ထိုကိစ္စနှင့်ပတ်သက်၍ များများစားစား တွေးနေစရာမလိုပေ။ ဝမ်ပေါင်လဲ့မှာ ထိုအသံကြီးအား နားလည်နေရသည့် အကြောင်းအရင်းကို သိရှိထား၏။ အဘယ်ကြောင့်ဆိုသော် သူသည် အမှောင်ပညာရပ်ကို လေ့ကျင့်နေသောကြောင့်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ မြို့တော်နယ်မြေအသစ်၏ ဌာနချုပ်ထဲတွင် ရှိနေပြီး သူ၏ပတ်ပတ်လည်တွင်လည်း လူပေါင်းများစွာ ရှိနေကြ၏။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်ကြီးမှာ ရုတ်တရက်ဆိုသလို လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ဌာနချုပ်ထဲ၌ အအေးဓာတ်များ ထွက်ပေါ်လာ၏။
ထိုကဲ့သို့ ရုတ်တရက်ပေါ်ထွက်လာသော အအေးဓာတ်များကြောင့် လီယီနှင့် အခြားသူများအားလုံးမှာ အံ့အားသင့်သွားရ၏။ သူတို့မှာ ၎င်း၏ မူလဇစ်မြစ်ကို စုံစမ်းရှာဖွေရန် ပြင်လိုက်ကြချိန်တွင် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။ ထို့နောက် ထိုလှိုဏ်ခေါင်းကြီးထဲမှ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အအေးဓာတ်ကြီးတစ်ခု ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည်။ ဧရာမ မျက်နှာကြီးမှာလည်း ပြန်လည်ပေါ်ပေါက်လာပြီး အချုပ်အနှောင်ကြီးအား အားဖြင့်ဖိနေ၏။ ၎င်း၏ မျက်နှာသွင်ပြင်မှာ ယခင်တုန်းကနှင့် မတူတော့ပေ။ ၎င်းမှာ စကားလုံးအချို့အား ထပ်ခါတလဲလဲ အော်ဟစ်မြည်တမ်းနေ၏။
” အမှောင်ကလေးငယ် ”
” အမှောင်ကလေးငယ် ”
ထိုကဲ့သို့ မမျှော်လင့်ထားသော ဖြစ်ရပ်ကြီးမှာ လူတိုင်း၏ အာရုံကို ချက်ချင်းပင် ဖမ်းစားလိုက်၏။ ထို ရုတ်တရက် ပေါ်ထွက်လာသော အအေးဓာတ်ကြီးမှာ နတ်ဘုရားလက်နက်နယ်မြေတစ်ခုထဲအပေါ် သက်ရောက်မှုရှိနေခြင်း မဟုတ်ပေ။ ဧရာမ မျက်နှာကြီး၏ ပေါ်ပေါက်လာမှုနှင့်အတူ ထိုအအေးဓာတ်များမှာ အပြင်ဘက်သို့ ပျံ့နှံ့သွားကြသဖြင့် လီယီနှင့် အခြားသူများမှာ ၎င်းသည် စောစောတုန်းက ပေါ်ထွက်လာခဲ့သည့် အအေးဓာတ်ကြီး၏ မူလဇစ်မြစ် ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်ကြ၏။
သူတို့မှာ ထိုအကြောင်း ဆက်မတွေးနေကြတော့ပေ။ သူတို့၏ မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်များ ထင်ဟပ်သွားကြပြီး ဝမ်ပေါင်လဲ့၏ မျက်နှက်ထားမှာလည်း တင်းမာသွား၏။ သူသည် ချက်ချင်းပင် မန္တန်လက်ကွက်အချို့ ဖော်လိုက်ပြီး လှိုဏ်ခေါင်းကြီးအား ပြန်ပိတ်လိုက်၏။ ထို့အပြင် သူသည် ကာကွယ်ရေးအစီအရင်များကိုပါ မြှင့်တင်လိုက်သဖြင့် မန္တန်အစီအရင်များမှာ ချက်ချင်းပင် တစ်ခုပေါ်တစ်ခု ထပ်သွားကြ၏။ ထို ဧရာမမျက်နှာကြီးနှင့်အတူ ရုတ်ခြည်းဆိုသလို ထိုးထွက်လာကြသည့် သားရဲအုပ်ကြီးများမှာလည်း အပိုင်းပိုင်းပြတ်သွားကြပြီး အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။
အချိန်အတော်အတန်ကြာပြီးမှ ထိုမျက်နှာကြီးမှာ နောက်သို့ ပြန်ဆုတ်သွား၏။ ထို့နောက် လှိုင်ခေါင်းကြီး၏ ပတ်ပတ်လည်ရှိ နေရာတစ်ဝိုက်မှာလည်း ပြန်လည်ငြိမ်သက်သွား၏။ ထိုအခါမှသာ ဌာနချုပ်ထဲမှလူများမှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွားကြတော့သည်။ သူတို့မှာ အနည်းငယ်ခန့်ထပ်၍ စောင့်ကြည့်နေလိုက်ပြီးနောက် လူစုခွဲသွားကြ၏။
ဝမ်ပေါင်လဲ့မှာ အစမှအဆုံးအထိ စကားတစ်လုံးမှ မပြောခဲ့ပေ။ သူသည် သူ၏ အိမ်ရာထဲသို့ ပြန်ရောက်သွားသောအခါမှ အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သူ၏ မျက်ဝန်းများထဲ၌ အံ့ဩတုန်လှုပ်နေသည့် အရိပ်အယောင်များကို မြင်နိုင်ပေသည်။ သူသည် ထိုသတ္တဝါကြီး ပြောနေသည့်စကားများအား နားလည်နေရသည့် အကြောင်းရင်းကို သိရှိထားသလို အမှောင်ပညာရပ်နှင့် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးတို့မှာ တစ်နည်းနည်းဖြင့် ဆက်နွယ်နေရမည်ဖြစ်ကြောင်း သိထားသည့်တိုင်းအောင် အမှောင်ကလေးငယ်ဟု ခေါ်ခံလိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားခဲ့ရ၏။
” အဲ့တာ နာမည်တစ်မျိုးပဲ။ အမှောင်ပညာရပ်ကိုကျင့်ကြံတဲ့ ကျင့်ကြံသူတွေအားလုံးကို အမှောင်ကလေးငယ်လို့ ခေါ်တာများလား ” ဝမ်ပေါင်လဲ့မှာ နေမထိထိုင်မသာ ဖြစ်လာရတော့သည်။ ထို့ကြောင့် သူသည် သူ၏မျက်နှာဖုံးကို ချက်ချင်းပင်ထုတ်ယူလိုက်ပြီး သူ၏ သံသယများနှင့်ပတ်သက်၍ မမလေးအား သွားရောက်မေးမြန်းရန် ဝင်သွားလိုက်၏။ သို့သော် မမလေးမှာ အစအနရှာမရအောင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူသည် အဘယ့်ကြောင့် ထိုသို့ဖြစ်နေရမှန်း မသိပေ။ သူ မည်မျှပင် အော်ခေါ်စေကာမူ မမလေးမှာ ပြန်ထူးခြင်းမရှိသလို ပေါ်ပေါက်လာခြင်းလည်း မရှိပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့၏ စိုးရိမ်စိတ်များမှာ ကြီးထွားလာရတော့သည်။ သို့သော် သူသည် သူ၏ခြင်များအား လှိုဏ်ခေါင်းထဲသို့ စေလွှတ်ခဲ့ရုံနှင့် သူ၏ အမှောင်ပညာရပ်မှာ သိသိသာသာ တိုးတက်သွားခဲ့သည်ကို အာရုံခံမိလိုက်၏။ သူ၏ အမှောင်မီးတောက်သုံးခုစလုံးမှာ တဟုန်းဟုန်း တောက်လောင်နေပြီဖြစ်သည်။ ထို့ကြောင့်် အကယ်၍ သူကိုယ်တိုင်သာ ထိုလှိုဏ်ခေါင်းထဲသို့ ဝင်လိုက်မည်ဆိုပါက သူ၏ ကျင့်ကြံခြင်း အမြန်နှုန်းမှာ အလွန်အင်မတန်မှ မြန်ဆန်သွားမည်သာဖြစ်ကြောင်း တွေးနေမိတော့သည်။ ၎င်းမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် မြန်ဆန်နေမည်ဖြစ်သည်။
” ပုံမှန်တိုးတက်နှုန်းနဲ့သာဆိုရင် ဘယ်လောက်ပဲ ပါရမီတွေ ပါနေပါစေ အခြေတည်ထိပ်ဆုံးအဆင့်ကိုရောက်ဖို့ တစ်နှစ်ကျော်အထိ စောင့်ရမှာ။ အဲ့တာက အဓိကပြဿနာမဟုတ်သေးဘူး။ အဓိက ပြဿနာက အခြေတည်ထိပ်ဆုံးအဆင့်ကနေ အမြုတေအဆင့်ကို တက်လှမ်းဖို့ပဲ။ အဲ့လို တက်လှမ်းနိုင်ဖို့က ကြီးမားတဲ့အခက်အခဲကြီး တစ်ခုပဲ ” ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ အရောင်တောက်နေ၏။ သူသည် ကျင့်ကြံခြင်းလောကထဲသို့ မကြာသေးမီကမှ ရောက်ရှိလာခဲ့သည့် အတွေ့အကြုံနုနယ်သေးသော လူငယ်လေးတစ်ယောက် မဟုတ်တော့ပေ။ သူသည် အခြေတည်အဆင့်ထဲမှ ဖောက်ထွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ လေ့လာမှုမြောက်မြားစွာ ပြုလုပ်ထားပြီးဖြစ်သည်။
ပြည်ထောင်စုကြီးထဲရှိ နိုင်ငံရေးအင်အားစုတိုင်းတွင် အမြုတေအဆင့် ကျင့်ကြံသူများရှိကြကြောင်း ဝမ်ပေါင်လဲ့က သိထား၏။ ကျင့်ကြံသူအားလုံး၏ ရှုထောင့်မှ ကြည့်လိုက်မည်ဆိုပါက အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်မှာ ထိပ်ဆုံးအဆင့်၌ ရှိနေသည်သာဖြစ်သည်။ မိမိတို့၏ အမြုတေအဆင့် ကျင့်ကြံခြင်းအဆင့်များကို ကွယ်ဝှက်ထားကြသူများဖြစ်စေ၊ လူသိရှင်ကြား ထုတ်ဖော်ပြသထားကြသူများဖြစ်စေ၊ ထိုအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူများ၏ စုစုပေါင်း အတွက်မှာ ရာဂဏန်းအနည်းငယ်မျှသာ ရှိနိုင်ပေသည်။
သူတို့ထဲမှ အများစုမှာ အစောပိုင်း အမြုတေအဆင့်မှ လူများဖြစ်ကြ၏။ အလယ်အလတ်အဆင့်နှင့် နှောင်းပိုင်းအဆင့်သို့ ရောက်နေသည့်ကျင့်ကြံတို့အရေးအတွက်မှာမူ သိသိသာသာ ကျဆင်းသွား၏။ ထိပ်ဆုံးအဆင့်၌ ရှိနေသော ကျင့်ကြံသူအရေအတွက်မှာမူ ပြည်ထောင်စုကြီးတစ်ခုလုံးထဲ၌ ဆယ်ယောက်ပင် မပြည့်ပေ။
နိုင်ငံရေးအဖွဲ့အစည်း တစ်ခုချင်းစီထဲရှိ အမြုတေအဆင့် ကျင့်ကြံသူများနဲ့ ယှဉ်လိုက်မည်ဆိုပါက အခြေတည်အဆင့် ကျင့်ကြံသူများ၏ အရေအတွက်မှာ သိသိသာသာပို၍ များပြားနေမည်သာဖြစ်သည်။ သူတို့မှာ အဆပေါင်းများစွာပို၍ များပြားနေကြ၏။ သို့သော် သူတို့ထဲမှ အများစုမှာ ဆက်လက်တိုးတက်နိုင်ကြတော့မည်မဟုတ်ပေ။ သူတို့၏ ကျင့်ကြံခြင်းအဆင့်များထဲမှ ဖောက်ထွက်နိုင်ရန်မှာ သူတို့အတွက် ခဲယဉ်းလွန်းနေပြီဖြစ်သည်။
