တစ်လခန့် အကြာတွင် ခရမ်းဒယ်အိုးတောင်ပေါ်မှ အပြင်စည်းဂိုဏ်းသားများမှာ ရူးချင်စိတ် ပေါက်လာကြသည်။ ပိုင်ရှောင်ချန်းက ဂိုဏ်းတူဦးလေးပိုင်အနေဖြင့် နာမည်ကြီးနေသည်မှာ အားလုံးလည်း အသိပင်ဖြစ်သည်။
မည်သည့်နေရာသို့ သွားသည် ဖြစ်ပါစေ၊ ကြိုးစားဖုံးဖိသော်လည်း သိသာစွာ ပေါ်လွင်နေသည့် ဂုဏ်ယူသော မျက်နှာပေးနှင့် ရိုးသားဟန်ရှိသော ဖြူဖြူသွယ်သွယ် ကောင်လေးနှင့် တွေ့ရမည်ကို သူတို့ အလျင်အမြန်ပင် သဘောပေါက်လာကြသည်။ သူသည် မြောက်ကြွမြောက်ကြွ လျှောက်လာရင်း အခြားသော ဂိုဏ်းသားများကို တွေ့လျင် ကျယ်လောင်စွာ ချောင်းဟန့်ပြသည်။ သူတို့က မမှတ်မိချင်ယောင်ဆောင်ကာ ရူးသလို၊ နှမ်းသလို လုပ်လျှင် ချက်ချင်းပင် သူ့ကိုယ်သူ မိတ်ဆက်တော့သည်။
သူတို့သည် “ဂိုဏ်းတူဦးလေးပိုင်” ဟူသော စကားကို ပြောရဖန်များသဖြင့် လည်ချောင်းများပင် နာစပြုလာပြီ ဖြစ်သော်လည်း မည်သို့မျှ မတတ်နိုင်ဘဲ ဆက်ပြောနေရဆဲ ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ပိုင်ရှောင်ချန်းသည် ဂိုဏ်းခေါင်းဆောင်၏ ဂိုဏ်းတူညီလေးဖြစ်ကာ အားလုံးထက် ဝါကြီးသူတစ်ယောက်ဖြစ်သည်။ သူ့အား စိတ်အနှောင့်အယှက် ဖြစ်စေသည့် မည်သည့် ဂိုဏ်းသား မဆို ဂိုဏ်း၏ စည်းမျဉ်း ဥပဒေများကို ချိုးဖောက်နေခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ဖက်တီးကျန်းဆီသို့ သွားကာ အကူအညီတောင်းရတော့သည်။ ထိုသို့ဖြင့် သူသည် ပိုင်ရှောင်ချန်းကို မြစိမ်းတောင်သို့ လိုက်ပို့ရန် လူအုပ်ကြီးကို စုဝေးလိုက်လေသည်။
နောက်ထပ်တစ်လ ကုန်လွန်သွားခဲ့လေပြီးနောက် မြစိမ်းတောင်မှ ဂိုဏ်းသားများလည်း ရူးတော့မတတ် ဖြစ်လာကြသည်။
အထူးသဖြင့် ချန်ဖေးနှင့် သူငယ်ချင်းနှစ်ယောက်မှာ ကြောက်လွန်းသဖြင့် မကြာမီ အသိစိတ်များပင် လွတ်သွားတော့မတတ် ဖြစ်နေသည်။ ပိုင်ရှောင်ချန်းသည် မြစိမ်းတောင်ကို လှည့်လည်ပြီ ဆိုသည်နှင့် သူတို့နှစ်ယောက်ကို မကြာခဏ ရှာတော့သည်။ သူတို့သည် “ဂိုဏ်းတူဦးလေးပိုင်” ဟု ချက်ချင်းပင် နှုတ်ဆက်စကားဆိုသော်လည်း ထိုမျှနှင့် အဆုံးသတ်မသွားချေ။
မလေးမစားဟန် တစ်စက်ကလေးလောက် ပြမိလျှင်ပင် ပိုင်ရှောင်ချန်းသည် အပြစ်ရှာကာ တရားစီရင်ရေး ခန်းမဆောင်ကို တိုင်တန်းမည်ဟု ပြောတတ်သည်။ ချန်ဖေးနှင့် သူငယ်ချင်းများမှာ ကြောက်၍ တုန်နေပြီ ဖြစ်ကာ မည်သည့်နေရာသွားသွား ပါးလွှာသော ရေခဲပြားပေါ် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်လာသည်။ အဆုံးသတ်တွင် သူတို့သည် ချန်သကျင်းအကြောင်းကို အလုံးစုံ ပြောပြလိုက်တော့သည်။ နောက်တစ်ခါ ကောင်းစွာ နှိပ်ကွပ်ပြီးနောက် ပိုင်ရှောင်ချန်းသည် သူတို့ကို အပြစ်မပေးဘဲ လွှတ်လိုက်လေသည်။ သက်ပြင်းကြီးစွာ ချလျက် သူသည် ဖြစ်ပျက်ခဲ့သည့် ကိစ္စအားလုံးအတွက် သူ့ကိုယ်သူ အပြစ်တင်ကာ မြစိမ်းတောင်မှ ထွက်ခွာလာခဲ့တော့သည်။
“အပြင်စည်းဂိုဏ်းသားအားလုံးက ငါ့ကို သိကြတယ်။ ဒါပေမယ့် အတွင်းစည်းဂိုဏ်းသားတွေနဲ့ တွေ့ခွင့်မရသေးဘူး။ နောက်ပြီး ချန်သကျင်း ရှိသေးတယ်။ ငါ သူ့ကို ခွင့်လွှတ်လိုက်တယ်လို့များ ထင်နေတာလား မသိဘူး။ ” အချိန်တော်တော်ကြာကြာ တွေးပြီးနောက် ပိုင်ရှောင်ချန်းသည် မကြာမီ ခံစားရတော့မည့် အတိုင်းမသိ ကြည်နူးမှုကြီးကို မျှော်မှန်းကာ ခေါင်းတညိတ်ညိတ် ဖြစ်နေတော့သည်။ ထိုအတွေးဖြင့် သူသည် အတွင်းစည်း ဂိုဏ်းသားများကို ရှာဖွေရန် အမြန်ထွက်သွားတော့သည်။
လာမည့်နေ့များ၌ ပိုင်ရှောင်ချန်းသည် တောင်သုံး လုံးရှိ အတွင်းစည်းဂိုဏ်းသားများ ရှိနေမည့် နေရာများတွင်သာ လူယောင်ပြရင်း အချိန်ကုန်ဆုံးတော့သည်။ သူ၏အဆင့်ကြောင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရှိ နေရာ အတော်များများကို သွားလာခွင့်ရှိသည်။
သို့သော်လည်း သူသည် များမကြာမီပင် စိတ်ဝင်စားမှု လျော့ပါးသွားလေသည်။ အတွင်းစည်း ဂိုဏ်းသားများသည် သီးခြားစီ တရားကျင့်ကြံကြရာ လအနည်းငယ် ကုန်ဆုံးသွားသော်လည်း တစ်ယောက်ကိုမျှ မတွေ့ရသေးပေ။ အထူးသဖြင့် များစွာသော မန္တာန်အစီအရင်များဖြင့် အမြဲတစေ ကာကွယ်ထားသည့် အင်မော်တယ်ဂူထဲတွင် နေထိုင်သော ချန်သကျင်းပင် ဖြစ်သည်။
“ဒီတိုင်းတိုက်ဆိုင်သွားတာလို့တော့ ငါ မယုံနိုင်ဘူး။ ” ပိုင်ရှောင်ချန်းသည် ချန်သကျင်း၏ တံခါးရှေ့တွင် ရပ်နေရင်း တွေးလိုက်သည်။ သူသည် မန္တာန်အစီအရင်များကို ချိုးဖောက်ရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း အတွင်းစည်း ဂိုဏ်းသားတစ်ယောက်၏ အင်မော်တယ်ဂူကို ကာကွယ်သည့် အရာများ ဖြစ်ရာ အလွန်အစွမ်းထက်မည်မှာ သေချာသည်။ သူ့ဘာသာကြိုးစား၍ မဖြစ်နိုင်မှန်း သိသောကြောင့် ချိုးဖောက်ရာတွင် အကူအညီတောင်းခံရန် အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်လေသည်။
သို့သော်လည်း ထိုအချိန်မှာပင် အဝေးမှ သူ့ဆီသို့ ပြေးလာနေသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့သည် အတွင်းစည်း ဂိုဏ်းသားများ ဖြစ်ကြပြီး တစ်ယောက်က ပုပု၊ တစ်ယောက်က ရှည်ရှည် ဖြစ်သည်။ သူတို့က နီးကပ်လာနေသော်လည်း လက်သီးဆုပ်ကာ နှုတ်ဆက်ခြင်း မလုပ်ကြချေ။
စတင် စကားပြောသူမှာ အရပ်ရှည်ရှည်နှင့် တစ်ယောက်ဖြစ်သည်။ သူက အေးစက်သော အသံနှင့် ပြောလိုက်သည်။
“ဂိုဏ်းတူ ဦးလေးပိုင်၊ ချန်သကျင်းနဲ့ ဖြစ်ပျက်သမျှကို မေ့ထားပြီး ကျုပ်တို့ မျိုးနွယ်စုရဲ့ သခင်လေးဆီ သွားပြီး အရိုအသေပေးတာ မကောင်းဘူးလား။ ေဩာ်… ဒါနဲ့ စကားမစပ်၊ သခင်လေးဆိုတာ တခြားသူမဟုတ်ဘူး။ ရှန်ကွမ်းထျန်ယုံပဲ ”
လူငယ်လေး၏ လေသံအရ သူသည် ပိုင်ရှောင်ချန်းကို ဘာလုပ်စေချင်နေသလဲ သိသာနေသည်။
ရှန်ကွမ်းထျန်ယုံသည် တောင်ဘက်ခြမ်း၏ တောင်သုံးလုံးမှ ကြီးကျယ်သော လက်ရွေးစင် သုံးယောက်အနက် လေးစားဖွယ်အကောင်းဆုံးသူဖြစ်သည်။
သူ့တွင် ကိန်းအောင်းနေသည့်စွမ်းရည်မျိုးသည် အလွန်ရှားပါးကာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ၏ တောင်ဘက်ခြမ်းတွင် နှစ်ထောင်ချီမှ ပေါ်ထွန်းလာခြင်း ဖြစ်သည်။ သူသည် အပြင်စည်းဂိုဏ်းသားပင် ဖြစ်သော်လည်း မကြာမီပင် အခြေခိုင်မာခြင်း အဆင့်သို့ ရောက်ရှိမည်မှာ မေးရန် မလိုချေ။ ထို့ကြောင့်ပင် ဂိုဏ်းထဲရှိ အကြီးအကဲများက ရှန်ကွမ်းထျန်ယုံကို အားလုံးနှင့်မတူဘဲ တမူ ထူးခြားစွာ ရှုမြင်ကြခြင်းဖြစ်သည်။ လူအများစုက သူသည် မြောက်ဘက်ခြမ်းမှ ဂိုဏ်းသားများကို ကျော်ဖြတ်သည် အထိ မျှော်လင့်ထားကြသည်ဖြစ်ရာ သူလေ့ကျင့်ရာတွင် ရတနာများ အများအပြားထောက်ပံ့ထားကြ၏။
ထိုအခါတွင် ရှန်ကွမ်းထျန်ယုံမှာ ပရိသတ်အများအပြားရရှိလာတော့သည်။ အထူးသဖြင့် မြစိမ်းတောင် ပေါ်တွင်ဖြစ်သည်။
ပိုင်ရှောင်ချန်း၏ မျက်နှာ အမူအရာမျာ ပြောင်းလဲသွားခြင်း မရှိပေ။ ယခင်ကဆိုလျှင် သူသည် ကြောက်လန့်နေလောက်ပြီ ဖြစ်သည်။ သို့သော် သူ သေရမည်ကို ကြောက်ရွံ့သည်နှင့် သတ္တိမရှိဟု မဆိုလိုပေ။ အမှန်တွင် သူသည် အသက်အန္တရာယ်နှင့် မကြုံတွေ့ရမချင်း အတော်လေး အကြောက်အရွံ့ မရှိသူဖြစ်သည်။
သူ၏ လက်ရှိအဆင့်အရ ဂိုဏ်းမှာ သူ့အသက်ကို ခြိမ်းခြောက်နိုင်သည့် လူရော၊ အရာဝတ္ထုရော မရှိသည်မှာ အသေအချာဖြစ်ရာ သူက ငြင်းဆန်သည့်အနေဖြင့် ရောက်လာသည့် လူနှစ်ယောက်ကို ပြုံးကာ စိုက်ကြည့်လိုက်သည်။
“ငါ့လို အရေးပါ၊ အရာရောက်တဲ့သူကို တွေ့တာတောင်မှ ဂါရဝပြုတာကို မလုပ်ဘူးဆိုတော့ မင်းတို့ ၂ယောက် ဘယ်လောက်ရိုင်းပြလဲ ဆိုတာ ပြနေတာပဲ။ ဟုတ်တယ်မလား။” သူသည် အင်္ကျီလက်ကို ရမ်းလိုက်ကာ ဆက်ပြောလိုက်သည်။ “မင်းတို့ ဒီလို ရိုင်းပြပြီး မလေးမစားလုပ်အောင် ဘယ်သူက မြှောက်ပေးလိုက်တာလဲ။ ရှန်ကွမ်းထျန်ယုံလား ”
အတွင်းစည်း ဂိုဏ်းသား နှစ်ယောက်မှာ တုန်လှုပ်သွားကြသည်။ အရပ်ရှည်ရှည် တစ်ယောက်က ပိုင်ရှောင်ချန်းကို စိုက်ကြည့်ရင်းမှ အကြည့်များက စူးစူးရဲရဲဖြစ်လာကြသည်။
“ဂိုဏ်းတူ ဦးလေးပိုင်၊” သူက ပြောလိုက်သည်။ “စကားပြောတာ ကြည့်ပြောရင် ကောင်းမယ်။ ”
သူ့ပါးစပ်မှ စကားလုံးများ ထွက်ထွက်ချင်း၊ နောက်ထပ် ဆက်မပြောမီတွင် ပိုင်ရှောင်ချန်းက ရုတ်ချည်း ပျောက်ကွယ်သွားသည်။ အတွင်းစည်းဂိုဏ်းသားကို လေတစ်ချက်တိုက်ခတ်သွားပြီး ပိုင်ရှောင်ချန်းက သူ့ရှေ့သို့ရောက်ရှိလာရာ သူအံ့သြတုန်လှုပ်ကာ ငေးကြည့်နေမိတော့သည်။
သူ၏လှုပ်ရှားမှုက မယုံကြည်နိုင်လောက်အောင် မြန်လှသဖြင့် အတွင်းစည်း ဂိုဏ်းသားနှစ်ယောက်မှာ သူ့ကို မြင်တွေ့လိုက်ရခြင်း မရှိခဲ့ပေ။ သူတို့ ဘာမှ မတုံ့ပြန်နိုင်သေးမီ ပိုင်ရှောင်ချန်းက လက်ဝါးကို နောက်ဆုတ်ကာ အရပ်ရှည် ဂိုဏ်းသား၏ မျက်နှာဆီသို့ ရိုက်ချလိုက်ရာ မိုးကြိုးကဲ့သို့ မြည်ဟီးသံကြီး ပေါ်ထွက်လာသည်။
ချက်ချင်းဆိုသလိုပင် လူငယ်လေး၏ ဝတ်ရုံထဲမှ အတွင်းစည်း ဂိုဏ်းသားအားလုံးကို ပေးထားသော မှော်ပစ္စည်းဖြစ်သည့် အကာကွယ်ဒိုင်းကာတစ်ခု ပျံထွက်လာသည်။ သို့သော် ထိုဒိုင်း ထွက်ပေါ်လာသည့် အချိန်မှာပင် ပိုင်ရှောင်ချန်း၏ လက်ဝါးရောက်လာရာ ဒိုင်းမှာ ထောင်ချီသော အစိတ်အပိုင်းများ အဖြစ် ကွဲကြေသွားလေသည်။ ဒိုင်းက ပိုင်ရှောင်ချန်းလက်ဝါး၏ အံ့ဖွယ်စွမ်းအင်ကို ခံနိုင်ရည် မရှိချေ။
ပြင်းထန်လှသော ရိုက်ချက်ကြောင့် ဖြောင်းခနဲ မြည်သွားကာ အရပ်ရှည် ဂိုဏ်းသားသည် ခဏတာမျှ ကြယ်မြင်၊ လမြင် ဖြစ်သွားသည်။ သူ့ စိတ်ထဲမှ တဒိန်းဒိန်းလှုပ်ရှားသွားကာ တောင်ကြီးနှင့် တိုက်မိသည့်အလား ခံစားလိုက်ရသည်။ ပါးစပ်ထဲမှ သွေးများ ပန်းထွက်လာကာ ကြိုးပြတ်သွားသော စွန်ကဲ့သို့ ဖရိုဖရဲဖြစ်လျက် နောက်သို့ယိုင်သွားပြီး မီတာပေါင်း ဒါဇင်များစွာ နောက်ဆုတ်လာပြီး တစ်လျှောက်လုံး သံကုန်ဟစ်ကာ နောက်ဆုံးတွင် သတိလစ် မေ့မြောသွားတော့သည်။
အရာအားလုံးက မြန်ဆန်လွန်းရကား အရပ်ပု ဂိုဏ်းသား၏ ခေါင်းထဲတွင် ချာချာလည်ကာ ပါးစပ်အဟောင်းသားဖြင့် ရပ်နေရုံမှ တစ်ပါး မတတ်နိုင်တော့ပြီ။ ခဏအကြာတွင် နောက်သို့ ဖြည်းဖြည်းချင်း ရွှေ့သွားပြီး သတိလစ်နေသော သူ့အဖော်ကို အရင် ငေးကြည့်ပြီးနောက်တွင် ပိုင်ရှောင်ချန်းကို ကြည့်လိုက်လေသည်။ သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ခက်ခက်ခဲခဲ မျိုချလိုက်သည်။
“မင်း…မင်း..” သူသည် ပိုင်ရှောင်ချန်းကို တုန်တုန်ရီရီနှင့် လက်ညှိုးညွှန်၍ ထစ်ထစ်အအ ပြောလိုက်သည်။ ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်အစွမ်းက ဤမျှ အံ့ဩဖွယ်ကောင်းနေမည်ဟု အိပ်မက်ပင် မမက်ဖူးပေ။
ချီစုစည်းမှုအဆင့်ရှစ် ဟု ထင်ရ၏။
ပိုင်ရှောင်ချန်းသည် ဖြည်းညင်းစွာ လှည့်၍ အရပ်ပု ဂိုဏ်းသားကိုကြည့်ကာ ပြောလိုက်သည်။
“အတွင်းစည်း ဂိုဏ်းသားတစ်ယောက်ကရော ကိုယ့်ထက် ဝါကြီးတဲ့သူ တစ်ယောက်ကို ရိုင်းပြလို့ ဖြစ်မလား ”
ထို့နောက် သူက ရှေ့သို့ ဆက်လျှောက်လာသည်။
အတွင်းစည်း ဂိုဏ်းသားသည် သံကုန်အော်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် သူ ဝေးဝေး မရောက်မီမှာပင် ပိုင်ရှောင်ချန်းသည် သူ့ကို ဦးတည်ကာ ထပ်မံရိုက်လိုက်ပြန်သည်။
ထိုအခိုက်မှာပင် အောက်ပိုင်းဆီမှ ကြောက်မက်ဖွယ် အသံတစ်သံ ထွက်ပေါ်လာသည်။
“ရပ်လိုက်စမ်း” ရုတ်တရက် မြင်ကွင်းထဲတွင် နောက်တစ်ယောက် ပေါ်လာသည်။
သို့သော် ပိုင်ရှောင်ချန်းက ဂရုမစိုက်ပေ။ သူ၏ လက်ဝါးက လျင်မြန်စွာ လှုပ်ရှားသွားကာ အရပ်ပု ဂိုဏ်းသား၏ပါးပြင်ထက်သို့ ကျရောက်သွားပြီး မြောက်တက်သွား၏။ သွားများ ကျွတ်ထွက်ကာ လေထဲသို့ ပျံဝဲသွားပြီး သွေးများလည်း ဖျန်းခနဲ ထွက်သွားသည်။ သူက ဘေးဘက်သို့ လွင့်ထွက်သွားသည့်အတွက် လည်ပင်းကျိုးမတတ်ဖြစ်ကာ သတိလစ်သွားသည်။
ထို့နောက် ပိုင်ရှောင်ချန်းက လက်ကို ပြန်ရုတ်ကာ တောင်အောက်မှ ပြေးတက်လာသူကို ကြည့်လိုက်သည်။ ချိန်ဟန်နှင့် ကျင့်ကြံခြင်းအခြေခံတူသည့် ချီစုစည်းမှုအဆင့်ကိုးရှိ သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်သည်။
လူကြီးသည် ပိုင်ရှောင်ချန်းကို စိတ်ဆိုးမာန်ဆိုးဖြင့် ကြည့်ကာ ပြောလိုက်၏။ “ ငါ ခုလေးတင် ပြောလိုက်တာကို မကြားလိုက်ဘူးလား…ပိုင်ရှောင်ချန်း။ သေစမ်း…မင်းက…”
ပိုင်ရှောင်ချန်းသည် မေးကိုပင့်ထားကာ ပြုံး၍ ဖြတ်ပြောလိုက်သည်။
“ဂိုဏ်းတူ တူလေး…မင်းရော အရိုက်ခံချင်လို့လား။”
စောစောက ဂိုဏ်းသားနှစ်ယောက်၏ အပြုအမူများအပြင် ဤလူကြီး၏ စကားလုံးများသည်လည်း သူ့ကို နည်းနည်းမျှ အလေးမထားကြောင်း ထင်ရှားနေသည်။ ထို့အပြင် သူတို့က သူ့ထက်သာသည်ဟု ခံယူထားသောကြောင့် အတိုင်းအတာတစ်ခုထိ မလေးမစား လုပ်နေကြခြင်းဖြစ်သည်။ ထိုသို့ အမြင်ကပ်စရာကောင်းလှသော အတွင်းစည်း ဂိုဏ်းသားများကြောင့် စိတ်ထင့်နေရခြင်းဖြစ်သည်။
ပိုင်ရှောင်ချန်း၏ စကားများကြောင့် လူကြီး၏ မျက်နှာတွင် အမျိုးမျိုးသော ခံစားချက်များ ဖြတ်ပြေးသွားကာ ထပ်ပြောမည့် စကားများကို ရပ်ထားလိုက်သည်။ ပိုင်ရှောင်ချန်း၏ အထင်ကြီးစရာကောင်းလှသည့် ခန္တာကိုယ်စွမ်းအားများကို မြင်လိုက်ရသောကြောင့် သူလုံးဝ ထိတ်လန့်သွားကာ အသက် ရှူရန်ပင် မေ့သွားသည်။ လူကြီးသည် ပိုင်ရှောင်ချန်း၏ အဆင့်နှင့်ဆိုလျှင် ဤနေရာတွင် ဘာလုပ်လုပ် ၊ တရားစီရင်ရေးဆောင်က ဂရုစိုက်မည် မဟုတ်ကြောင်း သဘောပေါက်သွားသည်။
လူကြီးက ပိုင်ရှောင်ချန်းကို အတော်ကြာကြာ စိုက်ကြည့်ပြီးနောက် ဒေါသများကို မျိုသိပ်ကာ လာသည့် အကြောင်းရင်းကို ရှင်းပြလိုက်သည်။ “ပိုင်ရှောင်ချန်း၊ ငါတို့မျိုးနွယ်စုရဲ့ သခင်လေးက မင်းကို သူ့ဆီ လာပြီး ဂါရဝပြုစေချင်နေတယ် ”
အမှန်တော့ ပိုင်ရှောင်ချန်းကို သူ့ဆီ ဂါရဝလာပြုရန် အမိန့်ပေးဖို့ အတွက် ရှန်ကွမ်းထျန်ယုံက လွှတ်လိုက်ခြင်း ဖြစ်သည်။
သူ့အမြင်တွင် မျိုးနွယ်စု သခင်လေးသည် ဇာချဲ့ကာ အပိုလုပ်နေသည်ဟု ယူဆသည်။ ပိုင်ရှောင်ချန်းသည် ဤမျှ အရေးပါသူ တစ်ယောက် ဖြစ်လာခြင်းမှာ ကံကောင်းလွန်း၍ ဖြစ်ပြီး လူရွှင်တော်တစ်ယောက်နှင့် သိပ်မကွာဘူးဟုသာ ထင်သည်။ အစွမ်းနိမ့်သော မျိုးနွယ်စုဝင် အနည်းငယ်အား သတ်ထားခြင်းကို ဂိုဏ်းမှ မတော်တဆ အနေဖြင့် ပုံကြီး ချဲ့မိခြင်း ဖြစ်ပေမည်။ ခမ်းနား ကြီးကျယ်သော အောင်မြင်မှု ရရှိကာ မကြာမီ ရွှေအမြူတေအဆင့်သို့ ရောက်ရှိပြီး အနာဂတ်တွင် ဒဏ္ဍာရီတွင်တော့မည့် သခင်လေးတစ်ယောက်အနေဖြင့် ပိုင်ရှောင်ချန်းကို အခွင့်အရေး ပေးစရာမလို ဟု ယူဆသည်။
အမှန်တွင် ဤလူကြီးသည် သူ့အဆင့်အရဆိုလျှင် ပိုင်ရှောင်ချန်းကို ဂါရဝပြုရန် လာခေါ်ခြင်းပင် သူနှင့်မအပ်စပ်ဟု ခံစားနေရသည်။
ပိုင်ရှောင်ချန်းသည် ရှန်ကွမ်းထျန်ယုံ မည်မျှ မောက်မာကြောင်း တွေ့လိုက်ရ၏။ သူ၏အဆင့်အရ လူကိုယ်တိုင်မလာဘဲ သတင်းစကား ပါးလိုက်မည် ဆိုပါက လက်ခံနိုင်ဖွယ် ရှိသေးသည်။ ထိုအစား ပိုင်ရှောင်ချန်းကို သူ့ဆီ လာတွေ့စေချင်နေသည်။
“လက်ရွေးစင်ဖြစ်နေလို့ ဆိုပြီး အပြင်စည်း ဂိုဏ်းသားတစ်ယောက်က သူ့ကို လာပြီး ဂါရဝပြုဖို့ ငါ့ကို အမိန့်ပေးလို့ရတယ် လို့များ ထင်နေတာလား မသိဘူး။ သူက ငါ့ကို လာနှုတ်ဆက်ရမှာလေ။ ”
လူကြီးသည် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ လေပြင်းတစ်ချက် ဖျပ်ခနဲတိုက်ခတ်သွားသည်။
“ပိုင်ရှောင်ချန်း… ” သူက စိတ်ဆိုးလှသဖြင့် အံကြိတ်ကာ ပြောလိုက်သည်။
“ငါတို့ မျိုးနွယ်စု သခင်လေးက သူ့ကို လာတွေ့ခိုင်းတယ်ဆိုတာ ဘယ်လောက်ကံကောင်းလဲ။ သူ့ကို ဂါရဝ ပြုချင်နေတဲ့သူတွေ ဘယ်လောက်များတယ် ဆိုတာ မင်းသိလား။ မင်း..”
သူစကားပြော၍ မပြီးသေးခင်မှာပင် သူ့မျက်နှာတွင် တုန်လှုပ်သွားဟန်များ ပေါ်ထွက်လာပြီး နောက်ဘက်သို့ ခုန်ရှောင်လိုက်သည်။ သို့သော် သူ နောက်ကျသွားလေပြီ။ ပိုင်ရှောင်ချန်းက သူ့ရှေ့တည့်တည့်သို့ ပေါ်လာကာ လက်ဝါးနှင့်ရိုက်ချလာ၏။
“မင်းကများ လုပ်ရဲတယ်ပေါ့။” လူကြီး၏ ကျင့်ကြံမှု အခြေခံမှာ ချီစုစည်းမှု အဆင့်ကိုးရှိပြီး တချိန်တည်းမှာပင် သူက မန္တာန်လက်ကွက်တစ်ခုကို ပုံဖော်ကာ များစွာသော လေဓားမြှောင်များကို ဆင့်ခေါ်လိုက်သည်။
သို့သော်လည်း လေဓားမြှောင်များ သူ့ရှေ့သို့ ပေါ်လာသည်နှင့် ပိုင်ရှောင်ချန်း၏ လက်ဝါးက ဖိခြေပစ်ရာ အပိုင်းပိုင်း ပြတ်သွားလေတော့သည်။ ၎င်းတို့က အနည်းငယ်မျှပင် အကာအကွယ်မပေးနိုင်တော့ချေ။
လက်ဝါးသည် အတားအဆီးမရှိ ဆက်သွားရာ လူကြီး၏ မျက်နှာပေါ်သို့ ချက်ချင်းရောက်သွားသည်။
ဖျောင်းခနဲ ရိုက်သံ ထွက်ပေါ်လာကာ နောက်က အော်သံပါ ဆက်တိုက်ထွက်လာသည်။ လူကြီးက ယိုင်နဲ့နဲ့ဖြင့် နောက်သို့ မီတာ ၃၀ ထက်မနည်း ဆုတ်သွားပြီး နောက်ဆုံးတွင် လဲကျသွားတော့သည်။
ပိုင်ရှောင်ချန်းက အင်္ကျီလက်ကို ပင့်တင်လိုက်ပြ မောက်မာဝင့်ကြွားစွာဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
“ မင်းက ချိန်ဟန်လောက်တောင် အစွမ်းမထက်ပါ့လား။ အဲ့ဒါကြောင့် လက်ပါးစေဘဝ ရောက်နေတာ။ လစ်လိုက်တော့… ကောင်လေး”
လူကြီးသည် ပိုင်ရှောင်ချန်းကို အံ့ဩတကြီး ကြည့်နေမိသည်။ သူသည် သိသာစွာ တုန်နေပြီး ပါးမှာလည်း ယောင်ကိုင်းနေပြီး ဖြစ်၏။ သွားများကြားမှ သွေးများ စိမ့်ထွက်နေပြီး သူ အမြန်ပြေးသွားတော့သည်။
လူကြီး ထွက်သွားသည်နှင့် ပိုင်ရှောင်ချန်းက ချန်သကျင်း၏ အင်မော်တယ်ဂူကို မျက်လုံးများ မှေးကာ ကြည့်လိုက်သည်။ သူသည် သေခြင်းတရားကို ကြောက်ရွံ့သူ ဖြစ်ရာ တစ်စုံတစ်ယောက်က သူ့ကို သတ်ရန် ကြိုးစားလျှင် မည်သို့ပင် ဖြစ်ပါစေ သေချာပေါက် လက်စားပြန်ချေမည် ဖြစ်သည်။
ချန်သကျင်းက ရှန်ကွမ်းထျန်ယုံထံမှ အကူအညီတောင်းလျှင်ပင် ပိုင်ရှောင်ချန်းက သူ့ကို ခွင့်လွှတ်ပေးရန် မဖြစ်နိုင်ပေ။ ပိုင်ရှောင်ချန်း ဂိုဏ်းထဲတွင် လုပ်နေသည့် လုပ်ရပ်များမှာ သာမန်ဟု ထင်ရသော်လည်း ချန်သကျင်း အကြောင်းကို ပိုက်စိပ်တိုက် သူစစ်ဆေးပြီးသည်မှာ အတော်ကြာပြီ ဖြစ်သည်။
“မင်း အဲ့ထဲမှာ ပုန်းနေလို့ ရမယ်ထင်နေလား။” သူက တွေးလိုက်သည်။
“မင်းကို ငါ့ရှေ့ရောက်လာအောင် လုပ်ဖို့ နည်းလမ်း မရှိဘူးများ ထင်နေလား။” အေးစက်စွာ နှာခေါင်း တစ်ချက် ရှုံ့လိုက်ပြီး လှည့်ထွက်သွားတော့သည်။
သူ၏ လက်ရှိအဆင့်နှင့် ဆိုပါက နောက်တွင် ဆက်ဖြစ်သည့် အဖြစ်အပျက်သည် အံ့ဩစရာ မရှိပေ။ တရားစီရင်ရေးဆောင်မှ အမိန့်ပေး ကျောက်စိမ်းပေလွှာတစ်ခု ပေါ်လာသည်။ ထိုကျောက်စိမ်းပေလွှာက ချန်သကျင်း၏ အင်မော်တယ်ဂူထဲသို့ ခဏချင်း ဝင်ရောက်သွားကာ သူ့ရှေ့ရှိ လေထဲတွင် ဝဲနေလေသည်။
ပိုင်ရှောင်ချန်း ကြုံခဲ့ရသော အဖြစ်အပျက်အတိုင်းပင်။ ချန်သကျင်းသည် ဂိုဏ်းအပြင်မှ အလွန် အန္တရာယ်များသော တာဝန်ကို လုပ်ဆောင်ရန် အတင်းအကြပ် ခိုင်းစေခြင်း ခံရသည်။ သူက ပုန်းအောင်းနေရာမှ ထွက်ကာ တာဝန်ကို ထမ်းဆောင်ရုံမှ တစ်ပါး မရှိတော့သည်ကို သိသောကြောင့် ခါးသက်စွာ ပြုံးလိုက်သည်။ သို့သော်လည်း ဂိုဏ်း၏ အပြင်ဘက်တွင် နေခြင်းက အန္တရာယ်ကို ရှောင်ရာတွင် ကူညီပေးမည် ဟူသော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားဆဲပင် ဖြစ်သည်။
ကံမကောင်းစွာဖြင့်ပင် သူသည် ပိုင်ရှောင်ချန်း၏ လက်စားချေမည့်အတိုင်းအတာကို လျှော့တွက်ထားမိသည်။ ပိုင်ရှောင်ချန်းက သူ့အတွက် တာဝန်မြောက်မြားစွာ စီစဉ်ပြီး ဖြစ်သည်။ ထို့အပြင် သူက ဟိုယွင်ဖေးဆီမှလည်း အကူအညီတောင်းထားသေးသည်။ ဟိုမျိုးနွယ်စုတွင် အခြေခိုင်မာခြင်း အဆင့် ခေါင်းဆောင် တစ်ယောက်ရှိရာ အခြားသော အဆက်အသွယ်များ နှင့် ချိတ်ဆက်ပေးသည်။ ပိုင်ရှောင်ချန်းက သူတို့အတွက် အရေးကြီးသည်ကို တွက်ဆမိသောကြောင့် ဟိုယွမ်ဖေးနှင့် ဟိုရှောင်မေ့တို့ကို တိုက်တွန်းကာ မဟာမိတ်ဖွဲ့လိုက်ကြသည်။
ဟိုမျိုးနွယ်စု၏ အကူအညီဖြင့် တာဝန်များကို ချန်သကျင်း ဆောင်ရွက်သည့်အခါတိုင်း ကံဆိုးမိုးမှောင်ကျမည်မှာ မြေကြီးလက်ခတ်မလွဲ သေချာနေပြီ ဖြစ်သည်။
တရားစီရင်ရေးဆောင်က ချန်သကျင်းနှင့် ဖြစ်ပျက်ခဲ့သည်များကြောင့် ပိုင်ရှောင်ချန်း တိုက်ပွဲဝင်ခဲ့ရသည်ကို သတိမမူမိခြင်း မဟုတ်ပေ။ သို့သော်လည်း သတင်းက လူသိရှင်ကြား မဖြစ်သည်ကို ထောက်လျှင် အတွင်းမှတ်တမ်းများတွင် ထိန်းသိမ်းထားဟန်တူသည်။
ယခုမူ ပိုင်ရှောင်ချန်း ပြန်ရောက်လာကာ လက်စားချေချင်နေသောအခါ သူတို့မှာ တားဆီးရန် မဖြစ်နိုင်တော့ပေ။ အမှန်တွင် သူတို့အပေါ် အကြွေးတင်နေသည့်အလား လုပ်ချင်ရာ လုပ်ရန် လွယ်လွယ်ကူကူ ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။ အဆုံးသတ်ရလျှင် ချန်သကျင်းကို သေလူအဖြစ် သဘောထားနေသည့် လူအချို့ပင် ရှိနေပြီဖြစ်သည်။