အခန်း (၇၂)

ဂိုဏ်းတွင် စည်းကမ်းများ ရှိသည်

ရက်အနည်းငယ် ကြာသောအခါ ပိုင်ရှောင်ချန်း၏ ဆေးဝါးဖော်စပ်ရာ အလုပ်ခန်းမှ ဝုန်းခနဲ ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ တစ်ခဏကြာသောအခါ သူသည် မျက်မှောင်​ကြုတ်ကာ စိတ်ရှုပ်နေဟန် ပေါ်သည်။

“ငါ ခု အဆင့်၁ ဆေးလုံးတွေနဲ့ တော်တော်လေး ရင်းနှီးနေပါပြီ” သူသည် စိတ်ပျက် လက်ပျက်နှင့် ပြောလိုက်သည်။ “အဆင့် ၂ ဆေးလုံးတွေက အများကြီး ပိုခက်တာပဲ…” ကျင့်ကြံသည့် အချိန်မှ လွဲလျှင် သူသည် ဆေးဖော်စပ်ခြင်းကိုသာ လတ်တလော လုပ်ဆောင်နေခြင်းဖြစ်သည်။ အဆင့်၂ စိတ်စွမ်းအင် ဆေးပြားအချို့ ထုတ်လုပ်ရန် ကြိုးစားရာတွင် သူ့အိတ်ထဲမှ အပင်နှင့် အသီးအရွက်များကို သုံးစွဲနေသည်မှာ ကုန်သလောက်ရှိနေပြီ ဖြစ်သည်။ ကံမကောင်းစွာနှင့် သူဖော်စပ်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၏ အဆင့်က ယခင်ထက် အတော်မြင့်ရာ စေ့စပ်သေချာစွာ ဂရုစိုက်၍ လုပ်ပါသော်လည်း တောက်လျှောက် ကျရှံးနေဆဲ ဖြစ်သည်။

သူသည် ပစ္စည်းအများကြီးကို သုံးစွဲပြီးကြောင်း သတိထားမိတိုင်း သင့်တင့်အောင် ပြောင်းလဲ ဖော်စပ်သည်။ ထိုသို့ လုပ်နေလျက်နှင့်ပင် ပြဿနာအသစ်များ ပေါ်ထွက်လာခြင်း ဖြစ်၏။

သူသည် စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချကာ ဆေးဝါးဖော်စပ်ရာအဆောင်မှ လမ်းလျှောက် ထွက်လာခဲ့ရာ တင်ပျဉ်ခွေ ထိုင်နေကြသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။ အများစုမှာ ၃ယောက်မှ ၅ယောက် ထိ အဖွဲ့များဖြင့် ထိုင်နေကြပြီး အချို့အဖွဲ့မှာ ၁၀ယောက် အထိ ရှိသည်။ အများစုမှာ မိန်းမလှလေးများ ဖြစ်ပြီး ပိုင်ရှောင်ချန်းနှင့် တစ်ယောက်မှ မရင်းနှီးပေ။

သူတို့သည် ပုံစံအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး ဖြစ်ကြပြီး တစ်ယောက်စီတိုင်းက ကိုယ့်နည်းကိုယ့်ဟန် နှင့် လှပသူများ ဖြစ်ကြသည်။ အများစုမှာ တစ်ယောက်နှင့် တစ်ယောက် အလှပြိုင်နေကြကာ ပိုင်ရှောင်ချန်း ထွက်လာသည်ကို မြင်သည်နှင့် မျက်လုံး​လေးများက တောက်ပစွာ လင်းလက်သွားကြသည်။

အများစုမှာ ဘေးတွင် အကြီးအကဲများထိုင်နေကြပြီး သူတို့သည်လည်း ပိုင်ရှောင်ချန်းကို တွေ့ရသောကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေဟန်တူသည်။ တကယ်တော့ သူတို့ အားလုံး က် ထရပ်ကာ အုန်းအုန်းကျွက်ကျွက်နှင့် ပြေးလာနေကြပြီ ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် လန့်ဖျပ်သွားကာ မည်သို့ ဖြစ်ပျက်နေသည်ကို မသိသောကြောင့် မသိစိတ်ဖြင့် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်မိသွားသည်။
“ဟေး၊ နေကြပါဦး၊ ဘာ..ဘာတွေ လုပ်နေကြတာတုံး။”

“တာအိုရောင်းရင်း ပိုင်… ကျုပ်က ကျောက်ထျန်ဟိုင်ပါ။ ကျောက်ရိသော်က ကျုပ်တူပါ ။ဟင်း..ဟင်း..ဟင်း.. တာအိုရောင်းရင်း ပိုင်၊ မင်းက တကယ့်ကို ငယ်ရွယ်တဲ့ သူရဲကောင်းပါ။ ရုပ်လည်း ချောပြီး စွမ်းရည်လည်း ရှိတဲ့ ယောက်ျားတစ်ယောက်ပါ။”

“တာအိုရောင်းရင်း ပိုင်၊ ယောက်ျားတွေကြားထဲက သူရဲကောင်းဆန်ပြီး တမူထူးခြားတဲ့ နဂါးတစ်ကောင်ပါ။ တိမ်တွေ ကြားမှာ ပျံသန်းနေတဲ့ ဒဏ္ဍာရီလာ ဧရာမ ငှက်ကြီး တစ်ကောင်လိုမျိုး အဆုံးအဆမဲ့ စွမ်းအင်တွေနဲ့ သူမှန်း အကြည့်တစ်ချက်နဲ့တင် သိသာတယ်။ အဟမ်း… ကျုပ်က ဆန်းယွမ်ရှန်း လို့ ခေါ်ပါတယ်။ ဒီမိန်းမငယ်လေးတွေကတော့ ကျုပ်မျိုးနွယ်စုက အလှပဂေးလေးတွေပါ။ ကျုပ် မမှားဘူးဆိုရင် တာအိုရောင်းရင်းပိုင်မှာ မိန်းကလေး အစေခံ မရှိဘူးထင်တယ်။ ဟုတ်တယ်မလား။ ”

“တာအိုရောင်းရင်း ပိုင်၊ ကျုပ်က ကျိုးထျန်ပါ။ တာအိုရောင်းရင်း ပိုင် ကို တစ်ချက်ကြည့်ရုံနဲ့ သူရဲကောင်းတစ်ယောက်ရဲ့အငွေ့အသက်တွေကို ကျုပ် ထင်ထင်ရှားရှား ခံစားမိ​နေတယ်။ အရှေ့ဘက်သစ်တောဒေသရဲ့ အနာဂတ် အရှင်သခင် ဖြစ်လာမှာ အသေအချာပဲ။ ကျုပ်တို့က တွေ့တွေ့ချင်းကို မိတ်ဆွေ ဖြစ်ဖို့ ကံကြမ္မာပါလာပုံရတယ်။ ကျုပ်ဘေးက ဒီမိန်းမငယ်လေးတွေကို တစ်ချက်လောက်ကြည့်လိုက်ပါ။ တစ်ယောက်စီတိုင်းက ကျိုးမျိုးနွယ်ရဲ့ အဖိုးတန် ပုလဲလေးတွေပါ…”

တစ်ယောက်စီတိုင်းက ပထမဆုံးနှင့် အကျယ်ဆုံး ပြောနိုင်ရန် ကြိုးပမ်းနေရာ ဆူဆူညံညံ အသံများ ထွက်ပေါ်လာသည်။ ပိုင်ရှောင်ချန်းသည် မျက်လုံးများ ပြူးသွားကာ နောက်သို့ထပ်ဆုတ်လိုက်ရသည်။ သို့သော် ဤလူအားလုံးမှာ သူတို့၏ မျိုးနွယ်စု သမီးများကို သူ့ဆီ ပေးကမ်း လက်ဆက်လိုခြင်း ဖြစ်ကြောင်း တစ်ခဏချင်းပင် သဘောပေါက်သွားသည်။

သူသည် ဖြစ်ပျက်နေသည့် အရာများကို အတိအကျ မသိသော်လည်း မိန်းမငယ်လေးများကို ဝေ့ဝဲ ကြည့်လိုက်ရာ အားလုံးက သူမတူအောင် ထူးကဲစွာ လှပကြောင်း တွေ့လိုက်ရသည်။ အမှန်တွင် သူတို့ထဲမှ အတော်များများသည် သူ၏ အကြိုက်ပုံစံ အဖြစ် သတ်မှတ်နိုင်သည်။ သူတို့ကို အပ်နှင်းနေသည့် ပုံစံမှာ သူ လက်မခံပါက သူတို့ကို မလေးစားရာ ကျသွားမည် ဟု ထင်ရသည်။ အခိုက်အတန့် အားဖြင့် ပိုင်ရှောင်ချန်း သတိထားနေရသည်။

သူက လူများနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေတတ်သောကြောင့် ထိုအရိပ်အယောင်ကို မျက်နှာပေါ်တွင် မပေါ်စေရပါ။ သူသည် အားရပါးရ ပြုံးလိုက်ကာ အမျိုးမျိုးသော ကျင့်ကြံသူ မျိုးနွယ်စုများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် အာလာပသလ္လာပ အနည်းငယ် ပြောဆိုပြီးနောက် အကြပ်အတည်းမှ ရုန်းထွက်နိုင်ခဲ့သည်။

သို့သော် သူ့ အိမ်သို့ မရောက်မီ လမ်းတစ်လျှောက်တွင် ရှိနေကြသူများနှင့် တွေ့ပြန်သည်။ သူတို့ ပြောသော စကားများမှာ ထူးမခြားနားပင် ဖြစ်ကာ သူတို့၏ မျိုးနွယ်စု သမီးပျိုများနှင့် အတူ အခြားလက်ဆောင်များ၊ ကတိများ ပေးအပ်ခြင်း ဖြစ်သည်။

“ကိစ္စ အကြီးကြီးတော့ ဖြစ်ပြီ။ ဒါပေမယ့် အဲ့ဒါ ဘာလဲ။ ” သူက တွေးလိုက်သည်။ “ငါ့ရဲ့ ဘိုးဘေးဘီဘင်ထဲက တစ်ယောက်က အင်မော်တယ် ဆိုတာကိုများ ရှာဖွေတွေ့ရှိတာ ဖြစ်နိုင်လား။ ငါက မော်တယ်ကမ္ဘာက လုံးဝ မဟုတ်တာလည်း ဖြစ်နိုင်တာပဲ။ ငါဟာ အဆင့်အတန်းမြင့်ပြီး စွမ်းအားမြင့်တဲ့ တစ်ယောက်ယောက်ဆီက ဆင်းသက်လာတဲ့ မျိုးဆက်သစ်များလား။ ဘုရားရေ…ငါ သတိမထားမိတာများလား။” ဦးနှောက်ထဲမှာ ချာချာလည်ကာ သူသည် အိမ်ကို မြင်ရသည် အထိ သုတ်ခြေတင်ခဲ့သည်။ သို့သော်လည်း ကျင့်ကြံသူမျိုးနွယ်စု အမျိုးမျိုးမှ လူများက မျှော်လင့်ချက်များအရောင်လက်နေသော မျက်လုံးတွေနှင့် ဝန်းရံထားကြသည်။ ပိုင်ရှောင်ချန်း၏ ခေါင်းတစ်ချက်ညိတ်လိုက်ရုံနှင့် သူတောင်းဆိုသမျှ ဖြည့်ဆည်းပေးမည် ဖြစ်သည်။

အထူးသဖြင့် မိန်းမငယ်လေးများပင် ဖြစ်သည်။ သူတို့သည် ပိုင်ရှောင်ချန်းအနားတွင် စုဝေးကာ တစ်ယောက်နှင့် တစ်ယောက် ရန်လိုသော အကြည့်များဖြင့် ကြည့်ကာ သူ့ထက်ငါ တိုးဝှေ့၊ တွန်းတိုက် နေကြတော့သည်။

ထိုမြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းမှာ ခေါင်းများပင် ကိုက်သွားရသည်။ သူ့ပတ်ပတ်လည်တွင် အပြည့်အဝ ဝန်းရံထားကြကာ ဘယ်ဘက်ကို ရွှေ့သည် ဖြစ်စေ နွေးနွေး၊ အိအိလေးနှင့် ဝင်တိုက်နေသည်သာ ဖြစ်သည်။ သူတို့သည် သူ့အဝတ်များကိုပါ ဆွဲကြ၊ရွဲကြရာ နှလုံးများပင် ခုန်လာသည်။ နောက်ဆုံးတွင် အေးစက်စက် နှာခေါင်းရှုံ့သံ တစ်ချက်ပေါ်ထွက်လာကာ ဟိုရှောင်မေ့ ပေါ်ထွက်လာလေသည်။ စိတ်ဆိုးမာန်ဆိုးနှင့် စိုက်ကြည့်ကာ တရှူးရှူးမြည်၍ သူ့ဆီသို့ ဦးတည်လျက် အခြားမိန်းကလေးများကို ဘေးသို့ တွန်းဖယ်ပြီး တဟုန်ထိုး ဝင်လာသည်။

“ငါ့ရှေ့က ဖယ်စမ်း။ နင်တို့ ဘာလုပ်နေတယ် သိလား။ ဒါက စိတ်စွမ်းအင် နတ်ရေစင် ဂိုဏ်းရဲ့ မွှေးရနံ့ တိမ်တောင်ပဲ။ အေးဆေးနေကြစမ်းပါ… အရူးကြီးတွေရယ်။ ငါ့ရှေ့က ဖယ်လေ။ နင်တို့အားလုံးပဲ။ ဟေ့… နင်… ကိုယ့်ကို ပြန်ကြည့်လိုက်ဦး။ ပဲစိမ်းထက်တောင် ပိန်သေးတယ်။ နင်ဘာလို့ လူတွေကို လိုက်တိုးနေတာလဲ။ ပြီးတော့…နင်… နင်က နို့စားနွားမထက်တောင် ဝသေးတယ်။ ငါ့ရှေ့ကနေ ဖယ် ” ဟိုရှောင်မေ့သည် အမှန်တကယ်ပင် ဒေါသထွက်နေရကား ပိုင်ရှောင်ချန်း ဘေးတွင် ဝိုင်းအုံနေကြသော မိန်းမငယ်လေးများကို ဘေးသို့ တွန်းဖယ်ပစ်သည်။

သူမသည် သေးသွယ် နူးညံ့သော်လည်း ဒေါသူပုန်ထနေသည် ဖြစ်ရာ အင်အားများမှာ အဆုံးမရှိ ဖြစ်နေလေသည်။ ထိုမျှ ဆန့်ကျင်နေသည်ကို တွေ့လိုက်ရသောကြောင့် အခြားသော မိန်းမငယ်လေးများက ချက်ချင်းပင် အလျော့ပေးလိုက်ကြကာ မရေမရာအော်ဟစ်ရင်း လမ်းဖွင့်ပေးလိုက်ကြသည်။ ဟိုရှောင်မေ့သည် ခါးပေါ်လက်တင်ကာ ရှေ့သို့ တိုးလာပုံမှာ ငရုတ်သီးတောင့်နှင့် တူနေကာ သူမပြောလိုက်သော စကားများမှာ ပြင်းထန်ကာ ထိခိုက်စေသည်။

ပိုင်ရှောင်ချန်းက ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ခြံဝင်းထဲသို့ ပြေးသွားတော့သည်။ အထဲသို့ ရောက်၍ ငုံ့ကြည့်လိုက်သောအခါ အဝတ်များမှာ အဆွဲခံထားရသောကြောင့် ပြတ်ကျတော့မတတ်ဖြစ်နေသည်။

“တကယ်ကို ကြောက်စရာကောင်းတာ…” သူ တအံ့တဩနှင့် တွေးမိသည်။ လက်ကျန်အကြောက်တရားလေးနှင့် နှလုံးမှာ ခုန်နေဆဲ ဖြစ်သည်။ ပင်မတံခါးကို ဖြတ်ကာ အပြင်ဘက်သို့ ကြည့်လိုက်သောအခါ ဟိုရှောင်မေ့က အခြား မိန်းမငယ်လေးများနှင့် ရန်သတ်ကာ ဒါဇင်နှင့်ချီသည့် လူအုပ်ကို တစ်ယောက်တည်း ရင်ဆိုင်နေသည်။

နောက်ဆုံးတွင် ကျင့်ကြံသူမျိုးနွယ်စုများ၏ တာဝန်ရှိသူများက ရည်ရွယ်ချက်မရှိဘဲ ထိုင်မစောင့်နိုင်ကြတော့ပေ။ သူတို့က နောက်ဆုံးတွင် မိန်းမငယ်လေးများကို ပြန်ကြရန် ဖျောင်းဖြ အကြံပေးလိုက်တော့သည်။ ပိုင်ရှောင်ချန်းရှိရာဘက်သို့ ဦးတည်ကာ လေးစားစွာဖြင့် လက်ချင်းဆုပ်လျက် နောက်တစ်ကြိမ် တွေ့ဆုံရန် ပြန်လာခဲ့ပါမည်ဟု ကတိပေးလိုက်သည်။

မကြာမီ ညနေစောင်းသွားတော့သည်။ ပိုင်ရှောင်ချန်း၏ တံခါးအပြင်ဘက်တွင် တိတ်ဆိတ် ငြိမ်သက် နေသော်လည်း အဝေးတစ်နေရာတွင် ကျင့်ကြံသူမျိုးနွယ်စုများမှလူများက တင်ပျဉ်ခွေကာ ထိုင်နေကြသည်မှာ ဤနေရာကို စောင့်ရှောက်နေသည့် အလားဖြစ်သည်။

ဤလူအားလုံးက နည်းလမ်းပေါင်းစုံကို သုံး၍ အဝေးမှ လာခဲ့သည့်အပြင် နှင်ထုတ်မခံရဘဲ ဆက်နေနိုင်သည့် နည်းလမ်းများလည်း ရှိသည်။

ထူးခြားသော တစ်စုံတစ်ခု ဖြစ်ပျက်နေကြာင်း ပိုင်ရှောင်ချန်း သေချာသွားပြီဖြစ်သည်။ အပြင်ဘက်ရှိ တိတ်ဆိတ်နေသော မြင်ကွင်းကို ကြည့်ရင်း ပိုင်ရှောင်ချန်းက ဟိုရှောင်မေ့ကို ခြံဝန်းထဲသို့ ဆွဲခေါ်လာခဲ့သည်။

အပြင်ရှိလူများအတွက် ဟိုရှောင်မေ့သည် ငရုတ်သီးကဲ့သို့ ပူလောင်သော်လည်း ပိုင်ရှောင်ချန်း၏ လက်နှင့်ထိမိသည့် အချိန်တွင် သူမ မျက်နှာသည် နီရဲသွားကာ မူးဝေသွားသည်။ ပိုင်ရှောင်ချန်းက အထဲကို ဆွဲခေါ်လာသဖြင့် သူမ၏ သေးငယ်သော ခန္တာကိုယ်လေးမှာ ယိုင်လဲတော့မတတ် ဖြစ်သွားသည်။

သူမက စကားပြောသောအခါ ခြင်တစ်ကောင်ပျံသန်းသွားသည့်အသံကဲ့သို့ တိုးတိတ်ညင်သာသော အသံနှင့် ပြောလိုက်သည်။
“အစ်..အစ်ကိုကြီး ရှောင်ချန်း လူတွေအများကြီး ရှိနေတာကို ကျွန်မကို ဘာလုပ်ဖို့ စိတ်ကူးနေတာလဲ။”

“ဟင်” ပိုင်ရှောင်ချန်းက လန့်ပြီး စိုက်ကြည့်နေမိသည်။ ဟိုရှောင်မေ့၏ ထူးဆန်းသော မျက်နှာ အမူအရာကို ကြည့်လျှင် သူမ တစ်စုံတစ်ခု ဖြစ်နေသည်ဟု သူ ပြောနိုင်သောကြောင့် သူမ၏ ပါးကို တစ်ချက် ရိုက်လိုက်သည်။ ပုံမှန်ဖြစ်သွားသည့်ပုံ မပေါ်သေးသောကြောင့် နောက်တစ်ခါ ထပ်ရိုက်လိုက်သည်။ ဟိုရှောင်မေ့က ချက်ချင်း သတိဝင်လာသည်။

“ဘာတွေဖြစ်နေတာလဲ” သူမက နှုတ်ခမ်းစူကာ ခြေကို ဆောင့်လိုက်ပြီး မေးလိုက်သည်။ သို့သော်လည်း မှားနေသူမှာ သူမမှန်း သိသွားသောအခါ ကျောက်စိမ်းပေလွှာကို လှမ်းပေးကာ ထွက်ပြေးသွားတော့သည်။

ဟိုရှောင်မေ့ အဝေးသို့ ပြေးသွားသည်ကို ကြည့်ရင်း ပိုင်ရှောင်ချန်းက ဖြစ်ပျက်နေသည်တို့ကို စဉ်းစားတွေးတောကာ ရပ်နေမိသည်။ နောက်ဆုံးတွင် သူသည် ကျောက်စိမ်းပေလွှာကို ငုံ့ကြည့်ကာ စိတ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်လိုက်သည်။ ကြည့်နေရင်း မျက်လုံးများပင် ပြူးကျယ်သွားရသည်။ နောက်တစ်ခါ စစ်ဆေးအပြီးတွင် သူသည် အသက်ကို လေးလံစွာ ရှူရင်း ခြံဝန်းထဲတွင် ရပ်နေမိသည်။

“ဂုဏ်ထူးဆောင် မျိုးနွယ်စု…”

ကျောက်စိမ်းပေလွှာကို ဟိုယွင်ဖေးက ဟိုရှောင်မေ့မှ တစ်ဆင့် ပိုင်ရှောင်ချန်းထံသို့ ပေးပို့ခြင်းဖြစ်သည်။ အထဲတွင် ပါသော စာများမှာ အသံထွက်၍ မဖတ်သင့်သည့် စာမျိုးဖြစ်သည်။ ထိုစာများက ပိုင်ရှောင်ချန်း၏ ဂုဏ်ထူးဆောင်ဂိုဏ်းသား ဘွဲ့ကို ကျင့်ကြံသူမျိုးနွယ်စု အားလုံးက အဘယ့်ကြောင့် စိတ်ဝင်စားနေကြကြောင်းနှင့် ရလာဒ်အနေဖြင့် မည်သို့ ဖြစ်သွားကြောင်းကို ရှင်းပြထားသည်။ ပိုင်ရှောင်ချန်း၏ မျိုးဆက်သွေးကြောများတွင် ဟိုမျိုးနွယ်စု၏ သွေးများ စီးဆင်းခွင့် ရစေရန် အလေးအနက် မျှော်လင့်ပါကြောင်း ထပ်ပြောထားသည်။

ထို့နောက် ပိုင်ရှောင်ချန်းက ဟိုရှောင်မေ့ ယခုလေးတွင် ပြုမူသွားသည်များကို တွေးကြည့်ကာ စဉ်းစားရင်း မေးကို ပွတ်နေလေသည်။ သူ့ မျက်လုံးများ တလက်လက်တောက်လျက် ဟိုရှောင်မေ့ အကြောင်းမဟုတ်ဘဲ စောစောက သူပြောခဲ့သည့် စကားများကို ပြန်တွေးနေလေသည်။ တစ်မူ ထူးခြားသော အရာတစ်ခု ဖြစ်ပျက်လာခဲ့လေပြီ။

“ငါ တွေးတောင် မတွေးတတ်တော့ဘူး။ ငါ့ရဲ့ ပြောင်မြောက်လှတဲ့ လုပ်ဆောင်ချက်ကြီး အတွက် ပေးတဲ့ဆုက အသုံးမဝင်ဘူးလို့ ထင်ခဲ့တာ။ ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူ ညီလေးဖြစ်ရတာ ဂိုဏ်းထဲမှာ သူရဲကောင်းကြီး ဖြစ်မယ်ဆိုတာ သိတယ်။ ဒါပေမယ့် ဂုဏ်ထူးဆောင် ဂိုဏ်းသားဖြစ်ရတာ အပြင်မှာ ဒီလောက် အရေးပါတဲ့သူ ဖြစ်သွားမယ်လို့ မတွေးခဲ့ဘူး။” သူသည် နှုတ်ခမ်းများကို သပ်ကာ မကြာမီ နှလုံးခုန်နှုန်ူများပင် မြန်လာလေသည်။

“ငါက တာအိုလက်တွဲဖော်ကို ကြိုက်သလို ရွေးလို့ရတာပဲ။ သူတို့ရဲ့ မျိုးနွယ်စုရတနာတေ် အားလုံးက ငါ့လက်ထဲရောက်မှာပဲ… နောက်ဆုံးတော့ ထာဝရ အသက်ရှင်ဖို့ အတွက် မျှော်လင့်ချက် အစစ်လေးတွေ ရလာခဲ့ပြီပေါ့။”

တဟီးဟီးရယ်မောလိုက်ကာ သူ့ မျက်လုံးများ တလက်လက် တောက်ပလာကြသည်။ ယခင်က သူသည် အဆင့်၂ စိတ်စွမ်းအင် ဆေးပြားများ ဖော်စပ်ရန် မည်သို့ ဆက်အားထုတ်ရမည်ကို စိတ်ပူနေခဲ့ရသည်။ ယခုတွင်မူ လူများက သူ့ကို လက်ဆောင်ပေးခွင့်ရရန် အသည်းအသန် တိုက်ခိုက်နေကြသည်။

“ငါ လက်ဆောင်တွေ အားလုံးကို လက်ခံလို့ မရတာ ဝမ်းနည်းလိုက်တာ…” ဟု ရေရွတ်လိုက်သည်။ သို့သော် သူက တစ်ခုကို တွေးမိသွားသည်။

“ခဏနေပါဦး. ငါဘာလို့ အကုန်လုံးကို လက်ခံလို့ မရမှာလဲ။” လည်ချောင်းရှင်းလိုက်ကာ သူက တစ်ညနေလုံး အခန်းထဲသို့ ဝင်သွားကာ အနားယူရင်း နောက်ထပ်ဘာလုပ်ရမည်ကို တစ်ချိန်လုံး စဉ်းစားနေတော့သည်။ နောက်နေ့ အရုဏ်တက်တွင် သူက အိပ်ရာထဲမှ ခုန်ထလိုက်ကာ စိတ်လှုပ်ရှားလှသဖြင့် တုန်နေတော့သည်။ သူက ခြံဝန်းတံခါးကို ဖွင့်လိုက်ရာ သူ့ကို စောင့်ဆိုင်းနေသော ကျင့်ကြံသူမျိုးနွယ်များမှ လူစုလူဝေးကြီးကို တွေ့လိုက်ရသည်။

“တာအိုရောင်းရင်း ပိုင်…”

“ဂါရဝပြုပါတယ်. တာအိုရောင်းရင်း ပိုင်။ ကျုပ်တို့ မျိုးနွယ်စု အကြီးအကဲက ဂါရဝပြုလိုတဲ့ အတွက် ခွင့်တောင်းဖို့ လာခဲ့ခြင်း ဖြစ်ပါတယ်။ ”

လူအားလုံးက စကားများ ချက်ချင်း ပြောလာကြရာ ဆူညံနေတော့သည်။ ပိုင်ရှောင်ချန်းသည် မေးစေ့ကို မော့ကာ အင်္ကျီလက်ကို ပင့်တင်လိုက်သည်။

“ကဲ..ကဲ..တော်လောက်ပြီ။”
သူက အားရပါးရ ပြုံးလိုက်သောကြောင့် မျက်လုံးများပင် ကျဉ်းမြောင်းသွားသည်။
“အားလုံးပဲ အနားကို လာကြပါ။ ခင်ဗျားတို့မှာ ဘာတောင်းဆိုစရာတွေပဲ ရှိရှိ၊ ထုတ်ပြောလို့ ရပါတယ်။”
ထို့နောက် သူသည် မျိုးနွယ်စုဝင်တစ်ယောက်ကို အလျဥ်းသင့်သလို ခေါင်းညိတ်ကာ ခေါ်လိုက်သည်။ အခေါ်ခံလိုက်ရသူသည် မိန်းမငယ်လေးများကို သူနှင့်အတူ ဆွဲခေါ်ကာ ဝမ်းမြောက်ဝမ်းသာနှင့် ပြေးလာသည်။

မ်ိန်းမလေးများသည် စိတ်လှုပ်ရှားနေဟန်ဖြင့် ချဉ်းကပ်လာကြသည်။ အခြားသော မျိုးနွယ်စုများမှာလည်း စိတ်လှုပ်ရှားနေပုံ ပေါ်သည်။ အကြောင်းရင်း မတူသော်လည်း သူတို့က အိမ်ကို အလျင်အမြန် သတင်းပို့ကြလေသည်။

နောက်ထပ်၊ နောက်ထပ်မျိုးနွယ်စုများ အတွက်လည်း အတူတူပင် ဖြစ်သည်။ တစ်ခုပြီး တစ်ခုဖြင့် တစ်နေ့တာ ကုန်ဆုံးသွားခဲ့သည်။ ပိုင်ရှောင်ချန်းသည် သူတို့ထဲမှ ဒါဇင်ပေါင်းများစွာနှင့် တွေ့ဆုံခဲ့သည်။

သူက မျိုးနွယ်စုများမှ မည်သည့်သမီးပျိုတစ်ယောက်ကိုမျှ မရွေးချယ်သကဲ့သို့ တစ်ယောက်ကိုမျှ ငြင်းဆန်ခြင်း မပြုပေ။ သူ့မှာ စဉ်းစားရန် အချိန်လိုအပ်ကြောင်းနှင့် တခဏ အတွင်း ဆုံးဖြတ်ရန်မှာ အလွန်အရေးကြီးသော ကိစ္စ ဖြစ်ကြောင်းကိုသာ ပြောထားသည်။
“နှုတ်ဆက်လက်ဆောင်” အားလုံးကိုမူ တစ်ခုမှ မငြင်းဆန်ပေ။

“ကျွန်တော်၊ ပိုင်ရှောင်ချန်းဟာ ကိစ္စတိုင်းကို သင့်တင့်မျှတတဲ့ နည်းလမ်းနဲ့ပဲ ကိုင်တွယ်ပါတယ်။ ကျွန်တော် လက်ထပ်ရာမှာ ဘယ်မျိုးနွယ်နဲ့ မဟာမိတ်ဖွဲ့ရမလဲ ဆိုတာကို မရွေးချယ်ရသေးတဲ့ အတွက် လက်ဆောင်တွေကို တကယ်ကို လက်မခံနိုင်ပါဘူး ခင်ဗျာ” ထိုစကားများသည် မျိုးနွယ်စုတိုင်းကို သူပြောသည့် စကားများဖြစ်သည်။

သူက ထိုသို့ ပြောလေလေ၊ ကျင့်ကြံသူ မျိုးနွယ်စုများက လက်ဆောင်များကို လက်ခံရန် တိုက်တွန်းလေလေ ဖြစ်သည်။ အမှန်တွင် သူတို့က ပို၍ပင် ယဉ်ကျေးလာကြသည်။ အများစုက လက်မထပ်ဖြစ်ခဲ့လျှင်ပင် မိတ်ဆွေများ အဖြစ် ဆက်နေချင်ပါသည်ဟု ပြောလာကြသည်။ ထိုအခါမှသာ ပိုင်ရှောင်ချန်းက လက်ဆောင်များကို တွန့်ဆုတ်၊တွန့်ဆုတ် လက်ခံတော့သည်။

သူတို့သည် ရူးကြောင်ကြောင် နိုင်သော်လည်း ဤကျင့်ကြံသူမျိုးနွယ်စုများမှ လူများမှာမူ မတုံးမအကြပေ။ ပိုင်ရှောင်ချန်းက စဉ်းစားဦးမည် ဟု ပြောခြင်းသည် မည်သည့် မျိုးနွယ်စုက အကောင်းဆုံး ပေးကမ်းနိုင်မည်နည်း ဟု စောင့်ကြည့်လိုခြင်း ဖြစ်ကြောင်း သူတို့ သိကြသည်။

ထိုမျှဆိုလျှင် သေချာပေါက် မျှော်လင့်ချက်ရှိသေးသည်။ ထို့အပြင် သူတို့အားလုံးသာ လက်ဆောင်များ မပေးကမ်းနိုင်ပါက သူတို့မျိုးနွယ်စု သမီးပျိုများကို ပိုင်ရှောင်ချန်းက တာအိုလက်တွဲဖော်အဖြစ် မစဉ်းစားမည်ကို ကြောက်ရွံ့နေကြသည်။ ရလာဒ်မှာ နောက်နေ့တွင်လည်း လူအုပ်ကြီးသည် ပါးမသွားဘဲ ပို၍ တိုးလာခြင်းဖြစ်သည်။ ထို့အပြင် အချို့မျိုးနွယ်စုများက သူတို့သမီးများကို ပိုင်ရှောင်ချန်း၏ တာအိုလက်တွဲဖော် မဖြစ်လျှင်တောင်မှ ညတွင် အိပ်ရာကို နွေးထွေးစေမည့် အမျိုးသမီး အစေခံ ဖြစ်စေခြင်းကြောင်း ပြောဆိုသည်ထိ ဖြစ်နေကြသည်။ သူ၏ သွေးသား၊မျိုးဆက်ကို သယ်ဆောင်နိုင်သရွေ့ သူကလည်း တရားဝင် အသိအမှတ်ပြုမည် ဆိုလျှင် လုံလောက်ပြီ ဖြစ်သည်။

လာရောက်တွေ့ဆုံကြသော မျိုးနွယ်စုများက လက်ဆောင်များကို တိုး၍ တိုး၍ ပေးကြလေသည်။ အမှန်တွင် ပိုင်ရှောင်ချန်းကိုယ်တိုင်ပင် အနည်းငယ် တုန်လှုပ်နေပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူက အမှန်တကယ် ငြင်းဆန်လိုသော်လည်း မတတ်နိုင်တော့ပေ။

“ကောင်းပြီ ငါလက်ခံတော့မယ်… လက်မခံဘူးဆိုတာကလည်း တကယ်တော့ ရွေးချယ်စရာ တစ်ခု မဟုတ်ပါဘူး။” ၇ရက်၊ ၈ရက် ဆက်တိုက် သူက မျိုးနွယ်စုများကို လက်ခံတွေ့ဆုံကာ လက်ဆောင်များ လက်ခံနေခဲ့သည်။ မနက်ခင်း အရုဏ်တက်တိုင်းတွင် လမ်းလျှောက်ထွက်သွားပါက လူအုပ်ကြီးက သူ့ကို စောင့်ဆိုင်းလျက်ရှိသည်ကို တွေ့ရသည်။

နောက်ထပ် ၃ရက် ကုန်လွန်သွားခဲ့လေပြီ။ အရုဏ်တက်သောအခါ ပင်မတံခါးကို တွန်းဖွင့်လိုက်လျှင် သူ ပါးစပ် အဟောင်းသား ဖြစ်သွားလေသည်။ အံ့ဩဖွယ်ကောင်းစွာ လူတစ်ယောက်ကိုမျှ မတွေ့ရပေ။ အရာအားလုံး ငြိမ်းချမ်းကာ တိတ်ဆိတ်နေသည်။

သူမြင်နေရသည်မှာ ဟိုးအမြင့်တွင် ကျက်သရေရှိစွာ ပျံသန်းနေသော ငါးရောင်ခြယ် ဖီးနစ်ငှက်များပင် ဖြစ်သည်။ ဖီးနစ်ငှက်များမှာ အကြီးအကဲ ကျိုး၏ အချစ်တော် ငှက်များ ဖြစ်ကြပြီး မကြာမကြာ ဆိုသလို မွှေးရနံ့ တိမ်တောင်ထက်တွင် ပျံသန်းလေ့ရှိသည်။ သူတို့သည် အများအားဖြင့် အုပ်လိုက် ပျံသန်းလေ့ရှိကြပြီး ထူးခြား လှပကြသည်။ ဂိုဏ်းသားအများစုက ၎င်းတို့ကို အားကျ၊ မနာလို ဖြစ်ကြလေသည်။

ပိုင်ရှောင်ချန်းသည် မျက်လုံးများကို ပွတ်သပ်ကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူ ပင်မတံခါးကို မှားယွင်းဖွင့်မိခြင်း ဖြစ်နိုင်သည်ဟု တွေးကာ အထဲပြန်ဝင်၍ ပိတ်ကာ ထပ်ကြိုးစားကြည့်သည်။ သို့သော်လည်း ရလာဒ်မှာ အတူတူပင် ဖြစ်သည်။

“ဘာတွေ ဖြစ်ပျက်နေတာလဲ။ ” သူက ထိတ်လန့်ကာ တွေးနေမိသည်။ ထို့နောက် ဟိုယွမ်ဖေးကို ရှာဖွေကာ ရှင်းပြခိုင်းရန် အမြန်ထွက်ခွာ သွားတော့သည်။

ဟိုယွမ်ဖေးသည် သက်ပြင်းချကာ ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။
“မနေ့ညက ဂိုဏ်းခေါင်းဆောင်က ဓမ္မ စည်းမျဉ်းတစ်ခု ထုတ်လိုက်တယ်။ မင်းရဲ့ အစ်ကိုအနေနဲ့ သူက ကျင့်ကြံသူ မျိုးနွယ်စုတွေကို ဂိုဏ်းစည်းကမ်းတွေ အရ နောက်နှစ်တရာအထိ မင်းက တာအိုလက်တွဲဖော် လက်ခံလို့ မရဘူးဆိုတာ အကြောင်းကြားလိုက်တာ။ အဲ့ဒါကြောင့် လူတိုင်းက ဘာမှ မတတ်နိုင်ဘဲ ထွက်သွားကြရတာ။”

ပိုင်ရှောင်ချန်းသည် အံ့ဩ ဆွံ့အသွားသည်။ မှားနေသည်ဟု ခံစားရကာ ပြောလိုက်သည်။ “ဝင်ငွေလည်း မရှိတော့ဘူး… လက်ထပ်တာလည်း မရှိတော့ဘူး…”

ဟိုယွင်ဖေးသည် ရယ်ရမည်လား ၊ ငိုရမည်လား မသိတော့ချေ။ ခဏကြာလျှင် သူက တစ်ခုတွေးမိကာ ပြောလိုက်သည်။ “ရှောင်ချန်း… မြစိမ်းတောင်က ငါ့သူငယ်ချင်းတစ်ယောက် ပြောတာ မင်းနဲ့ ရှန်ကွမ်းထျန်ယုံက တစ်ယောက်နဲ့တစ်ယောက် အစာမကြေကြဘူးဆို။ ဟုတ်လား။ ချန်သကျင်းက လုံးဝ အရေးမကြီးဘူးလို့ ထားပါတော့။ သူနဲ့ ဘယ်လိုရှင်းရှင်း ဂိုဏ်းက ဘာမှ မပြောဘူး။ ဒါပေမယ့် ရှန်ကွမ်းထျန်ယုံနဲ့ ပတ်သက်ရင် ကိစ္စတွေက အဲ့လောက် မရိုးရှင်းဘူး။ ”

“မရိုးရှင်းဘူးဆိုတာ ဘာပြောတာလဲ။ ” ပိုင်ရှောင်ချန်းက မေးလိုက်သည်။
“သူက ငါ့ထက် အရေးကြီးတာမျိုးလား..ဘာလဲ။” စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားတစ်ယောက် ဖြစ်သည်မှာ နှစ်ပေါင်းကြာပြီ ဖြစ်ရာ ပိုင်ရှောင်ချန်းသည် ဂိုဏ်း၏ ဂိုဏ်းသားများကို လေ့ကျင့်ပေးပုံများကို သိနေပြီ ဖြစ်သည်။ သူတို့က ဂိုဏ်းသားများကို ကြီးမြတ်အောင် တွန်းတင်ပေးကာ၊ သေစေနိုင်သော ပဋိပက္ခများကို တားမြစ်ထားပြီး ပူးပေါင်းဆောင်ရွက်ခြင်း၊ ယှဉ်ပြိုင်ခြင်းများကို အားပေးသည်။ ဂိုဏ်း၏ စည်းမျဉ်းများက အခြေခံ အမူအကျင့်များကို အုပ်စိုးထားသည်။ တောင်အမျိုးမျိုးမှ အကြီးအကဲ များသာမက တောင်၏ အရှင်သခင်များကိုယ်တိုင် ကူညီပေးခြင်းများ ၊ လေ့ကျင့်ပေးခြင်းများ လုပ်ဆောင်ပေးသည်။ နောက်ပြီး တရားစီရင်ရေးဆောင်က အကျင့်ဆိုးများကို ဟန့်တားရန် ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။ ဂိုဏ်းသည် အဘက်ဘက်မှ အားလုံးကို ထိန်းချုပ်ထားပြီး ဖြစ်သည်။

စိတ်စွမ်းအင်နတ်ရေစင် ဂိုဏ်း၏ တောင်ဘက်နှင့် မြောက်ဘက်ခြမ်းများကို ထည့်သွင်း စဉ်းစားမည် ဆိုလျှင် ဂိုဏ်းသားပေါင်း သိန်းချီရှိရာ အရာရာကို အသေးစိတ် အုပ်ချုပ်ရန်မှာ မဖြစ်နိုင်မှန်း သိသာသည်။ ဂိုဏ်းသားများသည် ပဋိပက္ခများ၊ ရန်ပွဲများ ဖြစ်ကြမည် ဖြစ်ပြီး အချို့သော မသင့်တော်သည့် သဘောထားများကိုမူ ထိန်းချုပ်၍ မရနိုင်ပေ။ သို့သော်လည်း ဆုများ၊ အပြစ်ပေးခြင်းများ သိသာ ထင်ရှားစွာရှိ၍ ဖောက်ဖျက်သူများမှာ တင်းကြပ်သော အပြစ်ပေးခြင်းများ ခံရမည် ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် ဂိုဏ်းအတွက် မယုံကြည်နိုင်ဖွယ် တာဝန်များကို ဆောင်ရွက်ပေးခဲ့ကာ အပင်နှင့် အသီးအရွက်ကျမ်းမှာ အလွန်မြင့်မားသည့် စွမ်းရည် ပိုင်ဆိုင်ထားပြီး အလွန်ထူးခြားကောင်းမွန်သော အတိုက်အခိုက်စွမ်းရည်များရှိသည်။ ဂိုဏ်းက ထိုအရည်အချင်းများကို သတိထားမိပြီး များစွာ တန်ဖိုးထားသည်။ သူတို့သည် အစေခံတစ်ယောက်ကဲ့သို့ အရာအားလုံးကို ထောက်ပံ့ ကူညီခြင်း မပြုပေ။ လူများက သူ့ကို ပြောဆိုပုတ်ခတ်လျှင်လည်း ကာကွယ်ရန်အတွက် ကြိုးပမ်းပေးမည် မဟုတ်ချေ။ ရှန်ကွမ်းထျန်ယုံသာမက ပိုင်ရှောင်ချန်းပါ အရာအားလုံး ပြုမူပေးခြင်းများကို မနှစ်သက်ပေ။

ထို့ကြောင့်ပင် အခြားသော အပြင်စည်း ဂိုဏ်းသားများက သခင်လေးဟု ခေါ်နေကြသော မောက်မာ၊ ကျော်ကြားသည့် ရှန်ကွမ်းထျန်ယုံကဲ့သို့ လက်ရွေးစင် တစ်ယောက်သည် သူ၏ စိတ်ဝင်စားမှုကို ခံယူရန် မတန်ဟု ပိုင်ရှောင်ချန်း ယုံကြည်သည်။

တခဏမျှ စဉ်းစားပြီးလျှင် ဟိုယွင်ဖေးက ပိုင်ရှောင်ချန်းကို သူသိသမျှ ပြောပြနေစဉ်တွင် မျက်လုံးများသည် တောက်ပနေလေသည်။
“ရှန်ကွမ်းထျန်ယုံက ရည်မှန်းချက် ကြီးတယ်။ သူက တစ်နေ့မှာ ဒဏ္ဍာရီလာ အမွေဆက်ဆံသူ အဆင့်ဝင်နိုင်မယ်လို့ မျှော်လင့်နေတာ။ နောက်ပြီး သူက ကျင့်ကြံခြင်း အခြေခံကို ဖုံးဖိထားပြီးတော့ အတွင်းစည်းဂိုဏ်းနဲ့ အပြင်စည်းဂိုဏ်း ကြားမှာ နေတာ။ တောင်ဘက်ရော၊ မြောက်ဘက်ရော က လက်ရွေးစင်တွေအားလုံးပါဝင်တဲ့ နတ်မီးလျှံစမ်းသပ်ပွဲမှာ ပထမနေရာယူပြီး အတွင်းစည်းဂိုဏ်းကို ထိပ်ဆုံးက ဝင်ချင်တာ။ အဲ့ဒါဆို အမွေဆက်ခံသူအဆင့်ကို ဝင်ဖို့ အခွင့်အရေး ရမှာ။ အဲ့လိုမဟုတ်ရင် သူက အတွင်းစည်းဂိုဏ်းဝင်ဖို့ နတ်မီးလျှံပြိုင်ပွဲကို အစောကြီးတည်းက ဝင်ပြိုင်မှာ။ တကယ်တော့ ချီစုစည်းမှု အဆင့် ရှစ် ရောက်တဲ့သူတိုင်း ဝင်ပြိုင်လို့ရတာကို ”

ပိုင်ရှောင်ချန်းက လန့်ပြီး မေးလိုက်သည်။
“ဘာလို့ အားလုံးက အမွေဆက်ခံသူ အဆင့်ကို ဝင်ချင်နေကြတာတုံး။ ရွှီပေါက်ချိုင်ပြောတာကတော့ ကျိုးရှင်းချီ၊ လုထျန်လဲ့ နဲ့ တခြားလူတွေရော ဝင်ချင်နေကြတာတဲ့ ”

“ အမွေဆက်ခံသူ အဆင့် အဖွဲ့ဝင်တွေက ဂုဏ်ထူးဆောင် ဂိုဏ်းသားလို ဘွဲ့မျိုးပဲ။ ဒါပေမယ့် သူက စိတ်စွမ်းအင် နတ်ရေစင် ဂိုဏ်းထဲမှာ မတူတဲ့ အခွဲတစ်ခုပဲ။ မင်းသိလား စိတ်စွမ်းအင် နတ်ရေစင် ဂိုဏ်းက တခြားဂိုဏ်းတွေနဲ့ ကွဲတယ်။ ငါတို့မှာ အခွဲ ၂ခု ရှိတယ်။ တစ်ခုက ဂိုဏ်းကို စောင့်ရှောက်ဖို့ အဓိကထားတယ် ။ နောက်တစ်ခုက ဂုဏ်အရှိန်အဝါနဲ့ စွမ်းအား တိုးတက်ဖို့ အဓိကထားတယ်။ ”

“အစေခံတွေကနေပြီး ချီစုစည်းမှု အဆင့်သုံးရှိတဲ့ ဂိုဏ်းသားတွေက နိမ့်တဲ့ တစ်ဖွဲ့၊ အဆင့်လေး ကနေ အဆင့်ရှစ် ဆိုရင် အပြင်စည်းဂိုဏ်း၊ အဆင့် ရှစ်ရောက်ရင် အတွင်းစည်းဂိုဏ်းကို ဝင်ဖို့ နတ်မီးလျှံစမ်းသပ်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ရတယ် ”

“အခြေခိုင်မာခြင်းအဆင့် ရောက်သွားပြီ ဆိုရင် အခြေခိုင်မာခြင်းအဆင့် အကြီးအကဲ ဖြစ်မယ်။ တောင်ထိပ်သခင်လည်း ဖြစ်နိုင်တယ်။ နှစ် ၆၀ စက်ဝိုင်း ၂ခါ ပြီးသွားလို့ ရွှေအမြုတေ အဆင့်ကိုရောက်သွားရင် ဂိုဏ်းကို ကာကွယ်၊ စီမံတဲ့ ဂိုဏ်းစောင့် အကြီးအကဲဖြစ်မယ်။ အဲ့ဒါက ပထမ အခွဲ။ ”

“ဒုတိယအခွဲက အမွေဆက်ခံသူအဆင့်ပဲ။ ”

“အဲ့ထဲကို ဝင်ဖို့ တစ်နည်းပဲ ရှိတယ်။ အဲ့ဒါက နှစ်၆၀ စက်ဝိုင်း ၂ခါ မပြီးခင် ရွှေအမြုတေအဆင့်ကို ဖောက်ထွက်ဖို့ပဲ။ အဲ့ချိန်ကစပြီးတော့ မင်းက ကျင့်ကြံခြင်းကမ္ဘာမှာ ငါတို့ဂိုဏ်းကို ပိုပြီး နေရာရလာစေမယ့် လက်နက်တစ်ခု ဖြစ်လာမှာ။ ပြီးတော့ ပိုပြီး အစွမ်းထက်တဲ့ရတနာတွေနဲ့ စည်းစိမ်တွေကို ရလာမယ်။ လက်ရွေးစင် တိုက်ပွဲတွေမှာ ပထမရတဲ့ ဘယ်သူမဆို အမွေဆက်ခံသူအဆင့်ကို ဝင်ခွင့်ရနိုင်တယ်။ ငါလည်း အတိအကျတော့ မသိဘူး။ ဒါပေမယ့် အကုန်လုံးမှာ စည်းမျဉ်းတွေ ရှိနေတာကိုတော့ သေချာသိတယ်။”

“တစ်ခုတည်းသော အရာက နှစ် ၆၀ အချိန်စက်ဝိုင်း ၂ခု မပြီးခင် ရွှေအမြုတေ အဆင့်ကို ရောက်ဖို့ အင်မတန် ခက်ခဲတာပဲ။ ပြီးခဲ့တဲ့ မျိုးဆက်က အဖွဲ့ဝင်တွေထဲမှာ နီးစပ်တာဆိုလို့ တောင်ထိပ်သခင် လီချင်းဟောက်ပဲ။ ဒါကြောင့် ဂိုဏ်းက သူ့ကို မျက်နှာသာပေးတာ။”

ပိုင်ရှောင်ချန်းသည် အသက်ကို ပြင်းပြင်း ရှူလိုက်သည်။ သူသည် အမွေဆက်ခံသူ အဆင့် အကြောင်းကို ကြားဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကာ ဂိုဏ်းအကြောင်းလည်း ပိုမို နားလည်လာသည်။ မကြာမီတွင် သူထွက်လာသည်။ သွားနေရင်းဖြင့် သူသည် တောက်လျှောက် တွေးတော သုံးသပ်လာသည်။

“အမွေဆက်ခံသူ အဆင့်…”


Comment

Leave a Reply

Options

not work with dark mode
Reset