စာလိပ်အား ထိုသို့ လျင်မြန်စွာ ရေးနိုင်ခြင်းက သူတို့အားလုံးအား အံ့သြ ထိတ်လန့်စေသည်။ သူတို့အမြင်အရ သည်ကောင်လေးကား သဘာဝစွမ်းအင်အား ကြောက်မက်ဖွယ် ကောင်းအောင် ထိန်းချုပ်နိုင်စွမ်း ရှိနေသည်။ ပို၍ ကောက်ချက်ချရလျှင် သူကား မှော်စာလိပ်ကိုသာမက သာမန်တိုက်ခိုက်ရာတွင်ပင် သူ၏အဆင့်ထက်ပိုသော သိုင်းစွမ်းအားကို ထုတ်ဖော်နိုင်သည်ဟု ဆိုနိုင်ပေသည်။
“ကြည့်ရတာ ငါတို့က ဂုဏ်ထူးဆောင်အဆင့် ကျောင်းသားတစ်ယောက် ပျောက်နေတယ် ထင်တယ်… ပြီးတော့ ဒီကောင်လေးက အပြစ်ပေးခံထားရတဲ့ အနေအထားမှာ ရှိနေတယ်… တစ်ယောက်ယောက် ငါ့ကို နားလည်အောင် ရှင်းပြပေးနိုင်မလား…” မိုးကြိုးလျှပ်စီးဓာတ် ကျောင်းဆောင် ကျောင်းအုပ်က ရှီဇောင်အား ငဲ့ကြည့်လျက် မေးခွန်းထုတ်လိုက်သည်။
ရှီဇောင်ကား အတော်အနေရခက်သော အခြေအနေပင်ဖြစ်သည်။ မူရွန်ချူက ရန်သူများက ဝိုင်းဝန်းမေးငေါ့နေစဉ် အတွင်းတွင်ပင် တိုက်ခိုက်ရန် ငြင်းဆန်ခဲ့ရုံသာမက ယူရှင်း၏ခုနက တိုက်ပွဲစွမ်းဆောင်ရည်က သူ၏ဆုံးဖြတ်ချက်အား လူတိုင်းက သံသယဝင်စေ၏။ ထို့အပြင် ရီဖူရှင်း၏ ထူးကဲသော ပါရမီက သူ၏အခြေအနေအား ပို၍ပင် ဆိုးရွားစေလေသည်။
ရီဖူရှင်းကား အပြည့်အဝ အာရုံစိုက်လျက် စာလိပ်ရေးနေသည်။ သို့သော် ယွန်ရှင်းဟွာကား ဒေါသထွက်နေလေပြီ။ သူ၏အင်းကွက်ကား ရီဖူရှင်း၏စာလိပ်တွင် အသာစီးမရခြင်းက သူ့အတွက် အရှက်ရစရာဖြစ်သည်။
ယွန်ရှင်းဟွာက သူ၏မှော်တိုက်ကွက်များအား ဆက်တိုက်ပင် ပြင်ဆင်လိုက်သည်။ အမှန်တကယ်တွင်လည်း သူ၏တိုက်ကွက် အတော်များများက နိုးထခြင်း အဆင့်ထက်ပင် အင်အားပြင်းနေပြီ ဖြစ်သည်။ သို့သော် ရီဖူရှင်းမှာ သူ၏တိုက်ကွက်အား ဂရုစိုက်ပုံပင်မရပေ။ သူက ယွန်ရှင်းဟွာ၏တိုက်ခိုက်မှုဟူသမျှကို စာလိပ်တစ်လိပ် ဝှေ့ယမ်းလိုက်ရုံဖြင့် တားဆီးပြီးဖြစ်သည်။ မကြာခင် နောက်ထပ် မှော်စာလိပ်တစ်ခု ရေးပြီးသွားပြန်သည်။
နောက်ဆုံးတွင် ရီဖူရှင်းက တိုက်ခိုက်ရန် အမှန်တကယ် ပြင်ဆင်နေသော မှော်စာလိပ်မှာ ပြီးစီးသွားပြီ ဖြစ်သည်။ ထိုအခိုက်တွင် သူက စုတ်တံအား ပစ်ချလိုက်သည်။ ကြောက်မက်ဖွယ် မိုးကြိုးမုန်တိုင်းတစ်ခု ထိုမှော်စာလိပ်မှ ထွက်ပေါ်လာပြီး ယွန်ရှင်းဟွာထံသို့ တိုးဝင်သွား၏။
