လီချင်းဟောက်ထွက်ခွာသွားသည်ကိုကြည့်ကာ အူယန်ကျဲက အသံကျယ်ကြီးဖြင့် ဘေးနားကဂိုဏ်းသားများကြားအောင် အော်ပြောလိုက်သည်။
” လူစုခွဲပြီး ပိုင်ရှောင်ချန်းကို ရအောင်ရှာကြမယ်။ သူ့ကိုရှာတွေ့တဲ့လူကို ငါကိုယ်တိုင် စွမ်းဆောင်မှုရမှတ်တွေနဲ့ ဆုချမယ်။ လမ်းမှာအသက်ရှင်ကျန်နေတဲ့ လောချိန်မျိုးနွယ်စုဝင်တွေကိုတော့ မြင်တာနဲ့သတ်ပစ်မယ် ”
၅ထောင်ကီလိုမီတာတစ်ဝိုက်ကို ကျင့်ကြံသူအယောက်နှစ်ထောင်က တစ်လလုံးရှာဖွေကြတော့သည်။
နေရာအကုန်လုံး လှန်လှောရှာဖွေပါသော်ငြားလည်း ပိုင်ရှောင်ချန်းကို မည်သူမှရှာမတွေ့ချေ။ သို့သော်လည်း သူသတ်ခဲ့သောလောချိန်မျိုးနွယ်စုဝင်များ၏ အလောင်းများကိုတော့ တွေ့ရှိလေသည်။
တစ်လောင်းပြီးတစ်လောင်း ပေါ်ပေါ်လာသည်ကိုမြင်ရသောအခါ အတွင်းစည်းဂိုဏ်းသားများ ပို၍ပင်တုန်လှုပ်လာတော့သည်။
ထို လောချိန်မျိုးနွယ်စုဝင်အားလုံးမှာ တစ်ချက်ထဲနှင့် ဇီဝိန်ချုပ်ခံခဲ့ရခြင်းဖြစ်သည်။ ချီစုစည်းမှုအဆင့်ခြောက်သာရှိသော အပြင်စည်းဂိုဏ်းသားတစ်ယောက်က ထိုကဲ့သို့ တိုက်ကွက်မျိုးထုတ်သုံးနိုင်သည်ကို သူတို့မှာ ယုံပင်မယုံရဲပေ။
ချန်သကျင်းကမူ ပင့်သက်များကိုဆက်တိုက်ရှိုက်နေရတော့သည်။ ရုတ်တရက်ပင် ပိုင်ရှောင်ချန်းတကယ်သေသွားလျှင် သူ့အတွက်ပိုကောင်းသည် ဟူသောအတွေးက သူ့ခေါင်းထဲသို့ဝင်လာသည်။ ထိုကဲ့သို့ ကြမ်းတမ်းကာ အင်အားကြီးသော လူမျိုးကို သူလည်းယှဥ်နိုင်မည်မဟုတ်မှာ သေချာသည်။ လီချင်းဟောက်မှာ ဒေါသစိတ်များနှင့် တုန်လှုပ်နေပြီး စိတ်ထဲတွင်ကြိတ်ကာ ပူဆွေးနေတော့သည်။
ထိုမြင်ကွင်းကို ချန်သကျင်းကကြည့်ရင်း လန့်ဖျန့်နေတော့သည်။
” သောက်ကျိုးနည်းကွာ။ မင်းဂိုဏ်းထဲမှာ ဒီလိုအဆက်အသွယ်တွေရှိတဲ့အကြောင်း ဘာလို့ငါ့ကိုမပြောထားတုံး။ မင်းသာကြိုပြောထားရင် ငါမင်းကိုဒီလိုတွေမလုပ်ပါဘူးကွာ။ ”
အဆုံးတွင် ချီစုစည်းမှုအဆင့်ရှစ်ရှိသောလူသုံးယောက်၏ အလောင်းများကိုမြင်လိုက်ရသောအခါ သူတို့မှာ ဖြစ်ပျက်ခဲ့သောတိုက်ပွဲ၏ ပြင်းထန်ရက်စက်ပုံကို တွေးတောမြင်ယောင်ရင်း ဆွံ့အနေတော့သည်။
မကြာမီ သူတို့အားလုံးက ပိုင်ရှောင်ချန်းသည် ထိုအမည်မဲ့တောင်တန်းများအကြားတစ်နေရာတွင် အသတ်ခံလိုက်ရခြင်းဖြစ်မည်ဟု ကောက်ချက်ချလိုက်ကြတော့သည်။ ထိုတောင်တန်းများထဲတွင် ရက်စက်ကြမ်းကြုတ်သော သားရဲတိရစ္ဆာန်များနှင့်ပြည့်နှက်နေပြီး အခြားအန္တရာယ်များစွာလည်းရှိသေးသည့်အတွက် အလောင်းပင်မကျန်မှာ သေချာသည်။
အဆုံးတွင်သူတို့က ဟိုယွင်ဖေးနှင့်တုလင်ဖေးကို ဖမ်းရန် ချိန်ဟန်လွှတ်လိုက်သော လောချိန်မျိုးနွယ်စုဝင်နှစ်ယောက်ကို ဖမ်းမိသွားသည်။ သူတို့၏ပြောစကားအရ ပိုင်ရှောင်ချန်းကိုလိုက်ဖမ်းသောသူများထဲတွင် ချီစုစည်းမှုအဆင့်ကိုးရှိသည့် လောချိန်မျိုးနွယ်စု၏ ခေါင်းဆောင်ငယ် ပါဝင်ကြောင်းသိလိုက်ရသောအခါ ပိုင်ရှောင်ချန်းအမှန်တကယ်သေဆုံးသွားပြီဖြစ်ကြောင်း တွေးလိုက်ကြတော့သည်။
ထိုသို့တစ်လကြာရှာဖွေပြီးကြသောအခါ လူတိုင်းက ဂိုဏ်းသို့ပြန်ကုန်ကြတော့သည်။ ပြင်းထန်စွာ ဒဏ်ရာရရှိနေသော်လည်း အသက်ရှင်နေသေးသည့် ဟိုယွင်ဖေးကိုမူ စောစောရှာတွေ့လိုက်သည်။ ဂိုဏ်းက သူ့ကို အစွမ်းကုန် ပြန်ကုသ ပေးသည့်အတွက် ပြန်ကောင်းလာသည်။
သူနှင့်တုလင်ဖေးတို့မှာ ဂိုဏ်းအတွက် ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ပေးနိုင်ခဲ့သော်လည်း သူတို့မှာ စိတ်မလှုပ်ရှားနိုင်ဘဲ ဝမ်းနည်းပူဆွေးနေပြီး ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးတောနေတော့သည်။
ရှာဖွေမှုများပြုလုပ်ခဲ့စဥ်က သူတို့နှစ်ယောက်လုံး ကူညီရှာဖွေပေးချင်သော်လည်း ဒဏ်ရာများမှာ ပြင်းထန်လွန်းလှသဖြင့် မဖြစ်နိုင်ချေ။ အလျော့ မပေးဘဲ ပိုင်ရှောင်ချန်းကို ဆက်ရှာဖွေနေသည့် တစ်ဦးထဲသောလူမှာ လီချင်းဟောက်ပင်ဖြစ်သည်။ သူကထိုအမည်မဲ့တောင်တန်းများထဲသို့ တစ်ယောက်ထဲသွားကာ နှစ်လတိတိဆက်၍ရှာဖွေနေတော့သည်။ သူဝင်ရောက်၍မရသောနေရာအနည်းငယ်မှလွဲ၍ တောင်တန်းတစ်ခုလုံးကို မွှေနှောက်ရှာဖွေနေတော့သည်။ ပိုင်ရှောင်ချန်းသည် သေချာပေါက် ထိုတောင်တန်းများထဲတွင်ရှိရမည်ဖြစ်သော်လည်း သူ၏ခြေရာလက်ရာလေးတစ်ခုပင် မမြင်ရပေ။ မသိလျှင် ပိုင်ရှောင်ချန်းမှာ အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသည့်အလားပင်။
သူလိုက်ရှာသည့် လမ်းခရီးတွင် စွမ်းအားကြီး သားရဲတိရစ္ဆာန်များနှင့်တိုက်ခိုက််ခဲ့ရပြီး ထိခိုက်ဒဏ်ရာများပင် ရခဲ့သည်။
၂လအကြာတွင်မူ သွေးစွန်းသောအဝတ်စတစ်ခုတင်နေသော သစ်ပင်တစ်ပင်တစ်ပင်ရှေ့တွင် သူက ခါးသီးစွာ မတ်တတ်ရပ်နေတော့သည်။
” ငါသာမင်းကို ဂိုဏ်းထဲမခေါ်ခဲ့ရင် ဒါမျိုးတွေဖြစ်မှာ မဟုတ်ဘူးကွာ…..” လီချင်းဟောက်မှာ သားပျောက်သည့် အဖေတစ်ယောက်အလား ပူဆွေးနေသည်။ သူမျက်လုံးများမှိတ်လိုက်သောအခါ ဟူတောင်တန်းပေါ်တွင် လျှပ်စီးနှင့် မိုးကြိုးများကို ကြောက်ရွံ့နေသော ပိုင်ရှောင်ချန်း၏ ပုံရိပ်များက သူ့အတွေးထဲ ဝင်ရောက်လာသည်။ မြွေတစ်သောင်းတောင်ကြားထဲသို့ခေါ်သွားတုံးက သူကြောက်ချီးပန်းနေပုံများ၊ အပြင်စည်းဂိုဏ်းပြိုင်ပွဲတွင် သူပထမနေရာ ယူခဲ့ပုံများနှင့် ကျောက်တိုင်များတွင် ထိပ်ဆုံးနေရာယူခဲ့ပုံများကို တစ်ခုချင်းဆီ ပြန်အမှတ်ရလာတော့သည်။
သူ၏ရုပ်မှာ အိုစာနေပြီး အသက်မဲ့စွာပြုံးလိုက်ကာ သွေးစွန်းနေသော အဝတ်စကို လှမ်းယူလိုက်သည်။ ပိုင်ရှောင်ချန်းကို သူလိုက်ရှာစဥ်တစ်လျှောက်လုံး ထိုကဲ့သို့ အဝတ်စ ၇ခု၈ခုလောက်ကို ကောက်သိမ်းထားပြီးဖြစ်သည်။
အဆုံးတွင် သူကတောထဲမှထွက်ကာ အလင်းတန်းတစ်ခုအသွင်ပြောင်းပြီး အဝေးတစ်နေရာသို့ ပျံထွက်သွားတော့သည်။
ဤသို့ဖြင့် လောချိန်မျိုးနွယ်စု၏ ပုန်ကန်မှုမှာ အဆုံးသတ်သွားတော့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက လျှပ်စီးလက်သည့်အလား လျင်မြန်စွာလှုပ်ရှားပြီး သစ္စာဖောက်များကို သုတ်သင်နိုင်ခဲ့သည်။ ထိုကိစ္စမှာ ကောင်းကင်တံတားမြစ်၏ အရှေ့ဘက်သစ်တောဒေသ အောက်ပိုင်း တစ်ဝိုက်တွင် ဟိုးလေးတကျော်ဖြစ်သွားသည်။ ဒေသကြီးလေးခုထဲက တစ်ခုဖြစ်သော အရှေ့ဘက်သစ်တောဒေသ၏ ကျင့်ကြံခြင်းလောကတွင်ရှိသည့် များစွာသော ကျင့်ကြံခြင်းမျိုးနွယ်စုများနှင့်ဂိုဏ်းများမှာ ထိုအကြောင်းကို သိသွားကြတော့သည်။ ထို့ကြောင့် အရှေ့သစ်တောဒေသ အောက်ပိုင်းတစ်ဝိုက်တွင်ရှိသော ဂိုဏ်းကြီးလေးဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်သည့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို လေးစားကြောက်ရွံ့မှုများမှာ ပိုတိုးလာတော့သည်။
အနည်းငယ်စုံစမ်းစစ်ဆေးပြီးသောအခါ လောချိန်မျိုးနွယ်စု၏ပုန်ကန်မှု အကြောင်းအရင်းအချို့ကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ရှာဖွေတွေ့ရှိသွားလေသည်။ မျိုးဆက်ပိတ်လှောင်တားမြစ်မှုမှာ တစ်ခုအပါအဝင်ဖြစ်သော်လည်း ပိုမိုကြီးမားသော အကြောင်းအရင်းတစ်ချက်ရှိပေသည်။ သက်သေ သဲလွန်စများကို ပေါင်းစပ်လိုက်၍ အကြောင်းအရင်းကိုသိသွားသောအခါ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ အကြီးအကျယ် တုန်လှုပ်သွားတော့သည်။
သူတို့သာ ထိုပုန်ကန်မှုကို အချိန်မှီမတားဆီးနိုင်လိုက်ပါက အခြားကျင့်ကြံသူမျိုးနွယ်စုများကပါ လောချိန်မျိုးနွယ်စုအတူ လိုက်၍ ပုန်ကန်ကြမည်မှာ အသေအချာပင်။ ထိုအခါ အင်အားကြီးရန်သူတစ်ဖွဲ့က စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို လာတိုက်ခိုက်သည်နှင့် တူမည်ဖြစ်ပြီး ထိခိုက်နစ်နာမှုများစွာရကာ ဂိုဏ်းအခြေအနေပင် မငြိမ်မသက် ဖြစ်သွားနိုင်သည်။
တုလင်ဖေးနှင့် ဟိုယွင်ဖေးတို့၏ စွမ်းဆောင်မှုသတင်းများမှာ လျှင်မြန်စွာပျံ့နှံ့သွားသည်။ ပိုင်ရှောင်ချန်း၏ မြင့်မြတ်သော ပေးဆပ်မှုမှာလည်း ပြောစမှတ်တွင်သွားသည်။
သူ၏ ရောင်းရင်းဂိုဏ်းသားများကို စွန့်ခွာရန်ငြင်းဆိုခဲ့သည့်အပြင် ကိုယ့်ကိုယ်ကို ငါးစာတစ်ခုအဖြစ်အသုံးချကာ ရန်သူများကို အာရုံလွှဲနိုင်ခဲ့သည့် အချက်ကြောင့် လူအများက အံ့အားသင့်နေတော့သည်။
ကျင့်ကြံခြင်းလောကမှာ တစ်ကိုယ်ကောင်းဆန်သောလူများနှင့် ပြည့်နှက်နေသည်ဖြစ်ပြီး ပိုင်ရှောင်ချန်းလိုလူမျိုးများမှာ အင်မတန်ရှားပါးသည်။ ထိုသို့သော ဂိုဏ်းသားမျိုးကို ဆုံးရှုံးလိုက်ရသည့်အတွက် ကျန်ဂိုဏ်းသားများ၊ ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲများပင်လျှင် ပူဆွေးနေကြတော့သည်။
ထိုဖြစ်ရပ်တွင် အခြားသောနောက်ဆက်တွဲ ဖြစ်ရပ်များပါ ပါလာတော့သည်။ သို့သော်လည်း သဲလွန်စများ ထပ်ပေါ်လာသောအခါ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ငြိမ်သက်သွားသည်။ ရုတ်တရက်ကြီး သူတို့က စုံစမ်းစစ်ဆေးခြင်းများကို ရပ်တန့်လိုက်သည်။ သို့သော်လည်း အခြေခိုင်မာခြင်းအဆင့်ရှိသော ကျင့်ကြံသူများကမူ ယခင်ကထက်ပို၍ နိုးနိုးကြားကြားဖြစ်လာသည်ကို တွေ့နိုင်သည်။
မုန်တိုင်းကြီးတစ်ခုမလာခင် ငြိမ်သက်ခြင်းပေလော။
တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းပေါင်းလျှင် ဂိုဏ်းချုပ်၇ယောက်ရှိသည်။ ထို့အပြင် ဂိုဏ်းခေါင်းဆောင်နှင့် အခြားအကြီးအကဲများလည်း ရှိသေးသည်။ ဆွေးနွေးချက်များလုပ်ပြီးသောအခါ သူတို့အားလုံးက တူညီသောဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်တော့သည်။ တုလင်ဖေး၊ ဟိုယွင်ဖေးနှင့် သေဆုံးသွားပြီးဖြစ်သော ဖိန်းယန်တို့မှာ ရဲရဲတောက်စွမ်းဆောင်ချက်များကို ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်းကမူ သာမန်ထက်ပိုသော အထူးကြီးမားသည့် ကိစ္စတစ်ခုကို ထမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံးတွင် ဆုံးဖြတ်ချက်ကို ဂိုဏ်းခေါင်းဆောင် ကျိန်းယွမ်သုန်က ရှင်းပြလိုက်တော့သည်။
” မုန်တိုင်းကြီးတစ်ခု လာနေပြီ။ အရေးကြီးဆုံးက ဂိုဏ်းသားတွေအားလုံး စိတ်ဓာတ်တက်တက်ကြွကြွ ရှိနေဖို့ပဲ။ နှစ်ပေါင်း ထောင်သောင်းမက ငါတို့ဂိုဏ်းရဲ့ စိတ်ဓာတ်က ခိုင်ခိုင်မာမာရှိခဲ့တာ။
ပိုင်ရှောင်ချန်းက အသက်ပေးပြီး တာဝန်ကြီးတစ်ခုကို ထမ်းဆောင်ခဲ့လို့ သူ့ကို ခမ်းခမ်းနားနား သြင်္ဂိုဟ် ပြီး ဂုဏ်ပြုပေးမယ်။ ဂိုဏ်းကို အကျိုးပြုခဲ့တဲ့ လူတွေကို ဘယ်တော့မှ မေ့မသွားစေရဘူး ”
နောက်ရက်များတွင် လောချိန်မျိုးနွယ်စု၏ပုန်ကန်မှု အကြောင်းအရင်းများကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ဆက်မရှာတော့သော်လည်း ပိုင်ရှောင်ချန်းအသက်စွန့်ကာ ဂိုဏ်းသားများကိုကယ်တင်ခဲ့ပြီး ဂိုဏ်းအတွက် စွမ်းစွမ်းတမန်တိုက်ခိုက်ပေးခဲ့သည့် သတင်းများကိုမူ နေရာအနှံ့သို့ ဖြန့်နေတော့သည်။
ထိုသတင်းပျံ့ပျံ့သွားတိုင်း တောင်ဘက်ခြမ်းနှင့်မြောက်ဘက်ခြမ်းရှိ ဂိုဏ်းသားများမှာ ပိုင်ရှောင်ချန်းနာမည်ကို သိသွားကြပြီး သူအသက်စွန့်ကာ ဂိုဏ်းသားများကို ကယ်တင်ခဲ့ပုံများကိုပါ သိသွားတော့သည်။
ဤကဲ့သို့ သစ္စာရှိလှသော ဂိုဏ်းသားကို ဂိုဏ်းကလည်း မေ့မထားပေ။ လီချင်းဟောက်ကိုတိုင် အတွင်းစည်းဂိုဏ်းသား၂ထောင်ကို ဦးစည်ကာ ပုန်ကန်သူမျိုးနွယ်စုတစ်ခုလုံးကိို အမြစ်ပြတ်သုတ်သင်ခဲ့သည် မဟုတ်ပါလော။ ထိုကဲ့သို့ အင်အားကြီးသော လူအုပ်ကြီးနှင့် ပုန်ကန်မှုကို နှိမ်နင်းလိုက်သည်မှာ ကြက်တစ်ကောက်ကို ပုဆိန်ကြီးနှင့် ခုတ်သတ်သည့်အလား လွယ်ကူလှပေသည်။
ဂိုဏ်းသားများမှာ ပိုင်ရှောင်ချန်း၏နာမည်ကို မှတ်မိသွားရုံသာမက ဂိုဏ်း၏တုံ့ပြန်မှုကို အံ့သြနေကြတော့သည်။ ဂိုဏ်းသားများထင်မှတ်ထားသည့်အတိုင်း ဂိုဏ်းက တလွဲမသွေတုံ့ပြန်ခဲ့ခြင်းဖြစ်ပေသည်။
ဤအရာက နှစ်ပေါင်းထောင်သောင်းမက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မပြောင်းမလဲတည်ရှိနေသော ထုံးစံပင်ဖြစ်သည်။
” ငါတို့ ဂိုဏ်းသားတစ်ယောက်ကိုထိကြည့်…။ မင်းတို့ဘယ်လောက်အဝေးကြီးပြေးပြေး ရအောင်လိုက်သတ်မည် ”
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက် ဂိုဏ်းပြင်ထွက်လျှင် ဘယ်သောအခါမှ တစ်ယောက်ထဲမဟုတ်။ သူ၏နောက်တွင် တစ်ဂိုဏ်းလုံးရှိသည်။ ဂိုဏ်းမှာ သူတို့ကိုကာကွယ်ပေးနေသော ဒိုင်းတစ်ခုသဖွယ် သူတို့နောက်မှ အမြဲရှိနေသည်။
ထို့ကြောင့်လည်း ဂိုဏ်းသားများမှာ ဂိုဏ်းကို ကိုယ့်အိမ်သဖွယ်သဘောထားချစ်ခင်ကြပြီး ကာကွယ်ရန်အသက်စွန့်ဖို့ပင် ဝန်မလေးကြချေ။
ဂိုဏ်းကို လွန်ခဲ့သောနှစ်ထောင်သောင်းပေါင်းများစွာက လူဒါဇင်အနည်းငယ်နှင့် စတင်တည်ထောင်ခဲ့ပြီး တဖြည်းဖြည်းနှင့် ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း ဖြစ်လာသည်။
ပိုင်ရှောင်ချန်း တကယ်သေမသေ အတည်ပြုရန် ဂိုဏ်းခေါင်းဆောင်က ကောင်းကင်ဘုံက နတ်ဘုရား အချက်အလက်များကိုဖတ်ရှုနိုင်သော ဂိုဏ်းစောင့် အကြီးအကဲတစ်ယောက်ဆီမှ အကူအညီတောင်းလိုက်သည်။ သို့သော်လည်း သူ၏ဖတ်ရှုချက်များက ပိုင်ရှောင်ချန်း ဤကမ္ဘာမှာအသက်ရှင်လျက်မရှိတော့ကြောင်း ဖော်ပြနေသည်။ သူရှာတွေ့သည့် တစ်ခုတည်းသောအရာမှာ ပိုင်ရှောင်ချန်းသည် ဂိုဏ်းအတွက်တိုက်ခိုက်ရင်းသေဆုံးသွားသည်ကို ဖော်ပြနေဟန်တူသည့် သေမင်း၏အငွေ့အသက်များပင်။
နောက်ရက်အနည်းငယ်အကြာ မိုးရွာနေသော မနက်ခင်းတစ်ခုတွင် အသုဘခေါင်းလောင်းသံများမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကို ဖုံးလွှမ်းနေတော့သည်။ အနက်ရောင်ဝတ်ရုံများဝတ်ဆင်ထားသည့် များစွာသောဂိုဏ်းသားများမှာ သူတို့အိမ်ထဲက ထွက်လာကြပြီး ပူဆွေးနေသောအမူအရာများဖြင့် မွှေးရနံ့တိမ်တောင်၏အလယ်တွင် စုဝေးလိုက်ကြသည်။
ထိုနေရာရှိ အုတ်ဂူတိုင်တွင် ပိုင်ရှောင်ချန်းပျော်ရွှင်စွာပြုံးနေသော ပုံတူတစ်ခုကို ချထားလေသည်။
ဖက်တီးကျန်းကြီးမှာ ထိုလူအုပ်ထဲတွင် ရပ်နေသည်။ သူကဘေးနားရှိလူများကို ဝေ့ကြည့်လိုက်ပြီး ပိုင်ရှောင်ချန်း၏အမည်ရေးထားသော အုတ်ဂူတိုင်ကိုကြည့်လိုက်သည်။ အတိတ်ကအမှတ်တရများကို ပြန်တွေးရင်း မိုးရေစက်များနှင့်အတူ သူ ငိုကြွေးနေတော့သည်။ ဝိညာဥ်ရတနာများကို ဖျောင်ထားကာ ခိုးစားခဲ့သည့်ပုံရိပ်များ၊ ရယ်မောကာ ဟာသများ တူတူထိုင်ပြောခဲ့သည်များ၊ အပြင်စည်းဂိုဏ်းဝင်ခွင့်များကို ရောင်းစားခဲသည်များ၊ ကြက်ခိုးခဲ့သည်များကို သူကပြန်တွေးနေတော့သည်။
“အမှတ်ကိုးဖက်တီးရာ…..” ဖက်တီးကျန်းကြီးက ပူဆွေးစွာ ရေရွတ်လိုက်တော့သည်။ သူ၏နှလုံးသားမှာ ခံစားချက်မဲ့နေပြီး နာကျင်မှုကြောင့် လောကကြီးတစ်ခုလုံး မှောင်မဲနေတော့သည်။
စားဖိုဆောင်မှပိုင်ရှောင်ချန်း၏အစ်ကိုများဖြစ်ကြသော အခြားဖက်တီးများနှင့် အမှတ်သုံးဖက်တီးဟီတို့မှာလည်း ပူဆွေးသောကရောက်နေပြီး အဆက်မပြတ်ငိုကြွေးနေကြသည်။
ရွှီပေါက်ချိုင်၊ ချန်ကျိအန်း၊ ကျောက်ရိသော်၊ အကြီးအကဲရွှီနှင့် အကြီးအကဲကျိုး အပါအဝင် ပိုင်ရှောင်ချန်းဂိုဏ်းထဲသို့စဝင်ချိန်မှ သိခဲ့သော လူများအားလုံးမှာ ပူဆွေးနေသော မျက်နှာများဖြင့် မတ်တတ်ရပ်နေကြတော့သည်။
ကျိုးရှင်းချီလည်းရောက်လာကာ အုတ်ဂူတိုင်ကို ငေးကြည့်နေတော့သည်။ ပိုင်ရှောင်ချန်း၏ဆောင်ရွက်ချက်များကို သူမ သိလိုက်ရသောအခါ ကြက်သူခိုးကို တက်တက်ကြွကြွလိုက်ဖမ်းခဲ့သည်များကို အမှတ်ရသွားတော့သည်။
ဟိုယွင်ဖေးကမူ ဟိုရှောင်မေ့၏ပုခုံးပေါ်လက်တင်ကာ နှစ်သိမ့်ပေးနေသည်။ သူကလက်သီးကို တင်းကြပ်စွာဆုပ်ထားရင်း တဆတ်ဆတ်တုန်နေသည်။
” ဂိုဏ်းတူညီလေးပိုင်ရာ…..” သူက ခါးသက်စွာပြုံးရင်း နာကျင်စွာရေရွတ်လိုက်သည်။ သူဂိုဏ်းသို့ပြန်ရောက်ချိန်မှစ၍ နေ့တိုင်း အရက်သာသောက်နေတော့သည်။ ပိုင်ရှောင်ချန်း သူ့ကိုယ်သူ ငါးစာအဖြစ်ခံကာ ရန်သူများကို အာရုံလွှဲပေးခဲ့သည့် ပုံရိပ်များကို သူမျက်လုံးထဲမှ ထုတ်မရချေ။
လူများက တဖြည်းဖြည်းများလာပြီး မကြာမီ မွှေးရနံ့တိမ်တောင်၏ အလယ်ပိုင်းတစ်ခုလုံး ထို အုတ်ဂူတိုင်ကို ငေးကြည့်နေကြသူများဖြင့် ပြည့်သွားသည်။
ထိုလူအုပ်ကြီး၏ ရှေ့ဆုံးတွင်ကား တုလင်ဖေးပင်ဖြစ်သည်။ သူမ၏ မျက်နှာမှာဖြူဖတ်နေပြီး သူမမျက်နှာပေါ်က မျက်ရည်များမှာ မိုးရေစက်များနှင့်ခွဲ၍မရနိုင်အောင်ပင်။ သူမ၏အမူအရာမှာ အသက်မဲ့နေပြီး ယခင်က လှပသောသူမျ၏မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးခြင်းက အစားထိုးဝင်ရောက်နေသည်။
” နင်အသက်ရှင်နိုင်ရဲ့သားနဲ့ဟာ…. အခုတော့ ငါပဲကျန်ခဲ့ပြီး နင်ကမရှိတော့ဘူးတဲ့လား ”
တုလင်ဖေးသည် ပြီးခဲ့သောနေ့ရက်များကို ဝမ်းနည်းပူဆွေးမှုများနှင့်သာ ဖြတ်သန်းခဲ့ရလေသည်။ လူမှာလည်း ချောင်ကျသွားပြီး ပိုင်ရှောင်ချန်းပြန်ရောက်လာသည့် အိပ်မက်များကို မကြာခဏမက်နေတော့သည်။ ထို့နောက်သူက ချက်ချင်းပင်ထွက်ခွာသွားသောအခါ သူမမှာ နာကျင်မှုများနှင့် ငိုကြွေးရင်း ကျန်ရစ်ခဲ့ရသည်။
အသုဘခေါင်းလောင်းများထိုးသောအခါ ထိုအုတ်ဂူတိုင်ဆီသို့ အရပ်မျက်နှာအားလုံးမှ အလင်းတန်းများရောက်လာသည်။ ထိုအလင်းတန်းများထဲတွင်ကား ဂိုဏ်းချုပ်၇ယောက်၊ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏အကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင်ပင်ပါသည်။ သူတို့လည်း အနက်ရောင်ဝတ်ရုံများ ဝတ်ဆင်ထားပြီး ဝမ်းနည်းနေသောအမူအရာများဖြင့် အုတ်ဂူတိုင်နားသို့ စုဝေးသွားကြသည်။ လီချင်းဟောက်မှာမူ ခါးခါးသီးသီးနှင့် ကိုယ့်ကိုယ်ကိုပြန်ပြီး အပြစ်တင်နေတော့သည်။
ခဏအကြာတွင် ဂိုဏ်းခေါင်းဆောင်က တည်ငြိမ်သောလေသံဖြင့် ဖြေးညင်းစွာ ပြောလိုက်သည်။
” ပိုင်ရှောင်ချန်းက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ မွှေးရနံ့တိမ်တောင်က အပြင်စည်းဂိုဏ်းသားတစ်ယောက်ဖြစ်တယ်။ သူက တာအိုဆေးပညာရပ်မှာလည်း နေမင်းလိုထွန်းတောက်နေပြီး လက်ရွေးစင်တစ်ယောက်လည်းဖြစ်တယ်။ လောချိန်မျိုးနွယ်စုနဲ့ သူတိုက်တုံးက များစွာသော လောချိန်မျိုးနွယ်စုဝင်တွေကို သတ်ပြီး သူ့အသက်ကိုစွန့်ပြီးတော့ သူ့သူငယ်ချင်းတွေကို ကယ်တင်ခဲ့တယ်။ သူက ဂိုဏ်းအပေါ်သစ္စာရှိပြီး သူရဲကောင်းဆန်စွာ အသက်ကို ပေးဆပ်သွားခဲ့တယ်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ဂိုဏ်းသားတွေ သူ့နာမည်ကို ထာဝရအမှတ်ရနေမှာပါ။”
သူ၏ အသံများမှာ နာကျည်းမှုများနှင့် ပြည်ကာ ပဲ့တင်ထပ်နေသည်။ တုလင်ဖေးမှာ မျက်ရည်များပိုမိုကျဆင်းလာ၏။ ဟိုယွင်ဖေး၊ ဖက်တီးကျန်းကြီးနှင့် အခြားလူများစွာသည်လည်း ဆို့ဆို့နင့်နင့် ငိုကြွေးနေကြသည်။
“ဒီနေ့ ပိုင်ရှောင်ချန်းကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင်ဂိုဏ်းသားဆိုတဲ့ဘွဲ့အား ချီးမြှင့်လိုက်တယ်။”
ထိုကြေငြာချက်ကိုကြားလိုက်ရသောအခါ ဂိုဏ်းသားများ တုန်လှုပ်သွားကြသည်။ ဂုဏ်ထူးဆောင်ဂိုဏ်းသားဆိုသော အမည်က လူအားလုံးကို စိတ်လှုပ်ရှားသွားစေသည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ထိုဘွဲ့က အနှိုင်းမဲ့ဂုဏ်ယူစရာဖြစ်သည်။ ထို့အပြင်မျိုးဆက်တစ်ခုတွင် ဂုဏ်ထူးဆောင်ဂိုဏ်းသားတစ်ယောက်သာ ထားရှိနိုင်၏။ အတွင်းစည်းဂိုဏ်းသားအဆင့်ထက်ပင်မြင့်ပြီး အမွေဆက်ခံသူအဆင့်နှင့်ပင် တူညီနေသည်။ ဂုဏ်ထူးဆောင်ဂိုဏ်းသားဘွဲ့မှာ သေဆုံးသွားသူကိုပေးခြင်းဖြစ်ပြီး အမွေဆက်ခံသူအဆင့်ဆိုသည်မှာကား အသက်ရှင်နေသည့်လူများအနက် အစွမ်းထက်ဆုံးလူများကို ပေးခြင်းဖြစ်သည်။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ နှစ်ထောင်သောင်းများစွာသော သမိုင်းတစ်လျှောက်တွင် တိုက်ပွဲတွင်ကျဆုံး၍ ထိုဘွဲ့ရရှိဖူးသော လူကိုးယောက်သာရှိသည်။ ယခုအချိန်တွင်မူ ၁၀ယောက်ဖြစ်သွားပြီဖြစ်သည်။
မည်သူကမှ ထိုဘွဲ့ပေးအပ်ခြင်းကို စောဒကမတက်ချေ။ ပိုင်ရှောင်ချန်းက သူ့အသက်နှင့် ရင်း၍ ရယူခဲ့သောဘွဲ့မဟုတ်ပါလော။
” သူဂိုဏ်းဝင်စထဲကနေ အသက်ကိုစတေးသွားတဲ့အထိ ပိုင်ရှောင်ချန်းမှာ ဆရာ မရှိခဲ့ဘူး။ ဂိုဏ်းအပေါ် အသက်ပေးဆပ်သွားတဲ့အတွက် ဝိညာဥ်လောကမှာ သူတစ်ယောက်ထဲ ယောင်လည်လည်မဖြစ်စေချင်ဘူး။ ငါ့ရဲ့ကွယ်လွန်ပြီးဖြစ်တဲ့ဆရာ တာအိုသခင် ဝိညာဥ်ကွန်ခြာကို ပိုင်ရှောင်ချန်းကို တပည့်အဖြစ်ခံယူဖို့ ငါထောက်ခံတယ်။ ယခုမှ၍ ပိုင်ရှောင်ချန်းက ဝိညာဥ်လောကမှာ တာအိုဆေးပညာကို ဆက်လက်လေ့လာနိုင်ပါစေ။”
ဂိုဏ်းခေါင်းဆောင်၏ စကားများကိုကြားသောအခါ လီချင်းဟောက်က အုတ်ဂူတိုင်ကို နာကျင်နေသောမျက်လုံးများဖြင့်ကြည့်ရင်း ခေါင်းညိတ်နေတော့သည်။
” ကဲ..အခု အားလုံး။ ခေတ္တမျှ ငြိမ်သက်ပေးကြပါ။” ထိုသို့ပြောရင်း ဂိုဏ်းခေါင်းဆောင်အပါအဝင် လူအားလုံးက မျက်လုံးမှိတ်ကာ ဦးညွှတ်လိုက်ကြတော့သည်။
အနည်းငယ်ကြာသောအခါ တိတ်ဆိတ်မှုမှာ ပြီးဆုံးသွားသည်။ တုလင်ဖေးကမူ ခံစားချက်များကို မထိန်းနိုင်တော့ပဲ ရှိုက်ကြီးတငင် ငိုချလိုက်တော့သည်။
ထိုသို့ လူအားလုံး တိတ်ဆိတ်နေကြစဥ် အမည်မဲ့တောင်တန်းများထဲတွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဖြည်းညင်းစွာပွင့်လာပြီး နှာတစ်ချက် ချေလိုက်တော့သည်။