အခန်း ( ၇၆ )

ချီစုစည်းမှုအဆင့်ရှစ်

တောင်သုံးတောင်ပေါ်မှ လှမ်းကြည့်နေကြသော အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများသည် အကြီးအကဲကျိုးက ပိုင်ရှောင်ချန်းကို ခြောက်ရုံသာခြောက်နေခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ ပြုံးနေကြတော့သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းက ထိုမိုးကြိုးများကို ပြန်လည်တိုက်ခိုက်လိုက်သောအခါ သူတို့၏အမူအရာများမှာ ပြောင်းလဲသွားတော့သည်။ အများစုက သွား၍တားရန်ပြင်လိုက်သော်လည်း ထိုမိုးကြိုးမှာ ပိုင်ရှောင်ချန်းအပေါ် ထိခိုက်မှုမရှိကြောင်း တွေ့လိုက်ရသည်။

သူတို့၏မျက်လုံးများထဲတွင် ထူးဆန်းသောအရောင်များ လက်လာတော့သည်။

” ဒီကလေးက တော်ရုံတန်ရုံတော့ မဟုတ်ဘူးပဲ ”

” လောချိန်မျိုးနွယ်စု သူ့ကိုလိုက်မဖမ်းနိုင် လိုက်မသတ်နိုင်တာ ဘာဆန်းလဲ။ သူ့မှာ ထူးခြားတဲ့ အရည်အသွေးတွေရှိနေတာကိုး။”

” ဒီကောင်လေးက ရှမ်ကွမ်းထျန်ယုံနဲ့တောင် တစ်ဆင့်ထဲရှိရင်ရှိလောက်တယ်က။ လုထျန်းလဲ့နဲ့ ကျိုးရှင်းချီတို့ထက် သာတာတော့ သေချာတယ် ”

သူတို့က စိတ်ထဲတွင် လက်ခံသဘောတူနေကြပြီး ဆက်ကြည့်နေတော့သည်။ ထိုအချိန်တွင် ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်က တာအိုသစ်စေ့တောင်ထိပ်တွင်ရပ်ရင်း ထိုဖြစ်ရပ်ကို အထူးတဆန်းကြည့်နေသည်။ ပိုင်ရှောင်ချန်း ငယ်သံပါအောင်အော်လိုက်တိုင်း ကျိန်းယွမ်သုန်က သူ၏နတ်ဘုရားအာရုံဖြင့် အရာအားလုံးကို စောင့်ကြည့်နေတော့သည်။

ပိုင်ရှောင်ချန်းလုပ်နေသော အရာများကို မြင်လိုက်ရသောအခါ သူ့မှာတုန်လှုပ်သွားတော့သည်။ သူကချက်ချင်းဝင်မတားပဲ ပိုင်ရှောင်ချန်းသူ၏ စွမ်းအင်အကုန်ထုတ်သုံးမည်ကို စောင့်ဆိုင်းနေတော့သည်။ အဆုံးတွင် သူကအထင်ကြီးမှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်တော့သည်။ နောက်ဆုံး သူက ဖျတ်ခနဲလှုပ်ရှားလိုက်ကာ အရူးချီးပန်းပတ်ပြေးနေသော ပိုင်ရှောင်ချန်းရှေ့သို့ ချက်ချင်း ရောက်သွားတော့သည်။

ကျိန်းယွမ်သုန်ကို မြင်သောအခါ ပိုင်ရှောင်ချန်းမှာ အော်ငိုလိုက်တော့သည်။
” ဂိုဏ်းတူအစ်ကိုကြီး ဂိုဏ်းခေါင်းဆောင် ​။ အကြီးအကဲကျိုးက ကျွန်တော့်ကို သတ်ဖို့လုပ်နေတာ။ ကျွန်တော့်ရဲ့သနားစရာအသက်လေး ဆုံးတော့မလို့ ။” သူကထိုသို့အော်ပြောရင်း ကျိန်းယွမ်သုန်နောက်သို့ ဝင်ပုန်းနေလိုက်တော့သည်။