“ရေခဲချုပ်နှောင်သိုင်း…” ယွန်ရှင်းဟွာက သူ ခေါ်ထုတ်လိုက်သော ရေခဲစွမ်းအင်များနှင့် သူ၏ကိုယ်အား ပိတ်လှောင်လိုက်သည်။ ရေခဲချုပ်နှောင်သိုင်းကား ရန်သူအားလည်း တိုက်ခိုက်နိုင်သလို မိမိကိုယ်ကိုလည်း ရေခဲဖြင့် အုပ်ကာ ရန်သူ၏တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်သော နိုးထခြင်းအဆင့် မှော်သိုင်းကွက် ဖြစ်သည်။
မိုးကြိုးမုန်တိုင်းများကလည်း ကောင်းကင်မှတစ်ဆင့် ကြောက်မက်ဖွယ် ဆင်းသက်လာနေကြ၏။ သို့သော်လည်း ရေခဲဖြင့် ပိတ်လှောင်ထားသော ယွန်ရှင်းဟွာအား တိုက်ခိုက်မည့်အစား ယွန်ရှင်းဟွာ၏ကိုယ်အောက်မှ အင်းကွက်အား ဦးတည် နေကြလေသည်။ သဘာဝစွမ်းအင်များဖြင့် ဖန်တီးထားသော အင်းကွက်မှာ မိုးကြိုးမုန်တိုင်း၏ အောက်တွင် တဖြည်းဖြည်း တိုက်စားကာ ပျက်စီးသွားကြလေသည်။
“သတိထား… သူက အင်းကွက်ကို ဦးတည်နေတာ…” ဟိုင်ရန်ကျောင်းတော်မှ တစ်ယောက်က ယွန်ရှင်းဟွာအား သတိပေးရန် ကြိုးစားလိုက်သည်။
တစ်ချိန်တည်းမှာပင် ရီဖူရှင်းက မတ်တတ်ရပ်လိုက်သည်။ သူက ယွန်ရှင်းဟွာ ရှိနေရာသို့ လေ၏အလျင်ဖြင့် ခုန်ဝင်သွား၏။ သူကား လျင်မြန်လွန်းရကား ယွန်ရှင်းဟွာက အင်းကွက်အသစ်တစ်ခု ဖန်တီး၍ ခုခံရန် အချိန်ရမည့်ပုံ မပေါ်ပေ။
ယွန်ရှင်းဟွာကား မပေါ့ဆရဲတော့ပေ။ သူက ချက်ချင်း မတ်မတ်ရပ်လိုက်သည်။ အအေးဓာတ်များက သူ၏ကိုယ်အား လွှမ်းခြုံသွားပြီး ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအင်များအား စုစည်းလိုက်သည်။ သူကား သူ၏ကိုယ်အား အင်းကွက်အဖြစ် ပြောင်းလဲကာ သိုင်းကွက်ထုတ်ရန် ကြိုးစားလိုက်သည်။
သူ၏ပတ်ဝန်းကျင်ရှိ လေထုများအားလုံး ရေခဲအလား အေးစက်ကာ အေးခဲလာနေသည်။ သူ၏ဆံပင်များကလည်း အညိုရောင်တစ်လှည့် အဖြူရောင်တစ်လှည့် ပြောင်းလဲနေသည်။ သူက သူ၏ရှေ့တွင် ရေခဲချွန်များစွာ ဖြစ်ပေါ်လာပြီး သူက ရီဖူရှင်းအား အာရုံစိုက်လျက် ကြည့်နေ၏။
“သေစမ်း…” ယွန်ရှင်းဟွာကား အသိစိတ် ပျောက်သွားသည့် အလားပင်။ သူက ရေခဲချွန်များအား ရီဖူရှင်း၏ နှလုံးသားနေရာသို့ ချိန်ကာ အသေသတ်ရန် ကြိုးစားလိုက်သည်ကို ထိတ်လန့်ဖွယ် တွေ့မြင်လိုက်ရသည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် ရီဖူရှင်းထံမှ မီးတောက်ကြီးတစ်ခု ပွင့်ထွက်လာနေသည်။ မကြာခင်ပင် မီးလျှံမီးတောက်များစွာ ဆက်တိုက်ပင် ထွက်ပေါ်လာလေ၏။
“ကြယ်တံခွန်သိုင်း…” ချင်းကျူကျောင်းတော်မှ လူများအားလုံး ဇဝေဇဝါ ဖြစ်သွားကြ၏။ ကြယ်တံခွန်သိုင်းကွက်ကား… အမှန်အားဖြင့် မှော်သိုင်းကွက် အမျိုးမျိုးတို့၏ အခြေခံအကျဆုံးသော သိုင်းကွက်ဖြစ်ပြီး သူ၏အင်အားမှာ အကန့်အသတ် ရှိလေသည်။
မေးခွန်းကား ထိုအရာက ဘယ်နေရာက လာသနည်း။
ရီဖူရှင်းက နေရာတစ်ခုတည်းတွင် မီးဓာတ်စွမ်းအင်အား ထိန်းချုပ်ကာ ထုတ်လွှတ်ခဲ့သည်လား။ ထိုအရာကား မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာက နိုးထခြင်းအဆင့်နှင့် မသက်ဆိုင်သော သဘာဝ စွမ်းအင်အား အာရုံခံနိုင်စွမ်း အဆင့်ဖြစ်သည်။
“သူက သိုင်းပညာစွမ်းအင်နဲ့ မိုးကြိုးလျှပ်စီးကို အာရုံခံနိုင်စွမ်း အမြင့်ဆုံးပဲ…”
လူတိုင်းက သူ၏ အာရုံခံနိုင်စွမ်း ပါရမီကို သတိရလိုက်ကြသည်။ နောက်ဆုံးတွင် သူတို့အားလုံးက ရီဖူရှင်းမှာ မီးဓာတ်သဘာဝစွမ်းအင်ကိုလည်း အာရုံခံနိုင်စွမ်း အမြင့်ဆုံးဖြစ်ကြောင်း သိရှိလိုက်ကြသည်။
မှန်ပေသည်။ ကြယ်တံခွန်သိုင်းကွက်က တိုက်ခိုက်ရန် ရည်ရွယ်ချက် ဟုတ်ဟန်မတူပေ။ ယွန်ရှင်းဟွာက သူ၏လက်အား မြှောက်လိုက်လျှင် သူ၏ရေခဲချွန်များက သူ၏ရှေ့မှ မီးတောက်များ အားလုံးကို ဖျက်ဆီးလိုက်လေသည်။ သို့သော်လည်း ထပ်မံ၍ မီးတောက် အများအပြားက သူ၏မြင်ကွင်းသို့ ဝင်လာကြပြန်သည်။ ရီဖူရှင်းက မီးတောက်များအား အသုံးပြုလျက် သူ၏မြင်ကွင်းအား နှောင့်ယှက်နေခြင်း ဖြစ်ကြောင်း သူ သိလိုက်သည်။
ယွန်ရှင်းဟွာက ထိုနှောင့်ယှက်ခြင်းမှာ အသုံးမဝင်ဟု သတ်မှတ်ထားသည်။ သူကား ဖြစ်နိုင်ဖွယ် တိုက်ခိုက်မှုများ အားလုံးကို တွက်ချက်ကာ အဆင်သင့်ပြင်ထားသည်။
ရုတ်တရက် ရီဖူရှင်းက သူ၏ဘေးသို့ လျင်မြန်စွာ ခုန်ဝင်လာ၏။ ထိုအခိုက်တွင်ပင် ယွန်ရှင်းဟွာက ဒေါသတကြီးအော်လိုက်ပြီး သူ၏ရေခဲချွန်များ အားလုံးက ရီဖူရှင်းထံသို့ လျင်မြန်စွာ တိုးဝင်သွားကြလေသည်။
သူက တိုက်ခိုက်နေစဉ် ရီဖူရှင်းကား မီးတောက်မီလျှံများဖြင့် ဖုံးလွှမ်းလာနေကာ တောက်ပလွန်းရကား သူကား နေနတ်ဘုရားနှင့်ပင် တူနေသည်။ ရေခဲချွန်များက ရီဖူရှင်း၏အနားသို့ ကပ်လာသည်နှင့် အားလုံးက အရည်ပျော်သွားလေသည်။
ရီဖူရှင်း၏ခန္ဓာကိုယ်ကား အေးခဲမှုအားလုံးကို ပယ်ဖျက်ပေးနိုင်သော မီးပြင်းဖိုတစ်လုံးထက် အဆမတန် ပူပြင်းလှသည်မှာ သံသယ ဖြစ်စရာမရှိပေ။
ရေဓာတ်သဘာဝ စွမ်းအင်ကား မီးဓာတ် သဘာဝစွမ်းအင်ကို ပြန်ပြီး တိုက်ခိုက်နိုင်သည်။ သို့သော် မီးဓာတ်သဘာဝစွမ်းအင်က ပို၍ အားပြင်းခဲ့ပါက ရလဒ်မှာ နောက်တစ်မျိုး ဖြစ်သွားနိုင်သည်။
“မဟုတ်ဘူး… ရှင်းဟွာ… ပြန်လာခဲ့…” သိမ်းငှက်မျက်လုံးနှင့်လူက ယွန်ရှင်းဟွာအား အော်ဟစ်လိုက်သည်။ သို့သော် ရီဖူရှင်းကား အလွန်မြန်ဆန်သည်။ သူ၏ကိုယ်က လေထဲသို့ မြောက်သွားသည်။ ထို့နောက် မီးနဂါးတစ်ကောင်လို မီးလျှံများ ဝန်းရံလျက် ယွန်ရှင်းဟွာထံသို့ တိုးဝင်သွားသည်။ ထိုအရာကား ရီဖူရှင်းက တိုက်ခိုက်နေစဉ် မီးနဂါးတစ်ကောင်က သူ၏နေရာအား ဝင်ယူသွားသည်နှင့်ပင် တူလှသည်။
ခုခံနေသည့် ရေခဲများအားလုံး ပျောက်ကွယ်သွားသည်။ ယွန်ရှင်းဟွာက လွတ်မြောက်စရာ လမ်းကြောင်း မရှိတော့သည်ကို သိလိုက်သည်။ သူ၏ကိုယ်မှ အင်းကွက်က ပတ်ဝန်းကျင်ရှိ လက်ကျန် ရေဓာတ်သဘာဝ စွမ်းအင်များ အားလုံးကို စုစည်းကာ ထိုရှောင်ဖယ်၍ မရနိုင်သော တိုက်ခိုက်မှုအား ခုခံရန် ကြိုးစားလိုက်သည်။
နဂါးတစ်ကောင်၏ ဟိန်းအော်သံက လေထုတစ်ခုလုံးအား လှုပ်ခတ်သွားစေကာ ရီဖူရှင်း၏သိုင်းကွက်က ထို ရေခဲတံတိုင်းအား အရှိန်အဟုန်ဖြင့် တိုးဝင်သွားကာ ဝုန်းခနဲ မြည်သံနှင့်အတူ ယွန်ရှင်းဟွာကား ထိုတိုက်ခိုက်မှုကြောင့် လေထုထဲသို့ပင် မြောက်တက်သွားလေသည်။ မီးတောက်များက သူ၏အသားများအား ထိုးဖောက်စိမ့်ဝင်သွားကာ သူ၏တစ်ကိုယ်လုံးအား လောင်ကျွမ်းသွားစေသည်။
ဟိုင်ရန်ကျောင်းတော်မှ အရေးပါသော လူအတော်များများက ရှေ့သို့တက်လာကာ ယွန်ရှင်းဟွာအား ဖမ်းဆီးလိုက်ကြသည်။ မကြာခင် ထိုလူငယ်၏ ဘေးနားသို့ လူအတော်များများ ဝိုင်းရံလာကြသည်။ သူတိုအားလုံးက အလွန်စိုးရိမ်သော ပုံဟန်ရှိနေသည်။
သူ၏ပါးစပ်မှ သွေးတစ်ပွက် အန်ကျသွားသည်။ သူက သူ၏ဘေးမှ လူများအား ကြည့်ကာ မချိပြုံးပြုံးလျက် ပြောလိုက်သည်… “ငါမသေပါဘူး…”
သူ၏မောက်မာသော မျက်လုံးများက ရီဖူရှင်းအား အေးစက်စွာ ကြည့်နေလိုက်သည်။ သူကား နိုးထခြင်းအဆင့်မှ အဆင့်တူသောသူအား အမှန်တကယ် ရှုံးနိမ့်ခဲ့လေသည်။
ရီဖူရှင်းကလည်း သူ့အား ကြည့်နေသည်။ သူက တည်ငြိမ်စွာပင် ပြောလိုက်သည်… “တချို့က မှော်ထိန်းချုပ်သူက ဘယ်တော့မှ မရှုံးဘူးဆို… ဟုတ်လား…”
နောက်ထပ် သွေးတစ်ပွက် အန်ထွက်လာပြန်သည်။ ယွန်ရှင်းဟွာကား ငယ်စဉ်ကတည်းက ဟိုင်ရန်ကျောင်းတော်၏ ဂုဏ်ဆောင်အနေဖြင့် သတ်မှတ်ခံထားရသူဖြစ်ကာ ယခုကဲ့သို့ တစ်ကြိမ်တစ်ခါမှ အရှက်ခွဲ မခံခဲ့ရဖူးပေ။
မည်သို့ပင်ဆိုစေ သူကား ရှုံးနိမ့်ခဲ့လေပြီ…။ သူကား ထိုအမှန်တရားကို ငြင်းပယ်၍ မရတော့ပေ။
“မင်းဘယ်သူလဲ…” သူက ရီဖူရှင်းအား သူ၏မှတ်ညဏ်ထဲတွင် လုံးဝမမေ့အောင်။ မှတ်မိအောင် သူ၏ကိုယ်တွင် ရှိသမျှအင်အားဖြင့် စိုက်ကြည့်လိုက်သည်။
“ငါ့နာမည် ရီဖူရှင်း…”
သိမ်းငှက်မျက်လုံးနှင့်လူက အနည်းငယ် အံ့အားသင့်သွားကာ မေးလိုက်သည်… “ချင်းကျူ ကျောင်းတော်ရဲ့ နွေဦးရာသီနဲ့ ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲတွေက ဂုဏ်ထူးရ ကျောင်းသားတွေ အကုန်လုံးရဲ့နာမည်တွေကို သိတယ်… ဘာလို့ မင်းက ဒီထဲမှာ မပါတာလဲ…”
ရီဖူရှင်းကဲ့သို့ စွမ်းအားကောင်းသော မှော်ဆရာမှာ ချင်းကျူ ကျောင်းတော်အတွင်း မည်သည့်အရာမျှ မရောက်သည်ကို သူမယုံနိုင်ပေ။
ချင်းကျူ ကျောင်းတော်မှ ကျောင်းအုပ်များမှာ ထိုမေးခွန်းကြောင့် အတော်အတန် သက်သောင့်သက်သာ မရှိသလို ခံစားလိုက်ကြရသည်။ ရီဖူရှင်းအား ဂုဏ်ထူးစာရင်းအဆင့်မှ ဖယ်ရှားထားခြင်း၏ နောက်ကွယ်တွင် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်သည်။ သို့သော်လည်း သူတို့က ထိုမေးခွန်းအား အမှန်အတိုင်း ဖြေကြားနိုင်ခြင်း မရှိပေ။
ရီဖူရှင်းကလည်း ထိုအခွင့်အရေးအား အသုံးချက်လျက် ချင်းကျူ ကျောင်းတော်၏ ကျောင်းအုပ်များအား သရော်လိုက်သည်… “မင်းသိလား… ငါက ဂုဏ်ထူးစာရင်းမှာ မပါရုံတင်မကဘူး… ကျောင်းထုတ်ခံရမည့် စာရင်းမှာတောင် ထည့်ထားခံထားရတာ…”
“မင်းက အနိုင်ရသူပဲ… ဒီလောက်အဆင့်အထိ ငါ့ကို သရော်စရာလိုလို့အား…” ယွန်ရှင်းဟွာက ရီဖူရှင်းအား စိုက်ကြည့်လိုက်သည်။ ရီဖူရှင်းက သူ့အား ရယ်စရာဖြစ်အောင် လုပ်နေခြင်းဟု သူကထင်နေသည်။
“သူကအမှန်ကို ပြောနေတာ…” ယူချင်းက ပြောလိုက်သည်။ သူကလည်း ထိုအမှန်တရားအား သဘောမကျသည်မှာ ထင်ရှားသည်။
ဟိုင်ရန်ကျောင်းတော်မှ လူများအားလုံး ဇဝေဇဝါ ဖြစ်သွားကြသည် သို့သော် မကြာခင် သိမ်းငှက်မျက်လုံးနှင့်လူက ချင်းကျူကျောင်းတော်မှ ကျောင်းအုပ်များအား ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလျက် ပြောလိုက်သည်… “တကယ်လား… မင်းတို့က ဒီလိုပါရမီရှင်ကို ကျောင်းထုတ်မည့် စာရင်းမှာ ထည့်ထားတယ် ဟုတ်လား… ကောင်လေး… မင်း ဒီကျောင်းကထွက်ပြီး ငါတို့နဲ့လိုက်ခဲ့… ဟိုမှာ မင်းကြယ်တစ်ပွင့် ဖြစ်နေရစေမယ်လို့ ငါကတိပေးတယ်…”
ချင်းကျူကျောင်းတော်မှ လူများ။ အထူးသဖြင့် ကျောင်းအုပ်များမှာ ထိုဖိတ်ခေါ်ခြင်းနှင့် ပတ်သက်ပြီး အတော်ရှက်စရာ ကောင်းသည်ဟု ခံစားကြရသည်။ သူတို့၏ရန်သူကား သူတို့က ကျောင်းထုတ်ရန် လျာထားသော ကျောင်းသားအား ဖိတ်ခေါ်နေသည် မဟုတ်ပါလား။ မည်မျှ ကသိကအောက် ဖြစ်စရာ အခြေအနေနည်း။
“စဉ်းစားပေးတဲ့အတွက် ကျေးဇူပါ… ဒါပေမဲ့…မလိုဘူး…” ရီဖူရှင်းက တစ်ခါတည်း ငြင်းလိုက်သည်။
“သေချာတာပေါ့… နောက်တစ်ခါ တွေ့တဲ့အခါ ငါတို့က တကယ့်တိုက်ပွဲ အစစ်အမှန်ကို တိုက်ကြရလိမ့်မယ်…” သိမ်းငှက်မျက်လုံးနှင့် လူ၏လေသံက သတိပေးလိုသည့် သဘောများ ပါဝင်နေသည်။
“သွားစို့…” သိမ်းငှက်မျက်လုံးနှင့်လူက သူ၏လူများအား ပြောလိုက်သည်။
ဟိုင်ရန်ကျောင်းတော်မှ လူများက ချင်းကျူ ကျောင်းတော်မှ လူများအား ကြည့်လိုက်သည် ထို့နောက် နောက်သို့လှည့်ကာ ထွက်သွားကြသည်။ သူတို့က ရှုံးနိမ့်ခဲ့သော်လည်း သူတို့၏ ဝင့်ကြွားမှုများကား နည်းနည်းမျှပင် လျော့နည်းသွားပုံ မရပေ။
အမှန်တွင် ချင်းကျူ ကျောင်းတော်မှ လူများမှာလည်း ယခုမှပင် သက်သာရာရသလို ခံစားကြရလေသည်။
သူတို့၏ထိပ်တန်း ကျောင်းသားများမှာ သုံးပွဲလုံး ရှုံးနိမ့်ခဲ့ကြသည်။ ရီဖူရှင်းနှင့် ယူချင်းတို့ကြောင့်သာ မဟုတ်လျှင် ကျောင်းတော်ကား သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အရှက်ကွဲခြင်းဖြင့် ကြုံရမည် ဖြစ်ပေသည်။
သူတို့၏ ကျောင်းတော်အား ကယ်တင်သူများထဲမှ တစ်ယောက်မှာ ကျောင်းထုတ်ခံရရန် လျာထားခြင်း ခံရသူဖြစ်ပြီး နောက်တစ်ယောက်မှာ ဂုဏ်ထူးစာရင်းအဆင့်မှ ပထမနေရာကို လွဲချော်ခဲ့သူ ဖြစ်နေသည်။ မည်မျှ ဆိုးရွားသော အခြေအနေ ဖြစ်သနည်း။
သူတို့အားလုံး၏ မျက်လုံးများက ထိုကောင်လေး နှစ်ယောက်ထံသို့ ရောက်နေကြပြီ ဖြစ်သည်။ လူတိုင်းက ထိုခဏမှာပင် သူတို့နှစ်ယောက်မှာ မည်မျှ စွမ်းအားကြီးသည်ကို သိပြီး ဖြစ်၏။
တိုက်ပွဲမတိုင်မီက သူတို့မှာ ဘဝင်မြင့်နေသော ကိုးလိုးကန့်လန့် ကျောင်းသားဆိုးများသာဟု လူတိုင်းက တွေးထင်ခဲ့ကြသည်။
သို့သော်လည်း ယခုကား သူတို့၏ ဘဝင်မြင့်မှုမှာ ထိုက်တန်သည်ဟု လူတိုင်းက လက်ခံကြရလေသည်။
“ရီဖူရှင်း… ကျောင်းတော်ကိုယ်စား ငါကပဲ တောင်းပန်ချင်တယ်… ငါတို့က မင်းကို ကောင်းကောင်း မဆက်ဆံခဲ့ဘူး… ငါတို့ရဲ့အမှားကို သိရတာ ဝမ်းသာစရာပဲ… အခု ငါတို့က မင်းဟာ မိုးကြိုးလျှပ်စီး၊ မီးနဲ့သိုင်းပညာ စွမ်းအင်တို့မှာ အာရုံခံနိုင်စွမ်း အမြင့်ဆုံးဆိုတာ သိပြီးပြီ… မင်းက ဘယ်ကျောင်းဆောင်ကို တက်မယ် စိတ်ကူးထားလဲ…” ဓားခန်းမသခင် လင်ရှန်းဖန်က ရီဖူရှင်း၏ ဆုံးဖြတ်ချက်အား မေးလိုက်သည်။ ကျောင်းအုပ်များ အားလုံးက ထိုရီဖူရှင်း၏ ပါရမီများနှင့် မှော်စာလိပ်ရေး စွမ်းရည်တို့က သူ မည်သည့် ကျောင်းဆောင်ကို ရွေးချယ်စေကာမူ သူကား ကြယ်တစ်ပွင့် ဖြစ်လာမည်မှာ သေချာသည်ဟု ယုံကြည်ကြသည်။
သိုင်းပညာ ကျောင်းဆောင်များနှင့် မှော်ပညာ ကျောင်းဆောင်များ အားလုံးက သူတို့၏ ဆုံးဖြတ်ချက်အား စောင့်နေကြ၏။
“ပြီးတော့… ယူချင်း… မင်းကိုဆို ငါတို့က သိုင်းပညာကျောင်းကို ပိုပြီးရွေးစေချင်တယ်… တကယ်လို့ မင်းရွေးခဲ့မယ်ဆိုရင်… ငါကမင်းကို ငါ့ရဲ့တိုက်ရိုက် တပည့်အနေနဲ့ လက်ခံမယ်… ငါကတိပေးတယ်…” သိုင်းပညာကျောင်းဆောင် ကျောင်းအုပ်က ယူချင်းအား ဖိတ်ခေါ်လိုက်သည်။
“သတ္တုဓာတ်ကျောင်းဆောင်ကိုပဲ စဉ်းစားပါ ယူချင်း… မင်းက ငါတို့အတွက် တကယ်ကောင်းမွန်တဲ့ ကျောင်းသားဖြစ်လာမှာ…” သတ္တုဓာတ်ကျောင်းဆောင် ကျောင်းအုပ်ကလည်း ဆွဲဆောင်လိုက်သည်။
ယူချင်းက ဘာမှမပြောဘဲ ရီဖူရှင်းအား ကြည့်လိုက်သည်။ ရီဖူရှင်းက သူတို့နှစ်ယောက်အတွက် ဆုံးဖြတ်ချက် ချလိမ့်မည် ဖြစ်သည်။
ကျောင်းအုပ်များက ယူချင်း၏အကြည့် ဆိုလိုရင်းကို နားလည်လိုက်ကြသည်။ သူတို့က ရီဖူရှင်းကသာလျှင် ဆုံးဖြတ်ချက်ချမည်ကို သိလိုက်ကြသည်။
လူတိုင်းက ရီဖူရှင်းအား ကြည့်နေကြသည်။ သူတို့က သူ မည်သို့ ဆုံးဖြတ်မည်ကို သိလိုကြသည်။
ရီဖူရှင်းကလည်း ကျောင်းအုပ်များက သူတို့အား မည်သို့ မျှော်လင့်ထားသည်ကို သိပြီးဖြစ်သည်။ သူက ဖြည်းညင်းစွာ ပြောလိုက်သည်… “ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲမှာ ဖြစ်ခဲ့တာတွေ အကုန် အဆုံးသတ် သွားပြီလား…”
ထိုမေးခွန်းက ကျောင်းအုပ် တော်တော်များများအား ကသိကအောက် ဖြစ်စေသည်။ ကျောင်းသားများ အားလုံးကလည်း ယခုအခြေအနေတွင်ပင် ထိုကိစ္စအား မမေ့နိုင်သေးသည့် သူတို့အား မည်မျှခေါင်းမာသည်ကို တွေးလိုက်ကြသည်။
“ဒီကောင်လေး…” ချင်ယီက ရေရွတ်လိုက်သည်။ သူမကလည်း ရီဖူရှင်းနှင့် ယူချင်းအတွက် ဝမ်းသာရပေသည်။ သူတို့၏စွမ်းရည်အား ကျောင်းတော်မှ အသိအမှတ်ပြုလိုက်ပြီ မဟုတ်ပါလား…။ သူတို့၏အနာဂတ်မှာ ကောင်းမွန်တော့မည်မှာ သံသယဖြစ်စရာ မရှိပေ။ သို့သော်လည်း သူတို့က အဘယ်ကြောင့် ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲမှ ကိစ္စအား ပြန်အစဖော်ကာ ကိုးလိုးကန့်လန့် လုပ်နေရသနည်း။
လင်ရှန်းဖန်က ရီဖူရှင်းအား ကြည့်လိုက်သည်။ သူကား ရှီဇောင်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ပို၍ပင် စိတ်မကျေမနပ် ဖြစ်သွားလေသည်။ သူကပြောလိုက်သည်… “ရီဖူရှင်း… ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲမှာ ဆုံးဖြတ်ချက် မှားသွားခဲ့တာ ငါတို့ ဝန်ခံတယ်…ဒါပေမဲ့… မင်းတို့က အခု ဘယ်လောက် စွမ်းအားမြင့်လဲဆိုတာ သက်သေပြပြီးပြီ။
“မှားပြီးဆုံးဖြတ်တာ…” ရီဖူရှင်းကား ကျေနပ်သေးပုံမရဘဲ ရယ်မောနေသည်။ သူက မူရွန်ချူက ရာသီကုန်စာမေးပွဲတွင် ပထမရှိခဲ့သည့် နောက်ကွယ်တွင် တစ်စုံတစ်ခု ရှိနေသည်ကို သိသည်။ လင်ရှန်းဖန် ပြောနေသည်ကား သူ့အား နှစ်သိမ့်ရန်သာ ဖြစ်သည်။
“ဒါဆို မင်း ဘာလိုချင်လဲ…” လင်ရှန်းဖန်က မေးလိုက်သည်။
ရီဖူရှင်းက အနည်းငယ် ဦးညွှတ်၍ ပြောလိုက်သည်… “ရိုးရိုးသားသား ပြောရရင် ကျွန်တော်က ကျောင်းတော်ရဲ့ တရားဝင် ကျောင်းသားတောင် မဖြစ်သေးပါဘူး…။ ဒါက မှားယွင်း ဆုံးဖြတ်တာလား မဟုတ်ဘူးလားဆိုတာ ကျွန်တော် တကယ် ပြောဖို့ မသင့်တော်ပါဘူး… ကျွန်တော်တို့က ဟိုင်ရန်ကျောင်းတော်ကို အနိုင်ယူပေးတာက ဒီသုံးနှစ်အတွင်းမှာ သင်ယူခဲ့ရတာတွေအတွက် ပြန်ပြီး ပေးဆပ်ခဲ့တာပါ… တရားဝင်ကျောင်းသား ဖြစ်လာဖို့ကတော့ မလိုတော့ပါဘူး…”
လူတိုင်းက ထိုဆုံးဖြတ်ချက်ကြောင့် အံ့အားသင့် မှင်တက်သွားရသည်။ ထိုပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက် သွားသည်။ နှင်းဖွဲများမှအပ လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိပေ။ လူတိုင်းက သည်ကောင်လေး နှစ်ယောက်မှာ မည်မျှ ခေါင်းမာသည်ကို နားလည်လိုက်ကြ၏။
***