Switch Mode

အခန်း ( ၆၇ )

အစ်ကိုကြီး...ကျုပ်တို့ရဲ့ဆရာဘယ်မှာလဲ...

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် တောင်ရှစ်လုံးရှိသည်။ တောင်လေးလုံးမှာ မြောက်ဘက်ခြမ်းတွင်ရှိပြီး တောင်သုံးလုံးမှာတောင်ဘက်ခြမ်းတွင်ရှိသည်။ ကျန်တစ်လုံးမှာ အလည်တည့်တည့်တွင်ရှိပြီး ဂိုဏ်း၏စွမ်းအားများကိမ်းအောင်းရာနေရာဖြစ်သော တာအိုသစ်စေ့တောင်ဖြစ်သည်။

ပုံမှန်ဆိုလျှင် ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်က ဂိုဏ်း၏ ကိစ္စရေးရာများကို ထိုနေရာမှ ကိုင်တွယ်ဖြေရှင်းသည်။

ယခုတွင်မူ အချက်ပေးခေါင်းလောင်းများက မြည်ဟည်းနေပြီး မြောက်ဘက်နှင့်တောင်ဘက်၏တောင်များမှ ဂိုဏ်းချုပ်များက ပင်မခန်းမထဲတွင် မတ်မတ်ထိုင်နေကြသည်။ ဂိုဏ်းခေါင်းဆောင်မှာလည်း ထိုသို့ရောက်နေပြီး အလည်တည့်တည့်တွင် ထိုင်ကာနေရာယူထားသည်။

မကြာမီတွင် လီချင်းဟောက်နှင့် အူယန်ကျဲ တို့က ပိုင်ရှောင်ချန်းနှင့်အတူ ရောက်ရှိလာသည်။ သူတို့က ပိုင်ရှောင်ချန်းကို ခန်းမအပြင်ဘက်တွင်စောင့်နေရန်ပြောပြီး အတွင်းသို့ဝင်သွားသည်။

ခန်းမအပြင်ဘက်ရှိ အစောင့်လေးယောက်ကမူ ပိုင်ရှောင်ချန်းကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေကြသည်။

ပိုင်ရှောင်ချန်းကမူ သူတို့ကို ပြုံးပြလိုက်သည်။ ဤနေရာသို့ သူလာသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုနေရာတွင် စိတ်စွမ်းအင်များဖြင့် ပေါကြွယ်ဝနေပြီး သစ်ပင်ပန်းမန်များ၏ မွှေးရနံ့များမှာ လေထဲတွင် ပြည့်နှက်နေသည်။ မွှေးရနံ့တိမ်တောင်နှင့်မတူပဲ အခြားဆူညံသံတစ်သံမှမကြားရပေ။ အရာရာတိုင်းက အေးဆေးတည်ငြိမ်နေသည်။

ဤနေရာသည် ဂိုဏ်းတွင် အလွန်အရေးကြီးသော နေရာတစ်ခုဖြစ်သည်။ ပုံမှန်ဆိုလျှင် ဤသို့ရောက်လာသော ဂိုဏ်းသားများမှာ သတိကြီးကြီးနှင့် အပြောဆိုဆင်ခြင်ကြစမြဲဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းကမူ ဖိအားအနည်းငယ်မျှမခံစားရပဲ အေးအေးဆေးဆေး မတ်တပ်ရပ်နေတော့သည်။

ကျန်ဂိုဏ်းသားလေးယောက်မှာ သက်ပြင်းချရုံကလွဲ၍ ဘာမှမလုပ်နိုင်ချေ။ အံ့သြဖွယ်တာဝန်တစ်ခုကို ထမ်းဆောင်နိုင်ခဲ့သည့်အတွက် ဂိုဏ်းထဲတွင် သူနာမည်ကြီးနေသည်မှာ မဆန်းဟု တွေးလိုက်ကြသည်။ ပုံမှန်လူဆိုလျှင် ဤနေရာမျိုးတွင် စိတ်အေးလက်အေး နေနိုင်မည်မဟုတ်ပေ။

သေခြင်းတရားကို ပိုင်ရှောင်ချန်းက ကြောက်ရွံ့သော်လည်း သူဆောင်ရွက်ခဲ့သည့် အရာများကိုတွေးမိလိုက်သောအခါ ဤနေရာတွင်တော့ သူသေမည်မဟုတ်ကြောင်း သိလိုက်သည်။ ထို့​ကြောင့် သူကြောက်ကြောက်ရွံ့ရွံ့ဖြစ်မနေသည်မှာ သဘာဝကျသည်။ သူက ရင်ကော့ရင်း ဘယ်လိုများဆုချခံရပါ့မလဲဟု စိတ်ကူးယဥ်နေတော့သည်။

” ဂိုဏ်းအတွက်ငါလုပ်ပေးခဲ့တာတွေကြောင့် သူတို့ကငါ့ကို နှစ်တစ်ရာအသက်ရှည်ဆေးလုံးတွေများပေးနေမလားမသိဘူး။ ဒါမှမဟုတ် စွမ်းဆောင်မှုရမှတ် ၁သန်းလောက်ပေးရင်ရော။ ပြီးတော့ တအားကောင်းတဲ့ အင်မော်ဂူတစ်လုံးပေးလောက်တယ်။ ငါ အတွင်းစည်းဂိုဏ်းထဲကိုပါ ရာထူးတိုးရင်တိုးသွားလောက်တယ်ဟေ့။ ဟားဟားဟား။” ပိုင်ရှောင်ချန်းက ကိုယ့်အတွေးနှင့်ကိုယ် ယစ်မူးနေတော့သည်။ တွေးလေတွေးလေ သူက ပိုစိတ်လှုပ်ရှားလာလေဖြစ်သည်။ သို့သော်လည်း အချိန်အတော်ကြာသည်အထိ ခန်းမထဲမှ သူ့ကို လှမ်းခေါ်သံကိုမကြားရသေးပေ။

ပိုင်ရှောင်ချန်း အနည်းငယ် စိတ်ညစ်သွားသည်။ သူပျင်း၍ သန်းဝေလာသည်အထိစောင့်ပြီးနောက် တွန့်ဆုတ်တွန့်ဆုတ်အသံတစ်ခု ပေါ်လာသည်။

” ပိုင်ရှောင်ချန်းရေ။ ဝင်ခဲ့တော့။”

သူ၏ စိတ်များမှာ ချက်ချင်းပင် တက်ကြွသွားသည်။ အသက်ပြင်းပြင်းရှူ၍ ဂိုဏ်းအတွက် ဥားတောင်ရော၊ မီးပင်လယ်ပါဖြတ်မည့် ဂိုဏ်းသားတစ်ယောက်ပုံစံဖမ်းလိုက်သည်။ ထို့နောက် ပင်မခန်းမထဲသို့ ဝင်သွားကာ လက်နှစ်ဖက်ယှက်ပြီး ဦးညွှတ်လိုက်သည်။

” မွှေးရနံ့တိမ်တောင်ကဂိုဏ်းသား ပိုင်ရှောင်ချန်း တာဝန်ထမ်းဆောင်ဖို့အသင့်ရှိကြောင်းပါ။ နှုတ်ခွန်းဆက်သပါတယ် ဂိုဏ်းခေါင်းဆောင်ခဗျား။ အခြားအကြီးအကဲတွေကိုလည်း နှုတ်ခွန်းဆက်ပါတယ်။”

နှုတ်ဆက်ပြီးသွားသောအခါ ပိုင်ရှောင်ချန်းက မော့ကြည့်လိုက်သည်။ ချက်ချင်းပင် အဖွဲ့အလယ်တွင်ထိုင်နေသော အဘိုးကြီးကို မြင်လိုက်ရသည်။ သူက အဖြူရောင်ဝတ်ရုံရှည်ကြီးကိုဝတ်ဆင်ထားပြီး စိတ်မတိုနေသည့်တိုင် ကြောက်မက်ဖွယ်ကောင်းနေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံအဆင့်ကို ခန့်မှန်း၍ပင်မရပေ။

သူ့ကို အမျိိုးသား​ခြောက်ယောက်နှင့် အမျိုးသမီးနှစ်ယောက်ပါသော လူရှစ်ယောက်က ဝန်းရံထားသည်။ ထိုထဲတွင် လီချင်းဟောက်နှင့် အူယန်ကျဲတို့လည်းပါသည်။ သူတို့မှာ အသက်ရှင်လျက်ပြန်လာသော ပိုင်ရှောင်ချန်းကို အကဲခတ်နေကြသည်။

သူတို့၏မျက်လုံးများမှာ ပိုင်ရှောင်ချန်း၏ အဝတ်အစားများပေါ်သို့ ရောက်နေကြသည်။ သူတို့၏အမြင်စွမ်းအားများကြောင့် ပိုင်ရှောင်ချန်း၏အဝတ်အစားမှ ဆုတ်ပြဲရာများမှာ တမင်ဖြဲထားခြင်းမဟုတ်ပဲ ကြောက်မက်ဖွယ်တိုက်ပွဲတစ်ခုတိုက်လာသဖြင့် ရလာကြောင်း သိသည်။

ထို့အပြင် ပိုင်ရှောင်ချန်း၏ ရိုးသားဖြူစင်မှုကို သူတို့ သတိထားမိလေသည်။ သူကစကားပြောယဥ်​ကျေးပြီး မောက်မာခြင်းမရှိသည့်အပြင် အလွန်အကျွံကြီးနှိမ့်ချနေခြင်းမျိုးလ​ည်း မဟုတ်ပေ။ သူ၏မျက်နှာအမူအရာကိုကြည့်လျှင် သူ၏အေးဆေးနေပုံကို တွေ့နိုင်သည်။

သူတို့မြင်ရသည့်မြင်ကွင်းကို အပြင်ပန်းတွင် ဘာမှမတုံ့ပြန်သော်လ​ည်း စိတ်ထဲတွင်မူ ပိုင်ရှောင်ချန်းကို ပို၍ပင်ချီးကျူးနေကြသည်။ သိို့သော်လည်း လူအချို့မှာ ဖြစ်ပျက်သမျှနှင့်ပတိသက်ပြီး သံသယဖြစ်နေဆဲပင်ဖြစ်သည်။

လီချင်းဟောက်က ပိုင်ရှောင်ချန်းကိုကြည့်ပြီး ဖြေးညင်းစွာပြောလိုက်သည်။
” ပိုင်ရှောင်ချန်း… လောချိန်မျိုးနွယ်စုနဲ့ ပတ်သတ်တဲ့တာဝန်အကြောင်းကို အစကနေ အဆုံးထိ အသေးစိတ်ရှင်းပြပေးပါဦး ”

ထိုအခါ ပိုင်ရှောင်ချန်းက တည်ကြည်သောအမူအရာဖြင့် ဖြစ်ပျက်ခဲ့သည်များကို အစအဆုံး ပြန်ပြောပြတော့သည်။ အနက်ရောင်ဝတ်ရုံနှင့်လူကြီးအကြောင်းကိုတော့ သူချန်ခဲ့လေသည်။ ထိုအရာသည် သူထိန်းသိမ်းရမည့် လျှို့ဝှက်ချက်မဟုတ်ပါလော။

ထို့​နောက်သူက ဖိန်းယန်သူ့ကိုယ်သူ အနစ်နာခံသွားသော ပုံပြင်ကို လုပ်ကြံဖန်တီးကာ ဇာတ်ကြောင်းထဲသို့ထည့်၍ သူတို့ကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့်အတူ ပြောပြလိုက်သည်။ သူသည် ဥာဏ်ကောင်းသူတစ်ယောက်ဖြစ်၍ သူ့ကိုယ်သူအမွှန်းမတင်ပဲ ဖိန်းယန်၊တုလင်ဖေးနှင့် ဟိုယွင်ဖေးတို့ကိုသာ အဆက်မပြတ် ချီးကျူးပြလိုက်သ​ည်။

” ကျွန်တော် အသုံးမကျတဲ့ မိုက်ပြစ်တွေပါဗျာ။ ဂိုဏ်းတူအစ်ကိုဖိန်းက ကျွန်တော့်ကို ကယ်ဖို့ကြိုးစားရင်း သေသွားရတာဗျ။ ကျွန်တော့်အမှားတွေပါ…” သူက နောင်တရ စိတ်နာနေသောပုံစံဖမ်းကာ ငိုမဲ့မဲ့ပြောလိုက်သည်။

သူ ဇာတ်လမ်းအကြောင်းပြောလေ​ပြောလေ ဂိုဏ်းခေါင်းဆောင်နှင့် အခြားလူများ၏ မျက်လုံးများမှာ ချီးကျူးမှုများနှင့် ပို၍အရောင်လက်လာလေဖြစ်သည်။
ထိုလူများမှာ ကျင့်ကြံခြင်းကို နှစ်ပေါင်းများစွာကျင့်ကြံထားသူများဖြစ်၍ မကောင်းဆိုးဝါးများအလား ဥာဏ်နီဥာဏ်နက်များကြသူများ ဖြစ်သည်။ ပိုင်ရှောင်ချန်း ထိုအင်္ကျီကိုဝတ်ကာ ပြန်လာခဲ့သည်ကိုကြည့်၍ပင် သူက မည်သို့သောလူစားမျိုးဖြစ်ကြောင်း သူတို့ သိသည်။ သူတို့၏ချီးကျူးမှုများမှာ ပို၍ပင်တိုးလာသည်။

” ဒီကလေး သတိမေ့သွားပြီး နိုးလာတော့ အကောင်းတိုင်းပြန်ဖြစ်သွားတာလား ” ဂိုဏ်းခေါင်းဆောင်က ပြုံးရင်း တွေးတောနေသည်။ ပိုင်ရှောင်ချန်း၏ ရှင်းပြချက်ကို သူက စိတ်အနှောင့်အယှက်မဖြစ်ပေ။ ဂိုဏ်းသားများတွင်လည်း ထိန်းသိမ်းစရာ လျှို့ဝှက်ချက်များ ရှိသေးသည်မဟုတ်ပါလော။ ဂိုဏ်းသည်သူတို့၏အိမ်ကဲ့သို့ခံစားရအောင် လုပ်မှသာ အကောင်းဆုံးဖြစ်သည်။ သူတို့၏နေ့စဥ်ဓူဝဘဝများကိုပါ ထိန်းချုပ်နိုင်အောင် ကြိုးစားပါက ကပြောင်းကပြန်များသာ ဖြစ်ကုန်မည်။

ဇာတ်လမ်းကိုပြောပြီးသွားသောအခါ ဂိုဏ်းခေါင်းဆောင်က ပြောလိုက်သည်။
” ပိုင်ရှောင်ချန်း။ မင်းရဲ့ဆုကိို လွန်ခဲ့တဲ့လအနည်းငယ်က ကြေငြာပြီးသွားပြီကွ။ မင်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင် ဂိုဏ်းသားဖြစ်သွားပြီ။”

ဂိုဏ်းခေါင်းဆောင်က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဆိုသော စကားလုံးများကို ပြောလိုက်သောအခါ သူ၏ရင်ထဲတွင် ထူးဆန်းသောခံစားချက်တစ်ခု ထွက်ပေါ်လာသည်။ ဤတစ်ခေါက်သည် ဂုဏ်ထူးဆောင်ဂိုဏ်းသားတစ်ယောက် အသက်ရှင်လျက်ရှိနေသည့် ပထမဆုံးအကြိမ် မဟုတ်ပါလော။

ထိုအကြောင်းအရင်းသည်လည်း စောစောကဆွေးနွေးပွဲမှာ ခက်ခဲနေရသည့် အကြောင်းအရင်းတစ်ခု ဖြစ်သ​ည်။ ဂုဏ်ထူးဆောင်ဂိုဏ်းသားဆိုသောဘွဲ့မှာ အလွန်အရေးကြီးပြီး ယခင်က တိုက်ပွဲတွင်ကျဆုံးသွားသော လူများကိုသာ ပေးအပ်ဖူးပြီး အသက်ရှင်နေသူများကို မပေးဖူးပေ။ သို့သော်လည်း ယခုမှာမူ ပိုင်ရှောင်ချန်းက သူတို့ရှေ့တွင် ကျန်းကျန်းမာမာနှင့် ဒေါင်ဒေါင်မြည်ကြီး ရှိနေသည်။

ထို့ကြောင့်လည်း ပိုင်ရှောင်ချန်း အသက်ရှင်နေကြောင်းသတင်းကြားလိုက်ရသောအခါ သူတို့အားလုံးတုန်လှုပ်သွားကြခြင်းဖြစ်သည်။

ထို့အပြင် ထိုဘွဲ့မှာ ပြန်ရုတ်သိမ်း၍မရနိုင်။ အသုဘအခမ်းအနားမှာ ကျင်းပပြီးသွားပြီဖြစ်ပြီး သူထမ်းဆောင်ခဲ့သည့်တာဝန်များမှာလည်း ပြီးဆုံးသွားပြီဖြစ်သည်။ ထိုအုပ်စုမှာ ရှေ့ဆက်လုပ်ရမည့်အရာနှင့်ပတ်သတ်၍ ခေါင်းရှုပ်နေကြသဖြင့် ပိုင်ရှောင်ချန်းကို အပြင်ဘက်တွင် အချိန်အနည်းငယ်ကြာအောင် စောင့်ခိုင်းထားခြင်းဖြစ်သ​ည်။

ကြိမ်ဖန်များစွာ ဆွေးနွေးတိုင်ပင်ပြီးသွားကြသောအခါ သူတို့က ကြေငြာပြီးသားအရာကို ပြန်ပြောင်း၍မရနိုင်တော့ကြောင်း ဆုံးဖြတ်လိုက်သည်။ ဂိုဏ်းစည်းကမ်းများနှင့်အညီ ပိုင်ရှောင်ချန်းကို ထိုဘွဲ့အားဆက်လက်ပိုင်ဆိုင်ခွင့် ပေးရမည်ဖြစ်သည်။

” ဂုဏ်ထူးဆောင်ဂိုဏ်းသား…ဟုတ်လား။” ပိုင်ရှောင်ချန်းက တုန်တုန်လှုပ်လှုပ်နှင့် ပြန်မေးလိုက်သည်။ ထိုသို့သော ဘွဲ့မျိုးကို သူတစ်ခါမှမကြားဖူး၍ သူကဂိုဏ်းခေါင်း​ဆောင်နှင့် အခြားအကြီးအကဲများကို ငေး​သာကြည့်နေတော့သ​ည်။ သူတို့မျက်နှာတွင် ထူးဆန်းသောအမူအရာများပေါ်နေသော်လည်း ဆုချဖို့နှင့်ပတ်သတ်၍ သူတို့က တစ်ခွန်းမှ မဟသေးသည် မဟုတ်ပါလော။

ထိုအခါ ပိုင်ရှောင်ချန်းက မနေနိုင်တော့ပဲ မေးလိုက်သည်။ ” အာ….. ဒါပဲလားဗျ။”

” အေးကွဲ့။ ဒါပဲလေ။” ဂိုဏ်းခေါင်းဆောင်က ပြုံးရင်းပြန်ဖြေသည်။

ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားသွားပြီး ခရီးမှာမည်ကဲ့သို့ခက်ခဲကြောင်း သူ​သေလုနီးနီးဖြစ်သွားသောအကြိမ်မှာ မည်မျှပင်ရှိကြောင်း ရှင်းပြရန်ပြင်လိုက်သည်။ သို့သော်လည်း သူဘာမှမပြောရသေးခင်မှာပဲ သူ့အ​ကြောင်းကို လူတိုင်းထက်ပိုသိသော လီချင်းဟောက်က လည်ချောင်းဟန့်လိုက်ကာ ပြောလိုက်သည်။
” ဟေ့ကောင်။ ဂိုဏ်းခေါင်းဆောင်ကို မြန်မြန် ကျေးဇူးတင်လိုက်လေကွာ။ ဂုဏ်ထူးဆောင်ဂိုဏ်းသားဆိုတဲ့ ဘွဲ့က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ သမိုင်းတစ်လျှောက်မှာ ၁၀ကြိမ်ပဲ ပေးရသေးတာ။ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာအတွင်း မင်းကဒီဘွဲ့ကို ရဖူးတဲ့ ပထမဆုံးလူပဲ။”

” ဂုဏ်ထူးဆောင်ဂိုဏ်းသားဖြစ်တဲ့အတွက် မင်းရဲ့အဆင့်က အတွင်းစည်းဂိုဏ်းသား​တွေထက် မြင့်သွားပြီ။ ပြီးတော့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ဂုဏ်သိက္ခာအရှိဆုံးဘွဲ့ကိုရထားတာ။ မင်းရဲ့မျိုးဆက်တွေက ဂိုဏ်းရဲ့ရတနာပစ္စ​ည်းတွေကို အထူးခံစားခွင့်ရပြီး မွေးကထဲက အတွင်းစ​ည်းဂိုဏ်းသားတန်းဖြစ်မှာ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက မင်းရဲ့ မျိုးဆက်ကို ထာဝရစောင့်ရှောက်ပေးအုံးမှာ။”

” လောလောဆယ် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်းတွေဖြစ်တဲ့ ဂုဏ်ထူးဆောင်မျိုးနွယ်စု၉စု ရှိတယ်။ ဒါက တကယ့်ကို ဂုဏ်ကျက်သရေရှိတဲ့ ဘွဲ့ပဲကွ။ ”

ထိုရှင်းပြချက်များကို ပိုင်ရှောင်ချန်းကြားလိုက်ရသောအခါ သူ၏မျက်နှာတွင် ဝမ်းနည်းသွားသော အမူအရာတစ်ခုပေါ်လာသည်။ သူ၏စိတ်ဓာတ်များမှာ ချက်ချင်းကျသွားပြီး လီချင်းဟောက်ကို စ်ိတ်ပျက်လက်ပျက်ကြည့်ပြီးနောက် ဂိုဏ်းခေါင်းဆောင်ကို ကြည့်လိုက်သည်။.

သူ ဘာပြောရမှန်းမသိပေ။ ဂုဏ်ထူးဆောင်ဂိုဏ်းသားဆိုသော ဘွဲ့မှာ အံ့သြစရာကောင်းသည်ဟုထင်ရသော်လည်း ထိုဘွဲ့မှာ သေဆုံးသွားသောလူ၏ မျိုးဆက်များအတွက်သာ ဖန်တီးထားခြင်းဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းကမူ အသက်ရှင်နေဆဲဖြစ်သည်။ ဝမ်းနည်းစရာကောင်းစွာပင် ပိုင်ရှောင်ချန်းက သူ့၏ သားမြေးမြစ်များကို မနာလိုရမည့် အနေအထားသို့ရောက်သွားတော့သည်။

” ကျေး…ကျေးဇူးပါ ဂိုဏ်းခေါင်းဆောင်ခင်ဗျာ။” သူက စကားပြောဖို့အားပင်မရှိတော့သော လေသံနှင့် ငိုမဲ့မဲ့ ပြောလိုက်သည်။

ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်က ချောင်းဟန့်လိုက်ပြီး အနေခက်နေသောအမူအရာဖြင့်ပြောလိုက်သည်။ ” ဒီနေ့ကစပြီး မင်းငါ့ကို ဂိုဏ်းတူအစ်ကို ဂိုဏ်းခေါင်းဆောင် လို့ခေါ်ရမယ် ”

ပိုင်ရှောင်ချန်းက အသ​က်စွန့်ခဲ့သည်ဟု ထင်၍ ပိုင်ရှောင်ချန်းကို သူ့ဆရာအရင်း၏ တပည့်မြှောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူကအသက်ရှင်နေသေး၍ အခြေအနေများမှာ ကို့ရို့ကားယားဖြစ်ကုန်တော့သည်။ အသက်နှစ်ပေါင်းများစွာကြီးနေပြီဖြစ်သော ဂိုဏ်းခေါင်းဆောင်ကြီးက အသက်၂၀အရွယ်ကောင်လေး၏ ဂိုဏ်းတူအစ်ကိုဟုခေါ်သံကို ကြားရတော့မည်ဖြစ်သည်။ သူ့မှာ ကြိတ်၍သက်ပြင်းချရုံကလွဲ မတတ်နိုင်ပေ။

” တကယ်ပြောတာလားဗျ။” ပိုင်ရှောင်ချန်းက မျက်လုံးပြူးကြီးများဖြင့် မေးသည်။ ချက်ချင်းပင် သူ ပျော်သွားတော့သည်။ သူကခန်းမထဲကို မျှော်လင့်ချက်ကြီးကြီးနှင့် ဝင်ရောက်ခဲ့ပြီး ထိုမျှော်လင့်ချက်များကို ရိုက်ချိုးခံခဲ့ရခြင်းဖြစ်သည်။ ထို့​ကြောင့် သူ့မှာ စိတ်ဆင်းရဲနေခြင်းဖြစ်သည်။ သိူ့သော်လည်း ယခုတွင်မူ အရာရာ ပြောင်းလဲသွားပြီဖြစ်သည်။

” မင်းလုပ်ခဲ့တဲ့ ဂုဏ်ပြုဖွယ်လုပ်ရပ်တွေရယ်၊ မင်းမှာဆရာမရှိသေးတာတွေရယ်ကြောင့် ငါကမင်းကို ငါ့ဆရာရဲ့ တပည့်အဖြစ် လက်ခံခဲ့တာ။ အဲ့တာမလို့ မင်းက ငါ့ကို ဂိုဏ်းတူအစ်ကိုလို့ခေါ်လို့ရတယ်။” ဂိုဏ်းခေါင်းဆောင်မှာ ထိုသို့ပြောရင်း အနေရခက်နေတော့သ​ည်။

ပိုင်ရှောင်ချန်းက စိတ်လှုပ်ရှားမှုများပြည့်နေသော မျက်လုံးများဖြင့် အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည်ချက်ချင်းပင် ဂ်ိုဏ်းကသူ့ကို ကောင်းကောင်းဆက်ဆံပါလားဟူသော အတွေးဝင်သွားသည်။ ဂိုဏ်းခေါင်းဆောင်၏ဆရာမှာ ဂိုဏ်းတွင် ဂိုဏ်းစောင့်အကြီးအကဲအဆင့်တွင်ရ်ှိမည်မှာ အသေအချာပင်ဖြစ်သည်။ ထို့ကြောင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာခြင်းဖြစ်သည်။

” အခုကစပြီး အဲ့လိုမျိုး အစွမ်းထက်ဆရာတစ်ယောက်ရှိလို့ ငါ့ကိုဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူးကွ။ ဟားဟား။” သူက အပျော်လွန်ကာ လက်ယှက်ပြီး အရိုအသေပေးလိုက်သည်။

” ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းတူအစ်ကို။ ဂိုဏ်းတူအစ်ကို… ကျွန်တော်တို့ရဲ့ဆရာကဘယ်မှာများတုံးဗျ။ ကျွန်တော် အရိုအ​သေသွားပေးချင်လို့ပါ။” သူကကျေနပ်နေသောလေသံဖြင့် မေးလိုက်သည်။

ထိုအခါ ဂိုဏ်းခေါင်းဆောင်၏မျက်နှာတွင် ထူးဆန်းသောအမူအရာတစ်ခုပေါ်လာသည်။
” အလျင်မလိုပါနဲ့ကွာ။ သူတရားကျင့်နေတုံးတန်းလန်းကြီး မသေခင်တုံးက ဆွဲထားတဲ့သူ့ပုံတူကို တောင်နောက်ဘက်မှာ ဌာပနာထားပါတယ်။ မင်းကို အဲ့နေရာလိုက်ပို့ဖို့ လူတွေတောင်ငါ စီစဥ်ပြီးသွားပြီ။”

ထိုစကားများကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလားပင်။
” တရားကျင့်နေတုံးသေသွားတာ…. တောင်ရဲ့နောက်ဘက်ခြမ်းမှာဌာပနာထားတာ….ဟုတ်လား…”

သူ ပါးစပ်အဟောင်းသားဖြစ်နေပြီး ထိုစကားလုံးများက သူ့ခေါင်းထဲတွင် ပဲ့တင်ထပ်နေတော့သည်။ အနည်းငယ်ကြာသောအခါ သူကအာရုံပြန်စုစ​ည်းလိုက်သည်။ သူတင်ခဲ့သော ဆရာမှာ သေဆုံးသွားပြီဖြစ်သ​ည်။

” ကျွန်တော်…” ပိုင်ရှောင်ချန်း ဒေါကန်နေပြီး သူ၏စိတ်မှာ ရှုပ်ထွေးနေတော့သည်။ သူ စိတ်ဓာတ်များ ပြန်ကျသွားပြီး ငိုချင်ပါသော်လ​ည်း မျက်ရည်များကထွက်မလာပေ။ သူက တွေဝေငေးငိုင်ရင်းနှင့် တောင်နောက်ဘက်သို့လိုက်သွားပြီး သူ၏ဆရာကို အရိုအသေများပေးလိုက်သ​ည်။ ထို့နောက်သူက ​တာအိုသစ်စေ့တောင်မှ ထွက်ခွာကာ မွှေးရနံ့တိမ်တောင်သို့ ပြန်သွားတော့သည်။

မွှေးရနံ့တိမ်တောင်ပေါ်တွင် ဂိုဏ်းသားများက သူ့ကို အပြေးအလွှား နှုတ်ခွန်းဆက်ကြသည်။ သူတို့၏မျက်လုံးထဲတွင် ထူးဆန်းသောအကြည့်များပေါ်နေပြီး တစ်စုံတစ်ယောက်က သူ့ကို သူ၏ အုတ်ဂူတိုင်ဆီသို့ ခေါ်သွားသည်။

ထိုအုတ်ဂူတိုင်ကို ပိုင်ရှောင်ချန်း မြင်လိုက်သောအခါ အရာအားလုံးမှာ မည်းမှောင်သွားတော့သည်။

အဆုံးတွင် သူက သူ၏ခြံဝန်းထဲသို့ ပြန်ရောက်မှန်းမသိပြန်ရောက်နေသ​ည်။ သူကဒေါသတကြီးနှင့် သူ၏သစ်သားအိမ်ထဲတွင် အသက်မဲ့စွာထိုင်နေတော့သည်။
” ငါ..ငါက ပန်းချီကားတစ်ချပ်ရဲ့ တပည့်ဖြစ်သွားတာတဲ့လားကွာ….”

သူက ရက်ပေါင်းများစွာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေ​တော့သည်။ လတစ်ဝက်ကြာမှသာ သူ့စိတ်ကိုသူ ပြန်စုစည်းနိုင်သည်။

စိတ်ပျက်လက်ပျက် သက်ပြင်းချရင်း သူက ဖက်တီးကျန်းကြီးကိုရှာပြီး အတိတ်အကြောင်းများ ပြန်ပြောရန် သူ၏အိမ်မှ ထွက်ခွာသွားသည်။ သို့သော်လည်း သူအပြင်သို့ထွက်လိုက်ချိန်တွင် သူ့ကိုလက်ယှက်ကာ ချက်ချင်းအရိုအသေပေးလိုက်သော အပြင်စည်းဂိုဏ်းသားတစ်ယောက်နှင့် ဆုံလိုက်လေသည်။

” မင်္ဂလာပါ။ ဂိုဏ်းတူဦးလေးပိုင်။”

ပိုင်ရှောင်ချန်းက ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးမှ ရပ်လိုက်ကာ တောက်ပနေသောမျက်လုံးများဖြင့် နောက်သို့လှည့်ကြည့်လိုက်ပြီး ထိုအပြင်စည်းဂိုဏ်းသားကို လှမ်းဆွဲလိုက်သည်။

” မင်းငါ့ကို ဘယ်လိုခေါ်လိုက်တယ်။”

” ဂိုဏ်းတူဦးလေးပိုင်လို့ ခေါ်တာ​လေဗျာ။ ဆရာက ဂိုဏ်းခေါင်းဆောင်ရဲ့ ဂိုဏ်းတူညီလေးလေဗျာ။ ကျွန်…ကျွန်တော်က ဆရာ့ကို ဂိုဏ်းတူဦးလေးလို့ခေါ်ရမှာပေါ့ဗျ။”

ပိုင်ရှောင်ချန်း၏ ဆုပ်ထားသောလက်သီးများမှာ လျော့ကျသွားပြီး သူ၏မျက်လုံးများမှာ ပို၍ပင်တောက်ပလာသည်။ သူ၏နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေသည်။ သူ၏ဘွဲ့အသစ်မှာ ထင်သလောက်အဆိုးကြီးမဟုတ်လှပေ။ သူက ကြောက်မက်ဖွယ် ဝါကြီးသောအဆင့်သို့ ရောက်သွားပြီဖြစ်သည်။

သူက နှုတ်ခမ်းကိုလျှာဖြင့်သပ်ရင်း ထရယ်လိုက်သောအခါ ထိုအပြင်စည်းဂိုဏ်းသားမှာ ထိတ်လန့်သွားပြီး နောက်သို့ဆုတ်သွားတော့သည်။ ပိုင်ရှောင်ချန်းအဘယ့်ကြောင့် ထိုသို့ ရူးသွပ်သွားသည်ကို သူကနားမလည်ဖြစ်နေသည်။

ပိုင်ရှောင်ချန်း ချက်ချင်းပင် ရယ်မောခြင်းကိုရပ်လိုက်သည်။ လည်ချောင်းဟန့်လိုက်ရင်း သူကအကြီးအကဲဂိုဏ်းဝင်တစ်ယောက်ပုံစံဖမ်းကာ ထိုအပြင်စည်းဂိုဏ်းသားကို ခေါင်းညိတ်ပြလိုက်သည်။ သူကဖက်တီးကျန်းကြီးကိုသွားမရှာတော့ဘဲ စီမံရေးရာအဆောင်သို့ ထွက်သွားတော့သည်။

အဘယ့်ကြောင့်ဆိုသော် ထိုနေရာတွင် လူအများဆုံးရှိသောကြောင့်ဖြစ်သည်။

ထိုအချိန်တွင် လီချင်းဟောက်က မွှေးရနံ့တိမ်တောင်သို့ ပြန်ရောက်လာပြီး တံခါးပိတ်ကျင့်ကြံနေတော့သည်။ တင်ပျဥ်ခွေထိုင်ပြီးနောက် အနည်းငယ်တွေးတောလိုက်ကာ သူ၏အင်္ကျီလက်ကို ခါလိုက်သည်။ တည်ကြည်သောအမူအရာဖြင့် သူက ဆေးများကို ဖော်စပ်ရန်ပြင်လိုက်သည်။

” ရှောင်ချန်းက ခေါင်းမာပြီး နောက်တီးနောက်တောက်နေတတ်တယ်။ သူ့အတွက် အသက်ကယ်မှော်ရတနာတစ်ခု လုပ်ပေးမှရမယ်။ ဆိုးတာက ငါကလက်နက် ​ဖော်ထုတ်တဲ့နေရာမှာမကျွမ်းဘူး။ ဒါပေမဲ့ ငါ အဆုံးမဲ့ဆေးကိုးလုံးကိုဖော်ပြီး ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနဲ့ အလဲအလှယ်လုပ်လို့တော့ရလောက်တယ်။ ငါ့ဆွေမျိုးအငယ်ထဲက ချီစုစည်းမှုအဆင့် ဂိုဏ်းသားတစ်ယောက်အတွက် မှော်ရတနာတစ်ခုလုပ်ပေးနေတာကို သိလို့ကတော့ ငါ့ကိုဝိုင်းအမဲဖျက်ကြတော့မှာပဲ ”

လီချင်းဟောက် ခေါင်းယမ်းလိုက်သော်လည်း စိတ်ကသိကအောက်ဖြစ်မနေပေ။ အဆုံးမဲ့ဆေးကိုးလုံးကိုဖော်စပ်ရန် သူ၏နှလုံးသွေးကိုသုံးရမည်ဖြစ်သ​ည်။ သို့သော်လည်း ပိုင်ရှောင်ချန်းသေခါနီးဖြစ်သွားသော အခြေအနေကိုတွေးမိလိုက်သောအခါ သူ၏ချီကို တည်ငြိမ်အောင်လုပ်လိုက်ပြီး ခေါင်းရှင်းကာ ဆေးဖော်စပ်ရန် ပြင်ဆင်မှုများကို စလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset