Switch Mode

အခန်း ( ၇၅ )

ကျနော့်ကို မှားပြီးစွပ်စွဲနေတာပါ

ထိုတုန်လှုပ်ဖွယ်အော်သံကြီးကြောင့် ဘေးနားရှိသစ်ပင်များကပါ တုန်ခါသွားကြသည်။ သစ်ရွက်များကြွေကျလာပြီး တဟူးဟူးတိုက်ခတ်နေသောလေများကြောင့် လေထဲတွင်ရှေ့နောက် ဝဲပျံနေတော့သည်။

ထိုဒေါသတကြီးအော်သံကြီးကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ ကြောက်လန့်လွန်း၍ ထခုန်လုမတတ်ပင်ဖြစ်သွားသည်။ မော့ကြည့်လိုက်သောအခါ လေထဲတွင်ပျံဝဲနေသည့် သွေးကြောကြီးများထောင်ထနေသော ဆံပင်အဖြူရောင်နှင့် အကြီးအကဲကျိုးကို မြင်လိုက်ရသည်။

အကြီးအကဲကျိုးမှာ သားရဲတစ်ကောင်နှင့်တူနေပြီး လွန်ခဲ့သောတစ်လက ဖီးနစ်ငှက်၏ပုံစံနှင့်ပင် ခပ်ဆင်ဆင်ဖြစ်နေသည်။

” ပိုင်ရှောင်ချန်း။ ငါ့ဖီးနစ်ငှက်ကို နာကျငအောင်လုပ်တာ မင်းမလား။ ဒီနေ့ လီချင်းဟောက်လာတားဖို့ ကြိုးစားရင်တောင်မှ မင်းကို သင်ခန်းစာ ကောင်းကောင်းရအောင်ပေးမယ်။” သူက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ညာလက်ကိုဆန့်ထုတ်ကာ ပိုင်ရှောင်ချန်းရှိရာအရပ်ကို လှမ်း၍ဖမ်းဆုပ်လိုက်သည်။

ထိုဖမ်းဆုပ်ချက်ကြောင့် ပိုင်ရှောင်ချန်း၏ဘေးနားရှိလေထုမှာ မာကျောသွားသည်။ ပိုင်ရှောင်ချန်းမှာ တုန်လှုပ်နေပြီ သနားစဖွယ် အော်ဟစ်လိုက်သည်။ သူ၏အရေပြားမှ ငွေရောင်အလင်းတန်းတစ်ခုပေါ်ထွက်လာပြီး တချိန်ထဲမှာပင် သူကနတ်ကြိုးကြာဒိုင်းကာများ​ကို သုံးလိုက်သည့်အတွက် အဖြူရောင်အလင်းတန်းတစ်ခုလည်း ပေါ်ထွက်လာသည်။ ခပ်လှမ်းလှမ်းမှကြည့်လျှင် ကြက်ဥအခွံတစ်ခုနှင့်ပင် ဆင်တူလေသည်။

” ကျုပ်ကို လိုက််သတ်နေပါတယ်ဗျို့။ ကျုပ်ကို လိုက်သတ်နေတယ်ဗျ။” သူ့ကို့ အလင်းရောင်များဖုန်းလွှမ်းသွားသောအခါ သူက အကြီးအကဲကျိုး၏ဖိအားများကို လျစ်လျူရှုကာ အရှိန်ကုန်တင်ပြီး ထွက်ပြေးသွားတော့သည်။

” အမ် ” ထိုမြင်ကွင်းကိုမြင်သော် အကြီးအကဲကျိုး ကြောင်သွားသည်။ သူသည် အခြေခိုင်မာခြင်းအဆင့်တွင်ရှိသည်ဖြစ်၍ စွမ်းအားအကုန်ထုတ်မသုံးထားပေ။ သို့သော်လည်း ထိုတစ်စိတ်တစ်ပိုင်းသောစွမ်းအားလေးနှင့်ပင် ချီစုစည်းမှုအဆင့်ကျင့်ကြံသူများကို ထွက်မပြေးန်ိုင်အောင် ချုပ်ထားနိုင်မည်ဖြစ်သည်။

အလင်းတန်းများဝန်းရံလျက် အဝေးသို့ထွက်ပြေးသွားသော ပိုင်ရှောင်ချန်းကို ကြည့်လိုက်ရင်း သူက အော်ဟစ်လိုက်သည်။
“ပိုင်ရှောင်ချန်း။ စားဖိုဆောင်မှာထဲက မင်းငါ့ကိုဒုက္ခပေးခဲ့တာတွေကို ငါမသိဘူးများထင်နေလား။ ငါ့စွပ်ပြုတ်ထဲထည့်ဖို့ဂျင်ဆင်းကို ဝိညာဥ်အမြစ်အထိကုန်အောင် မင်းစားလိုက်တာလည်းငါသိတယ်။ ပန်းကန်လုံးတွေကို သေးအောင်လုပ်တာလည်း မင်းပဲဆိုတာငါသိတယ်။ ပြီးတော့အခု မင်းကငါ့ဖီးနစ်ငှက်ကိုပါ ဆေးတွေလျှောက်ကျွေးသေးတယ်ပေါ့။ ဒီနေ့မင်းကြောင့် ငါတို့ဂိုဏ်းခံစားနေရတဲ့ အကျိုးဆက်တွေကို မင်းနားလည်အောင် ငါလုပ်မှရတော့မယ်။”

ထိုသို့အော်ရင်း သူကနောက်ကလိုက်တော့သည်။

အမှန်ဆိုလျှင် စားဖိုဆောင်ထဲတွင်ဖြစ်ပျက်ခဲ့သ​ည်များကို ဂိုဏ်းရှိအကြီးအကဲအားလုံးက သိထားပြီးဖြစ်သည်။

” ကျုပ်ကိုပဲ အပြစ်မတင်နဲ့။ ခင်ဗျားကြီးရဲ့ငှက်က ကျုပ်ဆေးလုံးကို ခိုးသွားတာကြီးကိုဗျာ။ ကျုပ်နဲ့ ဘာမှ မဆိုင်တာကြီးကို ” ပိုင်ရှောင်ချန်းက သနားကမား အော်ဟစ်ရင်း ထွက်ပြေးနေသည်။ နောက်သို့လှည့်ကြည့်လိုက်သောအခါ အကြီးအကဲကျိုးက သူ၏မြင့်မားသော ကျင့်ကြံခြင်းအခြေခံကြောင့် အင်မတန်ရန်လိုနေသော အမူအရာပေါက်နေသည်ကို တွေ့လိုက်ရသည်။ ပိုင်ရှောင်ချန်းလည်း အသက်လုပြေးနေရသည့်အလား တတ်နိုင်သမျှ မြန်မြန်ထွက်ပြေးနေသဖြင့် နောက်တွင် ပုံရိပ်ယောင်များသာ ကျန်ခဲ့တော့သည်။

လေပေါ်ရှိ ဖီးနစ်ငှက်ကြီးက ပိုင်ရှောင်ချန်း၏စကားများကိုကြားသောအခါ သူ၏အမွှေးအတောင်များမှာ ထောင်လာသည်။ သနားစဖွယ်အော်မြည်ကာ သူ၏ တောင်ပံများဖြင့် ပိုင်ရှောင်ချန်းကို ညွှန်ပြလိုက်သ​ည်။ သူသာစကားပြောတတ်ပါက ပိုင်ရှောင်ချန်းက သူ့ကိုဆေးအတင်းကျွေးခဲ့ခြင်းဖြစ်ကြောင်း၊ သူ မလုယူခဲ့ကြောင်းကို ဘေးနားရှိလူများအား တငိုငို တရီရီနှင့် ပြောဆိုနေမည်ဖြစ်သည်။

” မင်း…မင်းနော်….” ဖီးနစ်ငှက်က သူ့ကိုမတရား စွပ်စွဲနေသည်ကိုမြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာပို၍ပင် စိတ်ဆိုးသွားတော့သည်။ သူသည် ဂျင်လိုမျိုးမွှတ်နေအောင်လည်သောလူတစ်ယောက်ဖြစ်ပါလျက် ငှက်တစ်ကောင်၏ချောက်တွန်းခြင်းကို ခံရမည်ဟု တွေးမထားပေ။

သူ၏ရင်ဘတ်ထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေတော့သည်။ ထိုငှက်ကိုကြည့်ရင်း ဤကိစ္စဖြေရှင်းပြီးသည်နှင့်တပြိုင်နက် ထိုငှက်ကို အနိုင်ကျင့်ခံရသည့်အရာသာကိုသိအောင် သင်ခန်းစာပေးမည်ဟု သူ တေးထားလိုက်တော့သည်။ ထိုငှက်သည်အထီးဖြစ်ပါသော်လည်း ပိုင်ရှောင်ချန်းမှာ ပို၍ ဖိုဓာတ်ပြင်းသောငှက်ထီးတစ်ကောင်ရှာကာ သင်ခန်းစာပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

” မင်း အဲ့လိုအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောရဲသေးတယ်လား။” အကြီးအကဲကျိုးက အရှိန်တင်ရင်း ပြောလိုက်သည်။ ပိုင်ရှောင်ချန်းဆီသို့ ပြေးရင်း သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သောအခါ ကြီးမားသော အားအင်တစ်ခုက လေထဲသို့ ပျံ့နှံ့သွားသည်။ သို့သော် ထိုအားကပိုင်ရှောင်ချန်းကိုရိုက်ခတ်လိုက်သောအခါ သူကအနည်းငယ်မျှသာ တုန်ခါသွားပြီး ဘာမှမဖြစ်သလိုပင် အရှိန်တင်ကာ ထွက်ပြေးသွားသည်။

ထိုမြင်ကွင်းကြောင့် အကြီးအကဲကျိုးမှာ မျက်လုံးပြူးနေတော့သည်။ သူသုံးလိုက်သော အားပမာဏမှာ အပြင်စည်းဂိုဏ်းသားတိုင်း မြေကြီးပေါ်လူးလှိမ့်သွားနိုင်သော အားမျိုးဖြစ်သော်လည်း ပိုင်ရှောင်ချန်းက ထိုအားကို မှုပင်မမှုပေ။

ပိုင်ရှောင်ချန်းမှာလည်း လန့်ဖြန့်သွားသည်။ စောစောကရ်ိုက်ခတ်မှု​ကြောင့် သူ၏သွားများပင် အချင်းချင်းရိုက်နေပြီး သူတစ်ကိုယ်လုံးတုန်လှုပ်နေပြီဖြစ်သည်။
အကြီးအကဲကျိုးကို လှည့်ကြည့်ရင်း ရွှေကျီးကန်းဓားကို လျှင်မြန်စွာထုတ်လိုက်ပြီး ထိုဓားအတွင်းသို့ စိတ်စွမ်းအင်အနည်းငယ် ထည့်သွင်းလိုက်သည်။ ထိုအခါ ရွှေကျီးကန်းရုပ်ကြီးပေါ်လာပြီး ပိုင်ရှောင်ချန်းမှာ ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းကာ လေထဲသို့ပျံတက်သွားသည်။

အကြီးအကဲကျိုးက ဟင့်ခနဲ အသံတစ်ချက်ပြုရင်း သူ၏ဖီးနစ်ငှက်နှင့်အတူ ပျံတက်သွားသ​ည်။

‌ဘေးနားရှိကြည့်ရှုနေကြသော ဂိုဏ်းသားများကမူ ပိုင်ရှောင်ချန်းကံဆိုးမိုးမှောင်ကျနေသည်ကိုကြည့်ကာ ကျေနပ်နေကြသည်။ သူ၏အသက်ကိုဖက်နှင့်ထုတ်ကာ ထွက်ပြေးနေရသည်ကို မြင်သောအခါ သူတို့၏ရင်ဘတ်ထဲမှ သူ့ကိုကြိတ်၍မုန်းနေသောဒေါသများမှာ အနည်းငယ် လျော့ကျသွားတော့သည်။

ချန်ကျိအန်း၊ ကျောက်ရိသော်နှင့် သူ့ကိုယ်သူ ဝံပုလွေသခင်၏ခေါ်သော လျုတ်အာကုံတို့၏မျက်နှာပေါ်တွင် အပြုံးပန်းကြီးများဖြင့် ဝေဆာနေတော့သည်။ လျုတ်အာကုံဆိုလျှင်ပျော်လွန်းလှသဖြင့် မျက်ရည်များပင် စီးကျနေသည်။

” မိုးကောင်းကင်ကြီးက အမြင်ရှိပါပေတယ် ” သူက ကျေနပ်စွာ ရေရွတ်လိုက်သည်။

မွှေးရနံ့တိမ်တောင်၏ ကောင်းကင်ယံတွင်ပျံဝဲရင်း ပိုင်ရှောင်ချန်းက သနားစဖွယ် အော်ဟစ်နေတော့သည်။ ထိုမြင်ကွင်းကိုမကြည့်မိပဲ အသံသာကြားလိုက်ရသောသူဆိုလျှင် လုံးဝတုန်လှုပ်နေမည်ဖြစ်သည်။

” အကြီးအကဲကျိုး… ခင်ဗျားကြီးရဲ့ငှက်က လိမ်နေတာဗျ။ ကျုပ်ပြောတာယုံပါဗျာ။ အဲ့ငှက်က လုပ်ကြံ ဇာတ်လမ်းတွေ ဖန်တီးနေတာ။” ပိုင်ရှောင်ချန်းမှာ ပြောရင်းဆိုရင်း အော်ငိုလိုက်ချင်ပါသော်လည်း မျက်ရည်မှာထွက်မလာပေ။ ရွှေကျီးကန်းကြီးပေါ်တွင် မတ်တပ်ရပ်၍ တတ်နိုင်သမျှအားအကုန်သုံးကာ ထွက်ပြေးနေသည်။

” ပါးစပ်ပိတ်ထားစမ်းကွာ။” အကြီးအကဲကျိုးက လှမ်းဟောက်လိုက်သည်။ ပိုင်ရှောင်ချန်းက သူ့ငှက်အကြောင်းပေါင်းစုံကိုပြောနေသည်မှာ ဆိုးရွားလှပေသည်။ သို့သော်ပို၍ဆိုးသည်မှာ ထိုပြောသံများကိုကြားလိုက်ရသောအခါ ထူးဆန်းသောအမူအရာများဖြစ်ကုန်ကြသော လူများစွာရှိနေခြင်းပင်ဖြစ်သည်။ အကြီးအကဲကျိုးက ညာလက်ဖြင့်မန္တန်လက်ကွက်တစ်ခုဖော်လိုက်သောအခါ လေလုံးကြီးတစ်ခုထွက်လာပြီး ပိုင်ရှောင်ချန်းဆီသို့ ပျံဝဲသွားသည်။

” ဒါပေမဲ့ ကျုပ်ပြောတာ အမှန်တွေ။ ခင်ဗျားကြီးငှက်က ကျုပ်ကို မတရားစွပ်စွဲနေတာဗျ။” ပိုင်ရှောင်ချန်းမှာ ဤပြဿနာကို ဖြေရှင်းချင်သော်လည်း ထိုလေလုံးကြီးမှာ သူ့နားသို့ကပ်လာသဖြင့် သူမှာ ကြောက်ကြောက်နှင့်တုန်လှုပ်နေသည်။ သူကပို၍မြန်ဆန်သောအရှိန်ဖြင့် ရှေ့သို့ပျံဝဲလိုက်ပြီး ထိုလေလုံးကြီးကို ရှောင်လိုက်နိုင်သဖြင့် ထိုလေလုံးကြီးမှာ အနီးအနားရှိကျောက်ဆောင်ကြီးကိုဝင်တိုက်မိပြီး ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားတော့သည်။

ပိုင်ရှောင်ချန်းက နောက်လှည့်ကြည့်ပြီး ထိုချိုင့်ခွက်ကြီးကိုမြင်လိုက်သောအခါ ခေါင်းခဲသွားတော့သည်။ အဆုံးတွင် သူ၏စွမ်းအားအရှိဆုံးအရာကိုထုတ်သုံးရန် ဆုံးဖြတ်လိုက်တော့သည်။

” ငါက ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူညီလေးကွ။ တာအိုသခင် ဝိဉာဥ်ကွန်ခြာ ရဲ့ တပည့်ကွ။” သူက မျက်လုံးရဲကြီးများဖြင့် လှမ်းအော်လိုက်သ​ည်။

” အေး မင်းကိုအခုတော့ ဘယ်သူမှလာကယ်မှာမဟုတ်ဘူး ” အကြီးအကဲကျိုးက မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်ရင်း ပြန်အော်လိုက်သည်။ အမှန်ဆိုလျှင် ဤကဲ့သို့ပိုင်ရှောင်ချန်းကို သူကိုယ်တိုင်လိုက်ဖမ်းသောကြောင့် မျက်နှာပျက်စရာများပင်ဖြစ်နေပြီဖြစ်သ​ည်။ ပို၍ဆိုးသည်မှာ အမြီးအနင်းခံလိုက်ရသောယုန်တစ်ကောင်ကဲ့သို့ ထွက်ပြေးနေသည့် ပိုင်ရှောင်ချန်းကို ထိပင်မထိရသေးသည့်အချက်ပင်။ ထိုမြင်ကွင်းကြီးမှာ အရုပ်ဆိုးလှပေသည်။

မွှေးရနံ့တိမ်တောင်၏တစ်နေရာတွင် ရွှီပေါက်ချိုင်က ဖြစ်ပျက်နေသည်များကိုမော့ကြည့်လိုက်သောအခါ သူ၏မျက်နှာတွင် ခံစားမှုပေါင်းစုံကို မြင်လိုက်ရသည်။ သူကပိုင်ရှောင်ချန်းအတွက် စိတ်ပူနေခြင်းတော့ မဟုတ်ပေ။ သူက အကြီးအကဲကျိုးအတွက်သာ စိတ်မကောင်းဖြစ်နေပြီး သူ၏အတိတ်ကဖြစ်ရပ်များကိုပင် ပြန်လည်မြင်ယောင်လာတော့သည်။

” မပြေးနဲ့ ပိုင်ရှောင်ချန်း ” အကြီးအကဲကျိုးက အော်ဟစ်ကာ ဂဠုန်ငှက်ကြီးတစ်ကောင်အလား ပျံဝဲ၍ နီးကပ်လာသည်။ သူ၏ဘေးရှိ ဖီးနစ်ငှက်ကလည်း စူးစူးရှရှဆက်တိုက်အော်ဟစ်ကာ ပိုင်ရှောင်ချန်းကို သူ၏​တောင်ပံများဖြင့် ညွှန်ပြနေသည်။

” ကျုပ်က ဂုဏ်ထူးဆောင်ဂိုဏ်းသားဗျ ” ပိုင်ရှောင်ချန်းက ငယ်သံပါအောင် အော်လိုက်သည်။ ” ကျုပ်က ဂိုဏ်းအတွက်သွေးချွေးတွေ ပေးဆပ်ထားတာ။ ပြီးတော့ အံ့သြဖွယ် တာဝန်တွေကိုကျုပ် ထမ်းဆောင်ပေးထားတာ။”

သူထွက်ပြေးရင် အော်ဟစ်နေသံများမှာ ခရမ်းဒယ်အိုးတောင်အထိသို့ပင် ပျံ့နှံ့နေတော့သည်။ ထိုမှလူများစွာက မော့ကြည့်ရင်း ပိုင်ရှောင်ချန်းပျံသန်းထွက်ပြေးနေသည်ကို မြင်လိုက်သောအခါ သူတို့၏မျက်နှာတွင် ထူးဆန်းသောအမူအရာများ ချက်ချင်းပေါ်လာသည်။ ဖြစ်ကြောင်းစုံလင်သိသွားသောအခါ မထိန်းန်ိုင်တော့ပဲ ထိုးရယ်ကြတော့သ​ည်။

“အဲ့ဘွဲ့က သေပြီးသားတွေကိုပဲပေးရတာကွ။ မင်းကိုတကယ့် ဂုဏ်ထူးဆောင်ဂိုဏ်းသားအစစ်တစ်ယောက်ဖြစ်အောင် ငါလုပ်ပေးမယ်။” အကြီးအကဲကျိုးက ဟိန်းဟောက်လိုက်သည်။ အမှန်မှာ သူကပိုင်ရှောင်ချန်းကို သတ်ရန်ထိ အကြံအစည်တော့မရှိပေ။ သူ့ကို သင်ခန်းစာတစ်ခုသာ ကောင်းကောင်းပေးလိုခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်း ကိုခြောက်လှန့်ဖို့ သူ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ နောက်ထပ်လေလုံးတစ်ခု ထပ်ထွက်လာပြီး ပိုင်ရှောင်ချန်း၏ဘေးတွင် လေပွေတစ်ခု ပေါ်လာတော့သည်။

အကြီးအကဲကျိုး၏စကားလုံးများကို ကြားလိုက်ရပြီး လေပွေကြီးပေါ်လာသည်ကိုမြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်း၏ အော်သံများမှာ ပို၍ကျယ်သွားတော့သည်။
သူက ရသမျှစိတ်စွမ်းအင်များကိုစုစည်းကာ ရွှေကျီးကန်းဓားထဲသို့ ထည့်သွင်းလိုက်တော့သည်။ ရွှေရောင်အလင်းတန်းများ​ဖြင့် ဝန်းရံနေသော ပိုင်ရှောင်ချန်းက လေပွေထဲမှဖောက်ထွက်ကာ မွှေးရနံ့တိမ်တောင်နှင့် တာအိုသစ်စေ့တောင်ကြားထိရောက်အောင် ပျံထွက်သွားတော့သည်။ ထိုအခါမှသာ အလင်းတန်းများက မှေးမှိန်သွားတော့သည်။

သူကအော်ဟစ်ရင်း ရှေ့သို့​ပျံထွက်သွားသောအခါ ငွေရောင်အလင်းတန်းများက သူ့ဘေးတွင် တလက်လက်ထသွားသ​ည်။
ယခုလောလောဆယ်တွင် ​လီချင်းဟောက်က ဂိုဏ်းမှာမရှိသည်ကို သူသိသည့်အတွက် သူ့ကိုကယ်တင်နိုင်မည့် တစ်ဦးထဲသောလူမှာ ဂိုဏ်းတူအစ်ကိုဂိုဏ်းခေါင်းဆောင်သာရှိတော့သဖြင့် တာအိုသစ်စေ့တောင်သို့ သူသွားနေခြင်းဖြစ်သည်။

အကြီးအကဲကျိုးကမူ ပိုင်ရှောင်ချန်းက သူ၏တိုက်ကွက်များကို အကြိမ်များစွာရှောင်တိမ်းနေနိုင်သည်ကိုကြည့်ကာ အံ့အားသင့်နေတော့သည်။ ထိုအကြောင်းကြောင့်လည်း လောချိန်မျိုးနွယ်စု လိုက်ဖမ်းစဥ်က အသက်ရှင်လျက်ပြန်ထွက်လာနိုင်ခြင်းဖြစ်ကြောင်း တွေးမိသွားသည်။

သို့်သော်လည်း လူအများကြီးက ဝိုင်းကြည့်နေကြသဖြင့် အကြီးအကဲကျိုးမှာ ရစရာမျက်နှာမရှိတော့ပဲ ဒေါသပိုထွက်လာတော့သည်။ သူ၏ကျင့်ကြံခြင်းအခြေခံကို အကုန်ဖွင့်ထုတ်ကာ ပိုင်ရှောင်ချန်းနောက်သို့ နောက်တစ်ခေါက် လိုက်ရန်ပြင်လိုက်တော့သည်။

” ဂိုဏ်းတူအစ်ကိုဂိုဏ်းခေါင်းဆောင်။ ကျုပ်ကို ကယ်ပါဦး ” ပိုင်ရှောင်ချန်းက အာခေါင်ခြစ်သံများဖြင့် အော်ငိုနေတော့သည်။ လျင်မြန်သောအရှိန်ဖြင့် လေကိုခွင်းရင်း တာအိုသစ်စေ့တောင်သို့ သွားရာလမ်းတစ်လျှောက်တွင် အကြီးအကဲကျိုးကို ရှောင်ရှားနေတော့သည်။ သူ၏အံ့သြဖွယ်ကောင်းသော ဖျတ်လတ်မှုကြောင့် သူ့ကိုဖမ်းမိရန် ခက်နေတော့သည်။

အကြီးအကယ်ကျိုးက သူ၏အခြေခိုင်မာခြင်းအဆင့် နတ်ဘုရားအစွမ်းများနှင့် သိုင်းကွက်များအကုန်ထုတ်သုံးပါက ပိုင်ရှောင်ချန်းကိုသေချာပေါက် မိမည်မှာ အမှန်ပင်။ သို့သော်လည်း သူက သင်ခန်းစာသာပေးလိုခြင်းဖြစ်သ​ည်။ မှော်အတတ်များကိုထုတ်သုံးပါက စွမ်းအားများကို သေချာအချိုးကျအောင်မလုပ်နိုင်လျှင် သူ၏တိုက်ကွက်က အသက်ပင်သေစေနိုင်လောက်သည် အထိဖြစ်သွားနိုင်သည်။

သို့သော်လည်း ယခုတွင်မူ သူကပိုင်ရှောင်ချန်းကို တစ်ချက်လေးပင် မထိရသေးသော်လည်း ပိုင်ရှောင်ချန်းကမူ သနားကမားအော်ဟစ်နေသဖြင့် အကြီးအကဲကျိုးမှာ ဒေါသပိုထွက်လာရတော့သည်။ သူ၏ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်​သောအခါ အထက်ကောင်းကင်ယံတွင် တိမ်မည်းကြီးများ ပေါ်လာတော့သ​ည်။ မိုးများခြိမ်းကာ ပိုင်ရှောင်ချန်းကိုရုတ်တရက် မိုးကြိုးများ ပစ်ကုန်တော့သည်။

ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ ပန်းကန်ပြားများအလား ပြူးထွက်ကုန်သည်။ ထိုမိုးကြိုးထဲမှ ခံစားရသော ကြောက်မက်ဖွယ်စွမ်းအားကြီးကြောင့် သူ၏အတွေးများပင်လျှင် ပျောက်ကုန်တော့သည်။ နီရဲနေသော မျက်လုံးများဖြင့် သူကလက်နှစ်ဖက်နှင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး လက်ညှိုးကိုထုတ်လိုက်သည်။ ချက်ချင်းပင်သူ၏ခေါင်းပေါ်တွင် ခရမ်းရောင်ချီများပေါ်လာပြီး မိုးကြိုးများဆီသို့ ပြေးသွားတော့သည်။

ထိုအခါ အကြီးအကဲကျိုးမှာ မှင်သက်သွားသည်။ သူကပိုင်ရှောင်ချန်းကို ခြောက်လှန့်ရန်သာရည်ရွယ်ပြီး မိုးကြိုးကိုတိုက်ကွက်တစ်ခုအဖြစ် ဟန်ပြထုတ်ခဲ့သော်လည်း ထိုမိုးကြိုးကို သူ့ဆီတည့်တည့်မဟုတ်ပဲ သူ့ဘေးသို့ကျရန်သာ ထုတ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်းပိုင်ရှောင််ချန်းမှာ ပြန်၍တိုက်ခိုက်နေသဖြင့် အကြီးအကဲကျိုးက ရုတ်တရက် ထိုမိုးကြိုးကို ပြန်၍သိမ်းရန်ကြိုးစားလိုက်သ​ည််။ သို့သော်လည်း သူက အကုန်လုံးကို မတားဆီးနိုင်လိုက်ပေ။

ခရမ်းရောင်ချီများက ပိုင််ရှောင်ချန်းအပေါ်တွင်ဝဲပျံနေပြီး မိုးကြိုးများနှင့် ထိမိသွားသောအခါ ဒယ်စောက်အိုးပုံကြီးတစ်ခု ထွက်လာသည်။ ထိုဒယ်စောက်အိုးကြီးက မိုးကြိုးများနှင့် တိုက်မိသွားသောအခါ ထစ်ချုန်းသံများထွက််လာပြီး ဘေးနားတစ်ဝိုက်ရှိ အရာအားလုံးတုန်လှုပ်ကုန်တော့သည််။ ခရမ်းရောင်ချီများက လွင့်စင်သွားပြီး မိုးကြိုးများမှာမူ တစ်ဝက်ခန့်မှေးမှိန်သွားကာ မြေကြီးကိုရိုက်ခတ်လိုက်တော့သည်။

ပိုင်ရှောင်ချန်း၏ မျက်နှာမှာ သွေးပျက်သွားပြီး နောက်တစ်ခေါက် ငိုသံပါအောင် အော်ဟစ်လိုက်ပြန်သ​ည်။

” ကယ်ပါဦး ဂိုဏ်းတူအစ်ကို​ရေး ။ ကယ်ပါဦး ဆရာရေ။ ကောင်းကင််ဘုံက ဆရာ့ရဲ့ဝိညာဥ်ရေ…. ကျုပ်ကို ကယ်ပါဦး ”

အကြီးအကဲကျိုးကမူ လေပေါ်တွင်ရပ်လိုက်ကာ ပိုင်ရှောင်ချန်းကို တအံ့တသြ ကြည့်နေတော့သည်။ သူက မိုးကြိုး၏အစွမ်းကို တစ်ဝက်လောက်လျှော့နိုင်လိုက်သော်လည်း ကျန်အင်အားတစ်ဝက်မှာ ချီစုစည်းမှုအဆင့်ကျင့်ကြံသူများကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့် အဆင့်ရှိသေးသ​ည်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ သွေးပျက်ကာ ချီအနှောင့်အယှက်ဖြစ်သွားရုံမှလွဲ၍ အခြားဘာမှ မဖြစ်ပေ။

“အဲ့တာ… ခရမ်းရောင်ချီဒယ်စောက်အိုး ဆင့်ခေါ်နည်းပဲ။ တုလင်ဖေးနဲ့ဟိုယွင်ဖေးတို့ကတော့ ပိုင်ရှောင်ချန်းက ခရမ်းရောင်ချီဒယ်စောက်အိုးဆင့်ခေါ်နည်းကို တတ်သွားပြီလို့ပြောတာပဲ။ ဒါပေမဲ့ အဲ့စွမ်းအားအဆင့်က အဆင့်ခုနစ်ချီစုစည်းမှုထက် မြင့်နေတယ် ။ ဒီကလေး အဲ့သိုင်းသုံးပြီး ထုတ်နိုင်တဲ့ အစွမ်းက အံ့မခန်းပါလား။”

အကြီးအကဲကျိုး၏မျက်လုံးများထဲတွင် ထူးဆန်းသောအလင်းရောင်တစ်ခု လင်းလက်နေသည်။ ပိုင်ရှောင်ချန်းက လက်ရှိမျိုးဆက်၏ လက်ရွေးစင် ဖြစ်ကြောင်းသိလိုက်ရသောအခါ သူ၏ဒေါသအချို့မှာ လျော့ပါးသွားတော့သည်။ ထို့အပြင် ပိုင်ရှောင်ချန်း၏နားကွဲလောက်သော အော်သံများကြောင့် သူကရယ်ရမလို ငိုရမလိုဖြစ်နေတော့သ​ည်။ သူက အေးစက်စွာ ဟင့်ခနဲ အသံတစ်ချက်ပြုကာ နောက်တစ်ခေါက် လိုက်ဖမ်းပြန်သည်။

” ဖီးနစ်ငှက်မှားလည်း ဂရုမစိုက်ဘူး။ ပိုင်ရှောင်ချန်းက အဓိကအကြောင်းအရင်းပဲ။ ဒီကလေးက ခေါင်းမာပြီး ဆိုးသွမ်းလွန်းတယ်။ ငါဒီအခွင့်အရေးယူပြီး သူငြိမ်သွားအောင် ခြောက်လိုက်မှရမယ်။”

Comment

Leave a Reply

Options

not work with dark mode
Reset