အကြီးအကဲကျိုး၏ အသံမှာ မွှေးရနံ့တိမ်တောင်တစ်ခုလုံး ပျံ့နှံ့သွားပြီး အရပ်မျက်မှာတစ်ခွင် ပဲ့တင်ထပ်သွားသည်။ သူ၏စကားလုံးများကိုကြားလ်ိိုက်ရသောအခါ မရေမတွက်သောဂိုဏ်းသားများ၏ မျက်နှာများတွင် ထူးဆန်းသော အမူအရာများပေါ်လာသည်။ အရင်တစ်နေ့ကဖြစ်ရပ်ကြောင့် လူတိုင်းတုန်လှုပ်နေကြသည် မဟုတ်ပါလော။
မွှေးရနံ့တိမ်တောင်ပေါ်ရှိ အခြားအကြီးအကဲများကလည်း ထိုကြောက်မက်ဖွယ်ဖြစ်ရပ်များကြောင့် တုန်လှုပ်နေကြသည်။ ဖီးနစ်ငှက်အထီးကောင်မှာ အကြီးအကဲကျိုး၏ ချစ်လှစွာသော အိမ်မွေးတိရစ္ဆာန်များထဲမှ တစ်ကောင်ဖြစ်သည်။ ထို့ကြောင့်လည်း မည်သူကမှ အနားမကပ်ရဲကြပေ။ ထိုစိတ်ရူးပေါက်နေသော သားရဲကောင်ကို မတော်တဆထိခိုက်စေမိခဲ့ပါက အကြီးအကဲကျိုး ဒေါကန်မည်မှာ ဧကန်ပင်။
အရေးအကြီးဆုံးအချက်မှာ မွှေးရနံ့တိမ်တောင်ပေါ်တွင် ငှက်များကိုမွေးမြူသူမှာ အကြီးအကဲကျိုး တစ်ယောက်ထဲသာရှိ၍ သူ့၏ကိုယ်ရေးကိုယ်တာကိစ္စများကို မည်သူကမျှ ဝင်မစွက်ဖက်ချင်ကြပေ။.
ဝိညာန်အမြီးကြက်များတုန်းက လီချင်းဟောက်သည် အဝေးရောက်နေပြီး သူ၏တပည့် ကျိုးရှင်းချီမှာလည်း တစ်ခုခုဆောင်ရွက်ရန် အခွင့်အာဏာသိပ်မရှိခဲ့ပေ။ ထို့အပြင် ထိုဖီးနစ်ငှက်အထီးမှာ စွမ်းအားကြီးလွန်းလှသဖြင့် ကျိုးရှင်းချီမှာ ခပ်လှမ်းလှမ်းကနေ နီရဲနေသောမျက်နှာဖြင့်သာရပ်ကြည့်ကာ ရှေ့သို့ မတိုးရဲပေ။
ဖြစ်ပျက်နေသည်များကို အကြီးအကဲကျိုးမြင်လိုက်သောအခါ တုန်လှုပ်နေတော့သည်။ အော်မြည်နေသော ဖီးနစ်ငှက်ကြီးကို မြင်သောအခါ သူ၏နှလုံးသားမှာ နာကျင်နေတော့သည်။ ဘေးနားရှိ စိတ်ဓာတ်ကျကာ ခြေကုန်လက်ပန်းကျနေသော ငှက်များကိုမြင်လိုက်ရသောအခါ သူ့မှာငိုချင်သော်လည်း မျက်ရည်ထွက်မလာပေ။
အကြီးအကဲကျိုးက တာအိုဆေးပညာတွင်ကျွမ်းကျင်သဖြင့် ထိုဖီးနစ်ငှက်ကို တစ်ယောက််ယောက်က ဆေးတစ်မျိုးမျိုး တိုက်လွှတ်လိုက်မှန်း ချက်ချင်းသိလေသည်။
” ဒီကိစ္စရဲ့ တရားခံကို ငါရအောင် ပေါ်ထုတ်ပြမယ် ” အကြီးအကဲကျိုးက ဒေါသမီးများလောင်ကျွမ်းနေသော အမူအရာနှင့် အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ဆေးဖော်စပ်ရာအဆောင်ရှိ သူ၏အလုပ်ခန်းထဲတွင် ရောက်နေသည်။ အတွင်းကဆိုလျှင် ပြင်ပမှအသံများကို တော်ရုံမကြားရသော်လည်း အကြီးအကဲကျိုး၏ ဒေါသတကြီးအော်ဟစ်သံများက သူ၏နားဝသို့ရောက်လာသောအခါ ရင်ထဲတွင် တုန်လှုပ်သွားသည်။ ထို့နောက် သူက မတရားစွပ်စွဲခံနေရသည်ဟုတွေးလိုက်ပြီး ဒေါသထွက်သောအရိပ်အယောင်များ သူ၏မျက်နှာတွင် ပေါ်လာသည်။
သူ့ဆီသို့ ဇယားလာမရှုပ်ရန်နှင့် အကြီးအကဲကျိုး သူ့ကိုလိုက်မဖမ်းရန်သာ သူ ဆုတောင်းနေနိုင်တော့သည်။ ဆူပုတ်နေသောမျက်နှာဖြင့် သူက ထိုကာမအားတိုးဆေးဖန်တီးခဲ့စဥ်က လမ်းစဥ်အဆင့်ဆင့်ကိုပြန်တွေးလိုက်ပြီး ထိုဆေးကိုပို၍ အစွမ်းထက်အောင်လုပ်ရန် စဥ်းစားနေတော့သည်။
ရက်ပေါင်းများစွာ လေ့လာတွေးတောပြီးနောက်တွင် သူက အပြင်သို့ အကြိမ်အနည်းငယ်ထွက်ကာ ဆေးပင်များကို သွားဝယ်ပြီး စွမ်းဆောင်မှုရမှတ်များကိုသုံးကာ ရှားပါးပါဝင်ပစ္စည်းများနှင့် လဲလှယ်လိုက်သည်။ အဆုံးတွင် သူကဆေးဖော်စပ်ရာအဆောင်သို့ ပြန်လာပြီး ဆေးဖော်စပ်ရန် ပြင်လိုက်တော့သည်။
မကြာမီတွင် ပေါက်ကွဲသံများ ပေါ်ထွက်လာတော့သည်။ နယ်လှည့်သမားတော်အဖြစ်ရာထူးတိုးပေးသည့် နတ်မီးလျှံစမ်းသပ်ပွဲတုံးက ပိုင်ရှောင်ချန်းက သူ့နည်းသူ့ဟန်နှင့် ဆေးဖော်စပ်နည်းတစ်ခု တီထွင်န်ိုင်ခဲ့သည်။ သို့သော်လည်း ထိုအခြေအနေမှာ အသိဉာဏ်အနည်းငယ်ပွင့်သွားရုံမျှဖြင့် ရှိပြီးသားဆေးဖော်စပ်နည်းကို အနည်းငယ် ပြောင်းလဲမှုလုပ်လိုက်ခြင်းသာ ဖြစ်သည်။
ယခုအခြေအနေမှာမူ ထိုစဥ်ကနှင့်မတူဘဲ လုံးဝအသစ်တစ်ခုကို ဖန်တီးရခြင်းဖြစ်သည်။ ထိုနှစ်ခု၏ ခက်ခဲမှုများမှာ နှိုင်းယှဥ်၍ပင်မရပေ။ ထို နတ်မီးလျှံစမ်းသပ်ပွဲမှာ ပိုင်ရှောင်ချန်း၏ တာအိုဆေးပညာအဆင့်နှင့်ဆိုပါက ဤကဲ့သို့အသစ်တစ်ခုကို ဖန်တီးနိုင်မည်မဟုတ်ပေ။ သို့သော်လည်း တစ်နှစ်ကျော်အောင် တာအိုဆေးပညာများကို လေ့လာပြီးပြီဖြစ်သဖြင့် ထိုသို့အသစ်ကြိုးစားဖန်တီးရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
သူသည် အပြည့်အဝ မကျွမ်းကျင်သေးသော်လည်း အခြားနယ်လှည့်သမားတော်များ စိတ်ကူးထဲပင်မထည့်ရဲသော လမ်းကိုစတင်လျှောက်လှမ်းနေပြီဖြစ်သည်။ ထိုလမ်းစဥ်မှာ အဆင့်မြင့်သမားတော်များသာ နားလည်နိုင်သည့် လမ်းစဥ်မျိုးဖြစ်သည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ လတစ်ဝက်ကြာသည်အထိ ပိုင်ရှောင်ချန်းမှာ ဆေးဖော်စပ်နည်းအသစ်တီထွင်ရန် ဆေးဖော်စပ်ဆောင်ထဲတွင် စိတ်ရောကိုယ်ပါ နှစ်မြုပ်ထားဆဲဖြစ်သည်။ ကြိမ်ဖန်များစွာကြိုးစားပြီးသောအခါ သူ၏ စိတ်ကူးအပိုင်းအစများကို ကျစ်လစ်သောအယူအဆတစ်ခုထဲဖြစ်အောင် ပုံသွင်းရန် ကြံနေပြီဖြစ်သည်။
သူက ဆေးနောက်ထပ်တစ်ကြိမ် ဖော်စပ်ရန်ပြင်လိုက်စဥ်တွင် အကြီးအကဲကျိုးက အားအင်ချိနဲ့နေသော ဖီးနစ်ငှက်လေးကို ဆေးလုံးတစ်လုံးကျွေးရင်း နာကျည်းနေသော အမူအရာဖြင့် မွှေးရနံ့တိမ်တောင်ထိပ်တွင် ရပ်နေသည်။
” ကျန်းမာအောင် အနားယူပါကလေးရေ။ မင်းလုပ်ခဲ့တာတွေက မင်းရဲ့ဆန္ဒအစစ်အမှန်ကြောင့် မဟုတ်ပါဘူး။ မင်းအမှားတွေ မပါပါဘူးကွာ။ မင်းနေပြန်ကောင်းလာတဲ့ထိပဲစောင့်။ အဲ့ကျရင် မင်းကိုအဲ့ဆေးလုံးကျွေးခဲ့တဲ့ကောင်ကို ငါသွားရှာပေးမယ်။ အဲ့ကောင်ဘာကောင်ကြီး ဖြစ်နေဖြစ်နေ ငါဂရုမစိုက်ဘူး။ တန်ရာတန်ကြေး ပြန်ပေးဆပ်စေရမယ် ” အကြီးအကဲကျိုးက ရက်စက်မှုများပြည့်နှက်နေသော မျက်လုံးကြီးများဖြင့် ဇာမနီငှက်ကို နှစ်သိမ့်ရင်း ပြောဆိုနေသည်။ ပြီးခဲ့သောလဝက်အတွင်း သူက မွှေးရနံ့တိမ်တောင်တွင် စေ့စပ်သော စုံစမ်းမှုများကိုပြုလုပ်ခဲ့သည့်အပြင် တောင်ဘက်ခြမ်းရှိ အခြားတောင်များကိုပါ သတင်းမေးထားပြီးဖြစ်သည်။
သို့သော်လည်း ကံမကောင်းစွာနှင့်ပင် သဲလွန်စတစ်ခုလေးတောင် ရှာမတွေ့ပေ။ ထို့ကြောင့် ဖီးနစ်ငှက်ပြန်ကောင်းလာသည်ကိုစောင့်ပြီး ထိုငှက်ကိုခေါ်ကာ တရားခံကိုလိုက်ရှာရုံသာ ကျန်တော့သည်။
သူစုံစမ်းခဲ့စဥ်က မွှေးရနံ့တိမ်တောင်သည် အတောင်ပံပါသောငှက်များ ရှောင်ရှားရာနေရာကြီးတစ်ခုဖြစ်သွားကြောင်း တွေ့လိုက်ရသည်။
ထိုလဝက်အလွန်ကဖြစ်ခဲ့သော ဝမ်းနည်းဖွယ်ဖြစ်ရပ်များကြောင့် တောင်၏အပေါ်ယံရှိလေထုများထဲတွင် တုန်လှုပ်ဖွယ်အနံ့အသက်များ ပြည့်နှက်နေသည့်အလားပင်။ ထိုအနံ့ကို ရှူမိသောငှက်တိုင်း အနီးနားသို့ မကပ်ရဲကြပေ။ ဝိညာဥ်အမြီးကြက်များပင် တုန်တုန်လှုပ်လှုပ်နှင့် နေနေရတော့သည်။ ထိုကြက်များကို ဂရုစိုက်ရသော ဂိုဏ်းသားများမှာမူ ဆူပုတ်ကာစိတ်ပျက်နေသော အမူအရာများဖြင့် ဒေါသတကြီးထမအော်မိအောင် မနဲထိန်းထားရတော့သည်။
ထိုကိစ္စကြီးမားလာသောအခါ ကောလာဟလများက ပိုပိုထွက်လာတော့သည်။
” လွန်ခဲ့တဲ့ အပတ်အနည်းငယ်တုံးက ငှက်တွေကိစ္စကို မှတ်မိသေးတယ်မလား။ အဲ့ထူးဆန်းတဲ့ငှက်က အကြီးအကဲကျိုးရဲ့ ဆေးအချို့ကို ယူစားလိုက်တာတဲ့။ အဲ့တာမလို့ အဲ့လောက်ကြီး ပြောင်းလဲသွားတာ။ ငါနားမလည်တဲ့အရာက အကြီးအကဲကျိုးက အသက်ငယ်ပါသေးတယ်။ အဲ့တာကို ဘာလို့ အဲ့လိုဆေးမျိုးတွေဖော်စပ်နေရတာလဲ ဆိုတာကိုပဲ။”
“ရှူး…. တိုးတိုးပြောဟ။ အကြီးအကဲကျိုး ဘာလို့ငှက်တွေမွေးရတာ သဘောကျတာလဲမင်းသိလား။ ရင်ဆို့စရာ လျှို့ဝှက်ချက်တစ်ခုရှိတယ်ကွ။ ဘာလို့လဲဆိုတော့ သူ့တစ်ဘဝလုံး တာအိုလက်တွဲဖော် တစ်ယောက်တောင် မရှိဖူးလို့ပဲ။ အဟမ်း….. ငါပြောတဲ့အဓိပ္ပါယ် မင်းသဘောပေါက်တယ်မလား။”
” ဘုရားရေ။ ဘယ်လိုတောင် ရူးနှမ်းရတာလဲဟ။ မဟုတ်မလွဲရော အကြီးအကဲကျိုးနှိပ်စပ်တာတွေမခံနိုင်လို့ အဲ့ငှက်ကြီး ရူးသွားတာများလား။”
ထိုကောလာဟလများမှာ ပိုပိုကြီးလာတော့သည်။ အဆုံးတွင် မွှေးရနံ့တိမ်တောင်ပေါ်ရှိဂိုဏ်းသားအားလုံးက ကောလာဟလများ ဖြန့်နေကြတော့သည်။ တစ်ယောက်သတင်း တစ်ယောက်ဆောင်ရာမှ သူတို့၏အတွေးထဲမှ အချက်များကိုပါကောက်ကောက်ထည့်ကြသဖြင့် ဇာတ်လမ်းမှာ ပေါင်းစုံဖြစ်နေတော့သည်။
ထိုအရာများကို အကြီးအကဲကျိုးကကြားသောအခါ စိတ်ဆိုးလွန်းသဖြင့် သွေးများအန်လုနီးပါးအထိ ဖြစ်သွားသည်။ထိုကောလာဟလများကို အဆုံးသတ်ဖို့ လူများကိုလိုက်လံရှင်းပြပါသော်လည်း သူတို့က သူ့ကို အထူးတဆန်းသာကြည့်နေကြတော့သည်။ အရိုအသေပေးသော မျက်နှာထားကိုအလျှင်အမြန်ပြန်ပြောင်းကြသော်လည်း သူ၏ရှင်းလင်းချက်များမှာ အသုံးမဝင်ပေ။ ကောလဟာလများက ပျံ့နှံ့ဆဲပင်။
နောက်လတစ်ဝက် ကုန်သွားသည်။ တစ်ရက်တွက် အကြီးအကဲကျိုးက လူသတ်လိုသော အငွေ့အသက်များ တောက်လောင်နေလျက် ဒေါသတကြီးပေါ်ထွက်လာသည်။ သူ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ နေပြန်ကောင်းသွားသော ဖီးနစ်ငှက်အထီး ပျံထွက်လာသည်။ အံ့သြစွာပင် သူ၏အရွယ်အစားများမပြောင်းသွားသော်လည်း အရင်ကထက်ပင် အနည်းငယ်ပို၍ သန်မာလာသည်။ အရင်ကဖြစ်ခဲ့သော ရောဂါကြောင့် အမြတ်ထွက်သွားသည်မှာ အသေအချာပင်။
ထိုအချင်းအရာကို မြင်လိုက်သောအခါ အကြီးအကဲကျိုးမှာ အနည်းငယ်ကျေနပ်သွားသည်။ သို့သော်လည်း သူ၏ရင်ထဲကဒေါသ မီးများကိုမူ ငြိမ်းသက်ရန်လိုသေးပေသည်။ လွန်ခဲ့သောလက မရေမတွက်နိုင်သောဂိုဏ်းသားများ၏မျက်လုံးများထဲတွင် အကြောက်တရားများကို သူ မြင်တွေ့ခဲ့ပြီးဖြစ်သည်။ သူ့ရှေ့သိို့ရောက်လျှင် သူ၏မျိုးဆက်မှ အဖွဲ့ဝင်များပင်လျှင် ချောင်းဟန့်ကာ ထူးဆန်းသောအမူအရာများ ဖြစ်ကုန်ကြသည်။ ထို့အပြင် ကောလာဟလများကြောင့် သူမီးကုန်ယမ်းကုန် ပေါက်ကွဲနေတော့သည်။ နောက်ဆုံးတွင်မူ သူ၏ဖီးနစ်ငှက်ကို အပြင်သို့ခေါ်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။
” မင်းကိုအဲ့ဆေးကျွေးခဲ့တဲ့ကောင် ငါ့ကိုလိုက်ပြ ” သူက အံကြိတ်ရင်း အမိန့်ပေးလိုက်သည်။
ထိုဖီးနစ်ငှက်က စူးရှစွာအော်မြည်ရင်း လေပေါ်ပျံတက်သွားသည်။ အကြီးအကဲကျိုးက သူ့နောက်ကလိုက်ရင်း သတ်ဖြတ်လိုသော အခိုးအငွေ့များမှာ ပို၍ပြင်းထန်လာတော့သည်။ မွှေးရနံ့တိမ်တောင်ပေါ်ရှိ ဂိုဏ်းသားအချို့ကမူ ထိုဖြစ်ရပ်များကို အာရုံစိုက်နေကြပြီး နောက်ကပင်လိုက်လာနေသည်။
မကြာမီ ထိုငှက်သည် ပိုင်ရှောင်ချန်း၏အိမ်သို့သွားနေကြောင်း သိလိုက်ရတော့သည်။ ထိုအိမ်သို့ရောက်သောအခါ ထိုငှက်မှာ လေပေါ်တွင် စက်ဝိုင်းပုံစံပျံဝဲပြလိုက်သည်။ ထို့နောက်သူက နာကျင်နေသောအမူအရာဖြင့် အကြီးအကဲကျိုးကိုကြည့်၍ သနားစရာကောင်းဖွယ် မြည်ကြွေးနေတော့သည်။ ထိုငှက်က ဤနေရာတွင် သူဆေးစားခဲ့မိကြောင်း အကြီးအကဲကျိုးကို ပြောနေခြင်းဖြစ်သည်။
နောက်မှလိုက်လာသော ဂိုဏ်းသားများက ထိုမြင်ကွင်းကိုမြင်သော် မျက်လုံးပြူးသွားကြတော့သည်။ သို့သော်လည်း ထိုအိမ်ပိုင်ရှင်က မည်သူမှန်းသိသွားသောအခါ အထူးတဆန်း မျက်တောင်ခတ်လိုက်ကြသည်။
” အဲ့တာ ဂိုဏ်းတူဦးလေပိုင်ရဲ့ အိမ်မလား ”
” ဟုတ်တယ်။ ဦးလေးပိုင်ရဲ့ အိမ်ပဲ။”
” ဟင်း…. ဒီကိစ္စကို အခြားလူတွေပေါ်လွှဲချရင် ငါယုံချင်မှယုံမှာ။ ဒါပေမဲ့အခုက ဂိုဏ်းတူဦးလေးပိုင်ဆိုတော့…. အဓိပ္ပါယ်တော့ရှိသားကွ။”
အကြီးအကဲကျိုးကမူ လေပေါ်တွင်ပျံဝဲကာ နီမြန်းနေသောမျက်လုံးကြီးများဖြင့် တဆတ်ဆတ်တုန်နေတော့သည်။ အံကြိတ်ရင်း သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
” ပိုင်ရှောင်ချန်း…… ”
သူက တရားခံကိုတွေ့သွားပြီဖြစ်၍ ထိုနေရာတစ်ဝိုက်ကို သူ၏နတ်ဘုရားအာရုံနှင့် စစ်ဆေးလိုက်သည်။ အိမ်ထဲတွင် လူမရှိကြောင်းသိလိုက်ရသောအခါ သူ၏ညာလက်ကိုဝှေ့ယမ်းကာ ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်လိုက်သည်။ သူ၏အခွင့်အာဏာကြောင့် ထိုပေလွှာကိုသုံးကာ ပိုင်ရှောင်ချန်း၏တည်နေရာကို အတိအကျသိနိုင်သည်။
ခဏအကြာတွင် ပိုင်ရှောင်ချန်းမှာ ဆေးဖော်စပ်ရာအဆောင်တွင်ရောက်နေကြောင်း သူသိသွားတော့သည်။
ပုံမှန်ဆိုလျှင် အကြီးအကဲကျိုးက တည်ငြိမ်သောလူတစ်ယောက်ဖြစ်သော်လည်း ယခုမှာမူ ရှုံ့မဲ့နေပြီး သူ၏ဖီးနစ်ငှက်ကိုခေါ်ကာ ဆေးဖော်စပ်ရာအဆောင်သို့ ဒေါသတကြီး သွားတော့သည်။
ဘေးနားရှိ မွှေးရနံ့တိမ်တောင်ဂိုဏ်းသားများ စိတ်လှုပ်ရှားကုန်ကြသည်။ သူတို့၏သူငယ်ချင်းများကို သတင်းလှမ်းပေးလိုက်ကြသဖြင့် တောင်တစ်ခွင်လုံး တစ်ခဏအတွင်း သတင်းပျံ့နှံ့သွားတော့သည်။
” မြန်မြန်လေးဟေ့။ ငှက်ကိုရူးအောင်လုပ်လိုက်တဲ့ တရားခံကိုရှာတွေ့ပြီတဲ့ဟ။”
” ဂိုဏ်းတူဦးလေးပိုင် လုပ်တာတဲ့ ”
မရေမတွက်နိုင်သော ဂိုဏ်းသားများက ထိုသတင်းကို ကြားသွားကြတော့သည်။အတွင်းစည်းဂိုဏ်းသားအချို့ပါ ပါလေသည် ။သူတို့သည် စိတ်လှုပ်ရှားစွာ တုန်လှုပ်နေကြပြီး ဘာမြင်ရမလဲသိချင်ဇောနှင့် အပြေးအလွှား သွားကြည့်ကြတော့သည်။
ပိုင်ရှောင်ချန်းကြောင့် သူတို့ခံစားခဲ့ရသော စိတ်ဆင်းရဲမှုများမှာ မျှော်လင့်ချက်အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ သူတို့ပိုစိတ်ဆင်းရဲခဲ့လေ ယခုတွင် ပို၍စိတ်လှုပ်ရှားနေလေပင် ဖြစ်တော့သည်။ ချန်ကျိအန်းကမူ တအံ့တသြပြေးထွက်လာသည်။ ကျောက်ရိသော်လည်း တချိန်ထဲမှာပင် ပြေးထွက်လာသည်။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကျေနပ်သောအကြည့်များ ဖလှယ်လိုက်ကြပြီး ပိုင်ရှောင်ချန်းရှိရာအရပ်သို့ အလျင်အမြန်ပြေးသွားကြတော့သည်။
ထိုလူအုပ်ထဲတွင် လူကောင်ကြီးမားလှသော လူတစ်ယောက်ပါလေသည်။ သူ၏ပါးပြင်များမှာ မျက်ရည်များဖြင့် စိုရွှဲနေတော့သည်။ ထိုသူမှာ သူ့ကိုယ်သူဝံပုလွေသခင်ဟုခေါ်သော လျုတ်အာကုံဆိုသောလူပင်ဖြစ်သည်။ သူက ခေါင်းကိုနောက်သို့လှန်ကာ အော်ဟစ်လိုက်တော့သည်။
” တရားမျှတမှုကြီး ရောက်လာပြီဟေ့။”
မွှေးရနံ့တိမ်တောင်တစ်ခုလုံး တုန်လှုပ်သွားကြချိန်တွင် ပိုင်ရှောင်ချန်းသည် ဆေးဖော်စပ်ရာအဆောင်ထဲတွင် သူ၏ရှေ့မှ ဆေးပေါင်းဖိုကြီးကို စိတ်လှုပ်တရှား ထိုင်ကြည့်နေသည်။ ထိုဆေးပေါင်းဖိုမှာ တုန်ခါနေပြီး ဆေးရနံ့များနှင့်အတူ အဖြူရောင်ဆေးလုံးများ ပေါ်ထွက်လာသည်။
ထိုဆေးလုံးများသည် လောလောဆယ်တွင် နာမည်မရှိသေးပေ။ ထို့အပြင် လူများသုံးစွဲရန်လည်း မဟုတ်ပေ။ ထို့အပြင် ထိုဆေးလုံးများကို ခပ်ကြမ်းကြမ်းဖိလိုက်ပါက အမှုန့်အဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုဆေး၏တစ်ခုတည်းသောအစွမ်းမှာ သောက်လိုက်သောအရာက တိရစ္ဆာန်အထီးများကို အင်မတန်ဆွဲဆောင်မှုရှိသောအရာများအဖြစ် မြင်သွားမည်ဖြစ်သည်။
ပိုင်ရှောင်ချန်းက ထိုဆေးထဲတွင် အပြင်းစား အားတိုးဆေးများကိုထည့်ထားခြင်းဖြစ်သည်။ ထို့အပြင် ဒုက္ခခံ၍ မြောက်ဘက်ပိုင်းမှ ဝိညာဥ်သတ္တဝါ၏ ပါဝင်ပစ္စည်းများကို သွားဝယ်ခဲ့ခြင်းဖြစ်သည်။ ကုန်ကျစရိတ်များသော်လည်း သူအောင်မြင်သွားပြီဖြစ်သည်။
ထိုဆေးလုံးများမှာ ပေါ့သေးသေးတော့မဟုတ်ပေ။ ပိုင်ရှောင်ချန်းကိုယ်တ်ိုင် ထိုဆေး၏ပြင်းအားကိုမသိသေးသော်လည်း ခန့်မှန်းရုံဖြင့် အပျော့စားဆေးများမဟုတ်ကြောင်း သိသည်။ ထို့အပြင် ထိုဆေးလုံးများ စွမ်းအားပြင်းနိုင်ရန်အတွက် သူကမသုံးမီ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများ လုပ်ထားပြီးဖြစ်သည်။
မျှော်လင့်ချက်ရောင်ခြည်များသန်းနေသော မျက်နှာပေးဖြင့် ထိုအဖြူရောင်ဆေးလုံးများကို ငုံ့ကြည့်ကာ ကာမအားတိုးဆေးလုံးများနှင့်ထိုဆေးလုံးများကို ရောသုံးပါက မည်သို့ရလဒ်ထွက်ပေါ်လာမလဲဟု တွေးတောနေသည်။ တွေးရင်းတွေးရင်း မထိန်းနိုင်ပဲ အော်ရယ်နေတော့သည်။
“ဒီဆေးကို ကာမစိတ်ရွှင်ဆေး လို့ခေါ်မယ်။ အင်း။ ဒီနာမည်လေးမဆိုးဘူး။ စောစောက အနီရောင်ဆေးလုံးကိုကြတော့ ကာမအားတိုးဆေးပေါ့။” သူကထိုသို့နာမည်ပေးရင်း ဆေးလုံးများကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း အဆင့်သုံးအထိ ပြုလုပ်လိုက်သည်။
တစ်ခဏအတွင်းပင် ထိုဆေးလုံးများက လုံးဝပြောင်းလဲသွားသည်။ ၎င်းတို့က အဆင့်နိမ့်ဆေးများမဟုတ်တော့ပဲ အဆင့်လွန်ဆေးလုံးများဖြစ်သွားတော့သည်။
၎င်းတို့၏ ဆေးစွမ်းကိုမူ တွေးလိုက်မိရုံဖြင့် ပိုင်ရှောင်ချန်း၏မျက်လုံးများက တောက်ပလာတော့သည်။
” ဟွန်း။ အခုတော့ ဘယ်လို သားရဲတိရစ္ဆာန်လာလာ ကိစ္စမရှိတော့ဘူး။ ငါကခုန်လို့ပြောလိုက်ရင် သူတို့လိုက်ခုန်ကြမှာပဲ။” သူကခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ရင်း ထိုဆေးလုံးများကို သိမ်းဆည်းလိုက်သည်။ သူ့ကိုယ်သူ ကျေနပ်အားရသွားသဖြင့် အပြင်ထွက်ကာ လမ်းလျှောက်ထွက်ရန်ပြင်လိုက်စဥ်မှာပဲ…..
ကောင်းကင်ပေါ်မှ ဒေါသတကြီးအော်ဟစ်သံကို ကြားလိုက်ရသည်။
“ပိုင်ရှောင်ချန်း……”