Switch Mode

အခန်း ( ၆၅ )

သင်္ချိုင်းစောင့်

နှာချေလိုက်သည့် အချိန်နှင့် တစ်ချိန်တည်းတွင် ပိုင်ရှောင်ချန်းပြန်သတိရလာသည်။ သူ့စိတ်ထဲတွင် ဒဏ်ရာအကြီးအကျယ်ရ၍ မေ့မြောသွားရာမှ ပြန်သတိရလာသည်ဟု ထင်နေဆဲဖြစ်သည်။ သတိရလာသည်နှင့်တပြိုင်နက် ဘယ်ဘက်လက်မောင်းကို ညာလက်နှင့်ပွေ့ဖက်ကာ အာပြဲကြီးနှင့်ကုန်းအော်ငိုလေသည်။ ငိုသံကြီးပင်မဆုံးလိုက်​သေး ရုတ်တရက်ရပ်သွားပြီး သူ့လက်မောင်းကို အံ့သြတကြီး
ပြန်ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ့တစ်ကိုယ်လုံးကို လက်ညှိုးလေးနှင့် ဖွဖွလိုက်ထိုးကြည့်လိုက်​ပြန်သည်။ အင်္ကျီကိုလှပ်ကာ သူ့ဗိုက်သား ဖြူဖြူဖွေးဖွေးလေးကိုပင် ချောင်းကြည့်လိုက်သေးသည်။

” အီး…. ဘာဒဏ်ရာမှမရှိဘူးလား” ချက်ချင်းပင် မျက်ဝန်းများက ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွားသည်။ ရွာက လူတွေပြောစကားများကို ပြန်သတိရလာသည်။ သူတို့အပြောအရ တစ်စုံတစ်ယောက်က သေသွားလျှင် ထို ဝိညာဥ်က မြေအောက်ကမ္ဘာ၏ အရိပ်များထဲသို့ ဝင်သွားကြပြီး ထိုအချိန်မှာ ဘာဒဏ်ရာမှမရှိ​တော့ဘူးဟူ၍။ ဆိုလိုသည်က ဝိညာဥ်တစ်ကောင်ဖြစ်သွားခြင်းပင်။ သူသည် တဆတ်ဆတ်တုန်လာပြီး ပတ်ဝန်းကျင်ကို လှည့်လည်စစ်ဆေးလိုက်သောအခါ အရာရာက သေဆုံးနေသည်ကို တွေ့လိုက်ရသည်။ အပင်တွေ မြက်တွေကပင်လျှင် ခြောက်သွေ့နေသည်။ ချိန်ဟန်၏ အလောင်းကိုပင် မြင်နေရသေးသည်။

သူသည် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရသောအခါ မြူများအကြားရောက်နေသည်ကို သတိထားမိလိုက်သည်။ အများကြီးမမြင်ရဘဲ မကြာသေးမီက ကြုံခဲ့ရသော အဖြစ်အပျက်များပင်လျှင် ဝေဝါးနေသည်။ သေခြင်းတရားအရိပ်အယောင်များက ဤနေရာတစ်ဝိုက်တွင် မထင်မရှားလွင့်ပျံနေပြီး အေးစက်စက်ခံစားမှုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလာသည်။

“အဲ့တာပဲ။ ပြီးပြီ။ အကုန်ပြီးသွားပြီ။ ငါ့ရဲ့မရှိမဲ့ရှိမဲ့အသက်ကလေးကို အင်မတန်သတိထားပြီး စောင့် ရှောက်ခဲ့ပေမယ့် နောက်ဆုံးတော့ တကယ်သေခဲ့ရပြီ”

သူက ယခုတော့ လမ်းပျောက်နေသည့် ဝိညာဥ်တစ်ကောင်ဖြစ်နေပြီဆိုသောအဖြစ်မှာ ပိုပိုပြီး သေချာလာသည်။ သူ့မျက်နှာသည် ခါးသက်စွာ ရှုံ့မဲ့နေပြီး မချိတင်ကဲ ညည်းတွားရေရွတ်နေသည်။

“တုလင်ဖေးရဲ့ ချစ်မေတ္တာ နှလုံးသားကို ငါပိုင်ရှောင်ချန်းလက်ခံပေးဖို့တောင်မှ သူ့ကို အခွင့်အရေးမပေးလိုက်ရရှာသေးဘူး ။အကိုကြီးဟိုကလည်း သူ့ကတိကိုပေးထားတုန်းလေ။ ငါ့ကို လိပ်ကိုယ်​တော်လို့လည်း ဘယ်သူမှမသိကြသေးဘူး။ ဝိညာဥ်အမြီးကြက်တွေကလည်း စားဖို့အများကြီးကျန်နေသေးတယ်။ ငါ…ငါ…ငါထာဝရအသက်မရှင်သန်နိုင်တော့ဘူး”

သူတွေးလေလေ ခံစားရလေလေဖြစ်သည်။ မျက်ရည်များက မျက်ဝန်းတစ်ခုလုံးပြည့်လျှံလာသည်။

ရှောင်ချန်းသည် အရပ်ရှစ်မျက်နှာကကြားရအောင် အော်ဟစ်ငိုကြွေးနေသော်လည်း တစ်စုံတစ်ယောက်က သူ့နောက်မှာ ချောင်းဟန့်သံကိုမူ ကြားလိုက်သေးသည်။

ထိုအသံကြောင့် ပိုင်ရှောင်ချန်းတစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားသည်။

“ဘယ်သူလဲ”

သူသည် အသံတုန်တုန်မေးပြီးတာနှင့် သုတ်ခြေတင်ပြေးကာ ပတ်ပတ်လည်ကိုလည်း အဆက်မပြတ်အရိပ်အချည်ကြည့်နေသည်။ လက်ထဲမှာလည်း သစ်သားဓားကိုကိုင်ထားသေးသည်။

ရှောင်ချန်းသည် စောစောက သူလဲနေသော နေရာနားလေးတွင် အဖိုးအိုတစ်ယောက် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရသည်။ ထိုသူသည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အလောင်းကောင်ကြီးကဲ့သို့ ပိုင်ရှောင်ချန်းကို ကြောက်မက်ဖွယ်ကောင်းသော အကြည့်နှင့် ငေးကြည့်နေသည်။

သူ့တစ်ကိုယ်လုံးတွင် သေပြီးသားလူတစ်ယောက်၏ အရိပ်အယောင်များကို တွေ့နေရသည်။ ဖျော့တော့နေသောမျက်နှာပြင်ပေါ်တွင် ပါးရည်နားရည်တွန့်နေသော အကြောင်းများက အပြည့်ဖြစ်သည်။ သင်္ချိုင်းဂူအတွင်းမှ ထလာဟန်လည်းရှိသည်။ သူ၏အသွင်က ပတ်ဝန်းကျင်အတိုင်းကြောက်လန့်စရာအတိပြီးနေသည်။ အတိုင်းထက် အလွန်ပင် အခြေအနေများက ကျောချမ်းဖွယ်ဖြစ်နေသည်။

အဖိုးအိုကို ခြေဆုံးခေါင်းဆုံးလေ့လာပြီးနောက် ပိုင်ရှောင်ချန်း တစ်ကိုယ်လုံးတွင်ရှိသော အမွှေးများက ထောင်တက်သွားသည်။ ငယ်ငယ်ကကြားဖူးထားသမျှ ကြောက်စရာ သရဲပုံပြင်များက အလိုလိုခေါင်းထဲမှာ ပြန်ပေါ်လာသည်။ သို့သော် သူ့ကိုယ်သူ သေပြီးသားဟု သတိထားမိလိုက်သောအခါ စိတ်ပူပန်မှုများက တော်တော်လေးလျော့ကျသွားသည်။ သူက လည်ချောင်းကို တစ်ချက်ချင်းရှင်းလိုက်ပြီး ဖြည်းညင်းစွာ ခြေဖျားထောက်လျှောက်လိုက်သည်။

“ကောင်းပြီ။ ခင်ဗျားလည်း သရဲ…ကျုပ်လည်းသရဲ…။ ကျုပ်တို့နှစ်ယောက်လုံးက သေပြီးသွားပြီးဆိုတော့ နှစ်ကောင်လုံးကသရဲ။ အဲ့တော့ ဘယ်သူက ဘယ်သူ့ကိုကြောက်ရမှာလဲ…ဟမ် ”

ရှောင်ချန်း​သည် အဖိုးအိုကို အလယ်မှာထားကာ ဘေးကနေပတ်နေရင်း လေသံဖျော့ဖျော့လေးနှင့်
​တတွတ်တွတ်ပြောနေသည်။

“ခင်ဗျားက ဒီအမည်မဲ့တောင်က သရဲတစ်ကောင်ဖြစ်ရမယ်။ စိတ်မပူပါနဲ့။ ကျုပ်က ဒီနားမှာ ဖြတ်သွားရင်းနဲ့ သေဖို့ဖြစ်သွားတာ။ ကျုပ်လမ်းကျုပ်သွားမှာပါဗျ။ အား…ခုလည်း ထာဝရအသက်ရှည်နည်းကျင့်စဥ်ကို သရဲဘဝနဲ့ဆက်ကျင့်ကြံနိုင်မယ်ဆိုရင် ထာဝရအသက်ရှည်တဲ့သရဲတစ်ကောင်ဖြစ်နိုင်မလား သိချင်လိုက်တာ…။”
ချက်ချင်းပဲ ရှောင်ချန်းက ရင်ထဲတွင်
သောကတွေဖြစ်ကာ အဖိုးအိုကိုကြည့်လိုက်သည်။

အမည်းရောင်ဝတ်ရုံနှင့် အဖိုးအိုသည် ပိုင်ရှောင်ချန်းကိုမျက်မှောင်ကြုတ်ပြီးကြည့်လိုက်သည်။ ထို့နောက် သူသည် ဝမ်းခေါင်းသံကြီးနှင့် ရှောင်ချန်းကို ငေါက်လိုက်သည်။

“မင်းမှ မသေသေးတာ ဘယ်လိုလုပ်လို့ ထာဝရအသက်ရှည်တဲ့ သရဲ ဖြစ်မှာတုန်း”

ပိုင်ရှောင်ချန်း အံ့သြသွားသည်။ တချိန်တည်းမှာပင် တခုခုကို တွေးတောနေဟန်ပေါ်သည်။ သူ့လျှာကိုသူ ကိုက်ပစ်လိုက်ရာ နာကျင်မှုက တစ်ကိုယ်လုံးကို စီးဆင်းသွားည်။ သူ့ကိုယ်သူ
ယုံတောင်မယုံနိုင်ပေ။ နောက်ထပ် အနည်းငယ်
ထပ်ကိုက်ကြည့်လိုက်စဥ်မှာတော့ မျက်ရည်များကပင် သူ့ပါးပေါ်သို့ စီးကျလာသည်။ သူ့အတွေးအာရုံများက လင်းတလှည့် မှိန်တလှည့် ဖြစ်နေသည်။ တချိန်တည်းမှာပင် သူက ဇောက်ထိုးမိုးမျှော်ခုန်ပေါက်နေသည်။ မျက်နှာကိုမော့ကာ အသံအကျယ်ကြီးနှင့်ပင် အာခေါင်ခြစ်ရယ်ပစ်လိုက်သေးသည်။

“ငါမသေဘူးကွ။ ဟားဟားဟား! ငါ ပိုင်ရှောင်ချန်းမှာ ပြိိုင်ဘက်ကင်း ကျင့်ကြံမှုအခြေခံရှိနေပြီကွ။ ငါက ကောင်းကင်နှင့်မြေကြီးကို ဆန့်ကျင်လိုက်နိုင်ပြီပဲလေ။ ဘယ်လိုလို့ ငါက သေတော့မှာလဲ။”

သူသည် အင်မတန်စိတ်လှုပ်ရှားလွန်းသဖြင့် အဖိုးအို၏ လက်မောင်းကို ယောင်ကာ ဆုပ်ကိုင်လိုက်မိသည်။ သို့သော်လည်း သူ့လက်က အဖိုးအိုလက်ကိုမမိဘဲ လေဟာနယ်ကို ဖမ်းဆုပ်လိုက်ရသကဲ့သို့ဖြစ်သည်။ ထိုအစား အင်မတန်အေးစက်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။

“အား”
ရှောင်ချန်းတစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူသည် အကောင်အထည်မရှိသော အဖိုးအိုကို မျက်လုံးအပြူးသားငေးကြည့်နေသည်။ ပြီးသည်နှင့် ထိတ်လန့်တကြားအော်ကာ တန်းနေအောင် အော်ပြေးတော့သည်။

“သရဲဗျို့…………………”

သူ့ကိုယ်သူ သေသွားပြီဟု တွေးထားတုန်းက ထိုမျှလောက်မကြောက်သော်လည်း မသေသေးဘူးဆိုသည်ကို သိသွားသောအခါ ကြားဖူးနားဝ သရဲများအကြောင်းက ခေါင်းထဲမှာ တသီတတန်းကြီးပြန်ပေါ်လာပြီး ဖင်တုန်အောင်ကြောက်နေသည်။

မကြာခင်မှာပင် မြုများအထူဆုံးအပိုင်းကို သူရောက်သွားသည်။ သူသည် မမြင်ရသော အတားအဆီးများကြောင့် ထွက်လို့မရဖြစ်နေသည်။ နောက်သို့ပြန်ဆုတ်လိုက်ပြီး လက်ထဲတွင် သစ်သားဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း အဖိုးအိုကို ငေးကြည့်နေသည်။ ထိုစဥ်တွင် မရေမတွက်နိုင်သော အတွေးများက တဖြတ်ဖြတ်ပေါ်လာသည်။ ထိုစဥ်မှာပင် စိတ်မသက်သာမှုများက သူ့မျက်နှာပေါ်တွင် အပြည့်ပေါ်လာသည်။

” ဆရာကြီး…လူ့ဘဝမှာများ မပြီးမပြတ်သေးတဲ့အလုပ်တွေ လုပ်စရာရှိနေသေးရင် ကျွန်တော်ကူပေးနိုင်ရင် ကူပေးပါရစေလား…”

အနက်ရောင်ဝတ်ရုံဝတ်ထားသော အဖိုးအို၏ မျက်နှာပေါ်တွင် ထူးဆန်းသောအရိပ်အယောင်ပေါ်လာသည်။ သူ့ ရှေ့က လူငယ်လေးကိုကြည့်ကာ သံမဏိသွေးကြောပိုင်ရှင်သိုင်းသမားအသွင်မှ အလွန်ခြားနားသွားသောအဖြစ်အပျက်ကိုမြင်တွေ့လိုက်ရသောအခါ အတွေးထဲနစ်မျောသွားသည်။ သူ့ကိုကြည့်ရသည်မှာ မတူသော လူနှစ်ယောက်ကဲ့သို့ဖြစ်သည်။ နောက်ဆုံးတွင် အဘိုးအို၏မျက်နှာမှာ အလေးအနက်စဥ်းစားဟန် ပေါ်လာသည်။

“ခု လိုမျိုး ပင်ကိုစရိုက်တွေရှိတဲ့သူကပဲ ဒီထာဝရအသက်ရှည်နည်းပညာရပ်ကို အောင်မြင်အောင်ကျင့်နိုင်တာ ဖြစ်မယ်” အဘိုးအို ရေရွတ်လိုက်ပြီး လွတ်လပ်ပေါ့ပါးစွာဖြင့် ခေါင်းကိုရမ်းလိုက်ရင်း ပြုံး​ပြလိုက်သည်။ ထို့နောက်သူက လှည့်ထွက်သွားကာ အဝေးသို့ ပျံသန်းသွားသည်။

“ထာဝရအသက်ရှည်နည်း ပညာရပ်က နှစ်ပိုင်းရှိတယ်။ ထာဝရအပိုင်းနဲ့ အသက်ရှည်နည်း အပိုင်းဆိုပြီးနှစ်ပိုင်းရှိတယ်။ တစ်ပိုင်းချင်းစီမှာ အတွဲငါးတွဲပါတယ်။ မင်းကျင့်ကြံနေတာက ထာဝရအပိုင်းရဲ့ ပထမဆုံးအတွဲဖြစ်တဲ့ ထာဝရအရေပြားကို ကျင့်ကြံနေတာ…။ မင်းက ထာဝရသံမဏိအရေပြားကို ကျွမ်းကျင်သွားပြီဖြစ်လို့ အခု ထာဝရကြေးအရေပြားကို ဆက်လေ့ကျင့်နေတာ ”

အဘိုးအို၏စကားသံများက ပိုင်ရှောင်ချန်းနားထဲတွင် ပဲ့တင်ထပ်ကာ ကျန်ခဲ့သည်။

“ထာဝရအပိုင်းက လူသားဘဝရဲ့အတားအဆီးငါးခုကို ကျော်ဖြတ်ခြင်းပဲ။ အသက်ရှည်အပိုင်းကတော့ အဆုံးမဲ့ပိတ်လှောင်ခြင်းငါးရပ်ကို ​ဖြိုခွင်းခြင်းပဲ ”

“ပြင်းပြင်းထန်ထန်လေ့ကျင့်စမ်းပါ။ မင်းသာ ရွှေအရေပြားကို ပိုင်ဆိုင်နိုင်တဲ့အဆင့်ရောက်ရင် ပထမအတားအဆီးကို ရင်ဆိုင်ရမယ်။ အဲ့ဒီအတားအဆီးကို ဖောက်နိုင်မဖောက်နိုင်ကတော့ မင်းရဲ့ ကံကြမ္မာပေါ်မူတည်တယ်”

“ကဲ ငါတို့က ကံတရားအရ ဆုံကြရတာဆိုတော့ ဆေးလုံးတစ်လုံးပေးခဲ့မယ်။ မင်းရဲ့ ထာဝရအရေပြားကိုရောက်ဖို့ ကြေးအရေပြားကို
ဖောက်ထွက်နိုင်အောင် ကူညီပေးလိမ့်မယ်။ ပြီးတော့ ဒီကျောက်စိမ်းပုရပိုက်ကိုပေးလိုက်မယ်။ အဲဒီအထဲမှာ ထာဝရအပိုင်းရဲ့ ဒုတိယတွဲဖြစ်တဲ့ ထာဝရကောင်းကင်ဘုရင်ပါတယ်။ မင်းသာ ထာဝရရှင်သန် နည်း ပညာရပ်ကိုအောင်မြင်သွားမယ်ဆိုရင် အမြုတေဖြစ်သွားလိမ့်မယ် ”

ထိုနေရာအရောက်တွင် ထိုအဖိုးအိုသည် သူမမြင်နိုင်လောက်သည့်နေရာတိုင် ပျံသန်းပျောက်ကွယ်သွားပြီဖြစ်သည်။ သို့သော်လည်း အသံများက ပဲ့တင်ထပ်နေဆဲဖြစ်သည်။ အလင်းတန်းနှစ်ခုက ပိုင်ရှောင်ချန်းဘေးတွင် ရစ်ဝဲကျန်နေခဲ့သည်။

ပိုင်ရှောင်ချန်းသည် အဖိုးအိုထွက်သွားသည်ကို ကြည့်ရင်း အံ့သြတုန်လှုပ်လျက် ကျန်ခဲ့လေသည်။ ယခုအခါ သူ မ​သေခဲ့သည်မှာ အဘိုးအိုက သူ့ကိုကယ်တင်သွား၍ဖြစ်ကြောင်း နားလည်သွားသည်။

အဘယ်ကြောင့် ကယ်ရသည်ဆိုသည့်အကြောင်းရင်းကတော့ ပိုင်ရှောင်ချန်းက ထာဝရရှင်သန်ခြင်းနည်းပညာကို ကျင့်ကြံသည့်အတွက် ဖြစ်လိမ့်မည်။

ပိုင်ရှောင်ချန်းသည် သေရမည်ကို ကြောက်သော်လည်း လုပ်သင့်လုပ်ထိုက်သည့် ကိစ္စ များနှင့် ရန်ကြွေးများကို ရင်ဆိုင်ခဲ့သည်။ အတွင်းဒဏ်ရာများမှာ ပြင်းထန်လှ၍ တိုက်ပွဲမှာသေတော့မလိုပင်ဖြစ်ခဲ့သည်ကို သူသိသည်။ တုန်လှုပ်ခြောက်ခြားမှုက ကိုယ်ထဲတွင် ရုတ်ချည်းဖြတ်သန်းစီးဆင်းသွားပြီး အသက်ကိုပြင်းပြင်းရှူလိုက်သည်။ အဘိုးအိုပျောက်သွားသည့်ဘက်ကို မျက်နှာမူကာ လက်နှစ်ဖက်ကိုဆုပ်ကို အရိုအသေပြုလိုက်သည်။

” အဘိုး ”

သူကအော်ပြောလိုက်သည်။

“ကျွန်တော့်အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ နာမည်လေးများသိခွင့်ရှိမလားခင်ဗျ…”

” ငါကလား… …သင်္ချိုင်းစောင့် ”

အဘိုးအိုက ပြန်ပြောသည်။ သူ့အသံသည် တိုးတိမ်၍ အက်ကွဲနေပြီး လွန်ခဲ့သော ဟိုးရှေးနှစ်ပေါင်းများစွာက အသံကဲ့သို့ဖြစ်နေသည်။

အချိန်အနည်းငယ်ကြာသည်အထိ ပေါက်ကွဲသံများကိုကြားလိုက်ရပြီး မြူများကလည်းပျောက်ကွယ်သွားသည်။ သက်ရှိလောကနှင့် တစ်ဖြည်းဖြည်းခြားနားနေသော ပတ်ဝန်းကျင်သည် တဖြည်းဖြည်း တကယ့်လောကထဲသို့ ပြန်ရောက်လာသည်။ ထို့နောက် သူ့နေရာမှန်ကို သူပြန်ရောက်လာသည်။ လေသည် တသုန်သုန်တိုက်ခိုက်နေရာ ရှောင်ချန်း၏ ဆံပင်များသည် တလူလူးလွင့်နေသည်။

ထိုစဥ် သူက ညည်းတွားလိုက်သည်။

“ထာဝရ ရှင်သန်နည်း ပညာရပ်…လူသားဘဝ၏အတားအဆီးငါးခု… အဆုံးမဲ့ပိတ်လှောင်ခြင်းငါးရပ်…”

ထိုအရာများသည် သူပထမဆုံးကြားဖူးသောအရာများဖြစ်သည်။

နောက်ဆုံးတွင် သူသည် သက်ပြင်းချလိုက်ပြီး ဆေးလုံးနှင့် ကျောက်စိမ်းပုရပိုက်ကို ကြည့်လိုက်သည်။ ကျောက်စိမ်းပုရပိုက်ကို ဦးစွာယူလိုက်ပြီး နတ်ဘုရားအာရုံကိုခံလိုက်သည်။ အထဲတွင် ထာဝရအပိုင်း၏ ဒုတိယအတွဲပါရှိသည်။

ထို့နောက် ကျောက်စိမ်းပုရပိုက်ကိုပြန်သိမ်းလိုက်ပြီး ဆေးလုံးကိုယူလိုက်သည်။ သူသည် နယ်လှည့်သမားတော်ဖြစ်ပြီးသားဖြစ်သော်လည်း ဆေးလုံး၏ အရည်အသွေးကို မခန့်မှန်းနိုင်ဖြစ်နေသည်။ လက်ထဲတွင်လှည့်ပတ်ကာ သေသေချာချာ ကြည့်ရှုစစ်ဆေးနေသည်။ သူသည် ပင်ကိုအားဖြင့် သတိအင်မတန်ကြီးသောသူမျိုးဖြစ်သည်။အနက်ရောင်ဝတ်ရုံဝတ်ထားသော အဘိုးအိုသာ သူ့ကို ဒုက္ခပေးချင်လျှင် နည်းအမျိုးမျိုးသုံးကာ အလွယ်လေး ဒုက္ခပေးနိုင်သည်။ ထို့ကြောင့် သည် ဆေးလုံးကမူ အကျိုးကျေးဇူးတွေကိုသာ ရနိုင်သည်ဟု ယုံကြည်ပြီး အန္တရာယ်လုံးဝမရှိသည်မှာ သေချာသည်။

သူ့ကိုယ်သူရေရွတ်လိုက်ရင်း ဘေးပတ်ဝန်းကျင်ကိုလှည့်လည်ကြည့်ရှုကာ တောတစ်လုံးက စိတ်လှုပ်ရှားခံစားမှုများကို အပြည့်ပေးစွမ်းနိုင်လေသည်။ ထို့နောက်သူသည် လောချိန်မျိုးနွယ်စုများနှင့် ဖြစ်ပျက်ခဲ့သော တိုက်ပွဲအကြောင်းကို အစအဆုံးပြန်စဥ်းစားနေမိသည်။ အသက်အန္တရာယ်ထိခိုက်သည်အထိဖြစ်ပွားခဲ့သော်လည်း ကြောက်စိတ်က သူ့နှလုံးအိမ်ကို တုန်လှုပ်အောင် မစွမ်းသာတော့ပေ။

“အကိုဟိုနဲ့ အမတု တို့ရော ဘယ်လိုများဖြစ်သွားလဲ သိချင်လိုက်တာ။ သူတို့ရော လွတ်မှ လွတ်ကြရဲ့လား”

ထိုခဏတွင် သူသည် ကျောက်စိမ်းတံဆိပ်ပြားနှင့် ဂိုဏ်းကိုဆက်သွယ်ရန် တွန့်သွားလေသည်။ ပတ်ဝန်းကျင်တွင် လောချိန်အဖွဲ့သားများက ဆက်လက်ရှာဖွေနေတုန်းဖြစ်မှာကို စိုးရိမ်သွားပြီး သတင်းပို့နေသည့် တုန်ခါမှုများကို အာရုံခံကာ ချက်ချင်းရောက်လာမည်ကို စိုးရိမ်သွားသည်။ ထိုအရာသည် ပြဿနာအကြီးကြီးဖြစ်သည်။ ကိုင်ထားသော အိတ်ကို ပုတ်လိုက်ပြီး ဖိန်းယန်၏ လေဟုန်စီးလှေငယ်ကိုထုတ်လိုက်သည်။ ခဏလောက်စစ်ဆေးကြည့်ပြီးနောက်တွင် အသုံးပြု၍ရသေးကြောင်း အတည်ပြုနိုင်လိုက်သည်။

ရှောင်ချန်းမျက်လုံးများသည် ပျော်ရွှင်မှုကြောင့်တဖျတ်ဖျတ်လက်နေသည်။ သို့သော်လည်း လောလောဆယ် သူအတွေးထဲတွင် ဤနေရာမှ ချက်ချင်း ထွက်မသွားလိုသေးပေ။ တောင်ထဲက ဂူတစ်ဂူရှာကာ ခဏမျှနားလိုက်ချင်သေးသည်။ ထို့ကြောင့် သူ့လိပ်ဒယ်အိုးလေးအပြင် ဝတ်ရုံနက်နှင့်အဖိုးအိုပေးခဲ့သော ဆေးလုံးကိုပါထုတ်လိုက်သည်။

မကြာမီမှာပင် ဆေးလုံးပေါ်တွင် ငွေရောင်အင်းကွက်များပေါ်လာသည်။ ဝိညာဥ်အင်းကွက်သုံးကွက်ကိုလည်း ဆေးလုံးပေါ်တွင် မျက်ဝါးထင်ထင် တွေ့မြင်နေရသည်။ ပိုင်ရှောင်ချန်းသည် ဆေးလုံးကို ယူလိုက်ကာ ဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင်ချပြီး ပါးစပ်ထဲကိုထည့်ကာမျိုချလိုက်သည်။ ချက်ချင်းပဲ သူ့ကိုယ်ထဲတွင် စည်းချက်ကျကျမြည်ဟိန်းသံများပေါ်လာပြီး တစ်ကိုယ်လုံးတွင် မီးများတောက်လောင်သကဲ့သို့ ခံစားလိုက်ရပြီး မယုံကြည်နိုင်သော ကိုယ်တွင်းလှည့်လည်စီးဆင်းနေသော
သက်စောင့်စွမ်းအင်များကို ခံစားလိုက်ရသည်။

သူ့တစ်ကိုယ်လုံးသည် တုန်ခါနေပြီး သွားကိုတင်းနေအောင်စေ့ထားရင် ထာဝရအသက်ရှည်နည်းပညာရပ်ကို ထုတ်​​ဖော်လိုက်သည်။ သူ့တစ်ကိုယ်လုံး ကိုယ့်ဘာသာ ရိုက်နှက်လိုက်သောအခါ သူ့အရေပြားသည် အရင်ကလိုအနက်ရောင်မဟုတ်တော့ဘဲ ထိုအစား ကြေးရောင်သမ်းလာသည်။ ထိုကြေးရောင်ကြောင့် ပိုင်ရှောင်ချန်းသည် ပန်းခြံများတွင်ထား​လေ့ရှိသော ကြေးရုပ်ကြီးအသွင်ကဲ့သို့ဖြစ်နေသည်။

သူ့ကိုယ်တွင်းစွမ်းအင်များသည် အားပြင်းသည်ထက်ပြင်းလာရာ ပိုမိုသန်မာလာကြောင်းကို သိသိသာသာခံစားမိနေသည်။

သို့သော်လည်း ထိုဆေးအာနိသင်မှာ မကုန်ဆုံးနိုင်သေးပေ။ အဘယ့်ကြောင့်ဆိုသော် သုံးဆတိတိ စိတ်စွမ်းအင် အစွမ်းတိုးမြှင့်ထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဆေးမှာ မယုံကြည်နိုင်လောက်သည့်အဆင့်အထိ အစွမ်းထက်လျက်ရှိသည်။ ထိုစဥ် သူ့အရေပြားတစ်ခုလုံးသည် ကြေးအတိပြီးသွားသည်။ အက်ကွဲထွက်နေသောအသံများက ပြတ်ပြတ်သားသားပေါ်ထွက်လာပြီး အရေပြားများက ကွဲထွက်ကုန်သည်။

အရေပြားများပေါ်တွင် အက်ကြောင်းများက လျင်မြန်စွာပေါ်လာပြီး မကြာခင်မှာပင် တစ်ကိုယ်လုံးအပြည့်ဖြစ်သွားသည်။ အလွန်တရာ နာကျင်မှုက ဖိစီးနှိပ်စက်နေပြီး ရှောင်ချန်းက ကြံ့ကြံ့ခံနေလိုက်သောအခါ ထိုအက်ကြောင်းများက ငွေရောင်များအဖြစ်သို့ စတင်ပြောင်းလာသည်။

ထာဝရအရေပြားသည် သံ၊ ကြေး၊ ငွေ၊ ရွှေ ဟူ၍ အဆင့်ဆင့်ဆက်လက်ပေါက်ကွဲမည့်ဟန်ရှိသည်။

ဝတ်ရုံနက်နှင့် အဖိုးအိုသည် ပိုင်ရှောင်ချန်းကို ပေးခဲ့သည့်ဆေးလုံးမှာ စိတ်စွမ်းအင်အဆင့်မြှင်တင်ခြင်းပြုလုပ်ခံရလိမ့်မည်ဟု မထင်ထားသည့်အတွက် ကြေးအဆင့်သာရောက်မည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ ယခုမူ ကြေးအရေပြားအဆင့်ကိုပင်ကျော်ဖြတ်လာခဲ့ပြီဖြစ်၏။

ပေါက်ကွဲသံများသည် ရှောင်ချန်းကိုယ်ထဲမှ ရက်ပေါင်းများစွာပေါ်ထွက်နေသည်။ အက်ကွဲခြင်းမျိုးစုံ ဖြစ်ပြီးသည့်နောက်မှာတော့ သူ့အရေပြားများသည် အစိပ်အစိပ်အမွှာမွှာ လွင့်ကျကုန်သည်။ သူသည် အရေခွံလဲလိုက်သကဲ့သို့ဖြစ်သွားပြီး ပြုတ်ကျသွားသောအပိုင်းများအစား တောက်ပပြောင်လက်နေသော ငွေအရေပြားက အစားထိုးဝင်ရောက်လာသည်။

ဆယ်ရက်ခန့်ကြာပြီးနောက်တွင် နောက်ဆုံးကျန်နေသောအရေပြားလည်း ကွာကျသွားပြန်သည်။ သူ့တစ်ကိုယ်လုံး ငွေသားပကတိဖြစ်သွား၏။ ထိုငွေရောင်သည် အနည်းငယ်ညစ်တစ်တစ်ဖြစ်နေသေးသော်လည်း ပိုင်ရှောင်ချန်းမျက်လုံးများဖွင့်လိုက်ချိန်မှာတော့ တလက်လက်တောက်ပလာသည်။

သူ့တစ်ကိုယ်လုံး အရှိန်နှင့်ပေါက်ကွဲထွက်သွားပြီး အင်မတန်ကျယ်လောင်သော ပေါက်ကွဲသံကြီးက မြည်ဟည်းသွားသည်။ သူ့ပေါက်ကွဲနှုန်းများသည် အရင်ကထက်ပင်နှစ်ဆခန့် မြန်နေသေးသည်။

သူ့မျက်လုံးများသည် ပျော်ရွှင်မှုကြောင့်တလက်လက်တောက်ပနေပြီး အနားမှာရှိသော ကျောက်တုံးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရပြီး ထိုကျောက်တုံးပင် အစိပ်စိပ်ကွဲသွားကာ အမှုန်များဖြစ်သွားသည်။

ယခုအခါ သူ၏အစွမ်းက အရင်တုန်းကထက် အဆပေါင်း များစွာထက်မြက်လာသည်။

ပိုင်ရှောင်ချန်းသည် စိတ်လှုပ်ရှားလွန်းသဖြင့် မောဟိုက်လာသည်။ ထိုခဏတွင် သူသည် ချိန်ဟန် ကိုနောက်တဖန်တိုက်ခိုက်ရန် ကိုယ့်ကိုကိုယ် ယုံကြည်မှုများရှိလာသည်။ ထိုတိုက်ပွဲသည် အရင်တိုက်ပွဲလောက် ခါးသက်မှုများနှင့် မကြုံရတော့မည်မှာသေချာနေ၏။

စမ်းသပ်ချက်များကို ထပ်မံလုပ်ပြီးသည့်နောက်တွင်တော့ ပိုမိုအံ့အားသင့်စရာတစ်စုံတစ်ခု ပေါ်ပေါက်လာသည်။ ထိုအရာမှာ သုံးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ထားပြီးဖြစ်သော သစ်သားဓားကပင် သူ၏ငွေရောင်ထာဝရအရေပြားကို အခြစ်ရာလေးမျှထင်အောင် မစွမ်းသာခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်း၏မျက်ဝန်းများသည် စိတ်လှုပ်ရှားမှုကြောင့် ဝင်းပနေသည်။ ထာဝရရှင်သန်ခြင်းနည်း ပညာရပ်အားကျင့်ကြံခြင်းကို ရပ်တန့်လိုက်သောအခါတွင်တော့ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် သာမာန်အသားအရည်အဖြစ်သို့ပြန်ပြောင်းသွားသည်။ သူသည် အဝတ်များကို လဲလိုက်ပြီးနောက် အနည်းငယ်ပြေးလိုက်ရာ အကွာအဝေးအများကြီးသို့ရောက်သွားသဖြင့် သူ့ကိုယ်သူကျေနပ်ပီတိဖြာနေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset