ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်၏ အရိုအသေပေးမှုကို ခံယူရင်း ကျေနပ်အားရမိနေတော့သည်။ လင်းတျန်ဟောက်တစ်ယောက် လူချောလေးများ အဖွဲ့အစည်းထဲသို့ ဝင်ခွင့်ရသွားသည်အတွက် စိတ်လှုပ်တရှား ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ စိတ်ကျေနပ်သွားရတော့သည်။
” ငါက ငါ့ရဲ့ တစ်ဘဝလုံး ကျားကုတ်ကျားခဲ ကြိုးစားခဲ့ပြီးတော့ ငါ့ရဲ့ လူငယ်ဘဝကို ပြည်ထောင်စုကြီးနဲ့ ပြည်သူတွေအတွက်တင် မဟုတ်ဘဲ လူချောလေးများအဖွဲ့အစည်းအတွက်ပါ ပေးဆပ်ထားခဲ့တာ… ” ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်နှင့် စကားအနည်းငယ် ပြောလိုက်ပြီးနောက် သူ့အား ထွက်သွားခွင့်ပေးလိုက်၏။ ထို့နောက် သူသည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ ကြက်ခြေထောက်တစ်ချောင်းကို ဝါးစားရင်း သက်ပြင်းချကာ တွေးတောနေမိတော့သည်။
” နောက်ပိုင်းရောက်ရင် လူချောလေးများအဖွဲ့အစည်းကို တည်ထောင်ခဲ့မိတာက ငါ့ရဲ့ အကြီးမားဆုံး နောင်တကြီးတစ်ခု ဖြစ်နေလောက်တယ်။ ငါက သာမန်လူတစ်ယောက်လိုမျိုးပဲ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်တာလေ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီး သူသည် နေ့စဉ်နေ့တိုင်းတွင် နာရီအနည်းငယ်ခန့် အလုပ်ရှုပ်နေရသောကြောင့် သူ၏ ဘဝကြီးမှာ ခက်ခဲကြမ်းတမ်းကြောင်း ညည်းညူမိလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ခေါင်းယမ်းလိုက်ပြီးနောက် ကြက်ခြေထောက်တစ်ချောင်းကို ကုန်အောင်စားလိုက်ပြီး ဝိညာဉ်ရေခဲရေ ဘူးသုံးဘူးအား မော့သောက်လိုက်၏။ ထို့နောက် သူသည် သူ၏ ဗိုက်ကိုပုတ်ကာ အာလူးကြော်ထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်ပြီး တဂျွတ်ဂျွတ်မြည်အောင် ဝါးစားရင်း သူ၏ စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်ရန် သူ၏ ရုံးခန်းထဲမှ ထွက်လာတော့သည်။
ထိုသို့ဖြင့် မျက်စိတစ်မှိတ် အတွင်းတွင် လဝက်တိတိ ကုန်ဆုံးသွား၏။ ထိုကုန်ဆုံးသွားခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်အတွင်းတွင် ဝမ်ပေါင်လဲ့မှာ သူ၏ကျင့်ကြံခြင်းအား မေ့ပျောက်နေခဲ့ခြင်းမရှိသလို မုန့်များစားကာ အလုပ်ကိစ္စအမျိုးမျိုးနဲ့ အလုပ်ရှုပ်နေခဲ့ရ၏။ ရှေးဦးဝိညာဥ်ခေတ်ထဲ၌ အခြေခံအကျဆုံးအရာမှာ ကျင့်ကြံခြင်းသာဖြစ်ကြောင်း သူက သိထားပြီဖြစ်သည်။
သူ၏ အမှောင်မီးတောက် ထွက်ပေါ်လာမှုကြောင့်လားတော့ မသိပေ။ သူသည် ကျင့်ကြံခြင်း လေ့ကျင့်နေရင်း သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာနှုန်းမှာ သိသိသာသာ တိုးတက်လာခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။ ယခုတွင် သူသည် ဖောက်ထွက်နိုင်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်ဟု ခံစားနေရပြီဖြစ်သည်။
စစချင်းတွင် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့်ထပ်၍ စောင့်ဆိုင်းပြီးမှ အလိုအလျောက် ဖောက်ထွက်သွားနိုင်ရန် ကြံရွယ်ထား၏။ ထိုသို့သာဆိုလျှင် သူသည် အချိန်ကို အလကားဖြုန်းနေသလို ဖြစ်တော့မည့် မဟုတ်ပေ။ သို့သော် သူ ထိုသို့ တွေးတောလိုက်ပြီး နှစ်ရက်ပင် မကြာသေးသည့်အချိန်တွင် မြည်းလေးမှာ ဖောက်ထွက်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိလိုက်ရ၏။
မြည်းလေးမှာ အလုပ်သမားများအား ကြီးကြပ်ကာ ကုန်ကြမ်းပစ္စည်းများအား မရပ်မနား စောင့်ကြည့်နေရင်း မည်သည့်အကြောင်းကြောင့်မှန်းမသိ အခြေတည်အဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့သည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေး အခြေတည်အဆင့်သို့ ရောက်ရှိလာပြီးနောက် အခြားစွမ်းရည်အသစ်များကို ထပ်၍ ပိုင်ဆိုင်သွားခြင်း ရှိမရှိ စစ်ဆေးရန် ပြင်လိုက်ချိန်တွင် ၎င်းမှာ သူ့အား အာခံကာ ထွက်ပြေးသွားခဲ့သောကြောင့် အံ့ဩတုန်လှုပ်သွားရတော့သည်။
တစ်ချိန်ထဲမှာပင် ၎င်း၏ မျက်ဝန်းများထဲ၌ မောက်မာဝင့်ကြွားမှု အရိပ်အယောင်များ ပေါ်ပေါက်လာသောကြောင့် ဝမ်ပေါင်လဲ့မှာ မှင်တက်သွားရ၏။ ထိုမြည်းလေးမှာ သူ၏သခင်မှာ မည်သူမည်ဝါ ဖြစ်ကြောင်းကိုပင် မသိတော့ဘဲ သူ့ကဲ့သို့ ရုပ်ရည်ချောမောသည့် လူတစ်ယောက်၏ အမိန့်များကိုပင် အာခံရဲနေသည်လောဟု ဝမ်ပေါင်လဲ့က တွေးမိလိုက်၏။
” ပုန်ကန်ဖို့ကြိုးစားနေတယ်ပေါ့ ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ ဒေါသထွက်သွားပြီး ထိုမြည်းလေးအား သင်ခန်းစာကောင်းကောင်းပေးရန် ဆုံးဖြတ်လိုက်၏။ သူသည် ပါးစပ်နှင့်တင်မဟုတ်ဘဲ လိုအပ်ပါက လက်ပါ ပါတတ်သည်ဖြစ်ကြောင်း မြည်းလေးအား နားလည်သွားအောင်လုပ်ရန် ပြင်လိုက်တော့သည်။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ဒေါသတကြီးဖြင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး မြည်းလေး၏ နောက်သို့ အမီလိုက်သွား၏။ ထို့နောက် သူသည် ၎င်းအား အသံထွက်ခွင့်ပင် မပေးဘဲ ပါးစပ်ပိတ်ထားရန် အမိန့်ပေးလိုက်ပြီး ရိုက်နှက်ကန်ကျောက်လိုက်တော့သည်။
ထိုအခါ ထိုမြည်းလေးမှာ ချက်ချင်းဆိုသလိုပင် သနားစရာကောင်းသည့် အနေအထားသို့ ရောက်သွားပါသော်လည်း အသံတစ်သံပင် မထွက်နိုင်တော့သလို ထွက်ပြေးလွတ်မြောက်နိုင်စွမ်းလည်း မရှိတော့ပေ။ ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေး၏ မျက်ဝန်းများထဲ၌ ရိုကျိုးသည့် အရိပ်အယောင်များ ပေါ်လာသည်ကို မြင်လိုက်ရသောအခါမှသာ ကျေနပ်အားရသွားပြီး ရပ်တန့်လိုက်၏။ ထို့နောက် သူသည် ထိုမြည်းလေးအား ပါးစပ်ပိတ်ထားရန် အမိန့်ပေးထားသည်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။ ထိုအချိန်တွင် မြည်းလေးမှာ ထပ်၍ အသံထွက်ချင်နေသည့်ပုံ ပေါက်လာသောကြောင့် သူသည် ၎င်းအား အားပါပါ ကန်ကျောက်လိုက်ပြန်သည်။
ထိုအခါ ထိုမြည်းလေးမှာ ချက်ချင်းဆိုသလိုပင် ပါးစပ်ပိတ်သွားပြီး ဝမ်ပေါင်လဲ့အား ဖားယားလိုသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။
” မင်း ကိုယ့်အဆင့် ကိုယ်သိပြီမလား။ ပြောစမ်း မင်းက ငါ့ရဲ့ ဘာလဲ ” ဝမ်ပေါင်လဲ့မှာ လက်နှစ်ဖက်အား နောက်ပစ်၍ တည်ကြည်စွာ မေးလိုက်၏။
” သား၊ သား ” ထိုအခါ ထိုမြည်လေးမှာ တုန်ရီသွားရ၏။ ၎င်းမှာ ထိုကဲ့သို့ မအော်ချင်ပါသော်လည်း ထိုအသံတစ်သံသာ ထွက်တတ်သည်မဟုတ်ပါလော။ ထို့ကြောင့် ၎င်းမှာ အခြားရွေးချယ်စရာ မရှိတော့သောကြောင့် အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။
သူတို့၏ ပတ်ပတ်လည်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများထဲ၌ အလုပ်ရှုပ်နေကြသည့် လူများမှာ ထိုမြင်ကွင်းကို မြင်လိုက်ရ၏။ သူတို့မှာ တအံ့တသြဖြစ်ကာ၊ ဝေခွဲမရဖြစ်၍ ကြောက်ရွံ့တုန်လှုပ်သွားကြပြီး ထိုမြည်းလေးအား မည်ကဲ့သို့ ဆက်ဆံရမှန်းမသိလောက်အောင် ဖြစ်သွားရတော့သည်။ ၎င်းမှာ ကြီးကြပ်ရေးမှူးတာဝန်ကို စိတ်ရောကိုယ်ပါနှစ်၍ ဆောင်ရွက်နေခဲ့သည်ဖြစ်ပြီး ပစ္စည်းများအား ကြည့်ရှုစစ်ဆေးရာ၌ ရူးသွပ်ဖွယ်ရာ အဆင့်အတန်းတစ်ခုအထိ ရောက်နေပြီဖြစ်သောကြောင့် ဝက်အူတစ်ခု ပျောက်နေလျှင်တောင် ရိပ်မိနိုင်စွမ်း ရှိနေပြီဖြစ်သည်။
ထို့ကြောင့် မြို့တော်နယ်မြေအသစ် ဆောက်လုပ်ရေးလုပ်ငန်းထဲ၌ ပစ္စည်းအချို့ကို ဖြောင်ရန် ကြိုးပမ်းနေကြသည့် လူများမှာ စိတ်ရှုပ်သွားခဲ့ရပါသော်လည်း ယခုတွင်မူ သူတို့မှာ ထိုမြည်းလေး ရိုက်နှက်ကန်ကျောက်ခံနေရသည်ကို မြင်နေရသောကြောင့် စိတ်ထဲတွင်ကျိတ်၍ ပျော်ရွှင်နေကြတော့သည်။
သို့သော် သူတို့မှာ အပျော်စောသွားခဲ့၏။ ဝမ်ပေါင်လဲ့တစ်ယောက် ဟိတ်ဟန်အပြည့်နှင့် နောက်သို့လှည့်ကာ ထွက်ခွာသွားသည့်အချိန်တွင် ခြေလက်များ ကျိုးလုမတတ် ရိုက်နှက်ကန်ကျောက်ခံခဲ့ရသည့်ပုံ ပေါက်နေသော မြည်းလေးမှာ ဒဏ်ရာအနည်းငယ်လေးပင် ရမသွားခဲ့သည့်အလား ချက်ချင်းပင် မတ်တတ်ပြန်ထလာ၏။ ထို့နောက် ၎င်းမှာ နောက်သို့လှည့်လာပြီး အလုပ်ရှုပ်နေကြသည့် အလုပ်သမားများကိုရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် စိုက်ကြည့်ကာ နှာမှုတ်လိုက်ပြီး ကုန်ကြမ်းပစ္စည်းများအား ကြည့်ရှုစစ်ဆေးရာ၌ ပို၍ပင် စိတ်အားထက်သန်ကာ တက်ကြွလာတော့သည်။
၎င်းမှာ လူဆိုးကြီး ဝမ်ပေါင်လဲ့အား အနိုင်ရနိုင်မည်မဟုတ်ကြောင်း နားလည်သွားသည့်ပုံပင်။ ထို့ကြောင့် သူ၏ နှလုံးသားထဲ၌ ပြည့်နှက်နေသော မကျေနပ်ချက်များမှာ အလုပ်သမားများ၏ ခေါင်းပေါ်သို့ ကျသွားရတော့သည်။
ဝမ်ပေါင်လဲ့သည် ထိုမြည်းလေးမှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်လာပြီး လုံ့လဝီရိယရှိလာသည်ကို သတိထားမိလိုက်ပါသော်လည်း ဂရုစိုက်နေခြင်းမရှိပေ။ ယခုလက်ရှိတွင် သူသည် စိတ်ဖိစီးမှုများစွာနှင့် ရင်ဆိုင်နေရသည်ဖြစ်ပြီဖြစ်သည်။ ထိုမြည်းလေး၏ ကျင့်ကြံခြင်းမှာ အလွန်အင်မတန်မှ လျင်မြန်စွာ တိုးတက်လာနေသည်မဟုတ်ပါလော။
” အဲဒီမြည်းလေးသာ ငါ့ထက်အရင် အမြုတေအဆင့်ကို ရောက်သွားမယ်ဆိုရင်… ” ဝမ်ပေါင်လဲ့မှာ ထိုအချိန်၌ ဖြစ်လာနိုင်သည့် အကျိုးဆက်များကို တွေးတောရင်း အသားများတုန်ရီသွားရသည်။ သူသည် ထွက်ပြေးရန် ကြိုးစားလိုက်သဖြင့် မြည်းလေး၏ အဆက်မပြတ် ကန်ကျောက်မှုများကို ခံနေရသည့် မြင်ကွင်းကြီးမှာ သူ၏ အသိစိတ်ထဲ၌ အဆက်မပြတ် ပေါ်ပေါက်လာခဲ့သောကြောင့် ဦးခေါင်းတစ်ခုလုံး ထုံကျဉ်ကိုက်ခဲသွားရတော့သည်။ နောက်ဆုံးတွင် သူသည် မြည်းလေး၏ ” သား၊ သား ” ဟူသော အော်ဟစ်သံများကို နားထောင်ရင်း လက်မြောက်အရှုံးပေးလိုက်ရသည့် အဆင့်အထိ ရောက်သွားနိုင်ပေသည်။
ထိုပုံရိပ်ကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်လာရတော့သည်။ ထို့ကြောင့် သူသည် ထိုမြင်ကွင်းကြီးကို စိတ်ထဲမှ ဖျောက်ဖျက်နိုင်ရန် ကြိုးစားလိုက်၏။ ထို့နောက် သူသည် ပြတ်သားမှုအရိပ်အယောင်များ ထင်ဟပ်နေသည်မျက်ဝန်းများဖြင့် တံခါးပိတ် လေ့ကျင့်နေလိုက်တော့သည်။
” အဲဒီအခြေအနေအထိ လုံးဝမရောက်သွားစေရဘူး ”
မြည်းလေး၏ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားမှုမှာ ဝမ်ပေါင်လဲ့၏ စိတ်ကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်နေသောကြောင့် သူသည် အရာအားလုံးကို လျစ်လျူရှုကာ တံခါးပိတ်လေ့ကျင့်လိုက်ခြင်းဖြစ်သည်။ သူသည် ထိုကဲ့သို့ လေ့ကျင့်နေစဉ် အပြင်ကိစ္စများကို ခေါင်းထဲ၌မထည့်ထားဘဲ တာဝန်အားလုံးကို လင်းတျန်ဟောက်ဆီသို့ လွှဲပြောင်းပေးခဲ့၏။
တစ်ဖက်တွင် သူသည် လင်းတျန်ဟောက်၏ အရည်အချင်းအား ယုံကြည်မှုအပြည့်ရှိနေသည့်ဖြစ်သလို အခြားတစ်ဖက်တွင်လည်း ဆောက်လုပ်ရေးလုပ်ငန်းကြီးမှာ အစီအစဉ်အတိုင်း ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ပြဿနာတစ်စုံတစ်ခု ပေါ်ပေါက်လာခြင်း မရှိသရွေ့ ဝမ်ပေါင်လဲ့ကိုယ်တိုင် ကြီးကြပ်နေခြင်း မရှိလျှင်တောင် အရာအားလုံးမှာ ချောချောမွေ့မွေ့နှင့် လည်ပတ်နေမည်သာ ဖြစ်သည်။
ထို့ကြောင့် သူသည် စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး ကျင့်ကြံခြင်းထဲ၌ အာရုံအပြည့်စိုက်ထားလိုက်၏။ သူသည် တင်ပျဉ်ခွေထိုင်ကာ တရားကျင့်ကြံနေရင်း လျှပ်စီးတာအို အတွဲတစ်ထဲတွင် ဖော်ပြထားသည့်အတိုင်း သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အဆက်မပြတ်ထုတ်လွှတ်၍ သူ၏ ခြေထောက်နှစ်ဖက်ထဲရှိ ကောင်းကင်မိုးကြိုးသွားနှစ်ခုအား တိုးတက်လာအောင် လုပ်ကာ သူ၏ ဘယ်ဖက်လက်မောင်းပေါ်၌ တတိယမြောက် လျှပ်စီးဆေးမင်းကြောင်တစ်ခုကို ရေးထိုးကာ တတိယမြောက် ကောင်းကင်မိုးကြိုးသွားတစ်ခု ဖန်တီးနိုင်ရန် ကြိုးပမ်းနေတော့သည်။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ တံခါးပိတ် ကျင့်ကြံနေရင်း အမှောင်မီးတောက် ကျင့်ကြံခြင်းပညာရပ်ကိုလည်း လေ့ကျင့်ခဲ့သေးသည်။ သိပ်မကြာခင်တွင် သူသည် အမှောင်ပညာရပ်အား နတ်ဘုရားလက်နက်လှိုဏ်ခေါင်း၏ အပြင်ဘက်၌ လေ့ကျင့်ရသည့် အမြန်နှုန်းမှာ အင်္ဂါဂြိုဟ်မြို့တော်ထဲ၌ လေ့ကျင့်ခြင်းထက် အနည်းဆုံး ဆယ်ဆအထိ ပို၍မြန်နေသည်ကို သိလိုက်ရ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရသည်။ ထို့အပြင် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးပေါ်၌ ပိတ်ထားသော အချုပ်အနှောင်ကြီးသာ ရှိမနေပါက သူ၏ ကျင့်ကြံနှုန်းမှာ ပို၍ပင် မြန်ဆန်နေမည်ဖြစ်ကြောင်း သူက ခံစားမိနေ၏။
ထိုသို့သာ လေ့ကျင့်ရမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ သူ မည်သည့်အဆင့်အထိ ရောက်ရှိသွားနိုင်ကြောင်းကို အတိအကျ မှန်းဆနိုင်မည်မဟုတ်ပေ။ သူ့အတွက်မူ ထိုကဲ့သို့သော ကိစ္စရပ်များမှာ အသွားထက် ဓားတစ်လက်နှင့်တူပြီး ကံကြမ္မာပေါ်၌ မူတည်နေ၏။
ဝမ်ပေါင်လဲ့မှာ အသက်မြန်မြန် ရှူလိုက်ပြီးနောက် စိတ်ကိုတည်ငြိမ်အောင်ထားလိုက်၏။ သူသည် မျက်ဝန်းများထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်လာပြီးနောက် ထိုကိစ္စနှင့်ပတ်သက်၍ သေသေချာ ချာစဉ်းစားတွေးတောလိုက်၏။ ထို့နောက် သူသည် အလောတကြီး မလုပ်ရန် ဆုံးဖြတ်လိုက်ပြီး သူ၏ စိတ်ကို ထပ်၍ တည်ငြိမ်သွားအောင်လုပ်ကာ အမှောင်ပညာရပ်အား လျှပ်စီးတာအိုအတွဲနှင့်ပေါင်း၍ လေ့ကျင့်လိုက်၏။ ထိုသို့ဖြင့် သူသည် သူ၏ တတိယမြောက်ကောင်းကင်မိုးကြိုးသွားနှင့် တတိယမြောက် အမှောင်မီးတောက်တို့ကို ပို၍ အစွမ်းထက်လာအောင် ကြိုးစားနေလိုက်တော့သည်။
ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ တစ်လတိတိ ကုန်ဆုံးသွားပြီးနောက် တရားထိုင်နေသော ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာ၏။ သူ၏မျက်ဝန်းများထဲတွင် အမှောင်မီးတောက်ကြီးတစ်ခု တောက်လောင်နေသကဲ့သို့ ဖြစ်နေပြီး သူ၏အကြည့်များမှာ အေးစက်နေ၏။ သူ၏ အထက်နှင့်အောက်တွင် ရှိနေသော မြေသားများမှာလည်း ချက်ချင်းပင် အေးစက်သွားပြီး သူ၏ ပတ်ပတ်လည်ရှိ နံရံများပေါ်တွင်လည်း အနက်ရောင်ရေခဲလွှာများ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရတော့သည်။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ထို ရေခဲများထဲတွင် လျှပ်စီးကြောင်းတစ်ခု စီးဆင်းနေသေး၏။ သူ တံခါးပိတ် လေ့ကျင့်နေသည့် နေရာတစ်ခုလုံး၏ ပုံပန်းသွင်ပြင်မှာ အလွန်အင်မတန်မှ ထူးဆန်းသွား၏။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာမူ အခြေတည် အလယ်အလတ်အဆင့်မှ ချက်ချင်းပင်ဖောက်ထွက်သွားပြီး သူ မျက်လုံးများ ပွင့်လာသည့်အချိန်တွင် နှောင်းပိုင်းအခြေတည်အဆင့်သို့ ရောက်ရှိသွားတော့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားသည့်အချိန်တွင် သူ တံခါးပိတ်ကျင့်ကြံနေသည့် နေရာ၏ အပြင်ဘက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများမှာ ငါးဆယ်ရာခိုင်နှုန်းကျော်အထိ ပြီးစီးသွားပြီဖြစ်သည်။ ထိုအချိန်တွင် အင်္ဂါဂြိုဟ်နယ်မြေအသစ်၏ ရှေ့ပြေးပုံစံအား တည်ဆောက်နေပြီး နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီး ရှိနေသော နေရာကြီးမှာ ပြောင်းလဲသွားသည်ကို မြင်နိုင်ပေသည်။
နတ်ဘုရားလက်နက်လှိုဏ်ခေါင်း၏ ပုံပန်းသွင်ပြင်မှာ ပြောင်းလဲသွားပြီဖြစ်ပြီး ဧရာမနံရံကြီးတစ်ခုမှာ ၎င်းအား ဝန်းရံကာ လွှမ်းခြုံထား၏။ ၎င်း၏ အထက်တွင် ဧရာမ အဖုံးကြီးတစ်ခု ရှိနေပြီး ထိုအဖုံးကြီးထဲတွင် ဝိညာဉ်စွမ်းအင်များ လည်ပတ်နေပြီး မျက်လုံးဖြင့်မမြင်နိုင်သော ဝိညာဉ်အမျှင်အတန်းများစွာကို ဖန်တီးပေးနေ၏။
ထိုဝိညာဉ်အမျှင်အတန်းများမှာ ထိုနေရာကြီးတစ်ခုလုံးအား အဆက်မပြတ် ပတ်နေရင်း တစ်ခုပေါ်တစ်ခုထပ်နေသောကြောင့် ဧရာမကွန်ရက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။ ၎င်းမှာ သားရဲစီးကြောင်းများကို ချေမှုန်းရန် ဝမ်ပေါင်လဲ့ ပြင်ဆင်ထားသော ဓမ္မလက်နက်ကြီးတစ်ခုပင် ဖြစ်သည်။
သားရဲစီးကြောင်းများမှာ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ဘဲ ထိုဝိညာဉ်အမျှင်အတန်းများကြောင့် ချက်ချင်းပင် တစ်စစီ ဆုတ်ဖြဲခံလိုက်ရမည်သာ ဖြစ်သည်။ ၎င်းတို့၏ အလောင်းများနှင့် သွေးများမှာ မြေကြီးပေါ်သို့ ကျသွားပြီးနောက် မန္တန်အစီအရင်ကြီး၏ စုပ်ယူမှုကို ခံလိုက်ရမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့မှာ ချီအားဖြည့် ဝိညာဉ်မန္တန်အစီအရင်ကြီးအား အားဖြည့်ပေးမည့် အာဟာရဓာတ်များအဖြစ်သို့ သွားမည်ဖြစ်သည်။ ထိုသို့ဖြင့် သားရဲစီးကြောင်းကြီးတစ်ခု သေကျေပျက်စီးသွားတိုင်း စက်ဝန်းတစ်ခု လည်ပတ်သွားသကဲ့သို့ ဖြစ်သွားကာ လှိုဏ်ခေါင်းထဲရှိ အကာအရံကြီးအား တိုက်စားပစ်လိုက်မည်ဖြစ်သည်။
ယခုတွင် ထိုမန္တန်အစီအရင်ကြီး၏ ကနဦးအဆင့်များမှာ ပြီးစီးသွားပြီဖြစ်ပြီး ၎င်းအား ပြုပြင်မွမ်းမံကာ ကာကွယ်စောင့်ရှောက်နေကြသည့် လူပေါင်းမြောက်မြားစွာ ရှိနေကြသည်။ သို့သော် ထိုအခိုက်အတန့်တွင် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းထဲ၌ အလွန်အင်မတန်မှကျယ်လောင်သော ဟိန်းဟောက်သံကြီးတစ်သံ မြည်ဟည်းသွားပြီး နောက်ဆုံးအကြိမ် ပေါ်ပေါက်လာခဲ့စဉ်တုန်းက ပြည်ထောင်စုကြီးတစ်ခုလုံးအား တုန်လှုပ်ချောက်ချားသွားစေခဲ့သည့် မျက်နှာကြီးမှာ မန္တန်အစီအရင်ကြီး၏ အောက်၌ ရုတ်တရက်ဆိုသလို ပြန်လည်ပေါ်ပေါက်လာတော့သည်။
ယခုအကြိမ်တွင် ၎င်းမှာ ပို၍ပင်အားကောင်းနေပြီး ထိုနေရာတစ်ဝိုက်တွင် ၎င်းအား အပြင်ဘက်သို့ သွေးရူးသွေးတန်း ပြေးထွက်လာအောင် ဆွဲဆောင်နိုင်စွမ်း ရှိနေသည့် အရာတစ်ခု ရှိနေသကဲ့သို့ပင် ဖြစ်နေ၏။
ထို ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားမှုကြောင့် လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားရ၏။ သူတို့မှာ ကြောက်ကြောက်လန့်လန့်နှင့် ထွက်ပြေးသွားကြစဉ်တွင် ထို မျက်နှာကြီး၏ ပေါ်ပေါက်လာမှုကြောင့် သတိပေးစနစ်မှာ စတင်လည်ပတ်သွားသဖြင့် မြို့တော်နယ်မြေအသစ်၏ ဧရာမရှေ့ပြေးပုံစံကြီးထဲတွင် နားစည်များပင် ကွဲအက်သွားစေနိုင်လောက်အောင် စူးရှကျယ်လောင်သည့် သတိပေးခေါင်းလောင်းသံများ ပဲ့တင်ထပ်သွားတော့သည်။
ထိုအခါ မရေမတွက်နိုင်လောက်အောင် များပြားသော လူရိပ်ပေါင်း မြောက်မြားစွာမှာ ထိုနေရာသို့ ပြေးလာကြတော့သည်။