Switch Mode

အခန်း ( ၇၈ )

သူတို့ ငါ့အကြောင်းပြောနေတာလား

လေလံပွဲရှိ လူများမှာ ချန်ဆောင်းကြေငြာချက်ကို ကြားလိုက်ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။

ချီစုစည်းမှုအဆင့်ရှစ်ထက်တွင်ရှိကြသော အတွင်းစည်းဂိုဏ်းသားများသာ ဂရုမစိုက်ကြချေ။ သူတို့အုပ်စုမှာ အခြားအကြောင်းဆွေးနွှေးသူများနှင့်၊ မျက်လုံးပိတ်ကာ အနားယူနေကြသူများသာရှိသည်။

” ခဏလောက် ဆေးလုံးကို အရင်စစ်ဆေးပါရစေ။ ပြီးမှ စျေးသတ်မှတ်ကြတာပေါ့။”ချန်ဆောင်းက ချောင်းဟန့်ရင်း ပြောသည်။ ထိုအချိန်တွင် တောက်ပနေသောတံခါးနောက်မှ မိန်းမလှလေးတစ်ယောက်က သစ်သားဘူးတစ်ခုကိုကိုင်ရင်း ထွက်လာသည်။

ချန်ဆောင်း၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာလောက်အောင် အစွမ်းရှိသော ခရမ်းရောင်ချီစိတ်စွမ်းအင်အဆင့်မြှင့်ဆေးလုံးများမှာ မည်သို့သော အမျိုးအစားဖြစ်ကြောင်းသိရှိလိုသဖြင့် လူတ်ိုင်းက စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြသည်။

ပိုင်ရှောင်ချန်းကမူ လေလံပွဲ၏စင်မြင့်ကို လှမ်းကြည့်ရင်း စိတ်လှုပ်ရှားလာကာ အသက်ရှူသံများပင်ပြင်းလာတော့သည်။ ခဏအကြာတွင် ထိုမိန်းမလှလေးက ဘူး၏အဖုံးကိုဖွင့်လိုက်ပြီး ခရမ်းရင့်ရောင်ဆေးလုံးတစ်လုံးကို ထုတ်လိုက်သည်။

သူမ အသားအရေ၏ဖြူဖွေးမှုကြောင့် ထိုဆေးလုံးမှာ အထင်းသားဖြစ်နေတော့သ​ည်။ ထိုဆေးလုံးမှ အလင်းရောင်မှိန်မှိန်လေး လင်းလက်နေပြီး မျက်နှာပြင်ပေါ်ရှိ အင်းကွက်၃ကွက်ကိုမူ အထင်အရှားမြင်နိုင်သည်။ ထို့အပြင် ထိုအင်းကွက်များ၏ဘေးတွင် ထွင်းထားသော လိပ်ပုံလေးကိုလည်း မြင်ရသည်။

ပထမဦးစွာ အကုန်လုံး တိတ်ဆိတ်သွားကြသည်။ ထို့နောက် ချက်ချင်းပင် အကုန်လုံးက အုပ်အော်သောင်းနင်းဖြစ်ကုန်ကြသည်။

” စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၃ဆင့် ဟုတ်လား။ ဘုရားရေ….ငါ့မျက်လုံးတွေများ ငါ့ကိုလှည့်စားနေတာလား ”

” လုံးဝမဖြစ်နိုင်တာပဲ။ အဆင့်နှစ် စိတ်စွမ်းအင်ဆေးကို စိတ်စွမ်းအင်အဆင့်မြှင့်ခြင်း၃ဆင့် လုပ်ထားတာလား။ အဲ့လိုလုပ်တာ အောင်မြင်သွားတာ ယုံတောင်မယုံနိုင်ဘူး ”

” ရူးချက်ပဲ။ ခရမ်းရောင်ချီ စိတ်စွမ်းအင်မြှင့်တင်ခြင်းဆေးလုံးတစ်လုံးကို ဘာလို့များ အဆင့်မြှင့်တင်ရတာလဲ ”

အပြင်စ​ည်းဂိုဏ်းသားများ၏ တအံ့တသြအော်ဟစ်သံများက လေလံပွဲတစ်ခုလုံး ပြည့်နှက်သွားတော့သည်။

” သောက်ကျိုးနည်းကွာ။ ဘယ်ကောင်ကများ ဒီလိုမျိုးလုပ်တာပါလိမ့်။ ဖြုန်းတီးနေတာပဲ။”

” စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၃ဆင့်ကို အဲ့လိုကြီးလုပ်တာတဲ့လား။ ဘယ်လိုရူးနှမ်းနေတဲ့ကောင်ကများ ဒီလိုလုပ်ဖို့အကြံရသွားပါလိမ့်။”

စောစောက လျစ်လျူရှုနေကြသော အတွင်းစည်းဂိုဏ်းသားများပင် အံ့သြတကြီး လှမ်းကြည့်နေကြတော့သည်။ ဆေးလုံးမျက်နှာပြင်ပေါ်ရှိ ဝိညာဥ်အင်းကွက်များကိုမြင်လိုက်သောအခါ သူတို့မှာ မျက်လုံးပြူးသွားပြီး ပင့်သက်ရှိုက်နေကြတော့သည်။ အများစုမှာ လန့်ဖြန့်၍ မတ်တတ်ပင်ထရပ်လိုက်ကြ​တော့သည်။

စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၏ အောင်မြင်မှုနှုန်းမှာ အမြင့်ကြီးမဟုတ်ပေ။ တစ်ဆင့်အောင်မြင်ရန်ပင် အလွန်ခက်ခဲသည်။ နှစ်ဆင့်ဆိုလျှင် ပို၍ပင် ခက်ခဲလိမ့်မည်။ သုံးဆင့်ဆိုလျှင်ကား ကံကောင်းမှသာရမည်ဖြစ်သည်။ အဆင့်မြင့်ကျွမ်းကျင်သူများပင် ၃ဆင့်အထိမြှင့်တင်ခြင်းကို သေချာပေါက်အောင်မြင်မည်ဟု အာမ မခံရဲပေ။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် အဆင့်သုံးအထိစိတ်စွမ်းအင်အဆင့်မြှင့်တင်ရန်ကြိုးစားရင်း မှော်ပစ္စည်းများကို ရင်နာနာနှင့် ဖျက်စီးမိသူများရှိသည်။ ထို့ကြောင့်လည်း လူအများစုမှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို မုန်းတီးသလို ချစ်နေရခြင်းပင်ဖြစ်တော့သည်။ အောင်မြင်သောလူများမှာမူ သူတို့အပေါင်းအသင်းများ၏ မနာလိုခြင်းကိုခံရစမြဲဖြစ်သည်။

မှော်ပစ္စည်းတစ်ခုကို စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်း သုံးဆင့်လုပ်နိုင်ပါက ကြောက်မက်ဖွယ် စွမ်းအားကြီးမားလာလိမ့်မည်ဖြစ်ပြီး လူတိုင်းကလည်း လိုချင်မည်မှာ အမှန်ပင်။ သို့သော်လည်း ယခုမှာ စိတ်စွမ်းအင် အဆင့်မြှင့်တင်ခြင်း သုံးဆင့်လုပ်ထားသော ဆေးလုံးကိုကြည့်ရင်း သူတို့မှာ ကြက်သေသေနေတော့သည်။

ထို့အပြင် ထိုဆေးလုံးမှာ အဆင့်နှစ်ဆေးလုံးဖြစ်သည်။

လိပ်ပြာလေးတစ်ကောင်၏ တောင်ပံများပေါ်တွင် လှပသောအင်းကွက်လေးများပေါ်နေပါက လူတိုင်းက ထိုလှပသောမြင်ကွင်းလေးကို နှစ်သက်ကြမည်ဖြစ်သော်လည်း ထိုအင်းကွက်မှာ ဝက်တစ်ကောင်၏နောက်ကျောတွင် ပေါ်လာပါက နှမြောစရာကြီးဟူ၍သာ ပြောဆိုကြလိမ့်မည်။

ထိုဆေးလုံးကိုကြည့်နေသူများမှာ အတွေးများထဲနစ်မျောနေကြသဖြင့် ခံစားချက်ပေါင်းစုံမှာ သူတို့မျက်နှာများပေါ်တွင် ပေါ်နေသည်။ အများစုမှာ လက်သီးဆုပ်ကာ မျက်နှာနှင့်လက်များတွင် သွေးကြောကြီးများပင် ထောင်လာတော့သည်။ ခရမ်းဒယ်အိုးတောင်က အတွင်းစည်းဂိုဏ်းသားများမှာမူ ပို၍ပင်နာကျင်နေတော့သည်။ သူတို့က စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို လေ့လာရသည် မဟုတ်ပါလော။

“ဘယ်လိုတောင် ကံကောင်းရတာလဲ။ ဆေးလုံးကို စိတ်စွမ်းအင်အဆင့်မြှင့်ပြီးတော့တောင် ဒီလာရောင်းတယ်ဆိုတော့။ ငါသာအဲ့လောက်ကံကောင်းလို့ကတော့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားတဲ့ ရတနာတစ်ခုရနေလောက်ပြီ။”

ဒုတိယအထပ်မှ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများပင် ထိုဆေးလုံးကို တုန်လှုပ်စွာကြည့်နေကြတော့သည်။

ပိုင်ရှောင်ချန်းကမူ ပွဲကြည့်စင်ပေါ်တွင်ထိုင်ရင်း ဖြစ်ပျက်နေသည်များကိုကြည့်ကာ အံ့သြနေတော့သ​ည်။ မျက်နှာများနီရဲလောက်အောင် ဒေါသထွက်နေသောလူအချို့ပါသည့် လူအုပ်ကြီးကို သူကကြောင်တောင်တောင် စိုက်ကြည့်နေသည်။ သူနည်းနည်းလွန်သွားပြီဖြစ်ကြောင်း ရုတ်တရက်ခံစားမိလိုက်လေသည်။ ချက်ချင်းပင် သူက ရိုးသားဖြောင့်မှန်သောမျက်နှာထားဖြင့် ထိုဆေးလုံးကို ဒေါသတကြီး လက်ညိုးကောက်ထိုးလိုက်သည်။

” အရှုံးသမားကွာ။ ဘယ်လိုအရှုံးသမားကများ အဲ့ဆေးလုံးလုပ်ခဲ့တာတုံး။” သူက ဒေါသတထောင်းထောင်းထနေသော အသံဖြင့် အော်လိုက်သည်။

ခပ်လှမ်းလှမ်းတွင်မူ စွန်းချန်က ခြောက်ကပ်ကပ်ပြုံးနေတော့သည်။ ထိုဆေးလုံးကိုစမြင်ခဲ့စဥ်ကလည်း လူအုပ်ထဲကအများစုခံစားနေရသည့်အတိုင်း ခံစားခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ခပ်လှမ်းလှမ်းရှိ ပိုင်ရှောင်ချန်း၏လုပ်ရပ်များကို မြင်လိုက်ရသောအခါ သူ့မှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သူ၏မျက်နှာပေါ်မှ ချွေးစက်အနည်းငယ်ပင် ကျလာတော့သည်။

သို့သော်လည်း လူအုပ်ထဲရှိ မျက်စိလျင်သောလူတစ်ယောက်က ဆေးလုံးဘေးနားတွင် ထွင်းထားသော လိပ်ရုပ်ပုံလေးကို သတိထားမိသွားသည်။

” ဟေ။ ဒီလိပ်ရုပ်လေးကို ရင်းရင်းနှီးနှီးကြီး သိနေပါတယ်။”

ထိုစကားသံထွက်လာသောအခါ လူအုပ်ကြီးက ထိုဆေးလုံးကို အနီးကပ်ကြည့်လိုက်ကြသည်။ စောစောတုံးက ဝိညာဥ်အင်းကွက်၃ကွက်ကြောင့် အံ့အားသင့်သွားသဖြင့် အခြားအရာများကို မကြည့်မိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ထိုလိပ်ရုပ်ပုံလေးထွင်းထားသည်ကို တွေ့သွားကြပြီဖြစ်သည်။

” အဲ့လိပ်ရုပ်ကလေးက…. ဟေး ငါမှတ်မိပြီ။ မွှေးရနံ့တိမ်တောင်မှာတုံးက ဆေးတစ်သောင်းအဆောင်အရှေ့က ကျောက်တိုင်တွေပေါ်မှာ လိပ်ရုပ်လေးတစ်ခုက နံပါတ်၁နေရာ ယူထားတာလေကွာ။”

” ဒီလိပ်ရုပ်လေးကလည်း အဲ့လိပ်နဲ့တစ်ပုံစံထဲပဲ။ ပုံစံကအစ အတူတူပဲဟ။ လူတစ်ယောက်ထဲက ထွင်းထားတာသေချာတယ်။”

“အဲ့ဆေးလုံးဖော်ပြီး ရူးရူးမိုက်မိုက်နဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၃ဆင့်အထိ တင်ခဲ့တဲ့လူက မွှေးရနံ့တိမ်တောင်ရဲ့ လက်ရွေးစင်တစ်ယောက်ဖြစ်တဲ့ လျှို့ဝှက်ဆန်းကြယ် လိပ်ကလေးကလွဲဲပြီး ဘယ်သူရှိရမှာလဲ ”

စိတ်လှုပ်တရှား အော်ဟစ်သံများ ပေါ်ထွက်လာတော့သည်။ လူအုပ်ထဲရှိ ဂိုဏ်းသားအများစုမှာ မွှေးရနံ့တိမ်တောင်မှဖြစ်၍ ထိုလိပ်ရုပ်လေးကိုမြင်လိုက်သောအခါ သူတို့မှာ အံ့အားသင့်နေတော့သည်။

ထိုလိပ်ရုပ်လေးကို တွေ့သွားသော လူများလာသောအခါ ပင့်သက်ရှိုက်သံများ ပေါ်ထွက်လာတော့သည်။ အများစုမှာ မတ်တတ်ပင် ထရပ်ကုန်ကြသ​ည်။ မွှေးရနံ့တိမ်တောင်၏ လိပ်ကလေးအကြောင်းမှာ လောလောဆယ်တွင် သိပ်မထွက်သော်လည်း သူကနာမည်အလွန်ကြီးပြီးသားဖြစ်သည်။ ဂိုဏ်းထဲရှိလူတိုင်းက သူ့အကြောင်းသိပြီး သူ့၏သရုပ်အမှန်ကိုသိရန် လူတိုင်းက ကြိုးစားနေကြသည်ဖြစ်သည်။

သို့သော်လည်း မည်သူကမှ ထိုလျှို့ဝှက်ဆန်းကြယ်မှုကို မဖြေရှင်းနိုင်ကြပေ။ လိပ်ကလေးမှာ လျှို့ဝှက်လွန်းသည့်အတွက် မည်သူကမှ သူ၏ သရုပ်အမှန်ကို မသိကြပေ။ သူသည် သိိုသိုသိပ်သိပ်သာနေပြီး ပြင်ပလောကကို စိတ်မဝင်စားသည့်အပြင် ဂရုလည်းမစိုက်ပေ။

သို့သော်လည်း သူကရုတ်တရက်ကြီး နောက်တစ်ခေါက် ပေါ်ထွက်လာပြီဖြစ်သည်။

ထို့အပြင် သူက လေလံပွဲတစ်ခုလုံးနှင့် လေလံပွဲလာသူအားလုံးကို တုန်လှုပ်သွားစေရန် ကြံစည်ပြီးသားဖြစ်နေတော့သည်။

ထိုလူအုပ်ထဲတွင် ကျိုးရှင်းချီက တောက်ပနေသော မျက်လုံးများဖြင့် ထိုဆေးလုံးကို ကြည့်နေသည်။ သူမ၏ရင်မှာ လှိုက်ဖိုနေပြီး ခံစားချက်ပေါင်းများစွာက သူမ၏ရင်ဘတ်ထဲတွင် ပြေးလွှားနေတော့သည်။

” နောက်ဆုံးတော့ နင်ပေါ်လာပြီပေါ့ ဟုတ်လား။ နင့်လိုမျိုး လက်ရွေးစင်က လူအုပ်ကြီးထဲ ထာဝရပုန်းမနေနိုင်ပါဘူး။ နင်က လူမြင်မခံချင်ပေမဲ့ နင့်ရဲ့ အံ့သြဖွယ်အရည်အချင်းတွေကြောင့်ဘယ်လောက်ပုန်းပုန်း နင်က အထင်းသားကြီးဖြစ်​နေမှာပဲ။ နင်ဘယ်သူလည်းဆိုတာ ငါတစ်ရက်ရက်တော့ ဖော်ထုတ်ပြမယ်။”
ကျိုးရှင်းချီက တစ်ယောက်ထဲ ရေရွတ်နေတော့သည်။ သူမသည် အချိန်များစွာအကုန်ခံကာ လိပ်ကလေးအကြောင်း စုံစမ်းမှုများပြုလုပ်ခဲ့ပြီး ဖြစ်သ​ည်။ တစ်ခါက လိပ်ကလေးသည်ပိုင်ရှောင်ချန်းများဖြစ်နေမလားဟု တွေးမိသော်လည်း သူ မဖြစ်နိုင်ကြောင်း ဆုံးဖြတ်ချက်ချကာ လိပ်ကလေးကို သူမအထင်နှင့်သူမ ပုံဖော်နေတော့သည်။ သူသည် အေးစက်စက်နှင့် မာနကြီးသောလူတစ်ယောက်ဖြစ်ကာ နာမည်ကြီးလိုသောဆန္ဒတစ်ခုထဲနှင့် သူ၏အမည်ကို အစွန်းထင်းခံမည့်လူမျိုးမဟုတ်ဟု သူမက တွေးထင်ထားသည်။

ကျိုးရှင်းချီတစ်ယောက်ထဲ ထိုသို့တွေးမိသည်မဟုတ်ပေ။ ဟိုရှောင်မေ့အပါအဝင် လူအများစုက ထိုသို့တွေးကြလေသည်။ အဘယ့်ကြောင့်ဆိုသော် ပိုင်ရှောင်ချန်းက လိပ်ကလေး၏ပုံပြင်များကို လုပ်ကြံဖန်တီးပြောဆိုထားသောကြောင့် ဖြစ်သည်။

လူများစွာက အဘယ့်ကြောင့် လိပ်ရုပ်ပုံကို အမှတ်အသားအဖြစ်အသုံးပြုကြောင်း ဝေဖန်ပိုင်းခြားနေကြသည်။ ထွက်လာသော အဖြေသည်ကား သူသည် ရိုးရိုးကျင့်မြင့်မြင့်ကြံတတ်သော လူတစ်ယောက်ဖြစ်သ​ည်ဟူ၍ပင် ဖြစ်သ​ည်။ လိပ်များကဲ့သို့ပင် သူ၏ဆေးလုံးများက အနာဂတ်နှစ်ထောင်ပေါင်းများစွာအထိ ရှင်သန်နေမည်ဟူသော ရည်ရွယ်ချက်ကြောင့်ပင် ဖြစ်မည်။

ဟိုရှောင်မေ့ကမူ ခပ်လှမ်းလှမ်းတွင် အားကျနေသောမျက်လုံးတစ်စုံဖြင့် မတ်တတ်ရပ်ကြည့်နေသည်။ ပိုင်ရှောင်ချန်း၏ပုံပြင်များကြောင့် သူမက လိပ်ကလေးကို ဂိုဏ်းရှိအခြားလူများထက် ပို၍လေးစားသည်။ သူမကဲ့သို့ ရူးသွပ်သည့်ဂိုဏ်းသားများနှင့်ပေါင်း၍ လိပ်ကလေးအဖွဲ့ချုပ်ဟုခေါ်သော အဖွဲ့အစည်းတစ်ခုကိုပင် ထောင်ထားလေသည်။

” ဘာရယ်။ လိပ်ကလေးဟုတ်လား။” ဟိုရှောင်မေ့က လေလံပွဲစင်မြင့်ကို လက်ညှိုးထိုးရင်း စိတ်လှုပ်ရှားနေသဖြင့် ထခုန်မိလုနီးပါးပင် ဖြစ်သွားသည်။

လေလံပွဲ၏ အောက်ဆုံးတစ်ထပ်လုံးမှာ ရှုတ်ရှပ်ခက်နေတော့သည်။ ယခုတွင်မူ မည်သူမျှ ဒေါသသံများနှင့် မယုံကြည်သောလေသံများ မထွက်တော့ချေ။ သူတို့မျက်နှာတွင် သိမ်မွေ့သောအမူအရာများသာ ပေါ်နေတော့သည်။

” သူက ပညာတစ်ခုကို အဆုံးအစွန်ထိကျွမ်းကျင်အောင် လေ့လာတာပဲကွ။”

” လိပ်ကလေးလိုမျိုး ဂုဏ်ရှိတဲ့လက်ရွေးစင်တစ်ယောက်က လေလံပွဲမှာရောင်းဖို့ ဆေးလုံးကိို စိတ်စွမ်းအင်အဆင့်မြှင့်ခြင်း လုပ်မှာတော့မဟုတ်ဘူး။ သူက တာအိုဆေးပညာရဲ့ အနှစ်သာရကို ရှာဖွေနေတဲ့လူဆိုတော့ စမ်းသပ်ရင်းလုပ်မိသွားတာပဲနေမှာ။ သူ့ရဲ့အာရုံစိုက်မှုကြောင့်ပေါ့ကွာ။”

စောစောက နာကျည်းနေကြသော အတွင်းစည်းဂိုဏ်းသားများပင်လျှင် သက်ပြင်းတွေချကာ တစ်ယောက်နှင့်တစ်ယောက်ကို တုန်လှုပ်စွာကြည့်နေကြသည်။ သူတို့အားလုံး စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို အဆင့်သုံးထိရောက်အောင်မလုပ်နိုင်မှန်း ဝန်ခံရမည်ဖြစ်သည်။

” အခုတော့ သူကဘယ်လိုလက်ရွေးစင်မျိုးလဲဆိုတာ ငါသိသွားပြီ။ သူကရူးနေတာလည်းမဟုတ်ဘူး။ ကြွားဝါနေတာလည်းမဟုတ်ဘူး။ သူ့ရဲ့ အိပ်မက်တွေက ခမ်းနားလွန်းတာကွ။ သူက အာရုံအပြည့်စိုက်ထားကြောင်း ဖော်ပြနေတာ။ သူ့ရဲ့ဆေးလုံးအစွမ်းကို ထိပ်ဆုံးထိရောက်စေချင်နေတာ။”

” တကယ့်ကို အံ့အားသင့်စရာပဲ။ ဒီလိုမျိုး အာရုံစုစည်းနိုင်မှု၊ ဒီလိုမျိုး စိတ်ဓာတ်၊ ဒီလိုမျိုး ပြီးပြည့်စုံတဲ့ ဆေးလုံး။ ငါတို့တွေ သူ့ကို အတုယူရမယ် ”

” စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသုံးဆင့်က ပစ္စည်းတစ်ခုရဲ့ အရည်အသွေးကို သုံးဆင့်တင်ပေးနိုင်တယ်။ အဲ့တော့ ဒီဆေးလုံးက အစက အလယ်အလတ်အဆင့်ပဲရှိတာဆိုတဲ့ သဘောပဲ။ လိပ်ကလေးရဲ့ ဆေးဖော်စပ်တဲ့နေရာမှာ ကျွမ်းကျင်မှုက ငါ့ထက်အများကြီးသာသွားပြီပဲ။ နာမည်နဲ့လိုက်အောင် ကျော်ကြားပါပေတယ် ”

” ဒီဆေးလုံးကို အမှတ်တရအဖြစ်သိမ်းထားရမယ်။ ငါ ရမှဖြစ်မယ်။” အတွင်းစည်းဂိုဏ်းသားများ၏ မျက်လုံးများမှာ တောက်ပနေတော့သည်။ ဆေးကသူတို့သောက်သုံးရန်မသင့်တော်သော်လည်း သူတို့ကို လှုံ့ဆော်မှုပေးသော အရာတစ်ခုဖြစ်မည်မှာ အသေအချာပင်။

ထိုဆေးလုံးကိုကြည့်ရသည်မှာ ကျော်ကြားမှုနှင့်ငွေကြေးများကို စိတ်မဝင်စားပဲ အာရုံစူးစိုက်မှုအပြည့်နှင့် တာအိုဆေးပညာတစ်ခုထဲကိုသာ စိတ်ဝင်စားသော လက်ရွေးစင်တစ်ယောက်ကို ကြည့်နေရသည့်အလားပင်။

လေသံများချက်ချင်းပြောင်းသွားကြသည်ကိုမြင်သောအခါ စောစောက ဒေါသထွက်နေသောလူအုပ်ကြီးနှင့်အတူ လိုက်အော်ထားသော ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးနေတော့သည်။ သူ့ဘေးနားရှိလူများ၏ စကားသံများကိုကြားလိုက်ရသောအခါ သူ၏မျက်နှာမှာ နီရဲသွားတော့သည်။

” သူတို့…..သူတို့ ငါ့အကြောင်းပြောနေကြတာလား ” သူက တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ သူ့ကိုယ်သူ ဤမျှအစွမ်းထက်မည်ဟု မထင်ထားပေ။ ယခုတွင်မူ မျှော်လင့်ချက်အလင်းရောင်လေးမြင်ရပြီဖြစ်သဖြင့် သူက အသံကုန်အော်ကာ ဘေးနားရှိလူအကုန်လုံးကို သူကလိပ်သခင်ဖြစ်ကြောင်း ပြောရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် ချန်ဆောင်းက ချောင်းဟန့်ကာ ပြုံးလိုက်သည်။

” ခင်ဗျားတို့အကုန် မြင်တဲ့အတိုင်းပဲ။ ဒီဆေးလုံးက အဓိပ္ပါယ်အများကြီးရှိတယ်။ အနည်းဆုံးစျေးကို စိတ်စွမ်းအင်ကျောက်တုံး အတုံး၅၀၀ ကနေစမယ်။ ကြေးတိုးပေးမယ်ဆို အနည်းဆုံး ကျောက်တုံး၅၀ တိုးပေးရမယ်။”

ထိုစျေးကိုကြားသောအခါ ပိုင်ရှောင်ချန်းမှာ မှင်သက်သွားတော့သည်။ အပြင်စ​ည်းဂိုဏ်းသားအများစုမှာ ထိုစျေးကို တတ်နိုင်မည်မဟုတ်ချေ။

” ၆၀၀ ပေးမယ် ”

” ၇၀၀ကွာ။ အဲ့ဆေးလုံးက တာအိုဆေးပညာရဲ့ အနှစ်သာရတွေပါဝင်နေတာ။ ငါရမှဖြစ်မယ်။”

” ၈၀၀ပေးမယ်။ ဘယ်ကောင် ပိုပေးရဲသေးလဲ။ ”
အတွင်းစည်းဂိုဏ်းသားများမှာ ချက်ချင်းပင် စျေးများအပြိုင်ပေးနေကြပြီး မကြာမီတွင် အုပ်အော်သောင်းနင်း ဖြစ်ကုန်တော့သည်။

ကြေးများမှာ မြင့်မြင့်လာပြီး မကြာမီတွင် စိတ်စွမ်းအင်ကျောက်တုံး ၁၅၀၀ အထိရောက်သွားတော့သည်။ ပိုင်ရှောင်ချန်း၏ အာခေါင်များမှာ ခြောက်ကပ်နေပြီး မယုံကြည်နိုင်သဖြင့် အသက်ရှူသံများပင် ပြင်းလာ​တော့သည်။

“ရူးနေကြတာ။ သူတို့အားလုံးရူးနေတာကြတာပဲ။ နေအုံး။ ပိုရူးကြစမ်းကွာ။ လာဟေ့။ အကုန်လုံး လောင်းကြေးထပ်ကြ ”

” ၁၈၀၀ ပေးမယ်။” ထိုကြေးမှာ ကျိုးရှင်းချီပေးခြင်းဖြစ်သည်။ ထိုအခါ လူများစွာက သူမဘက်ကိုလှည့်ကြည့်လိုက်ကြသည်။ ပိုင်ရှောင်ချန်းကမူ သူမကို အားပေးနေတော့သည်။

စျေးမှာ အတွင်းစည်းဂိုဏ်းသားများတတ်နိုင်လောက်သည့် အတိုင်းအတာထိရောက်သွားတော့သည်။ သူတို့မှာ ထိုဆေးလုံးကို လက်မလွှတ်ချင်သော်လည်း သက်ပြင်းချရုံကလွဲ မတတ်နိုင်ပေ။ ကျိုးရှင်းချီသည် တာအိုဆေးပညာတွင် လက်ရွေးစင် တစ်ယောက်ဖြစ်သည် မဟုတ်ပါလော။ သူမကိုယ်တိုင်က ထိုဆေးလုံးကိုလိုချင်နေသည်ဖြစ်၍ အခြားဂိုဏ်းသားများက သူမနှင့် ပြိုင်မလုချင်တော့ပေ။

ပိုင်ရှောင်ချန်းမှာမူ စျေးကိုကျေနပ်နေသဖြင့် ချန်ဆောင်းဆီပြေးကာ လေလံတူကြီးကိုကိုင်၍ ထုချလိုက်ပြီး လေလံပွဲကိုအဆုံးသတ်လိုစိတ်များကို မနည်းထိန်းထားရသည်။ သို့သော်လည်း ထိုအချိန်တွင် ခေါင်းမာပြီး ပြတ်သားသော မိန်းကလေးအသံတစ်သံ ပေါ်ထွက်လာသည်။

” ကျွန်မက ဟိုမျိုးနွယ်စုက ဟိုရှောင်မေ့ ပဲ။ ဝိညာဥ်ကျောက်တုံး သုံးထောင်ပေးမယ်။”


Comment

Leave a Reply

Options

not work with dark mode
Reset