Switch Mode

အခန်း (၃၇၇)

ကယ်တင်ခြင်း

ဝမ်ပေါင်လဲ့တွင် ရွေးချယ်စရာနှစ်ခု ရှိပေသည်။ သူသည် ဘုရင်ခံ ရောက်ရှိလာသည်ကို စောင့်ဆိုင်းလျှင်စောင့်ဆိုင်း သို့မဟုတ် သူကိုယ်တိုင် အမြန်ဆုံးနည်းဖြင့် သွားရောက်ကယ်တင်ရမည် ဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သတ်၍ စဉ်းစားတွေးတောနေရန် မလိုတော့ပေ။ သူသည် ခုန်းတောက်နှင့် သူ၏အဖွဲ့တို့မှာ သေရေးရှင်ရေး အခြေအနေနှင့် ကြုံနေရပြီဖြစ်ကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် သူတို့အား အသေခံနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းမနေဘဲ သူ၏ ခြင်များကို ချက်ချင်းပင်ထိန်းချုပ်ကာ ခုန်းတောက်နှင့် သူ၏အဖွဲ့သားများအား ဝန်းရံနေသည့် သားရဲအုပ်ကြီးများဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားစေလိုက်၏။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ ဌာနချုပ်ထဲ၌ အမိန့်တစ်ခုပေးလိုက်၏။

” ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ ပြင်ထားကြတော့ ”

သူ ထိုသို့အမိန့်ပေးလိုက်သည်နှင့် စစ်တပ်မှ ကျင့်ကြံသူများမှာ ချက်ချင်းပင် လှုပ်ရှားလိုက်ကြ၏။ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ အရှိန်အဟုန် ဖြင့်ထွက်ပေါ်လာကြပြီး သူတို့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ အလုံပိတ်ထားသော လှိုဏ်ခေါင်းကြီးဆီသို့ ပြေးသွားလိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာ အမိန့်ပေးလိုက်သောကြောင့် လင်းတျန်ဟောက်နှင့် ကျင့်သိုမင်တို့မှာလည်း ချက်ချင်းပင် အမိန့်များထုတ်ပြန်လိုက်ကြပြီး သူတို့၏ အစေခံများအား စုစည်းအား ကယ်ဆယ်ရေးအဖွဲ့ထဲ၌ ပူးပေါင်းလိုက်ကြ၏။

ဝမ်ပေါင်လဲ့မှာ လှို‌ဏ်ခေါင်းထဲသို့ မဝင်၍ ရပေသည်။ သို့သော် သူသာ ထိုကဲ့သို့ လိုက်မဝင်သွားပါက အခြားသူများမှာ ခုန်းတောက်၏ နေရာအတိအကျကို ရှာဖွေနိုင်ကြမည်သောကြောင့် သူတို့မှာ လှိုဏ်ခေါင်းထဲသို့ ဝင်သွားပြီးနောက် ခုန်းတောက်အား ချက်ချင်း ရှာတွေ့နိုင်မည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ အခြားသူများအား သူ့ဆီ၌ ရှိနေသည့် ခြင်များ၏အကြောင်းနှင့် သူသည် ၎င်းတို့၏ အမြင်အာရုံများကို အသုံးပြုနိုင်စွမ်းရှိနေသည်ဆိုသော အချက်ကို ပေးမသိလိုပေ။ ထို့ကြောင့် သူသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးမှ အံကြိတ်လိုက်ပြီး သူကိုယ်တိုင် ထိုကယ်ဆယ်ရေးအဖွဲ့အား ဦးဆောင်၍ လှိုဏ်ခေါင်းထဲသို့ ဝင်သွားလိုက်တော့သည်။

” မြို့တော်ဝန် ” ထိုအခါ လင်းတျန်ဟောက်နှင့် ကျင့်သိုမင်တို့မှာ ဆွံ့အမှင်တက်သွားကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့ ဌာနချုပ်ထဲမှ ပြေးထွက်သွားပြီး အလုံပိတ်ထားသည့် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီး ရှိရာအရပ်သို့ တည့်မတ်စွာဦးတည်သွားသည်ကို မြင်လိုက်ရသည်မဟုတ်ပါလော။ ထိုအချိန်တွင် မန္တန်အစီအရင်ကြီးမှာ လည်ပတ်နေပြီး သားရဲကြီးပေါင်း မြောက်မြားစွာကို သုတ်သင်ရှင်းလင်းနေ၏။ ထို့ကြောင့် အပေါက်တစ်ပေါက် ပေါ်လာသဖြင့် ဝမ်ပေါင်လဲ့နှင့် ထောင်ပေါင်းများစွာသော စစ်တပ်မှကျင့်ကြံသူများမှာ လှိုဏ်ခေါင်းထဲသို့ ပြေးဝင်သွားကြတော့သည်။

ဝမ်ပေါင်လဲ့ လှိုဏ်ခေါင်းထဲသို့ ပြေးဝင်သွားသည့်မြင်ကွင်းမှာ လင်းတျန်ဟောက်နှင့် ကျင့်သိုမင်တို့ကိုသာမက စစ်တပ်မှ ကျင့်ကြံသူများကိုပါ စိတ်နှလုံးလှုပ်ရှားသွားစေ၏။ သူတို့၏ ဝမ်ပေါင်လဲ့အပေါ် ထားရှိသော အမြင်များမှာ ပြောင်းလဲသွားကြတော့သည်။ ထို့နောက် သူတို့မှာ စကားတစ်ခွန်းမှပြောမနေကြဘဲ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ကိုယ်ရံတော်များအဖြစ် ခြံရံလျက် လှိုဏ်ခေါင်းကြီး၏ အတွင်းပိုင်းထဲသို့ အလောတကြီး ပြေးဝင်သွားကြတော့သည်။

လင်းတျန်ဟောက်မှာ အကြိမ်အနည်းငယ်ခန့် အသက်ပြင်းပြင်းရှူလိုက်၏။ သူ၏မျက်ဝန်းများမှာ နီမြန်းနေပြီး ချီတုံချတုံဖြစ်နေသော အရိပ်အယောင်များ ထင်ဟပ်နေ၏။ နောက်ဆုံးတွင် သူသည် အံကြိတ်လိုက်ပြီး အထဲသို့ ပြေးဝင်သွားလိုက်တော့သည်။ သူ၏ဘေးတွင်ရှိနေသော ကျင့်သိုမင်မှာလည်း မျက်နှာရှုံ့မဲ့နေ၏။ သို့သော် သူသည်လည်း အချိန်အကြာကြီး တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ကိုယ်ရံတော်တပ်ဖွဲ့များနှင့်အတူ လှိုဏ်ခေါင်းကြီးထဲသို့ ဝင်သွားလိုက်တော့သည်။

ထိုသို့ဖြင့် လူအင်အား တစ်သောင်းကျော်ပါသော စစ်တပ်ကြီးတစ်ခုမှာ လမ်းတစ်လျှောက်ရှိ သားရဲစီးကြောင်းများကို တိုက်ခိုက်ကာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေကြသောကြောင့် အသံမျိုးစုံ ထွက်ပေါ်လာတော့သည်။ ထို့အပြင် အမိန့်များကို လက်ခံရရှိလိုက်သည့် အခြားကျင့်ကြံသူများစွာမှာလည်း အရပ်မျက်နှာအနှံ့မှ အပြေးရောက်လာကြပြီး လှိုဏ်ခေါင်းထဲသို့ ဝင်ရောက်လာကြ၏။ ထို့ကြောင့် ကျင့်ကြံသူပေါင်းများစွာမှာ လှိုဏ်ခေါင်းကြီးထဲသို့ အတောမသတ်နိုင်လောက်အောင် စီးဆင်းဝင်ရောက်လာနေကြတော့သည်။

ထိုအချိန်တွင် လီယီမှာ အပြေးရောက်လာပါသော်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်ကာ လှောင်ပြုံးပြုံးလိုက်၏။

” အရူး‌တွေ ” သူမသည် သူတို့၏လုပ်ရပ်များကို ရွံရှာစက်ဆုပ်နေ၏။ သူမသည် လှိုဏ်ခေါင်းထဲသို့ ဝင်မည်မဟုတ်ပေ။ လူအနည်းငယ်ကို ကယ်တင်နိုင်ရန်အတွက် လူပေါင်းများစွာ၏အသက်ကို စတေးခြင်းမှာ အကျိုးအမြတ်မရှိကြောင်း သူမက မှတ်ယူထား၏။

ထို့အပြင် သူမသည် လက်ထောက်မြို့တော်ဝန်တစ်ယောက် ဖြစ်နေသောကြောင့် လှိုဏ်ခေါင်းထဲသို့ ဝင်စရာမလိုပေ။ ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့နှင့် အခြားသူများ၏ လုပ်ရပ်များမှာ တာဝန်ခံမဲ့ပြီး ရင့်ကျက်မှုမရှိသော လုပ်ရပ်များသာဖြစ်ကြောင်း မှတ်ယူလိုက်၏။

လီယီမှာ ဌာနချုပ်ထဲ၌ရပ်ကာ ထိုသို့တွေးတောနေရင်း မျက်ဝန်းများ ဖျတ်ခနဲ အရောင်လက်သွား၏။ ထို့နောက် သူမ၏ ခေါင်းထဲ၌ အတွေးတစ်ခုပေါ်လာတော့သည်…

” တကယ်လို့ ဝမ်ပေါင်လဲ့သာ လှိုဏ်ခေါင်းထဲမှာ သေသွားမယ်ဆိုရင် ငါက အလိုလိုနေရင်း မြို့တော်ဝန် ဖြစ်သွားမှာပဲ… ”

လီယီမှာ ထိုသို့တွေးတောနေစဉ် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးထဲတွင်မူ ဝမ်ပေါင်လဲ့၊ လင်းတျန်ဟောက်နှင့် ကျင့်သိုမင်တို့၏ ဦးဆောင်မှုအောက်၌ ရှိနေကြသည့် ကျင့်ကြံသူပေါင်း တစ်သောင်းကျော်မှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းကာ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြတော့သည်။

မန္တန်အစီအရင်ကြီးမှာ လှိုဏ်ခေါင်းထဲ၌ အလုပ်လုပ်ပါသော်လည်း ၎င်း၏ ပြင်းအားများမှာ သိသိသာသာ လျော့ကျသွားပြီဖြစ်သည်။ သို့ဖြစ်ရာ မန္တန်အစီအရင်ကြီးမှာ အထောက်အပံ့ အများကြီးပေးနိုင်မည်မဟုတ်ပေ။ ကံကောင်းသည့်အချက်မှာ သားရဲကြီးပေါင်း မြောက်မြားစွာမှာ သတ်ဖြတ်ချေမှုန်းခံထားရပြီးဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့၏ ဦးဆောင်မှုကြောင့် သူတို့အဖွဲ့မှာ နှောင့်နှေးကြန့်ကြာသွားခြင်းမရှိဘဲ ရှေ့သို့ ဖြေးဖြေးနှင့်မြန်မြန် ဆက်လက်ချီတက်သွားနိုင်ခဲ့၏။ သူတို့မှာ လှိုင်းလုံးများကဲ့သို့ လှိုဏ်ခေါင်းကြီးထဲ၌ ဖြတ်သန်းစီးဆင်းသွားကြပြီး လမ်းတစ််လျှောက်၌ ကြုံတွေ့ခဲ့ရသည့် အရာအားလုံးကို ဖယ်ရှားပစ်ကြသည်သာဖြစ်သည်။

ထို့ကဲ့သို့ သတ်ဖြတ်နှိမ်နင်းမှုများကြောင့် နာကြည်းဖွယ်ရာ အော်ဟစ်မြည်တမ်းသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်လာနေကြပြီး လေထုထဲ၌ ပဲ့တင်ထပ်နေကြတော့သည်။ သားရဲကြီးများ၏ အ‌ရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် နည်းပါးလာ၏။ သူတို့မှာ မရပ်မနား သတ်ဖြတ်ချေမှုန်းရင်း လှိုဏ်ခေါင်း၏ အလယ်ပိုင်းဆီသို့ ရောက်ရှိလာကြသဖြင့် ခုန်းတောက်နှင့် သူ၏အဖွဲ့သားများ အသက်လု၍ တိုက်ခိုက်နေကြသည့် နေရာနှင့် သိပ်မဝေးတော့ပေ။

ထိုအချိန်တွင် လှိုဏ်ခေါင်းကြီး၏ အဆုံးမှ အော်ဟစ်သံကြီးတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။ ၎င်းမှာ ရုတ်ချည်းဆိုသလို ထွက်ပေါ်လာခြင်းဖြစ်ပြီး လှိုဏ်ခေါင်းထဲ၌ ပဲ့တင်ထပ်သွားသောအခါ အေးစက်စက် အငွေ့အသက်တစ်ခုမှာလည်း ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။

ထိုအငွေ့အသက်ကြီးမှာ အလွန်အင်မတန်မှ ထူးဆန်းနေပြီး လှိုဏ်ခေါင်းထဲ၌ ဆောင်းရာသီသို့ ရောက်သွားသည့်အလား ဖြစ်သွားသောကြောင့် သူတို့၏ ပတ်ပတ်လည်ရှိ နံရံများပေါ်တွင် ရေခဲလွှာတစ်လွှာ ပေါ်ပေါက်လာ၏။ ထို့ကြောင့် ကယ်ဆယ်ရေးအဖွဲ့ထဲမှ ကျင့်ကြံသူများမှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားကြပြီး သူတို့၏ မျက်နှာများပေါ်၌ ထိတ်လန့်တုန်လှုပ်သွားကြသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ထိုအေးစက်စက် အငွေ့အသက်ကြီးနှင့်အတူ မျက်လုံးဖြင့်မမြင်နိုင်သော စွမ်းအားကြီးတစ်မျိုးပါ ပေါ်ပေါက်လာပြီး သူတို့၏ ခန္ဓာကိုယ်များထဲသို့ ထိုးဖောက်ဝင်ရောက်ကာ သူတို့အား လှိုဏ်ခေါင်းကြီးနှင့် တစ်သားတည်းဖြစ်သွားအောင် ဝါးမျိုနေသည့်အလား ဖြစ်နေတော့သည်။

ထိုအေးစက်စက် အငွေ့အသက်ကြီး ပေါ်ပေါက်လာသောအခါ သူတို့၏ ပတ်ပတ်လည်ရှိ သားရဲကြီးများမှာလည်း အသိစိတ်ပျောက်လုမတက် ရူးသွပ်သွားကြပြီး ရက်စက်ကြမ်းကြုတ်လာကြတော့သည်။ ၎င်းတို့မှာ စဉ်းစားတွေးတောနေခြင်း မရှိတော့ဘဲ ရှေ့သို့ခုန်ထွက်လာကြပြီး တိုက်ခိုက်လိုက်ကြ၏။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အန္တရာယ်နှင့် ကြုံလိုက်ရသည့်အချိန်တွင် တစ်ခဏမျှ အသက်ရှူရပ်တန့်သွား၏။ အခြားသူများမှာ ထိုအအေးဓာတ်ကြီး၏ အဓိပ္ပါယ်ကိုမသိပါသော်လည်း ဝမ်ပေါင်လဲ့မှာ ကောင်းကောင်းကြီး သိထားသည်မဟုတ်ပါလော။ ထိုအအေးဓာတ်ကြီး ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် သူသည် သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်ကြီး နိုးထလာသည်ကို အာရုံခံမိလိုက်၏။ ထို အမှောင်မီးတောက်ကြီးမှာ ဆာလောင်နေပြီး ထိုအငွေ့အသက်ကြီးအား ဝါးမျိုပစ်ရန် ဆန္ဒပြင်းပြနေသည်ကို သူက ခံစားမိနေ၏။

” အနုတ်ဝိညာဉ်ခန္ဓာကိုယ်…. ဒါက မမလေး ပြောခဲ့တဲ့ အနက်ရောင်ချီဆိုတဲ့ အရာများ ဖြစ်နေမလား ” ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောနေရန် အချိန်မရှိပေ။ သူသည် သူ၏ ပတ်ပတ်လည်ရှိ လူတိုင်းမှာ မျက်နှာများ ဖြူဆုတ်သွားကြသည်ကို မြင်လိုက်ရ၏။ အချို့မှာဆိုလျှင် ရီဝေဝေ ဖြစ်လာကြပြီး သူတို့၏ ခန္ဓာကိုယ်များပေါ်၌ ရေခဲလွှာများ စတင်ပေါ်ပေါက်လာကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ အံကြိတ်မိသွား၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ သူ၏ အမှောင်မီးတောက်ကို အသုံးပြုကာ စတင်စုပ်ယူလိုက်တော့သည်။

ထိုအခါ သူတို့၏ ပတ်ပတ်လည်ရှိ အေးစက်စက် အငွေ့အသက်ကြီးမှာ စတင်ယိမ်းယိုင်လာ၏။ ထို့နောက် ၎င်းမှာ နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားခြင်း မရှိတော့ဘဲ ဝမ်ပေါင်လဲ့ဆီသို့ တည့်မတ်စွာ ဦးတည်လာတော့သည်။ ထို အမှောင်ချီများ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာကြသောအခါ ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်ကြီးမှာလည်း ယခင်အကြိမ်များတုန်းကထက် ပို၍တောက်ပစွာ တဟုန်းဟုန်း တောက်လောင်လာတော့သည်။ ပပ်ကြားအပ်နေသော မြေပြင်ကြီးပေါ်သို့ ပထမဆုံးအကြိမ်အဖြစ် မိုးရွာချလိုက်သကဲ့သို့ပင်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အဆမတန် မြင့်တက်သွားပြီး သူ၏မျက်ဝန်းများထဲ၌ အလင်းရောင်တစ်ခု ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ပို၍လျင်မြန်လာပြီး သူ၏ တိုက်ကွက်များမှာလည်း ပိုမိုရက်စက်ကြမ်းကြုတ်ကာ အစွမ်းထက်လာတော့သည်။

သူ၏ ဓားကြီးမှာ သူ့ပေါ်သို့ ခုန်အုပ်လာသော သားရဲကြီးတစ်ကောင်အား ထပ်ခြမ်းပိုင်းလိုက်ပါသော်လည်း ဝမ်ပေါင်လဲ့၏ စိုးရိမ်စိတ်များမှာ လျော့ကျသွားခြင်းမရှိသေးပေ။ သူသည် လှိုဏ်ခေါင်းထဲရှိ အေးစက်စက်‌ အမှောင်ချီများကို စုပ်ယူနေသည့်တိုင်အောင် သူတစ်ယောက်တည်းအားဖြင့် လူတိုင်းကို ကယ်တင်နိုင်မည်မဟုတ်ပေ။ သူ၏ ပတ်ပတ်လည်ရှိ အခြားသူများအားလုံး၏ ခန္ဓာကိုယ်များထဲသို့ အေးစက်စက် အငွေ့အသက်ကြီးမှာ ထိုးဖောက်ဝင်ရောက်သွားကြပြီဖြစ်သည်။ သူသည် ၎င်း၏ ပျံ့နှံ့နိုင်စွမ်းကိုသာ နှောင့်နှေးကြန့်ကြာသွားအောင် လုပ်နိုင်သောကြောင့် သိပ်မကြာခင်တွင် သူတို့အားလုံးမှာ ထိုအေးစက်စက် အငွေ့အသက်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရတော့မည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအငွေ့အသက်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီးနောက် ဆက်လက်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ကိုယ်တိုင်မကြုံတွေ့ဖူးပါသော်လည်း ခန့်မှန်းကြည့်နိုင်ပေသည်။ ၎င်းမှာ သက်ရှိများကို လူသေများအဖြစ် ပြောင်းလဲလိုက်မည်သာ ဖြစ်သည်။ အကယ်၍ လှိုဏ်ခေါင်းထဲသို့ ဝင်လာကြသော လူတစ်သောင်းကျော်မှာ ထိုကဲ့သို့ ဖြစ်သွားကြမည် ဆိုပါက ဝမ်ပေါင်လဲ့၏ ကယ်ဆယ်ရေးလုပ်ငန်းကြီးမှာ ကြီးမားသော အမှားကြီးတစ်ခုသာ ဖြစ်သွားတော့မည်ဖြစ်သည်။

” တောက်ကွာ ”

ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာ ဖြစ်လာရပြီး သူ့ဆီတွင် ရွေးချယ်စရာနှစ်ခုသာ ကျန်တော့ကြောင်း သိလိုက်ရ၏။ ၎င်းမှာ ချက်ချင်းနောက်သို့ဆုတ်ခွာရန်နှင့် သူ၏ အမှောင်ချီစုပ်ယူနှုန်းကို မြှင့်တင်ရန်တို့ပင် ဖြစ်သည်။

” ဝါးမျိုခြင်းသစ်စေ့ ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် အော်ဟစ်လိုက်၏။ သူသည် အန္တရာယ်နှင့် ကြုံနေရပြီဖြစ်သောကြောင့် စွန့်းစားရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝါးမျိုခြင်းသစ်စေ့မှာ စတင်လည်ပတ်လာပြီး ၎င်းအား အမှောင်မီးတောက်ကြီးက အားဖြည့်ပေးလိုက်၏။ ထို့ကြောင့် ၎င်း၏ စုပ်ယူအားမှာ ပိုမိုပြင်းထန်လာပြီး လေထုထဲရှိ အေးစက်စက် အမှောင်ချီများမှာ ယခင်အကြိမ်တုန်းကထက်ပင် ပို၍လျင်မြန်သော အရှိန်အဟုန်မျိုးဖြင့် ဝမ်ပေါင်လဲ့ဆီသို့ အလုံးအရင်း ဦးတည်လာကြတော့သည်။

ဝမ်ပေါင်လဲ့မှာ အခြားသူများ မမြင်နိုင်သော အာကာသတွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ သူသည် ထို အေးစက်စက် အငွေ့အသက်ကြီးအား အားမာန်အပြည့်ဖြင့် စုပ်ယူလိုက်တောကြောင့် သူ၏ ပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာ အသားများ တုန်ရီသွားကြပြီး တဖြည်းဖြည်းနှင့် သတိပြန်ဝင်လာကြတော့သည်။ သူတို့၏ မျက်နှာများပေါ်တွင်မူ ထိတ်လန့်တုန်လှုပ်နေကြသည့် အရိပ်အယောင်များ ထင်ဟပ်နေကြဆဲပင်။ သူတို့မှာ လက်မတင်လေး ရှောင်တိမ်းလွတ်မြောက်သွားနိုင်ခဲ့သော အန္တရာယ်ကြီးအကြောင်း တွေးတောနေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ အော်ဟစ်အမိန့်ပေးလိုက်၏။

” ငါ့နောက်ကို လိုက်ခဲ့ကြ။ ငါတို့ အရင်ဆုံး လုပ်ရမှာက သူတို့ကို ကယ်တင်ဖို့ပဲ ” ဝမ်ပေါင်လဲ့၏ အော်ဟစ်အမိန့်ပေးသံကြောင့် လင်းတျန်ဟောက်နှင့် ကျင့်သိုမင်အပါအဝင် သူ၏ ပတ်ပတ်လည်ရှိ လူများမှာ အံ့ဩတုန်လှုပ်သွားကြပြီး အသိစိတ်များ ပြန်ဝင်လာကြ၏။ ထို့နောက် သူတို့မှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြတော့သည်။ နောက်ဆုံးတွင် သူတို့မှာ အပြင်းအထန် ဒဏ်ရာရထားပြီး တစ်ကိုယ်လုံး သွေးများပေကျံကာ တဆတ်ဆတ် တုန်ရီနေရင်း ခုခံတွန်းလှန်နိုင်ရန် ကြိုးပမ်းနေသည့် ခုန်းတောက်အား မြင်လိုက်ရ၏။

သူ၏ အစေခံများမှာမူ အလောင်းများ ဖြစ်နေကြပြီဖြစ်သည်။

ခုန်းတောက်မှာလည်း ‌သေရန် အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်သည်။ သူသည် တစ်စုံတစ်ယောက်မှာ သူ့အား လာရောက်ကယ်တင်နိုင်ကြောင်း သိထားပါသော်လည်း သူနှင့် ဝမ်ပေါင်လဲ့တို့၏ ကြားရှိ ဆက်ဆံရေးမှာ တင်းမာနေသည်ကိုလည်း သိထားပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဘုရင်ခံဆီသို့ သတင်းပို့ကာ ဘုရင်ခံဘက်မှ သူ့အတွက် ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ပေးသည်ကိုသာ စောင့်ဆိုင်းနေလောက်ပေသည်။

ထိုလုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို အလျင်အမြန် ဆောင်ရွက်နိုင်လျှင်တောင် ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာမည့် အချိန်တွင် သူသည် အသက်ရှင်လျက် ရှိနေနိုင်တော့မည်မဟုတ်ပေ။ သူသည် သူ၏ ကိုယ်ရံတော်များ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားသည်ကို ကြည့်ရင်း မျှော်လင့်ချက်များ ပျက်သုဉ်းသွားရပြီး မျက်လုံးများ နီမြန်းလာရတော့သည်။ သူသည် ထိုအတောအတွင်းတွင် လှိုဏ်ခေါင်းကြီးနှင့် ပတ်သတ်သော အချက်အလက်မြောက်များစွာကို သိရှိခဲ့ရ၏။ သူ ဝမ်ပေါင်လဲ့အား ပြောမပြရသေးသည့် အချက်အလက်များပင်လျှင် အများကြီးကျန်ရှိနေသေးသည် ဖြစ်သည်။ သူသည် သူ၏ခန္ဓာကိုယ်အား မဖောက်ခွဲခဲ့ပါက သိပ်မကြာခင်တွင် သူ၏ အလောင်းမှာ နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးနှင့် ၎င်း၏ စစ်တပ်ကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရှိထား၏။ ထိုအချိန်သို့ရောက်လျှင် သူ၏ လက်အောက်ငယ်သားများနှင့် မိတ်ဆွေများမှာ သူ၏ ရုပ်အလောင်းကြီးအား အခြားသားရဲကြီးများနှင့်နည်းတူ သားရဲစီးကြောင်းကြီးထဲ၌ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရမည်သာဖြစ်သည်။

ခုန်းတောက်မှာ ထိုသို့တွေးတောရင်း သူ့အားဝန်းရံထားကြသည့် သားရဲကြီးများက ‌သူ့ပေါ်သို့ နောက်ထပ်တစ်ကြိမ် ထပ်၍ ခုန်အုပ်ရန် ကြိုးပမ်းနေကြသည်ကို စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် သနားစဖွယ်အမူအရာဖြင့် ပြုံးလိုက်ပြီး အော်ဟစ်မြည်တမ်းကာ သူ့ကိုယ်သူ ဖောက်ခွဲရန် ပြင်လိုက်တော့သည်။

ထိုအချိန်တွင် သူသည် တအံ့တဩ ပင့်သက်ရှိုက်သံများကို ရုတ်တရက်ဆိုသလို ကြားလိုက်ရ၏။ ထို့နောက် သူသည် လူများ၏ အသက်ရှူသံများနှင့် ပေါက်ကွဲသံများကိုလည်း ကြားလိုက်ရပြန်သည်။ သူသည် မည်သည့်အခြင်းအရာများ ဖြစ်ပျက်နေမှန်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ခင်မှာပင် သူ၏ ပတ်ပတ်လည်၌ မန္တန်များမှာ တစ်ခုပြီးတစ်ခု မျက်စိကြိမ်းစရာကောင်းလောက်အောင် ထွက်ပေါ်လာကြတော့သည်။ ထို့နောက် သူရှိနေသည့် ကျင်းကြီးထဲသို့ ဓမ္မအဆောင်များ အရှိန်အဟုန်ဖြင့် ကျရောက်လာကြပြီး ပေါက်ကွဲသွားကြ၏။

ထိုကျင်းကြီးအား ဝိုင်းထားပြီး အတွင်းထဲသို့ ခုန်ဝင်ရန် ကြိုးစားနေကြသည့် သားရဲကြီးများမှာ ထိုအဆက်မပြတ်ပေါက်ကွဲမှုများကြောင့် အော်ဟစ်မြည်တမ်းသွားကြ၏။ သူတို့မှာ အပိုင်းပိုင်းပြတ်သွားကြပြီး အသားစနှင့် သွေးစများအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။ သေမင်းခံတွင်းဝမှ သီသီကလေး လွတ်မြောက်လာခဲ့သော ခုန်းတောက်မှာ ဓမ္မလက်နက်ကြီးအား လက်ထဲ၌ကိုင်ထားပြီး သူ့ဆီသို့ ပြေးလာကာ သူ၏ရှေ့၌ ပေါ်လာသော ဝမ်ပေါင်လဲ့အား မြင်လိုက်ရ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ့အား လှမ်းဆွဲလိုက်၏။ သူ၏နောက်တွင်မူ ဒဏ်ရာအမျိုးမျိုးရထားကြသည့် ကျင့်ကြံသူပေါင်း မြောက်မြားစွာ ရှိနေကြသည်။

” မင်း… ” ခုန်းတောက်မှာ ရီဝေဝေဖြစ်နေပြီး ရုန်းကန်ရန် ကြိုးစားမိလိုက်၏။ သို့သော် သူ စကားမဆုံးနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ သူ့အား စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ ကြားဖြတ်ပြောလိုက်၏။

” ခုန်းတောက်။ မင်း ရူးနေတာလားကွ ” အမျက်ချောင်းချောင်းထွက်နေသော ဝမ်ပေါင်လဲ့မှာ သူ၏ လက်ကြီးများဖြင့် ခုန်းတောက်၏ ရုန်းကန်နေသော လက်မောင်းများကိုချုပ်ကာ သူ၏ဝတ်ရုံအား ဆုပ်ကိုင်လိုက်ပြီး သူ့အား သူ၏နောက်တွင်ရှိနေသော စစ်တပ်မှ ကျင့်ကြံသူများဆီသို့ လှမ်းပစ်လိုက်၏။

” မြန်မြန်လေး။ နောက်ဆုတ်ကြတော့ဟေ့ ” ဝမ်ပေါင်လဲ့မှာ စိုးရိမ်ပူပန်ကာ စိတ်ထင့်နေရပြီ ဖြစ်သည်။ ဤလှိုဏ်ခေါင်းကြီးထဲရှိ အငွေ့အသက်တစ်ခုမှာ သူရောက်ရှိလာသောကြောင့် တဖြည်းဖြည်းနှင့် နိုးထလာနေပြီဖြစ်ကြောင်း သူက ခံစားနေရ၏။

Comment

Leave a Reply

Options

not work with dark mode
Reset