Switch Mode

အခန်း ( ၇၁ )

ဂုဏ်ထူးဆောင်မျိုးဆက်

လိပ်ပုံစံဒယ်အိုးလေးကြောင့် ပိုင်ရှောင်ချန်းသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအကြောင်းကို အတော်လေး နားလည်လာပြီဖြစ်သည်။ ထို့အပြင် ခရမ်းဒယ်အိုးတောင်တွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်ပေးသော အခြေခိုင်မာခြင်းအဆင့် အကြီးအကဲတစ်ယောက်ရှိကြောင်း သူသိထားသည်။

စွမ်းဆောင်မှုရမှတ်အနည်းငယ်ပေးလျှင် ထိုအကြီးအကဲက ဂိုဏ်းသားများကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများကို ကူညီဆောင်ရွက်ပေးသည်။ သို့သော်လည်း တစ်ဆင့် နှစ်ဆင့်ထက်တော့ မပိုပေ။ ထို့ထက်ပိုပြီး အဆင့်မြင့်သွားပါက မအောင်မြင်နိုင်ခြေ များလွန်း၍ဖြစ်သည်။

သူလက်ဆောင်ရသော မှော်ပစ္စည်းနှစ်ခုသည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းသုံးဆင့် ပြုလုပ်ပြီးသားဖြစ်သည့်အတွက် ပိုင်ရှောင်ချန်းမှာ သုံးရောင်ခြယ်မီးတောက်ရရန် လောင်စာများကို သုံးစရာမလိုတော့ပေ။ ထို့အ​ပြင် လူသိရှင်ကြား လွတ်လွတ်လပ်လပ် သုံးနိုင်မည်ဖြစ်သည်။

မွှေးရနံ့တိမ်တောင်သို့ ပြန်လာပြီးသောအခါ သူက ရွှေကျီးကန်းဓား နှင့် နတ်ကြိုးကြာဒိုင်းကာများကို ရင်းရင်းနှီးနှီးဖြစ်အောင် လေ့လာလိုက်သည်။ ထိုပစ္စည်းများထဲသို့ စိတ်စွမ်းအင်များ ထည့်လိုက်သောအခါ သူတို့ဆီမှ ချက်ချင်းပင် ပြင်းထန်သော အပူဓာတ်များ ထွက်လာသည်။

” ဒါမျိုးတွေကိုမှ ရှားပါးရတနာလို့ခေါ်တာကွ။” သူက စိတ်လှုပ်တရှားနှင့် ထအော်လိုက်သ​ည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး မန္တန်လက်ကွက်တစ်ခုဖော်ကာ လက်ညှိုးထိုးလိုက်သည်။ ထိုအခါ ကြိုးခတ်တူရိယာအသံတစ်ခုပေါ်ထွက်လာပြီး ရွှေကျီးကန်းဓားက ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျံထွက်သွားခဲ့ရာ အပူလှိုင်းများဖြစ်ပေါ်လာခဲ့ပြီး ပတ်ပတ်လည်ရှိ အရာအားလုံး ဂယက်ထကာ တွန့်လိမ်သွားတော့သည်။

သူက အခြားမန္တန်လက်ကွက်တစ်ခု ထပ်ဖော်လိုက်ပြီး ဓားထဲသို့ စိတ်စွမ်းအင်များ ထပ်၍ ထည့်လိုက်သောအခါ ဓားပတ်လည်တွင် အရောင်များပိုမိုလင်းလက်လာပြီး ရွှေကျီးကန်းတစ်ကောင်၏ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုပုံရိပ်ကို ခပ်ရေးရေးသာမြင်ရသော်လည်း ထိုပုံရိပ် ပေါ်ပေါက်လာသောအခါ ချက်ချင်းပင် အံ့အားသင့်ဖွယ် ဖိအားကြီးတစ်ခုကျဆင်းလာပြီး ထိုနေရာတစ်ဝိုက်ရှိ အပူချိန်မှာ လျင်မြန်စွာမြင့်တက်သွားသည်။ ထိုအရာအားလုံးကြောင့် ပိုင်ရှောင်ချန်း၏ ရင်မှာ စိတ်လှုပ်ရှားစွာ ခုန်နေတော့သည်။ မောဟိုက်နေသောအမူအရာဖြင့် သူက ရွှေကျီးကန်းဓားကို တောက်ပနေသော မျက်လုံးများနှင့်ကြည့်လိုက်သည်။ ခဏအကြာတွင် သူကစိတ်လှုပ်ရှားစွာ ထရယ်တော့သည်။

