Switch Mode

အခန်း ( ၇၇ )

လေလံပွဲ

မကြာမီ ပိုင်ရှောင်ချန်းက ထိုးထိုးထောင်ထောင်ဖြစ်နေသော ဆံပင်များနှင့် မွှေးရနံ့တိမ်တောင်သို့ ပြန်ရောက်လာသည်။ သူ၏မျက်နှာမှာလည်း မည်းတူးနေတော့သည်။ သူ၏နှလုံးသားက ကြောက်လန့်တုန်လှုပ်စွာ တဒိန်းဒိန်းခုန်နေပြီး သူ၏ခြံဝန်းထဲသို့ တွားသွားကာဝင်လိုက်ရင်း သူဖြတ်ကျော်ခဲ့ရသော မိုးကြိုးမုန်တိုင်းကြီးအကြောင်းကို ပြန်တွေးကာ အသားများ တဆတ်ဆတ်တုန်နေတော့သည်။ ထို့နောက်သူက နောက်ဘယ်တော့မှ မိုးကြိုးများပစ်နေစဥ် ဓားပေါ်တွင်ပျံဝဲခြင်းမပြုတော့ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။

ဤအရာက ပျံသန်းသည်နှင့်မတူတော့ဘဲ ကိုယ့်အသက်ကို အလောင်းကစားလုပ်နေခြင်းဖြစ်သည်။

သစ်သားအိမ်ထဲတွင် သူ့မျက်နှာက နှာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး ခဏအကြာတွင် သူကိုယ်သူ ပြန်လည်စိတ်ထိန်းလိုက်သည်။
ခုတင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ အပြင်ဘက်တွင် ကျဆင်းနေသော မိုးရေများကိုကြည့်ရင်း သူ၏ကျင့်ကြံခြင်းအခြေခံကို လည်ပတ်စေလိုက်သည်။

” အဆင့်နှစ် စိတ်စွမ်းအင်ဆေးလုံးတွေကရှစ်နဲ့အောက်က လူတွေအတွက်ပဲ သင့်တော်တာ။ ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံကို ထပ်မြှင့်ချင်ရင် အဆင့်သုံး စိတ်စွမ်းအင်ဆေးလုံးတွေ ထပ်ဖော်စပ်ဖို့လိုတယ်။” သူက မေးစေ့ကိုပွတ်ကာ အကြံထုတ်နေတော့သ​ည်။

‌” အဆင့်သုံးစိတ်စွမ်းအင်ဆေးတွေက ဖော်စပ်ရတာ ပိုခက်တယ်။ ယုံကြည်ချက်အပြည့်နဲ့ ဖော်စပ်နိုင်ဖို့ အရင်ဆုံး အဆင့်နှစ်စိတ်စွမ်းအင်ဆေးတွေနဲ့ ရင်းနှီးထားမှဖြစ်မယ်။ ခိုင်မာတဲ့ အခြေခံမရှိလို့ကတော့ အောင်မြင်ဖို့ရာခိုင်နှုန်းက နည်းနည်းလေးပဲရှိမှာ။” ထိုသို့ရေရွတ်ရင်း သူကသူ၏ထည့်စရာအိတ်ကိုဖွင့်ကာ သူ၏လက်ရှိ ပစ္စည်းများကို စစ်ဆေးလိုက်သ​ည်။ သို့သော်လည်း သက်ပြင်းသာချလိုက်ရသည်။ ဂုဏ်ထူးဆောင်ဂိုဏ်းသား စဖြစ်စဥ်က လက်ဆောင်အနည်းငယ်ရခဲ့သော်လည်း ထိုပစ္စည်းအများစုကို သူက လတ်တလော ဆေးဖော်စပ်ရာများတွင် သုံးလိုက်ပြီဖြစ်သ​ည်။ သူ၏ လက်ကျန်ပစ္စည်းများမှာ နည်းပါးနေပြီဖြစ်သည်။

” ဒီလိုကြီးဆက်သွားနေလို့ အဆင်မပြေဘူး” သူက ခေါင်းငုံ့ကာ သေချာတွေးတောနေတော့သည်။ ” ပစ္စ​ည်းပြတ်သွားတော့မှာပဲ။ ငါက အတော်အလေးကျွမ်းကျင်နေတဲ့ နယ်လှည့်သမားတော်ဖြစ်နေပြီပဲ။ ဆေးတချို့ဖော်စပ်ပြီး စမ်းရောင်းရင် ရလောက်မှာပါ”

ထိုအတွေးကြောင့် သူ့မှာ စိတ်လှုပ်ရှားနေတော့သည်။ နောက်နေ့မနက်ခင်းရောက်သော် မိုးတိတ်သွားသည့်အတွက် သူက အိမ်ထဲမှထွက်ကာ စျေးသို့သွားပြီး မေးခွန်းအနည်းငယ် သွားမေးတော့လေသည်။ ဆေးလုံးအမျိုးမျိုး၏ စျေးများအကြောင်းကို လုံးစေ့ပတ်စေ့နားလည်သွားသောအခါ သူက​စျေးမှ ဆေးပင်အမြောက်အများဝယ်လာပြီး ဂိုဏ်းထဲတွင်လည်း စွမ်းဆောင်မှုရမှတ်များကိုသုံးကာ အပင်များထပ်ဝယ်လိုက်လေသည်။

နောက်ဆုံးတွင် သူက ဆေးဖော်စပ်ရာအဆောင်သို့ထပ်သွားကာ အလုပ်စလုပ်တော့သည်။

အဆင့်နှစ်ဆေးလုံးများမှာ စျေးအများကြီးရသော်လည်း ဖော်စပ်ရန် ပစ္စည်းများစွာလိုအပ်သည်။ ထို့အပြင် သူဖော်စပ်နေသည့်နည်းလမ်းကြောင့် အချိန်ကုန်ပြီး တွက်ချေကိုက်မည်မဟုတ်ပေ။

ထို့ကြောင့် သူက သူပိုရင်းနှီးသော အဆင့်တစ်ဆေးလုံးအချို့ကိုသာ ဖော်စပ်ရန် ဆုံးဖြတ်လိုက်သည်။ နောက်ရက်များတွင် တစ်ကြိမ်လျှင် ဆေးလုံးရှစ်လုံး၊ ကိုးလုံးလောက်ပါသည့် မတူညီသော စိတ်စွမ်းအင်ဆေးသုံးမျိုးကိုထုတ်ဖော်လိုက်သည်။ သူက စိတ်စွမ်းအင်အမွှေးတိုင်နှစ် ချောင်းကိုလ​ည်း ဖော်စပ်ထားသေးသည်။ ထိုအရာများဖော်စပ်ပြီးသောအခါ သူက စျေးသို့ ထွက်သွားတော့သ​ည်။

တောင်ဘက်ခြမ်း၏စျေးမှာ အကြီးကြီးမဟုတ်ပေ။ အတွင်းစည်းဂိုဏ်းသားများနှင့် ဝါရင့်ဂိုဏ်းသားတချို့ တည်ထောင်ထားသော ဆိုင်အနည်းငယ်မှ လွဲ၍ အခြားဆိုင်များကို အရှေ့ဘက်သစ်တောဒေသရှိ အမျိုးမျိုးသော ကျင့်ကြံသူမျိုးနွယ်စုများက ပိုင်သည်။

ထိုစျေးမှာ မြို့အသေးစားလေးတစ်ခုနှင့်ပင် ဆင်တူပြီး တောင်သုံးတောင်မှလူများ၊ အထူးသဖြင့် အပြင်စည်းဂိုဏ်းသားများနှင့် ရှုပ်ယှက်ခတ်​နေသည်။ စျေးက အကြိမ်များစွာရောက်ဖူးသည်ဖြစ်၍ ပိုင်ရှောင်ချန်းက ထိုနေရာကို နောကျေနေပြီဖြစ်သည်။ သူရှာနေသော စျေးဆိုင်ကိုတွေ့သွားပြီး ချောင်းဟန့်လိုက်သောအခါ အရောင်းလူငယ်တစ်ယောက်က သူ့ဆီသို့ချဥ်းကပ်လာသည်။

” ဆိုင်ပိုင်ရှင်ကို ခေါ်ပေးပါ။ ဒီတစ်ခေါက်က ပါဝင်ပစ္စည်းတွေပဲဝယ်မှာမဟုတ်ဘူး။ ဆေးလုံးအချို့ရောင်းချင်လို့။ ” ထိုသို့ပြောကာ သူကကုလားထိုင်တစ်လုံးအပေါ်ထိုင်ရင်း မျက်စေ့များမှေးသွားသည်အထိ ပြုံးဖြီးနေတော့သ​ည်။

အချိန်အနည်းငယ်ကြာသောအခါ ခရမ်းရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ပေါ်လာသည်။ သူကပိုင်ရှောင်ချန်းကို မြင်လိုက်သောအခါ ပြုံးပြလိုက်သည်။

” တာအိုရောင်းရင်းပိုင်။ ကျုပ်က ခင်ဗျားရဲ့ အလိုတော်အတိုင်းဆောင်ရွက်ပေးမဲ့ စွန်းချန်ပါ။ ခင်ဗျားအကြောင်း သတင်းတွေအများကြီး ကျုပ်ကြားဖူးပြီးသားပါ။ ဒါပေမဲ့ ခင်ဗျားအနှောင့်အယှက်ဖြစ်မှာစိုးလို့ လာ မနှုတ်ဆက်ဖြစ်တာပါ။ အခုတော့ တကယ် နောင်တတွေရနေပါပြီဗျာ။” သူကလက်ယှက်ကာ နှုတ်ဆက်လိုက်ပြီး ပိုင်ရှောင်ချန်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ ဂိုဏ်းထဲတွင် ပိုင်ရှောင်ချန်း၏အဆင့်မှာ မြင့်ကြောင်းသိပြီးသားဖြစ်၍ သူက ပိုင်ရှောင်ချန်း စိတ်ကွက်မည်ကို မလိုလားပေ။

ထို့အပြင် သူက ဂုဏ်ထူးဆောင်ဂိုဏ်းသားတစ်ယောက်ဖြစ်နေသေးသည်ဖြစ်၍ နှစ်တစ်ရာတိတိ အိမ်ထောင်မပြုရန် ဂိုဏ်းခေါင်းဆောင်က အမိန့်ချထားပါသော်လည်း စွန်းမျိုးနွယ်စုက ပိုင်ရှောင်ချန်းနှင့် ခင်ခင်မင်မင် ရှိလိုဆဲပင်ဖြစ်သ​ည်။

ပိုင်ရှောင်ချန်းက အားပါးတရရယ်မောလိုက်ကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက ဆေးပုလင်းသုံးပုလင်းနှင့် အမွှေးတိုင်နှစ်ချောင်းကိုထုတ်လိုက်ကာ သူတို့နှစ်ယောက်ကြားရှိ ခုံပေါ်သို့ တင်လိုက်သည်။

သူက မေးငေါ့ကာ မေးလိုက်သည်။
” တာအိုရောင်းရင်းစွန်းရေ။ ဒီဆေးတွေ ဘယ်လောက်တန်ကြေးရှိလောက်တယ်လို့ ထင်လဲ။”

စွန်းချန်က ဆေးလုံးများကိုကောက်ယူ စစ်ဆေးပြီးသောအခါ အနည်းငယ်အံ့သြသွားဟန် ပေါ်သည်။ ထိုဆေးများမှာ အဆင့်နိမ့် အဆင့်တစ်ဆေးလုံးများဖြစ်သော်လည်း မသန့်စင်မှု ၈၁၊ ၈၂ရာခိုင်နှုန်းလောက်သာပါ၍ အလယ်အလတ်အဆင့်ရောက်ရန် အလွန်နီးစပ်နေပြီဖြစ်သည်။ သူတို့ဆိုင် ရောင်းသောဆေးလုံးအများစုမှာ မသန့်စင်မှု ၈၄၊၈၅ ရာခိိုင်နှုန်းခန့်ပါသော အဆင့်နိမ့်ဆေးလုံးများဖြစ်သည်။

သူကပိုင်ရှောင်ချန်းကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်ရင်း ပြောလိုက်သည်။
” ညီလေးပိုင်ရေ။ ညီလေးရဲ့ တာအိုဆေးပညာက အတော်လေးကို ကောင်းမွန်တာပဲ။ ညီလေးရောင်းတဲ့ စိတ်စွမ်းအင်ဆေးတွေအကုန်လုံးကို ဝယ်မယ်ကွာ။ ဝိညာဥ်ကျောက်တုံး အတုံး ၁၂၀ ပေးမယ်။ ဘယ်လိုသဘောရလဲ။”

ပိုင်ရှောင်ချန်းကမူ ချက်ချင်းပင် ကျေနပ်သွားသည်။ ထိုစျေးအရဆို ဆေးလုံးတစ်လုံးမှာ ဝိညာဥ်ကျောက်တုံး ၄တုံးနီးပါး တန်ကြေးရှိလေသည်။ ထိုတန်ကြေးမှာ အဆင့်နိမ့် အဆင့်၁စိတ်စွမ်းအင်ဆေးအတွက် အမြင့်ဆုံးရနိုင်သော စျေးဖြစ်သည်။

ဆေးတစ်လုံး၏ ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ပျမ်းမျှဆိုလျှင် ဝိညာဥ်ကျောက်တုံး တစ်ဝက်သာရှိလေသည်။

သူတို့နှစ်ယောက်မှာ ရောင်းဝယ်ဖောက်ကားပြီး စကားစမြည်များ ပြောနေကြသေးသည်။ အဆုံးတွင် သူတို့က စာချုပ်တစ်ခုချုပ်ဆိုလိုက်ကြသည်။ သူတို့စျေးဆိုင်ကို ပိုင်ရှောင်ချန်း ဆေးလုံးများရောင်းနေသမျှ ကာလပတ်လုံး ဆိုင်မှလိုအပ်သော ပစ္စည်းများကို ဝိညာဥ်ကျောက်တုံးများ လက်ငင်းပေးချေစရာမလိုပဲ ဝယ်ယူနိုင်သည် ဆိုသောစာချုပ်ပင်ဖြစ်သည်။ အဆုံးတွင် ပိုင်ရှောင်ချန်းမှာ အပျော်ကြီးပျော်နေတော့သည်။

လများမှာ တစ်ခဏအတွင်းကုန်ဆုံးသွားသည်။ ထိုအတောအတွင်း ပိုင်ရှောင်ချန်းက အဆင့်တစ်ဆေးလုံးများ ဆက်တိုက်ဖော်စပ်ကာ ပါဝင်ပစ္စည်းများနှင့် လဲလှယ်နေတော့သည်။ အဆင့်နှစ်စိတ်စွမ်းအင်ဆေးများနှင့် ရင်းနှီးမှုရှိအောင်လည်း သူက အချိန်သီးသန့်ဖယ်ကာ လေ့ကျင့်နေသည်။

တဖြည်းဖြည်းနှင့် သူက ပို၍ ကျွမ်းကျင်လာသည်။

တချိန်ထဲတွင် စွန်းမျိုးနွယ်စု၏ဆေးဆိုင်နှင့် သူ၏ကြားကဆက်ဆံရေးမှာလည်း ပို၍ ခိုင်မြဲလာသည်။ စွန်းမျိုးနွယ်စုက သူ၏ဆေးလုံးတိုင်းကို ဝယ်လေသည်။ တစ်ရက်တွင် သူတို့ရောင်းဝယ်နေရင်း စွန်းချန်က ဆေးပုလင်းအချို့ကိုသိမ်းကာ ပိုင်ရှောင်ချန်းကိုဆေးပင်များ ပြန်ပေးလိုက်သည်။ ထို့နောက် စကားစမြည်ပြောရင်း စွန်းချန်က သက်ပြင်းချကာ ပြောလိုက်သည်။ ” ညီလေးပိုင်။ ညီလေးရဲ့ ဆေးဖော်စပ်တဲ့နေရာမှာ ကျွမ်းကျင်မှုအဆင့်နဲ့ ဘာလို့များ အဆင့်နှစ် စိတ်စွမ်းအင်ဆေးအချို့ မဖော်စပ်ကြည့်တာလဲ။ နှစ်အနည်းငယ်ကြာတဲ့အချိန်တိုင်း မျိုးနွယ်စုတစ်ရာပါတဲ့ လေလံပွဲကြီးတစ်ခု ကျင်းပလေ့ရှိတယ်။ ဒီနေ့ကစရင်ဆို အဲ့ပွဲစဖို့ ၃လလောက်ပဲလိုတော့တာ။ ညီလေးသာ အဆင့်၂စိတ်စွမ်းအင်ဆေးအချို့ဖော်စပ်နိုင်မယ်ဆို အစ်ကို အဲ့ဆေးတွေကို လေလံပွဲမှာထည့်ရောင်းလို့ရအောင် ကူညီပေးလ်ို့ရတယ်။ စျေးကောင်းရမှာ တော့ အသေအချာပဲ။”

လပေါင်းများစွာ စီးပွားရေးတူတူလုပ်ပြီးနောက် ပိုင်ရှောင်ချန်းမှာ ပျော်ပျော်နေတတ်ပြီး သြဇာတိက္ကမနှင့် ပြည့်စုံသောလူဖြစ်မှန်း စွန်းချန်က သတိထားမိလေသည်။ ထို့အပြင်သူနှင့် ပေါင်းသင်းရသည်မှာ ပျော်ဖို့ကောင်း၍ စွန်းချန်က ကူညီချင်နေခြင်းဖြစ်သည်။

ထို မျိုးနွယ်စုတစ်ရာ ပါသောလေလံပွဲအကြောင်းကို ပိုင်ရှောင်ချန်းလည်း ကြားဖူးထားပြီးသားဖြစ်သည်။ ထိုပွဲကို အရှေ့ဘက်သစ်တော​​​​ဒေသတွင်ရှိသော ကျင့်ကြံသူမျိုးနွယ်စု တစ်ရာခန့်က ပေါင်းစည်းကာ စီစဥ်ကျင်းပခြင်းဖြစ်သည်။ ထိုလေလံပွဲကို ကျင်းပရာနေရာ သုံးနေရာရှိသည်။ ပထမနေရာမှာ မြောက်ဘက်ခြမ်း၏စျေးဖြစ်ပြီး ဒုတိယနေရာမှာ တောင်ဘက်ခြမ်း၏စျေးဖြစ်ကာ တတိယနေရာမှာ ဤဒေသ၏ အကြီးမားဆုံးမြို့တော်ကြီးဖြစ်သည့် အ​ရှေ့ဘက်သစ်တောမြို့ ဖြစ်သည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ပိုင်ရှောင်ချန်း ရောက်နေသည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ပြီး နောက်ဆုံးလေလံပွဲမှာ သူအပြင်စည်းဂိုဏ်းသား စစဖြစ်ချိန်က ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုအခါက သူသည် ဝိညာဥ်အမြီးကြက်များကိုသာ ခိုးရန် စိတ်ရောက်နေသဖြင့် လေလံပွဲကို စိတ်မဝင်စားခဲ့ပေ။

ယခု သူ စိတ်ဝင်စားသွား၍ တောင််ဘက်ခြမ်းတွင် မည်သည့်အချိန် ကျင်းပမည်ကို မေးမြန်းကာ ထွက်ခွာသွားတော့သည်။ ဆေးဖော်စပ်ရာအဆောင်သို့ ပြန်ရောက်သောအခါ သူကတင်ပျဥ်ခွေထိုင်ကာ ခေတ္တမျှစဥ်းစားလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။

” စွန်းချန်ပြောတာ အဓိပ္ပါယ်ရှိတယ်။ ဟိုတစ်စ ဒီတစ်စီ အသေးအမွှားလေးတွေရောင်းနေမဲ့အစား ဒီအခွင့်အရေးကိုအသုံးချပြီး တကယ့်စျေးကြီးတာတစ်ခုကို ရောင်းမှရမယ်။ အဲ့တာပြီးရင် ပါဝင်ပစ္စည်း တွေကို ကြိုက်သလောက်ဝယ်နိုင်ပြီ။”
ထိုသို့ဆုံးဖြတ်ပြီး သူက အမျိုးမျိုးသော အဆင့်နှစ်စိတ်စွမ်းအင်ဆေးများအကြောင်း တွေးတောလိုက်ပြီး သူအကျွမ်းကျင်ဆုံးဖြစ်သော ခရမ်းရောင်ချီစိတ်စွမ်းအင်မြှင့်တင်ခြင်း ဆေးလုံးများဖော်စပ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ထိုဆုံးဖြတ်ချက်ချပြီးသည်နှင့် တပြိုင်နက် သူက ဆေးဖော်စပ်ရာအဆောင်တွင် တံခါးပိတ်ကာ ခရမ်းရောင်ချီ စိတ်စွမ်းအင်မြှင့်တင်ခြင်းဆေးလုံးများကို စတင် ဖော်စပ်တော့သည်။ နှစ်လတာ ကုန်သွားသည်။ သူ၏ဆေးလုံးအားလုံးကို ပါဝင်ပစ္စည်းများနှင့် လဲလှယ်ပြီးသွားသောအခါ သူက တစ်ပုလင်းတွင် ခရမ်းရောင်ချီစိတ်စွမ်းအင်မြှင့်တင်ခြင်းဆေးလုံး ၁၀ လုံးစီပါသော ဆေးပုလင်းသုံးပုလင်းကို ဖော်စပ်နိုင်ခဲ့သည်။

အခြား ခရမ်းရောင်ဖျော့ဆေးလုံးများနှင့် အရောင်မတူသော ဆေးလုံးတစ်လုံးကိုလ​ည်း သူက ရလိုက်သည်။ ထိုဆေးလုံးမှာ ခရမ်းရင့်ရောင်ရှိပြီး ဆေးနံ့မပြင်းပေ။

ထိုထူးဆန်းသော ဆေးလုံးပေါ်ထွက်လာသောအခါ အရင်အကြိမ်များနှင့်မတူအောင် ဆေးပေါင်းဖိုကြီးက လှုပ်ခါနေတော့သ​ည်။ ထိုလှုပ်ခါမှုနှင့်တူ မြေမီးတောက်များပင် ပါလာသည်။

ထိုဆေးလုံးကိုအနီးကပ် ကြည့်ရှုစစ်ဆေးလိုက်သောအခါ ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။

” အလယ်အလတ်အဆင့်ပါလား။ ငါ ပိုင်ရှောင်ချန်း နောက်ဆုံးတော့ အလယ်အလတ်အဆင့်ရှိတဲ့စိတ်စွမ်းအင်ဆေးကို ဖော်စပ်နိုင်ခဲ့ပြီကွ။”

“လေလံပွဲမှာ အလယ်အလတ်အဆင့် စိတ်စွမ်းအင်ဆေးတွေသိပ်များများစားစား ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါ ပရိသတ်ကြီးကို လှုပ်လှုပ်ရှားရှားဖြစ်အောင် လုပ်ချင်ရင် ဒီထက်ပိုကောင်းအောင် လုပ်မှရမယ်။ ဒီလေလံပွဲက နှစ်အနည်းငယ်နေမှ တစ်ခါလုပ်တာ။ အခြား ရှားပါးတဲ့ပစ္စည်းတွေအများကြီးရှိမှာ အသေအချာပဲ။”
အနည်းငယ်တွေးတောပြီး သူကအံကြိတ်ရင်း စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းလုပ်ရန်အတွက် လိပ်ပုံစံဒယ်အိုးကိုထုတ်လိုက်သည်။

စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသုံးဆင့်လုပ်ပြီးသွားသောအခါ ငွေရောင်များတောက်ပလာပြီးနောက် ထိုစိတ်စွမ်းအင်ဆေးမှာ အလယ်အလတ်အဆင့် မဟုတ်တော့ပေ။ အဆင့်လွန်အဆင့်ကိုကျော်ကာ ပရီမီယမ်အဆင့်ထိ ရောက်သွားပြီဖြစ်သည်။

ဤကဲ့သို့ ပရီမီယမ်အဆင့်ဆေးလုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မသန့်စင်မှုရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းလောက်သာရှိသည်။

ပိုင်ရှောင်ချန်းကမူ အလွန်ကျေနပ်နေသည်။ သူ၏လက်ထဲရှိ ခရမ်းရောင်ချီစိတ်စွမ်းအင်မြှင့်တင်ခြင်းဆေးလုံးမှာ အရောင်ရင့်လွန်းလှသည့်အတွက် အနက်ရောင်နီးနီးပင်ဖြစ်နေသည်။ မျက်နှာပြင်ပေါ်ရှိ ဝိညာဥ်အင်းကွက်သုံးကွက်မှာ အရောင်မှိန်သော်လည်း ရှင်းရှင်းလင်းလင်း မြင်ရသ​ည်။ ထိုဆေးလုံးကိုကြည့်မိလိုက်သူတိုင်း ထူးဆန်းသောဆေးလုံးတစ်လုံးဖြစ်ကြောင်း သတိထားမိမည်ဖြစ်သည်။

ဤဆေးလုံးကိုသုံးကာ နာမည်ကြီးနိုင်ကြောင်း ပိုင်ရှောင်ချန်းက ရုတ်တရက်ခံစားလိုက်ရသည်။ ဂုဏ်ယူစွာရယ်မောကာ သူကဓားသေးသေးလေးတစ်ချောင်းထုတ်ပြီး ချစ်စဖွယ်လိပ်ရုပ်လေးကို ဆေးလုံးပေါ်တွင် ထွင်းလိုက်သည်။

” လိပ်ကိုယ်တော် တစ်ဖန်ပြန်ပေါ်လာတော့မယ် ” ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်ကာ မျှော်လင့်ချက်အပြည့်ဖြင့် ရေရွတ်လိုက်သည်။

သူ၏ဆေးလုံးများကို ဂိုဏ်းအပြင်ဘက်ယူသွားကာ ၂နာရီအကြာတွင် စိတ်ဓာတ်တက်ကြွစွာနှင့် ပြန်လာသည်။ သူ့ကိုယ်သူ ကျေနပ်နေသည့် အမူအရာမှာ အထင်းသားပင်။ ခရမ်းရောင်ချီစိတ်စွမ်းအင်မြှင့်တင်ခြင်းဆေးပုလင်း ၃ပုလင်းကိုမြင်လိုက်ရချိန်တွင် စွန်းချန်၏မျက်နှာပေါ်က တုန်လှုပ်သွားသောအမူအရာကို ယခုထိ သူပုံဖော်နိုင်သေးသည်။ စိတ်စွမ်းအင်အဆင့်မြှင့်ခြင်းသုံးဆင့်လုပ်ထားသော ပရီမီယမ်အဆင့်ဆေးတစ်လုံးပါသည်ကို သိလိုက်ရချိန်တွင် သူက အံ့အားသင့်လွန်းလှသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေတော့သည်။

” နောက်တစ်လနေရင် လေလံပွဲစပြီ။” ပိုင်ရှောင်ချန်းက လေလံပွဲဝင်ခွင့် လက်မှတ်ဖြစ်သော ကျောက်စိမ်း ပေလွှာကိုကြည့်ရင်း တွေးနေသည်။

နောက်ရက်များတွင် လူတိုင်းက ထိုလေလံပွဲအကြောင်းသာပြောနေကြသည်။ မကြာမီတွင် တောင်ဘက်ခြမ်းရှိ တောင်သုံးတောင်မှ ဂိုဏ်းသားများက လေလံပွဲတွင် ကံကောင်းစေရန် ပြင်ဆင်မှုများ စလုပ်ကုန်ကြတော့သ​ည်။ စျေးမှာလည်း လူများစွာနှင့် လှုပ်လှုပ်ရှားရှား ဖြစ်နေတော့သည်။

” မြောက်ဘက်ခြမ်းက ငါ့ရဲ့မျိုးနွယ်စုဝင်တစ်ယောက်ပြောတာ ပြီးခဲ့တဲ့ လေလံပွဲတုံးကဒဏ္ဍာရီလာပစ္စည်းတစ်ခုဖြစ်တဲ့ အဝါရောင်ဝိညာဥ်မီးတောက် ကိုလာရောင်းတာတဲ့။ အရွယ်အစားက မီးစလေးတစ်စလောက်ပဲရှိပေမဲ့ အံ့ဖွယ်ရတနာစာရင်း ဝင်သေးတယ်။ မြောက်ဘက်ခြမ်းက ဂိုဏ်းသားတစ်ယောက်က မတန်တဆစျေးအကြီးကြီးပေးပြီး ဝယ်သွားတာတဲ့။”

” ဒီမျိုးနွယ်စုတစ်ရာ လေလံပွဲမှာလ​ည်း တခြား အံ့ဖွယ်ရတနာတွေအများကြီးပါမှာပါ။ အံ့အားသင့်စရာကောင်းလောက်တဲ့ ဆေးလုံးတွေလည်း ပါလောက်တယ်။ ဘာလို့လည်းဆိုတော့ လက်ရွေးစင်အပြင်စ​ည်းဂိုဏ်းသား ပြိုင်ပွဲတွေလာတော့မှာလေ။ အဲ့ပွဲက နှစ်၃၀နေမှ တစ်ခါကျင်းပတာ ”

” မင်းပြောတာမှန်တယ်။ တောင်ဘက်နဲ့ မြောက်ဘက် နှစ်ခြမ်းပေါင်းရဲ့ အပြင်စည်းဂိုဏ်းသားလက်ရွေးစင်ပြိုင်ပွဲက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ဂိုဏ်းလုံးအတွက် ခမ်းနားတဲ့ ပွဲလမ်းတစ်ခုပဲ။ ဆိုးတာက တောင်ဘက်ခြမ်းက ထိပ်ဆုံး၁၀ယောက်က မြောက်ဘက်ခြမ်းက၁၀ယောက်ကို မယှဥ်နိုင်တာ နှစ်​တွေအများကြီးရှိနေပြီဆိုတဲ့ အချက်ပဲ။ ဒီနှစ်ရော တောင်ဘက်ခြမ်းရဲ့ထိပ်ဆုံး၁၀ယောက်ထဲက တစ်ယောက်ယောက်ကများ လက်တုံ့ပြန်ပေးနိုင်မလား မသိဘူး။”

နောက်တစ်လတွင် ဂိုဏ်းထဲမှာ လေလံပွဲအကြောင်းပြောသံများက ပိုပိုကြီးမားလာတော့သည်။ ပိုင်ရှောင်ချန်းက ထိုစကားအများစုကိုကြားမိထားပြီး တောင်ဘက်နှင့်မြောက်ဘက်ခြမ်း၏ လက်​ရွေးစင်အပြင်စည်းဂိုဏ်းသားပြိုင်ပွဲအကြောင်း လူများစွာပြောဆိုနေကြသည်ကို သတိထားမိသွားသည်။ သို့သော်လည်း သူက သိပ်ဂရုမစိုက်ခဲ့ပေ။

မကြာမီ ထိုတစ်လမှာ ကုန်သွားသည်။ မနက်ခင်းတစ်ခု၏ အရုဏ်တက်ချိန်တွင် ပိုင်ရှောင်ချန်းသည်တရားထိုင်နေရာမှ မျက်လုံးများရုတ်တရက်ပွင့်လာပြီး သူ၏ထည့်စရာအိတ်ထဲမှ တောက်ပနေသော ကျောက်စိမ်းပေလွှာတစ်ခုကို ဆွဲထုတ်လိုက်သည်။

” လေလံပွဲ စတော့မှာပဲ။” သူက မျှော်လင့်ချက်များ တဖိတ်ဖိတ်တောက်ပနေသောမျက်လုံးများဖြင့် တွေးလိုက်သည်။ သူ၏ခြံဝန်းထဲမှ အမြန်ထွက်ကာ တောင်အောင်ကို အပြေးဆင်းသွားသည်။ လမ်းတစ်လျှောက်တွင် အပြင်စည်းဂိုဏ်းသားအနည်းငယ်နှင့်ဆုံမိလေသည်။ ထိုအခါမှ သူ၏ခေါင်းပေါ်တွင် အလင်းတန်းအချို့က ပြေးလွှားနေသည်ကို သတိထားမိလိုက်သည်။

သူ ပျံသန်းနိုင်ပြီကို မေ့နေခြင်းဖြစ်ကြောင်း သိသွားရာ သူ့နှဖူးကို သူပြန်ရိုက်လိုက်တော့သ​ည်။ မန္တန်လက်ကွက်တစ်ခုကိို အမြန်ဖော်ကာ ရွှေကျီးကန်းဓားကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ရွှေကျီးကန်းပေါ်သို့တက်ကာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး အဝေးသို့ ပျံထွက်သွားတော့သည်။

မကြာမီတွင် သူက စျေးသို့ရောက်သွားသည်။ ခေါင်းမော့ရင်ကော့ကာ လေလံပွဲအဆောင်ထဲသို့ ဝင်သွား၏။

ထိုအဆောင်ကြီးမှာ ကြီးမားလှပြီး ပထမမြေညီထပ်တွင် ထိုင်ခုံ ထောင်ပေါင်းများစွာ ရှိသည်။ ထိုင်ခုံများ၏နောက်တွင်လည်း လူအုပ်ကြီးဖြင့် ပြည့်နှက်နေသော နေရာတစ်ခုရှိသည်။ ပိုင်ရှောင်ချန်းကိုမူ စွန်းချန်က ခေါ်သွားပြီး ဒုတိယထပ်ရှိ သီးသန့်ခန်းတစ်ခန်းတွင်ထားကာ ထွက်ခွာသွားသည်။

ထိုအခန်းမှာ အနည်းငယ်သေးငယ်ပြီး ကျဥ်း​မြောင်းသော ဝရံတာတစ်ခုရှိသည်။ ထိုဝရံတာအောက်တွင်ကား လေလံပွဲ၏ ပထမမြေညီထပ်ဖြစ်သ​ည်။ လေလံပွဲစင်မြင့်ကိုလည်း ရှင်းရှင်းလင်းလင်း လှမ်းမြင်ရသည်။

ဤကဲ့သို့ လူစည်ကားသောနေရာတွင် ရှိနေရခြင်းမှာ ပိုင်ရှောင်ချန်း၏ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ အခြားသီးသန့်ခန်းများထဲတွင်ရှိသော အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများကဲ့သို့ လူတွေ့မခံရအောင်မနေပဲ ပိုင်ရှောင်ချန်းက ဝရံတာသို့ ထွက်ကာရပ်နေလိုက်သည်။ သူ့ကို လူများမမြင်မည်စိုးသည်ထင် အသံကျယ်ကျယ်ချောင်းဟန့်ပြလိုက်သ​ည်။

မကြာမီတွင် အောက်ရှိလူအချို့က သူ့ကိုသတိထားမိသွားပြီး အထူးတဆန်းကြည့်ကာ အကြည့်လွှဲလိုက်ကြသည်။

သို့သော်လည်း လူအများကြီးရှိနေသည့်အတွက် သူဘယ်လောက်ချောင်းကျယ်ကျယ်ဟန့်ပါစေ အသံက ခပ်ဝေးဝေးမရောက်ပေ။ ခပ်လှမ်းလှမ်းတွင် သူက ဟိုရှောင်မေ့၊ ကျိုးရှင်းချီနှင့် အခြားသူသိသောလူများကို လှမ်းမြင်လိုက်သည်။ သို့သော်လည်း သူတို့မှာ ဝေးလွန်းလှ၍ သူ့ကို သတိမထားမိကြပေ။

အသံကုန်အောင် အော်ခေါ်တာတောင်မှ သူတို့က သူ့ဘက်ကိုလှည့်မကြည့်သဖြင့် သူ စိတ်ဓာတ်ကျသွားတော့သ​ည်။ အဆုံးတွင် သူက စိတ်မဝင်စားတော့ပေ။ ဝရံတာအပြင်ဘက်ထွက်ရပ်နေရခြင်းမှာ ပင်ပန်းစရာကောင်းသည်။ ထို့အပြင် မတော်တဆပြုတ်ကျနိုင်သော အန္တရာယ်က ရှိသေးသ​ည်။ အကယ်၍ ထိုသို့သာပြုတ်ကျပါကတစ်ရက်အတွင်း တောင်ဘက်ခြမ်းက လူအားလုံးက ထိုအကြောင်းသိသွားမည်ဖြစ်သည်။

အချိန်များမှာ ကုန်လွန်သွားပြီး လူများက ထပ်ရောက်လာသည်။ တစ်နာရီလောက်ကြာသောအခါ ဒယ်စောက်အိုးတီးခတ်သံကြီးတစ်သံပေါ်လာပြီး အရာအားလုံးက တိတ်ဆိတ်သွားသည်။ မရေမတွက်နိုင်သောမျက်လုံးများက လေလံပွဲစင်​​မြင့်ထက်သို့ ရောက်နေသည်။

ခဏအကြာတွင် အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ပေါ်ထွက်လာသည်။ သူကပြုံးလျက် စင်​မြင့်ပေါ်တွင် မတ်တတ်ရပ်ကာ လူအားလုံးကို လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။

” ကျုပ်က ခင်ဗျားတို့ အလိုကျဆောင်ရွက်ပေးမဲ့ ချန်ဆောင်းပါ။ ခင်ဗျားတို့ တာအိုရောင်းရင်းအများစုက ကျုပ်ကိုသိပြီးဖြစ်မယ်လို့ ထင်ပါတယ်။ ဒီနေ့လေလံပွဲကို ကျုပ်က ကြီးကြပ်ပေးမှာပါ။ စည်းမျဥ်းတွေကတော့ အရင်တိုင်းပါပဲ။ ကြေးအများဆုံးပေးတဲ့သူက ပစ္စ​ည်းကို အပိုင်ရမယ်။” ထိုသို့ပြောကာ ဘာမှအချ်ိန်ဆွဲမနေဘဲ ညာလက်ကိုဝှေ့ယမ်းလိုက်သောအခါ တောက်ပနေသော တံခါးတစ်ချပ်က လေလံပွဲစင်​မြင့်ပေါ်သို့ မြင့်တက်လာသည်။

မိန်းမပျိုတစ်ယောက်က ထိုတံခါးထဲမှထွက်လာပြီး သတ္တုမျိုးစုံဖြင့်ပြုလုပ်ထားကာ ထူးဆန်းသောသဏ္ဍာန်ရှိသည့်ကျောက်တုံးတစ်တုံး တင်ထားသော လင်ပန်းတစ်ချပ်ကို ကိုင်ဆောင်ထားသည်။

ထိုကျောက်တုံးမှာ အရောင်စုံဖြင့်တလက်လက်တောက်ပနေပြီး လေလံပွဲတက်ရောက်သော ထောင်ပေါင်းများစွာသောလူတို့၏ မျက်လုံးများထဲတွင် ရောင်ပြန်များဟပ်နေသည်။

ပိုင်ရှောင်ချန်း က ထိုကျောက်တုံးကို အနီးကပ်ကြည့်လိုက်သော်လည်း ဘာမှန်းဖြစ်ကြောင်း သေချာမပြောနိုင်ပေ။ သို့သော်လ​ည်း လူအုပ်ထဲက အခြားလူများကမူ ထိုကျောက်တုံးကို သိပုံပေါ်၍ စိတ်လှုပ်ရှားနေကြသည်။

ချန်ဆောင်း၏စကားပြောသံမှာ ညင်သာသော်လ​ည်း သူ၏အခြေခိုင်မာခြင်းအဆင့် အစွမ်းကို သုံးထား၍ ထိုအသံမှာ လူတိုင်းကြားရလောက်သည်အထိ ပျံ့နှံ့သွားသည်။
” ပထမဆုံးပစ္စည်းက ရွှေသတ္တုရိုင်းပဲ။ ဝိညာဥ်ကျောက်တုံး ၃၀၀ကနေ ​ ကြေးစမယ်။ ကြေးတိုးပေးချင်ရင် အနည်းဆုံး ဝိညာဥ်ကျောက်တုံး ၅၀ တိုးပေးရမယ်။”

” ၃၅၀ ပေးမယ်။” တစ်ယောက်က လှမ်းအော်လိုက်သ​ည်။

” ၄၀၀” ပထမကြေးထွက်လာသောအခါ အခြားတစ်ယောက်က ကြေးထပ်တင်လိုက်သည်။ မကြာမီ စျေးက ၇၀၀ ထိရောက်သွားပြီး ထိုပစ္စည်းကို ခရမ်းဒယ်အိုးတောင်က ဂိုဏ်းသားတစ်ယောက်က ဝယ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ ထိုသတ္တုရိုင်းကိုကြည့်ရင်း အဘယ်ကြောင့်များ ဝိညာဥ်ကျောက်တုံး၇၀၀ ထိတန်ရသလဲဟု အဖြေရှာနေတော့သည်။ သူထပ်သတိထားမိလိုက်သော နောက်ထပ်တစ်ခုမှာ လေလံပွဲစသောအခါ မန္တန်ဝင်္ကပါတစ်ခုကို ဖွင့်ထားသည့်အတွက် ကြေးတင်သောလူများ၏ အသံများလည်း ကျယ်နေသည့်အချက်ပင်။

” သတ္တုတုံးလေးတစ်တုံးပဲကိုကွာ။” သူက ထိုမြင်ကွင်းကို ကြည့်ရင်း အနည်းငယ်မကျေမချမ်း ဖြစ်နေတော့သည်။

အခြားပစ္စည်းများလည်း ထပ်ပေါ်လာပြီး ဝယ်သူများလည်းပေါ်လာသည်။ ပစ္စည်းတစ်ခုမှာ မိုးကြိုးပစ်ခံထားရ၍ လျှပ်စီးရောင်များ တလက်လက်တောက်နေသော နဂါးပျိုတစ်ကောင်၏ အစိမ်းရောင်ဦးချိုတစ်ချောင်းဖြစ်သည်။ ၎င်း၏စျေးမှာ ဝိညာဥ်ကျောက်တုံး ရှစ်ထောင်အထိရောက်သွားသဖြင့် ပိုင်ရှောင်ချန်းမှာ အံ့အားသင့်နေတော့သည်။

လေလံပွဲစချိန် တစ်နာရီလောက်ရောက်သွားသောအခါ ချန်ဆောင်းက ယခုလိုပြောလိုက်သ​ည်။
” နောက်လာမဲ့ပစ္စည်းက အဆင့်နှစ် ဝိညာဥ်ဆေးတစ်ပုလင်းပါ။ ခရမ်းရောင်ချီစိတ်စွမ်းအင်မြှင့်တင်ခြင်းဆေးလုံး ၁၀ လုံးပါပါတယ်။ အဲ့ဆေးလုံးတွေက အလယ်အလတ်အဆင့်ရောက်ခါနီးဖြစ်သလို မသန့်စင်မှု ရှစ်ဆယ့်တစ်ရာခိုင်နှုန်းပါပါတယ်။ ကြေးက စိတ်စွမ်းအင်ကျောက်တုံး တစ်ရာ ကနေစပါမယ်။ ကြေးတိုးချင်ရင် အနည်းဆုံး ကျောက်တုံး ဆယ်တုံးပါ။”

ပိုင်ရှောင်ချန်းက ထိုအသံကိုကြားသောအခါ ခေါင်းပြူထွက်လာပြီး လေလံပွဲမြေညီထပ်ကို မျှော်လင့်ချင်အပြည့်ဖြင့် လှမ်းကြည့်လိုက်သ​ည်။ သူဘယ်လောက်ထိများ ရနိုင်မလဲဟု စိတ်လှုပ်ရှားစွာတွေးရင်း ကြေးခေါ်မည့်အသံကို စောင့်စားနေလိုက်သ​ည်။

သို့သော်လည်း အကြောင်းကြောင်းကြောင့် သူ၏နားမှာ တိတ်ဆိတ်မှုကလွဲ၍ ဘာမှမကြားရချေ။ သူနှလုံးခုန်မြန်လာချိန်မှာပဲ လူတစ်ယောက်က အဖွင့်ကြေးကို စခေါ်လိုက်သည်။

“တစ်ရာ့တစ်ဆယ် ပေးမယ်။ ” ထိုအသံပိုင်ရှင်မှာ အပြင်စည်းဂိုဏ်းသားတစ်ယောက်ဖြစ်ပြီး ထိုပမာဏမှာ သူစုဆောင်းထားသမျှ အကုန်ဖြစ်သည်။ ကြေးခေါ်ပြီးသောအခါ သူကဘေးပတ်ပတ်လည်ကို စိုးရိမ်တကြီး လှည့်ပတ်ကြည့်နေသည်။

သို့သော်လည်း ပိုင်ရှောင်ချန်းမှာ ပို၍ပင် စိတ်လှုပ်ရှားနေတော့သည်။ ထို ခရမ်းရောင်ချီစိတ်စွမ်းအင်မြှင့်တင်ခြင်းဆေးပုလင်းကို ဖော်စပ်ရန် သူက စိတ်စွမ်းအင်ကျောက်တုံး အတုံး ငါးဆယ်ခန့်သုံးခဲ့ရသည်ဖြစ်ပြီး စျေးမှာသွားရောင်းပါက အတုံး တစ်ရာ့ငါးဆယ်၊ တစ်ရာ့ခြောက်ဆယ်ခန့် ပြန်ရမည်ဖြစ်သ​ည်။

ဤအချိန်တွင် သူက အံ့အားသင့်လွန်းလှ၍ လူအုပ်ကြီးကို ဆူပုတ်နေသော မျက်နှာထားနှင့်သာ ကြည့်နေနိုင်တော့သည်။

ချန်ဆောင်းက လေလံတူကို ထုနှက်ရန်ပြင်လိုက်စဥ်မှာပင် အခြားတစ်ယောက်က နောက်ထပ်စျေးတစ်ခု ထပ်အော်လိုက်သည်။ ထို့နောက် အခြားလူများပါ ထပ်၍ ကြေးတင်ကြလေတော့သ​ည်။ အဆုံးတွင် စျေးမှာ ဝိညာဥ်ကျောက်တုံး အတုံး တစ်ရာ့ရှစ်ဆယ်အထိ ရောက်သွားတော့သည်။

” အတုံး တစ်ရာ့ရှစ်ဆယ်ဆို မဆိုးပါဘူး။ စျေးကပေးတဲ့စျေးထက် အတုံး၂၀ ပိုများတာပေါ့။” သူက စိတ်သက်သာရသွားပြီး သက်ပြင်းချကာ မျက်ခုံးပေါ်မှ ချွေးများကိုသုတ်လိုက်သည်။ အမှန်ဆိုရလျှင် ထိုဆေးပုလင်းမှာ အခြားတန်ဖိုးကြီးပစ္စည်းများကဲ့သို့ စျေးအများကြီးမရသော်လည်း သူ့အတွက်တော့ အမြတ်အစွန်းထွက်စေခဲ့ပြီဖြစ်သည်။

မကြာမီ သူ၏ဒုတိယဆေးပုလင်းကိုလည်း အနည်းငယ်ပိုမြင့်သော စျေးဖြစ်သည့် ကျောက်တုံး အတုံး နှစ်ရာဖြင့် ရောင်းနိုင်လိုက်သည်။ ပိုင်ရှောင်ချန်းမှာ အလွန်ကျေနပ်နေတော့သည်။

တတိယပုလင်းအလှည့်ရောက်သောအခါ ချီစုစည်းမှုအဆင့်ကျင့်ကြံသူများမှာ စိတ်လှုပ်ရှားနေကြသဖြင့် လေလံခေါ်ရာတွင် လူများစွာပို၍ ပါဝင်လာတော့သည်။ အဆုံးတွင် စျေးမှာ ကျောက်တုံး အတုံး နှစ်ရာ့သုံးဆယ်အထိရောက်သွားသဖြင့် ပိုင်ရှောင်ချန်းမှာ ပီတိဖြာနေတော့သည်။

” စိတ်စွမ်းအင်ကျောက်တုံး အတုံး ခုနစ်ရာကျော်သွားပြီကွ။ လုပ်စမ်းပါ လေလံပွဲဆိုတာ ဒါမျိုးဖြစ်နေရမှာ။ အဆင့်သုံးဝိညာဥ်ဆေးဖော်စပ်ဖို့ စိတ်စွမ်းအင်ကျောက်တုံး လောက်သွားပြီကွ ”

ပိုင်ရှောင်ချန်းမှာ လွယ်လွယ်နှင့် ပျော်တတ်သူဖြစ်သ​ည်။ စောစောက သူ၏မချိုမချဥ်အမူအရာမှာ ပျောက်သွားပြီး သူ၏ ပရီမီယမ်အဆင့် စိတ်စွမ်းအင်ဆေး အလှည့်ရောက်လာရန် ပျော်ရွှင်စွာထိုင်စောင့်နေတော့သည်။

” အခြားဆေးပုလင်းတွေရတဲ့ စျေးကိုကြည့်မယ်ဆို ဒီပရီမီယမ်ဆေးက ငါ့အထင်တော့…. အတုံး သုံးရာလောက်ထိရလောက်တယ် ​” ထိုသို့တွေးပြီးနောက် သူက အနည်းငယ် ချီတုံချတုံဖြစ်သွားကာ စိတ်ပြောင်းလိုက်သည်။

” အတုံး နှစ်ရာလောက် ရရင်ကို အဆင်ပြေပြီကွာ။” သူက ထိုသို့ဆိုရင်း ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းငြိမ့်လိုက်သည်။

အချိန်များက ကုန်ဆုံးသွားသည်။ ပိုင်ရှောင်ချန်းက နေ့လည်ခင်းရောက်သည်အထိ ထိုနေရာတွင်ထိုင်ကာစောင့်နေသည်။ ထို့နောက် လေလံပွဲစဥ်ပေါ်ရှိ ချန်ဆောင်း၏အမူအရာမှာ ချက်ချင်းပင် ထူးဆန်းသွားသည်။ သူက လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ကာ ချောင်းဟန့်လိုက်သည်။

” နောက်လာမဲ့ ပစ္စည်းကာ နည်းနည်းလေး စိတ်ဝင်စားဖို့တော့ ကောင်းမယ်။ ပစ္စည်းက အဆင့်နှစ်စိတ်စွမ်းအင်ဆေးဖြစ်တဲ့ ခရမ်းရောင်ချိစိတ်စွမ်းအင်မြှင့်တင်ခြင်း ဆေးလုံးပဲ။ ဒါပေမဲ့ မတူညီတဲ့ အချက်တွေရှိတယ်…”

ပိုင်ရှောင်ချန်းက ဝရံတာပေါ်တွင် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စိုးရိမ်တကြီး ထိုင်ကြည့်နေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset