Switch Mode

အပိုင်း(၂၇)

ငါတို့က ဒီလို အတူတူလား

သူကား ထိုကမ်းလှမ်းချက်ကို အမှန်တကယ် ငြင်းပယ်ခဲ့လေသည်။

လူပေါင်းများစွာ၏အကြည့်က ရီဖူရှင်းထံသို့ စုပြုံ ကျရောက်နေလေသည်။ အတန်ကြာခန့်က ရီဖူရှင်းနှင့် ယူချင်းက ဟိုင်ရန်ကျောင်းတော်မှ လူများအား အနိုင်ယူပြီး ချင်းကျူ ကျောင်းတော်၏ ဂုဏ်သိက္ခာအား ကယ်ဆယ်ခဲ့သည်။ သူ၏ တောက်ပသော ပါရမီနှင့်ဆိုလျှင် ထိုအပြစ်ဒဏ်မှာ အလိုလို ပျက်ပြယ်သွားပြီကို လူတိုင်း နားလည်ကြသည်။ သူကောင်လေး နှစ်ယောက်မှာ ချင်းကျူ ကျောင်းတော်၏ အရေးပါသော ပုဂ္ဂိုလ်များက အရေးပေးခံရတော့မည်မှာ သေချာလှသည်။

အမှန်တကယ်ကလည်း သူတို့ မျှော်လင့်ထားသကဲ့သို့ ဖြစ်လာ၏။ ကျောင်းဆောင်များ အားလုံးက သူတို့နှစ်ယောက်အား လိုလိုလားလားပင် ဖိတ်ခေါ်ကြသည်။ သူတို့က ယနေ့ကဲ့သို့ အခြေအနေမျိုးကို မည်သည့်အချိန်ကမှ မမျှော်လင့်ခဲ့ဖူးကြပေ။ လူတိုင်းက ရီဖူရှင်း၏ မာနနှင့် ခေါင်းမာမှုကို သိသိသာသာပင် လျှော့တွက်ခဲ့ကြပုံရသည်။

အကယ်၍ သူက ယခင်က ရီဖူရှင်းသာဆိုလျှင် မည်သူမျှ သူ့အား ဂရုစိုက်ကြမည် မဟုတ်ပေ။ ယခုကား သူကား အရည်အသွေးမြင့် မှော်စာလိပ်များအား မျက်စိတစ်မှိတ်အတွင်း ဖန်တီးနိုင်ကာ မှော်ထိန်းချုပ်သူအား အဆင့်တူအတွင်း အနိုင်ယူနိုင်သည့် အံ့ဖွယ် ပါရမီရှင် ဖြစ်နေသည်။ သူ၏ဝင့်ကြွားမှုမှာ ရှိသင့်သောအရာ ဖြစ်သည်။

ချင်းကျူ ကျောင်းတော်တွင် ပြင်ပကျောင်းသားများသည် သင်ခန်းစာပို့ချသူများထံမှ လမ်းညွှန်မှုများ။ အခြေခံ အသိပညာများအား လက်ခံသင်ကြား ကြရသည်။ သို့သော် သူတို့မှာ သိုင်းကျင့်ရန်အတွက် ခက်ခဲကာ အလွန်အားထုတ်ရသော အခြေအနေတွင် ရှိသည်။ စာကြည့်တိုက်ကိုပင်လျှင် သူတို့ကား ပထမထပ်သို့သာလျှင် ဝင်ခွင့်ပြု၏။ သူတို့ကား ကျောင်းတော်၏ သင်ထောက်ကူ ပစ္စည်းများအား သုံးစွဲပိုင်ခွင့်မှာ အလွန်နည်းလှသည်။ ယခုတိုက်ပွဲကား ကျောင်းတော်၏ ဂုဏ်သိက္ခာနှင့် ပတ်သက်နေသည်။ ထို့ကြောင့် ရီဖူရှင်းက သူရယူပေးခဲ့သော နိုင်ပွဲမှာ လွန်ခဲ့သော သုံးနှစ်ကာလအတွင်း ကျောင်းတော်တွင် ပညာသင်ကြားခွင့် ရခဲ့သည့်အတွက် ကျေးဇူးဆပ်ခြင်း ဖြစ်ကြောင်း ပြောလျှင် မည်သူမှ သူ့အား အပြစ်မတင်နိုင်ကြတော့ပေ။

ကြည့်ရသည်မှာ ရီဖူရှင်းနှင့် ယူချင်းက တိုက်ပွဲအတွင်းသို့ ဟွာဂျီယူအတွက်သာ ဝင်ရောက်ခဲ့ကြသည် မဟုတ်ဘဲ ဖြစ်လာမည့် အခြေအနေများကိုပါ ကြိုတွက်ထားကြဟန် ရှိသည်။

ထိုသို့တွေးမိကြလျက် တာဝန်ရှိသူများ အားလုံးက ပြောစရာစကား ရှာမရတော့ပေ။ ရီဖူရှင်းကား ကျောင်းတော်တွင် သုံးနှစ်လုံးလုံး ပညာသင်ယူခဲ့သော်လည်း မည်သူကမှ သူ၏ ပါရမီအား မမြင်ခဲ့ကြပေ။

“ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲမှာ ယူချင်းက ပထမနဲ့ မင်းက တတိယ ရသင့်တယ်…။ ဒါက ကျောင်းတော်ရဲ့ မှတ်တမ်းမှာ ရေးမှတ်ထားပေးမယ်…။ လင်ရှန်းဖန်က ရီဖူရှင်းအား ပြောလိုက်သည်။ လူအုပ်ကြားထဲမှ မူရွန်ချူ၏မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။ သည်အရာကား အလွန်ရှက်စရာ ကောင်းလွန်းလှသည်။ လွန်ခဲ့သော နှစ်လခန့်ကပင် သူကား ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲ၏ ပထမအနေဖြင့် ကြေညာခြင်း ခံခဲ့ရသည်။ ယခုကား ကျောင်းတော်က အစဉ်အလာအား သွေဖည်ကာ မှတ်တမ်းအား ပြန်ပြင်တော့မည်ဖြစ်သည်။ သည်အရာကား သူ့အတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်။ သည်ကိစ္စသာ အပြင်ကို ပေါက်ကြားသွားပါက သူ့ပတ်ဝန်းကျင်တွင် မည်သို့ မျက်နှာ ပြရမည်နည်း။ သူကား လူတိုင်း၏ ရယ်စရာ ဖြစ်လာပေတော့မည်။

တခြား ကျောင်းသားများထံမှ မည်သည့်အသံမျှ မထွက်ပေ။ သူတို့က မူရွန်ချူအား စိတ်မသက်မသာဖြင့် ကြည့်လိုက်ကြသည်။ ထိုအရာကား မှန်သည်။ မူရွန်ချူကား ပထမရရန် မထိုက်တန်ပေ။ ဟိုင်ရန်ကျောင်းတော်က လာရောက် စိန်ခေါ်သောအခါ သူကား တိုက်ပွဲဝင်ရန်ပင် သတ္တိမရှိပေ။ အခြားတစ်ဖက်တွင် ယူချင်းကား မူရွန်ချူ မလုပ်နိုင်သည်ကို သူလုပ်ပြခဲ့သည်။

“ငါငြင်းပယ်တယ်…” ရှီဇောင်က ပြောလိုက်သည်။ သူကား လင်ရှန်းဖန် ပြောသည်ကို သဘောမကျပေ။ သူက ရီဖူရှင်းအား စိုက်ကြည့်လျက် ပြောလိုက်သည်။… “ရလဒ်တွေက ထုတ်ပြန်ပြီးသားပဲ… ငါတို့က ဘယ်လိုလုပ် အလွယ်တကူ ပြောင်းလို့ရမလဲ… ရီဖူရှင်းရဲ့ စွမ်းဆောင်ရည်က အရမ်းကောင်းမွန်တယ် ဆိုပေမဲ့… သူက ဒီနိုင်ပွဲကို အသုံးချပြီး ကျောင်းတော်ကို ခြိမ်းခြောက်ခဲ့တယ် ဆိုတာကို ငါတို့ ငြင်းပယ်လို့ မရဘူး… သူက ဘယ်လောက်ပဲ ပါရမီ ထူးကဲနေပါစေ… ဒီလို ကျောင်းသားမျိုးရှိတာ… ဘာအသုံးဝင်မှာလဲ…”

“ကျောင်းတော်ကို ခြိမ်းခြောက်တယ်…” ရီဖူရှင်းက ရှီဇောင်အား စိုက်ကြည့်လိုက်သည်။ အခြေအနေ ကြည့်ရသည်မှာ မူရွန်ချူအား ပထမ နေရာပေးခဲ့သည်မှာ မြေဓာတ်ကျောင်းဆောင် ကျောင်းအုပ် ရှီဇောင် ဖြစ်ရပေမည်။ ရီဖူရှင်းအား အပြစ်ပေးသည့် ကိစ္စမှာလည်း သူ၏ အကြံပင် ဖြစ်ရပေမည်။

ဓားခန်းမသခင် လင်ရှန်းဖန်မှာကား ရီဖူရှင်းအား အမြဲ လိုလိုလားလား ဆက်ဆံခဲ့သည်။ သည်ကိစ္စများနှင့် သူနှင့် သက်ဆိုင်သည့်ပုံ မရှိပေ။

ရှီဇောင်အားကြည့်ကာ ရီဖူရှင်းက ပြုံးလိုက်သည်… “ကျွန်တော်က ပြင်ပကျောင်းသား တစ်ယောက်မျှသာ ဖြစ်တယ်… ချင်းကျူ ကျောင်းတော်ကို ခြိမ်းခြောက်ဖို့ ဘာအင်အားများ ရှိနေလို့လဲ… ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင် ကျောင်းအုပ်ကြီး ရှီဇောင်ကို မေးချင်ပါတယ်… ကျွန်တော်က ခင်ဗျားကို ဘာပြစ်မှုများ ကျူးလွန်မိလို့လဲ…”

“မင်း ဘာကို ပြောချင်တာလဲ…” ရှီဇောင်က မေးလိုက်သည်။

“ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲမှာ ယူချင်းက ပါရမီအရသော်လည်းကောင်း။ စွမ်းဆောင်ရည်အရသော် လည်းကောင်း အဘက်ဘက်က အသာစီးရခဲ့တယ်… ဒီနေ့ တိုက်ပွဲက သက်သေပဲ… ခင်ဗျားက မူရွန်ချူကို ပထမနေရာပေးတဲ့အခါ ကျွန်တော်က ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို လက်မခံခဲ့တာ ဖြစ်သင့်တဲ့အရာပဲ … ကျွန်တော်က ရည်ရွယ်ချက်ရှိရှိ ငြင်းဆန်ခဲ့တယ် ဆိုပြီးတောင်မှ ခင်ဗျားက ကျွန်တော့်ကို ဂုဏ်ထူးစာရင်းက ထုတ်ပယ်ပြီးတော့ စာသင်ခန်းထဲအထိ ဝင်ခွင့် ပိတ်ခဲ့တယ်… ဒီနေ့ ကျွန်တော်နဲ့ ယူချင်းက ကျောင်းတော်အတွက် ကောင်းကောင်းမွန်မွန် စွမ်းဆောင်ခဲ့တယ်… ခင်ဗျားက စာသင်ခန်းထဲကို ဝင်ခွင့်ပိတ်ထားတဲ့ ပြစ်ဒဏ်တစ်ခုထဲကိုပဲ ဖယ်ရှားပေးဖို့ စဉ်းစားထားတယ်… ဒါဆို ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာ ခင်ဗျားအတွက် ဒီလောက်ပဲ အရေးပါသလား…”

ရီဖူရှင်းက ရှီဇောင်အား ကြည့်ကာ ဆက်ပြောလိုက်သည်… “ဒါမှမဟုတ် ခင်ဗျားက ကျွန်တော့်ကို ဒီလောက် မုန်းတီးနေရအောင် ဘာတွေများ ခင်ဗျားကို လုပ်ခဲ့မိလဲ။ ပြီးတော့ မူရွန်ချူက ဘယ်လောက်ကောင်းနေလို့ သူ့ကို ပထမနေရာကို ပေးခဲ့တာလဲ… သူ့ကြောင့်ပဲ ကျွန်တော့်ကို ပြစ်ဒဏ်ပေးခဲ့သေးတယ်… ဟုတ်တယ်မလား…”

“ဘယ်လောက် အတင့်ရဲလိုက်သလဲ…” ရှီဇောင်က ဒေါသတကြီး အော်လိုက်သည်။ သူ၏မျက်လုံးများအား ဓားသွားတစ်စင်းလို ရီဖူရှင်းအား ပြစ်လွှတ်လိုက်သည်… “အဓိပ္ပာယ် မရှိလိုက်တာ… လူကြီးတွေနဲ့ စကားပြောတဲ့အခါ ဒါကမင်းရဲ့ အမူအကျင့်လား… ငါတို့ကမင်းကို အကောင်းဆုံးထဲက အကောင်းဆုံးဖြစ်အောင် ပျိုးထောင်ပေးရင်တောင် မင်းလို ပျက်စီးနေတဲ့ ကျောင်းသားက အနာဂတ်မှာ ကံဆိုးမိုးမှောင်ကျမှုပဲ ဖြစ်မှာပဲ…”

ပျက်စီးနေသော…၊ လူတိုင်းက ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲ ရလဒ်၏ နောက်ကွယ်တွင် မူမမှန်သည့် တစ်စုံတစ်ခု ရှိနေပြီဖြစ်ကြောင်း သိသာလှသည်။ ရှီဇောင်ပြောသည့် စကားလုံးတိုင်းက ရီဖူရှင်းအား ကျောင်းမှ ထုတ်ပယ်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း ပြောနိုင်သည်။

ထို့အပြင် ရီဖူရှင်းပြောသကဲ့သို့ ရှီဇောင်၏ရီဖူရှင်းအပေါ်အပြစ်ဒဏ်က မူရွန်ချူကြောင့်လည်း ဖြစ်နိုင်သည်။ ထိုနောက်ကွယ်မှ အကြောင်းအရာများအား တွေးမိပြီး ကျောင်းသား တော်တော်များများမှာ တုန်လှုပ်မိကြလေသည်။

“ရှီဇောင်… တော်လောက်ပြီ…” မိုးကြိုးလျှပ်စီး ကျောင်းဆောင် ကျောင်းအုပ်က ပြောလိုက်သည်။ မှော်ပညာကျောင်းဆောင် ခုနစ်ကျောင်းမှ ကျောင်းအုပ်များမှာ အချင်းချင်း ကောင်းမွန်သော ဆက်ဆံရေးရှိကြ၏။ သူတို့အကြားတွင် စကားအားဖြင့် ပြောစရာမလိုသော စည်းမျဉ်းအချို့ရှိသည်။ တချို့ကိစ္စများတွင် ချင်းကျူ ကျောင်းတော်၏ အကျိုးတစ်စုံတစ်ရာအား ထိခိုက်မှုမရှိပါက သူတို့မှာ မျက်ကွယ်ပြု ပေးကြမည်သာဖြစ်သည်။

သို့သော်လည်း ရာသီကုန်စာမေးပွဲတွင် မမျှတစွာ ဆုံးဖြတ်ခံခဲ့ရသော လူငယ်နှစ်ယောက်မှာ သည်မျှ ပါရမီထူးကဲသည့်အပြင် ခေါင်းမာပြီး မာနကြီးနေလိမ့်မည်ဟု သူတို့ထဲမှ မည်သူမှ မထင်မှတ်ခဲ့ကြပေ။

“ရီဖူရှင်း… ဒီနေ့တိုက်ပွဲမှာ မင်းက ကျောင်းတော်ကို အရမ်းအကူအညီ ဖြစ်ခဲ့တယ်… ကျောင်းတော်က မင်းကို အလေးထားမှာပဲ… မှော်ကျောင်းအုပ်အချို့က မင်းကို တပည့်အနေနဲ့ လက်ခံဖို့ ဆန္ဒရှိကြမှာ သေချာတယ်… အနာဂတ်မှာ မင်းတို့တွေ အေးအေးဆေးဆေး ပညာဆည်းပူးနိုင်ပြီး တစ်နေ့ အောင်မြင်တဲ့လူတွေ ဖြစ်လာမှာ သေချာတယ်… ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အရမ်းကြီး ခေါင်းမာ မနေသင့်ဘူး…” လေဓာတ်ကျောင်းဆောင် ကျောင်းအုပ် လီဂျင်က ရီဖူရှင်းအား နားချလိုက်သည်။

ထိုစကားများအား ကြားကာ ရီဖူရှင်းကား မိမိကိုယ်ကို စိတ်ထဲမှ ရယ်မောလိုက်သည်။ ကြည့်ရသည် သူကား ငယ်ရွယ်ပြီး မိမိကိုယ်ကို ယုံကြည်မှု ရှိလွန်းနေပြီထင်သည်။ သူ၏ပါရမီက မည်မျှထူးကဲနေပါစေ။ ကျောင်းတော်အတွက် မည်မျှ လုပ်ပေးပါစေ။ ထိုအရာများက မည်သည့်ကိစ္စကိုမျှ မပြောင်းလဲနိုင်ပေ။ သူလုပ်ခဲ့သမျှကား လူတော်များများ၏အာရုံစိုက်မှုကို ရကာ တရားဝင်ကျောင်းသား ဖြစ်လာရုံမျှသာ ဖြစ်သည်။

သို့သော် သည်အရာများက အမှန်တကယ် လုံလောက်ပါသလား။

ကျောင်းအုပ် လီဂျင်က ရီဖူရှင်း၏ခေါင်းမာမှုကို လျှော့ပေးရန် လိုလားသည်။ သူကား ရီဖူရှင်း၏ ကလန်ကဆန် အပြုအမူများအား ကြိုတင် ဟန့်တားလိုသည်မှာ သိသာလှသည်။ လီဂျင်က ရီဖူရှင်းမှာ ကျောင်းတော်အား ခြိမ်းခြောက်သည်ဟူသော အတွေးအား ရှီဇောင်နှင့်အတူတူ တွေးသည်မှာ ထင်ရှားပေသည်။ သူက ရီဖူရှင်းမှာ ကျောင်းတော်မှ ထွက်မည်ကို ယုံကြည်ပုံမရပေ။ ခြုံပြောရလျှင် ချင်းကျူ ကျောင်းတော်မှာကား ချင်းကျူမြို့၏ အကောင်းဆုံး သိုင်းကျောင်းပင် ဖြစ်ပေသည်။

ရီဖူရှင်းက ရာသီကုန်စာမေးပွဲမှ အဖြစ်အပျက်များအား အမှန်တကယ် မေ့ပစ်သင့်ပါသလား။ သူ၏ပြစ်ဒဏ်နှင့် ပတ်သက်၍ အမှန်တကယ်ပင် ရှင်းပြချက် တစ်စုံတစ်ရာကို မရရှိသင့်သလော။

စာမေးပွဲရလဒ် နောက်ကွယ်ရှိ လျှို့ဝှက်ချက်များမှာကား ပြင်ပအား ပေါက်ကြားရန် လုံးဝတားမြစ်ထားပုံရ၏။ ဖြစ်နိုင်သည်ကား သူကား အလွန်ငယ်ရွယ်ကာ မိုက်မဲပုံရလေသည်။

သို့သော် သူ့တွင် ငယ်ရွယ်သည့်အတွက် အားသာချက်တော့ ရှိပေသေးသည်။ ဤသည်ကား သူ့တွင် ခေါင်းမာပိုင်ခွင့် ရှိနေခြင်းပင်။

ထိုသို့တွေးလျက် ရီဖူရှင်းက ပြုံးလိုက်သည်။ ထို့နောက် ကျောင်းတော်မှ လူကြီးများအား အနည်းငယ် ဦးညွှတ်လိုက်သည်။ လူတိုင်းက သူ့အား ကြည့်နေကြသည်။ သူ၏အပြုအမူက မည်သည့်အရာကို ဆိုလိုပါသနည်း။

“ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်း ချင်းကျူ ကျောင်းတော်က သင်ကြားပေးခဲ့တာတွေ အကုန်လုံးကို မှတ်မိနေမှာပါ… ကျွန်တော် သွားတော့မယ်…” ရီဖူရှင်းက ပြုံးလျက်ပြောသည်… ထို့နောက် အော်လိုက်သည်… “ယူချင်း…”

သူ၏ဘေးမှယူချင်းက ခေါင်းညိတ်လိုက်သည်။ သူ၏မျက်လုံးများက ကျောင်းတော်မှ လူကြီးများအား အေးစက်စွာ စိုက်ကြည့်နေခြင်းက သူမည်မျှ မပျော်မရွှင် ဖြစ်နေသည်ကို သက်သေပြနေသည်။

“သွားစို့…” ရီဖူရှင်းက ပြောကာ နောက်သို့လှည့်၍ နှင်းခဲဖြူဖြူများအား တစ်လှမ်းချင်း လှမ်းပြီး ထွက်သွားသည်။ ယူချင်းက သူ၏အကြည့်အား ရပ်လိုက်ပြီး ရီဖူရှင်း၏နောက်မှ ကပ်လျက် လိုက်သွား၏။

ထိုအခိုက် သူတို့၏ နောက်ကျောများက အထီးကျန်ဆန်လှသော်လည်း သူ၏ခြေလှမ်းများက ခိုင်မာလှသည်။ ယခုမှသာလျှင် သူတို့ပိုင်ဆိုင်သော မာနအား ကောင်းကောင်း ဂုဏ်ယူနိုင်ပြီ ဖြစ်သည်။

သူတို့ကား အမှန်တကယ် ထွက်သွားကြ၏။

တာဝန်ရှိ လူကြီးများအားလုံး အံ့အားသင့်သွားကြသည်။ ရီဖူရှင်းက သည်ကိစ္စအား သည်မျှ အလေးထားလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ကြပေ။

တိုက်ခိုက်ရေးကျောင်းဆောင် ကျောင်းအုပ်။ ဓားကျောင်းဆောင် ကျောင်းအုပ်နှင့် အခြား မှော်ဓာတ်ကျောင်းအုပ်များ အားလုံးက ရှီဇောင်အား အေးစက်စွာ ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာများတွင် စကားလုံးများစွာ ထင်ဟပ်နေသည်။ ထိုအရာက ရှီဇောင်၏အမူအရာအား နက်မှောင်စေကာ သူက တွန့်ဆုတ်စွာဖြင့် အော်လိုက်သည်… “ရပ်လိုက်…”

ရီဖူရှင်း၏ခြေလှမ်းများက ရပ်သွားပြီး သူ့အား လှမ်းတားလိုက်သည့်လူအား လှည့်ကြည့်လိုက်သည်… “ကျွန်တော့်ဆီက တစ်ခုခုလိုတာများ ရှိနေသေးလား… ကျောင်းအုပ် ရှီဇောင်…”

“ချင်းကျူ ကျောင်းတော်ကို လာချင်တိုင်းလာ သွားချင်တိုင်း သွားရအောင် ဘယ်နေရာ မှတ်နေတာလဲ…” ရှီဇောင်က ပြောလိုက်သည်။ ရီဖူရှင်း မျက်လုံးလည်သွားသည်။ သူက နားမလည်စွာဖြင့် မေးလိုက်သည်… “ခင်ဗျားက ဘာပြောချင်တာလဲ…”

“မင်းက တော်လှန်တတ်တဲ့ သဘာဝရှိပြီးတော့ ချင်းကျူ ကျောင်းတော်ကို အငြိုးထားခဲ့ရင်ရော… အခုမင်းက ကျောင်းတော်က ထွက်သွားတော့မယ်… ဟိုင်ရန်ကျောင်းတော်ကို ဆက်သွယ်ဖို့ မင်းမှာ အစီအစဉ် ရှိနေတာလား…” ရှီဇောင်က မေးလိုက်သည်။

သူ၏စကားလုံးများကြောင့် အပူချိန်များပင် လျော့ကျသွားသည့် အလားပင် လူတိုင်းက သူ့အသံ၏အေးစက်မှုအား ခံစားနေရသည်။ ထိုသို့ပြောခြင်းဖြင့် ရီဖူရှင်းအား သေဒဏ်ပေးရန် ကြိုးစားနေခြင်းလော။

ဟိုင်ရန်ကျောင်းတော်နှင့် ချင်းကျူ ကျောင်းတော်မှ ပြိုင်ဘက်များ ဖြစ်ကြသည်။ ထို့ကြောင့် အကယ်၍ ရှီဇောင်က ရီဖူရှင်းနှင့် ယူချင်းမှာ ကျောင်းတော်အား သစ္စာဖောက်မည်ဟူသော အတွေးများအား လူတိုင်း၏ခေါင်းသို့ ရိုက်သွင်းလိုက်ပါက သူတို့ လူငယ် နှစ်ယောက်အတွက် အဆုံးသတ်လှမည် မဟုတ်တော့ပေ။

“ကျောင်းအုပ် ရှီဇောင် …” ရီဖူရှင်းက ဟိုင်ရန်ကျောင်းတော်ကို ငြင်းပယ်ပြီးသွားပြီ…။ သူတို့ဆီထပ်ပြီး ဆက်သွယ်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး… “ချင်ယီက စိုးရိမ်တကြီး ပြောလိုက်သည်။ ရီဖူရှင်း၏ ယနေ့စွမ်းဆောင်ရည်က သူမအား အမှန်တကယ် အံ့အားသင့်စေခဲ့သည်။ သို့သော် သူ၏ခေါင်းမာမှုက သူမအား ပြောစရာစကားများ မဲ့စေသည်။ သို့သော်လည်း သူ့အတွက် ယခုအချိန်တွင် သူမက ရှီဇောင်အား စကားပြောရန် လိုအပ်သည်ဟု ခံစားရသည်။

“မှန်တာပေါ့… သူက ငါတို့တွေရှေ့မှာတော့ ငြင်းပယ်ခဲ့တယ်… ဒါပေမဲ့… သူက အပြင်ဘက်မှာ ဆိုရင်ရော…” ရှီဇောင်က မေးလိုက်သည်။ သူ၏ဘေးမှ လင်ရှန်းဖန်က သူ့အား စောင့်ကြည့်နေသည်။ ရှီဇောင်ကား ရီဖူရှင်းအား သေလမ်းကို အတင်း ပို့ဆောင်နေလေပြီ။ ရီဖူရှင်းက ထိုအတွေးများ မရှိသည့်တိုင် ရှီဇောင်ပြောသော စကားများ၏ အကျိုးဆက်က သည်ကောင်လေးအတွက် မကောင်းလှပေ။

“ခင်ဗျား ဘာလိုချင်တာလဲ…” ယူချင်းက မေးလိုက်သည်။ သူ၏ဒေါသများက သူ၏ကိုယ်မှ စိမ့်ထွက်နေကြသည်။

“ဒီသုံးနှစ်အတွင်းမှာ ပိုင်ဆိုင်ခဲ့တဲ့ စွမ်းအင်တွေ အကုန်ဖျက်ဆီးလိုက်…” ရှီဇောင်က ပြောလိုက်သည်။ နောက်တစ်ကြိမ် ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။

လူတိုင်းကား ဆွံ့အမိန်းမော သွားကြသည်။ မည်သူမျှ အသံတစ်စုံတစ်ရာ မထွက်နိုင်တော့…။ ထိုစဉ်မှာပင် ညင်သာသော ခြေသံအချို့နှင့်အတူ နတ်သမီးတစ်ပါး ကောင်းကင်မှ ဆင်းသက်လာသည့်အလား ပြည့်စုံလှပသော ပုံသဏ္ဌာန်တစ်ခု ပေါ်လာသည်။ သူမကား ဟွာဂျီယူ ဖြစ်သည်။

သူမက ရီဖူရှင်း၏ဘေးတွင် ရပ်လိုက်ပြီး သူ့အား ကြည့်လိုက်သည်။ ထိုအရာက ရီဖူရှင်း၏အတွေးများအား ရပ်တန့်စေသည်။ သူမကား အမှန်တကယ်ပင် မြေခွေးမ ဖြစ်သည်။

ဟွာဂျီယူက သူမ၏အကြည့်အား ရှီဇောင်ထံသို့ ရွေ့လျားလိုက်သည်။ ထို့နောက် အနည်းငယ်ပြုံးလျက် ပြောလိုက်သည်… “ငါထင်တာကတော့ ရှင့်ရဲ့စကားတွေကို ပြန်ရုပ်သိမ်းလိုက်တာ အကောင်းဆုံးပဲ…”

သူမ စကားသံများက အေးချမ်းကာ ညင်သာလှသည်။ ထိုအရာက လူတိုင်းအား သူမ၏စကားသံတွင် အညှို့ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ သူမက မြေဓာတ်ကျောင်းဆောင် ကျောင်းအုပ် ရှီဇောင်အား ခြိမ်းခြောက်နေသည်လား…။

အတန်ကြာခန့်က ရီဖူရှင်းက သူမအား ကာကွယ်ရန် ရှေ့ကို လှမ်းထွက်ခဲ့သည်။ ယခု သူ့အား ကာကွယ်ရန် သူမ၏အလှည့်ဖြစ်သည်။ ပရိသတ်များထဲမှ လူငယ်များ အားလုံးမှာ ရီဖူရှင်းအား အားကျကာ မနာလို ဖြစ်သွားကြသည်။

မြူနှင်းများကြားတွင် ရီဖူရှင်းနှင့် ဟွာဂျီယူတို့က ဘေးချင်းကပ်လျက် ရပ်နေကြသည်။ ချင်းကျူ ကျောင်းတော်ကား အရင်လို အလွန် ခမ်းနားကြီးကျယ်ပုံ မရတော့ပေ။

**

Comment

Leave a Reply

Options

not work with dark mode
Reset