သည်။

ဖက်တီးကျန်းကြီး၏မျက်နှာမှာ ရွှင်မြူးတက်ကြွမှုအပေါင်းဖြင့် ဝင်းလက်နေကာ အသက်ပြင်းပြင်းရှူလိုက်ပြီး အသံကိုနှိမ့်၍ ပြောလိုက်သည်။

” လိပ်ကလေး ဟုတ်လား။ ရှူးတိုးတိုး…အမှတ်ကိုးဂိုဏ်းတူညီလေး ငါ့ရဲ့ဆရာမက ခရမ်းဒယ်အိုးတောင်ရဲ့ ဂိုဏ်းချုပ် ရွှီမေ့ရှန်းဆိုတာ သိတယ်မလား။”

ပိုင်ရှောင်ချန်းက ခေါင်းငြိမ့်လိုက်သည်။ ဖက်တီးကျန်းကြီး၏ဆရာမ မည်သူဆိုသည်ကို သူသိထားသည်မှာ အချိန်အနည်းငယ်ကြာပြီဖြစ်ပြီး သူမကြောင့် သူအဆီများစွာကျသွားသည်ကိုလည်း သိသည်။ သူမက ဝသောလူများကိုမနှစ်သက်ပေ။ ထိုအချက်ကြောင့်လည်း ပိုင်ရှောင်ချန်းက ယခုကိစ္စနှင့်ပတ်သက်ပြီး အခြားထူးဆန်းသောဖြစ်နိုင်ချေများကို စဉ်းစားနေခြင်းဖြစ်သည်။

” ငါ့ဆရာမရဲ့ အတော်ဆုံး အကျွမ်းကျင်ဆုံးအရာက ဘာလဲသိလား။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပဲ။ ငါ့ဆရာမဆီက ငါသင်ယူနေတဲ့အရာကရော ဘာလဲသိလား။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပဲ။ ”

” ဟားဟားဟား။ ဖြစ်ချင်တော့ ဖက်တီးကျန်းကြီးဆိုတဲ့ငါက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဆိုတဲ့ ပညာရပ်မှာ သူမတူအောင် ပါရမီပါနေတာကွ။ ငါ့ပါရမီက ထူးခြားလွန်းလို့ ငါ့ဆရာမတောင် တုန်လှုပ်သွားပြီး ချီးမွမ်းခန်းဖွင့်နေတာ မဆုံးနိုင်အောင်ပဲ။ ဒီနေ့သူပြောတာ ငါက နောက်နှစ်အနည်းငယ်နေရင် စိတ်စွမ်းအင်နတ်ရေစင်တစ်ဂိုဏ်းလုံးမှာရှိတဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပညာရှင်တွေထဲမှာ နံပါတ်တစ် ဖြစ်မှာတဲ့ကွ။ ” ဖက်တီးကျန်းကြီးက ထိုသို့ဆိုကာ မတ်တတ်ထရပ်လိုက်ပြီး ကောင်းကင်ပေါ်သို့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မော့ကြည့်လိုက်သည်။ အကြောင်းမသိလျှင်သူ၏ပုံစံမှာ တစ်လောကလုံးတွင် သူသာအရေးအကြီးဆုံး လူသားဖြစ်သည်ဆိုသောပုံစံနှင့်ပင် တူနေသည်။

ပိုင်ရှောင်ချန်းကမူ မျက်တောင် တဖျပ်ဖျပ်ခတ်နေသည်။ ဖက်တီးကျန်းကြီး၏ ဂုဏ်ဆာနေသောအမူအရာကိုမြင်လိုက်သောအခါ သူက လေးစားနေသောအမူအရာဖြင့် အလန့်တကြားထအော်လိုက်သည်။

” စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဟုတ်လား။”

ပိုင်ရှောင်ချန်း၏ တုံ့ပြန်မှုကြောင့် ဖက်တီးကျန်းကြီးမှာ ပို၍ပင်ပျော်ရွှင်နေတော့သည်။ သူက ပိုင်ရှောင်ချန်း ၏ပခုံးကိုပုတ်ရင်း

” အမှတ်ကိုး ဂိုဏ်းတူညီလေး…. အခုချိန်ကစပြီး လူအများကြီးက အစ်ကို့ကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ပေးဖို့ လာပြောကြတော့မှာ။ အစ်ကို သဘောမကျတဲ့လူဆို ဘာဖြစ်ဖြစ် မလုပ်ပေးဘူး။ ဒါပေမဲ့ အစ်ကိုသဘောကျရင်တောင် သူတို့ကို စျေးကြီးကြီးတောင်းမှာ။ ဒါပေမဲ့ ညီလေးရယ်၊ အမှတ်သုံးဖက်တီးရယ်က စားဖိုဆောင်ကလေ။ အစ်ကို့တစ်ဘဝစာလုံး မင်းတို့ကို ဝိညာဉ်ကျောက်တုံး တစ်တုံးတောင် မတောင်းဘူးစိတ်ချ။ ငါတို့က မိသားစုတွေလေ။ အဲ့တာမလို့ မင်းသာ ပစ္စည်းပေးရင် အစ်ကိုက မင်းကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း အလကားလုပ်ပေးမယ်။”

ဖက်တီးကျန်းကြီးမှာ စိတ်ဓာတ်တက်ကြွနေသော ကြက်ဖကြီး အလားပင်။ သူခရမ်းဒယ်အိုးတောင်သို့ စတင်ရောက်ရှိချိန်မှစ၍ သူ့ကိုချုပ်တည်းထားသည်ဟုခံစားနေရသော်လည်း ယခုတွင်မူ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတွင် ပါရမီပါကြောင်း သိသွား၍ သူ ဝမ်းမြောက်နေတော့သည်။ ဤအကြိမ်မှာ ပိုင်ရှောင်ချန်းဆီ သူလာလည်သော ပထမဆုံးအကြိမ်ဖြစ်ပေသည်။

” အစ်ကိုကြီးရာ။ အစ်ကိုကြီးက တကယ်တော်တာပဲ ” ပိုင်ရှောင်ချန်းက ပီတိဖြာနေသော အမူအရာဖြင့် ပြောလိုက်သည်။

” လာလာ ညီလေး။ ဘာပဲဖြစ်ဖြစ် ငါ့ကို တစ်ခုခုပေးကွာ။ ငါဒီနေရာမှာပဲ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတစ်ဆင့် လုပ်ပြမယ်။ ငါလုပ်ပေးတဲ့ လက်နက်တွေနဲ့ဆို လာမဲ့လအနည်းငယ်အတွင်းကျင်းပမဲ့ အရည်အချင်းစစ် စမ်းသပ်ပွဲတွေမှာ ထိပ်ဆုံးဆယ်ယောက်ထဲတော့ ညီလေးက အေးဆေးဝင်တယ်။ အဲ့တာဆို မင်းက တောင်ဘက်ခြမ်းရဲ့ ကိုယ်စားပြုအဖြစ် လက်ရွေးစင်တိုက်ပွဲတွေထဲမှာ မြောက်ပိုင်းနဲ့ ချလို့ရပြီ ”

” အာ…” ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ဖက်တီးကျန်းကြီး၏ အလွန်အမင်းစိတ်လှုပ်ရှားနေသော အမူအရာကိုကြည့်ကာ သူ၏ထည့်စရာအိတ်ထဲသို့ ခဏမျှ မွှေနှောက်ရှာလိုက်ပြီး သူ့ဆီရှိသော စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ သာမန်ဓားပျံတစ်ချောင်းကို ထုတ်ကာ ဖက်တီးကျန်းကြီးကို အလျင်အမြန် ပေးလိုက်သည်။

ဖက်တီးကျန်းကြီးမှာ အသက်ပြင်းပြင်းရှူလိုက်ကာ သူ၏ထည့်စရာအိတ်ကိုပုတ်လိုက်သောအခါ သတ္တုအပိုင်းအစ အချို့ထွက်လာပြီး ဓား၏ဘေးနားတွင် ပျံဝဲနေတော့သည်။

ထို့နောက် သူက မျက်လုံးမှိတ်လိုက်ကာ စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ပိုင်ရှောင်ချန်းကို မမှီသော်လည်း ချီစုစည်းမှုအဆင့်ခြောက်၏စက်ဝန်းထဲသို့ ရောက်နေပြီဖြစ်သည်။ သူ၏ဘယ်လက်ကိုဝှေ့ယမ်းလိုက်သောအခါ သူ၏ဆံပင်များမှာခါယမ်းသွားပြီး ငွေရောင်အလင်းတန်းများ ပေါ်ထွက်လာသည်။

ထိုအလင်းတန်းများပေါ်ထွက်လာသောအခါ လေများတိုက်ခတ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး စိတ်စွမ်းအင်များကြောင့် တုန်ခါသွားဟန်ရှိသည်။ ထိုစွမ်းအင်များမှာ သတ္တုအပိုင်းအစများဆီ စီးဝင်သွားသည်။ ထိုသတ္တုအပိုင်းအစများက စီးဝင်လာသော စိတ်စွမ်းအင်များကို သန့်စင်ကာ ဖက်တီးကျန်းကြီး၏ ဘယ်လက်အတွင်းထဲသို့ စီးဝင်စေလိုက်သည်။ တချိန်ထဲမှာပင် ထိုသတ္တုအပိုင်းအစများက အရည်ပျော်သွားပြီး မကြာမီ တစ်ဝက်ကျော် အရည်ပျော်သွားပြီဖြစ်သည်။

ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ အရောင်လက်နေသည်။ အခြားလူတစ်ယောက် စိတ်စွမ်းအင်အဆင်မြှင့်တင်သည်ကို သူ ပထမဆုံးကြည့်ဖူးသည်ဖြစ်ပြီး သူ၏လိပ်ဒယ်အိုးနှင့်မတူသည့် နည်းလမ်းကိုသုံးနေခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် စိတ်စွမ်းအင်အဆင့်မြှင့်တင်မည့်လူက ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တိုက်ရိုက်ချိတ်ဆက်ကာ ၎င်း၏ ကြီးမားသော စွမ်းအားများကို သတ္တုများသုံးကာ စစ်ထုတ်ပြီး လျှော့ချရမည်ဖြစ်သည်။

မကြာမီ ဖက်တီးကျန်းကြီး၏ခန္ဓာကိုယ်မှာ စတင်၍ တုန်ခါလာတော့သည်။ အမွှေးတိုင်တစ်ဝက်ခန့် လောင်ကျွမ်းစာအချိန်ကုန်သွားသောအခါ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ ထို့နောက် မျက်စိကျိန်းမတတ် တောက်ပသော ငွေရောင်အလင်းတန်းများက သူ့လက်ထဲမှထွက်လာပြီး ဓားကို ဖုံးလွှမ်းသွားတော့သည်။

” စိတ်စွမ်းအင် နှိုးဆော်ခြင်း။” သူက ပါးစပ်မှ ရွတ်လိုက်သည်။

ဖက်တီးကျန်းကြီး၏ လက်ထဲမှ ငွေရောင်အလင်းတန်းများက ဓားပျံထဲသို့ စီးဝင်သွားသောအခါ ဘေးနားရှိ လေထုမှာ တုန်ခါလာသည်။ မျက်စိတစ်မှိတ်အတွင်း ဓားတစ်ချောင်းလုံး ငွေရောင်ပြောင်းသွားတော့သည်။

ထိုမြင်ကွင်းမှာ အံ့အားသင့်ဖွယ်ကောင်းလွန်း၍ ပိုင်ရှောင်ချန်းမှာ မှင်တက်နေတော့သည်။

ဖက်တီးကျန်းကြီးမှာ မောဟိုက်ပင်ပန်းနေပြီး ဓားပျံလေးကို ပိုင်ရှောင်ချန်းဆီသို့ လှမ်းပေးလိုက်သည်။

” ယူလိုက်။ ဒီဓားရဲ့စိတ်စွမ်းအင်ကို နိုးထအောင်လုပ်လိုက်ပြီ။ မင်းရဲ့စိတ်စွမ်းအင်အချို့ကို အဲ့ဓားထဲထည့်ပြီး စစ်ဆေးကြည့်လိုက်ရင် ငွေရောင်အင်းကွက်တွေပေါ်လာလိမ့်မယ်။” သူကထိုသို့ပြောရင်း နဖူးပေါ်ကချွေးများကို သုတ်လိုက်သည်။

ပိုင်ရှောင်ချန်းက ထိုဓားပျံကိုယူကာ စိတ်လှုပ်ရှားစွာနှင့် စိတ်စွမ်းအင်အချို့ကို ဓားထဲသို့ စီးဝင်စေလိုက်သည်။ အက်ကွဲသံများ ချက်ချင်းထွက်ပေါ်လာပြီး ဓား၏မျက်နှာပြင်ပေါ်တွင် ငွေရောင်မျဉ်းများ ပေါ်လာတော့သည်။ သို့သော်လည်း အချိန်အနည်းငယ်ကြာသောအခါ ထိုငွေရောင်မျဥ်းများက မှိန်သွားပြီး ဓားမှာ အတွင်းထဲရှိ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအင်များကို မထိန်းသိမ်းနိုင်သည့်အလား အက်ကွဲကြောင်းများ ပျံ့နှံ့သွားတော့သည်။ ခဏအကြာတွင် ဓားမှာ သံချေးများတက်သွားသည်။

” ဟင်။ ” ပိုင်ရှောင်ချန်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ ဖက်တီးကျန်းကြီးမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူတို့နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ပိုင်ရှောင်ချန်းက ချောင်းဟန့်ကာ ထိုဓားမှာ အရည်အသွေးနိမ့်၍ဖြစ်မည် ဖြစ်ကြောင်းပြောရန်ပြင်လိုက်စဥ်မှာပင် ဖက်တီးကျန်းကြီးက ထိုဓားကိုကောက်ကိုင်ကာ မျက်လုံးပြူးကြီးများဖြင့် စစ်ဆေးလိုက်သည်။ အနည်းငယ်ကြာသောအခါ သူက ဒေါသတကြီး ခြေဆောင့်ချလိုက်တော့သည်။

” ငါ အမှားတစ်ခုလုပ်မိတာပဲ။ ဝိညာဥ်သံနဲ့ရောစပ်တဲ့နေရာကို မထိန်းချုပ်မိလိုက်တော့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စွမ်းအင်က အငွေ့ပြန်လွယ်သွားတာ။ အာ..ကိစ္စမရှိပါဘူး။ ဟုတ်ပီ အမှတ်ကိုးညီလေး။ နောက်ဓားပျံတစ်ချောင်းထပ်ပေးကွာ။ ငါထပ်ကြိုးစားကြည့်မယ်။” ဖက်တီးကျန်းကြီးက ပိုင်ရှောင်ချန်းကို နီရဲနေသော မျက်လုံးများဖြင့်ကြည့်ကာ လက်မလျှော့သော လေသံဖြင့် ပြောလိုက်သည်။

ပိုင်ရှောင်ချန်းကလည်း နောက်ဓားပျံတစ်ချောင်းထုတ်လိုက်သောအခါ ဖက်တီးကျန်းကြီးမှာ အသက်ပြင်းပြင်းရှူလိုက်သည်။ တည်ကြည်သောအမူအရာဖြင့် သူကနောက်တစ်ဖန်ပြန်လုပ်လိုက်သဖြင့် ဓားမှာ ငွေရောင်အလင်းတန်းများဖြင့် လင်းလက်လာတော့သည်။ ထို့နောက်သူက ထိုဓားကို ပိုင်ရှောင်ချန်းအား လှမ်းပေးလိုက်သည်။

“ဘာလို့…ဘာလို့ အစ်ကိုအကြီးကိုယ်တိုင် မစစ်ဆေးတာလဲ ” ပိုင်ရှောင်ချန်းက ချီတုံချတုံမေးမြန်းလိုက်သည်။

ထိုအခါ ဖက်တီးကျန်းကြီးက တည်ကြည်သောလေသံဖြင့် ရှင်းပြလေသည်။

” စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းရဲ့ ပထမဆုံး အဓိက စည်းကမ်းက စိတ်စွမ်းအင်အဆင့်မြှင့်တင်တဲ့လူရဲ့ ပစ္စည်းမဟုတ်ဘူးဆိုရင် သူကိုယ်တိုင် စစ်ဆေးမှုလုပ်ခွင့်မရှိဘူးကွ။ အဲ့စည်းကမ်းက ဂိုဏ်းကချထားတော့ ငါလည်း မဖောက်ရဲဘူး။ ငါသာ အဲ့စည်းကမ်းဖောက်ရင် ပြဿနာတွေ အများကြီးဖြစ်လိမ့်မယ် ”

ဖက်တီးကျန်းကြီး၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းက တုန်ရီလှိုက်မောစွာဖြင့် ဓားကို လှမ်းယူလိုက်သည်။ ဤတစ်ကြိမ်တွင် သူက အမှန်တကယ် အောင်မြင်စေချင်နေသည်။ ထိုသို့မဟုတ်ပါက ဖက်တီးကျန်းကြီးအတွက် ကြီးမားသောထိုးနှက်ချက်ဖြစ်သွားလိမ့်မည်။

သူက အနည်းငယ်တွေးတောပြီးနောက် ပြောလိုက်သည်။

” ဟင်း…. အစ်ကိုကြီး… ဒီမှာခဏစောင့်ပါလား။ ကျွန်တော်အခန်းထဲသွားပြီး စစ်ဆေးကြည့်လိုက်မယ်။ စောစောက အတွေးတွေလွန်ပြီး စိတ်လှုပ်ရှားသွားလို့နေမှာ။”


Comment

Leave a Reply

Options

not work with dark mode
Reset