ကျိန်းယွမ်သုန်က ပိုင်ရှောင်ချန်း၏ စုတ်ပြတ်နေသော ပုံစံကိုကြည့်ရင်း ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်သည်။ သူက ခပ်ယဲ့ယဲ့ပြုံးလိုက်ရင်း ပိုင်ရှောင်ချန်းကိုကြောက်မက်ဖွယ်စိုက်ကြည့်နေသော နောက်ကလိုက်လာသည့် အကြီးအကဲကျိုးကိုကြည့်လိုက်သည်။ ခေတ္တမျှကြာသော် အကြီးအကဲကျိုးက သူ့ရှေ့တွင်ရပ်လိုက်ပြီး လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။

ထိုလူနှစ်ယောက်မှာ ဝံပုလွေအိုကြီးများကဲ့သို့ ဥာဏ်နီဥာဏ်နက်များသူများဖြစ်သဖြင့် မျက်လုံးချင်းဆုံသွားသောအခါ တစ်ယောက်ကိုယ်တစ်ယောက် ဘာတွေးနေမှန်း သိသည်။ ပိုင်ရှောင်ချန်း ဂိုဏ်းထဲရှိ အဆင့်တူသူများကြားတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အရည်အချင်းရှိသော နောက်ထပ် လူတစ်ယောက်ဖြစ်ကြောင်း သူတို့နှစ်ယောက်လုံး သတိထားမိသည်။ ထိုအချက်မှာ ဖီးနစ်ငှက်ကိစ္စလိုမျိုး အသေးအဖွဲလေးထက် များစွာအရေးကြီးသော အရာတစ်ခုဖြစ်သည်။

လီချင်းဟောက်သာ ဂိုဏ်းထဲတွင်ရှိပါက ပြဿနာများမဖြစ်အောင် ထိန်းရသည်မှာ ပိုလွယ်မည်ဖြစ်သည်။ သို့သော်လည်း သူမရှိတော့သဖြင့် မည်သူမျှ ပိုင်ရှောင်ချန်းကို အမှန်တကယ် မထိန်းချုပ်နိုင်ပေ။ ထို့အပြင် သူ၏လတ်တလော စွမ်းဆောင်မှုများကြောင့်ရထားသည့် ဂုဏ်ထူးဆောင်ဂိုဏ်းသားနှင့် ဂိုဏ်းခေါင်းဆောင်၏ဂိုဏ်းတူညီလေးဆိုသော ဘွဲ့များကြောင့် ပို၍ပင်ဆိုးလေသည်။

ပိုင်ရှောင်ချန်းကို အပြစ်ပေးရန်ကြံပါက သူသည် သူ၏ဆရာ့ပုံတူရှေ့သို့သွား၍ ငိုကြွေးကာ မြည်တွန်တီးတောက်နေမည်ဖြစ်ကြောင်း ကျိန်းယွမ်သုန် သိသည်။

” ဂိုဏ်းခေါင်းဆောင်ရာ။ ဒီလိုကိစ္စတွေကို အာရုံစိုက်မနေပါနဲ့။ ပိုင်ရှောင်ချန်းကို ကျုပ်လက်ထဲထည့်လိုက်။” အကြီးအကဲက ပိုင်ရှောင်ချန်းကို ကြည့်ကာ အေးစက်စက် ရယ်မောရင်း ပြောသည်။

ပိုင်ရှောင်ချန်းမှာ ခေါင်းခဲသွားပြီး ရှင်းပြရန်ပြင်လိုက်သည်။ ” ခင်ဗျားရဲ့ငှက်က….”

အကြီးအကဲကျိုးက ငှက်ဆိုသောစကားလုံးကိုကြားသည်နှင့် သူ၏မျက်နှာမှာ စိမ်းသွားသည်။ ပိုင်ရှောင်ချန်းက သူ၏လျှာကိုကိုက်လိုက်ကာ ကျိန်းယွမ်သုန်ကို သနားကမားမျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။

“ဂိုဏ်းတူအစ်ကိုရာ ဒီဂိုဏ်းအတွက်ကျွန်တော့်သွေးတွေ မြေခတဲ့အထိ ပေးဆပ်ထားတာလေဗျာ။ ကြီးမားတဲ့တာဝန်တွေရော ထမ်းဆောင်ထားတာပါ ”

ကျိန်းယွမ်သုန်၏မျက်နှာမှာ ရှုံ့မဲ့သွားပြီး ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်သည်။

” အကြီးအကဲကျိုးရေ။ ဒီကိစ္စလေးတော့ ရှိပါစေတော့လားဗျာ။ ရှောင်ချန်းက နည်းနည်းလေးဆိုးပြီး ကလေးဆန်တာပဲရှိတာ။ သူက စာရိတ္တကောင်းတဲ့ကလေးတစ်ယောက်ပါ။ ဒီလိုလုပ်။ ဒီလိုမျိုးတွေနောက်ထပ်ဖြစ်ရင် ကျုုပ် ဝင်မပါတော့ဘူး။ ခင်ဗျားလုပ်ချင်တဲ့အတိုင်း လုပ်ဗျာ။” ကျိန်းယွမ်သုန်က ပြေလည်အောင် ရှင်းပြနေတော့သည်။

အကြီးအကဲကျိုးမှာ စိတ်ပျက်နေပုံပေါ်သော်လည်း မတတ်သာဟန်ဖြင့် ခေါင်းညိတ်လို့က်သည်။ ထို့နောက်သူက ပိုင်ရှောင်ချန်းကို နောက်တစ်ခေါက်စိုက်ကြည့်ပြီး ထွက်ခွာသွားတော့သည်။

ထိုအခါမှ ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ထိုင်ရာမှထလိုက်သည်။ သူသည်ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်၍ ဤကိစ္စချက်ချင်းပြေလည်သွားသည်ကို မယုံမကြည်နိုင်ဖြစ်နေသ​ည်။ တစ်ခုခုတော့ လွဲနေကြောင်း သူသိလိုက်သည်။ သို့သော်လည်း ဘာလဲဆိုတာသေချာမသိ၍ ဂိုဏ်းခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။

ကျိန်းယွမ်သုန်ကမူ သူ့ကိုပြန်ကြည့်ရင်းပြောလိုက်သည်။ ” အဲ့ဖီးနစ်ငှက်တွေကို အကြီးအကဲကျိုးရဲ့ ဆုံးသွားတဲ့ တာအိုလက်တွဲဖော်က မွေးခဲ့တာလေ။ ဂိုဏ်းအပြင်ဘက်မှာဖြစ်တဲ့ တိုက်ပွဲတစ်ခုမှာ သူ့လက်တွဲဖော်က သူ့ကိုကယ်ရင်း တိုက်ပွဲမှာကျသွားတာရတာ။ အကြီးအကဲကျိုးတောင် ကံကောင်းလို့ အသက်ရှင်ကျန်ရစ်ခဲ့တာ။ သူ့လ​က်တွဲဖော်ကို ဆုံးရှုံးလိုက်ရတဲ့နာကျင်မှုကြောင့် စိတ်ထိခိုက်သွားပြီး ရူးသွပ်လုနီးပါးထိဖြစ်သွားရတယ်။”

” လူအများစုကတော့ သူက အပင်နဲ့အသီးအရွက်တွေကို ဒီတိုင်းစွဲလမ်းနေတယ်လို့ပဲ ထင်ကြမယ်။ သူတို့မသိတာက အဲ့လိုစွဲလမ်းမှုမျိုးမရှိရင် သူ့ရဲ့စိတ်ထဲက ရူးသွပ်မှုကို သူထိန်းနိုင်မှာမဟုတ်ဘူး ဆိုတာကိုပဲ။ အဲ့စွဲလမ်းမှုကို အသုံးချပြီး ရူးမသွားအောင်ထိန်းထားရတာ။”

” ရှေ့လျှောက် သူ့ကိုသွားပြီး ရန်မစနဲ့တော့။ သူတကယ်စိတ်တိုသွားရင် ငါလည်းမင်းကို အချိန်မီကယ်တင်နိုင်မှာမဟုတ်ဘူး။”

ထိုအရာများကိုကြားသောအခါ ပိုင်ရှောင်ချန်းမှာ ကျောချမ်းသွားပြီး အကြီးအကဲကျိုးအတွက် အနည်းငယ်စိတ်မကောင်းဖြစ်သွားတော့သည်။ သူက အဆက်မပြတ် ခေါင်းညိတ် ပြောလိုက်ရင်း
” ကျနော်တကယ် ဆေးတိုက်လိုက်တာမဟုတ်ဘူး။ သူ့ဟာကြီး.. အာ… သူ့ငှက်က ကျွန်တော့်ဆီက ခိုးသွားတာ ”

ကျိန်းယွမ်သုန်က ပိုင်ရှောင်ချန်း၏ပုခုံးကိုပုတ်လိုက်သည်။
” ဝဋ်ဆိုတာ နေရာတိုင်းမှာရှိတယ်ကွ။ ဒီကိစ္စမှာ အဲ့ဝဋ်ကြွေးက မင်းကြောင့်စဖြစ်လာရတာဆိုတော့ အသေးစိတ်ထပ်တွေးနေဖို့ မလိုတော့ပါဘူး။” ထိုသို့ပြောကာ ကျိန်းယွမ်သုန်က လှည့်ထွက်သွားတော့သည်။

ပိုင်ရှောင်ချန်ကမူ သူကံမကောင်းလိုက်လေခြင်းဟု ညည်းညူကာ နောင်တွင်အကြီးအကဲကျိုးကို ရှောင်ရှားရန် တွေးနေတော့သည်။ ထို့နောက်သူက မွှေးရနံ့တိမ်တောင်ကို သတိကြီးကြီးထားကာ ပြန်သွားပြီး သူ၏နေအိမ်ထဲတွင် တံခါးပိတ် ကျင့်​ကြံနေတော့သ​ည်။

ထို သူခိုးငှက်ကိုမူ အကြီးအကဲကျိုးအား ရန်မစမိရန်လိုသဖြင့် လက်စားချေလိုသောအတွေးများကို ဘေးဖယ်လိုက်ရန် ဆုံးဖြတ်လိုက်သည်။

” ယောက်ျားမှန်ရင် ငှက်တွေနဲ့ဖက်ပြီး ရန်မဖြစ်ဘူး ” သူက ခိုင်မာပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်သည်။ သူ၏သစ်သားအိမ်ထဲတွင် ထိုင်ရင်း သူဖော်စပ်ထားသော ခရမ်းရောင်ချီစိတ်စွမ်းအင်မြှင့်တင်ခြင်း ဆေးလုံးများကိုထုတ်လိုက်သည်။ အကြီးအကဲကျိုးက သူ့ကိုလိုက်ဖမ်းရင်း တိုက်ခိုက်ခဲ့ပုံများကို ပြန်တွေးမိသဖြင့် သူ၏မျက်လုံးများမှာ အားကျသည့်အရိပ်အယောင်များ ပေါ်လာတော့သည်။

” အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတွေက အတော်လေးအံ့သြဖို့ ကောင်းတာပဲ။ သူလုပ်တာ ငါသွေးတောင်အန်တော့မလို့။ တော်သေးတာပေါ့ ငါ့ရဲ့ ထာဝရအရေပြား ရှိလို့။” သူက အားကျစွာ တွေးတောနေတော့သည်။ ခရမ်းရောင်ချီစိတ်စွမ်းအင်အဆင့်မြှင့်ဆေးလုံးများကို နောက်တစ်ထပ်ကြည့်လိုက်သည်။ ထို့နောက် ဘေးဘီတွင်အခြားလူတစ်ယောက်မှ ရှိမရှိ စစ်ဆေးကာ သူ၏လိပ်ပုံစံဒယ်အိုးလေးကိုထုတ်ကာ စိတ်စွမ်းအင်အဆင့်မြှင့်ခြင်းများပြုလုပ်ရန် ပြင်လိုက်သ​ည်။

မကြာမီ ထိုဆေးလုံးများကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း၃ဆင့် လုပ်လိုက်ပြီး ငွေရောင်အင်းကွက်မှိန်မှိန်လေးများက ၎င်းတို့၏မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။
ပိုင်ရှောင်ချန်း သက်ပြင်းချလိုက်ပြန်သည်။

“လေးရောင်ခြယ်မီးတောက်ဖန်တီးဖို့ လောင်စာနည်းနည်းလောက် ရှိလို့ကတော့ကွာ။” သူက အားမရသောလေသံဖြင့် ရေရွတ်လိုက်သည်။ သူအရင်တုံးက လိုက်မေးထားသော သတင်းများအရ ဂိုဏ်းတွင် လေးရောင်ခြယ်မီးတောက်ဖန်တီးပေးနိုင်သော လောင်စာများရှိကြောင်း သူသိထားသည်။ သို့သော်လည်း များများစားစားမရှိ၍ ဂုဏ်ထူးဆောင်အမှတ် အများကြီးသုံးကာ ဝယ်ယူရမည်ဖြစ်သည်။ ထူးဆန်းသောဆေးအချို့​ဖော်စပ်ရန် နှင့် မီးနှင့်ပတ်သတ်သော ကျင့်စဥ်များကျင့်ရန်မှလွဲ၍ လေးရောင်ခြယ်မီးတောက်ကို တော်ရုံနှင့်လိုအပ်သ​ည်မဟုတ်ချေ။

တောင်ခြေရှိစျေးမှ ထိုသို့သောလောင်စာမျိုးကိုဝယ်ယူရန်မှာ မဖြစ်နိုင်ပေ။ ထိုလောင်စာပေါ်လာတတ်သည့် တစ်ခုထဲသောနေရာမှာ လေလံပွဲသာဖြစ်သည်။ သို့တိုင် လေလံပွဲတိုင်းတွင် မြင်ရခဲပေသ​ည်။

” ဝိညာဥ်ကြက်အမြီးတွေလည်း ကုန်တော့မှာကွ။” သူက တွေးလိုက်သည်။ အနည်းငယ်ကြာသောအခါ ခရမ်းရောင်ချီစိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဆေးလုံး တစ်လုံးကိုပါးစပ်ထဲပစ်ထည့်လိုက်ပြီး ကျင့်စဥ်စရန်ပြင်လိုက်သည်။

နေ့ရ​က်များမှာ ကုန်ဆုံးသွားသည်။ ပိုင်ရှောင်ချန်းသည် ခရမ်းရောင်ချီစိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ဆေးလုံးများကိုသောက်ရင်း ​တစ်ချိန်လုံးကျင့်စဥ်ကျင့်နေသည်။ သူ၏ကျင့်ကြံမှုနှုန်းမှာ လျင်မြန်စွာတိုးတက်လာပြီး မကြာမီ ဆေးလုံးများကုန်သွားတော့သည်။

ညသန်းခေါင်ယံအချိန် တိမ်စိုင်များက လမင်းကြီးကို ဖုံးလွှမ်းနေသည်။ သစ်သားအိမ်ထဲမှမဟုတ်ဘဲ ပိုင်ရှောင်ချန်း၏ ခန္ဓာကိုယ်အတွင်းမှ ထစ်ချုန်းသံများ ကြားနေရသည်။

သူ၏ခန္ဓာကိုယ်အတွင်းတွင် စုစည်းနေသော စိတ်စွမ်းအင်များက ကျယ်ပြန့်ပြီး နဂါးတစ်ကောင်အသွင်ရှိသောမြစ်တစ်စင်းအဖြစ်ပြောင်းလဲသွားကာ သူ၏ချီသွေးကြောများထဲသို့ ဒုန်းစိုင်းစီးဝင်သွားရာ သူ့တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။

သူ၏ခန္ဓာကိုယ်အတွင်းတွင် တစ်ပတ်ပြည့်အောင်လည်ပြီးသွားသောအခါ သူ၏စုစုပေါင်းစိတ်စွမ်းအင်မှာ ပြန့်ကားသွားပြီး အရင်ကကန့်သတ်ချက်များထက် သိသိသာသာ ကျော်လွန်သွားတော့သည်။ သူ၏ခန္ဓာကိုယ်ရှိ အပေါက်များထဲမှ အညစ်အကျေးများ စိမ့်ထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းလာသည်။ သူ၏မျက်လုံးများမှာ ပွင့်လာပြီး တက်ကြွဖျတ်လတ်နေကာ ည၏အလင်းရောင်အောက်တွင် ကြယ်လေးများအလား တလက်လက် လင်းလက်နေတော့သ​ည်။

” ချီစုစည်းမှုအဆင့််ရှစ် ရောက်ပြီ ”
သူက ဟက်ဟက်ပက်ပက် ရယ်မောကာ ခြံဝန်းထဲသို့ပြေးထွက်သွားပြီး ခန္ဓာကိုယ်ကို ဆေးကြောလိုက်သည်။

သူသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်ရောက်နေသည်မှာ နှစ်ချီပြီဖြစ်ပြီး သူကသန်မာလာသော်လည်း ခန္ဓာကိုယ်မှာသိပ်မထွားလာသဖြင့် အန​ည်းငယ်စိတ်ပျက်နေတော့သည်။ သူ့တစ်ကိုယ်လုံးကို ခြုံငုံကြည့်လိုက်လျှင် ဖြူဖွေးသော အသားအရေနှင့် ပိန်ပါးပါးကောင်လေးတစ်ယောက်ကိုသာ မြင်နေရဦးမည်ဖြစ်သည်။

” ကဲ ငါချီစုစည်းမှု အဆင့်ရှစ်ရောက်သွားပြီဆိုတော့ ငါ့ရဲ့ထိန်းချုပ်မှုအတတ်ပညာတွေလည်း ပိုအစွမ်းထက်လာလောက်ပြီ။ ”
သူကပြောရင်းဆိုရင်း အနီးနားရှိ ကျောက်ဆောင်ကြီးကို လက်ဖြင့်ဝှေ့ယမ်းလိုက်သောအခါ ထိုကျောက်ဆောင်ကြီးမှာ လေထဲသို့ ပျံတက်သွားသည်။ လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့နှင့် ပေါ့ပါးရာမှသည် လေးလံခြင်းဆီသို့ အတတ်နှစ်ခုလုံးဖြင့် စမ်းသပ်နေသော ပိုင်ရှောင်ချန်း၏စိတ်ဆန္ဒအတိုင်း ထိုကျောက်ဆောင်ကြီးမှာ နှေးလိုက်မြန်လိုက်ဖြစ်နေတော့သည်။

” ငါစိတ်အဝင်အစားဆုံးက ချိန်ဟန်နဲ့တိုက်တုံးက မတော်တဆထုတ်မိတဲ့ လူထိန်းချုပ်ခြင်းမှော်အတတ်ကိုပဲ ” တောက်ပနေသောမျက်လုံးများဖြင့် ပိုင်ရှောင်ချန်းက ဆက်လက်စမ်းသပ်နေလိုက်သော်လည်း တိုးတက်မှုမှာ မဆိုသလောက်သာရှိသည်။ အရာဝတ္တုများကိုထိန်းချုပ်ခြင်းနှင့် လူများကိုထိန်းချုပ်ခြင်းတို့မှာ မတူညီသောအရာနှစ်ခု မဟုတ်ပါလော။ အဆုံးတွင် သူကထိုအကြံကို လောလောဆယ် ပယ်လိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။

ထို့နောက် သူကခြံဝန်းထဲတွင်ရပ်ကာ တွေးတောနေလိုက်သည်။

” ခရမ်းရောင်ချီဒယ်စောက်အိုးဆင့်ခေါ်နည်းပညာရပ်ရဲ့ ဖော်ပြချက်ထဲမှာ အဆင့်ရှစ်ထိရောက်ပြီဆိုရင် ခရမ်းရောင်ချီဒယ်စောက်အိုးဆင့်ခေါ်နည်းရဲ့ အလယ်အလတ်အဆင့်ကို သုံးလိုရပြီလို့ ပါတယ် ”

သူကထိုသို့ပြောရင်း လက်နှစ်ဖက်ဖြင့်မန္တန်လက်ကွက်တစ်ခုဖော်ပြီး လက်ချောင်းကိုဝှေ့ယမ်းလိုက်သည်။ ခရမ်းရောင်ချီများက ဝဲဂယက်ထလာပြီး အသက်ရှူကြိမ်၂ကြိမ်ခန့်ပြီးသွားသောအခါ ခရမ်းရောင်ဒယ်စောက်အိုးကြီးတစ်ခု သူ့ရှေ့တွင်ပေါ်လာတော့သည်။

ဤအခါတွင် အရင်ကထက်နှစ်ဆလောက်အနည်းဆုံး ပို၍မြန်ဆန်နေတော့သ​ည်။

ထို့အပြင် အရင်ကထက်ပိုကြီးပြီး ပို၍ပင် ရုပ်လုံးပေါ်လေသည်။ ထိုဒယ်စောက်အိုးကြီးမှာ ရုပ်လုံးရှင်းလင်းလွန်းလှ၍ မျက်နှာပြင်ပေါ်ရှိ ရေးထွင်းထားသော မှော်သ​​ေင်္ကတများကိုပင် မြင်နိုင်သည်။

ထိုဒယ်စောက်အိုးကြီးမှထွက်နေသော ကြောက်မက်ဖွယ်ဖိအားကြီးကြောင့် ပုံမှန်အဆင့်ထက်ပိုကြောင်း ပိုင်ရှောင်ချန်း ပြောနိုင်သည်။

” ဒီဖိအားက အရင်ကထက်ပိုပြီး အားပြင်းလာတာပဲ ”

သူက သူ၏ ကျင့်ကြံခြင်းအခြေခံကို လျင်မြန်စွာ စစ်ဆေးလိုက်သည််။ အရင်က ခရမ်းရောင်ချီဒယ်စောက်အိုးဆင့်ခေါ်နည်းကို သူသုံးပါက သူ၏စိတ်စွမ်းအင်များစွာကုန်ဆုံးသည်ဖြစ်ပြီး စိတ်စွမ်းအင်ပြန်ဖြည့်တင်းရန် ကျင့်ကြံခြင်းများစွာ ပြန်လုပ်ရသည်ဖြစ်သည်။

သို့သော် ယခုတွင်မူ သူ့တွင် ကိုယ်တွင်းစိတ်စွမ်းအင် ၇၀ ရာခိုင်နှုန်းခန့်ထိ ကျန်နေသေးသည်။

” သုံးခါဆက်တိုက် သုံးလို့ရပြီကွ ”
သူကကျေနပ်သွားပြီး ခရမ်းရောင်ဒယ်စောက်အိုးကြီးကို ဖယ်ရှားလိုက်ကာ ရွှေကျီးကန်းဓားကို ထုတ်လိုက်သည်။ ရွှေရောင်အလင်းတန်းများ​ ​ဖြာထွက်လာသောအခါ သူက ရွှေကျီးကန်းပေါ်တက်ကာ ဂိုဏ်းအပြင်သို့ ပျံထွက်သွားသည်။

မကြာမီ သူက ဂိုဏ်းအပြင်ရှိတောထဲသို့ရောက်သွားသည်။ အထက်တွင် ကောင်းကင်ကြီးက မိုးခြိမ်းသံများဖြင့် ထစ်ချုန်းနေသည်မှာ မုန်တိုင်းတစ်ခုတိုက်တော့မည့်အလားပင်။ မုန်တိုင်းအန္တရာယ်ကို အာရုံခံမိသဖြင့် ပိုင်ရှောင်ချန်းက အလျင်အမြန်ရပ်လိုက်ကာ မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး ခရမ်းရောင်ဒယ်စောက်အိုးကြီးကို ဆင့်ခေါ်လိုက်သည်။ သူ၏လက်ချောင်းကိုဝှေ့ယမ်းလိုက်သောအခါ ထိုဒယ်စောက်အိုးကြီးမှာ အနီးရှိကျောက်ဆောင်ကြီးကို ဝင်တိုက်လိုက်တော့သည်။

အုန်းခနဲအသံကြီးတစ်သံထွက်လာပြီး မြေပြင်မှာ တုန်ခါသွားသဖြင့် ငှက်များနှင့် တိရစ္ဆာန်များစွာတို့မှာ လန့်ဖြန့်ကုန်ကြတော့သည်။ ချိုင့်ကွက်ကြီးတစ်ခုပေါ်လာပြီး အက်ကွဲကြောင်းများကလည်း မီတာ၃၀ပတ်ပတ်လည် ထသွားတော့သည်။

” အတော်အင်အားကြီးတာပဲ ” သူက မှင်သက်နေတော့သည်။ သူ့ကိုယ်သူပြန်လည်ဆန်းစစ်လိုက်ရင်း သူ၏ထာဝရငွေအရေပြားနှင့် ခရမ်းရောင်ချီဒယ်စောက်အိုးဆင့်ခေါ်​ခြင်းအတတ်ကိုကြည့်၍ ချိန်ဟန်နှင့်ထပ်တိုက်ရပါက လွယ်လင့်တကူ အနိုင်ရမည်ဖြစ်ကြောင်း သူသိလိုက်သည်။

” မဟုတ်ရင်ရော ဘယ်လိုလုပ်မလဲ။” သူက အနည်းငယ်တွန့်ဆုတ်သွားသည်။ ချိန်ဟန်နှင့်တိုက်ခိုက်ရသည်မှာ အန္တရာယ်များမည်ဖြစ်ပြီး ရှောင်ရှားခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ သူ၏ သနားစဖွယ်အသက်ကလေးဆုံးရှုံးသွားနိုင်သည် မဟုတ်ပါလော။ အကောင်းဆုံးမှာ ချီစုစည်းမှုအဆင့်ခုနစ်သာရှိသော ရန်သူများနှင့်သာ တိုက်ခိုက်ခြင်းပင်ဖြစ်သည်။

” ငါ ပိုင်ရှောင်ချန်း လက်ဖျောက်တစ်ချက်တီးလိုက်တာနဲ့ ချီစုစည်းမှု အဆင့်​တစ်ကနေ ခုနစ်ကြားရှိတဲ့ လူအကုန်လုံး ပြာကျသွားမယ် ” သူက အင်္ကျီလက်ကို မာနတစ်ခွဲသားနှင့်ခါရမ်းလိုက်သည်။ သို့သော်အနီးအနားတွင် မှီစရာခြံစည်းရိုးမရှိသဖြင့် သူက ရွှေကျီးကန်းဓားပေါ်တွင်သာ ရပ်နေရပြီး အထီးကျန်သူရဲကောင်းတစ်ယောက်အလား မေးငေါ့ကာ တိမ်များကိုမော့ကြည့်နေတော့သည်။ အဆုံးတွင် သူကရွှေကျီးကန်းဓားကို လှည့်ကာ ဂိုဏ်းသို့ပြန်သွားရန်ပြင်လိုက်သည်။

သို့သော်လည်း ထိုအချိန်တွင် အထက်ကောင်းကင်ယံမှာ များစွာသော မိုးကြိုးများက စုဝေးနေတော့သည်။ ရွှေကျီးကန်းဓား၏ ဆွဲငင်မှုကြောင့် သူတို့ကပိုင်ရှောင်ချန်းဆီသို့ ငွေရောင်မြွေများအလား ဆင်းသက်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ မျက်လုံးပြူးသွားပြီး ခဏအကြာတွင် မိုးခြိမ်းသံများနှင့်အတူ နာကျင်စွာ သနားစဖွယ် အော်ဟစ်သံများ ပေါ်ထွက်လာတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset