Switch Mode

အခန်း (၃၇၃)

ဝုန်းခနဲ ဒိုင်းခနဲ

ထိုသို့ အပြေးရောက်လာကြသည့် လူများထဲတွင် လင်းတျန်ဟောက်အပြင် လီယီနှင့် ခုန်းတောက်တို့လည်း ပါဝင်နေ၏။

ဝမ်ပေါင်လဲ့ တံခါးပိတ်လေ့ကျင့်နေစဉ်အတွင်း ခုန်းတောက်နှင့် လီယီတို့ နှစ်ယောက်စလုံးမှာ နယ်မြေအသစ်ဆီသို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။ ခုန်းတောက်မှာ ဘာမှ သိပ်မလုပ်ခဲ့ပါသော်လည်း လီယီမှာမူ မြို့တော်နယ်မြေအသစ်၏ ဆောက်လုပ်ရေးလုပ်ငန်းများထဲ၌ ချက်ချင်းပင် ဝင်ရောက်စွက်ဖက်ခဲ့သလို အခန်းကဏ္ဍများစွာတွင်လည်း ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ပြီး ပြောင်းလဲမှုများလုပ်ရန် လိုအပ်ကြောင်း တင်ပြခဲ့၏။

သို့သော် လင်းတျန်ဟောက်၏ အမြင်တွင် ထိုတင်ပြချက်များမှာ ကျိုးကြောင်းဆီလျော်မှု မရှိသောကြောင့် သူသည် ၎င်းတို့အား ချက်ချင်းပင် ပယ်ချခဲ့၏။ လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့ကြောင့် ထိခိုက်နစ်နာမှုများစွာ ကြုံတွေ့ခဲ့ရသဖြင့် သူ့အား လက်မြှောက်အရှုံးပေးခဲ့ရသောကြောင့် ပျော့ညံ့သည်ပုံ ပေါက်နေ၏။ သို့သော် လက်တွေ့တွင်မူ သူသည် လွှတ်တော်အမတ်တစ်ယောက်၏ သားဖြစ်သောကြောင့် မည်သည့်အဖွဲ့အစည်းထဲ၌ ရှိနေသည်ဖြစ်စေ အရေးပါအရာရောက်သော လူတစ်ယောက်အဖြစ် သတ်မှတ်ခံရသည်သာ ဖြစ်သည်။

သူ၏ နောက်ခံအင်အားကို ကြည့်လိုက်မည်ဆိုလျှင်လည်း နိမ့်ကျနေခြင်းမရှိပေ။ ထို့အပြင် သူ၏ ရာထူးအဆင့်အတန်းမှာလည်း လီယီကဲ့သို့ပင် ဒုပဏာမအဆင့်လေးရာထူး ဖြစ်နေသည်မဟုတ်ပါလော။ ကျင့်ကြံခြင်းအဆင့်ချင်း နှိုင်းယှဉ်လိုက်မည်ဆိုပါက သူသည် အစောပိုင်းအခြေတည်အဆင့်တွင်သာ ရှိနေသေးသည့် လူတစ်ယောက် ပြစ်ပါသော်လည်း လီယီမှာလည်း သူ့ထက် အပြတ်အသက်သာနေသည့် အနေအထားသို့ ရောက်ရှိနေခြင်းမဟုတ်ပေ။

ထို့ကြောင့် လင်းတျန်ဟောက်၏ အရေးပါအရာရောက်မှုကို လူအများက အသိအမှတ်ပြုထားကြ၏။ ထို့ကြောင့် သူသည် သူမ၏ တင်ပြချက်များကို ရိုးရိုးတန်းတန်း ပယ်ချလိုက်ခြင်းနှင့်ပင် မတူတော့ဘဲ လုံးဝလျစ်လျူရှုထားသည့်ပုံစံပင် ပေါက်နေတော့သည်။ ထိုအတောတွင်းတွင် သူတို့၏ နှစ်ယောက်ကြားမှ ပဋိပက္ခများမှာ ပို၍ ကြီးထွားလာကြတော့သည်။

မည်သို့ပင်ဆိုစေကာမူ အချက်ပေးခေါင်းလောင်းသံ ထွက်ပေါ်လာသောအခါ သူတို့အဖွဲ့မှာ ထိုနေရာဆီသို့ တည်ကြည်လေးနက်မှုအပြည့်ဖြင့် အပြေးရောက်လာကြ၏။ သူတို့မှာ အချုပ်အနှောင်ကြီးထဲရှိ မျက်နှာကြီးကိုမြင်လိုက်ရသောအခါ လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့တုန်လှုပ်သွားရ၏။ ထို့နောက် ရုတ်တရက်ဆိုသလို ထိုမျက်နှာကြီးမှာ အော်ဟစ်နေခြင်းမရှိတော့ဘဲ တဖြည်းဖြည်းနှင့် ငြိမ်ကျသွား၏။

ထိုအခိုက်အတန့်တွင် အချက်ပေးခေါင်းလောင်းသံများမှာလည်း ရပ်တန့်သွား၏။

ထိုမျက်နှာကြီး အောက်သို့ပြန်ကျသွားသောအချိန်မှ ဝမ်ပေါင်လဲ့မှာ အချက်ပေးခေါင်းလောင်းသံကို သတိထားမိလိုက်သောကြောင့် သူ၏ အမှောင်မီးတောက်အား ပြန်လည်ရုပ်သိမ်းလိုက်၏။ ထို့နောက် သူ မတ်တတ်ထလာသောအခါ သူ၏ ပတ်ပတ်လည်ရှိ အေးစက်မှုများမှာ သိသိသာသာ ပျောက်ကွယ်သွားပြီဖြစ်သည်။ အရာအားလုံး ပုံမှန်အတိုင်းပြန်ဖြစ်သွားသောအခါ ဝမ်ပေါင်လဲ့မှာ တံခါးပိတ်လေ့ကျင့်နေရာမှ ပြန်ထွက်လာပြီး အလွန်အင်မတန်မှ တည်ကြည်သောမျက်နှာအမူအရာဖြင့် နတ်ဘုရားလက်နက် အချုပ်အနှောင်ကြီး ရှိရာသို့ ပြေးသွားလိုက်၏။

သူသည် မည်သည့် ပြဿနာများ ဖြစ်ပျက်နေမှန်း မသိပါသော်လည်း သူ သတ်မှတ်ထားသော အစီအစဉ်များအရဆိုလျှင် ထိုအချက်ပေးခေါင်းလောင်းသံများမှာ အလွန်အင်မတန်မှကြီးမားသော အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရသည့်အချိန်မှ ထွက်လာရမည်ဖြစ်သည်။

ထို့ကြောင့် ယခုတွင် ထိုခေါင်းလောင်းသံများမှာ ရပ်တန့်သွားပြီဖြစ်သည့်တိုင်အောင် သူသည် အလွန်အင်မတန်မှ မြန်ဆန်သော အမြန်နှုန်းမျိုးဖြင့် ပြေးလွှားနေဆဲပင်။ လင်းတျန်ဟောက်နှင့် အပေါင်းအပါများ ထိုအခြေအနေကြီးအား စစ်ဆေးနေသည်မှာ သိပ်မကြာသေးခင်မှာပင် သူသည် ထိုနေရာသို့ ရောက်ရှိသွား၏။ သူသည် ထိုနေရာဆီသို့ ချက်ချင်းပင် ချဥ်းကပ်သွားလိုက်ပြီး စက်ဝိုင်းပုံသဏ္ဍာန်မန္တန်အစီအရင်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် လင်းတျန်ဟောက်မှာ သူ့အား သတိထားမိလိုက်သောကြောင့် ချက်ချင်းပင် ပြေးလာပြီး တရို‌တသေ နှုတ်ဆက်လိုက်၏။

” မင်္ဂလာပါ မြို့တော်ဝန် ”

ခုန်းတောက်နှင့် လီယီတို့မှာမူ သူ့အား နှုတ်ဆက်ခြင်းမရှိဘဲ အေးစက်စက် မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြ၏။ အခြားတချိန်ချိန်တွင်သာဆိုလျှင် ဝမ်ပေါင်လဲ့မှာ သူတို့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်မည်သာ ဖြစ်ပါသော်လည်း ယခုတွင်မူ ထိုအကြောင်းများကို တွေးနေရန် အချိန်မရှိပေ။ ထို့ကြောင့် သူသည် သူတို့ရှိရာသို့ အပြေးသွားလိုက်ပြီး ချက်ချင််းမေးမြန်လိုက်၏။

” ဘာတွေဖြစ်နေတာလဲ ”

လင်းတျန်ဟောက်မှာ လုံးဝအချိန်ဆွဲမနေပဲ လေသံတိုးတိုးဖြင့် ဝမ်ပေါင်လဲ့အား သူတို့ သိမြင်ခဲ့သမျှ အရာအားလုံးကို ပြောပြလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားကာ ပြန်လည်တည်ငြိမ်သွားပြီဖြစ်သော နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးပေါ်ရှိ အချုပ်အနှောင်ကြီးအား စိုက်ကြည့်ရင်း အချိန်များကို ပြန်လည်တွက်ချက်ကြည့်လိုက်၏…

” ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားပြီး ငါ့ရဲ့ အမှောင်ပညာရပ်ကို ဖိနှိပ်မထားတဲ့ အချိန်မှာ အဲ့လို ဖြစ်သွားတာပဲဟ… ငါ အချက်ပေးခေါင်းလောင်းသံကို ကြားလိုက်ရတော့ အမှောင်ပညာရပ်ကို ချက်ချင်းပြန်ပြီးတော့ ရုပ်သိမ်းလိုက်တာ။ အဲ့လိုလည်း ရုပ်သိမ်းလိုက်ရော အချက်ပေးခေါင်းလောင်းသံလည်း ရပ်သွားပြီးတော့ မျက်နှာကြီးလည်း အောက်ကိုပြန်ကျသွားခဲ့တာပဲ ” ဝမ်ပေါင်လဲ့မှာ ထောင့်စေ့အောင် စစ်ဆေးရင်း အတွေးများထဲ၌ နစ်မျောနေတော့သည်။ ထို့နောက် သူသည် ဆောက်လုပ်ရေးလုပ်ငန်းများအား အစီအစဉ်တကျ ရှိမရှိ ကြည့်ရှုစစ်ဆေးလိုက်ပြီး အရာအားလုံး အဆင်ပြေနေကြောင်း သေချာသွားသောအခါမှ ထွက်ခွာသွားတော့သည်။

လီယီနှင့် ခုန်းတောက်တို့မှာ အစမှအဆုံးအထိ ဝမ်ပေါင်လဲ့အား စကားတစ်ခွန်းမပြောဘဲ မတ်တတ်ရပ်နေခဲ့၏။ ဝမ်ပေါင်လဲ့ကလည်း သူတို့အား လျစ်လျူရှုလိုက်ပြီးနောက် ထိုနေရာမှ ထွက်ခွာလာရင်း တတွတ်တွတ် ရေရွတ်နေတော့သည်။

” ငါ့ ပိုင်နက်ထဲကို လာပြီးတော့ ဟိတ်ဟန်တွေ ကြီးနေကြတယ်ပေါ့ ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ နောက်သို့လှည့်လာပြီး ကျေနပ်အားရမှုမရှိသော မျက်ဝန်းများဖြင့် လင်းတျန်ဟောက်အားကြည့်ကာ ဆိုလိုက်၏။

” တျန်ဟောက်ရေ။ ငါ တံခါးပိတ် လေ့ကျင့်နေခဲ့တာ တစ်လလောက် ကြာသွားတာမလား။ ငါတို့တွေ ဒီနေရာကို ရောက်လာတာ နှစ်လတောင် ရှိတော့မှာပဲကွ ဟုတ်တယ်မလား ”

ထိုအခါ လင်းတျန်ဟောက်မှာ ကုန်ဆုံးသွားသောအချိန်များကို စိတ်မှန်းဖြင့် တွက်ချက်လိုက်ပြီးနောက် ချက်ချင်းပင် သဘောတူလိုက်၏။

” တကယ်ကို နှစ်လတောင် ပြည့်တော့မှာပဲကွ။ အဲ့တာကို ငါ့ရဲ့ လက်ထောက်မြို့တော်ဝန်သုံးယောက်က ငါ့ကို တစ်ခေါက်လေးတောင်မှ အကြောင်းမကြားခဲ့ဘူး။ စိတ်ဝင်စားစရာပဲ။ ကြည့်ရတာ သူတို့က ဒီနေရာကိုလာပြီးတော့ ဒုက္ခမခံချင်ဘူးနဲ့ တူပါတယ်။ တျန်ဟောက်ရေ။ အင်္ဂါဂြိုဟ်မြို့တော်ဆီကိုသွား၊ အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံနဲ့ သွားတွေ့ပြီးတော့ ဖြစ်ကြောင်းကုန်စင်ကို တင်ပြလိုက်ကွာ။ ပြီးရင် ငါ့လက်အောက်မှာ အလုပ်လာမလုပ်ချင်တဲ့လူတွေကို ငါ့ဘက်ကလည်း အလိုမရှိဘူးလို့ ပြောလိုက် ” ဝမ်ပေါင်လဲ့မှာ မောက်မာဝင့်ကြွားမှုအပြည့်ဖြင့် ဆိုလိုက်ပြီးနောက် ထွက်ခွာသွားရန် ပြင်လိုက်၏။ ထိုအခါ သူ၏အနီးတွင် ရပ်နေကြသည့် လီယီနှင့် ခုန်းတောက်တို့မှာ ချက်ချင်းပင် ဒေါပွသွားကြတော့သည်။

” ဝမ်။ နင် ကန်းနေတာလား ” လီယီမှာ အစတုန်းက ဝမ်ပေါင်လဲ့အား သူမ၏ကျင့်ကြံခြင်းအတွက် အသုံးချရန် စိတ်ကူးထားခဲ့ပါသော်လည်း ပြိုင်ပွဲထဲ‌၌ ရှုံးနိမ့်သွားခဲ့ပြီးနောက် ကြိုးစားချင်စိတ်များအားလုံး ပျောက်ကွယ်သွားခဲ့ရ၏။ သူမသည် ဝမ်ပေါင်လဲ့အား သူမအပေါ် ချစ်မြတ်နိုးလာအောင် မြှူဆွယ်ရန် ကြိုးပမ်းမိခဲ့သောကြောင့် မြည်းလေး၏ ကန်ကျောက်ခြင်းကို ခံခဲ့ရသကဲ့သို့ပင် ခံစားနေခဲ့ရ၏။ ယခုတွင် ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ သူမမှာ ပို၍ပင် ဒေါပွသွားရတော့သည်။

” ဪ ” ထိုအခါ ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်လာပြီး လီယီအား ဖျတ်ခနဲကြည့်လိုက်ပြီးနောက် လင်းတျန်ဟောက်ဘက်သို့ လှည့်ကာ မေးလိုက်၏။

” အဲ့ဒါဘယ်သူလဲ ”

လီယီမှာမူ ယမ်းပုံမီးကျ ပေါက်ကွဲလုမတတ် ဖြစ်နေရပြီဖြစ်သည်။ သူမ၏ မျက်ဝန်းများထဲတွင် မီးတောက်များ တောက်လောက်နေပြီး ဝမ်ပေါင်လဲ့အား မျက်မုန်းကျိုးနေသည့် အကြည့်ဖြင့်ကြည့်ကာ အံကြိတ်၍ ဆိုလိုက်၏။

” ဝမ်ပေါင်လဲ့။ နင် တရားလွန်မလာနဲ့နော်။ ဘာမှ မသိချင်ရယောင် ဆောင်မနေနဲ့။ နင်က ငါ့ကို ဘာထင်… ”

” ပါးစပ်ပိတ်ထားစမ်း ” ဝမ်ပေါင်လဲ့မှာ လီယီအား စကားဆုံးအောင် ပြောခွင့်မပေးဘဲ အော်ဟစ်အမိန့်ပေးလိုက်သောကြောင့် သူ၏ နှောင်းပိုင်းအခြေတည်အဆင့် ကျင့်ကြံခြင်းစွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ်လာ၏။ ၎င်းတို့မှာ ပြင်းအားတစ်ခုအသွင် ပြောင်းလဲသွားပြီး လီယီအား ချက်ချင်းပင် ဖိနှိပ်လိုက်၏။

ထိုအခါ လီယီမှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး နားစည်များ ကွဲအက်သွားလုမတတ် ခံစားလိုက်ရ၏။ တစ်ချိန်ထဲမှာပင် သူမသည် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့် ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သောကြောင့် ချက်ချင်းပင် ပင့်သက်ရှိုက်မိသွားတော့သည်။ သူမ၏ဘေးတွင်ရှိနေသော ခုန်းတောင်ပင်လျှင် အံ့သြတုန်လှုပ်သွားရပြီး မျက်နှာအမူအရာများ ချက်ချင်းပင် ပြောင်းလဲသွားရ၏။ စောစောတုန်းက အချက်ပေးခေါင်းလောင်းသံများ မြည်ဟည်းနေခဲ့သောကြောင့် သူသည် သတိမထားမိခဲ့ပေ။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ထိုနေရာသို့ ရောက်ရှိလာခဲ့စဉ်တုန်းက သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကွယ်ဝှက်ထားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ယခုလို သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ရုတ်တရက်ဆိုသလို ထုတ်လွှတ်ပြလိုက်သောအခါမှ ခုန်းတောက်မှာ သတိထားမိသွားတော့သည်။

” နင်က ငါ့ကို ဝမ်ပေါင်လဲ့လို့ပဲ သဘောထားနေတုန်းလား။ လက်ထောက်မြို့တော်ဝန်လီ။ နင်က လက်ထောက်တစ်ယောက်အဆင့်မှာပဲ ရှိသေးတယ်ဆိုတာကို နင်သိလား။ နင်က ငါ့ကိုမြင်တာတောင် လာမနှုတ်ဆက်ဘဲနဲ့ ငါက နင့်ဆီ လာနှုတ်ဆက်တာကို စောင့်နေတာလား ” ဝမ်ပေါင်လဲ့မှာ ယဉ်ကျေးသိမ်မွေ့နေခြင်း အလျင်းမရှိဘဲ ဆူပူကြိမ်းမောင်းလိုက်၏။

သူ၏ ကျင့်ကြံခြင်အဆင့်၊ ရာထူးနှင့် အဆင့်အတန်းများအားလုံးမှာ လီယီထက် သာလွန်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ယခုတွင် သူ၏နှုတ်မှထွက်လာသော စကားများမှာ ဥပဒေကဲ့သို့ အာဏာရှိနေသောကြောင့် လီယီမှာ ဖိအားများခံစားလိုက်ရပြီး တုန်လှုပ်ခြောက်ခြားကာ အသက်ရှူသံများ မြန်ဆန်လာရတော့သည်။

ခုန်းတောက်မှာလည်း ငြိမ်ကျသွားပြီး လောလောဆယ်တွင် စကားမပြောသင့်သေးကြောင်း ဆုံးဖြတ်လိုက်၏။

ဝမ်ပေါင်လဲ့တစ်ယောက် လီယီအား ဆူပူကြိမ်းမောင်းနေသည်ကို မြင်လိုက်ရသောအခါ လင်းတျန်ဟောက်မှာ စိတ်ထဲတွင်ကျိတ်၍ ဝမ်းသာနေမိတော့သည်။ သူသည် လတ်တလောအတွင်းတွင် လီယီကြောင့် အလွန်အင်မတန်မှ စိတ်ရှုပ်ခဲ့ရသည်ဖြစ်ရာ သူ၏ မကျေနပ်ချက်များကို ထုတ်ပြောလိုက်တော့သည်။

” မြို့တော်ဝန်။ ကျနော် ဝန်ခံစရာရှိတယ်။ လက်ထောက်မြို့တော်ဝန်က ဒီကိုရောက်လာပြီးနောက်ပိုင်းမှာ မြို့တော်ဝန် ပေးထားတဲ့ ထာဝရခံတပ်ကြီးရဲ့ အခြေခံပုံစံစာရွက်နဲ့ ကိုက်ညီမှုမရှိတဲ့ အဆိုပြုချက်တွေကို တင်သွင်းခဲ့တာ။ ကျနော်က သူ့ရဲ့ အကြံအစည်တွေအတိုင်း လိုက်မလုပ်ရဲခဲ့လို့ ဆောက်လုပ်ရေးလုပ်ငန်းတွေက နှောင့်နှေးကြန့်ကြာခဲ့ရတာပါ… ”

ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်၏ စကားကိုကြားလိုက်ရသောအခါ မျက်ခုံးများပင့်၍ လီယီအား စိုက်ကြည့်လိုက်၏။

” မြို့တော်ဝန်ဝမ်က ရောက်လာကတည်းက တံခါးပိတ်လေ့ကျင့်နေပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဂရုမစိုက်ဘဲ ပစ်ထားတာမလို့ အကုန်လုံး ပရမ်းပတာတွေ ဖြစ်နေခဲ့တာလေ။ ကျမက လက်ထောက်မြိုတော်ဝန်ဆိုတော့ မြို့တော်နယ်မြေအသစ်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ကြီးကြပ်ရတာ မထူးဆန်းပါဘူး။ ကျမရဲ့ အတွေးအမြင်တွေကို ထုတ်ပြောတာ ဘာမှားလို့လဲ။ ပြောလို့မရဘူးလား ” လီယီမှာ ဆူပူကြိမ်းမောင်းခံလိုက်ရပြီးနောက် သတိပြန်ဝင်လာပြီး ဝမ်ပေါင်လဲ့အား အေးစက်စက် စိုက်ကြည့်ကာ မေးလိုက်၏။

” သိပ်ရတာပေါ့။ အခုကစပြီးတော့ လက်ထောက်မြို့တော်ဝန်လီက အချုပ်အနှောင်ကြီးရှိတဲ့ နေရာတစ်ခုတည်း မဟုတ်ဘဲ ထာဝရခံတပ်ကြီးတစ်ခုလုံးရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံးကိုပါ တာဝန်ယူရတော့မှာ။ တျန်ဟောက်ရေ။ ခဏနေရင် ထာဝရခံတပ်ကြီးရဲ့ ပုံစံတူစာရွက်တစ်ရွက်ကို လက်ထောက်မြို့တော်ဝန်လီကို ပေးလိုက် ” ဝမ်ပေါင်လဲ့မှာ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တော့ကြောင့် လင်းတျန်ဟောက်မှာ အံ့ဩတုန်လှုပ်သွားရ၏။ သူသည် ဝမ်ပေါင်လဲ့ အဘယ့်ကြောင့် ထိုကဲ့သို့ တုံ့ပြန်လိုက်သည်ကို သေသေချာချာ မသိပါသော်လည်း ချက်ချင်း ခေါင်းညိတ်ပြလိုက်၏။

လီယီမှာလည်း အံ့အားသင့်သွားရသည်။ သူမသည် နဂိုကတည်းက နောက်ပိုင်းသို့ရောက်လျှင် ဝင်ရောက်စွက်ဖက်ရန် ကြံရွယ်ထားခဲ့၏။ ထို့နောက် တစ်ဆင့်ချင်းစီ အစီအစဉ်ချမှတ်ပြီး နောက်ဆုံး၌ ထိုဆောက်လုပ်ရေးလုပ်ငန်းကြီးအား ကြီးကြပ်ခွင့်ရနိုင်အောင် ကြိုးစားမည် ဖြစ်သည်။ သူမ၏ ပန်းတိုင်မှာ ထိုဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုလုံး၏ နှစ်ဆယ်ရာခိုင်နှုန်းမှ သုံးဆယ်ရာခိုင်နှုန်းအထိ ထိန်းချုပ်ခွင့်ရရန် ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ သူမအား ကြီးကြပ်ခွင့်အားလုံးကို လွှဲပြောင်းပေးလိုက်လိမ့်မည်ဟု သူမက ထင်မှတ်မထားခဲ့ပေ။ သို့သော်ငြားလည်း သူမမှာ မယုံသင်္ကာ ဖြစ်နေသည့်တိုင်အောင် သူမအား အပ်နှင်းလိုက်သည့် လုပ်ပိုင်ခွင့်အာဏာကို ချက်ချင်းပင်လက်ခံလိုက်၏။

ထို့နောက် ဝမ်ပေါင်လဲ့မှာ လီယီနှင့် အချိန်ကုန်ခံမနေတော့ဘဲ ခုန်းတောက်အား လှည့်ကြည့်လိုက်၏။

ခုန်းတောက်မှာမူ ပါးစပ်ပိတ်နေသည်။ သူသည် အင်္ဂါဂြိုဟ်ပေါ်သို့ စတင်ရောက်ရှိလာခဲ့သည့်အချိန်တုန်းက သူ၏ မွေးစားအဖေဖြစ်သူနှင့် အင်္ဂါဂြိုဟ်စစ်တပ်တို့နှင့်အတူ ချမှတ်ခဲ့သည့် သဘောတူညီချက်ကို ပြန်တွေးမိလိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အခြေအနေအနေများအားလုံးကို ပြောင်းပြန်လှန်ကာ ခေါင်းဆောင်နေရာသို့ ရောက်ရှိသွားခဲ့ပြီး သူ၏ လုပ်ပိုင်ခွင့်အာဏာအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်သည်ဖြစ်ရာ သူသည် စိတ်ထဲ၌ မကျေမချမ်းဖြစ်နေခဲ့ရ၏။ သူသည် တပ်အပ်မပြောနိုင်ပါသော်လည်း အန္တရာယ်ကြီးတစ်ခုခုနှင့် ကြုံရတော့မည်ဟု နှလုံးသားထဲ၌ ခံစားနေရသည်။

သို့သော်ငြားလည်း သူသည် အသက်မပါသော အမူအရာဖြင့် ဝမ်ပေါင်လဲ့အား နှုတ်ဆက်လိုက်ဆဲပင်။

” မင်္ဂလာပါ မြို့တော်ဝန်ဝမ် ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ ခပ်ရေးရေးမျှသာ ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ တည်ကြည်စွာ ဆိုလိုက်၏။

” လက်ထောက်မြို့တော်ဝန်ခုန်း… ”

” မြို့တော်ဝန် ဘာမှဆက်ပြောနေစရာ မလိုပါဘူး ” ခုန်းတောက်မှာ ဝမ်ပေါင်လဲ့ စကားမဆုံးခင် ကြားဖြတ်ပြောလိုက်၏။

” မြို့တော်ဝန်က ကျနော့်ရဲ့ တာဝန်တွေနဲ့ ပတ်သက်ပြီးတော့ စစ်တပ်နဲ့ ဆွေး‌နွေးထားပြီးသားမလား။ ကျနော် ဘယ်ဆောက်လုပ်ရေးလုပ်ငန်းထဲမှာမှ ဝင်ပါမှာ မဟုတ်ပါဘူး။ ကျနော်က နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးကို စောင့်ရှောက်ပြီးတော့ အတွင်းပိုင်း ရှင်းလင်းရေး လုပ်နိုင်ဖို့အတွက် အချုပ်အနှောင်ကြီးကို ပုံမှန် ဖွင့်ပေးရတဲ့ တာဝန်ကိုပဲ ယူထားတာပါ။ ကုန်ကြမ်းပစ္စည်းတွေကိုတော့ လက်ထောက်မြို့တော်ဝန်လင်းဆီမှာ အပ်ထားပြီးသား။ ပြီးရင် ကျနော််က စာရင်းစစ်တဲ့ အပိုင်းမှာလည်း ဝင်ပါမှာ မဟုတ်ပါဘူး ”

” အချက်ပေးခေါင်းလောင်းသံက အခုလေးတင် မြည်သွားခဲ့တာဆိုတော့ ကျနော် အသေးစိတ်အချက်အလက်တွေကို လိုက်ပြီးတော့စစ်ဆေးဖို့လိုသေးတယ်။ တကယ်လို့ တခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျနော့်ကို သွားခွင့်ပြုပါ ” ခုန်းတောက်မှာ ထိုသို့ဆိုလိုက်ပြီး ဝမ်ပေါင်လဲ့အ လျစ်လျူရှုကာ နောက်သို့လှည့်၍ သူ၏ စစ်တပ်ကျင့်ကြံသူများအား ဦးဆောင်ရင်း နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီး၏ အပြင်ဘက်‌၌ စုံစမ်းစစ်ဆေးမှုများကို တင်းကြပ်စွာ ဆောင်ရွက်နေတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ခုန်းတောက်အားကြည့်ရင်း မျက်လုံးများမှေးသွား၏။ ထို့နောက် သူသည် စကားတစ်ခွန်းမှ ဆက်ပြောမနေတော့ဘဲ နောက်သို့လှည့်သွားပြီး လင်းတျန်ဟောက်အား နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကြီးပေါ်ရှိ အချုပ်အနှောင်ကြီးထဲမှ အပြင်ဘက်သို့ ခေါ်ထုတ်သွားလိုက်တော့သည်။ လီယီမှာမူ ဝမ်ပေါင်လဲ့အား ဖျတ်ခနဲလှမ်းကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်၏။ ထို့နောက် သူမ၏ လက်ထဲသို့ အပ်နှင်းလိုက်သည့် လုပ်ပိုင်ခွင့်အာဏာအကြောင်းကို ပြန်လည်တွေးတောရင်း ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ သူမသည် မယုံသင်္ကာဖြစ်နေဆဲ ဖြစ်ပါသော်လည်း ချီတုံချတုံဖြစ်နေခြင်း မရှိတော့ပေ။ တစ်စုံတစ်ခုမှာ မူမမှန် ဖြစ်နေလျှင်တောင် သူမမှာ ကြောက်ရွံ့‌နေမည် မဟုတ်ပေ။

” ဒါ ဝမ်ပေါင်လဲ့ သမင်ဖြူတာအိုကျောင်းရဲ့ အမိန့်တွေကို နာခံတဲ့ လက္ခဏာတစ်ခုများ ဖြစ်နေမလား “

Comment

Leave a Reply

Options

not work with dark mode
Reset