” ဒီဓားက ငါ့သစ်သားဓားလေးထက် အများကြီးပိုကောင်းတာပဲ။ ငါ့ဆရာကတော့ တကယ်တော်တာပဲ ” သူက ထိုသို့ပြောရင်း လှုပ်ရှားလိုက်သည်။ ထို့နောက် လေထဲသို့ခုန်တက်လိုက်ပြီး ရွှေရောင်ကျီးကန်းပုံရိပ်ပေါ်သို့ ဆင်းသက်လိုက်သည်။

ထိုရွှေရောင်ကျီးကန်းပုံမှာ ဝေဝါးနေ​သော်လည်း ၎င်း၏နောက်ကျောသည် သစ်သားပြားတစ်ခုအလား ပျံ့ကားကာ မာကျောခိုင်ခံ့လှသည်။ ပိုင်ရှောင်ချန်းက ထိုထဲသို့ စိတ်စွမ်းအင်အနည်းငယ်ထည့်လိုက်သောအခါ ၎င်းနှင့် တစ်သားထဲဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။

ထိုရွှေရောင်ကျီးကန်းပေါ်သို့ ရောက်သွားသောအခါ သူက မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး လက်ညှိုးထိုးလိုက်သောအခါ လေပေါ်သို့ပျံဝဲသွားသည်။ ထို့နောက်သူက မွှေးရနံ့တိမ်တောင်ပေါ်ရှိ လူအုပ်များအပေါ်တွင် စက်ဝိုင်းပုံစံပျံဝဲနေတော့သည်။

လူများက သူ့ကိုမော့ကြည့်သောအခါများတွင် သူကအရှိန်လျှော့လိုက်ကာ ခေါင်းမော့ရင်ကော့ပြလိုက်သည်။ အံ့အားသင့်သံများ ပေါ်ထွက်လာမှသာ သူကအရှိန်ပြန်တင်လေသည်။

” ငါ ပိုင်ရှောင်ချန်း… နောက်ဆုံးတော့ ပျံနိုင်ပြီကွ ” သူ ဝမ်းပမ်းတသာ ကြွေးကြော်နေတော့သည်။

တက်ကြွနေသောစိတ်များဖြင့် သူက ကြိတ်ကာရယ်မောရင်း ဆေးပေါင်းတစ်သောင်းအဆောင်သို့ ရောက်သွားတော့သည်။ သို့သော်လည်း ခဏအကြာ သူကအခြားတောင်သို့ ပျံသွားရန်ပြင်လိုက်စဥ်မှာပဲ ထိုရွှေကျီးကန်းကြီးမှာ ရုတ်တရက်ပျောက်ကွယ်သွားပြီး ဓားနှင့်အတူ ပိုင်ရှောင်ချန်းမှာ အော်ဟစ်ရင်း လေပေါ်မှ ပြုတ်ကျလာတော့သည်။

ကံကောင်းစွာပင် သူ့အောက်တွင်ကား အဆုံးမဲ့ချောက်ကြီးရှိမနေဘဲ ဂိုဏ်းအတွင်းဖောက်ထားသော လူသွားလမ်းလေးများသာ ရှိလေသည်။ သူက စောင်းနေသော မြေကြီးပေါ်သို့ကျသွားပြီး ခြေလှမ်းအနည်းငယ်အကြာတွင် ဟန်ချက်ကို ပြန်ထိန်းနိုင်လိုက်သည်။ ထို့နောက် သူက ထိုလမ်းမှာ အမြင့်ကြီးတွင်တည်ရှိကြောင်းသိလိုက်ပြီး ပြုတ်ကျပါက သူ၏ထာဝရအရေပြားပင် သူ့ကိုကယ်တင်နိုင်မည်မဟုတ်ကြောင်း သိလိုက်သည်။

သူ၏မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်ဖြူရော်သွား၏။

” အမယ်လေး။ အန္တရာယ်များလိုက်တာနော်။” သူက တဆတ်ဆတ်တုန်နေရင်း တွေးလိုက်ပြီး ရွှေကျီးကန်းဓားကို ကောက်လိုက်သည်။ သူ၏ ကိုယ်တွင်းစိတ်စွမ်းအင်များကို စစ်ဆေးလိုက်သောအခါ ကုန်ခမ်းလုနီးပါးဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့်လည်း သူပြုတ်ကျလာခြင်းဖြစ်သည်။

ချီစုစည်းမှုအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်မူ ဓားတစ်လက်ပေါ်တွင်ပျံဝဲခြင်းမှာ စွမ်းအင်များစွာ ကုန်ပေသည်။ အဆင့်ခုနစ်တွင်ရှိသော လူအများစုမှာ အသက်ရှူကြိမ်အနည်းသာ လေပေါ်တွင်ပျံနိုင်မည်ဖြစ်သည်။ ပိုင်ရှောင်ချန်းလို ထူးခြားသော အပြင်အားစိတ်စွမ်းအင်များရှိသူပင် အသက်ရှူကြိမ်တစ်ရာလောက်ထိ မတောင့်ခံနိုင်ပေ။

ပြုတ်ကျသေမည်ကို ကြောက်လန့်လွန်း၍ သူက ထိုဓားကို ထပ်၍မစမ်းသပ်ရဲတော့ပေ။ ဤအဖြစ်အပျက်ကို မြင်သွားသူများရှိမလားဟုသိချင်ဇောဖြင့် ဘေးဘီသို့ ဝေ့ဝိုက်ကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်းတွင် သူ့ကိုပါးစပ်အဟောင်းသားနှင့်ငေးကြည့်နေသော ဗလကြီးတစ်ယောက်ကို မြင်လိုက်ရသည်။

ထိုလူကိုမြင်သွားသောအခါ ပိုင်ရှောင်ချန်းက မျက်လုံးပြူးသွားပြီး သူ့ဆီအပြေးသွားလိုက်သည်။
” အော်… မင်းက ဂိုဏ်းတူတူလေး ဝံပုလွေမလား။”

ထိုဗလကြီးက ‘ ဂိုဏ်းတူတူလေးဝံပုလွေ’ ဆိုသောစကားလုံးကိုကြားလိုက်ရသောအခါ တုန်လှုပ်သွားသည်။ သူ မျက်နှာမဲသွားပြီး လက်ယှက်ကာ နှုတ်ဆက်လိုက်သည်။
” ကျုပ်နာမည် လျုတ်အာကုံပါ။ နှုတ်ခွန်းဆက်သပါတယ် ဂိုဏ်းတူဦးလေးပိုင်။ ကျုပ်….အာ….. ဘာမှ မမြင်လိုက်ပါဘူး ”

ပိုင်ရှောင်ချန်းက ထိုလျုတ်အာကုံဆိုသည့်လူကို အပြင်းစည်းဂိုဏ်းနေရာများရောင်းစားခဲ့စဥ်က တွေ့ခဲ့ဖူးသည်။ ထိုစဥ်က သူ့ကိုယ်သူ ဝံပုလွေသခင်ဟု ခေါ်ဆိုနေခဲ့၏။

ဤအဖြစ်အပျက်များကို မည်သူ့ကိုမှ ပြန်မပြောရန် ပိုင်ရှောင်ချန်းက ဒေါသထွက်နေသော လေသံဖြင့် လျုတ်အာကုံကို အကြိမ်အနည်းငယ်ခြိမ်းခြောက်လိုက်သ​ည်။ ထို့နောက် သူ၏ပုခုံးကိုပုတ်ကာ နောင်တချိန်တွင် ကူညီမည်ဖြစ်ကြောင်း ကတိများပေးပြီး ထွက်ခွာသွားတော့သည်။

လျုတ်အာကုံကမူ နှဖူးမှ ချွေးများကိုသုတ်ကာ ပြေးထွက်သွားတော့သည်။

ပိုင်ရှောင်ချန်းက လမ်းလျှောက်လာရင်း လျုတ်အာကုံ တစ်ယောက်သာ ဤအရှက်ရဖွယ်ဖြစ်ရပ်ကိုမြင်လိုက်သည်ဖြစ်၍ ပျော်ရွှင်နေသည်။ ဆေးတစ်သောင်းအဆောင်နားမှာ ပျံသန်းနေစဥ် ထိုသို့ဖြစ်ပါက သူ့နာမည် ကုန်းကောက်စရာပင် ကျန်တော့မည်မဟုတ်ပေ။

” အိမ်း။ လူတွေလူတွေ။ နာမည်လေးကြီးလို့ကိုမရပါလား။ ကြီးတာနဲ့ ကိစ္စအဝဝက ခဲယဥ်းကုန်တော့တာပဲ။” သူကသက်ပြင်းချရင်း လက်ကို နောက်ဘက်တွင်ယှက်လိုက်ပြီး သူ၏ခြံဝန်းဆီသို့ ပြန်သွားတော့သည်။

ထို့နောက် ဘာဆက်လုပ်ရမလဲဆိုသည်နှင့်ပတ်သက်ပြီး သူ အနည်းငယ်ချီတုံချတုံဖြစ်နေစဥ် သူ့မျက်လုံးများမှာ ပြတ်သားမှုများဖြင့် တောက်ပလာသည်။

” မဖြစ်သေးဘူး။ ကျင့်ကြံခြင်းကိုငါ အာရုံစိုက်ဖို့လိုတယ်။ နည်းနည်းလေးပျံသန်းနိုင်တာ မဆိုးဘူးလို့ပြောလို့ရပေမဲ့ ငါအသက်လုပြေးနေရတဲ့ အခါတွေဆို ဘယ်လိုလုပ်မလဲ။ ရန်သူတွေဆီက လွတ်အောင်ထွက်ပြေးရင်း ပြုတ်ကျသေနေရင်ဘယ်လိုလုပ်မလဲ။ အဲ့တာဆို အကုန် အချည်းနှီးပဲလေ။”

ထို့နောက်သူက ရွှေကျီးကန်းဓားနှင့် နတ်ကြိုးကြာဒိုင်းကာများကို နောက်တစ်ကြိမ်လေ့လာရန် ပြင်လိုက်သည်။

” စိတ်အေးရအောင် ဒီမှော်ပစ္စည်းနှစ်ခုကိုပါ အရောင်ခြယ်ထားတာ ကောင်းတယ်။ အဲ့တာဆို လူတွေက အ​ရောင်ခြယ်ရတာ ငါ့ဝါသနာလို့ပဲ ထင်သွားမှာပဲ။ အဲ့တာမှ တခြား စိတ်စွမ်းအင်အဆင့်မြှင့်ထားတဲ့ မှော်ပစ္စည်းတွေ နောက်ထပ် ထုတ်သုံးတဲ့အခါကျ လူတွေ တစ်မျိုးမထင်မှာ။”

အနည်းငယ်တွေးတောပြီးသွားသောအခါ သူက အရောင်တောက်တောက်အပင်များသုံးကာ ဆိုးဆေးများပြုလုပ်လိုက်ပြီး ရွှေကျီးကန်းဓားနှင့် နတ်ကြိုးကြာဒိုင်းကာများကို ဆေးခြယ်လိုက်တော့သည်။

ခပ်မှိန်မှိန် ဝိညာဥ်အင်းကွက်များကို ဖုံးပြီးသွားသောအခါ သူကထိုပစ္စည်းနှစ်ခုကို နောက်တစ်ကြိမ် ထပ်မံစမ်းသပ်လိုက်သည်။ အဆုံးတွင် သူကျေနပ်သွားတော့သည်။

” ငါ့ရဲ့တာအိုဆေးပညာအဆင့် မြင့်လာတဲ့တစ်နေ့ကြမှ အပင်နဲ့လုပ်တဲ့ ဆိုးဆေးပစ္စည်းတွေ ထပ်ထုတ်ဦးမှ။ အဲ့ကျမှ ယုံကြည်မှု အပြည့်ရှိမှာ။” သူက မွေးရာပါ သတိကြီးသူပီပီ တွေးတောလိုက်သည်။ ဂိုဏ်းခေါင်းဆောင်၏ဂိုဏ်းတူညီလေးဖြစ်သွားသည့်အတွက် သူက အတိုင်းအတာတခုထိ ကမူးရူးထိုးဖြစ်သွားသော်လည်း သူလုံးဝမကျော်မည့်စည်းတစ်ခုတော့ ရှိစမြဲပင်ဖြစ်သည်။

” ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံ မမြင့်သေးလို့ပေါ့ကွာ။ ငါကျိုးရှင်းချီနောက် လိုက်ခဲ့တုံးက သူက အဆင့်ရှစ်ချီစုစည်းမှုအဆင့်ထိ ရောက်နေတဲ့ပုံပဲ။ ဓားပျံကို အချိန်အတော်အတန်ကြာအောင် သုံးနိုင်ဖို့က ကျင့်ကြံခြင်းအခြေခံ မြင့်ဖို့ပဲ ”

သူ၏ ရင်ထဲတွင် ပြတ်သားမှုများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ လောချိန်မျိုးနွယ်စုကိစ္စအပြီးတွင် ကျင့်ကြံခြင်းလောကကြီးမှာ မည်မျှရက်စက်ကြမ်းကြုတ်ကြောင်း သူ သိသွားပြီဖြစ်သည်။ အရှိန်ကုန်ပြေးနိုင်သည့် အစွမ်းမှာလည်း လူတစ်ယောက်၏သေရေးရှင်ရေးကိစ္စများတွင် အလွန်အရေးပါသော အစွမ်းတစ်ခုဖြစ်ကြောင်း သူ သိခဲ့ရသည်။

ထိုအချိန်က သူသာဓားပေါ်တွင် ပျံသန်းသွားနိုင်လျှင် လောချိန်မျိုးနွယ်စုက မည်မျှကြိုးစားသည်ဖြစ်ပါစေ…. တုလင်ဖေး၊ ဟိုယွင်ဖေးတို့နှင့်အတူ ထွက်ပြေးနိုင်မည်ဖြစ်သည်။

” ဆေးတွေဖော်စပ်ဖို့လိုတယ် ” သူ့မျက်လုံးများ တလက်လက်တောက်ပနေပြီး တွေးတောလိုက်သည်။ သူ၏လက်ရှိအခြေအနေအရ ဂိုဏ်းမှ ပါဝင်ပစ္စည်းများကို အလကားမရနိုင်သော်လည်း စွမ်းဆောင်မှုရမှတ်အနည်းငယ်ဖြင့် ဆေးဖော်စပ်နည်းအချို့ကို ရနိုင်သည်။ နောက်ရက်များတွင် မွှေးရနံ့တိမ်တောင်မှာ ပြန်လည်ငြိမ်သက်သွားပြီး ပိုင်ရှောင်ချန်းကို တော်ရုံတန်ရုံ မမြင်ရတော့ပေ။

သူက ဆေးဖော်စပ်နည်းများစွာ ရယူခဲ့ပြီး လောချိန်မျိုးနွယ်စုဝင်များထံမှရသော စိတ်စွမ်းအင်ကျောက်တုံးများကိုသုံးကာ စျေးသို့သွားပြီး ဆေးပင်ပေါင်းစုံဝယ်ခဲ့တော့သည်။ ထို့နောက် သူက ဆေးဖော်စပ်ဆောင်သို့သွားကာ တံခါးပိတ်ကာ ဆေးဖော်စပ်နေတော့သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ လအနည်းငယ်အကြာတွင် ပိုင်ရှောင်ချန်း ဂိုဏ်းသို့ပြန်ရောက်သည်မှာ နှစ်ဝက်နီးပါးရှိသွားပြီဖြစ်သည်။ ပထမဆုံးတွင် သူ့ကြောင့် ဂိုဏ်းကအုပ်အော်သောင်းနင်းဖြစ်သွားရသော်လည်း အရာအားလုံးမှာ ချက်ချက်းပင် ပြန်၍တိတ်ဆိတ်သွားသည်။ လူအများစုကမူ ထိုသို့တိတ်ဆိတ်မှုကို နေသားမကျကြသေးပေ။

တချိန်ထဲမှာပင် ပိုင်ရှောင်ချန်း ဂုဏ်ထူးဆောင်ဂိုဏ်းသားဖြစ်သွားသည်ဆိုသော သတင်းမှာ ဂိုဏ်းအပြင်သို့ တဖြည်းဖြည်းပျံနှံ့သွားသည်။ မကြာမီပင် အရှေ့ဘက်သစ်တောဒေသအတွင်းရှိ လူအားလုံးက ထိုအကြောင်းကို သိကုန်ကြသည်။

အရှေ့သစ်တောတိုက်တွင် ကျင့်ကြံသူမျိုးနွယ်စုများ မရေမတွက်နိုင်အောင်ရှိပြီး ၎င်းတို့အနက် အများစုက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် တစ်နည်းနည်းဆက်စပ်နေကြသည်။ ​လောချိန်မျိုးနွယ်စုဆိုသည်မှာ ထိုများပြားလှသော မျိုးနွယ်စုများထဲမှ တစ်ခုသာဖြစ်သ​ည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းသားများအတွက်မူ ဂုဏ်ထူးဆောင်ဂိုဏ်းသားဆိုသောဘွဲ့မှာ အားကျဖွယ်ကောင်းသော်လည်း ဂိုဏ်းခေါင်းဆောင်၏ ဂိုဏ်းတူညီလေးဖြစ်ရသည်မှာ ပို၍ အံ့အားသင့်ဖွယ်အရာတစ်ခုဖြစ်သည်။

သို့သော်လည်း ကျင့်ကြံသူမျိုးနွယ်စုများအတွက်မူ ပြောင်းပြန်ပင်ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်၏ဂိုဏ်းတူညီလေးထက် ဂုဏ်ထူးဆောင်ဂိုဏ်းသားတစ်ယောက်ကို သူတို့က ပို၍လေးစားကြမည်ဖြစ်သည်။ အမှန်ဆိုလျှင် ဂိုဏ်းခေါင်းဆောင်၏ဂိုဏ်းတူညီလေးဆိုသော အရာကို သူတို့က ဂရုပင််စိုက်သည်မဟုတ်။ ထိုအရာနှင့်ပြောင်းပြန် ဂုဏ်ထူးဆောင်ဂိုဏ်းသားဆိုသော အမည်ကိုကြားလိုက်ရုံနှင့် သွက်သွက်ခါအောင် ရူးသွားကြလိမ့်မည်။

ပိုင်ရှောင်ချန်း ဂုဏ်ထူးဆောင်ဂိုဏ်းသား ဖြစ်သွားသည့် သတင်းများကိုကြားလိုက်ရသောအခါ မျိုးနွယ်စုဝင်ခေါင်းဆောင်များက စိတ်လှုပ်ရှားကုန်ကြတော့သည်။ သူတို့၏မျက်လုံးထဲတွင် သူက ရွှေတောင်ကြီးအလား အသက်ရှင်နေသော ဂုဏ်ထူးဆောင်ဂိုဏ်းသား တစ်ယောက်။

ပိုင်ရှောင်ချန်းကို သူတို့၏မျိုးနွယ်စုထဲသို့ သွင်းနိုင်ပါက သူ၏မျိုးဆက်များက အနာဂတ်အတွက် အဆုံးမဲ့ အခွင့်အရေးများရရှိမည်ဖြစ်သ​ည်။ ထိုမျိုးဆက်များ များလာသည်နှင့်အမျှ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏အထောက်အပံ့ကို မျိုးနွယ်စုကရရှိမည်ဖြစ်၍ ဂုဏ်အရှိန်အဝါကြီးမားလာလိမ့်မည်ဖြစ်သည်။

ကျင့်ကြံခြင်းလောကရှိ လက်ပါးစေမျိုးနွယ်စုများအတွက်မူ ထိုအရာမှာ နဂါးတံခါးကိုကျော်လွှားနိုင်သော ငါးတစ်ကောင်အလား ဂုဏ်ထူးဆောင်ဖြစ်ရပ်ကြီးတစ်ခုပင် ဖြစ်သည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ဂုဏ်ထူးဆောင်မျိုးနွယ်စု ကိုးခုသာရှိသေးသည် မဟုတ်ပါလော။ ထိုမျိုးနွယ်စုကိုးခု မှာ ဂိုဏ်း၏ဆုံးဖြတ်ချက်ချရာ လုပ်ငန်းစဥ်များတွင် အများအားဖြင့် ပါဝင်ပတ်သတ်နိုင်သည်။ ထိုသို့ ပါဝင်ပတ်သတ်မှုမှာ အကြီးအမားကြီးမဟုတ်သော်လည်း ထည့်သွင်းစဥ်းစားစရာတစ်ခုတော့ ဖြစ်သည်။

ထိုသို့သော မျိုးနွယ်စုမှာ အင်အားကြီးအဖွဲဲ့အစည်းတစ်ခု၏ အစိတ်အပိုင်းတစ်ခုဖြစ်သွားမည်ဖြစ်ပြီး ကျန်မျိုးနွယ်စုများက အားကျကြမည်မှာ ဧကန်ပင်။ အတိတ်တွင် မျိုးနွယ်စုအများစုက ဘာကိုမှ လွှမ်းမိုးနိုင်ခြင်းမရှိခဲ့ပေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို သစ္စာဆိုကာ ဂုဏ်ထူးဆောင်ဘွဲ့ကို ရရှိရန် တာဝန်များစွာ ထမ်းဆောင်ရသည်။

သို့သော်လည်း ယခုတွင်မူ ပိုင်ရှောင်ချန်း ပေါ်လာပြီဖြစ်သည်။

ပို၍အံ့သြဖွယ်ကောင်းသည်မှာ သူက မျိုးနွယ်စုတစ်ခု၏ မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်မနေခြင်းပင်။ သူသည် သာမန်လူသားကမ္ဘာမှ လာသည်ဖြစ်၍ သူ့တွင် တာအိုလက်တွဲဖော်လည်း မရှိသေးပေ။ သူသည် ၁၀ခုမြောက် ဂုဏ်ထူးဆောင်မျိုးနွယ်စုတစ်ခု​ဖြစ်အောင်လုပ်ပေးမည့် ဝင်ခွင့်လက်မှတ်တစ်ခုပင်ဖြစ်သည်။ ထို့ကြောင့်လည်း အရှေ့ဘက်သစ်တောဒေသရှိ မျိုးနွယ်စုများမှာ အုပ်အော်သောင်းနင်း ဖြစ်နေကြခြင်းပင်။

” ကျိုးမျိုးနွယ်စုတစ်ခုလုံးထဲက အလှဆုံး မိန်းမပျိုလေးကိုရှာမယ်။ သူက ငါနဲ့အတူ တာအိုရောင်းရင်းပိုင်ဆီသွားမိတ်ဆက်သွားရမယ် ”

“ဖေးအာရေ။ သမီးက ကျောက်မျိုးနွယ်စုရဲ့ ပုလဲလုံးလေးပါ။ ပိုင်ရှောင်ချန်းကို သမီး ရအောင်သိမ်းသွင်းခဲ့နော်။ သမီးကို သူကြိုက်ပြီဆိုရင် မျိုးနွယ်စုရဲ့ အခက်အခဲတွေ အကုန်ပြေလည်ပြီ ”

” ငါတို့ စွန်းမျိုးနွယ်စုရဲ့ သမီးပျိုတွေက နတ်သမီးရှုံးအောင်မလှပေမဲ့ ဝင်ပြိုင်ခွင့်တော့ရှိသေးတယ်။ တာအိုရောင်းရင်းပိုင်ကို သွားနှုတ်ဆက်တဲ့အခါပေးဖို့ လက်ဆောင်ကောင်းကောင်းတစ်ခု ရှာထားကြဟေ့။”

မရေမတွက်နိုင်သော ကျင့်ကြံသူမျိုးနွယ်စုတို့မှာ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။ ဂိုဏ်းထဲသို့ရောက်ပြီးသားဖြစ်သော သူတို့မျိုးနွယ်စုဝင်များကိုပါ လှမ်းချိတ်ဆက်ပြီး နည်းလမ်းပေါင်းစုံသုံးကာ ပိုင်ရှောင်ချန်းနှင့် ဆက်သွယ်မှုရရန် ကြိုးပမ်းကုန်ကြသည်။ မြောက်ဘက်ခြမ်းက လူများပင်ပါလေသည်။ မကြာမီ ပိုင်ရှောင်ချန်းဆိုသောအမည်က အရှေ့ဘက်သစ်တော​​​​ဒေသ ၏နေရာအားလုံးတွင် ပျံ့နှံ့သွားတော့သည်။

ဟိုမျိုးနွယ်စုသည်လည်း အပါအဝင်ဖြစ်သည်။

သက်လတ်ပိုင်းအရွယ် မျိုးနွယ်စုခေါင်းဆောင်ကြီးက ဟိုယွင်ဖေးနှင့်ဟိုရှောင်မေ့ကို ဆင့်ခေါ်ကာ သူ၏ဆန္ဒများကို ထုတ်ပြောတော့သည်။
” ယွင်ဖေး ။ မင်းကပိုင်ရှောင်ချန်းနဲ့ အတော်အလေးခင်တယ်မလား။ မင်း…. မင်းဒီကိစ္စမှာ ဝင်ကူညီမှရမယ်။ မင်းညီမလေး ပိုင်ရှောင်ချန်းကို သဘောကျနေမှန်း ငါသိတယ်။ အခွင့်ကောင်းရှာပြီး သူတို့ကို အောင်သွယ်ပေးကွာ။”

ထိုစကားများကိုကြားသောအခါ ဟိုရှောင်မေ့၏မျက်နှာမှာ နီရဲသွားပြီး နှုတ်ခမ်းလေးစူကာ ရှက်ရွံ့စွာဖြင့် ထွက်ပြေးသွားတော့သည်။

ဟိုယွင်ဖေးကမူ အတော်လေး စိုးရိမ်နေသော်လည်း မျက်နှာတင်းလိုက်ကာ လက်ခံသည့်အမူအရာဖြင့် ခေါင်းညိတ်လိုက်သ​ည်။

ရက်အနည်းငယ်ကြာသောအခါ ကျင့်ကြံသူမျိုးနွယ်စုများမှ လူများက မွှေးရနံ့တိမ်တောင်ပေါ်ရှိ ပိုင်ရှောင်ချန်း၏ခြံဝန်းဘေးနားတွင် စုဝေးနေကြသည်။ သတင်းများပျံ့သွားသောအခါ လူအချိူ့က ဆေးဖော်စပ်ရာအဆောင်ဆီသို့သွားကြပြီး တံခါးပိတ်ဆေးဖော်စပ်ရာမှ ထွက်လာလျှင်တွေ့ရန် စိုးရိမ်တကြီးစောင့်နေကြတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset