Switch Mode

အခန်း ( ၇၀ )

ဟေး... အစ်ကိုကြီး လီ

မြစိမ်းတောင်၏ တောင်ထိပ်အနီးတဝိုက်တွင် တစ်ခုတည်းသော လမ်းလေးတစ်ခုရှိလေသည်။ ထိုလမ်းအဆုံးတွင် များစွာသော ရွှေငါးလေးများ မြူးထူးပျော်ပါးရာ ရေကန်တစ်ကန်လည်းတည်ရှိသည်။

ထိုရေကန်နှင့်ကပ်ရပ်တွင်မူ အင်မော်တယ်ဂူတည်ရှိသည်။ ထိုနေရာသည် အစွန်အဖျားကျ၍ သီးခြားရှိသော နေရာဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်လှသည်။ ထိုအနားတဝိုက်က စိတ်စွမ်းစွမ်းအားများကလည်း အခြားနေရာများထက်ပင် ပိုမိုများပြားလှသည်။

ကန်ဘောင်တွင် လူရွယ်တစ်ယောက်ထိုင်နေသည်။ အပြင်ဂိုဏ်း၏ဝတ်ရုံရှည်ကိုရုံထားပြီး သာမန်ထက် ကြည့်ကောင်းသော ရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားသည်။ အပြင်ပန်းဖြစ်သော အနက်ရောင်ဆံပင်ရှည်၊ အသားဖြူဖြူတို့ကိုအကဲခတ်ရုံမျှနှင့် ထက်မြက်မှုတို့က တစွန်းတစပေါ်ထွက်နေသည်။

ထိုသူသည် ဂိုဏ်းသူများက ဂရုတစိုက်စောင့်ကြည့်လေ့လာရသည့် လူမျိုးဖြစ်သည်။ ဖီးနစ်ငှက်ကဲ့သို့ဝိုင်းစက်နေသည့် မျက်ဝန်းများက နူးညံ့လှသည့်အပြင် တလက်လက်နှင့် ရွှန်းလဲ့တောက်ပနေသည်။ တစ်ကိုယ်လုံးခြုံကြည့်လျှင် အခြားသူများနှင့် ယှဥ်ရက်စရာပင်မရှိ​ချေ။

လောလောဆယ်တွင် သူက ငါးမြားတံကို ကိုင်ထားပြီး တစ်ခါတစ်ရံ ရေကန်မှဆွဲထုတ်လိုက်သည့်အခါ အစာကို လောဘတကြီး အငမ်းမရမြိုနေသော ငါးက ငါးမြားတံအဆုံးတွင် ပါလာသည်။

မျက်နှာဖြူဖပ်ဖြူရော်နှင့် သက်လတ်ပိုင်း လူငယ် သည် ထိုလမ်းကို ခပ်သွက်သွက်လျှောက်လာသည်။ လမ်းအဆုံးကိုရောက်သောအခါ ထိုလူရွယ်ဆီသို့ ဖြည်းညင်းစွာနှင့် လေးနက်စွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

“နှုတ်ခွန်းဆက်သပါတယ် သခင်လေး”

အံကြိတ်ရင်း သက်လတ်ပိုင်းလူငယ်က
ရှောင်ချန်း၏ သတင်းကိုပို့သည်။

“သခင်လေး… ပိုင်ရှောင်ချန်းက ဘယ်လိုမျိုး သင့်တော်တဲ့ ဂါရဝပြုခြင်းကိုပြူမူရမယ်ဆိုတာ မသိနားမလည်ဘူး။ ကျွန်တော်က သခင်လေးပြောတာကို သွားပြောခဲ့ပေမယ့် သူက လာရောက်နှုတ်ဆက်ရမယ့်အစား ဆရာကြီးပုံစံလုပ်နေပါတယ်။ ဂိုဏ်းပတ်လည်ကို လျှောက်သွားပြီး အပြစ်လုပ်နေတာကို ပိန်အောင်လုပ်နေတယ်လို့ သူထင်နေတဲ့ပုံပဲ ”

ထိုလူရွယ်သည် တစ်ချက်လှမ်းအကဲခတ်လိုက်ရာ သူ့အမူအရာက ချီတုံချတုံ မတင်မကျဖြစ်နေဟန်တူသည်။

“ကောင်းပြီ”

သူကအေးစက်စွာ တုံ့ပြန်သည်။

“သူ့ကိုမေ့လိုက်ကြတာပေါ့။ သူကဘယ်သူမှမဟုတ်ဘူးလို့ပဲ ထားလိုက်ပါ။ သူ့ကို လာဂါရဝပြုခိုင်းတယ်ဆိုတာကလည်း တကယ်ကို
ပေါက်ပေါက်ရှာရှာနိုင်တဲ့အလုပ်ပဲ။”

ထိုသူသည် ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။

“ကျွန်တော်တော့ သခင်လေးဘာဆိုလိုချင်လဲဆိုတာကို နားလည်ပြီထင်တယ်။ သူ့ကိုဘယ်သူမှမဟုတ်ဘူးလို့ထားလိုက်ရတာက ဂိုဏ်းသားရဲ့ဂုဏ်ပုဒ်ဟာ သေပြီးသားသူတွေကိုပဲ ပေးလိုက်တာမျိုးကြောင့် မလား။ ထပ်ပေါင်းပြောရရင် ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူညီလေးဆိုတာကလည်း ဟာသပြက်လုံးတစ်ခုသက်သက်မလား။ တကယ်တော့ သူ့ဆရာဆိုတာကလည်း သေပြီးသားလူတစ်ယောက်ပဲလေ ”

ထိုသူသည် သဘောကျစွာ အေးစက်စက်နှင့် တဟားဟားရယ်မောလိုက်သည်။ ထိုစဥ်လူငယ်က သူ့ကို ရေခဲတမျှအေးစက်စွာ စိုက်ကြည့်နေသောကြောင့် သူ့မှာ တဆတ်ဆတ်တုန်လာသည်။ ချက်ချင်းပင် သူသည် အကြောက်တရားများကြောင့် တုန်လှုပ်စပြုလာသည်။

“သ…သ..သ…သခင်…သခင်လေး”

“ဟုတ်တယ်။ မှန်တယ်။ သူက သာမန်လူပဲ ”

လူရွယ်ကပြောသည်။

” အာရုံစိုက်နေစရာ မလိုဘူး။ ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်ရဲ့ဆရာက အရင်ခေါင်းဆောင်ကြီးတစ်ယောက်ပဲ။ သူ့ကိုပြောလိုက်တာက မင်းကိုယ်မင်း ဘာကောင်ထင်နေလို့လဲ။ အ​ပြစ်ပေးတဲ့အနေနဲ့ ကိုယ့်ပါးကိုယ် သုံးချက်ရိုက်ပြီး မြစိမ်းရောင်ချောက်နက်ထဲမှာ သုံးလနေရမယ် ”

လူရွယ်သည် အဝေးကိုငေးရင်း သူ၏ရွှေငါးကိုအစာကျွေးနေသည်။

သက်လတ်ပိုင်းလူက တုန်လှုပ်စွာဖြင့် ခေါင်းကိုတဆတ်ဆတ်ညိတ်ကာ လျင်မြန်စွာထွက်ခွာသွားသည်။

**

ချန်သကျင်း၏ကိစ္စများအားလုံး အခြေတကျဖြစ်သွားသောအခါ ပိုင်ရှောင်ချန်းက မွှေးရနံ့တိမ်တောင်သို့ပြန်လာလေသည်။ ရှမ်ကွမ်းထျန်ယုံနှင့်ပတ်သက်ပြီး ဆက်လက်သောကပွားမနေ​
တော့ပေ။မှတ်ကျောက်တင်ခံရသည်အထိ ဂိုဏ်းအတွက်ပေးဆပ်စွန့်လွှတ်ခဲ့ရာ သသစ္စာဖောက်တစ်ယောက်အဖြစ် မပြောင်းလဲသရွေ့ သူ့အသက်အတွက် စိတ်ပူစရာမရှိချေ။

အချိန်များကြာလာသည်နှင့်အမျှ ဂိုဏ်းတူဦးလေးဟု အခေါ်ခံရခြင်းအပေါ်တွင် ခံစားမှုမရှိတော့။ အထူးသဖြင့် လူတိုင်းကလည်း သူနဲ့မတွေ့မိအောင် ရှောင်ကြဥ်ကြသည်။ တကယ်တော့ သူသည် အလွန်စိတ်အားငယ်ခြင်းကို ခံစားရပြုလာသည်။ သို့သော်လည်း တစ်နေ့တွင် သူ၏စိတ်ဝိညာဥ်များချက်ချင်းတက်ကြွလာသဖြင့် ကျမ်းစာဆောင်သို့ လှည့်လှည်လျှောက်သွားရန်အကြောင်းဖန်လာသည်။

သူရောက်သွားသည်နှင့် စာသင်အကြီးအကဲများ၏ ဘေးတွင် စာဖတ်ရန်နေရာကို ခွင့်ပြုပေးခြင်းခံရသည်။ အပေါ်စီးမှနေ၍ မရေမတွက်နိုင်အောင်များပြားသော ဂိုဏ်းသားများ တက်ရောက်မှုကို လှမ်းမြင်နေရသည်။

ထိုအတွေ့အကြုံကို အလွန်နှစ်သက်သဘောကျသွားလေသည်။ ထို့ကြောင့်သူက တောင်ထိပ်တွင်ရှိသော ကျမ်းစာဆောင်ကို ခဏချင်းလာတော့သည်။

ထိုနေရာတွင် သူက ထိုင်သာထိုင်နေသည်။ တစ်ခါတရံ တွင် ဂိုဏ်းသားများကို ပြုံးပြခေါင်းညိတ်နှုတ်ဆက်ရသည်ကို သဘောကျနေသည်။ သူ့ဘေးနားက အခြေခိုင်မာခြင်းအဆင့်အကြီးအကဲများနှင့်ပင် နင်လားငါလားဖြစ်နေသည်။

အခြေခိုင်မာခြင်းအဆင့် အကြီးအကဲများသည် ငိုရမလား ရယ်ရမလား ဝေခွဲမရပေ။ အမျိုးမျိုးသောတောင်များမှ ဂိုဏ်းသားများအကြားတွင် သူတို့၏အစွမ်းက နိမ့်ကျရန်အကြောင်းလုံးဝမရှိပေ။ သို့သော်လည်း ပိုင်ရှောင်ချန်းကို စိတ်ဆိုးမာန်ဆိုးနှင့်ငေးကြည့်ရန်သာ တတ်နိုင်ကြသည်။

ရှောင်ချန်းသည် ဂိုဏ်းခေါင်ဆောင်ကြီးနှင့် ဂိုဏ်းတူညီလေးဖြစ်ကြောင်းကို ကြွားလုံးထုတ်ရန် နည်းသစ်ကိုရှာဖွေတွေ့ရှိသွားခြင်းဖြစ်သည်။

ရှောင်ချန်းက အခြေခိုင်မာ​ခြင်းအဆင့် ကျင့်ကြံသူများကြားသို့ရောက်သောအခါ ချက်ချင်း အစ်ကိုကြီး၊ အစ်မကြီး အစရှိသဖြင့် ခေါ်ဝေါ်လေသည်။ သို့သော်လည်း သူတို့ကဘာမှပြန်မပြောကြဘဲ ထူးဆန်းသော မျက်နှာရိပ်မျက်နှာကဲများက ဖြတ်ပြေးသွားကြသည်။ ရှောင်ချန်းဘေးနားက ဂိုဏ်းသားတစ်ချို့ကမူ ဂိုဏ်းတူဦးလေးပိုင်ဟု ခေါ်ရန် အတင်းတိုက်တွန်းခြင်းပင် ခံလိုက်ရသည်။

ထိုအတိုင်း ဆက်လက်ဖြစ်ပွားနေပြီး တစ်ရက်တွင်တော့ ပိုင်ရှောင်ချန်းက လီချင်းဟောက်ဆီသို့ပြန်လာသည့် အခြေအနေဖြစ်လာသည်။ သူ့ကိုယ်သူပင်မထိန်းချုပ်နိုင်တော့ဘဲ ပိုင်ရှောင်ချန်းက ချက်ချင်းပင် ဖော်ရွေလှသောလေသံဖြင့်

“ဟေး…အစ်ကိုကြီး လီ”

လီချင်းဟောက်သည် မျက်တွင်းချောင်နေသော မျက်ဝန်းများနှင့် ပြန်ကြည့်လိုက်သည်။ သူသည်တစ်ချိန်လုံး အဆုံးမဲ့ဆေးကိုးလုံးကို ဖော်စပ်နေသည်ဖြစ်ရာ လက်ရှိတွင်ဂိုဏ်းအပြင်ဘက်သို့ရောက်နေသည်။ ထိုစကားလုံးများကို ကြားလိုက်လျှင် ကြားလိုက်ချင်း မေးကြောကြီးများထောင်ထလာသည်။ အကြည့်များက ကိုယ်တွင်းကိုဖောက်ထွင်းထွက်တော့မည့်အလား စိုက်ကြည့်လိုက်သည်။ သူက တစ်ချိန်လုံးဆေးဖော်စပ်နေသည်မှာ မှန်သော်လည်း ပိုင်ရှောင်ချန်းလုပ်နေသည့် နောက်တီးနောက်တောက်လုပ်ရပ်များအားလုံးကို ပြန်ကြားလေရာ သူ့ကိုအနည်းငယ်ခေါင်းကိုက်စေသည်။ ထိုကဲ့သို့ ပိုင်ရှောင်ချန်းက သူ့ကိုရည်ညွှန်းခေါ်ခံလိုက်ရသောအခါ လီချင်းဟောက်မှာ အံ့အားသင့်သွားပြီး စိန်းစိန်းဝါးဝါးကြည့်နေသည်။

ထိုစကားလုံးများ သူ့ပါးစပ်ကထွက်သွားသည်နှင့် ရှောင်ချန်းမှာတော်တော်လေးနောင်တရသွားသည်။ လီချင်းဟောက်၏ အကြည့်များကြောင့် သူ့မှာအသက်ပင်ရှုမရဖြစ်နေသည်။ ထို့ပြင် လီချင်းဟောက်က တစ်ဂိုဏ်းလုံးတွင် သူအကြောက်ဆုံးသူ ဖြစ်သည်။

မျက်နှာပျက်ကာ ကြောက်ကြောက်လန့်လန့်နှင့် လျင်မြန်စွာပြောလိုက်သည်။

“ဦးလေး….လ…လ…လီ…ကျွန်တော့အမှားပါ”

သို့သော်လည်း လီချင်းဟောက်က ဘာမှတော့ လုပ်မည်မဟုတ်ဟု သူသိလေသည်။ လီချင်းဟောက်က ပိုပြီးအကြည့်စူးစူးများနှင့်ကြည့်လိုက်ပြီး ခုနကအပြုအမူအတွက် ပြစ်တင်မောင်းမဲရန် ဆုံးဖြတ်ချက်ချလိုက်သည်။

“ဂိုဏ်းကခဏထွက်သွားဦးမယ်”

သူကဆိုသည်။

” လအနည်းငယ်ကြာတာနဲ့ ပြန်လာမယ်။ အလွန်ဆုံး တစ်နှစ်ပေါ့။ ငါမရှိတုန်း ဟိုလျှောက်သွားလိုက် ဒီလျှောက်သွားလိုက်နဲ့ သောက်ရူးတွေထမယ်တော့ ယောင်လို့တောင်မတွေးနဲ့နော်။ ကြိုးကြိုးစားစားနဲ့ ဆက်ပြီးတော့ ကျင့်ကြံနေခဲ့”

စကားလုံးအချို့နှင့် အလေးအနက်တိုက်တွန်းအားပေးပြီးနောက် လှည့်ထွက်သွားသည်။

ပိုင်ရှောင်ချန်းသည် လီချင်းဟောက် အဝေးကြီးကိုရောက်သွားမှသာ စိတ်သက်သာရာရသွားသည်။ သူ့မျက်ဝန်းထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများကိုတွေ့နိုင်သည်။ တချိန်တည်းမှာပင် အကြီးအကဲတစ်​ယောက်၏ နွေးထွေးမှုနှင့် လေးစားမှုကို ခံစားမြင်တွေ့လိုက်ရသည်။ သူပျောက်နေတုန်းက
တုလင်ဖေးပြောစကားများကိုသတိမရဘဲမနေနိုင်ဖြစ်သွားသည်။ လီချင်းဟောက်က သူ့ကိုရှာဖွေဖို့ အချိန်နှစ်လလောက်တောင် သုံးခဲ့သည်။ ပြန်ရောက်သောအခါတွင်လည်း လီချင်းဟောက်က ပိုင်ရှောင်ချန်းကို တောင်းပန်နေပြီး သူကိုယ်သူလည်း အပြစ်တင်နေခဲ့သည်။

ပိုင်ရှောင်ချန်း၏ မိဘနှစ်ပါးက နေမကောင်းဖြစ်ကာ ကွယ်လွန်သွားသည့်တိုင် ထိုကဲ့သို့သော ခံစားမှုမျိုးကို မပေးစွမ်းနိုင်ခဲ့ပေ။ ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ လီချင်းဟောက်ကို ဆွေမျိုးအရင်းအခြာတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။

လီချင်းဟောက်၏ တိုက်တွန်းချက်အရ ပိုင်ရှောင်ချန်းက သူ၏လမ်းကြောင်းကို လဝက်လောက်ပြောင်းလိုက်သည်။ ထိုအချိန်တွင် သူသည် လည်ချောင်းရှင်းကာ သတိထားမိအောင်လုပ်နေသည့်အစား ကျိုးရှင်းချီ၏ အင်မော်တယ်ဂူကိုသာ အာရုံစိုက်နေသည်။ တစ်ဂိုဏ်းလုံးတွင် အရင်တည်းက သူနှင့်သိပြီး ဂိုဏ်းတူဦးလေးပိုင်ဟု ခေါ်ရန် ငြင်းဆန်နေသည်မှာ ကျိုးရှင်းချီတစ်ယောက်သာ ကျန်တော့သည်မဟုတ်ပါလော။

လအနည်းငယ်ကြာသွားသောအခါ ရှောင်ချန်းကစိတ်ပျက်လာသည်။ အဘယ့်ကြောင့်ဆိုသော် ကျိုးရှင်းချီက လေထဲမှသာ ပျံသန်းနေည်ဖြစ်ရာ အပြာရောင် ပိုးဝတ်စုံကိုသာ လှမ်းမြင်နေရသည်။ ရှောင်ချန်းက မပျံသန်းနိုင်၍ ကျိုးရှင်းချီကို မည်သို့မှ ဖမ်းမမိနိုင်ဖြစ်နေသည်။ ထို့ကြောင့်တုန်လှုပ်ခြောက်ခြားစွာပင် ပျံသန်းသွားသည်ကို ငုတ်တုတ်ထိုင်ကြည့်နေရသည်။

“ဂိုဏ်းတစ်ခုလုံးမှာတော့ ချီစုစည်းမှုအဆင့်ရှိတဲ့ဂိုဏ်းသားတွေသုံးနိုင်တဲ့ ပျံသန်းနိုင်တဲ့မှော်ပစ္စည်းမျိုး ရှိကိုရှိမှာပဲ။ ချိန်ဟန်လို အထူးပညာရပ်မျိုးမသုံးရင် ပျံသန်းဖို့ တစ်ခုတည်းသောနည်းလမ်းက မှော်ပစ္စည်းတွေရဖို့ပဲ”

“မတရားလိုက်တာ…ငါ့ဆရာက ငါ့ကို အဲ့လိုပစ္စည်းမျိုးမပေးခဲ့ဘူး။ ငါ…ငါ့..ငါ့..ဆရာရာရာက….”

ကြည့်နေရင်းမှာပင် သူက ခြေလှမ်းများကို ရပ်တန့်ပစ်လိုက်သည်။ သူက သေချာစဥ်းစားတွေးတောကြည့်ပြီးနောက်တွင် တာအိုသစ်စေ့တောင်သို့ ဦးတည်သွားလေတော့သည်။

ဂိုဏ်းခေါင်းဆောင်၏ ဂိုဏ်းတူညီလေးအနေနှင့် တာအိုသစ်စေ့တောင်ကို သွားခွင့်ရှိလေသည်။ မကြာခင်မှာပင် သူကတောင်ထိပ်သို့ရောက်သွားသည်။ ထိုနေရာတွင် ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်၏ အထွတ်အထိပ်ခန်းမတည်ရှိလေသည်။

သူက ထောင်ထောင်ထောင်ထောင်နှင့် အော်ခေါ်လိုက်သည်။

” ဂိုဏ်းခေါင်းဆောင် ဂိုဏ်းတူအကိုကြီး…အိုး….
ဂိုဏ်းခေါင်းဆောင် ဂိုဏ်းတူအကိုကြီး…”

ကျိန်းယွမ်သုန်သည် ခန်းမထဲတွင် တင်ပျဥ်​ခွေကာ တရားထိုင်လျက်ရှိသည်။ ပိုင်ရှောင်ချန်း၏ခေါ်သံကို ကြားလိုက်သည်နှင့် သူမျက်လုံးဖွင့်ကြည့်လိုက်သည်။

မကြာသေးမီက သူ့ဆီသို့ လူများ မရေမတွက်နိုင်အောင်လာကြပြီး ပိုင်ရှောင်ချန်းလုပ်သမျှကို လာရောက်တိုင်တန်းကြလေရာ ထိုဘွဲ့ပေးလိုက်မိသည်ကိုပင် နောင်တရချင်လာသည်။
ကံမကောင်းစွာပင် ဆိုရိုးစကားအရ သစ်သားနှင့်လေထွင်းပြီးသွားသော်လည်း အနည်းငယ်မျှလုပ်စရာကျန်နေသေးသည်။ ပိုင်ရှောင်ချန်းက မနှစ်မြို့ဖွယ်ရာစိတ်ဓာတ်မျိုး လွှမ်းမိုးခံထားရသော်လည်း တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နာကျင်အောင် ပြုမူခြင်းမျိုးမရှိပေ။

ပိုင်ရှောင်ချန်းက ဆက်တိုက်အော်ခေါ်နေရာ ကျိန်းယွမ်သုန်က ခြေထောက်ကို ဖြည်းညင်းစွာချလိုက်သည်။ လည်ချောင်းကိုရှင်းရင်း တည်ကြည်စွာ လှမ်းစစ်ဆေးလိုက်သည်။

“စိတ်အေးအေးထားပါ။ မင်းခေါ်နေတာ ငါကြားပါတယ်”

အင်မတန်ကြည့်ကောင်းသည့်အသွင်နှင့် ပိုင်ရှောင်ချန်းက လျင်မြန်စွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

“ဂိုဏ်းတူညီလေးကနေပြီး ဂါရဝပြုပါတယ်။ ဂိုဏ်းတူအကိုကြီး ဂိုဏ်းခေါင်း​ဆောင်ခင်ဗျာ…ဆရာ့ကို အမွှေးတိုင်ထွန်း​ပေးချင်လို့ပါ ”

ကျိန်းယွမ်သုန်က အစာမကြေစွာကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းကို တားမြစ်နယ်မြေဖြစ်သော တောင်နောက်ပိုင်းသို့ ခေါ်ခဲ့ရင်း ခေါင်းကိုရမ်းကာ ရှုံ့မဲ့စွာပြုံးလိုက်သည်ကလွဲ၍ ဘာမှမတတ်နိုင်ဘဲဖြစ်နေသည်။

ထို​နေရာရှိ အင်မော်တယ်ဂူထဲတွင် သက်လတ်ပိုင်း လူတစ်ယောက်၏ ပုံတူပန်းချီကားတစ်ချပ်ကို နံရံပေါ်တွင်ချိတ်ဆွဲထားသည်။ ပန်းချီကားထဲမှ လူ၏ အပြုံးက ဝေးဝေးမှကြည့်လေ အပြုံးများလျော့လာလေဖြစ်ရာ လူသက်ရှိဟု ထင်ရလောက်အောင် ပြောင်မြောက်လှသော ပုံတူပန်းချီလက်ရာကို ပေါ်လွင်စေသည်။

ပုံတူပန်းချီကား၏ အောက်ဘက်တွင်မူ စိတ်စွမ်းအင်သစ်သီးများနှင့် ဝိညာဥ်ဖယောင်းတိုင်များ ပူဇော်ထားသည့် စားပွဲငယ်လေးရှိသည်။ အင်မော်တယ်ဂူသည်ရိုးရှင်းပြီး ကျက်သရေရှိလှသည်။ မယုံကြည်နိုင်လောက်အောင် ခမ်းနားထည်ဝါသော အရိပ်အငွေ့များလည်း လွှမ်းခြုံနေသည်။
ပိုင်ရှောင်ချန်းက ဂူထဲသို့ဝင်လာပြီး ပုံတူပန်းချီရှိရာသို့ အပြေးသွားကာ ဝုန်းခနဲ ဒူးထောက်လိုက်လေသည်။ ထို့နောက် ကြမ်းပြင်နှင့် နှဖူးကို ကိုးကြိမ်ကိုးခါထိလျက် ခယဝပ်တွားစွာ အရိုအသေပေးလိုက်လေသည်။ ထိုသို့ အရိုအသေပေးနေသော ရှောင်ချန်း၏ မျက်နှာအမူအရာသည် လုံးဝ တည်ငြိမ်နေလေသည်။

ရှောင်ချန်းသည် ကျိူးနွံသောအကြည့်များဖြင့် ပုံတူပန်းချီကို မော့ကြည့်နေသည်။

“ဆရာ့ကို ဂါရဝပြုဖို့ တပည့်ရောက်လာပါပြီ…”

ကျိန်းယွမ်သုန်သည် ဘေးဘက်မှရပ်၍ အဖြစ်အပျက်အလုံးစုံကို ကြည့်နေသည်။ ပိုင်ရှောင်ချန်းသည် ခေါင်းမာပြီး စနောက်ကျီစယ်ကာ ပျော်ပျော်နေတတ်သူမှန်း သူသိသည်။ ယခုကျပြန်တော့လည်း ကျိုးနွံသော သားတပည့် ပိုင်ရှောင်ချန်းအဖြစ် မြင်တွေ့နေရသည်။ ကျိန်းယွမ်သုန်၏ ဘဝသက်တမ်းတလျှောက် အတွေ့အကြုံများအရ ပိုင်ရှောင်ချန်း၏ ကျိုးနွံခယနေသော မျက်နှာအမူအရာအသွင်အပြင်များသည် ဟန်ဆောင်ခြင်းအလျဥ်းကင်းမဲ့သော၊ စစ်မှန်သော ခံစားချက်များဖြစ်သည်ကို ကောက်ချက်ချလိုက်နိုင်သည်။

ပိုင်ရှောင်ချန်းက ဆက်၍ …

“ဆရာ … တပည့်ဟာ အလွန်ခက်ခဲတဲ့ အချိန်ကာလတွေကို ကျော်ဖြတ်ခဲ့ရပါတယ်။ တခြားဂိုဏ်းသားတွေကို သူတို့ရဲ့ဆရာတွေက ပျံသန်းနိုင်တဲ့ မှော်ပစ္စည်းတွေ၊ အသက်ဘေးကနေ အကာအကွယ်ပေးနိုင်တဲ့ ရတနာပစ္စည်းတွေ ပေးထားကြပါတယ်။ သူတို့လို ကျွန်တော် မပျံသန်းနိုင်ပါဘူး။ ပိုပြီး ဝမ်းနည်းစရာကောင်းတာက ကျွန်တော့်မှာ ဘာမှမရှိပါဘူး …။”

“ဒါပေမယ့် … ကျွန်တော်အဆင်ပြေပါတယ် ဆရာ …။ ဆရာ့တပည့်က ရုပ်ဝတ္ထုပစ္စည်းတွေကို ဂရုစိုက်တတ်တဲ့သူ မဟုတ်ပါဘူး …။ ဆရာ့အတွက် အမွှေးတိုင်တချို့ ပူဇော်ခွင့် ရနေရင်ကိုပဲ ကျွန်တော် ကျေနပ်လှပါပြီ …။ ကျွန်တော့်ရဲ့စကားတွေကို ကောင်းကင်မှာရှိတဲ့ ဆရာ့ရဲ့ ဝိညာဥ်ကကြားပြီး ကျွန်တော့်အတွက် အမွေပစ္စည်းတစ်ခုခု ချန်မထားပေးဘူးလို့ ဘယ်သူပြောနိုင်မှာလဲ …။”

ကျိန်းယွမ်သုန်သည် ပိုင်ရှောင်ချန်းပြောသော စကားများကိုကြားပြီး မျက်လုံးပြူးသွားလေသည်။

“ဆရာ …။ မကြာသေးခင်အချိန်လေးကမှ ဆရာ့တပည့်ဟာ ဂိုဏ်းကို ကာကွယ်ဖို့အတွက်၊ နှစ်ပေါင်းတစ်သောင်းကျော် တည်မြဲလာခဲ့တဲ့ ဂိုဏ်းကြီး ဆက်လက် တည်မြဲနေစေဖို့ အရာရာကို ပေးဆပ်ခဲ့ပါတယ် …။ ဂိုဏ်းရဲ့ဂုဏ်ကျက်သရေကို ကာကွယ်ဖို့ရန်အတွက် မရပ်မနားလိုက်လံဖမ်းဆီးသူတွေဆီကနေ အသက်လုပြေးခဲ့ရပါတယ် …။ အဲဒီအချိန်ကာလတွေအတွင်းမှာ ကျွန်တော်ပိုင် မှော်ပစ္စည်းတွေအားလုံး ပျောက်ဆုံးပျက်စီးခဲ့ရပါတယ် …။ ဂိုဏ်းဆီကို ပြန်ရောက်တဲ့ အချိန်မှာ အိတ်ဟောင်းလောင်းနဲ့၊ လက်ဗလာနဲ့ဖြစ်နေပါပြီ …။ အစေခံတစ်ယောက်ထက်တောင် ချွတ်ခြုံကျနေခဲ့ပါပြီ …။”

“ဆရာ့ကို ဖိအားပေးနေတယ်လို့ မခံစားရစေချင်ပါဘူး …။ တပည့်အတွက် ခုခံကာကွယ်တဲ့ မှော်ပစ္စည်းတွေမရှိလို့လဲ ဘာမှမဖြစ်ပါဘူး …။ ကျွန်တော့်မှာ ပျံသန်းနိုင်တဲ့ မှော်ပစ္စည်း ရှိရှိ မရှိရှိ၊ ဂိုဏ်းအတွက်ဆိုရင် ဘာမဆိုလုပ်ပေးဖို့က ကျွန်တော့်ရဲ့တာဝန်ပါ …။ ဒါပေမယ့် … အချိန်တွေကုန်လွန်သွားတဲ့နောက် ဆရာ့အတွက် အမွှေးတိုင်ထွန်းပေးဖို့ ကျွန်တော်မလာနိုင်တော့တဲ့အခါ …။ ကျွန်တော့်မှာ အသက်ဘေးကို ကာကွယ်ပေးတဲ့ မှော်ပစ္စည်းတွေ၊ ပျံသန်းနိုင်တဲ့ မှော်ပစ္စည်းတွေ မရှိခဲ့တဲ့အတွက် ကျွန်တော့်ရဲ့ သနားစရာ ဘဝလေးကို ဆုံးရှုံးလိုက်ရပီဆိုတာ ဆရာသိလာမှာပါ …။ အနည်းဆုံးတော့ ဆရာနဲ့ ပြန်လည်တွေ့ဆုံခွင့် ရတာပေါ့ဗျာ …။” နှုတ်မှရေရွတ်နေရင်း ပိုင်ရှောင်ချန်းသည် ချစ်လှစွာသော ဂိုဏ်းခေါင်းဆောင် ဂိုဏ်းတူအကိုကြီးကို မျက်လုံးထောင့်နားမှနေ၍ တစ်ချက်စောင်းငဲ့ ကြည့်လိုက်လေသည်။

ကျိန်းယွမ်သုန်သည် အံ့သြတုန်လှုပ်သွားမှုကြောင့် မျက်နှာတစ်ချက် တွန့်သွားသည်။ ပြီးခဲ့သောနှစ်များတွင် ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်လွန်နေခဲ့သော်လည်း ပိုင်ရှောင်ချန်းကဲ့သို့ ထူးဆန်းပြီး ကိုးရိုးကားရားနိုင်လှသော ဂိုဏ်းသားတစ်ယောက်ကို ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် မျက်ဝါးထင်ထင်တွေ့မြင်နေရခြင်းဖြစ်သည်။

ကျိန်းယွမ်သုန်စိတ်ထဲမှ တိတ်တဆိတ်ရယ်လိုက်ပြီး ဆရာ့၏ ပုံတူပန်းချီကို မော့ကြည့်လိုက်မိပြီး အတိတ်ကို ပြန်မြင်ယောင်မိလေသည်။ မှန်ပေသည်။ ဆရာ့ထံသို့ ပထမဆုံးတပည့်ခံစဥ်က ဆရာ့ထံမှ မှော်အကာအကွယ်ပစ္စည်းတစ်ခု ရခဲ့ဖူးသည်။

ကျိန်းယွမ်သုန် အတွေးများကိုရပ်ကာ ပိုင်ရှောင်ချန်းကို မမှိတ်မသုန် အကြာကြီး စိုက်ကြည့်နေမိသည်။

မကြာခင် ပိုင်ရှောင်ချန်းနှင့် ကျိန်းယွမ်သုန်တို့ အင်မော်တယ်ဂူမှ ထွက်ခွာလာကြလေသည်။ ထိုစဥ် တချိန်လုံး ပိုင်ရှောင်ချန်းသည် မျက်လုံးထောင့်မှနေ၍ ကျိန်းယွမ်သုန်ကို အကဲခတ်နေသည်။ နောက်ဆုံးတွင် တာအိုသစ်စေ့တောင်ပေါ်ရှိ အထူးခန်းမ သို့ နှစ်ယောက်သား ရောက်ရှိလာကြသည်။ ကျိန်းယွမ်သုန်က လမ်းလျှောက်နေရာမှ ရပ်လိုက်ပြီး ပိုင်ရှောင်ချန်းဘက်သို့ လှည့်ကြည့်ကာ လက်ကိုဝှေ့ရမ်းလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခုနှင့် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။

ရွှေရောင်အလင်းတန်းထဲတွင်ပါလာသည်ကား လက်တစ်ဝါးစာမျှသာရှိသော ဓားပျံတစ်ချောင်း။ မည်မျှပင်သေးစေကာမူ … ဓားမှဖြာထွက်လာသော အပူလှိုင်းများက ၎င်း၏ဘေးပတ်လည်ရှိလေထုကို ပုံပျက်သွားစေသည်။ ဓားပေါ်တွင် ရောင်စဥ်များတလက်လက်တောက်ပနေပြီး များပြားရှုပ်ထွေးလှသော မှော်သကေႅတများထွင်းထားသည့်အတွက် အံ့သြမှင်သက်ဖွယ်ဖြစ်နေပေသည်။ ဓားမှ ထွက်လာသော ရောင်စဥ်လှိုင်းများသည် အရပ်မျက်နှာအနှံ့သို့ ဖြာထွက်လာလေသည်။

အဖြူရောင်အလင်းတန်းထဲတွင်မူ လက်တစ်ဝါးအရွယ်ရှိ အဖြူရောင်ကျောက်စိမ်းနှင့် ပြုလုပ်ထားပြီး အလွန်အသက်ဝင်လှသည့် အင်မော်တယ်ကြိုးကြာနှင့် ထွင်းထားသည့် ဒိုင်းကာလေးတစ်ခုရှိလေသည်။ ၎င်းမှ အလွန်ပြင်းထန်သော အနွေးဓာတ်တစ်ခုကို ထုတ်လွှတ်ပေးနေသည်။

ထိုပစ္စည်းများသည် သာမန်မဟုတ်ကြောင်းကို ပိုင်ရှောင်ချန်း ချက်ချင်းသိလိုက်သည်။ အရောင်တောက်နေသော မျက်လုံးများဖြင့်ကြည့်နေရင်းက ပစ္စည်းများတွင် တမူထူးကဲသောစွမ်းအင်များရှိနေကြောင်းကို ရိပ်မိလိုက်သောအခါ အသက်ရှူရပ်လုမတတ် ဖြစ်သွားရလေသည်။ ပစ္စည်းနှစ်ခုလုံးကို မတူညီသော မျဥ်းသုံးကြောင်းစီဖြင့်တန်ဆာဆင်ထားသည်။

ကျိန်းယွမ်သုန်က အားပေးသည့်အကြည့်များ ဖိတ်ဖိတ်တောက်နေသည့် မျက်လုံးများဖြင့် ပိုင်ရှောင်ချန်းကို ညင်သာစွာကြည့်လိုက်သည်။

” ရွှေကျီးကန်းဓား ထဲမှာ ရွှေကျီးကန်း ကို ပိတ်လှောင်ထားတယ် …။ သူ့မှာ ရဲရဲတောက်နေတဲ့ မီးရဲ့ အစွမ်းတွေပါတယ် …။ ပြီးတော့ ပုံရိပ်ယောင် ရွှေကျီးကန်း ကိုဆင့်ခေါ်နိုင်တယ် …။

“နတ်ကြိုးကြာဒိုင်းကာဟာ အင်မော်တယ်ကြိုးကြာ ရဲ့ဝိညာဥ်ကနေ ဖန်ဆင်းထားတဲ့ အကာအကွယ်မှော်ပစ္စည်းဖြစ်တယ်။ ဒီဒိုင်းဟာ အခြေခိုင်မာခြင်းအဆင့်အောက်ရှိတဲ့ ဘယ်အစွမ်းကိုမဆို ကာကွယ်ပေးနိုင်တယ် …။”

“ဆရာက ပစ္စည်းနှစ်ခုလုံးအပေါ်မှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကို သုံးကြိမ်စီလုပ်ဆောင်ခဲ့ပြီးဖြစ်တယ်…။ သုံးကြိမ်ထက်ပိုပြီးတော့လည်း မလုပ်ဝံ့ခဲ့ဘူး…။ ငါ ဒီဂိုဏ်းကို စဝင်ခဲ့တုန်းက ဆရာက ငါ့ကိုပေးခဲ့တဲ့ ပစ္စည်းတွေပဲ…။ အခု ဒီပစ္စည်းတွေကို အမွေအဖြစ် မင်းကို ပြန်ပေးမယ်…။”

ပိုင်ရှောင်ချန်းသည် စိတ်လှုပ်ရှားစွာဖြင့် မှော်ပစ္စည်းများကို လက်ခံယူလိုက်ပြီး နှစ်လိုဖွယ်အမူအရာဖြင့် တယုတယပွတ်သပ်နေလေသည်။ “ကျေးဇူးကြီးမားလှပါတယ် ဆရာ…။ ကျေးဇူးကြီးမားလှပါတယ် ဂိုဏ်းတူအကိုကြီး ဂိုဏ်းခေါင်းဆောင် ။”

Comment

Leave a Reply

Options

not work with dark mode
Reset