တောထဲတွင် အနည်းငယ်ကြာအောင် ပတ်သွားပြီးသောအခါ ဖြစ်ပျက်ခဲ့သည်များကို ပိုင်ရှောင်ချန်းမှာ တစ်စတစ်စ မြင်ယောင်လာသည်။ သူ၏ယူဆချက်များ မှန်ကန်သည်ဟု သူယုံကြည်နေသည်။ သူက အမည်မဲ့တောင်တန်းများကြားမှ ထွက်ခွာခဲ့ပြီး ရက်ပေါင်းများစွာ အရှိန်ကုန်ပြေးလွှားရင်း ကြယ်ကြွေတောင်ဆီသို့ပြန်ရောက်သောအခါ လောချိန်မျိုးနွယ်စု၏ ပျက်စီးနေသော အကြွင်းအကျန်များကို မြင်လိုက်ရသည်။
“ကြည့်ရတာတော့ တုလင်ဖေးနဲ့ ဟိုယွင်ဖေး တို့ ဂိုဏ်းကိုသတင်းပို့လိုက်နိုင်တဲ့ပုံပဲ။” သူက ထိုမြင်ကွင်းကိုမြင်သောအခါ စိတ်သက်သာရာရသွားသည်။ သူဖြတ်သန်းခဲ့ရသော စက်ဆုပ်ဖွယ်အရာများကို ပြန်တွေးမိလိုက်သောအခါ သက်ပြင်းချလိုက်ပြီး လေဟုန်စီးလှေငယ်ပေါ်သို့ ခုန်တက်လိုက်သည်။ ထိုပေါ်တွင် တင်ပျဥ်ခွေထိုင်ချလိုက်ရင်း အဝေးသို့ ပျံထွက်သွားတော့သည်။
” ဂိုဏ်းဆီ ပြန်သွားမယ်ကွ ” သူက မျှော်လင့်ချက်များပြည့်နေသော မျက်လုံးများဖြင့် ကြွေးကြော်လိုက်သည်။ ဂိုဏ်းအတွက် ကြီးမားသောလုပ်ငန်းကြီးကို ဆောင်ရွက်ပေးထားသည့်အတွက် ပြန်ရောက်လျှင် ကောင်းကောင်းကြီးဆုချခံရမည်ဟု သူယုံကြည်ထားသည်။
ထိုအတွေးများကြောင့်် သူပို၍ပင်စိတ်လှုပ်ရှားလာတော့သည်။ လမ်းလယ်တွင်သူက သူ၏ထည့်စရာအိတ်ကို အာရုံရောက်သွားသည်။ လောချိန်မျိုးနွယ်စုဝင် ကျင့်ကြံသူများထံမှရထားသော အိတ်များကို မွှေနှောက်ရှာဖွေလိုက်သောအခါ ပစ္စည်းအချို့နှင့် စိတ်စွမ်းအင်ကျောက်တုံးအနည်းငယ်ကို ရှာတွေ့လေသည်။
ပိုင်ရှင်မည်သူမှန်းမသိသော အိတ်တစ်အိတ်ထဲတွင် တန်ဖိုးအရှိဆုံးပစ္စည်းတစ်ခုကို သူတွေ့လိုက်သည်။ ထိုအရာမှာ လူ့လက်သီးဆုပ်စာလောက်ရှိသော သစ်စေ့တစ်စေ့ဖြစ်သည်။ ထိုအစေ့မှာ လူ၏နှလုံးသားအလား တဒုတ်ဒုတ်ခုန်နေပြီး အထဲတွင် အသက်ရှင်နေသောအရာတစ်ခု ဝင်နေသည့်အလားပင်။ သို့သော်လည်း ထိုသို့ ခုန်သံမှာ တဖြည်းဖြည်း အားနည်းလာသည်။
သူ၏ အပင်နှင့်အသီးအရွက်များတွင် ကျွမ်းကျင်မှုများကြောင့် ခဏကြာတွေးတောပြီး၍ အဖြေရသွားသောအခါ သူ တုန်လှုပ်သွားတော့သည်။ ထိုသစ်စေ့မှာ ဒဏ္ဍာရီလာ ဝိညာဥ်သစ်စေ့ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာက မျိုးသုဥ်းသွားသည်ဟု ယူဆထားကြ၏။ ၎င်း၏ အမည်ကား သားရဲသန္ဓေတည်အစေ့ ဖြစ်သည်။
ဒဏ္ဍာရီပုံပြင်များအရ ထိုအစေ့က အခြားဝိညာဥ်သတ္တဝါ၏ အနှစ်သာရကို စုပ်ယူလိုက်ပါက ထိုသတ္တဝါနှင့်ပုံစံတူ နောက်တစ်ကောင်ကို မွေးထုတ်ပေးမည်ဖြစ်သည်။ မျိုးပွားရန်ခက်ခဲသော စွမ်းအားကြီး သားရဲများအတွက်မူ ယခုလိုမျိုး သားရဲသန္ဓေတည်သစ်စေ့သည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင်။
စွမ်းအားကြီး သားရဲများကို အိမ်မွေးတိရစ္ဆာန်အဖြစ်ထားရှိသော ကျင့်ကြံသူများအတွက်လည်း ထိုနည်းတူပင်။ ထိုကဲ့သို့သော ကျင့်ကြံသူများသည် သူတို့၏စွမ်းအားကြီး ဝိညာဥ်သတ္တဝါများကို မျိုးဆက်များစွာ ရှိစေချင်ကြသည်။ သို့သော်လည်း သူတို့မှာ တစ်ကောင်ထဲသာမွေးခွင့်ရှိသဖြင့် သားရဲသန္ဓေတည်သစ်စေ့မှာ သူတို့အတွက် တန်ဖိုးကြီးမားလှခြင်းဖြစ်သည်။
လောချိန်မျိုးနွယ်စုဝင်တစ်ယောက်က ထိုသို့ တန်ဖိုးကြီးမားလှသောပစ္စည်းကို မည်ကဲ့သို့ ရရှိခဲ့သည်ကိုတော့ တပ်အပ်မပြောနိုင်ပေ။ ကံအလွန်အမင်းကောင်း၍ ရသွားခြင်းဖြစ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် လောချိန်မျိုးနွယ်စုမှာ အံ့သြဖွယ်လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသော ကြယ်ကြွေတောင်များကြားတွင်တည်ရှိသည် မဟုတ်ပါလော။
အနည်းငယ်တွေးတောပြီးသောအခါ ထိုအစေ့ကို ကောင်းကောင်းမွန်မွန် မထိန်းသိမ်းမစောင့်ရှောက်ထားပုံကိုကြည့်၍ ပိုင်ရှောင်ချန်းက ထိုသားရဲသန္ဓေတည်အစေ့ ကိုရှာတွေ့ခဲ့သူမှာ ထိုအစေ့ကို တန်ဖိုးရှိသောအစေ့ဖြစ်မှန်းသိသောလူမဟုတ်လောက်ဟု ကောက်ချက်ချလိုက်သည်။
လမ်းတစ်လျှောက်တွင် ပိုင်ရှောင်ချန်းက စိတ်စွမ်းအင်များရောနှောနေသော ထင်းချောင်းအချို့ကို ကောက်ယူခဲ့လေသည်။ ထိုထင်းချောင်းများဖြင့် သေတ္တာငယ်လေးတစ်ခုလုပ်လိုက်ပြီး ထိုသေတ္တာထဲသို့ သားရဲသန္ဓေတည်အစေ့ကို ထည့်လိုက်သောအခါ ၎င်း၏ အသက်ဓာတ် တုန်ခါမှုများမှာ ပြန်၍တည်ငြိမ်သွားသည်။
ပိုင်ရှောင်ချန်းက ထိုသစ်သားသေတ္တာလေးကို သိမ်းဆည်းလ်ိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူက လေဟုန်စီးလှေငယ်ကို အလာလမ်းအတိုင်း အရှိန်တင်ကာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းဆီသို့ ပျံထွက်သွားတော့သည်။
တစ်လဆိုသော အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ အလာလမ်းတွင် သူတို့မှာ စိတ်စွမ်းအင်ကျောက်တုံးများ အများကြီးမရှိသဖြင့် ညအခါမှသာ လေဟုန်စီးလှေငယ်ကို သုံးနိုင်ခဲ့ကြသည်။ သို့သော်လည်း ယခုတွင်မူ ပိုင်ရှောင်ချန်း၏ အိတ်ထဲတွင် စိတ်စွမ်းအင်ကျောက်တုံးများပြည့်နှက်နေပြီဖြစ်၍ သူက နှမြောမနေတော့ပေ။ ထို့ကြောင့် တစ်လအတွင်းပင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ တောင်ဘက်ပိုင်းမှာ သူ၏မြင်ကွင်းထဲသို့ ရောက်လာတော့သည်။
” သြော် ငါထွက်သွားတာ နှစ်ဝက်တောင်ရှိပြီကိုး။ နောက်ဆုံးတော့ ငါပြန်ရောက်လာခဲ့ပြီပဲ။” ပိုင်ရှောင်ချန်းက လေဟုန်စီးလှေငယ်ပေါ်တွင် မတ်တတ်ရပ်နေပြီး ဆံပင်များလေထဲတွင်လွင့်ကာ မတ်တတ်ရပ်နေသည်မှာ စွမ်းအားကြီးသိုင်းဆရာကြီးတစ်ယောက်အလားပင်။ သို့သော်လည်း ထိုပုံစံမှာ မသင့်တော်ဟု ဆုံးဖြတ်လိုက်ပြီး လောချိန်မျိုးနွယ်စုနှင့် သူအသေအကျေတိုက်ခိုက်ခဲ့စဥ်တုံးက ပြဲရွဲကာ သွေးများပေနေသော အပြင်စည်းဂိုဏ်းသားဝတ်ရုံကို ပြန်ဝတ်လိုက်သည်။
ထို့ကြောင့် သူ့ပုံစံမှာ ဂိုဏ်းအတွက်အသက်ပင်ပေးဆပ်ကာ တိုက်ခိုက်မည့်ပုံစံ ပြန်ပေါက်သွားသည်။ သူပြန်ရောက်ချိန်တွင် အင်္ကျီပေါ်မှ သွေးစွန်းရာများနှင့် ဆုတ်ပြဲနေသော အဝတ်စများက သူကြုံတွေ့ခဲ့ရသော အန္တရာယ်များကို ဖော်ပြနေမည်ဖြစ်သည်။
သူ အလွန်ကျေနပ်သွားပြီး လေဟုန်စီးလှေငယ်ကို ဂိုဏ်းအနီးအနားထိ ပျံဝဲသွားစေလိုက်သည်။ သို့သော်လည်း နယ်နိမိတ်ကိုဖြတ်ရန် သူကြိုးပမ်းလိုက်သောအခါ အကာအရံတစ်ခုပေါ်လာသဖြင့် လေဟုန်စီးလှေငယ်မှာ နောက်သို့ လန်ထွက်သွားသည်။
” ဟင်…ဘာလဲဟ။” သူ တအံ့တသြတွေးလိုက်သည်။ ထိုနောက်ပြန်လန်ထွက်သွားသောအားကြောင့် လေဟုန်စီးလှေငယ်ပေါ်မှ သူ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။
ထိုအချိန်တွင် ပင်မတံခါးဝမှ အလင်းတန်းတစ်ခုက သူ့ဆီသို့ ရုတ်တရက်ပျံဝဲလာသည်။ လူငယ်တစ်ယောက်ပေါ်လာပြီး ပိုင်ရှောင်ချန်းကို တည်ကြည်သောအမူအရာဖြင့် ကြည့်လာသည်။
” တာအိုရောင်းရင်းဗျာ… စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ဘာလာလုပ်တာပါလဲ ” သူက သမားရိုးကျလေသံဖြင့်မေးလိုက်ရင်း လေဟုန်စီးလှေငယ်နှင့် ပိုင်ရှောင်ချန်း၏ အဝတ်အစားများကိုကြည့်ကာ မျက်မှောင်ကြုံ့နေသည်။
” မင်းမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက လေဟုန်စီးလှေငယ်ရှိတယ်။ပြီးတော့ အပြင်စည်းဂိုဏ်းသားဝတ်ရုံကို ဝတ်ထားသေးတယ်။ အဲ့တာကိုဘာလို့ ပင်မတံခါးဝက မင်းကိုဝင်မရအောင် တားဆီးနေရတာလဲ။ မင်းဘယ်သူလဲ ”
လူငယ်က မင်္သကာသော လေသံဖြင့်မေးလိုက်သည်။
သူ၏မျက်လုံးများမှာ အရောင်လက်သွားပြီး ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုကိုဖော်လိုက်ရာ ချက်ချင်းပင် ချီစုစည်းမှုအဆင့်ရှစ်၏ အင်အားများဖြင့် တုန်ခါလာတော့သည်။
ပိုင်ရှောင်ချန်းက နောက်သို့ဆုတ်လိုက်ပြီး စိတ်ရှုပ်သွားဟန်နှင့် ဒိုင်းကာကြီးကို ကြည့်လိုက်ပြီး
” ဂိုဏ်းတူအစ်ကို။ ဘာတွေဖြစ်နေတာလဲဗျာ။ ဘာလို့ကျွန်တော် ဂိုဏ်းထဲဝင်မရတာလဲ။ ကျွန်တော်က မွှေးရနံ့တိမ်တောင်က အပြင်စည်းဂိုဏ်းသား ပိုင်ရှောင်ချန်းပါဗျ ”
ထိုအခါ လူငယ်က မျက်မှောင်ကြုံ့သွားပြီး တစ်ခုခုပြောရန်ပြင်လိုက်စဥ်မှာပင် အံ့အားသင့်သွားတော့သည်။
” ခဏ။ မင်းက ပိုင်ရှောင်ချန်းဟုတ်လားဘ” သူက ထိုသို့မေးရင်း ပိုင်ရှောင်ချန်းကို အကဲခတ်လိုက်သောအခါ သူ့ကိုတရင်းတနှီးမြင်ဖူးနေကြောင်း သိလိုက်သည်။ သူက ပိုင်ရှောင်ချန်း၏ အသုဘကိုတက်ရောက်ခဲ့ပြီး ထိုအသုဘတွင် ပိုင်ရှောင်ချန်း၏ပုံတူကို သူ၏ အုတ်ဂူတိုင်တွင်ချိတ်ဆွဲထားသည် မဟုတ်ပါလော။ သူ တုန်လှုပ်သွားပြီး ပိုင်ရှောင်ချန်း အဝတ်အစားများတွင် သွေးများပေစွန်းနေသည်ကို မြင်လိုက်ရသောအခါ မှင်တက်သွားသည်။
“မင်း….မင်း မသေဘူးပေါ့။”
” ကျွန်တော် အကောင်းကြီးပါဗျာ။” ပိုင်ရှောင်ချန်းက တအံတသြငေးကြည့်နေရင်းပြောလိုက်သောအခါ ထိုလူငယ်က ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်လိုက်ပြီး ဂိုဏ်းဆီသို့ သတင်းပို့လိုက်သည်။
ထိုသတင်းပို့လိုက်ချိန်တွင် လီချင်းဟောက်မှာ မွှေးရနံ့တိမ်တောင်ပေါ်တွင် တံခါးပိတ်ကျင့်ကြံနေသည်။ သူ၏မျက်လုံးများက ရုတ်တရက် ပွင့်သွားပြီး အံ့သြတုန်လှုပ်သွားတော့သည်။
တချိန်ထဲမှာပင် ထိုသတင်းက ဂိုဏ်းခေါင်းဆောင်ဆီသို့ရောက်သွားသောအခါ သူ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
သူက တောင်ဘက်ခြမ်း၏ ပင်မတံခါးဝဆီသို့ နတ်ဘုရားအာရုံဖြင့် လှမ်းကြည့်လိုက်သောအခါ ပိုင်ရှောင်ချန်းကိုမြင်လိုက်ရ၍ ပထမဦးစွာတုန်လှုပ်သွားပြီးနောက် စိတ်အေးသွားတော့သည်။ ချက်ချင်းပင် ထိုသတင်းကို တစ်ဂိုဏ်းလုံးဆီသို့ သူ ဖြန့်လိုက်တော့သည်။
တစ်ခဏအကြာတွင် မယုံမကြည်မှုများနှင့်အတူ ပင့်သက်ရှိုက်သံများက ပေါ်လာတော့သည်။ ထိုအသံများမှ ကျယ်လောင်လွန်းလှ၍ ပင်မတံခါးဝအပြင်ဘက်နားကပင်လျှင် သဲ့သဲ့လေးကြားနိုင်ပေသည်။ ထို့အပြင် အချက်ပေးခေါင်းလောင်းများလည်း မြည်ဟည်းနေတော့သည်။
” ပိုင်ရှောင်ချန်းလား။ သူသေသွားတာမဟုတ်ဘူးလားဟ။ ဘာလို့ အခုထိအသက်ရှင်နေရသေးတာလဲ။”
ဂိုဏ်းထဲမှ လူများစွာ ပျံထွက်လာကြသည်။ အံ့အားသင့်ဖွယ်ပင် ထိပ်ဆုံးကလူမှာ ဟိုယွင်ဖေးဖြစ်သည်။ ပင်မတံခါးဝကနေထွက်၍ ပိုင်ရှောင်ချန်းကို မြင်လိုက်ရသောအခါ သူ၏မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာပေါ်လာသည်။ နှစ်ယောက်စလုံး အမဲလိုက်သလို အလိုက်ခံရပြီးနောက်တွင် ပိုင်ရှောင်ချန်းမှာတကယ်သေသွားပြီဖြစ်ကြောင်း သူ မယုံကြည်ချင်ပေ။ သို့သော်လည်း သူ့နှလုံးသား၏ နက်ရှိုင်းသောတစ်နေရာတွင်မူ ထိုကဲ့သို့သော အခြေအနေထဲမှ မည်သည့်ဂိုဏ်းသားမျှ လွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သိနေပေသည်။
ယခုတွင်မူ သူ့မှာစိတ်လှုပ်ရှားလွန်း၍ ငိုပင်ငိုနေတော့သည်။
” ဂိုဏ်းတူညီလေးပိုင်….။ ” သူက အော်ခေါ်ရင်း ပိုင်ရှောင်ချန်းကို ပြေးဖက်လိုက်သည်။
” ဂိုဏ်းတူအစ်ကိုဟို….” ပိုင်ရှောင်ချန်းက မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း အော်လိုက်သည်။ ထိုအချိန်တွင် ဂိုဏ်းကသူ့ကိုသေပြီဟု ယူဆထားကြောင်း ပိုင်ရှောင်ချန်း သိလိုက်သည်။ သူက ဟိုယွင်ဖေးကို ပျော်ရွှင်မှုများပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
” လာကွာညီလေး။ ဂိုဏ်းဆီပြန်သွားရအောင်။” ဟိုယွင်ဖေးက စိတ်လှုပ်ရှားစွာပြောလိုက်သည်။ သူက ပိုင်ရှောင်ချန်း၏ လက်ကိုဆွဲရင်း ပင်မတံခါးဝဆီသို့ ခေါ်သွားတော့သည်။ ဟိုယွင်ဖေးပါသည်ဖြစ်၍ ယခုတွင်မူ ပိုင်ရှောင်ချန်းက ဂိုဏ်းထဲသို့ဝင်န်ိုင်ပြီ ဖြစ်သည်။ စောစောက လူငယ်ကမူ တုန်တုန်ရီရီနှင့် နောက်ကလိုက်လာတော့သည်။ သူက လောချိန်မျိုးနွယ်စုကို နှိမ်နင်းမှုတွင် ကိုင်တိုင်ပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ပိုင်ရှောင်ချန်း တိုက်ခိုက်ခဲ့သော ခြေရာလက်ရာများနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော လောချိန်မျိုးနွယ်စုဝင်များ၏ ရုပ်အလောင်းများကို မြင်ခဲ့ပြီးဖြစ်သည်။ ပိုင်ရှောင်ချန်း အသက်ရှင်လျက်ပြန်လာသည်ကို မြင်လိုက်ရသောအခါ သူက အံံ့အားသင့်နေတော့သည်။
ပိုင်ရှောင်ချန်း ပင်မတံခါးဝကိုဖြတ်သွားသောအခါ အရပ်မျက်နှာပေါင်းစုံမှ လူများကသူ့ဆီသို့ ထပ်၍ပြေးလာကြသည်။
” အမှတ်ကိုး ဖက်တီး။” ဖက်တီးကျန်းကြီး၊ အမှတ်သုံးဖက်တီးဟီ နှင့် အခြားအစ်ကိုဖက်တီးများက ပျော်ရွှင်လွန်း၍ အသားများတဆတ်ဆတ်တုန်နေတော့သည်။ ဖက်တီးကျန်းကြီးမှာ အဆ်ိုးဆုံးပင်။ သူက မျက်ရည်လည်ရွှဲနှင့် ပိုင်ရှောင်ချန်းကို သိမ်းကြုံးဖက်ထားတော့သည်။
ပိုင်ရှောင်ချန်း၏ ရင်ထဲတွင် လှိုက်ဖိုနေသည်။ သူ့ဘေးနား ဝိုင်းနေသောလူအုပ်ကြီးကိုကြည့်ရင်း သူလုပ်ခဲ့သည်များမှာ ထိုက်တန်ကြောင်း တွေးနေတော့သည်။
ထို့နောက် လီချင်းဟောက်က အလင်းတန်းတစ်ခုအလားပျံသန်းကာ ရောက်ရှိလာသည်။ သူက ပိုင်ရှောင်ချန်းကို မယုံသင်္ကာ ကြည့်လိုက်သည်။ သူ၏လက်ထဲတွင် ပိုင်ရှောင်ချန်းကိုရှာရင်း သူတွေ့ထားသော သွေးစွန်းအဝတ်စများထည့်ထားသည့် အိတ်တစ်လုံးရှိသည်။
ပိုင်ရှောင်ချန်းကြုံတွေ့ခဲ့ရသော ကြောက်မက်ဖွယ် ဘေးအန္တရာယ်ကို အခြားသူများထက် သူကပို၍သိသည်။
ပိုင်ရှောင်ချန်းက ရှေ့သို့ပြေးထွက်သွားရင်း လက်ယှက်ကာ လီချင်းဟောက်ကို ဦးညွှတ်အရိုအသေ ပေးလိုက်သည်။ ” ဂိုဏ်းချုပ်ကို နှုတ်ခွန်းဆက်ပါတယ်။ ”
လီချင်းဟောက်မှာ ပုံမှန်အားဖြင့် တည်ငြိမ်သောလူတစ်ယောက်ဖြစ်သော်လည်း ဤအခါတွင်မူ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ တုန်ခါနေတော့သည်။ သူက ပိုင်ရှောင်ချန်း၏ ခေါင်းပေါ်သို့ လက်တင်လိုက်ရင်း ပြောလိုက်လေသည်။
” မင်း အသက်ရှင်နေတာကိုပဲ ငါဝမ်းသာပါတယ်ကွာ။ ငါဝမ်းသာပါတယ်။”
” ဒါ ကျွန်တော့်ရဲ့ အိမ်ပဲ ”
ပိုင်ရှောင်ချန်းက ရင်ကိုကော့လိုက်ရင်း
” ဒီဂိုဏ်းအတွက် ဓားတောင်ကိုပဲ ကျော်ရ၊ ပင်လယ်ကိုပဲ ဖြတ်ရပါစေ ကျနော် ဝန်မလေးဘူး။” ပြောလိုက်သည်။ ထို့နောက်သူက အဝတ်ပေါ်ရှိ သွေးစွန်းရာများကို လူအများမြင်အောင် အင်္ကျီလက်ကို တမင် ဝှေ့ယမ်းပြလိုက်သည်။
တောင်ဘက်ခြမ်းရှိ တောင်သုံးတောင်လုံးမှ လူများက ဆက်တိုက်လာနေတော့သည်။ လူတိုင်းက ပိုင်ရှောင်ချန်းကို တွေ့ချင်နေကြသည်။ သူ၏ ပြဲရွဲကာ သွေးများစွန်းနေသော အဝတ်ကိုမြင်လိုက်ရသောအခါ သူတို့မှာ တုန်လှုပ်သွားတော့သည်။
ထို့အပြင် ပိုင်ရှောင်ချန်းပြောလိုက်သောစကားများကြောင့် ပိုဆိုးသွားတော့သည်။ လူတိုင်းမှာ တုတ်ရီနေပြီး ပိုင်ရှောင်ချန်းကိုကြည့်လိုက်တိုင်း သူတို့၏နှလုံးသားထဲတွင် သူ့ကို လက်ရွေးစင်အစစ်အမှန်တစ်ယောက်အဖြစ် သတ်မှတ်လိုက်ကြသည်။
လူအုပ်ကြီး ထူထပ်လာသောအခါ မိန်းကလေးတစ်ယောက်၏ ငိုကြွေးသံ ထွက်ပေါ်လာသည်။ ထိုမိန်းကလေးမှာ တုလင်ဖေးကလွဲ၍ အခြားမည်သူဖြစ်နိုင်အံ့နည်း။ ပြီးခဲ့သောရက်များကို သူမက ငိုကြွေးရင်းသာဖြတ်သန်းခဲ့ပြီး သူမ၏လှပသောခန္ဓာကိုယ်လေးမှာ ပိန်သွားကာ မျက်နှာလေးချောင်ကျသွားခဲ့သည်။ ပိုင်ရှောင်ချန်းပြန်လာပြီဖြစ်ကြောင်း လူများပြောနေသံကို သူမကြားလိုက်ရသောအခါ သူမ၏စိတ်မှာဗြောင်းဆန်သွားခဲ့ပြီး အရာအားလုံးကိုပစ်ချကာ အပြေးလာခဲ့ခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းကို မြင်လိုက်ရသောအခါ သူမမှာ မျက်ရည်များ ပိုမိုကျဆင်းလာတော့သည်။
သူမက ရှေ့သို့အပြေးသွားရင်း ပိုင်ရှောင်ချန်းကိုပွေ့ဖက်ကာ ငိုငိုရီရီဖြစ်နေတော့သည်။ သူမမြင်နေရသည်မှာ အမှန်တကယ်ဖြစ်ကြောင်း သူမကမယုံရဲသေးပေ။ ပိုင်ရှောင်ချန်း၏ရင်ထဲတွင်မူ နွေးခနဲဖြစ်သွားတော့သည်။
သူ၏လက်များက သူမ၏အင်္ကျီထက်က ဖောင်းကြွနေသောနေရာများနှင့် ထိတွေ့လုနီးပါးဖြစ်သွားသော်လည်း သူတို့ကိုကြည့်နေသော လူများစွာရှိနေကြောင်း သတိရသွား၍ ပြန်ထိန်းလိုက်လေသည်။
” ဂိုဏ်းတူအမတု… ကျုပ်ပြောခဲ့သလိုပဲ.. ကျုပ် ပိုင်ရှောင်ချန်း အသက်တစ်ချက်ရှူချိန်ပဲရှိရင်တောင် အစ်မကို ဘယ်သူမှ နာကျင်အောင် မလုပ်စေရဘူး။” ပိုင်ရှောင်ချန်းက မေးငေါ့ကာ သူရဲကောင်းတစ်ယောက်ပုံစံဖမ်း၍ ပြောလိုက်သည်။ ထိုစကားများပြောနေချိန်တွင် သူက တစ်ကမ္ဘာလုံးကို အထင်သေးနေသည့်အလားပင်။
သို့သော်လည်း ပိန်လှီဖျော့တော့နေသည့် တုလင်ဖေး၏မျက်လုံးလေးတွေထဲရှိ ဖုံးကွယ်နေခဲ့သော နက်ရှိုင်းသည့် ခံစားချက်များက ပို၍ပင်ချိုမြိန်လာတော့သည်။
အူယန်ကျဲ ဦးဆောင်သော တရားစီရင်ရေးဆောင်မှလူများလည်း ထိုသို့ရောက်နေလေသည်။ အူယန်ကျဲက ပိုင်ရှောင်ချန်းကိုမြင်လိုက်သောအခါ တစ်ခဏမျှတုန်လှုပ်သွားပြီးနောက် ကျေနပ်သောအမူအရာများ ပေါ်လာသည်။ ပိုင်ရှောင်ချန်း၏ စုတ်ပြတ်နေသောအဝတ်အစားများနှင့် လီချင်းဟောက်ကို သူပြောလိုက်သောစကားများကြောင့် အူယန်ကျဲက ခေါင်းညိတ်လိုက်သည်။
” ပိုင်ရှောင်ချန်း။ ငါကတော့ တရားစီရင်ရေးဆောင်က အူယန်ကျဲပါ။”
တရားစီရင်ရေးဆေဆာင်ဆိုသော စကားလုံးကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်း၏နှလုံးခုန်နှုန်းမြန်သွားသည်။ သို့သော်လည်း သူထမ်းဆောင်ခဲ့သော အံ့သြဖွယ်လုပ်ရပ်များကို ပြန်တွေးလိုက်ကာ ရင်ကော့ရင်း အူယန်ကျဲကို လက်ယှက်ကာ အရိုအသေပေးလိုက်သည်။.
အူယန်ကျဲမှာ တော်ရုံတန်ရုံဆိုမပြုံးသော်လည်း ယခုမှာမူ ပြုံးနေသည်။
” ငါနဲ့အတူ ဂိုဏ်းခေါင်းဆောင်ဆီသွားပြီး လောချိန်မျိုးနွယ်စုနဲ့ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြရမယ် ”
သူက လက်ချောင်းကို ပိုင်ရှောင်ချန်းဘက်သို့ ဝှေ့ယမ်းလိုက်သောအခါ ပိုင်ရှောင်ချန်း၏ခြေထောက်အောက်တွင် ဝိညာဥ်မြူခိုးတစ်ခုပေါ်လာပြီး သူနှင့်အတူ အဝေးသို့ခေါ်သွားတော့သည်။
လီချင်းဟောက်သည်ကား ပျော်ရွှင်ဝမ်းသာနေပြီး အလင်းတန်းတစ်ခုအလား သူတို့နောက်သို့လိုက်သွားသည်။
အခြားဂိုဏ်းသားများက ပိုင်ရှောင်ချန်းထွက်ခွာသွားသည်ကိုကြည့်ရင်း အံ့သြစွာ သက်ပြင်းချနေကြပြီး ထိုအကြောင်းကို အပြန်လမ်းတွင် ငြင်းခုံနေကြတော့သည်။ ပိုင်ရှောင်ချန်းအသက်ရှင်နေသေးသည် ဆိုသောသတင်းမှာကား ဂိုဏ်းအတွင်း အလျင်အမြန် ပျံနှံ့သွားတော့သည်။
အဆုံးတွင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲကလူအားလုံး ထိုအကြောင်းကိုသိသွားတော့သည်။ လူအများစုကမူ ပျော်ရွှင်နေကြသည်။ သို့သော်လည်း ချန်သကျန်းကမူ သူ၏အင်မော်တယ်ဂူထဲတွင် တုန်လှုပ်နေပြီး မျက်နှာတွင် ကြောက်လန့်သောအမူအရာများ ပေါ်နေသည်။
” သောက်ကျိုးတွေတော့နည်းပြီ။ မသေသေးတာ ယုံတောင်မယုံနိုင်ဘူး။ အဲ့လောက် နောက်ကလိုက်ခံရတာတောင် ဘာလို့လွတ်လာသေးရတာလဲ။ အဲ့တာဝန်ကို သူ့ကိုလွှဲပေးတဲ့လူက ငါမှန်းတော့သူမသိလောက်ပါဘူး။ ဟုတ်တယ်မလား။ သူသိဖို့လမ်းမရှိပါဘူးကွာ…” ချန်သကျင်း၏ မျက်နှာမှာ အမူအရာအမျိုးမျိုး ပြောင်းလဲနေသည်။ အဆုံးတွင် ဖြစ်လာနိုင်သည့် ဖြစ်ရပ်ဆိုးများကို တွက်ချက်ရင်း သူက သက်ပြင်းချလိုက်တော့သည်။