Switch Mode

အခန်း (၃၇၁)

လူချောလေးများအဖွဲ့စည်း၏ အဖွဲ့ဝင်အသစ်

အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲရှိ ထာဝရခံတပ်ကြီးမှာ ၎င်း၏ ရှေ့ပြေးပုံစံထက် အဆတစ်သောင်းတိတိ ပို၍ကြီးမားနေမည် ဖြစ်သည်။ ၎င်းမှာ အလွန်အင်မတန်မှ ကြီးမားနေမည့်အပြင် ပြိုင်ပွဲထဲ၌ ရှိခဲ့စဉ်တုန်းက ပြီးမြောက်အောင် မဆောက်လုပ်နိုင်ခဲ့သော အဆောက်အဦများလည်း ထပ်၍ ပါဝင်နေဦးမည်ဖြစ်သည်။ မြို့တော်နယ်မြေအသစ် ဆောက်လုပ်ရေးလုပ်ငန်းအတွင်းတွင် ၎င်းတို့အားလုံးကို ပြီးစီးသွားအောင် ဆောက်လုပ်လိုက်မည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထို ဆောက်လုပ်ရေးလုပ်ငန်းအတွင်းတွင် အလွန်အင်မတန်မှ အလုပ်ရှုပ်နေရ၏။ ဤ ထာဝရခံတပ်ကြီးမှာ သူ၏ကိုယ်ပိုင် အဆောက်အဦတစ်ခု ဖြစ်နေမည်မဟုတ်ပါလော။ ပြိုင်ပွဲထဲ၌ ပထမဦးစွာ ဆောက်လုပ်ခဲ့သည့်အချိန်တုန်းက ၎င်းမှာ အလွန်အင်မတန်မှ ခံ့ညားထည်ဝါနေသည့်ပုံ ပေါက်နေခဲ့ပါသော်လည်း အမှန်တွင်မူ ပြဿနာအချို့ပေါ်ပေါက်လာခဲ့သည်ဖြစ်သည်။ သို့သော် အပြင်လူများမှာ ၎င်းတို့အား သတိမထားမိခဲ့ကြပေ။

သို့ရာတွင် ဝမ်ပေါင်လဲ့မှာမူ ပြည်ထောင်စုကြီးတစ်ခုလုံးထဲ၌ ထာဝရခံတပ်ကြီး၏ အလုပ်လုပ်ပုံများကို အရင်းတနှီး အကျွမ်းတဝင် အရှိဆုံးလူ ဖြစ်နေသည်မဟုတ်ပါလော။

သူ၏ တွက်ချက်မှုများအရဆိုလျှင် နှစ်ဝက်အတွင်းတွင် လူဦးရေသန်းတစ်ရာထိ နေထိုင်နိုင်သော မြို့တော်နယ်မြေအသစ်တစ်ခုကို ဆောက်လုပ်ရန်မှာ ဖြစ်နိုင်ပေသည်။ သို့သော် ထိုမြို့တော်နယ်မြေအသစ်၏ အရည်အသွေးနှင့် သားရဲစီးကြောင်းများအား ခုခံနိုင်စွမ်းကို စမ်းသပ်ရန် အတိုင်းအတာတစ်ခုအထိ လိုအပ်သေးသည်သာ ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မြို့တော်နယ်မြေအသစ်၏ ရှေ့ပြေးပုံစံကို သုံးလအတွင်း အပြီးဆောက်ရန် သတ်မှတ်ထား၏။ နောက်သုံးလအတွင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နေမည်ဖြစ်သလို ထိုမြို့တော်နယ်မြေအသစ်ကြီးမှာ သားရဲစီးကြောင်းများအား ခုခံနိုင်စွမ်းရှိမရှိကိုလည်း အကြိမ်ကြိမ် စစ်ဆေးလိုက်မည်ဖြစ်သည်။ ထိုသို့ဖြင့် ခြောက်လတိတိ ကုန်ဆုံးသွားပြီးလျှင် မြို့တော်နယ်မြေသစ်၏ ပထမဆုံးအဆင့်ကို ဆောက်လုပ်ပြီးစီးသွားမည်ဖြစ်ပြီး စမ်းသပ်မှုအချို့လည်း ပြုလုပ်ပြီးသွားမည်ဖြစ်သည်။ သို့မှသာ ထိုနယ်မြေအသစ်ထဲသို့ ပြောင်းရွှေ့လာကြမည့် လူများ၏ ဘေးကင်းလုံခြုံမှုအတွက် အာမခံနိုင်မည်ဖြစ်သည်။

ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန် သူ့ဆီတွင် ငွေအင်အား၊ လူအင်အား အလုံအလောက်ရှိနေရန် လိုအပ်ပေသည်။ ယခုတွင် သူ့ဆီ၌ အလုပ်သမား အယောက်တစ်သိန်းတိတိ ရှိနေပြီဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ အခြေအနေတစ်ခုလုံးကို ခြုံငုံသုံးသပ်လိုက်ပြီးနောက် လုံလောက်ဦးမည်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်၏။

” ငါ့ရဲ့ လက်ထောက်မြို့တော်ဝန်သုံးယောက်က နောက် နှစ်ရက် သုံးရက်လောက်နေရင် ရောက်လာလောက်ပြီ ” ဝမ်ပေါင်လဲ့မှာ လမ်းတစ်လျှောက်လုံး၌ သူ၏ မြို့တော်ဝန်လေးယောက်အား နေရာချထားရမည့် ကိစ္စနှင့်ပတ်သက်၍ သေသေချာချာ စီစဉ်ခဲ့ပြီးဖြစ်သည်။

သူသည် ပြိုင်ပွဲကြီးကို အနိုင်ရရှိခဲ့သောကြောင့် အသာစီးရနေပြီဖြစ်ကြောင်း ကောင်းကောင်းသိထား၏။ အစပိုင်းတွင် သူသည် အခြားသူများကို အတင်းအဓမ္မ ဖိအားပေးနိုင်မည်ဖြစ်ပါသော်လည်း သူတို့ ခြေကုပ်ရရှိသွားသည်နှင့် တစ်ပြိုင်နက် သူတို့အား ဖိအားပေးနိုင်ရန်မှာ လွယ်ကူတော့မည်မဟုတ်ပေ။

သူသည် အစောပိုင်းကာလ၌ ရရှိထားသော အားသာချက်ကို လက်လွှတ်ခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် စိတ်ထဲ၌ တွေးတောလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။

” လီယီရဲ့ တာဝန်က ငါ့ရဲ့ အစီအစဉ်တွေအတိုင်း ခံတပ်ကြီးကို တည်ဆောက်ပေးဖို့ပဲ။ သူက အဲဒီတာဝန်ကို ငြင်းဆန်နိုင်မှာမဟုတ်တဲ့အပြင် ကျေကျေနပ်နပ်နဲ့တောင် လုပ်ရင် လုပ်နေဦးမှာ။ သူရထားတဲ့ ရာထူးက ငါ့ရဲ့ရာထူးပြီးရင် လုပ်ပိုင်ခွင့်အာဏာ အရှိဆုံးပဲလေ ”

” အဲလိုသာဆိုရင် သမင်ဖြူတာအိုကျောင်းကလည်း ဘာကိုမှ မကျေမနပ် ဖြစ်နေတော့မှာမဟုတ်ဘူး။ ငါ့ဘက်ကတော့ ပြတ်ပြတ်သားသားလုပ်ဖို့ လိုအပ်တယ်… ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ ‌‌တွေးလိုက်၏။ သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များနှင့် လက်ပွန်းတတီးရှိနေခဲ့သူတစ်ယောက် ဖြစ်သောကြောင့် လူတစ်ယောက်အား အပြစ်ရှာလိုလျှင် အရင်ဆုံး သူ့အား တာဝန်တစ်ခုပေးရန် လိုအပ်ကြောင်း သိထား၏။

ထိုသို့သာမဟုတ်ပါက သူ့၏ အားနည်းချက်ကို အတိအကျ ထောက်ပြနိုင်ရန်မှာ ခဲယဉ်းနေမည်ဖြစ်သည်။

” ခုန်းတောက်နဲ့ ပတ်သတ်လို့က… မြို့တော်သခင်လင်းက သူ့ကို ဂရုစိုက်စရာတဲ့အပြင် သူနဲ့ ငါ့ရဲ့ကြားမှာရှိတဲ့ တင်းမာမှုတွေကို ဖြေရှင်းပြီးသွားရင် သူ့ကို မိတ်ဆွေပါဖွဲ့လို့ရတယ်လို့ ပြောထားပေမယ့် ခက်တော့ခက်မှာ။ ငါက သူ့ကို ကြည့်မရဘူး ” ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့်တွေးတောလိုက်ပြီးနောက် ခုန်းတောက်အား နတ်ဘုရားလက်နက် လှိုဏ်ခေါင်းကို ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ယူထားရသည့် စစ်တပ်နယ်မြေထဲ၌ တာဝန်ချထားလိုက်ခြင်းမှာ အသင့်တော်ဆုံးဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။

အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲရှိ အရေးအကြီးဆုံးနေရာမှာ နတ်ဘုရားလက်နက်နယ်မြေ ဖြစ်နေသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ အခြေအနေတစ်ခုလုံးကို ခြုံငုံသုံးသပ်လိုက်ပြီးနောက် ခုန်းတောက်မှာ ထိုစီစဉ်မှုအား ငြင်းဆန်မည် မဟုတ်ကြောင်း ကောက်ချက်ချလိုက်၏။ တစ်ချိန်ထဲမှာပင် စစ်တပ်မှာ နတ်ဘုရားလက်နက်လှိုဏ်ခေါင်းနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို အရင်ဆုံး သိရှိနိုင်ခွင့် ရှိသွားမည်ဖြစ်ရာ ထိုစီစဉ်မှုအား ကျေနပ်နေမည်သာဖြစ်သည်။

” အဲလိုသာဆိုရင် သူနဲ့ ငါနဲ့ ထိပ်တိုက်တွေ့စရာ မလိုတော့သလို သူနဲ့ငါနဲ့ နယ်မြေတစ်ခုထဲမှာ အတူတူ ရှိနေနိုင်တဲ့ အခွင့်ရေးတွေကလည်း နည်းသွားမှာ။ အဲ့တာမလို့ ငါ့အတွက်လည်း အခြေအနေအတွေကို လိုသလိုထိန်းချုပ်နိုင်ဖို့ ပိုလွယ်ကူသွားမှာပဲ ” ဝမ်ပေါင်လဲ့မှာ သူ၏ ပရိဘောဂ အစုံအလင်မရှိသေးသော ရုံးခန်းထဲ၌ထိုင်ကာ မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူလိုက်ပြီး တဂျွတ်ဂျွတ်မြည်အောင် ဝါးစားရင်း ကျင့်သိုမင်အား မည်သည့်တာဝန် ပေးလိုက်ရမည်နည်းဟု စဉ်းစားတွေးတောနေလိုက်တော့သည်။

” ကျင့်သိုမင်က လသုံးစင်းမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာနိုင်တယ်ဆိုတော့ စီမံခန့်ခွဲမှုအပိုင်းမှာ ကျွမ်းကျင်လောက်တယ်။ သူ့ရဲ့ အရည်အချင်းတွေက တမူထူးခြားလောက်အောင် ကောင်းနေတာမဟုတ်ပေမယ့် သူ့ကို အဲဒီတာဝန် ပေးလိုက်မယ် ” ဝမ်ပေါင်လဲ့မှာ ပလုပ်ပလောင်းနှင့် မုန့်များကို ကုန်အောင်စားလိုက်ပြီးနောက် ကျင့်သိုမင်အား မြို့တော်နယ်မြေအသစ်၏ အတွင်းရေးကိစ္စများကို စီမံခန့်ခွဲရမည့်တာဝန် အပ်နှင်းလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။

လင်းတျန်ဟောက်နှင့် ပတ်သတ်၍မူ ဝမ်ပေါင်လဲ့မှာ စိတ်ပူနေခြင်းမရှိပေ။ သူသည် သူ့ဘက်မှ လူတစ်ယောက်ဖြစ်သောကြောင့် သူ့အား စည်းကမ်းထိန်းသိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဌာနများ၌ တာဝန်ယူခိုင်းလိုက်ရန် ဆုံးဖြတ်လိုက်၏။

ဝမ်ပေါင်လဲ့မှာ သူ၏ လက်ထောက်မြို့တော်ဝန် လေးယောက်အား နေရာချထားရန် လိုအပ်သည့်စီစဉ်မှုများ ပြုလုပ်လိုက်ပြီးနောက် သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို ပို၍ပင် နားလည်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရပြန်သည်။ လေ့လာသည်ယူထားသည့်အရာများကို လက်တွေ့အသုံးချနိုင်မှသာ အမှန်တကယ်နားလည်သည်ဟု ဆိုနိုင်သည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် ကျေနပ်အားရစွာဖြင့် ဝိညာဉ်ရေခဲရေတစ်ဘူးကို ထုတ်ယူကာ တစ်ကျိုက်မော့သောက်လိုက်ပြီး သက်ပြင်းချလိုက်တော့သည်။

” ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့လက်အောက်ကလူတွေကို ယုံကြည်နေဖို့ လိုတယ်။ ငါက သူတို့ရဲ့ အစွမ်းအစတွေကိုတွေကို ထုတ်ပြနိုင်ဖို့အတွက် စင်မြင့်ကြီးတစ်ခု တည်ဆောက်ပေးထားသလို ဖြစ်နေတယ်လို့တောင် သတ်မှတ်လို့ရတယ်။ ငါ့အတွက်ကတော့ ငွေကြေးအပိုင်းနဲ့ လူအင်အားအပိုင်းကို ကောင်းကောင်းထိန်းချုပ်နိုင်ရင် ရပြီ ”

” ဟ။ ငါ့ဘက်မှာ ‌ငွေအင်အား၊ လူအင်အားသာ အလုံအလောက်ရှိနေမယ်ဆိုရင် ဒီစီမံကိန်းကြီးတစ်ခုလုံးကို လက်ဝါးကြီးအုပ်ထားလို့ရတယ် ” ဝမ်ပေါင်လဲ့သည် သူ၏ရာထူးအဆင့်အတန်းမှာ ယခင်တုန်းကနှင့် မတူတော့ကြောင်း ခံစားလိုက်ရ၏။ သူသည် လေတချွန်ချွန်နှင့် သူ၏ ရုံခန်းထဲမှ ထွက်သွားလိုက်ပြီး ပျားပန်းခတ် အလုပ်ရှုပ်နေကြသော ဆောက်လုပ်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုရင်း လိုအပ်ချက်များရှိနေသည့် နေရာများ၌ အမှားများကိုထောက်ပြကာ အမှန်ပြင်ပေးနေတော့သည်။ နတ်ဘုရားလက်နက် လိုဏ်ခေါင်းကြီး၏ အချုပ်အနှောင်ရှိနေသောနေရာတွင် သူသည် အထူးသတိထား၍ ကြီးကြပ်ခဲ့၏။

ဝမ်ပေါင်လဲ့မှာ ထိုခံတပ်ကြီးအား တည်ဆောက်ရသည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း သိရှိထား၏။ ထို့အပြင် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးသာ ရှိမနေခဲ့ပါက ပြည်ထောင်စုကြီးထဲရှိ အဖွဲ့အစည်း အသီးသီးမှာ ဤမြို့တော်နယ်မြေအသစ်ကြီးအား အာရုံစိုက်နေမည်မဟုတ်ကြောင်းကိုလည်း ပို၍ပင် ရှင်းလင်းပြတ်သားစွာ နားလည်ထားသည်။

ထို့ကြောင့် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းမှာ အဓိကသော့ချက်ဖြစ်သည်။

” ဒီခံတပ်ကြီးကို တည်ဆောက်ရတဲ့ အကြောင်းအရင်းက ချီအားဖြည့် ဝိညာဉ်မန္တန်အစီအရင်ကို ထောက်ပံ့ပေးဖို့ပဲ။ အဲဒီ မန္တန်အစီအရင်ရဲ့ တာဝန်ကကျတော့ နတ်ဘုရားလက်နက်လှိုဏ်ခေါင်း အချုပ်အနှောင်ရဲ့ အောက်မှာရှိနေတဲ့ အကာအရံကြီးကို ချေမွဖျက်ဆီးပစ်ဖို့ပဲ။ ပြီးတော့ ခံတပ်ကြီးကို ဆောက်လုပ်ပြီးစီးသွားတာနဲ့ တစ်ပြိုင်နက် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းထဲမှာ ရှိနေတဲ့ ဖိအားတွေကို လျှော့ချနိုင်ဖို့အတွက် အချုပ်အနှောင်ကြီးကို မကြာမကြာ ဖွင့်ပေးရဦးမှာ။ အဲ့တာမလို့ ဒီခံတပ်ကြီးထဲမှာ အကာအကွယ်စနစ်တွေတင်မဟုတ်ဘဲ အလိုအလျောက်သတ်ဖြတ်နိုင်တဲ့ စနစ်တွေပါ ပါဝင်နေဖို့လိုအပ်တယ် ”

” အဲ့လိုမှပဲ စမ်းသပ်မှုကို စနိုင်မှာ။ အဲဒီစမ်းသပ်မှုကြီး အောင်မြင်သွားပြီဆိုတာနဲ့ အင်္ဂါဂြိုဟ်နယ်မြေအသစ်ကြီးရဲ့ ဆောက်လုပ်ရေးလုပ်ငန်းကိုလည်း အောင်မြင်သွားပြီလို့ သတ်မှတ်လို့ရပြီ ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ တွေးတောနေရင်း နတ်ဘုရားလက်နက်လှိုဏ်ခေါင်း၏ အပြင်ဘက်သို့ရောက်ရှိလာ၏။

ယခုတွင် ၎င်း၏ ပုံပန်းသွင်ပြင်ကြီးမှာ ပြောင်းလဲနေပြီးဖြစ်သည်။ ထိုနေရာတစ်ဝိုက်တွင် စခန်းများ ရှိနေကြပြီဖြစ်ပြီး အလုပ်သမားပေါင်း တစ်သောင်းကျော်မှာ ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြပြီဖြစ်သည်။ ထိုအလုပ်သမားများမှာ အလွန်အင်မတန်မှ များပြားနေသောကြောင့် ချိုင့်ခွက်ကြီးတစ်ခုလုံးပင်လျှင် ပြည့်လုနီးပါး ဖြစ်နေ၏။

မြည်းလေးမှာလည်း ထိုနေရာ၌ရှိနေပြီး သူခိုးတစ်ယောက်ကဲ့သို့ ပြုမူနေ၏။ ၎င်းမှာ ပစ္စည်းများ စုပုံထားသည့် အပုံကြီးကိုကြည့်ရင်း သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ပါးစပ်ထဲမှ သွားရည်များ ကျလာတော့သည်။ ထို့နောက် ၎င်းမှာ သူ၏ စိတ်ကူးထဲမှ အစာလေး အပြင်သို့ ပျံထွက်လာသည်ကို စောင့်မျှော်နေသည့် အမူအရာဖြင့် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီးအား ကြည့်နေတော့သည်။

မြည်းလေးမှာ ပျင်းရိပျင်းတွဲနဲ့ လေးကန်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်းထွက်သွားကာ ရှေ့သို့ပြေးသွားလိုက်ပြီး ၎င်းအား လှမ်း၍ကန်လိုက်၏။ မြည်းလေးမှာမူ ဝမ်ပေါင်လဲ့၏ ရိုက်နှက်ကန်ကျောက်မှုများကို ကြိမ်ဖန်များစွာ တောင့်ခံခဲ့ဖူးသည်ဖြစ်ရာ အရေထူနေပြီဖြစ်သောကြောင့် ထိုကဲ့သို့ အကန်ခံလိုက်ရသည့်တိုင်အောင် ဘာကိုမှ မခံစားလိုက်ရပေ။ ထို့အပြင် ၎င်းမှာ ဝမ်ပေါင်လဲ့အား ဖားယားနေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီး စိတ်ဓာတ်များ တက်ကြွနေသည့်ပုံပင် ပေါက်နေတော့သည်။

” မြည်းစုတ်။ ဒီမှာရှိတဲ့ ပစ္စည်းတွေအားလုံးကို စာရင်းမှတ်ထားပြီးသားနော်။ ပစ္စည်းတစ်ခုခု ပျောက်သွားတာနဲ့ မင်း စားခဲ့သည်ဖြစ်စေ မစားခဲ့သည်ဖြစ်စေ မင်းကို ရိုက်နှက်ပြီးတော့ အပြစ်ပေးတဲ့အနေနဲ့ ပါးစပ်ပိတ်ပစ်မှာ ” ဝမ်ပေါင်လဲ့မှာ လေသံမာမာနှင့် ဆိုလိုက်တော့ကြောင့် မြည်းလေးမှာ တုန်လှုပ်ချောက်ချားကာ စိုးထိတ်သွားရတော့သည်။

၎င်းမှာ ဝမ်ပေါင်လဲ့၏ ပြောစကားများကို အတိုင်းအတာတစ်ခုအထိ နားလည်နိုင်စွမ်း ရှိနေပြီဖြစ်သည့်ပုံပင်။ သူ စားမိိလိုက်သောကြောင့်ဖြစ်စေ၊ အခြားသူများက ခိုးယူသွားသောကြောင့်ဖြစ်စေ သူ၏ အပြစ်သာ ဖြစ်နေမည်ဟု ဝမ်ပေါင်လဲ့က ဆိုလိုက်သည်မဟုတ်ပါလော။

ထို့ကြောင့် ၎င်းမှာ ခွင့်လွှတ်ပေးရန် တောင်းဆိုနေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့၏ ပေါင်ကို ခေါင်းဖြင့် ပွတ်လိုက်၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ၎င်းအား နောက်ထပ်တစ်ကြိမ် ထပ်၍ ကန်ကျောက်လိုက်သောကြောင့် ၎င်းမှာ မျှော်လင့်ချက်များအားလုံး ပျက်သုဉ်းသွားရပြီး သူ့အား တောင်းပန်နေလည်း ထူးတော့မည်မဟုတ်ကြောင်း သဘောပေါက်သွားတော့သည်။ ထို့နောက် ထိုမြည်းလေးမှာ နှာချေလိုက်ပြီး ကြီးကြပ်ရေးမှူးတစ်ယောက်ကဲ့သို့ အလုပ်သမားများအား မျက်ထောင့်နီကြီးများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။

ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး မြည်းလေးမှာ အစောင့်တစ်ယောက်ကဲ့သို့ တာဝန်ထမ်းဆောင်ပေးနေသည်ကို သိလိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရသွား၏။ ၎င်းမှာ မြို့တော်နယ်မြေသစ်ထဲတွင် နေ့ညမနား အလုပ်လုပ်ရင်း ပစ္စည်းများ ပျောက်ဆုံးသွားခြင်းရှိမရှိ မျက်ခြည်မပြတ် ကြည့်ရှုစစ်ဆေးနေခဲ့၏။ ၎င်းမှာ တစ်ခုခုလွဲနေကြောင်း အာရုံခံမိလိုက်သည်နှင့် အသံအကျယ်ကြီး အော်ဟစ်မြည်တမ်းလိုက်ပြီး ဝမ်ပေါင်လဲ့နှင့် လင်းတျန်ဟောက်တို့အား လာရောက်စစ်ဆေးရန် သတိပေးလိုက်သည်သာဖြစ်သည်။

အစပိုင်းတွင် လင်းတျန်ဟောက် ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ထဲ၌ အထူးတလည် တွေးတောနေခြင်း မရှိပေ။ သို့သော် ထိုကဲ့သို့သော အဖြစ်အပျက်မျိုးနဲ့ ထပ်ခါတလဲလဲ ကြုံလိုက်ရပြီးနောက် မြည်းလေးမှာ အမှန်တကယ်ပင် ရေတွက်နိုင်စွမ်းရှိနေသည်ကို သိလိုက်ရသဖြင့် တအံ့တဩ ဖြစ်သွားရပြီး ၎င်းအား အံ့ဩတုန်လှုပ်စွာနှင့် စိုက်ကြည့်နေမိတော့သည်။

သူသည် ထိုအကြောင်းများကို ဝမ်ပေါင်လဲ့အား ပြန်ပြောပြလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်ပြီး သူသည် အမှိုက်များကိုပင် အကျိုးရှိအောင် အသုံးချနိုင်လောက်သည့်အထိ လိမ္မာပါးနပ်သော လူတစ်ယောက်ဖြစ်ကြောင်း သူ့ကိုယ်သူ မှတ်ယူလိုက်၏။ ထို့နောက် သူသည် လင်းတျန်ဟောက်အား စိုက်ကြည့်လိုက်ပြီး လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် လင်းတျန်ဟောက်၏ အလုပ်တာဝန်များမှာ သူ့ထက် သိသိသာသာ ပိုများလာသည်ကို သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် လင်းတျန်ဟောက်၏ ပခုံးအား ကျေနပ်အားရစွာ ပုတ်လိုက်ပြီး သူ့အား အဖွဲ့ထဲသို့ ဖိတ်ခေါ်ရန် ဆုံးဖြတ်လိုက်တော့သည်။

” တျန်ဟောက်။ မင်း လူချောလေးများ အဖွဲ့စည်းကို ကြားဖူးတယ်မလား။ ကျိုးရိဖန်း၊ ကျောက်ယမုန့်နဲ့ ငါတို့သုံးယောက်ရဲ့ ရုပ်ရည်တွေက အဆင့်အတန်းတစ်ခုမှာ ရှိနေတာမလို့ ငါတို့က လို့ချောလေးများအဖွဲ့အစည်းကို ဖွဲ့စည်းခဲ့တာ ”

” မင်းရဲ့ ခန္ဓာကိုယ်အချိုးစားက အရမ်းကြီး အံ့သြဖို့မကောင်းတဲ့အပြင် မင်းရဲ့ ရုပ်ရည်ကလည်း ငါ့လောက် မချောပေမဲ့ ငါတို့က ညီအစ်ကိုတွေမလား။ အဲ့တာမလို့ ဒီနေ့ကနေစပြီးတော့ ငါ မင်းကို လူချောလေးများ အဖွဲ့စည်းရဲ့ စတုတ္ထမြောက်အဖွဲ့ဝင်အဖြစ် တရားဝင် ကြေညာလိုက်တယ် ”

ထိုအခါ လင်းတျန်ဟောက်မှာ ရယ်ရမလို ငိုရမလိုဖြစ်သွားတော့သည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အချိုးအစားနှင့် ရုပ်ရည်များကို အကဲဖြတ်သည့် စံနှုန်းများမှာ သူနှင့် မတူဘဲ ကွဲပြားနေခြင်းဖြစ်မည်ဟု သူက မှတ်ယူလိုက်၏။ သို့သော် သူ၏ ကံကြမ္မာမှာ ဝမ်ပေါင်လဲ့အပေါ် လုံးဝမူတည်နေသည်ဖြစ်၍ သူသည် ဝမ်ပေါင်လဲ့နှင့် သေတူရှင်မကွဲ နေရတော့မည်ဖြစ်ကြောင်း သူက နားလည်ထားသည်။

ထို့အပြင် သူသည် အင်္ဂါဂြိုဟ်ပေါ်၌ ဝမ်ပေါင်လဲ့နှင့်အတူ အချိန်ကြာမြင့်စွာ ဖြတ်သန်းခဲ့ရသည်ဖြစ်ရာ ဝမ်ပေါင်လဲ့၏ လွှမ်းမိုးမှုများကြောင့် သူသည် အနည်းငယ်ခန့် ပြောင်းလဲသွားခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့၏ ရှေ့တွင် ထိုင်ရန်ပြင်နေရာမှ ရုတ်တရက်ဆိုသလို မတ်တတ်ပြန်ထလာပြီး စိတ်လှုပ်တရှားဖြင့် ဆိုလိုက်တော့သည်။

” မင်္ဂလာပါ ဥက္ကဋ္ဌကြီး “

Comment

Leave a Reply

Options

not work with dark mode
Reset