လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့နှင့်အတူ ထွက်ခွာသွားရင်း စကားအချို့ ပြောချင်နေပါသော်လည်း ချီတုံချတုံဖြစ်နေ၏။ သူတို့နှစ်ယောက် ကနဦးအဆင့်အထိ ပြီးဆုံးသွားပြီဖြစ်သော မြို့တော်နယ်မြေအသစ်ထဲရှိ မြို့တော်ဝန်ရုံးဆီသို့ ရောက်သွားသောအခါတွင်မူ သူသည် သူ၏ဆန္ဒများကို မချုပ်တည်းနိုင်တော့ဘဲ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား ပြောလိုက်တော့သည်။
” မြို့တော်ဝန်။ ဒီ လီယီဆိုတဲ့ မိန်းမက တစ်ခုခု ကြံစည်နေတာပဲဖြစ်ရမယ်။ ပြီးတော့ သူ စရောက်လာခဲ့တဲ့အချိန်တုန်းက ထောင်ဂဏန်းလောက်ရှိတဲ့ အစေခံတွေကိုပါ ခေါ်လာပြီးတော့ ကိစ္စတိုင်းမှာ ဟိတ်ကြီးဟန်ကြီးနဲ့ ဝင်ရောက်စွက်ဖက်ခဲ့တာ ”
” အခု မြို့တော်ဝန်က သူ့ကို မြို့တော်နယ်မြေအသစ် ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုလုံးကို ထိန်းချုပ်ခွင့်ပေးလိုက်တော့… ပြဿနာတွေတက်လာမှာ ကျနော် စိုးရိမ်မိတယ် ” လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့၏ စိတ်ကူးများကို နားမလည်နိုင်လောက်အောင် ဖြစ်နေရ၏။ ဝမ်ပေါင်လဲ့မှာ အခြားသူများက သူ့အား အခွင့်ကောင်းယူသည်ကို လက်မခံတတ်သည့် လူတစ်ယောက်ဖြစ်သည့်အပြင် သူ့အား ဖီဆန်သူများမှာလည်း ဇာတ်သိမ်းမလှနိုင်ကြောင်း သိရှိထားပါသော်လည်း လီယီကို စိုးရိမ်နေဆဲ ဖြစ်သောကြောင့် ဝမ်ပေါင်လဲ့အား သတိပေးလိုက်ခြင်းဖြစ်သည်။
လင်းတျန်ဟောက်မှာ သူ့အတွက် အကောင်းဆုံးကြိုးစားနေသည်ကို မြင်လိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ စိတ်နှလုံးလှုပ်ရှားသွားပြီး သူ၏ပခုံးကို ပုတ်လိုက်၏။ ထို့နောက် သူသည် အောက်သို့ထိုင်ချလိုက်ပြီး မုန့်ထုပ်တစ်ထုပ် ထုတ်ယူကာ တဂျွတ်ဂျွတ်မြည်အောင် ဝါးစားရင်း ပြုံး၍ ပြန်ပြောလိုက်၏။
” တျန်ဟောက်။ ငါ့ဇာတ်ငါ နိုင်ပါတယ်ကွ။ မင်းရဲ့ တာဝန်က လီယီကို သေချာစောင့်ကြည့်နေဖို့ပဲ။ သူ ဘာလုပ်လုပ်မတားနဲ့။ ပြီးရင် သူလုပ်ခဲ့သမျှ အရာအားလုံးကို ငါ့ဆီကိုပဲ အမြန်ဆုံး အကြောင်းပြန်နိုင်အောင် လုပ်ထား ”
