” မိန်းကလေးတစ်ယောက်ကို ပိုးပန်းရတာ အလုပ်ရှုပ်လိုက်တာ ” ကျင့်သိုမင်မှာ လီယီ၏ ရုံးခန်းထဲမှ နှင်ထုတ်ခံလိုက်ရပြီးနောက် သူ၏ ဇိမ်ခံ သင်္ဘောပျံကြီးပေါ်သို့ တက်သွားလိုက်ပြီး ကိုယ်ရံတော်များ ခြံရံလျက် စိတ်ပျက်လက်ပျက်နှင့် ထွက်ခွာသွားတော့သည်။
ကျင့်သိုမင်မှာ သူ၏အစေခံမလေးတစ်ယောက်၏ ရင်ခွင်ထဲသို့ တိုးဝှေ့ကာ သူ၏ ပတ်ပတ်လည်ရှိ ချောမောလှပသော အခြားအစေခံမလေးများ အခွံနွှာပေးထားသည့် သစ်သီးများကို စားသုံးနေ၏။ သူသည် လီယီမှာ ပိုးပန်းရန် ခက်ခဲသည့် မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း တွေးတောကာ သက်ပြင်းချနေမိတော့သည်။ ထို့ကြောင့် သူသည် သူ၏ နည်းလမ်းဟောင်းကြီးဖြစ်သည့် ငွေပုံပေးသော နည်းလမ်းအား ပြန်လည်အသုံးပြုလိုက်ရမည်လောဟု စဉ်းစားနေမိတော့သည်…
” မဖြစ်ဘူး။ ငါ့ရဲ့ ရိုးသားမှုတွေနဲ့ပဲ သူ့ရဲ့ စိတ်နှလုံးကို လှုပ်ခါသွားအောင် လုပ်မှဖြစ်မယ်။ အဲ့တာမှ ငါ့ရင်ခွင်က သူ့အတွက် အလုံခြုံဆုံးဆိုတာ သူ သိသွားမှာ ” ကျင့်သိုမင်မှာ တည်ကြည်မှု အပြည့်ရှိသော မျက်နှာအမူအရာဖြင့် စတင်မလှုပ်ရှားမီ အရာအားလုံးကို သေသေချာချာ ကြိုတင်စီစဉ်ထားရန် လိုအပ်ကြောင်း ဆုံးဖြတ်လိုက်၏။
ကျင့်သိုမင်မှာ သူနှင့် လီယီကြားရှိ ဆက်ဆံရေးအား တိုးတက်လာအောင် လုပ်နိုင်မည့် နည်းလမ်းများကို တွေးတောနေစဉ် ဝမ်ပေါင်လဲ့မှာ နောက်ဆုံးတွင် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို တည်ငြိမ်သွားအောင် လုပ်နိုင်လိုက်၏။ အမှန်တွင် ထိုအတောအတွင်း၌ သူသည် ခံတပ်ကြီး၏ ဆောက်လုပ်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးနေခဲ့သည့်ပုံ ပေါက်နေပါသော်လည်း အချိန်အများစုတွင် သူ၏ အမှောင်ပညာရပ်အား ပို၍လျင်မြန်စွာ ကျင့်ကြံနိုင်မည့် နေရာတစ်ခုကို ရှာဖွေနေခဲ့ခြင်းသာ ဖြစ်သည်။
သူသည် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးနားသို့ ရောက်လာလေလေ သူ၏ အမှောင် ပညာရပ်၏ ကျင့်ကြံခြင်း အမြန်နှုန်းမှာ ပို၍ မြန်ဆန်လာလေလေ ဖြစ်နေသည်ကို သတိထားမိလိုက်ပါသော်လည်း အခြားနေရာအချို့တွင်လည်း ထိုကဲ့သို့ပင် မြန်ဆန်နေသည်ဖြစ်သည်။
သို့သော် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးမှာမူ အဆင်အပြေဆုံးပင်ဖြစ်သည်။ ထို့အပြင် သူသည် အချုပ်အနှောင်ကြီးထဲသို့သာ ဝင်သွားလိုက်မည်ဆိုပါက သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်သည့် အဆင့်တစ်ခုသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း ခန့်မှန်းကြည့်နိုင်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ရှေ့တွင် သူမစားနိုင်သော ဧရာမကိတ်မုန့်ကြီးတစ်လုံး ရှိနေသကဲ့သို့ပင် ဖြစ်နေတော့သည်။ သူသည် ထိုကိတ်မုန့်ကြီးအား လက်လှမ်းမမီ ဖြစ်နေခြင်းတော့ မဟုတ်ပေ… အန္တရာယ်များလွန်းနေသောကြောင့်သာ ဖြစ်သည်…
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ဝေခွဲမရဖြစ်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေရစဉ်တွင် မြို့တော်နယ်မြေအသစ်၏ ကနဦးအဆင့် ဆောက်လုပ်ရေးလုပ်ငန်းများမှာ တဖြည်းဖြည်းနှင့် ပြီးစီးသွားကြပြီးဖြစ်သည်။ နောက်ထပ် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရဦးမည် ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့၏ အစီအစဉ်များအရဆိုလျှင် ယခုတွင် မန္တန်အစီအရင်ကြီးအား ခံတပ်ကြီးနှင့် မည်မျှအထိ တစ်သားတည်းပေါင်းစည်းနိုင်စွမ်း ရှိနေမည်နည်းဟု စမ်းသပ်ရတော့မည်ဖြစ်သည်။
အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံ ရွှေ့ပြောင်းနေရာချပေးမည့် လူများရောက်ရှိလာရန် အချိန်သုံးလသာ လိုတော့သည်ဖြစ်သလို ထိုသုံးလအတွင်းတွင် ဝမ်ပေါင်လဲ့မှာ သူ၏ အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲ၌ မည်သည့်ပြဿနာမှ မရှိတော့အောင် ဆောင်ရွက်ရမည်လည်း ဖြစ်သည်။ ပြဿနာများ ပေါ်ပေါက်လာမည်ဆိုလျှင်တောင် ၎င်းတို့အား ချက်ချင်း ဖြေရှင်းရမည်ဖြစ်သည်။
နောက်သုံးလအကြာ လူသန်းတစ်ရာတိတိ ပြောင်းရွှေ့လာပြီးသောအခါမှ ထိုပြဿနာများကို ဖြေရှင်း၍ ရမည်မဟုတ်ပေ။ အကယ်၍ ထိုအချိန်သို့ရောက်မှ ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိပါက ဘေးဒုက္ခများနှင့် ကြုံလိုက်ရမည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုကိစ္စနှင့် ပတ်သတ်၍ အထူးအလေးထား၏။ ထို့ကြောင့် အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ ကနဦးအဆင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးသွားသောအခါ သူသည် အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံအား ချက်ချင်းပင်အကြောင်းကြားလိုက်၏။ နောက်ဆုံးတွင် ဘုရင်ခံမှာ ဝမ်ပေါင်လဲ့အား အချုပ်အနှောင်ကြီးကို ထိန်းချုပ်ခွင့် ပေးလိုက်သောကြောင့် လိုအပ်သော ပြင်ဆင်မှုများအားလုံး ပြုလုပ်ပြီးသွားသောအခါ ထို နတ်ဘုရားလက်နက် အချုပ်အနှောင်ကြီးအား ဖွင့်ရန် ကြိုးစားလိုက်တော့သည်။
လိုအပ်သည့် ကာကွယ်မှုများအားလုံးကို နေရာတကျ တပ်ဆင်ပြီးသွားသောအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး နတ်ဘုရားလက်နက်လှိုဏ်ခေါင်း အချုပ်အနှောင်ကြီး၏ ထောင့်တစ်နေရာမှာ ပွင့်သွား၏။ ထိုအခါ ဟိန်းဟောက်သံကြီးတစ်သံမှာ ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာအနှံ့၌ ပဲ့တင်ထပ်သွားပြီး သားရဲစီးကြောင်းမြောက်မြားစွာမှာ အထိန်းအကွပ်မဲ့စွာ ထိုးထွက်လာကြတော့သည်။
၎င်းတို့ ထွက်လာသည်နှင့်တစ်ပြိုင်နက် မျက်လုံးဖြင့်မမြင်နိုင်သော မန္တန်အစီအရင် အမျှင်အတန်းများမှာ ထိုနတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီး ရှိနေသောနေရာ၌ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာကြ၏။ ထိုအမျှင်အတန်းများမှာ အရပ်မျက်နှာအနှံ့ကို အဆက်မပြတ် ခုတ်ထစ်နေကြသောကြောင့် ချက်ချင်းဆိုသလိုပင် နာကြည်းဖွယ်ရာ အော်ဟစ်မြည်တမ်းသန်များ ပဲ့တင်ထပ်သွားပြီး အသားစနှင့် သွေးစများမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြတော့သည်။ ခြေလက်များ ပြတ်တောက်နေကြသည့် အလောင်းမြောက်မြားစွာမှာလည်း အပိုင်းပိုင်းဖြတ်ခံလိုက်ရပြီး မြေကြီးပေါ်သို့ လဲကျသွားကြတော့သည်။
ဝမ်ပေါင်လဲ့၊ လီယီ၊ ကျင့်သိုမင်၊ ခုန်းတောက်နှင့် လင်းတျန်ဟောက်တို့ အားလုံးမှာ တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာများဖြင့် ဌာနချုပ်ထဲတွင် မတ်တတ်ရပ်ရင်း ဝိညာဉ်ဖန်သားပြင်ပေါ်၌ ဖြစ်ပျက်နေသည့်အရာအားလုံးကို ကြည့်ရှုနေကြ၏။
မည်သူကမှ စကားတစ်ခွန်းမှမပြောပေ။ သူတို့အားလုံးမှာ ဝိညာဉ်ဖန်သားပြင်အား စိုက်ကြည့်နေကြ၏။ သူတို့မှာ အသားစများနှင့်သွေးစများ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားပြီး မြေကြီးပေါ်သို့ လဲကျသွားသော အလောင်းများမှာလည်း ချက်ချင်းပင် အရည်ပျော်သွားကြသည်ကို မြင်နေရ၏။
ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများမှေးထား၏။ အခြားသူများမှာ ထိုဖြစ်ရပ်ကြီးတစ်ခုလုံးကို အပြည့်အဝ နားလည်ထားခြင်း မရှိပါသော်လည်း ထိုအလောင်းများနှင့် အသားစများအားလုံးမှာ မန္တန်အစီအရင်ကြီးအား မောင်းနှင်ပေးသည့် စွမ်းအင်များအသွင် ပြောင်းလဲသွားခြင်းဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိရှိထား၏။
ထိုသို့ဖြင့် သိပ်မကြာခင်တွင် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးထဲရှိ သတ်ဖြတ်မှုများမှာ ပြီးဆုံးသွားပြီး အရာအားလုံးမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။ ဝမ်ပေါင်လဲ့မှာ အချုပ်အနှောင်ကြီး၏ အပေါက်ကို ထပ်၍ ချဲ့လိုက်ပြီး ပို၍ပင် အစွမ်းထက်သော ရက်စက်ကြမ်းကြုတ်ဖွယ်ရာ သားရဲကြီးများကို ထုတ်လွှတ်ကြည့်လိုက်ပြန်သည်။ ထိုကဲ့သို့သော စမ်းသပ်မှုများမှာ ရက်ပေါင်းများစွာတိုင်အောင် ကြာမြင့်သွား၏။ ထိုအတောအတွင်းတွင် သူတို့မှာ ပြဿနာပေါင်း မြောက်မြားစွာကို ရှာဖွေတွေ့ရှိခဲ့၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အချုပ်အနှောင်ကြီးအား ချက်ချင်းပင် ပြန်ပိတ်လိုက်ပြီး လူအင်အားများ စုစည်းကာ ထိုပြဿနာများကို ချက်ချင်းပင် ဖြေရှင်းလိုက်၏။
သုံးရက်အကြာတွင် ပြင်ဆင်မှုများအားလုံး ပြီးစီးသွားသောကြောင့် အချုပ်အနှောင်ကြီး နောက်ထပ်တစ်ကြိမ်ပြန်၍ အသက်ဝင်လာတော့သည်။ ထိုသို့ဖြင့် တစ်လတိတိ ကုန်ဆုံးသွားသည်အထိ ထိုကဲ့သို့ သံစရာလည်နေခဲ့၏။ ပြုပြင်ပြင်ဆင်မှုများနှင့် မွမ်းမံမှုများကို အဆက်မပြတ် ဆောင်ရွက်နေခဲ့သောကြောင့် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီး၏ အပြင်ဘက်ရှိ အကာအရံများမှာ ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိသွားတော့သည်။ တစ်ခါတစ်ရံတွင်ဆိုလျှင် အမြုတေအဆင့် သားရဲကြီးများပင်လျှင် ထိုနေရာရှိ မန္တန်အစီအရင်ကြီး၏ စွမ်းအားများကြောင့် သတ်ဖြတ်ခံလိုက်ရသည်ဖြစ်သည်။
ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွားတော့သည်။ တစ်ချိန်ထဲမှာပင် လွန်ခဲ့သောနှစ်လအတွင်း၌ အချုပ်အနှောင်ကြီးအား ဆက်တိုက်ဆိုသလို ဖွင့်လှစ်ထားခဲ့သောကြောင့် လှိုဏ်ခေါင်းထဲမှ ထွက်လာသည့် သားရဲစီးကြောင်းများ၏ အရေအတွက်မှာလည်း သိသိသာသာ လျော့ကျသွားရ၏။ ထို့ကြောင့် ခုန်းတောက်မှာ ဝမ်ပေါင်လဲ့အား ခွင့်တောင်းလိုက်ပြီးနောက် သူ၏ တာဝန်အစစ်အမှန်ကို စတင်ဆောင်ရွက်လိုက်တော့သည်။ ၎င်းမှာ လှိုဏ်ခေါင်းထဲရှိ အေးစက်နေသော ရေခဲနံရံကြီး၏ အရည်ပျော်ကျသွားသည့်နှုန်းကို အခါအားလျော်စွာ စစ်ဆေးပေးရန်ဖြစ်သည်။
အချုပ်အနှောင်ကြီးထဲတွင် အန္တရာယ်များရှိနေဆဲ ဖြစ်ပါသော်လည်း စစ်တပ်မှာ အတော်အသင့် ဘေးကင်းလုံခြုံသော အခိုက်အတန့်များ၌ အချုပ်အနှောင်ထဲသို့ ဝင်ရောက်ကာ စုံစမ်းစစ်ဆေးရေးနှင့် ရှာဖွေရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လိုက်ရန် လူအင်အားအလုံအလောက် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။
ထူးဆန်းသော မျက်နှာကြီးမှာ နှစ်ကြိမ်တိတိ ပြန်ပေါ်လာခဲ့ပြီးဖြစ်ရာ အတော်အသင့် ဘေးကင်းသည့် အချိန်သို့ ရောက်ရှိနေပြီဟု သတ်မှတ်နိုင်ပေသည်။ ၎င်းမှာ အချိန်တိုင်းရှိနေခြင်းမဟုတ်ဘဲ ပြည်ထောင်စုကြီးမှာမူ အကာအရံကြီး ရှိနေခဲ့သည့်အချိန်တုန်းက ပေါ်ပေါက်လာခဲ့သည့် မျက်နှာများကို အခြားနတ်ဘုရားများက ဖန်တီးခဲ့ခြင်းသာဖြစ်သည်ဟု မှတ်ယူထား၏။
ထိုသို့ဖြင့် လူပေါင်းများစွာမှာ ရင်တထိတ်ထိတ်နှင့် စောင့်ကြည့်နေကြစဉ် ခုန်းတောက်မှာ အံကြိတ်ကာ သူ၏လူများအား ဦးဆောင်၍ အချုပ်အနှောင်ထဲသို့ ခေါ်သွားလိုက်၏။ ထိုအထဲတွင် ဖြစ်ပျက်နေသည့်အရာများကို မည်သူကမှ မသိပါသော်လည်း ငါးမိနစ်ခန့် ကုန်ဆုံးသွားပြီးနောက် ခုန်းတောက်နှင့် အပေါင်းအပါများမှာ ပြေးထွက်လာကြ၏။ သူတို့၏နောက်တွင်မူ ဟိန်းဟောက်ကာ သူတို့အား လိုက်လံဖမ်းဆီးနေသည့် ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲအုပ်ကြီးများစွာ လိုက်ပါလာကြသည်။ သို့သော် ၎င်းတို့မှာ မန္တန်အစီအရင်ကြီး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
ထိုကဲ့သို့သော ဖြစ်ရပ်များမှာ လဝက်တိတိ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေခဲ့၏။ သူတို့မှာ စုံစမ်းစစ်ဆေးမှုတိုင်းမှ ရရှိသော နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို အနှစ်ချုပ်ကာ ဝမ်ပေါင်လဲ့ဆီသို့ ပြန်၍ တင်ပြခဲ့ကြ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံဆီသို့ ပြန်၍ သတင်းပို့လိုက်သည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုသတင်းအချက်အလက်များကို ဖတ်ရှုရင်း မျက်နှာအမူအရာ တည်ကြည်သွား၏။ ခုန်းတောက်နှင့် အပေါင်းအပါများမှာ ပုံမှန်ထက် ပို၍ဘေးကင်းသောအချိန်မှ အချုပ်အနှောင်ကြီးထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသော်လည်း သေကျေထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရဆဲပင်။ တစ်ချိန်ထဲမှာပင် ယခုအထိ မည်သူကမှ အကာအရံကြီး ရှိနေသောနေရာအထိ မရောက်နိုင်သေးပေ။ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများမှာ အများကြီး ရှိနေကြသည်ဖြစ်ပြီး အောက်ပိုင်းသို့ ပိုရောက်လာလေလေ ၎င်းတို့မှာ အရေအတွက် ပို၍ များလာလေလေ ဖြစ်နေ၏။
တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ အချုပ်အနှောင်ကြီးကို ဖွဲ့လိုက်သည့် အကြိမ်တိုင်းတွင် သူ၏ ခန္ဓာကိုယ်ထဲရှိ အမှောင်မီးတောက်မှာ သူ နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီး၏ အနီးသို့ ရောက်သွားပါက ပို၍အရှိန်အဟုန် ပြင်းထန်စွာ လောင်ကျွမ်းလာသည်ဖြစ်သည်။ အကယ်၍ ဘေးနားတစ်ဝိုက်တွင် လူအများကြီး ရှိမနေခဲ့ပါက ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံချင်စိတ်များကိုချုပ်တည်းထားနိုင်မည်မဟုတ်ပေ။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ မချုပ်တည်းနိုင်တော့ပေ။ ထို့ကြောင့် သူ၏ ခြင်များကို ထုတ်လွှတ်ကာ စစ်တပ်မှ အရာရှိများ စုံစမ်းစစ်ဆေးမှုများ ထပ်မံပြုလုပ်ရန်အတွက် အချုပ်အနှောင်ကြီးထဲသို့ ဝင်သွားကြသည့် အချိန်တွင် သူတို့၏ နောက်သို့ လိုက်သွားစေလိုက်၏။
သူတို့ အထဲသို့ရောက်သွားသည်နှင့်တပြိုင်နက် ဝမ်ပေါင်လဲ့မှာ ခြင်များ၏ အမြင်အာရုံများမှတစ်ဆင့် လှိုဏ်ခေါင်းကြီးထဲရှိ အသေးစားဥမင်လှိုဏ်ခေါင်းလေးများကို မြင်လိုက်ရ၏။ ဘေးပတ်ပတ်လည်ရှိ ရွှံ့ညွှန်များမှာ အနီရင့်ရောင် ဖြစ်နေကြပြီး ဝမ်ပေါင်လဲ့၏ စိတ်အာရုံထဲ၌ အန္တရာယ်ရှိသော အငွေ့အသက်များကို ခံစားလိုက်ရသကဲ့သို့ ဖြစ်သွား၏။ သူတို့မှာ အောက်ပိုင်းသို့ ပိုရောက်လာလေလေ ထိုရွှံ့ညွှန်များမှာ ပို၍ အရောင်ရင့်လာလေလေ ဖြစ်နေ၏။ နောက်ဆုံးတွင် ၎င်းတို့ထဲ၌ သွေးများ စီးဆင်းနေကြသည်ပုံပင် ပေါက်နေတော့သည်။
တစ်ချိန်ထဲမှာပင် သူသည် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများကိုလည်း သတိထားမိလိုက်၏။ ၎င်းတို့မှာ ရွှံ့နံရံများပေါ်၌ အဆက်မပြတ် လူးလွန့်နေသော အသားလုံးကြီးများထဲ၌ ရှိနေကြ၏။ ထိုအသားလုံးကြီးများ ပေါက်ကွဲသွားသည့်အချိန်တိုင်း ရက်စက်ကြမ်းကြုတ်ဖွယ် သားရဲကြီးများ သို့မဟုတ် လှုပ်ရှားနိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ရာ ရုပ်အလောင်းများ ပေါ်ပေါက်လာကြသည်သာဖြစ်သည်။
ထိုမြင်ကွင်းကြီးမှာ လင်းတျန်ဟောက် ပျောက်ကွယ်သွားခဲ့စဉ်တုန်းက အန္တရာယ်များနှင့်ကြုံခဲ့ရသည့် သွေးဂူကြီးထဲမှ မြင်ကွင်းနှင့် အလွန်အင်မတန်မှ ဆင်တူနေ၏။ ထို့ကြောင့် အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံနှင့် အခြားသူများက ထိုသွေးဂူကြီးမှာ နတ်ဘုရားလက်နက်ကြီးနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေရမည်ဟု တွေးတောခဲ့ခြင်းမှာ မထူးဆန်းပေ။
ဝမ်ပေါင်လဲ့မှာ အသက်အောင့်လိုက်ပြီး သူ၏ ခြင်ကိုးကောင်း စစ်တပ်မှအရာရှိများ၏ နောက်သို့ ဆုံမှတ်တစ်ခုအထိ လိုက်သွားစေလိုက်၏။ ၎င်းမှာ ခုန်းတောက်ဦးဆောင်သော စစ်တပ်အဖွဲ့က ရောက်ရှိနိုင်သည့် အနက်ရှိုင်းဆုံးနေရာပင်ဖြစ်သည်။ ၎င်းမှာ အကာအရံကြီးနှင့် အတော်အသင့် ကွာဝေးနေသေးသည့်တိုင်အောင် အသားလုံးပေါင်းမြောက်မြားစွာ ရှိနေဆဲပင်။ အနည်းငယ်မျှ လှုပ်ရှားလိုက်ရုံနှင့် ၎င်းတို့မှာ နိုးထလာကြမည် ဖြစ်သောကြောင့် ၎င်းတို့အားလုံးကို မရှင်းလင်းရသေးပါက ရှေ့သို့ ဆက်သွားနိုင်ရန်မှာ ခက်ခဲနေမည်ဖြစ်သည်။
ထို့ကြောင့် စစ်တပ်မှာ ၎င်းတို့၏ ပတ်ပတ်လည်၌ ဓမ္မအဆောင် မြောက်မြားစွာကို နေရာချထားလိုက်ပြီးနောက် ချက်ချင်းပင် နောက်သို့ပြန်လည်ဆုတ်ခွာလာကြ၏။ သို့သော် ဝမ်ပေါင်လဲ့၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော ခြင်များမှာ ကျန်ရစ်နေခဲ့ဆဲပင်။ ဝမ်ပေါင်လဲ့မှာလည်း နှုတ်ဆိတ်နေပြီး ပြတ်သားမှု အပြည့်ရှိသော မျက်နှာအမူအရာဖြင့် ခြင်ကိုးကောင်ကို ထိန်းချုပ်လိုက်ပြီး လှိုဏ်ခေါင်းကြီး၏ အတွင်းပိုင်းထဲသို့ ပျံသန်းသွားခိုင်းလိုက်တော့သည်။
စစ်တပ်မှ ကျင့်ကြံသူများမရှိတော့သဖြင့် ခြင်များမှာ ပို၍ပင် မြန်ဆန်နေ၏။ ဝမ်ပေါင်လဲ့ပင်လျှင် ၎င်းတို့မှာ မည်သည့်နေရာအထိ ရောက်ရှိသွားမှန်း မသိလိုက်ရဘဲ အကြမ်းဖျင်းသာ ခန့်မှန်းလိုက်ရ၏။ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့်တောင်မှ ခြင်ကိုးကောင်စလုံးအား လုံးဝနီးပါး ထိန်းချုပ်နိုင်စွမ်းမရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားရ၏။ နောက်ဆုံးတွင် သူ ဆက်၍ မထိန်းချုပ်နိုင်တော့သည့်အဆင့်သို့ ရှိသွားသောအခါ၌ ဂူကြီး၏အဆုံးကို မြင်လိုက်ရတော့သည်။
ထိုအဆုံးတွင် ရေခဲတမျှ အေးစက်နေသည့် ဧရာမအချုပ်အနှောင်ကြီးတစ်ခု ရှိနေပြီး ၎င်းမှာ ကြောက်မက်ဖွယ်ရာ အအေးဓာတ်တစ်မျိုးကို ထုတ်လွှတ်ပေးနေ၏။ တစ်ချိန်ထဲမှာပင် တဝမ်ပေါင်လဲ့တစ်ယောက် ၎င်းအား သေသေချာချာ အာရုံစိုက်၍ မကြည့်ရှုနိုင်ခင်မှာပင် ထိုအေးစက်နေသော ရေခဲများမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားပြီး အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းသည့် မျက်နှာကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ ထိန်းချုပ်ထားသော ခြင်ကိုးကောင်းအား စိုက်ကြည့်ကာ ရုတ်တရက်ဆိုသလို ရေရွတ်လိုက်၏။
” အမှောင်ကလေးငယ်…. ”
ထိုစကားသံကြီးမှာ ကမ္ဘာမြေပေါ်တွင် အသုံးပြုသော ဘာသာစကားမဟုတ်ဘဲ ဝမ်ပေါင်လဲ့ လုံးဝမကြားဖူးသည့် ဘာသာစကားတစ်ခု ဖြစ်နေ၏။ ၎င်းမှာ ကျိန်စာတစ်ခုနှင့် ဆင်တူပြီး ထိုစကားသံကြီး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခြင်များမှတစ်ဆင့် ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ကျယ်လောင်စွာ ပဲ့တင်ထပ်သွာသဖြင့် သူသည် အသားများ တုန်ရီသွားရပြီး အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်ပင်လျှင် လုံးဝနီးပါး အထိန်းအကွပ် မရှိတော့သည့်အဆင့်သို့ ရောက်ရှိသွား၏။
သူ့အား ပို၍ အံ့ဩတုန်လှုပ်သွားစေခဲ့သည်မှာ သူသည် ထိုဘာသာစကားကို လုံးဝမကြားဖူးပါသော်လည်း သူ၏ အသိစိတ်ထဲ၌ ထိုအသံကြီး ပဲ့တင်ထပ်သွားသည့်အချိန်တွင် မည်သည့်အကြောင်းကြောင့်မှန်းမသိ သူသည် ၎င်းအား နားလည်နေသည်ဖြစ်ကြောင်း သိလိုက်ရခြင်းဖြစ်သည်။