Switch Mode

အပိုင်း(၂၄)

ဘယ်သူက ပိုနှိပ်ကွပ်နိုင်သလဲ

ယွန်ရှင်းဟွာကား အလွန် စိတ်ဆိုးနေသည်။ သူကား မှော်ထိန်းချုပ်သူ တစ်ယောက် အနေဖြင့် အလွန် စိတ်ကြီးဝင်နေသူ ဖြစ်သည်။ သို့သော် ယခုသူ၏ ရှေ့မှလူငယ်မှာ သူ့ထက်ပင် စိတ်ကြီးဝင်လှသည်။

သို့သော်လည်း…၊ အမှန်တရားကား… သူ၏ရှေ့မှ အသစ်စိန်ခေါ်သူ နှစ်ယောက်မှာ ထိုခံစားချက်များ၏ မူလဇာစ်မြစ်ဖြစ်သည်။

“အရူးတွေ…” ယွန်ရှင်းဟွာက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ သဘာဝစွမ်းအင်များက သူ့ခန္ဓာကိုယ်အား စတင် လည်ပတ်လာနေသည်။ သို့သော် မူဂျန်က ရုတ်တရက် ရှေ့သို့ထွက်လာကာ သူ့အား ရပ်ခိုင်းလိုက်သည်… “သူတို့ကို ငါ့တာဝန်ထားလိုက်…” မူဂျန်က ပြောလိုက်သည်။

ထို့နောက် သူက ယူချင်းထံသို့ စိန်ခေါ်ရန် လျှောက်သွားလိုက်သည်။ သူက ယူချင်းမှာ လွယ်ကူသော ပြိုင်ဘက်မဟုတ်ဟု စိတ်ထဲမှ ထင်နေသည်။ ယွန်ရှင်းဟွာအား သူက မရှုံးနိမ့်စေလိုပေ။ ယွန်ရှင်းဟွာကား သူတို့ကျောင်းတော်၏ ဂုဏ်ဆောင်ဖြစ်သည်။ ထိုဂုဏ်အား သူတို့ အဆုံးရှုံးမခံနိုင်ပေ။

“သေချာတာပေါ့… ငါ့အတွက် ဆုံးမပေးလိုက်…” ယွန်ရှင်းဟွာက ခေါင်းညိတ်လျက် နောက်ဆုတ်လိုက်သည်။ မူဂျန်က ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များအား စတင် ထိန်းချုပ်လိုက်သည်။ သူ့ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း တုန်ခါလာသည်ကို တွေ့ရသည်။

“ယူချင်း… ဒီကောင်ကို သယ်ထုတ်သွားရတာ သေချာပါစေ…” ရီဖူရှင်းကား ယွန်ရှင်းဟွာက အရူးဟု အပြောခံခဲ့ရသည်ကို အနည်းငယ် ဒေါသထွက်သွားသည်။

“ကောင်းပြီ…” ယူချင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရှေ့သို့ မြဲမြံစွာ တိုးသွားလိုက်သည်။ သူ၏အားအင်များကြောင့် မြေကြီးမှာ တုန်ခါနေသည်။ မူဂျန်က သူ၏ရှေ့မှ ကြီးမားသော ကောင်ကလေးအား ကြည့်ကာ အနည်းငယ် စိုးရိမ်လာသည်။ ကြောက်မက်ဖွယ် အေးစက်သော အားလှိုင်းများ သူ့အား လှိုင်းလုံးများသဖွယ် လာရောက် ရိုက်ခတ်နေသည်ကို ခံစားနေရသည်။

ယူချင်းက မြေကြီးအား တစ်ခေါက် ခြေဆောင့်ကာ မူဂျန်အား စတင် တိုက်ခိုက်လိုက်သည်။ မူဂျန်ကလည်း မှော်သိုင်းကွက်တစ်ခု ဖန်တီးလိုက်သည်။ ရုတ်တရက် ရေခဲမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ယူချင်း၏ ခန္ဓာကိုယ်အား ဖုံးလွှမ်းသွားသည်။ မူဂျန်ကား သူ၏ရန်သူကို ရေခဲများဖြင့် ထိန်းချုပ်ကာ လှုပ်မရအောင် ကြံစည်နေခြင်း ဖြစ်သည်။

ဤသည်ကား ရေခဲလှောင်အိမ် မှော်သိုင်းကွက်ဖြစ်သည်။

“သူ ဘယ်လောက် စွမ်းအားကောင်းသလဲ ကြည့်စမ်း…” ယူချင်း၏ကိုယ်မှ ရေခဲချပ်များ ပို၍ ထူထပ်လာသည်ကို သတိထားမိကြသည်။ မူဂျန်ကား နိုးထခြင်းအဆင့်တွင်သာ ရှိသေးသော်လည်း မှော်သိုင်းကွက်များအား အဝေးမှပင် အသုံးပြုကာ ရန်သူအား တိုက်ခိုက်နိုင်ပြီဖြစ်သည်။ သူ၏စွမ်းအင်ကား ကောင်းကင် (နိုးထခြင်းအဆင့်ကိုးလွန်လျှင် ကောင်းကင်အဆင့်သို့ ရောက်သည်။ ကောင်းကင်အဆင့်အား ကြယ်ကိုးပွင့်ဖြင့် အဆင့်ထပ်ခွဲထားသည်) အဆင့်နှင့်ပင် နှိုင်းယဉ်နိုင်သည်။

သို့သော် ယူချင်း၏ကိုယ်မှ ရုတ်တရက် ရွှေရောင် ကိုယ်ရောင်ကိုယ်ဝါများ မျက်စိကျိန်းအောင် တောက်ပလာသည်။ ထို့နောက် ထိုရေခဲလွှာများမှာ တဖြည်းဖြည်း အရည်ပျော်ဆင်း သွားသည်ကို တွေ့ရ၏။ သူကား ယခု ရွှေရောင်စစ်သူကြီးနှင့် တူလှကာ လက်သီးအား အရိုးအဆစ်များ မြည်အောင် ဆုပ်ကိုင်လျက် မူဂျန်ထံသို့ ပြေးလာနေသည်။ သူ၏ကိုယ်မှလည်း ရွှေရောင်အားလှိုင်းများက အဆက်မပြတ် လွင့်လာနေ၏။

“ချုပ်ထားစမ်း…” မူဂျန် အော်လိုက်သည်။ ထို့နောက် နောက်ထပ် ရေခဲမုန်တိုင်းတစ်ခု ပေါ်လာကာ ယူချင်းအား ဖုံးအုပ်သွားပြန်သည်။ ချူရန်ကား ထိုသိုင်းကွက်ဖြင့်ပင် ရှုံးနိမ့်ခဲ့သည်။ သို့သော် ယူချင်းကား ချူရန်မဟုတ်ပေ။

ယူချင်းအတွက်မူ ထိုစွမ်းအင်များက သူ့ကို သက်ရောက်ပုံမရပေ။ သူ၏ကိုယ်သို့ ကပ်လာသော ရေခဲချပ်များအား သူ၏လက်များအား လှုပ်ခါလိုက်ရုံဖြင့် အားလုံး ကွာကျကာ အငွေ့ပြန် ပျောက်ဆုံးသွား၏။ သူ၏လက်များတွင် သိုင်းပညာစွမ်းအင်များက ရွှေဝါရောင် လက်သည်းရှည်ကြီးများ အဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရသည်။ မူဂျန်က နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ တိုက်ခိုက်ရေးသမား တစ်ယောက်က မှော်ဆရာအား အနီးကပ်တိုက်ခိုက်ရန် ချဉ်းကပ်လာပါက သူကား မည်သို့မျှ မတတ်နိုင်ဘဲ နောက်ဆုတ်ရန် ကြိုးစားရတော့သည်။

ကံမကောင်းစွာပင် သူကား လုံလောက်အောင် မြန်ဆန်မှုမရှိပေ။ ယူချင်း၏လက်များက သူမသိလိုက်မီမှာပင် သူ၏လည်ပင်းအား ဆုပ်ကိုင်ထားပြီးဖြစ်ကာ သူ့အား လေထဲမြှောက်ထား လိုက်လေသည်။ လူတိုင်းက ယူချင်းမှာ ထိုအရာများအား အေးအေးဆေးဆေး လုပ်သွားသည်ကို အံ့အားသင့် ချီးကျူးကြရသည်။

“သူ့ကို လွှတ်လိုက်…” ယူရှင်းဟွာက အော်လိုက်သည်။ သို့သော် ယူချင်းက သူပြောသည်ကို ဂရုပင်မစိုက်ပေ။ သူက မူဂျန်အား လေထဲမြှောက်ထားလျက်ကပင် မြေကြီးသို့ ပစ်ပေါက်လိုက်လေရာ ဝုန်းခနဲမည်သံနှင့်အတူ သူ၏ကိုယ်မှ အရိုးကျိုးသံအချို့မြည်သွားကာ အလွန်နာကျင်စွာ အော်ဟစ်လိုက်သော အသံတစ်သံကိုပါ ကြားရလေသည်။

ဖူရှင်းက သည်ကောင်အား သယ်ထုတ်စေချင်သည်။ လမ်းလျှောက်၍ ထွက်သွားခိုင်း စေချင်သည် မဟုတ်ပေ။

လူတိုင်းမှာ ထိုကျောက်တုံး ကျောက်ဆောင်ကဲ့သို့ တည်မြဲကာ နဂါးရိုင်းတစ်ကောင်လို အားကောင်းလှသော ကောင်လေးအား ကြည့်ကာ ထိတ်လန့်ချီးကျူးကြရသည်။ ချင်းကျူကျောင်းတော်မှ လူများအတွက်မူ ယူချင်းပြသခဲ့သော စွမ်းရည်မှာ သူတို့ မျှော်လင့်ထားသည့် ရလဒ်သာလျှင် ဖြစ်သော်လည်း ဟိုင်ရန်ကျောင်းတော်မှ လူများမှာမူ မျက်နှာ မကောင်းလှပေ။

“ဒါကမှ တကယ့်စွမ်းအားပဲ…” ချင်းကျူ ကျောင်းတော်သားများ၏ သြဘာသံများအား ဟိုမှသည်မှ ကြားနေရသည်။

“အရမ်းမိုက်တာပဲ…” မိန်းကလေးတချို့ကလည်း ယူချင်းအား လေးစား အထင်ကြီးစွာ ကြည့်နေကြသည်။

မူဂျန်၊ ဟိုင်ရန်ကျောင်းတော်မှ မောက်မာလှသော ကျူးကျော်သူများထဲမှ တစ်ယောက်ဖြစ်သူမှာ ယူချင်းအား အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။ သူကား လက်တစ်ဖက်တည်းဖြင့် ကိုင်ပေါက်ခံလိုက်ရသည်။ ယူချင်းကား ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။

“ယူချင်းက ငါ့ရဲ့ကျောင်းဆောင်ကို တက်ရောက်ရမယ်… သူ့ကို ခေါ်ဖို့ကြိုးစားတဲ့လူ ငါနဲ့ ရန်သူဖြစ်မှာ သေချာတယ်…” သိုင်းပညာကျောင်းဆောင်မှ ကျောင်းအုပ်က သူ၏ဘေးနားမှ တခြားကျောင်းအုပ်များအား ကြည့်ကာ ပြောလိုက်သည်။ သူကား သည်ကောင်လေးကို အလွန်သဘောကျရကား သည်ကောင်လေးမှာ သူ၏ကျောင်းဆောင်တွင် တက်ရောက်သင့်သည်ဟု သူယုံကြည်ပေသည်။

“ဒါဆိုလည်း ငါ့ကို ရန်သူလို့မှတ်လိုက်… ငါသူ့ကိုလိုချင်တယ်…” သတ္တုဓာတ်ကျောင်းဆောင် ကျောင်းအုပ်က သူ၏ရန်လိုသောစကားအား ဂရုမစိုက်ပေ။ သူကလည်း ယူချင်းမှာ သူ၏ကျောင်းဆောင်တွင်သာ တက်ရောက်သင့်သည်ဟု ယုံကြသည်။

ရီဖူရှင်းအတွက်မူ ယူချင်း၏ စွမ်းရည်နှင့်ပတ်သက်၍ သူ့လောက် နားလည်မည့်သူ မရှိတော့ပေ။ ယူချင်းမှာ အဆင့်တူအတွင်းတွင်သာလျှင် ပြိုင်ဘက်ကင်းသည် သာမက သူ၏သိုင်းအဆင့်ထက်ပိုသော သူများကိုပင်လျှင် အနိုင်ယူနိုင်စွမ်းရှိသည်ကို ရိဖူရှင်း အသိဆုံးဖြစ်သည်။ ထိုဟိုင်ရန်ကျောင်းတော်မှ ပါရမီရှင်ဆိုသူများက ယူချင်းကို မည်ကဲ့သို့ အနိုင်ယူနိုင်မည်နည်း။

“ဘယ်သူထပ်ရှိသေးလဲ…” ဟိုင်ရန်ကျောင်းတော် ဆေးအဖွဲ့က မူဂျန်အား ထမ်းထုတ်သွားသည်ကို ကြည့်ပြီး ယူချင်းက အေးစက်စွာ ပြောလိုက်သည်။ ယွန်ရှင်းဟွာက ရှေ့သို့လှမ်းရန် ပြင်လိုက်သည်။ သို့သော် ထိုအခိုက်တွင် လက်တစ်ဖက်က သူ၏ပခုံးအား ရောက်လာကာ ရပ်ခိုင်းလိုက်သည်။

သိမ်းငှက်မျက်လုံးနှင့် ဟိုင်ရန်ကျောင်းတော်မှ ခေါင်းဆောင်က ယူချင်းအား သေသေချာချာ အကဲခတ်နေသည်။ သူက ယူချင်းထံမှ တိုင်းတာမရနိုင်အောင် ကြီးမားသော အားအင်များကို ခံစားမိနေရသည်။ သူက မူဂျန်အား စိန်ခေါ်ခိုင်းခဲ့ခြင်းမှာ ယူချင်း၏စွမ်းရည်အား စမ်းသပ်လိုခြင်းကြောင့် ဖြစ်သည်။ ယခုမူ သူ အဖြေရပြီ ဖြစ်သည်။ သူက ယွန်ရှင်းဟွာ၏ အနာဂတ်ဖြင့် မရင်းရဲပေ။ ယွန်ရှင်းဟွာက မှော်ထိန်းချုပ်သူဖြစ်ပြီး သူ၏ သိုင်းအဆင့်ထက်ပိုသော သူများကိုပင် အနိုင်ယူနိုင်သော်လည်း ယူချင်းကား ပို၍ ကြောက်မက်ဖွယ် ကောင်းသည်ကို သူသိသည်။ အလွန်စွမ်းအားမြင့်သော မှော်ဆရာဖြစ်သော ယွန်ရှင်းဟွာပင်လျှင် ရာနှုန်းပြည့် အနိုင်ရမည်ဟု မဆိုနိုင်ပေ။

“ကောင်းပြီ… ငါတို့ အရှုံးပေးတယ်…” သိမ်းငှက်မျက်လုံးနှင့်လူက ပြောသည်။ ယွန်ရှင်းဟွာက အရှုံးပေးရန် တွန့်ဆုတ်သလို ခံစားနေရသော်လည်း ဘာမှမပြောပေ။

“ဒါဆို ဒီနေရာက ထွက်သွားတော့…” ချင်းကျူ ကျောင်းတော်၏ ကျောင်းအုပ်တစ်ယောက်က ပြောလိုက်သည်။ သူ၏လေသံက အေးစက် မာကျောလှသည်။

“ငါတို့က တစ်ပွဲပဲရှုံးပြီး မင်းတို့က သုံးပွဲရှုံးတယ်… မင်းတို့ကျောင်းမှာ နိုးထခြင်းအဆင့် ကျောင်းသား သုံးထောင်လောက်ရှိတယ်… ဒါပေမဲ့… တစ်ယောက်ပဲ တိုက်ခိုက်နိုင်စွမ်း ရှိတာလား…” သိမ်းငှက်မျက်လုံးနှင့်လူက ပြောလိုက်သည်။

“အနည်းဆုံးတော့ မင်းတို့ကောင်တွေ အကုန်လုံးကို တစ်ယောက်တည်းနဲ့ အနိုင်ယူနိုင်တယ်…” ယူချင်းက ပြန်ပြောလိုက်သည်။

“ဒီမောက်မာတဲ့ အရူး… ယွန်ရှင်းဟွာက ဒေါသတကြီး အော်လိုက်သည်” တကယ်လို့ ငါက နိုးထခြင်းအဆင့် ကိုးကိုရောက်ရင် မင်းက ငါ့စွမ်းအင်ရှေ့မှာ ဦးညွှတ်ရလိမ့်မယ်…”

“တကယ်ပဲလား… ဘယ်သူက သိုင်းအဆင့်ကို ဂရုမစိုက်ဘဲ စိန်ခေါ်တာကို လက်ခံခဲ့တာလဲ… အခုဘာလဲ… မင်းရဲ့စိတ် ပြောင်းသွားပြီလား…” ရီဖူရှင်းက သရော်သလို နှုတ်ခမ်းအား ကွေးကာ ပြောလိုက်သည်။

ယွန်ရှင်းဟွာက ရီဖူရှင်းအား တစ်ချက်ကြည့်ကာ ပြောလိုက်သည်… “မင်းက ငါ့ကို စိန်ခေါ်ချင်ရင် ရှေ့ကိုတိုးလာပြီး ငါနဲ့လာတိုက်… မဟုတ်ရင် ငကြောက်လုပ်ပြီး ပါးစပ်ပိတ်နေ…”

လူတိုင်းက ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ သူတို့က ရီဖူရှင်းမှာ ယူချင်းကဲ့သို့ စွမ်းအားမြင့်မည်ဟု မယုံကြည်ကြပေ။ ထို့ကြောင့် သူကား မိမိကိုယ်ကို အရှက်ကွဲအောင် လုပ်နေသည်ဟု လူတိုင်းက တွေးနေကြသည်။

ရီဖူရှင်းက ထိုလူငယ်၏ ရန်စသော စကားကြောင့် အနည်းငယ် မှင်တက်သွားသည်။ သူက ငကြောက် ဆိုသော စကားအား ရယ်ချင်သွားကာ ရှေ့သို့ တက်လိုက်သည်။

ဤကဲ့သို့ အရှက်ခွဲခြင်းမျိုးကား သည်းခံ၍ မရပေ။

“ယူချင်း” ရီဖူရှင်းက ခေါ်လိုက်သည်။

“အင်း”ယူချင်းက ထူးလိုက်သည်။

“ဒီတစ်ခါ ငါ့အလှည့်…” ရီဖူရှင်းက ထိုသို့ပြောကာ ရှေ့သို့ လှမ်းတက်သွားသည်။

ရုတ်တရက် ယူချင်းက ဟက်ဟက်ပက်ပက် ရယ်မောကာ ယွန်ရှင်းဟွာအား လက်ညှိုးထိုးလျက် ပြောလိုက်သည်… “ဒီတစ်ယောက်က မင်းအတွက်ပဲ… ဟေ့ကောင်… ဟား…ဟား…”

အမှန်တကယ်တွင် သူက ယွန်ရှင်းဟွာအား စိန်ခေါ်ပွဲနေရာတွင် ဆက်လက် နေစေခြင်းမှာ ရီဖူရှင်းအား တိုက်ခိုက်စေလိုခြင်းကြောင့် ဖြစ်သည်။

သို့သော်လည်း အဘယ်ကြောင့် သူက ရီဖူရှင်း နိုင်လိမ့်မည်ဟု ယုံကြည်နေရသနည်း။

ထို့အပြင် ရီဖူရှင်းက ဟိုင်ရန်ကျောင်းတော်၏ ဂုဏ်ဆောင်အား စိန်ခေါ်နေခြင်းဖြစ်သည်။

ကျောင်းသားများ အားလုံးက ယွန်ရှင်းဟွာ မည်မျှ စွမ်းအားမြင့်သည်ကို မြင်ပြီးကြပြီ ဖြစ်သည်။ သူကား အင်းကွက်အထူးပြု မှော်ထိန်းချုပ်သူဖြစ်ကာ သူ့အား စိန်ခေါ်သူများ အားလုံးကို သူ၏အင်းကွက်မှ တိုက်ကွက် တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်သည်။

ရီဖူရှင်းက စိန်ခေါ်ပွဲနေရာ၏ အလယ်သို့အထိ ရောက်အောင် လျှောက်လှမ်း သွားလိုက်သည်။ ဖန်းရှင်းဇွီက သူ့အား ကြည့်လိုက်သည်။ ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲမှ တူညီသော စိတ်ခံစားချက်မျိုး သူမ ခံစားနေရသည်။ သူကား နောက်ထပ် ထူးဆန်းအံ့ဖွယ်တစ်ခု လုပ်ပြပေဦးမည်။ သူကား ကျောင်းသားများအားလုံး၏ အနှိမ်ခံဖြစ်သော်လည်း လင်းရှာနှင့် ယန်ဇူအား အနိုင်ယူခဲ့ကာ ပါရမီ အလွန်မြင့်သောသူ အဖြစ် လူတိုင်းအား သက်သောပြခဲ့သည်။

သို့သော်လည်း ယခုမူသူက ပို၍ အစွမ်းထက်မြက်သော ဟိုင်ရန်ကျောင်းတော်၏ မှော်ထိန်းချုပ်သူ။ သူတို့အားလုံး၏ဂုဏ်ဆောင်အား စိန်ခေါ်တော့မည် ဖြစ်သည်။

ရီဖူရှင်းက အေးဆေးစွာပင် မိတ်ဆက်လိုက်သည်… “ငါက နိုးထခြင်းအဆင့် ခုနစ်…”

“အဆင့်ခုနစ်တည်းလား…” ယွန်ရှင်းဟွာက အနည်းငယ် အံ့အားသင့်သွားကာ ပြန်ပြောလိုက်သည်… “မင်းက င့်ကို စိန်ခေါ်ဖို့ အရမ်း အားနည်းလွန်းတယ်…”

သူကား ထိုသို့ပြောရန် လုံလောက်သော ပါရမီ ပါရှိသည်။ ထို့အပြင် သူကား အဆင့်တူအတွင်း မည်သူတစ်ဦးတစ်ယောက်ကိုမှ မရှုံးနိမ့်ဖူးသေးသောသူ ဖြစ်သည်။

“ငါကလည်းမင်းကို ဒီလိုပဲ ခံစားမိတယ်… ဒါပေမဲ့… မင်းက ဒါကို လိုချင်တယ်ဆိုတော့… ငါက မင်းနဲ့ထိုက်တန်တဲ့ အရှက်ကွဲမှုမျိုးကို ပေးရမှာပေါ့… “ရီဖူရှင်းက အေးအေးဆေးဆေးပင် သူနှင့် အပြန်အလှန် ပြောလိုက်သည်…” မင်းက စိန်ခေါ်သည်ဖြစ်စေ စိန်မခေါ်သည် ဖြစ်စေ သိပ်အရေးမစိုက်ဘူး… မင်းတို့ကောင်တွေ အကုန်လုံး ငါ့ကို စိန်ခေါ်နိုင်တယ်… မင်းတို့ကောင်တွေ တစ်ကောင်ချင်း ငါ့ကို တိုက်မလား… တစ်ခါတည်း အားလုံး လာတိုက်မလား… ကြိုက်သလိုလုပ်…”

“ဘယ်လို…” ချင်းကျူ ကျောင်းတော်မှ ကျောင်းသားများအားလုံး ထိတ်လန့်သွားသည်။ သည်ကဲ့သို့ အန္တရာယ်ရှိသော သရုပ်ဆောင်မှုမျိုး သူလုပ်စရာလိုပါ့မလား။ သူတို့အားလုံးက နားကြားများ မှားသွားလား တွေးနေကြသည်။ သို့သော်လည်း ရီဖူရှင်းက တကယ်ပြောလိုက်ခြင်း ဖြစ်သည်။

ရီဖူရှင်းက ထိုကျူးကျော်သူတို့၏ စကားအတိုင်း ပြန်ပြောလိုက်ခြင်း ဖြစ်သည်။

သို့သော် သူရှုံးနိမ့်ခဲ့လျှင်ကော…။ ချင်းကျူ ကျောင်းတော်မှ လူများ ဆက်မတွေးရဲတော့…။

“ဒါက ရယ်စရာ မကောင်းတော့ဘူး…” ယွန်ရှင်းဟွာက ရီဖူရှင်းမှာ သူ့အား အတုယူကာ သရော်နေသည်ဟု ထင်နေသည်။

“စကားက စကားပဲ … အခု မင်းတို့ ကောင်တွေအားလုံး ငကြောက်တွေလို လုပ်နေတယ်…” ရီဖူရှင်းက ယုံကြည်မှုရှိသော ပုံစံဖြင့် ဆက်၍ ပြောလိုက်သည်။ သူ၏လက်များအား အင်္ကျီအိတ်ထဲတွင် ထည့်လျက် သူက ဟိုင်ရန်ကျောင်းတော်မှ လူများအား မတူမတန်သလို ပုံစံမျိုးဖမ်းထားသည်။

ယွန်ရှင်းဟွာကား အလွန် စိတ်တိုလာနေလေပြီ။ သူကား သူ၏ရှေ့မှလူကဲ့သို့ ဘဝင်မြင့်သော သူအား တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးပေ။ သို့သော် ယခုကား ထိုသို့ ဘဝင်မြင့်သော အရူးနှစ်ကောင်အား သူမြင်ဖူးလေပြီ။ ယခုပြောနေသောသူကား နိုးထခြင်းအဆင့် ခုနစ်သာလျှင်ရှိသေးသည်။ သို့သော် လေလုံးကား ကောင်းကင်လောက်ပင်လျှင် ကြီးမားကျယ်ပြန့်လှသည်။

“သူ့ကို ငါစမ်းကြည့်မယ်…” လီရှန်းရှန်အား သုံးကွက်တည်းဖြင့် အနိုင်ယူသွားသော ဓားသမားက ရှေ့သို့တက်လာကာ ပြောလိုက်သည်။ ယွန်ရှင်းဟွာက ခေါင်းညိတ်လျက် နောက်ဆုတ်လိုက်သည်… “ကောင်းပြီ သူ့ကို တစ်သက်လုံး မှတ်သွားအောင် ဆုံးမပေးလိုက်… ဒါမှ နောက် လေမကြီးရဲတော့မှာ…”

“သေချာတာပေါ…” ဓားသမားက သူ၏ဓားအား ဝှေ့ယမ်း၍ ရီဖူရှင်းအား ပြောလိုက်သည်…” သုံးကွက်… ပိုလည်းမပိုဘူး… လျော့လည်းမလျော့ဘူး…”

သူကား လီရှန်းရှန်ကို အနိုင်ယူတုန်းက ပြောသည့်အတိုင်း ပြောလိုက်သည်။

“ငါက သုံးကွက်မလိုဘူး… တစ်ကွက်ဆို လုံလောက်တယ်…” ရီဖူရှင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။ ချင်းကျူ ကျောင်းတော်မှ ကျောင်းသားများကမူ သူ၏ထိုသို့ ကြွားဝါမှုများအား အသားကျနေကြလေပြီ။

သူတို့က တိုက်ပွဲ မည်သို့ အဆုံးသတ်မည်ကိုသာလျှင် သိလိုနေကြသည်။

ဓားသမားက ရယ်မောလိုက်သည်။ သူက ဓားအား ဝှေ့ယမ်းလိုက်လျှင် လေဓာတ်များက သူ၏ကိုယ်တွင် စတင် စီးဆင်းလာနေသည်။ သူကား မှော်ပညာနှင့် သိုင်းပညာနှစ်မျိုးလုံးကို လေ့ကျင့်သူဖြစ်သည်။ ထို့အပြင် နိုးထခြင်း အဆင့်ရှစ်ဖြစ်ရာ နိုးထခြင်း အဆင့်ခုနစ်မှလူအား မည်သို့ ရှုံးနိမ့်ပါမည်နည်း။

ဓားသမားက ရုတ်တရက် လေထက်သို့ ခုန်တက်လိုက်သည်နှင့် အရိပ်ပမာ မြူနှင်းများကြားသို့ ပျေက်ကွယ် သွားလေသည်။ သူကား သူ၏တိုက်ခိုက်မှုအား စတင်လိုက်လေပြီ။ တစ်ချိန်တည်းမှာပင် ရီဖူရှင်းကလည်း မျက်လုံးအား မှိတ်လိုက်သည်။

ချင်းကျူ ကျောင်းတော်မှ လူများအားလုံး အခြေအနေအားကြည့်ကာ ထိတ်လန့်သွားကြသည်။ သူစိတ်ဖောက်သွားခြင်းလော။ ဓားသမား၏ ခန့်မှန်းရခက်သော တိုက်ကွက်အား မျက်လုံးမှိတ်လိုက်သည်။ မည်ကဲ့သို့သော ရူးသွပ်မှု ဖြစ်သနည်း။

ကျောင်းသားအများစုက ရီဖူရှင်းအား ကြည့်မရသော်လည်း သူ့အား အမှန်တကယ် သေစေလိုသော မုန်းတီးမှုမျိုးမရှိပေ။ သူတို့ကျောင်းတော်၏ ဂုဏ်သိက္ခာအား ဆည်ပေးနိုင်မည်လော အနည်းငယ်သော မျှော်လင့်ချက်မှာပင် လုံးဝပျောက်ကွယ်သွားကာ စိတ်ဓာတ်များ ကျသွားကြသည်။

ထိုစဉ် လျှပ်စီးများက ရီဖူရှင်း၏ကိုယ်တွင် စတင် စီးဆင်းလာနေကြကာ အက်ကွဲသံများ တိုးနေရာမှ တဖြည်းဖြည်း ကျယ်လောင်လာသည်။ နောက်ဆုံးတွင် ထိုအသံများက နဂါးတစ်ကောင်၏ဟိန်းသံဖြင့်ပင် တူလာသည်။ သူကား ငြိမ်သက်စွာပင် ရပ်နေဆဲ။ သူ၏စွမ်းအင်များအား အေးဆေးစွာ ထိန်းချုပ်ထားသည်။

ဓားသွားကား သူ၏လည်ပင်းသို့ လျင်မြန်စွာ နီးကပ်လာနေသည်။ ရီဖူရှင်းကား ထိုတိုက်ခိုက်မှုကို အရေးစိုက်ပုံမရပေ။ သူ၏ကိုယ်ကား တစ်လက်မပင်မရွေ့ဘဲ မျက်လုံးအား မှိတ်ထားဆဲ။

သို့သော် ဓားသွားကား ရီဖူရှင်း၏ လည်ပင်းအား မထိဘဲ တစ်လက်မ အကွာမှ ဖြတ်ကျော်သွားသည်။ ထိုတိုက်ခိုက်မှုကား သူ၏အာရုံအားလှည့်စားရန် ကြိုးစားမှုမျှသာဖြစ်ပြီး ရီဖူရှင်းကလည်း လုံးဝ မလှုပ်ပေ။

“သေစမ်း အရူးကောင်…” ဓားသမားကား ရီဖူရှင်းအား ဒေါသထွက်သွားသည်။ သူ၏ ပထမဓားချက်က ရီဖူရှင်းကို ရှောင်စေလိုသောကြောင့် ယောင်ပြအနေဖြင့် တိုက်ခိုက်ပြီး ဒုတိယဓားချက်အား အသင့်ပြင်ထားကာ သေချာသည့် အကွက်အား ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်သည်။ သို့သော် ရီဖူရှင်းက သူ၏အကွက်အား သိနေသည့်အလား တုံ့ပြန်မှုမရှိသည့်အတွက် သူ၏တိုက်ကွက်အစဉ်မှာ ကစဉ့်ကလျား ဖြစ်သွားသည်။ သူ၏ ဓားကွက်အား ရုတ်တရက် ပြောင်းလိုက်သည်။ ယခုတစ်ကြိမ်တွင်ကား သူ၏ဓားက ရီဖူရှင်း၏လည်မျိုအား အမှန်တကယ် ဦးတည်နေသည်။

သို့သော် သူ၏ဓားဖျားက ရီဖူရှင်း၏လည်မျိုအား ထိလုထိခင်တွင် ရီဖူရှင်းက ရုတ်တရက် ညာဘက်အား သူ၏ကိုယ်ကို အနည်းငယ် လှည့်လိုက်ရာ ဓားသွားက သူ၏မျက်နှာနားမှ ဖြတ်ကျော်သွားလေသည်။ ပရိသတ်များကား ထိုတိမ်းရှောင်မှုကို မြင်ကာ ရင်သပ်ရှုမော ဖြစ်သွားကြသည်။ သူ မည်ကဲ့သို့ လုပ်လိုက်သနည်း…။ ထိုတုံ့ပြန်မှုကား ကံကောင်းခြင်းပေလော။

ဓားသမား ထိတ်လန့်သွားသည်။ သူ၏သိုင်းကွက်ကား ပြောင်းထားပြီး ဖြစ်သည်။ ထပ်မံပြောင်းလဲရန် အချိန်မရှိတော့။ သူ၏ဓားကား ရန်သူအား ကျော်ဖြတ်သွားကာ နောက်ပြန်ဆုတ်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။ သူက ထိတ်လန့်တကြား ရီဖူရှင်းထံမှ ဝင်လာမည့် တိုက်ကွက်အား ကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် ရီဖူရှင်းက ဓားသွားအား ရှောင်ပြီးသည်နှင့် သူ၏လက်က ရန်သူ၏လည်မျိုအား ဦးတည်လာနေသည်။ တစ်ပြိုင်နက်တည်းမှာပင် လျှပ်စီးနဂါးက သူ၏တစ်ကိုယ်လုံးအား လှည့်ပတ်နေရာမှ ထိုလက်မှတစ်ဆင့် ဓားသမား၏လည်မျိုသို့ ရစ်ပတ်သွားကာ သူ့အား လေထဲသို့ မြှောက်ထားလိုက်သည်။

“တကယ်လား…” လူတိုင်းက ထိုမြင်ကွင်းအားကြည့်ကာ ထိတ်လန့်သွားကြသည်။ ရီဖူရှင်းကား ရန်သူကို တစ်ကြိမ်တစ်ခါမှ မထိသေးချေ။ သို့သော် သူက လျှပ်စီးနဂါးအား အသုံးပြုကာ ဓားသမားအား လုံးဝ ဖမ်းချုပ်ထားပြီး ဖြစ်သည်။

**

Comment

Leave a Reply

Options

not work with dark mode
Reset