Switch Mode

အခန်း (၇၃)

ဘယ်​ကောင်လုပ်တာလဲကွ

ပိုင်ရှောင်ချန်းသည် သက်ပြင်းချလျက် ဟိုယွင်ဖေး၏ အိမ်မှ ထွက်လာကာ သူ့ ခြံထဲသို့ ပြန်လာခဲ့သည်။ သူသည် ကောင်းကင်သို့ မော့ကြည့်ကာ ဘေးပတ်ပတ်လည်မှ မြင်ကွင်းများကိုပါ ကြည့်၍ ကျင့်ကြံသူမျိုးနွယ်စု အကြောင်းကို တွေးနေမိသည်။ သူ၏ အမြင်အရ ဂိုဏ်းခေါင်းဆောင် အစ်ကိုကြီးသည် တဆိတ်တော့ အနိုင်ကျင့်လွန်းသည်။ ထို့ပြင် နောက်ထပ် လက်ဆောင်များကို စုဆောင်းရန်မှာ မဖြစ်နိုင်တော့သော်လည်း အနည်းဆုံးတော့ သူယူထားပြီးသည်များကို ပြန်ပေးရန် မလိုအပ်ပေ။

“အာ…ငါ့အပြစ်မှ မဟုတ်တာ။ ခေါင်းဆောင်အစ်ကိုကြီးရဲ့ ဓမ္မ ဥပဒေကြောင့်ပဲ။ ” သူ၏ အတွေးရထားထဲတွင် ထိုဘူတာဆိုက်သွားသောအခါ အနည်းငယ် သက်သာရာရသွားသည်။ လက်ဆောင်အားလုံးကို သိမ်းဆည်းပြီးသောအခါ သူက အဆင့် ၂ စိတ်စွမ်းအင် ဆေးလုံးများ အတွက် လိုအပ်သော ဆေးဝါးနှင့် ဆိုင်သော ပါဝင်ပစ္စည်းများကို အမြောက်အမြား ဝယ်ယူရန် ဈေးသို့ ဆင်းသွားလေသည်။ ထို့နောက် သူသည် ဆေးဝါးဖော်စပ်ဆောင်သို့ ပြန်သွားကာ သူ၏ ကျင့်ကြံခြင်းအလုပ်များနှင့် ဆေးဖော်စပ်ခြင်းများကို ဆက်လက်လုပ်ဆောင်နေတော့သည်။

အမှန်မှာ ကျိန်းယွမ်သုန်သည် မူလက ပိုင်ရှောင်ချန်းနှင့် ကျင့်ကြံသူမျိုးနွယ်စုများ ကိစ္စတွင် ဝင်မပါချင်ပေ။ သို့သော် ကိစ္စများသည် အံ့ဩဖွယ် ဖြစ်ပေါ်လာခဲ့သည်။ ယခင် ဂုဏ်ထူးဆောင် ဂိုဏ်းသား ၉ ယောက် မှာ စစ်ပွဲများတွင် အသက်ပေးအပ်သွားသူများ ဖြစ်ကြပြီး သေဆုံးပြီးနောက်မှ သူတို့၏ ဘွဲ့ထူးများကို လက်ခံ ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူတို့သည် ကျင့်ကြံသူ မျိုးနွယ်စုဝင်များ ဖြစ်ပြီးသား ဖြစ်သည်။ သူတို့အားလုံးမှာ သွေးသားရင်းချာ မျိုးဆက် မရှိသော်လည်း သူတို့၏ မျိုးနွယ်များတွင် ဆွေမျိုးသားချင်းများ ရှိကြသည်။ ထို့ကြောင့်ပင် မည်သည့် ပြဿနာမျှ ထွက်ပေါ်မလာခဲ့ဘဲ သူတို့၏ မျိုးနွယ်များက ဂုဏ်ထူးဆောင်မျိုးနွယ်များ အဖြစ် ချောချောမွေ့မွေ့ ပြောင်းလဲသွားခြင်းဖြစ်သည်။

ဂိုဏ်းက ထိုမျိုးနွယ်စုများကို အလေးအနက် တန်ဖိုးထားပြီး ကာကွယ်ပေးသည်မှာ သေချာသည်။

ယခုတွင်မူ ပိုင်ရှောင်ချန်းသည် ပါးစပ်မှ ထုတ်ပြောရန်ပင် ကြောက်ရွံ့ဖွယ်ကောင်းသည့် သက်ရှိထင်ရှား ဂုဏ်ထူးဆောင်ဂိုဏ်းသား ဖြစ်နေသည်။ အစပိုင်းတွင် မသိသာ သေးသော်လည်း အချိန်က ကုန်ဆုံးလာနေသည်။ ကျိန်းယွမ်သုန်နှင့် အခြားသူများက သူတို့ခေတ်တွင် သက်ရှိထင်ရှား ဂုဏ်ထူးဆောင်မျိုးဆက်သစ်တစ်ယောက် ထွက်ပေါ်လာပါက မည်သို့ ဖြစ်မည်ကိုလည်းကောင်း၊ ထိုသို့သော သူမျိုးသည် ကျင့်ကြံသူမျိုးနွယ်စုများ အတွက်လည်း မည်မျှ မက်မောဖွယ်ကောင်းမည် ကို လည်းကောင်း မည်သည့်အချိန်ကမျှ မတွေးခဲ့ဘူးပေ။

သို့သော် ကျင့်ကြံသူမျိုးနွယ်စုများမှာ အများအပြားထွက်ပေါ်လာကြသည်။ အစောပိုင်းတွင် ကျိန်းယွမ်သုန်သည် အဖြစ်အပျက်များကို သတိမထားမိသေးပေ။ သူ့ အမြင်အရဆိုလျှင် ပိုင်ရှောင်ချန်းသည် မည်သည့် မျိုးနွယ်စုကို ရွေးချယ်သည် ဖြစ်စေ အရေးမကြီးပေ။ မျိုးနွယ်စုများသည် ပိုင်ရှောင်ချန်း၏ မျိုးဆက်ကို ရရှိရေးအတွက် သမီးပျိုများကို မိန်းကလေး အစေခံ အဖြစ် အပ်နှင်းသည့် အတိုင်းအတာထိ ပြိုင်ဆိုင်နေကြမည် ဟု တွေးပင် မတွေးမိချေ။

အကယ်၍သာ ပိုင်ရှောင်ချန်း၏ ဆွဲဆောင်ချက်များကို နားယောင်မိပါက ဖြစ်ပျက်လာနိုင်သည် များကို တွေးကြည့်မိသည်။ ထိုသို့ ဖြစ်ခဲ့လျှင်… သူက ရာပေါင်းများစွာသော မျိုးဆက်သွေးများ၏ ဖခင်ဖြစ်လာမည်မှာ သိပ်ကြာမည် မဟုတ်ပေ။ မျိုးနွယ်စု စည်းမျဉ်းများ အရ ဂုဏ်ထူးဆောင် ဂိုဏ်းသားများ၏ ပထမ မျိုးဆက်အားလုံးသည် အတွင်းစည်းဂိုဏ်းကို အလိုအလျောက် ဝင်ရောက်နိုင်မည် ဖြစ်ကာ အထူး အခွင့်အရေးများနှင့် လေ့ကျင့်ပေးခြင်းများ ခံစားရမည် ဖြစ်သည်။ ထို့အပြင် ထိုမျိုးဆက်သစ်များမှ နောက်ထပ် မျိုးဆက်များ ဆက်လက် ပြန့်ပွားကာ ဂုဏ်ထူးဆောင်မျိုးနွယ်သည် ရာချီ၍ ခွဲဖြာသွားမည် ဖြစ်သည်။ ရာစုနှစ်အနည်းငယ်ကြာလျှင် စိတ်စွမ်းအင် နတ်ရေစင် ဂိုဏ်းတစ်ခုလုံးက ပိုင်မျိုးနွယ်များဖြင့် ပြည့်နှက်သွားလိမ့်မည်။ နောက်ဆုံးရလာဒ်မှာ တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ထိုအရာများ အပြင် ပိုင်ရှောင်ချန်း အသက်ရှင်နေသမျှ ကာလပတ်လုံး သူက မျိုးဆက်များ ဆက်လက် မွေးထုတ်နေမည် ဖြစ်ရာ ဤဖြစ်ရပ်သည် ဘယ်သောအခါမျှ အဆုံးသတ်နိုင်တော့မည် မဟုတ်ပေ။ သူသည် ဂိုဏ်းအတွက် ရှင်သန်နေသည့် အိပ်မက်ဆိုးတစ်ခု ဖြစ်လာတော့မည်။

ထိုသို့ ယူဆချက်များကြောင့် ကျိန်းယွမ်သုန်သည် ဂိုဏ်းစောင့် အကြီးအကဲများ အပါအဝင် တ​ခြား အကြီးအကဲများနှင့် အရေးပေါ် အစည်းအဝေး ထိုင်လိုက်ရခြင်း ဖြစ်သည်။ သူတို့၏ ပူးတွဲ ဆုံးဖြတ်ချက်မှာ ပိုင်ရှောင်ချန်းသည် လာမည့် နှစ်တရာအတွင်း တာအိုလက်တွဲဖော် လက်မခံရန် ဖြစ်သည်။ ထိုဆုံးဖြတ်ချက်သည် အနည်းငယ် ဖိနှိပ်ထားသည် ဟု ထင်ရသော်လည်း ကျိန်းယွမ်သုန်မှာ အခြားရွေးချယ်စရာ မရှိဟု ခံစားနေရသည်။ သူက အရာအားလုံးကို ပိုင်ရှောင်ချန်း၏ ဆွဲဆောင်မှုကို ငြင်းဆန်နိုင်ခြင်းအပေါ်တွင် ပုံအပ်မထားချင်ပေ။ နောက်ထပ် ရာစုနှစ် အနည်းငယ် ကုန်လွန်ပြီးနောက်တွင်မူ ပိုင်ရှောင်ချန်းက ကြီးပြင်းကာ နည်းနည်းပို၍ ရင့်ကျက်လာပါစေ ဟုသာ ဆုတောင်းရပေတော့မည်။

အချိန်များက ဆက်သွားနေကာ မကြာမီ တစ်နှစ်ဟူသော အချိန်က ကုန်လွန်သွားပြန်၏။

ထိုအချိန်အတွင်း ပိုင်ရှောင်ချန်းက တောင်ဘက်ခြမ်းမှ ပျောက်ဆုံးသွားသည့် အလား ထင်မှတ်ရသည်။ လူများက သူ့ကို မတွေ့သလောက်ပင် ဖြစ်သည်။ သူ၏ အချိန်အားလုံးကို ဆေးဝါးဖော်စပ်ခြင်း နှင့် ကျင့်စဉ်လေ့ကျင့်ခြင်းတို့တွင်သာ ကုန်ဆုံးနေသည်။ သူသည် စိတ်စွမ်းအင် အဆင့်၂ ဆေးများ ထုတ်လုပ်ရာတွင် ကြိုးစားလုပ်ကိုင်နေ​ပြီး ဆေးဝါးဖော်စပ်ဆောင်မှ ထွက်ခွာသည်မှာ ရှားပါးသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံမှာလည်း ဖြည်းညင်းစွာ တိုးတက်လာနေဆဲ ဖြစ်သည်။ မကြာမီပင် သူသည် ချီစုစည်းမှု အဆင့် ၈ ၏ အလယ်သို့ ရောက်နေပြီ ဖြစ်သည်။ ထို့ပြင် ဝူက အဆင့် ၂ ဆေးဝါး ဖော်စပ်ရာတွင် ကြုံတွေ့ရသည့် ပြဿနာများကို တစ်ခုပြီး တစ်ခု ဖြေရှင်းပြီး ဖြစ်သည်။

အမှန်တွင် သူနှင့် အဆင့်တူ အခြားနယ်လှည့်သမားတော် အများစုမှာ အဆင့်၂ဆေးဝါးများ ဖော်စပ်နေသည်မှာ ကြာပြီ ဖြစ်သည်။သို့သော် ပိုင်ရှောင်ချန်းက ခေါင်းမာသူတစ်ယောက် ဖြစ်ရကား ယခင် အသုတ်တွင် တွေ့ကြုံရသော ပြဿ နာ တစ်ခုစီကို မဖြေရှင်းနိုင်သရွေ့ နောက်ထပ် တစ်​ကြိမ် ဖော်စပ်မည် မဟုတ်ပေ။

နောက်ဆုံးတွင် တစ်နှစ်တာ ကုန်ဆုံးသွားပြီးနောက် စိတ်စွမ်းအင် အဆင့်၂ ဆေးဝါးများ ဖော်စပ်ခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ် အားလုံးကို ဖြေရှင်းပြီးပြီ ဟု သူ လက်ခံလိုက်လေသည်။ ပြဿနာအားလုံး ​​ဖြေရှင်းပြီး​နောက်တွင် ​နောက်တစ်ကြိမ် သူစတင်​ဖော်စပ်​တော့သည်။

“ခရမ်း​ရောင် ချီ စိတ်စွမ်းအင် မြှင့်တင်ဆေး” သူ့ မျက်လုံးများနီရဲကာ ရေရွတ်လိုက်သည်။ ချီစုစည်းမှု အဆင့် ရှစ် နှင့် အောက်ပိုင်း အတွက် သင့်​​တော်သော အဆင့်နှစ် ဆေးလုံးများ ဖြစ်သည်။ဆေးစပ်ရန် အညွှန်းကို သေချာလိုက်နာကာ အပင်နှင့် ဟင်းသီးဟင်းရွက် အများအပြားကို ရွေးချယ်၍ သေချာစွာ စီစဉ် စစ်ဆေးကာ ဆေးပေါင်းဖိုထဲသို့ ပစ်ထည့်လိုက်တော့သည်။

သူက မြေမီးတောက် ကို သေချာစွာ ထိန်းညှိပြီးနောက် ဆေးပေါင်းဖိုကို စောင့်ကြည့်ရင်း ထည့်သွင်း​​ပေး​သော စိတ်စွမ်းအင်ကို မကြာခဏ ထိန်းညှိပေး​နေရသည်။ ​​ခြောက်​နာရီခန့် ကြာပြီးသည့် ​နောက်တွင် ​ဆေး​ပေါင်းဖိုက ရုတ်တရက် လှုပ်ရှားလာသည်။ ပြင်းထန်သော ​ဆေးနံ့က ​လေထဲတွင် ပျံ့လွင့်လာကာ ပိုင်​ရှောင်ချန်း၏ မျက်လုံးများ ​တောက်ပစွာ လင်းလက်လာသည်။ ​ဆေးဖိုအနားသို့ သွားကာ ​ဘေးဘက်ကို ပုတ်လိုက်ရာ အနီ​ရောင် ​ဆေး၂လုံးက ​လေထဲသို့ ပျံတက်လာ၏။

” ဖြစ်သွားပြီ ” သူသည် စိတ်လှုပ်ရှားစွာဖြင့် ​အော်လိုက်သည်။ ​သူသည် ဆေး၃လုံးကို ဆုပ်ကိုင်ကာ ကြည့်ရှုစစ်​ဆေးလိုက်သည်။ ထို့​နောက် သူ့မျက်လုံးများ ပြူးကျယ်သွား​လေသည်။
“အီး..​နေပါဦး။ တစ်ခုခု​တော့ မှား​​နေပြီ။ လမ်းညွှန်ချက်အရဆိုရင် ခရမ်းချီ စိတ်စွမ်းအင် မြှင့်တင်​ဆေးက ခရမ်း​ရောင် ဖြစ်ရမှာ။ ဘာလို့ ဒါ​တွေက နီကုန်ပါလိမ့် ”

သူသည် ခဏတာ ​ခေါင်းကုတ်​နေပြီး​နောက် ​ဆေးလုံးများကို နှာ​ခေါင်းနားသို့ ​တေ့ကာ အားရပါးရ ရှူကြည့်လိုက်သည်။ ​ဆေးနံ့မှာ ပြင်းထန်ကာ စိတ်စွမ်းအင် ​​မြောက်မြားစွာ ပါဝင်နေသည်။ သို့​သော် အနံ့မှာ ထူးဆန်း​နေကာ အ​ရောင်ကလည်း မမှန်​သော​ကြောင့် ​ဆေးလုံးများကို မစားရဲ​ပေ။

​သူသည် ထို​နေရာတွင် ထိုင်ကာ ​ဆေး​ဖော်စပ်ခြင်း လုပ်ငန်းစဥ်တွင် ပါဝင်သည့် အမျိုးမျိုး​​သော အဆင့်များကို ​ပြန်​​ပြောင်းတွေး​နေမိသည်။ နှစ်နာရီကြာပြီး​နောက် မျက်လုံးများ ဖျတ်ခနဲ ပွင့်လာကာ ခါးသက်စွာ ရယ်​မောလိုက်​လေသည်။

“ငါ ထိပ်တန်းအဆင့် ပန်းဝတ်မှုန်​တွေ နည်းနည်း များပြီးထည့်လိုက်မိတာ။ အဲဒါ ကျန်တဲ့ ​ပါဝင်ပစ္စည်း​တွေကို မသိုးမသန့် ဖြစ်​စေပြီး​တော့ ဒီထူးဆန်းတဲ့ ​ဘေးထွက် ဆိုးကျိုး ဖြစ်လာတာပဲ ” ထို့​နောက် သူက အနီ​ရောင် ​ဆေးလုံးကို ​ဘေးသို့ ဖယ်ထားကာ ​နောက်တစ်ကြိမ် ထပ်၍ ​ဖော်စပ်​လေသည်။

ဤ တစ်ကြိမ် ​ဆေးပေါင်းဖို လှုပ်ခတ်သွားချိန်တွင် ​ဆေးနံ့ပျံ့နှံ့သွားကာ ခရမ်း​ရောင် ​ဆေးလုံးတစ်လုံး ​ပေါ်ထွက်လာခဲ့​လေသည်။ ၄င်းကို ​သေချာစွာ စစ်​ဆေးပြီး​နောက် ပိုင်​ရှောင်ချန်း၏ မျက်နှာတွင် ​ကျေနပ်ပီတိဖြစ်​နေ​သော အမူအရာ ဖြစ်​ပေါ်လာသည်။

သူက အလျင်အမြန်ပင် ​နောက်ထပ်တစ်ကြိမ် စတင်လိုက်သည်။ ​နောက်​​နေ့များတွင် သူက ကြိမ်ဖန်များစွ ထပ်မံ ဖော်စပ်နေခဲ့သည်မှာ ခရမ်းချီ စိတ်စွမ်းအင် မြှင့်တင်​ဆေးလုံးများ ဒါဇင်နှင့် ချီ၍ ရရှိလာသည်ထိ ဖြစ်သည်။ ထုတ်လုပ်ပြီး​သော အခါ သူသည် ​မောပန်းလှသဖြင့် ​ဘေးနားတွင် ထိုင်ချလိုက်သည်။ ခဏနားပြီး​နောက် သူက အနီ​ရောင် ​ဆေးလုံးများကို ထုတ်ကာ ​တွေ​ဝေစွာ ကြည့်​​နေမိသည်။ သူ့အမြင်အရ သူထုတ်လုပ်ထား​သော ​ဆေးတစ်လုံးတိုင်းက လွန်စွာ အဖိုးတန်သည့် အပြင် ပါဝင်ပစ္စည်းများမှာလည်း ကုန်ဆုံးစ ပြု​နေပြီ ဖြစ်သည်။

” ​ဆေး​​ဖော်စပ်နည်း လမ်းညွှန်အရ ဆိုရင် ​ဆေးလုံးထွက်လာရင်ကို ​အောင်မြင်တာပဲ။ ဒီ အနီ​ရောင်ခရမ်းချီ စိတ်စွမ်းအင် မြှင့်တင်​ဆေး​တွေက ထိပ်တန်းအဆင့် ပန်းဝတ်မှုန်​လေး နည်းနည်း ပိုပါသွားလို့ အ​ရောင်​ပြောင်းသွားတာ။ ဒါ​ပေမယ့် အဲ့ဒါဆို ​ဆေးစွမ်းလည်း နည်းနည်း ​လျော့သွားမှာပဲ ” သူသည် ခဏတာ ​တွေ​ဝေ​နေပြီး​နောက် အိတ်ကို ပုတ်လိုက်ကာ ဝါးစိမ်းအပ်ကို ထုတ်လိုက်သည်။

ဆေး​ဖော်စပ်ရာတွင် ​ဆေးများ အဆိပ်သင့်/မသင့် အကြမ်းဖျင်း အကဲခတ်ရာတွင် အသုံးပြုရန် ဝါးစိမ်းအပ်ကို ဂိုဏ်းက ​ပေးထားခြင်း ဖြစ်သည်။ ​​အနီရောင်ဆေးလုံးတစ်လုံးထဲသို့ အပ်ကို ဂရုတစိုက်ထည့်သွင်းကာ ခဏ​စောင့်ပြီး ပြန်ထုတ်လိုက်သည်။ ဝါးအပ်သည် ယခင်က အတိုင်းပင် ဖြစ်ကာ အနက်​ရောင် ဖြစ်မသွား​ချေ။

“အဆိပ် မဖြစ်ဘူးဟ” သူသည် သက်ပြင်းတစ်ချက်ချကာ ​ပြောလိုက်သည်။ သို့​သော်လည်း သတိ​ဟူသည် ပိုသည်မရှိရာ အနီ​ရောင် ​ဆေးလုံးများကို မ​သောက်ရန် ​ရွေးချယ်လိုက်သည်။ထိုအစား သူသည် လက်ထဲတွင် ဆုပ်ကာ ​ဆေး​ဖော်စပ်​ရာအဆောင်မှ ထွက်လာခဲ့သည်။ အပြင်ဘက် အရုဏ်တက်​လေထုထဲတွင် သူသည် ဂိုဏ်းကို ဖြတ်ကာ ​ကွေ့ပတ်ဖောက်ထား​​သော လမ်းငယ်​များထဲမှ တစ်ခုအတိုင်း ​​အောက်ကို ဆင်း​လျှောက်လာခဲ့သည်။

အ​ပေါ်ဘက်တွင် ​လေဟုန်ကို ခွင်းကာ ​​ကြော့​​ကြော့​မော့​မော့ ပျံသန်း​နေကြ​သော ငါး​ရောင်ခြယ် ဖီးနစ်ငှက်များသည် စူးရှ​၍ ပဲ့တင်သံများအား မကြာခဏ ထုတ်လွှတ်​​နေသည်ကို သူ မြင်​နေရသည်။ ဖီးနစ်များကို လျစ်လျှူရှုကာ သူသည် ဝိညာဥ် အမြီး ကြက်ခြံတစ်ခုဆီသို့ ဦးတည်ကာ ကြက်တစ်​ကောင်ကို ယူလာခဲ့သည်။ သူ၏ ခြံဝန်းသို့ ပြန်​ရောက်ပြီး​နောက် သူသည် ကြက်ကို ​အောက်ချကာ ၄င်းရှေ့တွင် အနီ​ရောင် ​ဆေးလုံးများကို ကစားပြလိုက်သည်။

ဝိညာဥ် အမြီးကြက်သည် မူလက အနည်းငယ် ပင်ပန်း​နေပုံ​ပေါ်ကာ ထိုင်​နေခြင်းဖြစ်သည်။ သို့​သော်လည်း ၄င်းသည် အနီ​ရောင်​ဆေးလုံးများကို ​တွေ့ရှိသွားပြီး တုန်ခါလာကာ ရုတ်တရက် ထခုန်လိုက်ပြီး ​ရှေ့သို့ အမြန်​ပြေးလာကာ ​​ဆေးလုံးကို ​နှုတ်သီးဖြင့် ထိုးဆိတ်လိုက်သည်။

ထိုအခိုက် အ​ပေါ်ဘက်မှ စူးရှသော ​အော်သံတစ်သံထွက်​ပေါ်လာသည်။ ထို့​နောက် ​လေပြင်းတစ်ချက်​​တိုက်ခတ်သွားကာ ဆေးလုံးဆီသို့ ဝိညာဥ်အမြီးကြက် ​ ​မ​ရောက်မီမှာပင် လဲကျသွား​လေသည်။

ပိုင်​ရှောင်ချန်းသည် အနည်းငယ် ​ကြောက်ရွံ့သွားကာ ​နောက်သို့ ခုန်ဆုတ်သွားသည်​။ တချိန်တည်းမှာပင် ငါး​ရောင်ခြယ် ဖီးနစ်ငှက်များသည် အ​​ပေါ်ဘက်ဆီမှ နီးကပ်လာကာ မျက်လုံးများ ပြူး၍ လမ်းတစ်​လျှောက်လုံး တစ်​​ကောင်နှင့်တစ်​​ကောင် ရန်သတ်လာကြသည်။ ​နောက်ဆုံးတွင် အုပ်စုထဲမှ အသန်မာဆုံး အထီးတစ်​ကောင်သည် သူ၏ အ​ဖော်များကို တွန်းတိုက်ရာတွင် ​အောင်မြင်သွားကာ ​ဆေးလုံးကို ထိုး​​ကောက်ကာ မျိုချလိုက်​လေသည်။ ​​ဘေးသို့ လဲကျသွား​သောဝိညာဥ်အမြီးကြက်ကို ပမာမခန့် ကြည့်လိုက်ကာ ဖီးနစ်ငှက်သည် ​လေထဲသို့ ​ကြော့​မော့စွာ ပျံတက်သွား​လေသည်။ ပိုင်​ရှောင်ချန်းသည် ရယ်ရမည်လား ငိုရမည်လား မသိ​တော့ဘဲ မျက်လုံး အပြူးသားဖြင့် အ​ပေါ်သို့ တက်သွား​သော ဖီးနစ်ငှက်ကို ကြည့်​​နေရုံမှ တစ်ပါး မတတ်နိုင်​တော့​ချေ။

သို့​​သော်လည်း ခဏတာမျှ ပျံသန်းပြီး​နောက် ​ကြော့​မော့လှ​သော ဖီးနစ်ငှက်သည် တုန်ခါသွားပြီး အသံရှည်ဆွဲကာ မြည်တွန်လိုက်သည်။ သူ့မျက်လုံးများမှာ နီရဲနေသော ​သွေး​ကြောများဖြင့်ပြည့်လာသည်။ သူ၏ အ​​​မွေးအ​တောင်များမှာလည်း ရုတ်တရက် ​ထောင်လာကြကာ ​ပေါက်ကွဲထွက်​တော့မည့် မီးလုံးကြီးအလား ဖြစ်သွားသည်။

ပို၍ အံ့ဩစရာ​ကောင်းသည်မှာ အားကြီးလှ​သော ထို ဖီးနစ်အထီး၏ ကြွက်သားများသည် ​ဖောင်းကားကာ အင်အားလည်း ​ပြောင်းစပြုလာခြင်း ဖြစ်သည်။ ဖီးနစ်တစ်​ကောင်လုံး ကြီးထွားလာသည်နှင့်အမျှ ကွဲအက်​​သော အသံများလည်း ထွက်​ပေါ်လာသည်။ အားလုံးထဲတွင် အသိသာဆုံး အရာမှာ သူ၏ ​ခြေ​ထောက်၂ဖက်ကြားရှိ အ​မွှေးများဖုံး​နေ​သော ​နေရာမှာ ရုတ်တရက် မာ​ကျောကာ အ​ချောင်းပုံစံ​ သိသိသာသာ ​ဖောင်းကားလာခြင်း ဖြစ်သည်​။

ဖီးနစ်ထီး၏မျက်နှာ​ပေါ်တွင် ထူးဆန်း​​သော အမူအရာရှိနေပြီး အခြား​သော ဖီးနစ်ငှက်များကို လှည့်ပတ်ကြည့်​လေသည်။

ဖီးနစ်ထီးကြီးသည် အခြားဖီးနစ်ငှက်များဆီသို့ အရူးအမူး တိုးဝင်လာရာ သူတို့သည် တုန်သွားကာ တစ်​ကောင်စီ ပြန့်ကျဲသွား​လေသည်။ ​ထို့​နောက် သနားဖွယ် ​​အော်မြည်သံများ စတင်ထွက်​ပေါ်လာ​တော့သည်။

ပိုင်​ရှောင်ချန်းသည် သူ့ ခြံထဲတွင် ရပ်​နေကာ အခြားဖီးနစ်ငှက်များကို ​သောင်းကျန်း​နေ​သော ​ဖောင်းကား​နေသည့် ဖီးနစ်အထီးကို အံ့အားသင့်စွာ ကြည့်​နေမိ​လေသည်။ ခဏ အကြာတွင် ဆန္ဒမပြည့်​သော ဖီးနစ်ငှက်မှာ မျက်လုံးများ ယခင်ကထက် နီရဲ၍ ခန္ဓာကိုယ်တစ်ခုလုံး မီးများဖြင့် ​ပေါက်ကွဲမည့် အသွင်​​ပေါ်​ကာ သူ့ဆီသို့ ဦးတည်လာ​နေ​တော့သည်။

​ပိုင်​ရှောင်ချန်းသည် ​ကြောက်လန့်ကာ ​​နောက်သို့ ဆုတ်​ပြေး၍ ​မထိန်းနိုင်ဘဲ အော်ဟစ်လိုက်မိ​လေသည်။

​​ကျေးဇူးတင်စွာဖြင့် ဖီးနစ်ငှက်သည် အမှန်တကယ် သူ့ကို ဦးတည်​နေသည် မဟုတ်ဘဲ ဝိညာဥ်အမြီးကြက်ကို ဦးတည်​နေခြင်းဖြစ်သည်​။

သိပ်မကြာခင် ဖီးနစ်အထီးသည် ​တောင်ထိပ်ဆီသို့ ပျံသန်းတက်ရင်း တစ်လမ်းလုံး ​​​အော်မြည်သွားသည်ကို ကြည့်​နေမိသည်။ ထိုငှက်ပြန်သွားမှပင် ပိုင်​ရှောင်ချန်းသည် နဖူးမှ ​ချွေးများကို သုတ်လိုက်​လေသည်။

“တကယ်ကို ​ကြောက်စရာ​ကောင်းတာ” သူသည် လက်ထဲတွင် ကိုင်ထား​​သော ကျန်​ဆေး၂လုံးကို ငုံ့ကြည့်ရင်းမှ ​တွေးလိုက်သည်။
“ဒီ​ဆေး​တွေက ဘယ်လို ​ဆေးမျိုး​တွေ မို့လို့လဲ” ​ဆေးများသည် ကာမအားတိုး​ဆေး တစ်မျိုးမျိုး ဖြစ်ရမည်ဟု သ​ဘော​ပေါက်သွားသည်နှင့် နှလုံးများ တဒိတ်ဒိတ်ခုန်လာ​လေသည်။ အကျိုးသက်​ရောက်မှု ပြင်းထန်သည်မှာလည်း အသိအသာ ပင် ဖြစ်သည်။

ထို​နေ့သည် ​မွှေးရနံ့တိမ်​တောင်ဂိုဏ်းသားများ မည်သည့်အခါမျှ မ​မေ့နိုင်​တော့မည့် ​နေ့တစ်​နေ့ ဖြစ်သည်။

​​တောင်​ပေါ်မှ ငှက်အားလုံးက မည်သည့် အမျိုးအစားပင် ဖြစ်ပါ​စေ အကြီးအကဲကျိုး၏ စိတ်ရူးထ​နေ​သော ဖီးနစ်ငှက်က ဖျက်ဆီးခြင်းကို ခံ​နေရသည်။ မ​ရေမတွက်နိုင်​​သော ဂိုဏ်းသားများသည် ငှက်များတစ်​ကောင်ပြီးတစ်​ကောင် ​သနားဖွယ် ​အသံများဖြင့် ​အော်မြည်​နေကြသည်ကို ကြည့်​နေရသည်။ ငှက်များသည် လွတ်​မြောက်ရန် အတတ်နိုင်ဆုံး ကြိုးပမ်းကြ​သော်လည်း တစ်​ကောင်မျှ အကြီးအကဲကျိုး၏ ဖီးနစ်ငှက်ကို မယှဥ်နိုင်​ကာ တစ်ကောင်မှ ထွက်မ​ပြေးနိုင်ဘဲ ရှိ​လေသည်။

လူဆိုးလူယုတ်မာဆန်စွာ ဖီးနစ်ငှက်သည် အကြီးအကဲကျိုး​မွေးမြူထား​သော အခြားငှက်များကိုသာမက ဝိညာဥ်အမြီးကြက်များကို ပင် အလွတ်မ​ပေး​ချေ။ ​တောင်​ပေါ် ရှိ အ​တောင်ပံ ပါသမျှ သတ္တဝါအားလုံး ထို​နေ့တွင် အိပ်မက်ဆိုးကြီးကို နဖူးတွေ့ဒူးတွေ ထိပ်တိုင် ရင်ဆိုင်​တွေ့ကြုံလိုက်ရသည်။

ဂိုဏ်းသားအားလုံးက ထို အဖြစ်အပျက်ကို ​ပြောဆို​နေကြကာ ရင်များပင် ခုန်​​နေကြ​လေသည်။ မကြာမီပင် စကားများသည် ခရမ်းဒယ်အိုး​တောင်နှင့် မြစိမ်း​တောင်များ အထိ ပျံ့နှံ့သွား​​၏။ အချို့လူများသည် သူတို့နားမလည်နိုင်​သော ထူး​ဆန်းအံ့ဩဖွယ် အဖြစ်အပျက်များကို ကြည့်ရှုရန် ​လာ​ရောက်ကြ​လေသည်​။

“​မွှေးရနံ့​တောင်​ပေါ်မှာ အကြီးအကဲကျိုးရဲ့ ဖီးနစ်တစ်​ကောင် စိတ်ရူးထသွားတယ်ဆိုတာ ကြားပြီးကြပြီလား။ မြင်သမျှ ငှက်တိုင်းကို လိုက်အုပ်​နေတာတဲ့..”

“ငါကိုယ်တိုင် မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ ။ ​တော်​တော် ​ကြောက်စရာ​ကောင်းတဲ့ ငှက်ပဲ။ သာမန် ကျီးကန်းကို​ကောင် အလွတ်မ​ပေးဘူးကွာ ”

“အကြီးအကဲကျိုးက ဘာလုပ်​နေတုန်း။ ဟမ်…။သူ့ ဖီးနစ်ငှက် အဲ့လိုဖြစ်​နေတာကို ဘယ်လိုလုပ် ဒီတိုင်းလွှတ်ထားတာတုန်း ”

“တကယ်ကို စိတ်တိုစရာ​ကောင်းတယ်၊ သိလား ။ ဖီးနစ်ကြီးက တကယ့်ကို ဖွင့်ထုတ်​နေတာ။ တစ်ချို့ငှက်​တွေဆို အ​​ပေါ်ကနေ ထပ်ခါထပ်ခါ ခုန်အုပ်​နေတာ ။ လူမဆန်​တော့ဘူး။ ”

ပိုင်​​ရှောင်ချန်းသည် ဂိုဏ်းကို ပတ်သွား​နေရင်း စကား​ပြော​နေသည်ကို ကြားလိုက်ရ​သောအခါ တုန်လှုပ်လာပြီး အပြစ်ရှိ​နေသလို ခံစားလိုက်ရသည်။

” အဲ့ဒါ ငါ့ အပြစ်မှ မဟုတ်တာ ။ ” သူ့ကိုယ်သူ ​ပြောလိုက်သည်။
” တကယ့်ကို ငါ့အမှားမဟုတ်ဘူး။ ငါဝိညာဥ် အမြီးကြက်ကို ​ပေးမလို့ လုပ်​နေတာကို အဲ့ဒီ ဖီးနစ်ငှက်က ခိုးသွားတာ ” တစ်ခုခုမှား​နေသလို ခံစားရ​သော​ကြောင့် သူသည် ​ဆေး​ဖော်စပ်​ဆောင်သို့ အလျင်အမြန် ပြန်ခဲ့သည်။ အနည်းငယ် ​တွေး​တောပြီး​နောက် မည်ကဲ့သို့ ဖြစ်သွားသည်ကို တစ်​ယောက်မျှ သိသွားစရာအ​ကြောင်းမရှိဟု ​ကောက်ချက်ချလိုက်​လေသည်။

​သူသည် ​ဆေး​ဖော်စပ်​ရာအဆောင်ထဲတွင် ထိုက်ချလိုက်ကာ သက်ပြင်းချလျက် ကျန်​သည့် ​အနီရောင်ဆေးလုံး ၂ လုံး ကို ထုတ်၍ ​သေချာစွာ ကြည့်လိုက်မိသည်။

“ဒီ​ဆေးလုံး​တွေက တကယ့်ကို ​တော်​တော်​လေး အစွမ်းထက်တာပဲ။ ငါ ဒါ​တွေကို တိုက်ပွဲမှာ ဝှက်ဖဲ အ​နေနဲ့ သုံးလို့ရတယ်။ ​နောင်တစ်ချိန် ငါ ​​တော​ရိုင်း​ကောင်တွေနဲ့ ​တွေ့ခဲ့မယ်ဆိုရင် ​ကြောက်စရာ မရှိ​တော့ဘူး။ ”

” ဟုတ်ပြီ။ တကယ်လို့ ငါ ဒါ​တွေကို ဝှက်ဖဲအဖြစ် သုံးမယ်ဆိုရင် အမ​တွေရဲ့ ဆန္ဒကို လှုံ့​ဆော်​ပေးတဲ့ ​​နောက်ထပ်​ဆေးလုံး ဖန်တီးတာ ​ကောင်းမယ်ထင်တယ်။ အဲဒါမှ တစ်ခုနဲ့တစ်ခု လိုက်ဖက်ညီသွားမယ် “ပိုင်​ရှောင်ချန်းသည် ထိုကဲ့သို့ ​ဆေး၂မျိုးကို မည်မျှ အတူတွဲသုံးနိုင်​ကြောင်း ​ကောင်း​ကောင်း ​တွေး​​နေမိသည်။ သူသည် ​နောင်တွင် အ န္တရာယ်များ​သော အချို့ ​​တောရိုင်း​ကောင်များနှင့် ​တွေ့ကြုံလျှင် သူသည် ​ဆေးတစ်ပြားကို တစ်ဖက်သို့ ပစ်ကာ ​နောက်တစ်ပြားကို အခြားတစ်ဖက်သို့ ပစ်လိုက်ရုံသာ ဖြစ်သည်။

စိတ်လှုပ်ရှားဖွယ်​ကောင်း​သော ​မျှော်လင့်ချက်တစ်ခု ဖြစ်​သော်လည်း အဆိုးဘက်က ကြည့်လျှင် သူ့တွင် ​ဖော်စပ်ရန် ​ဆေးနည်း မရှိ​ပေ။ အ​တော်ကြာကြာ ထိုကိစ္စကို ​တွေး​တောပြီး​နောက် သူသိသမျှ အပင်နှင့် အသီးအရွက် အမျိုးမျိုး ကို အားလုံး စဥ်းစားကာ သူ၏ ကိုယ်ပိုင် ​ဆေး​ဖော်နည်းကို ​ပြင်ဆင်​နေ​လေသည်။

ပိုင်​ရှောင်ချန်းသည် သူ၏ ကိုယ်ပိုင် ​ဆေး​ဖော်နည်းအား မည်သို့ ဖန်တီးရမည်ကို ​တွေး​တော​နေခိုက်တွင် အကြီးအကဲကျိုးသည် ​​မွှေးရနံ့ တိမ်​တောင်ထိပ်ရှိ ​သူ့​နေအိမ်သို့ ပြန်​ရောက်လာ​လေသည်။ ထို​နေရာတွင် သူသည် ပင်ပန်းနွမ်းနယ်​နေ​သော ဖီးနစ်ငှက်များကို စိုက်ကြည့်ပြီး​နောက် အ​ဝေးတစ်​နေရာသို့ လှမ်းကြည့်လိုက်ရာ ဝိညာဥ်အမြီးကြက်တစ်ကောင်ကို ခုန်အုပ်​နေ​သော ဖီးနစ် အထီးကို ​တွေ့လိုက်ရသည်။ ထို့​နောက် သနားစဖွယ် ​အော်သံများ ထွက်​​ပေါ်စ ပြုလာ​သည်။

အကြီးအကဲကျိုး၏ စိတ်မှာ ​ပေါက်ကွဲထွက်​တော့ မတတ်ဖြစ်​နေသည်။ ပြင်းထန်စွာ တုန်လှုပ်​နေကာ ထို​နေရာတွင် ရပ်​နေရင်း ကမ္ဘာကြီးတစ်ခုလုံး သူ့ကို လှည့်ပတ်​နေသည့်အလား ခံစား​နေရသည်။ ထို့နောက် သူ ​ဒေါသ တစ်​ချောင်း​ချောင်းထွက်ကာ ​အော်ဟစ်လိုက်လေသည်။
” ဒါ ဘယ်​ကောင်လုပ်တာလဲကွ .”


Comment

Leave a Reply

Options

not work with dark mode
Reset