ထိုကြောင့်လည်း ဝမ်ပေါင်လဲ့မှာ နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးသည် အမှောင်ပညာရပ်အပေါ်၌ အကျိုးသက်ရောက်မှုရှိနေကြောင်း သိလိုက်ရသောအခါ စိတ်လှုပ်ရှားသွားရခြင်းဖြစ်သည်။ သို့သော် သူသည် မဆင်မခြင် ပြုမူခဲ့ခြင်းမရှိပေ။ ဝမ်ပေါင်လဲ့မှာ သူသည် အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ မြို့တော်ဝန်ဖြစ်နေသောကြောင့် မူရင်းမန္တန်အစီအရင်ကြီးကိုသာမက နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးကိုပါ တစ်စိတ်တစ်ပိုင်းခန့် ထိန်းချုပ်ခွင့်ရှိကြောင်း သိရှိထား၏။ ထို့ကြောင့် သူသည် ထိုလှိုဏ်ခေါင်းထဲသို့ အချိန်မရွေးဝင်ရောက်ကာ လေ့ကျင့်နိုင်ပေသည်။
သူ့ဆီတွင် ထိုကဲ့သို့ လေ့ကျင့်ခွင့် အပြည့်ရှိပါသော်လည်း အလုံပိတ်ထားသော နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးထဲရှိ အန္တရာယ်များကို စိတ်ကူးနှင့် မှန်းဆတွက်ချက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး သူ၏ ပြင်းပြသော စိတ်ဆန္ဒများကို မျိုသိပ်ကာ အခြေအနေများ တည်ငြိမ်သွားပြီး လှိုဏ်ခေါင်းထဲ၌ ပို၍ ဘေးကင်းသွားစေရန်အလို့ငှာ အချိန်အနည်းငယ်ခန့် ထပ်၍စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုသို့ စောင့်ဆိုင်းလိုက်လျှင်တောင် သူ့အတွက် နောက်ကျနေဦးမည်မဟုတ်ပေ။
သူသည် အကောင်းအကျိုး အဆိုးအပြစ်များကို ချင့်ချိန်သုံးသပ်နေတော့သည်။ ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ဖြေးဖြေးနှင့်မှန်မှန် ကုန်ဆုံးသွား၏။ မြို့တော်နယ်မြေအသစ်၏ ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး လီယီမှာလည်း သူမ၏ လျှို့ဝှက်အကြံအစည်းများအား အကောင်အထည်ဖော်ရာ၌ ပို၍ ရဲတင်းလာ၏။ သူမသည် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီး၏ ခုခံကာကွယ်ရေးစနစ်များကိုပါ ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိမည်ဆိုပါက သူမအတွက် ပို၍ပင် အကျိုးရှိနိုင်ကြောင်း ယုံကြည်လာတော့သည်။
သို့သော် သူမသည် ထိုအပိုင်းတွင် ဝင်ရောက်စွက်ဖက်၍ မရပေ။ နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီး၏ အချုပ်အနှောင်နှင့် ခုခံကာကွယ်ရေးစနစ်များမှာ ဝမ်ပေါင်လဲ့၏ တရားစီရင်ပိုင်ခွင့်အောက်၌ ရှိနေသည်ဖြစ်ရာ ခုန်းတောက်ပင်လျှင် အလွယ်တကူ ဝင်ရောက်စွက်ဖက်၍ ရနိုင်မည်မဟုတ်ပေ။
ထိုသို့ဖြင့် ခြောက်လတိတိ ကုန်ဆုံးသွားရန် တဖြည်းဖြည်းနှင့် နီးကပ်လာပြီဖြစ်သည်။ နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးထဲမှ ထွက်ပြေးလွတ်မြောက်လာကြသည့် သားရဲစီးကြောင်းများမှာလည်း ထပ်ခါတလဲလဲ သုတ်သင်ရှင်းလင်းခံခဲ့ရသောကြောင့် ၎င်းတို့၏ အရွယ်အစားမှာ သေးငယ်လာပြီဖြစ်သလို မန္တန်အစီအရင်ကြီးမှာလည်း ပို၍အစွမ်းထက်လာသဖြင့်။ အဆုံးမရှိသော သံသရာကြီးတစ်ခု လည်ပတ်နေသကဲ့သို့ ဖြစ်နေတော့သည်။
ခုန်းတောက်နှင့် သူ၏ စစ်တပ်မှကျင့်ကြံသူများမှာ လှိုဏ်ခေါင်းကြီးထဲ၌ ထပ်ခါတလဲလဲ စူးစမ်းရှာဖွေနေခဲ့သောကြောင့် သေကျေပျက်စီးမှုများနှင့် ကြုံတွေ့နေရဆဲပင်။ သို့သော်သူတို့မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် သတင်းအချက်အလက်များကို ယူဆောင်လာနိုင်ခဲ့သောကြောင့် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးအကြောင်း ပို၍ပင် နားလည်လာရတော့သည်။ ဝမ်ပေါင်လဲ့မှာ ထိုအချက်အလက်များအား ခွဲခြမ်းစိတ်ဖြာ၍ လေ့လာနိုင်ရန် အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံဆီသို့ ပြန်လည်ပေးပို့လိုက်၏။
ထိုကဲ့သို့ ထပ်ခါတလဲလဲ စူးစမ်းလေ့လာနေကြသောကြောင့် ခုန်းတောက်နှင့် သူ၏အဖွဲ့သားများမှာ လှိုဏ်ခေါင်းကြီး၏ အတွင်းပိုင်းထဲအထိ ခရီးပေါက်လာတော့သည်။ ယခုတွင် သူတို့မှာ သူတို့၏ စူးစမ်းရှာဖွေရေးလုပ်ငန်းများကို ချိန်သားကိုက်ဆောင်ရွက်နိုင်စွမ်း ရှိနေကြပြီဖြစ်သည်။ သူတို့မှာ နံရံကြီး၏အနီးသို့ မသွားနိုင်သည့်တိုင်အောင် ၎င်းဆီသို့ ချဉ်းကပ်သွားလိုက်ကြပြီး ၎င်း၏တိုက်စားမှုနှုန်းများကို အဝေးမှနေ၍ ကြည့်ရှုလေ့လာကာ ပြောင်းလဲမှုများကို မှတ်တမ်းတင်နေကြတော့သည်။
သို့သော် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးထဲ၌ တပ်ဆင်ထားသည့် ဓမ္မအဆောင်များမှာ အချိန်အနည်းငယ်ခန့်သာ အလုပ်လုပ်နိုင်စွမ်း ရှိကြသည်ဖြစ်သည်။ ထိုသို့သာမဟုတ်ပါက စူးစမ်းရှာဖွေရေးလုပ်ငန်းများမှာ သိသိသာသာ ပို၍ လွယ်ကူနေမည်မှာ အမှန်ပင်။
အရာအားလုံးမှာ ဝမ်ပေါင်လဲ့ စီစဉ်ထားသည့်အတိုင်း ဖြစ်သွားမည်ဆိုပါက သူသည် နှစ်ပတ်အတွင်းတွင် သူ၏ သုံးသပ်ချက်အစီရင်ခံစာကို နှစ်ပတ်အတွင်း ဘုရင်ခံဆီသို့ တင်ပြနိုင်သွားမည်ဖြစ်သည်။ ထိုအချိန်သို့ ရောက်လျှင် သူတို့မှာ လူဦးရေ အမြောက်အမြားကို မြို့တော်နယ်မြေအသစ်ထဲသို့ ပြောင်းရွှေ့နေရာချနိုင်စွမ်း ရှိသွားတော့မည်ဖြစ်သည်။ မြို့တော်နယ်မြေတစ်ခုလုံး၏ အခြေခံအဆောက်အဦများအားလုံးကို တည်ဆောက်ပြီးသွားပြီဖြစ်သည်။ လူနေအိမ်များဖြစ်စေ၊ စက်ရုံများဖြစ်စေ၊ ၎င်းတို့အားလုံးကို အပြီးအထိ တည်ဆောက်ပြီးသွားရုံသာမက ၎င်းတို့ထဲ၌ အသုံးပြုရန် လိုအပ်သည့် အခြေခံပစ္စည်းများကိုပါ တပ်ဆင်ပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် မြို့တော်နယ်မြေအသစ်ထဲတွင် အခြေချနေထိုင်မည့် လူများသာ တော့သည်ဖြစ်သည်။
မြို့တော်နယ်မြေအသစ်ထဲ၌ အလုပ်သမားပေါင်း သိန်းဂဏန်းအနည်းငယ်ခန့် ရှိနေပါသော်လည်း နေရာလွတ်မြောက်မြားစွာ ရှိနေဆဲပင်။ ဝမ်ပေါင်လဲ့မှာ လူဦးရေ အမြောက်အမြားကို ရွှေ့ပြောင်းနေရာမချခင် နောက်ထပ်နှစ်ပတ်တိတိ စောင့်ကြည့်ရန် လိုအပ်သေးသည်။
ခြောက်လပြည့်ခါနီး ခုနစ်ရက်အလိုတွင် မထင်မှတ်ထားသော အပြောင်းအလဲကြီးတစ်ခု ဖြစ်ပျက်သွားခဲ့၏။ ဝမ်ပေါင်လဲ့၏ လေ့ကျင့်ရေး လုပ်ငန်းစဉ်များမှာ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည့် အချက်ပေးခေါင်းလောင်းသံကြီးကြောင့် ပျက်ပြားသွားခဲ့ရ၏။ ထို့နောက် သူသည် ချက်ချင်းပင် မျက်လုံးများဖွင့်လိုက်၏။ တစ်ချိန်ထဲမှာပင် လင်းတျန်ဟောက်၏ အသံလွှင့် အကြောင်းကြားစာမှာ ချက်ချင်းပင် ရောက်ရှိလာ၏။
” မြို့တော်ဝန်။ ခုန်းတောက်က နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးထဲမှ စူးစမ်းရှာဖွေရေးလုပ်ငန်းတွေ လုပ်နေတုန်း အန္တရာယ်နဲ့ ကြုံလိုက်ရတာ။ သူ အဲဒီ အန္တရာယ်ကြီးကို အသက်ရှင်လျက် ဖြတ်ကျော်နိုင်မလားဆိုတာ ကျနော်တို့ သေချာမသိနိုင်ဘူး ”
ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်သွားသည့် အရိပ်အယောင်များ ထင်ဟပ်သွား၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး အလုံပိတ်ထားသော နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးဆီသို့ ပြေးသွားလိုက်၏။ သူ ထိုနေရာသို့ ရောက်သွားသည့်အချိန်တွင် လင်းတျန်ဟောက်နှင့် ကျင့်သိုမင်တို့မှာ ကြိုရောက်နှင့်နေပြီဖြစ်သည်။ သူတို့နေရာ၏ မျက်နှက်အမူအရာများမှာ တည်ကြည်လေးနက်လွန်းနေ၏။ အကာအရံကြီးများ၏ နောက်ရှိ အလုံပိတ်ထားသော လှိုဏ်ခေါင်းကြီးထဲတွင် သားရဲအုပ်ကြီးများမှာ အော်ဟစ်မြည်တမ်းနေကြသည်ကို သူတို့က မြင်နေရ၏။ ၎င်းတို့မှာ မန္တန်အစီအရင်ကြီးထဲရှိ မြောက်မြားစွာသော အမျှင်အတန်းများ၏ အပိုင်းပိုင်း ဖြတ်တောက်ခြင်းကို ခံနေရသည်။
သူတို့မှာ ဝမ်ပေါင်လဲ့ ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူ့ဆီသို့ ချက်ချင်းပင် ချဉ်းကပ်လာကြပြီး လေသံတိုးတိုးဖြင့် ဖြစ်ကြောင်းကုန်စင်အား အစီရင်ခံလိုက်၏။ သူတို့ ပတ်ပတ်လည်ရှိ စစ်တပ်မှ ကျင့်ကြံသူပေါင်းများစွာ၏ မျက်နှာများပေါ်၌ ပူပန်ကြောင့်ကြမှုများနှင့် စိုးထိတ်မှု အရိပ်အယောင်များ ဖုံးလွှမ်းနေကြ၏။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့ရှိရာဘက်သို့ လှည့်လာကြပြီး သူ့အား ကြည့်လိုက်ကြ၏။
” မြို့တော်ဝန်။ အစတုန်းကတော့ အကုန်လုံး အဆင်ပြေနေခဲ့တာပဲ။ ဒါပေမဲ့ ခုန်းတောက်က အဖွဲ့တစ်ဖွဲ့ကို လှိုဏ်ခေါင်းထဲ ခေါ်သွားပြီးတဲ့နောက်မှာ သားရဲစီးကြောင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့တာ။ ကျနော်တို့လည်း အဲလိုဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ ကျနော်တို့ရဲ့ မှတ်တမ်းတွေနဲ့ ကြိုတင်ခန့်မှန်းချက်တွေအရဆိုရင် အရမ်းကို စောလွန်းနေတယ်။ အဲဒီသားရဲစီးကြောင်းကြီးလည်း ပေါ်လာရော… ခုန်းတောက်က… ” လင်းတျန်ဟောက်မှာ စကားကို ဆုံးအောင်မပြောလိုက်ပါသော်လည်း သူဆိုလိုခြင်းသည့် အဓိပ္ပါယ်မှာ သိသာထင်ရှားနေပြီဖြစ်သည်။ ခုန်းတောက်မှာ နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးထဲ၌ သေဆုံးသွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
” ဘုရင်ခံဆီကို အကြောင်းကြားပြီးပြီလား ” ဝမ်ပေါင်လဲ့မှာ ခေါင်းများ တဆစ်ဆစ် နာကျင်ကိုက်ခဲလာရတော့သည်။ ခုန်းတောက်မှာ ရာထူးအကြီးပိုင်းမှ လူတစ်ယောက်ဖြစ်ပါသော်လည်း စူးစမ်းရှာဖွေရေးအဖွဲ့များကို သူကိုယ်တိုင် ဦးစည်းနေခဲ့ခြင်းဖြစ်၏။ ဝမ်ပေါင်လဲ့မှာ သူ ထိုကဲ့သို့ အလုပ်ရှုပ်ခံနေရသည့် အကြောင်းအရင်းကို လုံးဝမသိနိုင်လောက်အောင် ဖြစ်ခဲ့ရ၏။ သူသည် ခုန်းတောက်အား ထိုကိစ္စနှင့်ပတ်သက်၍ အကြိမ်အနည်းငယ်ခန့် မေးမြန်းခဲ့ဘူးပါသော်လည်း ခုန်းတောက်မှာ သူ့အား လျစ်လျူရှုခဲ့သည်သာ ဖြစ်သည်။
ယခုတွင် ပြဿနာတစ်ခုနှင့် ကြုံနေရပြီဖြစ်ရာ မြို့တော်ဝန်ဖြစ်သည့် ဝမ်ပေါင်လဲ့မှာ တာဝန်ယူရတော့မည်ဖြစ်သည်။ ထို့ကြောင့် သူသည် မချင့်မရဲဖြစ်လာရတော့သည်။ ကျင့်သိုမင်ကမူ ဝမ်ပေါင်လဲ့၏ ဘေး၌ ရပ်ကာ သူ့အား အကဲခတ်နေရင်း တိုးတိုးလေး ပြောလိုက်၏။
” ကျနော်တို့တွေ ဒီသတင်းကို ပျံ့မသွားအောင် တားထားပေမယ့် နောက်ဆုံးကျရင်တော့ ပေါက်ကြားသွားမှာပဲ… ”
” ဘာလို့ တားထားရတာလဲကွ။ ချက်ချင်း သတင်းပို့မှ ဖြစ်မှာပေါ့ ” ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွား၏။ ထိုအခါ သူ၏ ပတ်ပတ်လည်ရှိ စစ်တပ်မှ ကျင့်ကြံသူများမှာ ချက်ချင်းဝင်ပြောလိုက်ကြ၏။
” မြို့တော်ဝန်ခဗျား။ ဒီသားရဲစီးကြောင်းကြီးက အန္တရာယ်အများကြီး မပြုနိုင်ပါဘူး။ လက်ထောက်မြို့တော်ဝန်ခုန်းက အသက်ရှင်လျက် ရှိနေဆဲဖြစ်ပြီးတော့ ကျနော်တို့လာကယ်တာကို စောင့်နေဦးမယ်ဆိုတာ ကျနော်ပြောရဲပါတယ် ”
” မြို့တော်ဝန်ခဗျား။ သူ သေသွားမှာကို ရပ်ကြည့်နေလို့မဖြစ်ဘူးနော် ”
ဝမ်ပေါင်လဲ့မှာ နဂိုကတည်းက စိတ်များလှုပ်ရှားနေခဲ့ရသည်ဖြစ်ရာ သူ၏ ပတ်ပတ်လည်မှ လူများ၏ နားကြားပြင်းကတ်စရာ စကားသံများကို ကြားလိုက်ရသောအခါ အမျက်ချောင်းချောင်း ထွက်သွားရပြီး အော်ဟစ်လိုက်တော့သည်။
” တိတ်စမ်း ”
သူ၏စကားသံမှာ မိုးခြိမ်းသံကဲ့သို့ အခြားသူများ၏ နားထဲ၌ ပဲ့တင်ထပ်သွား၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ခြင်များကို ထုတ်လိုက်၏။ ထိုခြင်များမှာ သားရဲစီးကြောင်းကြီးထဲသို့ ပျံသန်းဝင်ရောက်သွားကြပြီး လမ်းအတိုင်း ပျံသန်းကာ လှိုဏ်ခေါင်းကြီး၏ အတွင်းပိုင်းထဲအထိ ဦးတည်သွားကြတော့သည်။ ၎င်းတို့မှာ လျင်မြန်ဖျတ်လတ်စွာ ပျံသန်းရင်း ခုန်းတောက်အား ရှာဖွေနေကြ၏။
ခဏအကြာတွင် သူသည် လှိုဏ်ခေါင်းကြီး၏ အလယ်ပိုင်း၌ ခုန်းတောက်နှင့် စစ်တပ်မှ အခြားကျင့်ကြံသူသုံးယောက်တို့ကို ရှာတွေ့သွား၏။ သူတို့မှာ ယခင်တုန်းက တူးထားခဲ့သည့် လှိုဏ်ခေါင်းကြီးထဲရှိ ချိုင့်ကြီးတစ်ခုထဲ၌ ရှိနေကြပြီး ထိုနေရာသို့ ပြေးဝင်လာရန် ကြိုးပမ်းနေကြသည့် သားရဲအုပ်ကြီးများအား ခုခံတွန်းလှန်နေကြ၏။
ယခုလက်ရှိ အနေအထားရဆိုလျှင် သူတို့မှာ ထိုသားရဲကြီးများအား အချိန်အကြာကြီး တွန်းလှန်နိုင်တော့မည်မဟုတ်ပေ။ ထိုချိုင့်ကြီးထဲ၌ သားရဲပေါင်းမြောက်မြားစွာ ရှိနေကြပြီဖြစ်သည်။ သူတို့မှာ အကူအညီ မရဘဲ ကိုယ့်သားကိုယ်ကိုး၍ ထိုသားရဲကြီးများအား ဆက်လက်တွန်းလှန်ရတော့မည်သာဆိုလျှင် အသက်ရှင်နိုင်ခြေမရှိပေ။ သူတို့အားလုံးမှာ ဒဏ်ရာများရထားကြပြီး သေရေးရှင်ရေး အနေအထားသို့ ရောက်နေကြပြီဖြစ်သည်။