ထို့ကြောင့် လင်းတျန်ဟောက်မှာ ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် မျက်တောင်တဖျတ်ဖျတ် ခပ်လိုက်၏။ သူသည် ဉာဏ်ရေထုံထိုင်းသူတစ်ယောက် မဟုတ်သောကြောင့် ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့ ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် အရာများကို တွေးတောလိုက်၏။ ထိုအခါ သူသည် ဝမ်ပေါင်လဲ့မှာ လီယီတစ်ယောက် အမှားလုပ်မိရန် ဉာဏ်ဆင်နေခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် သူ၏ မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်တစ်ခု ချက်ချင်းပင်ပေါ်လာတော့သည်။
ထိုအခါမှသာ လင်းတျန်ဟောက်မှာ စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး သဘောတူလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့နှင့် မြို့တော်နယ်မြေအသစ် ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သတ်သော ကိစ္စအချို့ကို ဆွေးနွေးကာ ဝမ်ပေါင်လဲ့ဆီမှ ညွှန်ကြားချက်အချို့ လက်ခံရရှိလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက် ထွက်ခွာသွားသည့်ကိုကြည့်ရင်း ကျေနပ်အားရနေသည့် အမူအရာဖြင့် သူ၏ဗိုက်ကို ပုတ်ကာ ရယ်မောလိုက်၏။
” လီယီ။ အခု နင့်အတွက် ထောင်ချောက်ဆင်ပြီးသွားပြီ။ နင် အဲဒီ ထောင်ချောက်ထဲ ရောက်လာမလားဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာ ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ပျော်ရွှင်ကျေနပ်နေစဉ် လီယီမှာ တာအိုကျောင်းလေးကျောင်းမှ စီစဉ်ပေးထားသော အစေခံများကို ဦးဆောင်ကာ အလုပ်ခွင်ထဲသို့ ရောက်ရှိလာ၏။ ထို့နောက် သူမသည် တစ်ခုခုလွဲနေကြောင်း ခံစားနေရဆဲဖြစ်သောကြောင့် တစ်ခဏမျှ နှုတ်ဆိတ်သွားပါသော်လည်း တစ်ချိန်ထဲမှာပင် အလုပ်စလုပ်ရတော့မည့်အတွက် စိတ်လှုပ်ရှားနေ၏။
၎င်းမှာ သူမအတွက် အထူးအခွင့်အရေးကြီးတစ်ခု ဖြစ်ကြောင်း သူမက နားလည်ထားသည်။
အမှန်တွင် သူမသည် ဝမ်ပေါင်လဲ့ မြို့တော်ဝန်အဖြစ်သို့ ရောက်သွားသည့်အတွက် အလွန်အင်မတန်မှ မပျော်မရွှင် ဖြစ်နေရ၏။ သူမအတွက်ဆိုလျှင် ခုန်းတောက်အား မြို့တော်ဝန်အဖြစ် အသိအမှတ်ပြုရန်မှာ ပို၍ပင် လွယ်ကူနေသည်။ သို့သော် မည်သည့်ဘဝကမှန်းမသိသော ရေစက်များကြောင့် ထိုဝက်လိုမျိုးကောင်မှာ မြို့တော်နယ်မြေအသစ်အား တာဝန်ယူရသည့်ရာထူးကို ပိုင်ဆိုင်သွားခဲ့သည်ဖြစ်ရာ သူမမှာ မကျေမချမ်းဖြစ်ကာ စိတ်ထဲ၌ ရွံရှာစက်ဆုပ်နေရတော့သည်။
ယခုအကြိမ်တွင် သူမ၏ ရည်မှန်းချက်ပန်းတိုင်မှာ လက်ထောက်မြို့တော်ဝန် ဖြစ်လာရန် မဟုတ်ဘဲ ဝမ်ပေါင်လဲ့အား သူ၏ရာထူးမှ ထုတ်ပယ်ကာ အရာအားလုံးကို မောင်ပိုင်စီးရန် ဖြစ်သည်။ ထိုရည်မှန်းချက်ကို သမင်ဖြူတာအိုကျောင်းက သဘောတူခြင်းမရှိပါသော်လည်း သူမသာ လက်တွေ့အကောင်အထည်ဖော်နိုင်လိုက်မည်ဆိုပါက တာအိုကျောင်းမှာ သဘောတူလက်ခံသွားမည်သာဖြစ်ကြောင်း သိထားပြီးသားဖြစ်သည်။
” တာအိုကျောင်းက လူတွေက ဝမ်ပေါင်လဲ့ကို အရိုးထဲအထိ စွဲနေအောင် မုန်းတီးနေတာ သေချာတယ်။ ဒါပေမဲ့ သူတို့က စာအုပ်ကြီးအတိုင်း ကျင့်ကြံပြီးတော့ တည်ငြိမ်ရေးအတွက်တို့၊ အချိန်မကျသေးလို့တို့ ဆိုတဲ့စကားတွေ ပြောပြီးတော့ ဆင်ခြေတွေအမျိုးမျိုး ပေးနေတာ။ အရာအားလုံးကို ငါတို့က ထိန်းချုပ်နိုင်စွမ်းရှိနေတာကမှ တကယ့် တည်ငြိမ်မှု အစစ်လေ။ အချိန်ကျလာဖို့ကလည်း လူတွေကိုယ်တိုင်ဖန်တီး လူတွေကိုယ်တိုင် ဖန်တီးမှဖြစ်မှာ ” လီယီမှာ တာအိုကျောင်းက သူမ၏ အကြံအစည်များကို ထောက်ခံခြင်းမရှိသောကြောင့် မပျော်မရွှင်ဖြစ်နေရ၏။
သူမ၏ ထိုကဲ့သို့သော ရည်မှန်းချက်ပန်းတိုင်များနှင့် အမူအကျင့်များကြောင့် ဝမ်ပေါင်လဲ့တစ်ယောက်၏ တံခါးပိတ်ကျင့်ကြံနေခဲ့စဉ်တုန်းက လက်ဦးမှုရယူကာ လုပ်ပိုင်ခွင့်အာဏာများကို လုယူခြင်းဖြစ်သည်။ သူမသည် အခန်းကဏ္ဍတိုင်းတွင် ပါဝင်ပတ်သက်လိုပြီး ဝမ်ပေါင်လဲ့အား ခေါင်းဆောင်နေရာမှ ဖယ်ရှားရန် ရည်ရွယ်ထားသည်။
သူမသည် သူမ၏အစီအစဉ်အားလုံးကို တစ်ဆင့်ချင်းစီ ဖြည်းဖြည်းနှင့်မှန်မှန် ဆောင်ရွက်မည်ဆိုပါက တစ်နှစ်အတွင်းတွင် သူမ၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်လိမ့်မည်ဖြစ်ကြောင်း ယုံကြည်ထား၏။ သို့သော် ယခုတွင် ဝမ်ပေါင်လဲ့မှာ သူမ၏လက်ထဲသို့ သူ၏ လုပ်ပိုင်ခွင့်အာဏာများကို လွှဲပြောင်းပေးလိုက်ပြီဖြစ်ရာ လီယီမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားပြီး မျက်လုံးများ အရောင်တောက်နေရတော့သည်။
ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးတစ်ခုလုံး၏ ရှေ့တွင် မြို့တော်ဝန်အဖြစ်သို့ ရောက်သွားခဲ့သည်ကို သူမက သိရှိထားပြီးဖြစ်သည်။ ထို့ကြောင့် သူ၏နောက်ကွယ်တွင် အင်အားကြီးမားသော ကျောထောက်နောက်ခံတစ်ခုခု ရှိနေရမည်ဖြစ်ရာ လက်ရှိအခြေအနေကြီးအား ပြောင်းလဲနိုင်ရန်မှာ မလွယ်ကူပေ။ သို့သော်…
” သူ့ရဲ့ ထာဝရခံတပ်ကြီးက တခြားသူတွေ ထင်ထားသလိုမျိုး ပြီးပြည့်စုံမှုမရှိတဲ့အပြင် ငါ့ရဲ့ ကမ္ဘာလုံးဓမ္မမြို့တော်ကြီးကိုလည်း ယှဉ်နိုင်မှာမဟုတ်ဘူးဆိုတာ သက်သေပြနိုင်ရင် ရပြီ ” လီယီက ရေရွတ်လိုက်၏။ ထိုကဲ့သို့ သက်သေပြနိုင်ရန် ပေါ်ပေါ်ထင်ထင်ကြီး ဆန့်ကျင်၍ ရမည်မဟုတ်ကြောင်း သူမက နားလည်ထား၏။ အပြင်ပန်းတွင် စည်းကမ်းများနှင့်အညီ ဆောင်ရွက်နေသည့်ပုံစံ ဟန်ဆောင်ကာ နောက်ကွယ်တွင် တိတ်တဆိတ် ကြံစည်မှရမည်ဖြစ်သည်။ သူမသည် ထာဝရခံတပ်ကြီးအား တည်ဆောက်နေသည်ဟု အများက ထင်နေကြမည်ဖြစ်ပါသော်လည်း အမှန်တွင်မူ အငိုက်ဖမ်းရန် စီစဉ်နေမည်ဖြစ်သည်။
တစ်ချိန်ထဲမှာပင် သူမသည် ထာဝရခံတပ်ကြီးအား အထင်သေးမကြီးပေ။ သူမ၏အမြင်တွင် သူမသာလျှင် တာအိုကျောင်းလေးကျောင်း၏ ကိုယ်စားလှယ် ဖြစ်နေ၏။ သူမ၏ ကမ္ဘာလုံးဓမ္မမြို့တော်ကြီးမှာ ပြိုင်ပွဲထဲ၌ ကျရှုံးသွားခဲ့ရသည့်တိုင်အောင် နောက်ဆုံးအချိန်အထိ တောင့်ခံနိုင်ခဲ့သည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ အနိုင်ရရှိသွားခဲ့သည့်တိုင်အောင် သူ၏ ခံတပ်ကြီးမှာ နောက်ဆုံးတွင် ပျက်စီးသွားသည်သာ ဖြစ်သည်။
ထို့ကြောင့်လည်း လီယီမှာ သူမကိုယ်သူမ ယုံကြည်မှုအပြည့် ရှိနေရခြင်းဖြစ်၏။
” ငါ အဲဒီအချက်ကို သက်သေပြပြီးတာနဲ့ တာအိုကျောင်းက သူတို့ကဘက်ကနေ စတင်လှုပ်ရှားပြီးတော့ တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဝမ်ပေါင်လဲ့ကို ရာထူးကနေ ဖယ်ရှားဖို့ ကြိုးစားကြမှာပဲ။ အဲ့တာဆိုရင် ငါက မြို့တော်ဝန်ရာထူးအသစ်ကို ချောချောမွေ့မွေ့နဲ့ ရရှိပိုင်ဆိုင်သွားမှာ ” လီယီမှာ ထိုသို့တွေးတောရင် ပို၍ပင် စိတ်အားထက်သန်လာသောကြောင့် သူမ၏ သံသယစိတ်များကို မေ့ထားလိုက်ပြီး စိတ်ပိုင်းဖြတ်လိုက်တော့သည်။ ထို့နောက် သူသည် အပေါ်ယံတွင် ထာဝရခံတပ်ကြီးအား တည်ဆောက်နေသည့်ပုံစံ ပေါက်နေအောင် ဟန်ဆောင်ကာ နောက်ကွယ်တွင်မူ အစီအစဉ်များကို တိတ်တဆိတ် ပြုလုပ်ရင်း သူမ၏ ကမ္ဘာလုံးဓမ္မမြို့တော်ကြီးကို ခိုး၍ တည်ဆောက်နေတော့သည်။
သို့သော် သူမသည် ပေါ်ပေါ်ထင်ထင် မလှုပ်ရှားရဲပေ။ ထို့ကြောင့် သူမသည် ထာဝရခံတပ်ကြီး၏ ထောင့်တစ်နေရာကို အာရုံစိုက်လိုက်ပြီး ထိုနေရာ၌ ကမ္ဘာလုံးဓမ္မမြို့တော်ကြီးအား တည်ဆောက်ရန် ဆုံးဖြတ်လိုက်၏။ သို့သော် သူမ ရှင်းရှင်းလင်းလင်းမသိထားသည့် အချက်တစ်ချက်ရှိနေသေးသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့သည် ခံတပ်ကြီးအားတည်ဆောက်ရန် တာဝန်ယူထားရသည့်ပုံ ပေါက်နေပါသော်လည်း အမှန်တွင်မူ ချီအားဖြည့် ဝိညာဉ်မန္တန်အစီအရင်ကြီးကိုသာ တည်ဆောက်ပေးနေရခြင်းပင် ဖြစ်သည်။
ထိုမြို့တော်နယ်မြေအသစ်ကြီးအား တည်ဆောက်ရသည်မှာ ထိုမန္တန်အစီအရင်ကြီးကို ဖန်တီးလိုသောကြောင့် မဟုတ်ပါလော။ ၎င်းမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်သောကြောင့် ဒုပဏာမအဆင့်သုံးအောက်မှ အရာရှိများမှာ သိရှိထားခြင်းမရှိပေ။ ဝမ်ပေါင်လဲ့မှာမူ တမူထူးခြားသော ရာထူးတစ်ခုကို ပိုင်ဆိုင်ထားသဖြင့် ခြွင်းချက်တစ်ခု ဖြစ်နေသောကြောင့် အင်္ဂါဂြိုဟ်ကိုလိုနီ ဘုရင်ခံကိုယ်တိုင်က သူ့အား အသိပေးထားခြင်းဖြစ်သည်။
လီယီမှာ ထိုအကြောင်းကို အပေါ်ယံမျှ သိထားသည့်တိုင်အောင် ဝမ်ပေါင်လဲ့ကဲ့သို့ လုံးလုံးလျားလျား နားလည်ထားခြင်းမရှိပေ။ ထို့ကြောင့် သူမဆီတွင် ဝမ်ပေါင်လဲ့ကဲ့သို့ အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ မန္တန်အစီအရင် ပုံစံစာရွက် ရှိမနေခဲ့ပေ။
အမှန်တွင် ဝမ်ပေါင်လဲ့၏ ထာဝရခံတပ်ကြီးနှင့် ထိုမန္တန်အစီအရင်ကြီးတို့အား တစ်ခုနှင့်တစ်ခု အမှားအယွင်းမရှိ ပေါင်းစည်းသွားနိုင်စေရန်အတွက် ထိုခံတပ်ကြီးထဲ၌ လိုအပ်သည့် အသေးစားပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ထားပြီးသားဖြစ်သည်။
ထို့ကြောင့် လီယီ၏ ကမ္ဘာလုံးဓမ္မမြို့တော်ကြီးမှာ မည်မျှအထိ အစွမ်းထက်နေစေကာမူ မန္တန်အစီအရင်ကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားနိုင်ရန် အခက်တွေ့နေရမည်သာဖြစ်သည်။ ထိုသို့သာဆိုလျှင် ချို့ယွင်းချက်များ ထွက်ပေါ်လာမည်မှာ မလွဲဧကန်ပင်။
သို့သော် ယခုတွင်မူ လီယီမှာ ထိုအချက်ကို မသိထားသောကြောင့် သူမ၏ ကမ္ဘာလုံးဓမ္မမြို့တော်ကြီးမှာ ထာဝရခံတပ်ကြီးထက် ပို၍သာလွန်ကြောင်း သက်သေပြနိုင်မည့် နေ့ရက်သို့ ရောက်ရှိလာရန် စိတ်လှုပ်တရှားနှင့် စောင့်ဆိုင်းနေတော့သည်။
ထိုသို့ဖြင့် အချိန်များကုန်ဆုံးသွား၏။ မြို့တော်နယ်မြေအသစ်၏ ဆောက်လုပ်ရေးလုပ်ငန်းမှာ တရားဝင်စတင်နေပြီဖြစ်သောကြောင့် နေ့စဉ်နေ့တိုင်း ပြောင်းလဲမှုများကို မြင်နေရသည်။ နယ်မြေပေါင်းများစွာ၌ ဆောက်လုပ်ရေးလုပ်ငန်းပေါင်းများစွာကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြ၏။
ထိုအချိန်တွင် ကျင့်သိုမင်မှာ နောက်ဆုံး၌ ရောက်ရှိလာတော့သည်။ သူသည် နောက်ဆုံးမှ ရောက်ရှိလာသော လက်ထောက်မြို့တော်ဝန် ဖြစ်နေသောကြောင့် နောက်ကျနေသည်ဟု ဆိုနိုင်ပါသော်လည်း သူနှင့်အတူ အံ့သြမှင်တက်ဖွယ်ရာကောင်းလောက်အောင် များပြားသည့် ကုန်ကြမ်းပစ္စည်းများနှင့် လူအင်အားများကို ယူဆောင်လာသည် ဖြစ်သည်။ ထို့ကြောင့် သူ ရောက်ရှိလာပြီး နောက်တစ်ရက်အကြာတွင် မြို့တော်နယ်မြေအသစ် ဆောက်လုပ်ရေးလုပ်ငန်းများ၏ အရှိန်အဟုန်မှာ တဟုန်ထိုး တိုးတက်သွားခဲ့၏။
ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင်အား လက်ခံဆုံတွေ့လိုက်ပြီးနောက် သူ၏ လုပ်ပိုင်ခွင့်အာဏာများကို ထပ်၍လျှော့ချလိုက်ပြီး မြို့တော်နယ်မြေအသစ်၏ အတွင်းရေးကိစ္စများအား တာဝန်ယူဖြေရှင်းရန် ကျင့်သိုမင်အား တာဝန်လွှဲပြောင်းပေးလိုက်၏။ ထို့အပြင် သူသည် ကျင့်သိုမင်အား ၎င်းမှာ သူ့ကိုယ်သူ သက်သေပြနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သည်ဟုပင် အသိပေးလိုက်သေးသည်။
ထို့ကြောင့် ကျင့်သိုမင်မှာ အံအားသင့်သွားရ၏။ သူသည် ဝမ်ပေါင်လဲ့၏ ပြောစကားများမှာ ကျိုးကြောင်းဆက်စပ်မှုရှိသည်ဟု မှတ်ယူလိုက်ပြီး သူ့ဆီတွင်လည်း အခြားမည်သည့်တာဝန်မှ ရှိမနေသောကြောင့် သူ၏ တာဝန်အသစ်ကို ထမ်းဆောင်ရန် စိတ်ဓာတ်များ တက်ကြွနေတော့သည်။ သို့သော် ရက်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် သူသည် မောပန်းနွယ်နယ်လာရပြီး နောင်တရမိနေတော့သည်။
မြို့တော်နယ်မြေအသစ် ဆောက်လုပ်ရေးလုပ်ငန်းများထဲတွင် ကြီးကြပ်ရသည့် ကိစ္စရပ်များမှာ များပြားလွန်းနေသည်ဖြစ်သည်။ ရှိသမျှလူတိုင်း အတူတကွ ကြိုးစားဆောင်ရွက်ကြမည်ဆိုပါက မရှိပါသော်လည်း ဝမ်ပေါင်လဲ့ တစ်ယောက်သာလျှင် အားလပ်ချိန်အများဆုံး ရရှိနေသောကြောင့် သူသည် ကျင့်ကြံခြင်း လေ့ကျင့်လိုက်၊ သူ၏မြည်းလေးနှင့် မြို့တော်အသစ်နယ်မြေထဲ၌ လမ်းလျှောက်ထွက်လိုက် လုပ်နေတော့သည်။ ထို့ကြောင့် ကျင့်သိုမင်မှာ ရက်အနည်းငယ်ခန့် သည်းခံမျိုသိပ်လိုက်ရပြီးနောက် မိန်းမပျိုလေးများအား ပိုးပန်းရန်ပင် အချိန်မရှိတော့သည်ကို သိလိုက်ရသဖြင့် မပျော်မရွှင်ဖြစ်ကာ ဒေါသအိုး ပေါက်ကွဲသွားရတော့သည်။
သို့သော် သူ၏ ပေါက်ကွဲပုံမှာ ဝမ်ပေါင်လဲ့နှင့် ငြင်းခုံခြင်း မဟုတ်ဘဲ လသုံးစင်းဟာမိတ်အဖွဲ့ဆီသို့ အမိန့်တစ်ခု ပေးပို့လိုက်ပြီး အင်္ဂါဂြိုဟ်ပေါ်မှ စီမံခန့်ခွဲရေး ပညာရှင်ပေါင်း ရာပေါင်းများစွာကို သူ၏လက်ထောက်များအဖြစ် ခန့်အပ်ကာ အင်္ဂါဂြိုဟ်၏ အတွင်းရေးကိစ္စများကို စီမံခန့်ခွဲခိုင်းလိုက်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် သူသည်လည်း အနားယူရန် အချိန်ရသွားပြီ လီယီအား ပိုးပန်းနိုင်သွားတော့သည်…
ကျင့်သိုမင်၏ ယခင်တုန်းက မိန်းကလေးများကို ပိုးပန်းသည့် နည်းလမ်းမှာ သူ့အား ပြန်မကြိုက်မခြင်း ငွေများ ပုံအောပေးခြင်းပင် ဖြစ်သည်။ သို့သော် ယခုအကြိမ်တွင်မူ သူသည် အခြားနည်းလမ်းတစ်ခုကို စမ်းသုံးကြည့်ရန် ဆုံးဖြတ်ခဲ့၏။ သူသည် ငွေများ ပုံပေးမည် မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်အရည်အချင်းများကို အသုံးချကာ သူမအား ပိုးပန်းရန် ကြိုးစားမည်ဖြစ်သည်။
သူသည် အင်္ဂါဂြိုဟ်မြို့တော်ထဲတွင် ရှိနေခဲ့စဉ်ကတည်းက ထိုအကြံကို ရခဲ့သည်ဖြစ်ပြီး ယခု အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲသို့ ရောက်ရှိလာသည့်တိုင်အောင် ထိုကဲ့သို့ တွေးနေဆဲပင်။ သူသည် လီယီ၏ဘေး၌ နေ့စဉ်နေ့တိုင်း ရှိနေခဲ့သောကြောင့် လီယီမှာ အလွန်အင်မတန်မှ စိတ်ရှုပ်လာရတော့သည်။ သို့သော် သူမသည် ကျင့်သိုမင်၏ ရာထူးအဆင့်အတန်းကို တွေးမိလိုက်သောအခါ မျက်လုံးများပင့်ကာ သည်းခံမျိုသိပ်လိုက်ပြီး ကျင့်သိုမင်နှင့် ဝမ်ပေါင်လဲ့တို့၏ကြား၌ သွေးခွဲစကားများ ပြောလိုက်တော့သည်။
ကျင့်သိုမင်မှာလည်း လီယီထိုကဲ့သို့ သွေးခွဲရန် ကြိုးစားသည့်အချိန်တိုင်း ဝမ်ပေါင်လဲ့အား ဒေါသထွက်ကာ သူ့အား ပုန်ကန်တော့မည့်ပုံစံ ဟန်ဆောင်လိုက်၏။ သို့သော် လက်တွေ့တွင်မူ သူသည် အကြောင်းအရင်း အစုံအလင်ကို နားလည်ထားသည်ဖြစ်ရာ သူတို့နှစ်ယောက်၏ ကြားမှ မြေစာပင် မဖြစ်လိုသောကြောင့် စိတ်ထဲ၌ ဘယ်လိုမှ သဘောမထားခဲ့ပေ။
သို့သော် အကယ်၍ လီယီသာ သူ၏ တာအိုလက်တွဲဖော်တစ်ယောက် ဖြစ်လာမည်ဆိုလျှင် သူသည် ဝမ်ပေါင်လဲ့အား ချက်ချင်းပင် ရိုက်နှက်ကန်ကျောက်လိုက်မည်သာဖြစ်ကြောင်း အရိပ်အမြွက် ပြောဆိုလိုက်၏။
ကျင့်သိုမင်၏ ဖွတ်မရ ဓားမဆုံး အခြေအနေသို့ မရောက်လိုသည့် သဘောထားကို မြင်လိုက်ရသောကြောင့် လီယီမှာ အံတကြိတ်ကြိတ် ဖြစ်နေရတော့သည်။ ကျင့်သိုမင်မှာမူ လီယီ၏ အမူအရာမှာ သူ့အတွက် ချစ်စရာကောင်းလွန်းနေသောကြောင့် စွဲမက်သွားရတော့သည်။ ထို့နောက် သူသည် စိတ်ထဲတွင်ကျိတ်၍ ဝမ်ပေါင်လဲ့ဘက်မှ ကူညီပေးရန် ဆုံးဖြတ်လိုက်တော့သည်။
အဘယ့်ကြောင့်ဆိုသော် သူ ဝမ်ပေါင်လဲ့အား အကူအညီ ပိုပေးလေလေ ဝမ်ပေါင်လဲ့မှာ ပို၍ အစွမ်းထက်လာလေလေ ဖြစ်နေမည်မဟုတ်ပါလော။ တစ်ချိန်ထဲမှာပင် လီယီမှာလည်း ဒေါသပိုထွက်ကာ စိတ်ပိုရှုပ်လာရမည် ဖြစ်သောကြောင့် ကျင့်သိုမင်၏ ကမ်းလှမ်းမှုကို လက်ခံသွားနိုင်ပေသည်။
ထို့ကြောင့် ကျင့်သိုမင်မှာ လီယီအား ပို၍ စိတ်ရှုပ်လာအောင် လုပ်ရန်အတွက် ဝမ်ပေါင်လဲ့ဘက်မှ ကူညီပေးလိုသော သူ၏ ဆန္ဒများကို ဖုံးကွယ်နေခြင်းမရှိတော့ဘဲ လီယီသိအောင် ထုတ်ပြောလိုက်တော့သည်။
” ငါ့ဆီမှာရှိတဲ့ ပစ္စည်းတွေနဲ့သာဆိုရင် ငါ့အကူအညီကိုရတဲ့ ဘယ်သူမဆို အသာစီးရသွားမှာဆိုတာ နင်သိလား။ ဘယ်လိုလဲ။ နင် ငါ့ရဲ့ တာအိုလက်တွဲဖော် အယောက်သုံးရာထဲက တစ်ယောက် ဖြစ်လာပေးမယ်ဆိုရင် ငါ နင့်ဘက်ကနေ ကူညီပေးမယ် ”
” ခွေးကောင်။ နင် လစ်လိုက်တော့ ” လီယီမှာ ဒေါသတကြီးနှင့် ကျင့်သိုမင်အား ဆဲဆိုကြိမ်းမောင်းလိုက်တော့သည်။
👍👍👍👍👍👍👍👍
good