Switch Mode

အပိုင်း(၂၃)

ဒါကမှ ရီဖူရှင်းပဲ

“မှော်ထိန်းချုပ်သူ…” ချင်းကျူ ကျောင်းတော်မှ ကျောင်းသားများ၏ အာမေဍိတ်သံများ ညံစီလာသည်။ ထိုဇယားကွက်၊ ထိုအရာကား သက်စောင့်ဝိညာဉ်၊ သူက အင်းကွက်အား လျင်မြန်စွာ ခင်းလိုက်နိုင်သည်မှာ ထူးဆန်းမှုမရှိတော့ပေ။

သည်လူငယ်ကား အသက်ဆယ့်ငါးနှစ်ပင် မပြည့်သေးပေ။ သို့သော် သူ၏အင်းကွက်ကား အလွန် အင်အားပြင်းလွန်းရကား နိုးထခြင်းအဆင့်ကိုး သိုင်းသမားများကိုပင် အန္တရာယ်ပေးနိုင်စွမ်း ရှိလေသည်။ ပထမနှစ်ယောက်ဖြင့် ယှဉ်ပြိုင်ခဲ့စဉ်က ချင်းကျူ ကျောင်းတော်ဘက်မှ သူတို့နှင့် ယှဉ်ပြိုင်ရန် ယုံကြည်မှု အနည်းငယ် ရှိပေသေးသည်။ ယခုကား သည်လူငယ်၏ သိုင်းအဆင့်အတွင်း သူနှင့် လက်ရည်တူ သိုင်းသမားကိုပင် ရှာဖွေရန် အလွန်ခက်ခဲလှသည်။

“ငါကြားတာတော့ မင်းတို့ကျောင်းတော်က ရာသီကုန်စာမေးပွဲ စစ်ပြီးတာ မကြာသေးဘူးဆို… ဘယ်သူ ပထမရတာလဲ…” ထိုလူငယ်က မောက်မာစွာ ပြောလိုက်သည်။ သူကား ချင်းကျူကျောင်းတော်မှ ကျောင်းသားများအား ထိုက်တန်သော ပြိုင်ဘက်ဟုပင် သဘောထားပုံမရပေ။ ကျောင်းသားများအား တစ်ချက်မှပင် မကြည့်ဘဲ ချင်းကျူ ကျောင်းတော်၏ အရေးပါသော သူများဖြစ်သော ဆရာများဘက်သို့ သာလျက် စိုက်ကြည့်လျက် ပြောလိုက်သည်။

“မူရွန်ချူ…” တစ်စုံတစ်ယောက်က သူ့အား ဖြေလိုက်သည်။ လူတိုင်း၏အကြည့်များက မူရွန်ချူ ထံသို့ ရောက်သွားကြသည်။ သို့သော် သူ၏ကျောင်းနေဘက်များက သူ့အား အများကြီး မမျှော်လင့်ထားကြပေ။ သူက ရာသီကုန်စာမေးပွဲတွင် ပထမနေရာကို ရခဲ့သော်လည်း လူတိုင်းက ယူချင်းနှင့် ဟွာဂျီယူမှာ သူ့ထက် အဆမတန် သာလွန်သည်ကို သိကြသည်။

မူရွန်ချူကလည်း သူကိုယ်တိုင် ယုံကြည်မှုရှိပုံမရပေ။ လူတိုင်းက သူ့အား ဝိုင်းကြည့်နေကြသော်လည်း သူကား ရှေ့သို့ထွက်ရန် စိတ်ကူးမရှိဘဲ မူလနေရာတွင်ပင် မတ်တတ်ရပ်နေ၏။ အစောပိုင်းက ရှုံးနိမ့်ခဲ့သော ချူရန်ပင်လျှင် မူရွန်ချူထက်ပိုမို စွမ်းဆောင်နိုင်ပေသေးသည်။

ချင်းကျူ ကျောင်းတော်၏ အရေးကြီးသော ပုဂ္ဂိုလ်များကလည်း မူရွန်ချူအား စောင့်ကြည့်နေကြ၏။ သို့သော် သူကား ရှေ့ကိုထွက်၍ စိန်ခေါ်မည့် အရိပ်အယောင် ပြသည်ကို မမြင်ရ၍ သူတို့အားလုံးမှာ စိတ်ပျက်သွားကြလေသည်။

“ယူချင်း…” ဓားခန်းမသခင် လင်ရှန်းဖန်က ခေါ်လိုက်သည်။ ကောလာဟလများအရ ယူချင်းမှာ မကြာမီက နိုးထခြင်း အဆင့်ကိုးသို့ တက်ရောက် သွားသည်ဟု သတင်းထွက်ထားသည်။ ထို့အပြင် လင်ရှန်းဖန်ကား ယူချင်း၏စွမ်းအားကို ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲအတွင်းတွင် မျက်မြင်ကိုယ်တွေ့ပင်။ သူ့အား တိုက်ခိုက်ခိုင်းခြင်းက အနိုင်ရရန် အခွင့်အရေးများ၏။

ယူချင်းက လင်ရှန်းဖန်အား တစ်ချက် စောင်းကြည့်လိုက်သည်။ သို့သော် ဘာမှ ထူးထူးခြားခြား လှုပ်ရှားမှု သူ့ထံမှ မတွေ့ရပေ။ သူက လှုပ်လည်းမလှုပ်သလို ပြန်လည်း မပြောပေ။ သူ၏အမူအရာကား ရေခဲကဲ့သို့ပင် အေးစက်လှသည်။

“ကြည့်ရတာ ယူချင်းက စိတ်ဆိုးနေတုန်းပဲ… သူ တိုက်ခိုက်မယ်လို့ ငါမထင်ဘူး…” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ လူတိုင်းက ယူချင်း၏ သဘောထားကို နားလည်ကြသည်။ ယူချင်းကား မူရွန်ချူကဲ့သို့ တိုက်ခိုက်ရန် ကြောက်ရွံ့နေသောကြောင့် မဟုတ်ပေ။ သူက တိုက်ခိုက်ရန် ဆန္ဒ မရှိခြင်းသာ ဖြစ်သည်။

ကုန်လွန်ခဲ့သော နှစ်လအတွင်း မူရွန်ချူကား ကျောင်းတော်၏ တရားဝင်ကျောင်းသား ဖြစ်လာ၏။ ယန်ဇူပင်လျှင် ဂမ္ဘီရကျောင်းဆောင်အား ဝင်ရောက်ခဲ့သည်။ သို့သော် ယူချင်းကား မည်သည့်ကျောင်းကိုမျှ ရွေးချယ်တက်ရောက်ခြင်း မရှိပေ။ သိုင်းပညာ ကျောင်းဆောင်များနှင့် မှော်ပညာ ကျောင်းဆောင်များက အကြိမ်ကြိမ်လာရောက် ခေါ်ခဲ့ကြသော်လည်း ယူချင်းက ငြင်းပယ်ခဲ့သည်။ ချင်းကျူ ကျောင်းတော်က ယူချင်းက အဘယ်ကြောင့် ငြင်းဆန်သည်ကို သိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ရီဖူရှင်းအား အပြစ်ဒဏ်ပေးခဲ့ခြင်းနှင့် ပတ်သက်နေသည်။ ထိုကိစ္စက ယူချင်းအား အလွန် စိတ်ဆိုးစေခဲ့သည်။ တချို့လူများကဆိုလျှင် ကျောင်းတော်က ရီဖူရှင်းအား ဆက်လက်၍ အပြစ်ဒဏ်ပေးထားပါက ယူချင်းမှာ တစ်နေ့ကျောင်းတော်မှ ထွက်ခွာသွားနိုင်သည်ဟုပင် ခန့်မှန်းခဲ့ကြသည်။

ချင်းကျူ ကျောင်းတော်၏ တာဝန်ရှိသူများက သည်ကိစ္စအား အကြိမ်ကြိမ် ငြင်းခုံခဲ့ကြသော်လည်း တချို့သော သူများက အပြစ်ဒဏ်အား ပယ်ဖျက်ရန် ငြင်းဆန်နေကြဆဲ ဖြစ်သည်။

ထို့ကြောင့် ကျောင်းတော်၏ ဂုဏ်သိက္ခာနှင့် ပတ်သက်နေလျှင်ပင် ယူချင်းကား ထိုကိစ္စကြောင့် တိုက်ခိုက်ရန် ငြင်းဆန်နေဦးမည်သာ ဖြစ်သည်။ ယူချင်း၏ မျက်လုံးထဲတွင်ကား ကျောင်းတော်မှ ရီဖူရှင်းအား ပေးသောအပြစ်ဒဏ်မှာ သူတို့အား စော်ကားခြင်းဖြစ်သည်။ ကျောင်းတော်က ထိုကိစ္စနှင့် ပတ်သက်၍ စိတ်ကျေနပ်အောင် မဖြေရှင်းပေးသရွေ့ ယူချင်းကား ကျောင်းတော်အတွက် ဘာတစ်ခုမှ လုပ်ပေးရန် စိတ်ကူးမရှိပေ။

လင်ရှန်းဖန်ကား ယူချင်း၏အပြုအမူအား မြင်ကာ အမျက်ထွက်သွား၏။ သို့သော် သူ၏ဒေါသက ယူချင်းဆီသို့ မဟုတ်ပေ။ သူကား ရှီဇောင်အား ဒေါသထွက်သည်။ အမှန်တကယ်ဆို ချင်းကျူ ကျောင်းတော်မှ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်းက စာမေးပွဲရလဒ်အား မေးခွန်းထုတ်သောကြောင့် သူ့အား အပြစ်ပေးရန် မသင့်လျော်ဟုလည်း သူက ယူဆသည်။

“ယူချင်းက နင့်အတွက်ကြောင့် စိတ်ဆိုးနေတုန်းပဲ…” ဖန်းရှင်းဇွီက ထိုမြင်ကွင်းအား ကြည့်လျက် ပြောလိုက်သည်။ ရီဖူရှင်းက လက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူလည်း ယူချင်းမည်မျှ ခေါင်းမာသည်ကို နားလည်သည်။ အကယ်၍ ကျောင်းတော်က ယူချင်းအား အပြစ်ပေးပါက ယူချင်းက ဂရုစိုက်မည် မဟုတ်သော်လည်း ယခုကား ရီဖူရှင်း ဖြစ်နေသည်။ သူကား သည်အရေးအား မည်သို့မျှ လက်မခံနိုင်ပေ။ သူက ကျောင်းတော်အတွက် ရပ်တည်ရန် မလိုလားပေ။ အကယ်၍ ယူချင်းက အပြစ်ပေးခံရမည် ဆိုပါကလည်း ရီဖူရှင်းက ထိုနည်းအတိုင်း လုပ်မည်သာဖြစ်သည်။

ဖန်းရှင်းဇွီကား စိတ်ပျက်သွားသည်။ အကယ်၍ ယူချင်းက ကျောင်းတော်အား ခွင့်မလွှတ်နိုင်ပါက သူမအား ခွင့်လွှတ်ရန် မျှော်လင့်ချက် နည်းလှသည်။

“ဟွာဂျီယူ… ရှိလား…” ကျောင်းအုပ်တစ်ယောက်က မေးလိုက်သည်။ လူတိုင်းက ဟိုဟိုဒီဒီကြည့်ကာ ဟွာဂျီယူအား ရှာလိုက်ကြသည်။ ထိုစဉ် လူအုပ်တစ်နေရာက ဟွာဂျီယူအတွက် ရှေ့သို့ ထွက်လို့ရအောင် လမ်းကြောင်း တစ်နေရာ ဖယ်ပေးလိုက်ကြ၏။

ထိုသို့သော ချင်းကျူ ကျောင်းတော်တွင် ကြီးမားသော တစ်စုံတစ်ရာ ဖြစ်ပျက်နေခြင်းက ဟွာဂျီယူအတွက် မည်သို့ ဖြစ်ပျက်နေသည်ကို သိရန်မခက်ပေ။ သူမကလည်း လာကြည့်ရပေမည်။

“အရမ်းလှတာပဲ…” ဟိုင်ရန်ကျောင်းတော်မှ လူငယ်များက ပြောလိုက်သည်။ သူတို့၏မျက်လုံးများက ထိုသို့သော လှပသောမိန်းမပျိုအား ကြည့်ကာ တလက်လက် တောက်ပနေကြသည်။

“ဟွာဂျီယူ… မင်းအပေါ် မူတည်နေတယ်…” ထိုကျောင်းအုပ်က ပြောလိုက်သည်။ ချင်းကျူ ကျောင်းတော်မှ လူများအားလုံးက ဟွာဂျီယူ မည်သို့ ပြန်ပြောမည်ကို သိလိုနေကြသည်။ သုံးနှစ်ကာလအတွင်း ဟွာဂျီယူ တိုက်ခိုက်သည်ကို မည်သူမျှ မမြင်ဖူးကြပေ။ သူမက အမှန်တကယ် ဟိုင်ရန်ကျောင်းတော်မှ ပါရမီရှင်များအား အနိုင်ယူနိုင်ပါမည်လော။

“ဒီလိုလှပတဲ့မိန်းမပျိုကို ဘယ်လိုအင်အားနဲ့ တိုက်ခိုက် အနိုင်ယူနိုင်ပါ့မလဲ…” ယန်ဇူတို့ လူငယ်တစ်သိုက်အား တိုက်ခိုက်အနိုင်ယူခဲ့သော လူငယ်ကား ကွင်းထဲတွင် ရပ်နေဆဲဖြစ်သည်။ သူက ဟွာဂျီယူအား ကြည့်လျက် ဆက်ပြောလိုက်သည်…” ငါတို့က ချင်းကျူမြို့နဲ့ သိပ်မရင်းနှီးသေးဘူး… အလှကလေး… ဘာလို့ငါတို့နဲ့ မြို့ထဲကို လိုက်ပြီး အဖော်မလုပ်ပေးတာလဲ… ဒါဆို ငါက ချင်းကျူ ကျောင်းကို အလျှော့ပေးလိုက်လို့ ရတယ်… ”

သူ၏စကားများအား ကြားလျက် ဟိုင်ရန်ကျောင်းတော်မှ သူ၏အဖော်များက စတင် ရယ်မောကြလေသည်။ အချို့ကလည်း… “ဂျူနီယာလေးပြောတာ အဓိပ္ပာယ်ရှိတယ်… မိန်းမလှလေးက အဖော်လုပ်ပေးတယ်ဆိုတာ တကယ် ကောင်းမွန်တဲ့အရာပဲ… ဒါက ကျောင်းနှစ်ကျောင်းကို လှပတဲ့ ပုံပြင်တစ်ခုအနေနဲ့ ပြောင်းလဲစေလိမ့်မယ်…”

“ဘယ်လောက် အတင့်ရဲလိုက်သလဲ…” ချင်းကျူ ကျောင်းတော်ဘက်မှ တစ်ယောက်က အော်ဟစ်လိုက်သည်။

“သောက်ရူးအုပ်စုတွေ…” ချင်းကျူ ကျောင်းတော်မှ လူတိုင်းက ထိုသူများအား ဝိုင်း၍ဆဲရေးကြ၏။ သူတို့အားလုံး ဒေါသထွက်ကြသည်။ ဟွာဂျီယူကား သူတို့ကျောင်းတော်၏ အလှပဂေးဖြစ်သည်။ ယခု ထိုဟိုင်ရန်ကျောင်းတော်မှ အကောင်များ၏စော်ကားမှုကား ခံနေရသည်။

“တိတ်စမ်း… အသုံးမကျတဲ့ကောင်တွေ… ငါတို့ပြောတာ မင်းတို့ သဘောမကျဘူးဆိုရင် ငါတို့နဲ့လာတိုက်စမ်း…” ကွင်းလယ်တွင် ရပ်နေသော လူငယ်က အော်လိုက်သည်။ ချင်းကျူ ကျောင်းတော်မှ လူငယ်များက သူတို့အား အလွန်အမင်း စော်ကားနေသည်ကို ခံစားရကာ ဒေါသများ အလွန် ထွက်နေကြသော်လည်း သူတို့ မည်သို့မျှ မတတ်နိုင်ပေ။

အခြားတစ်ဖက်တွင် ဟွာဂျီယူကား အေးဆေးလှသည်။ ကျောင်းတော်မှ လူကြီးများက မျှော်လင့်ထားသည့်အတိုင်း သူမကလည်း ရှေ့သို့ထွက်မည့် ပုံစံမပေါ်ပေ။ သူမက ပြုံးလျက် လှည့်လိုက်သည်။ သူမ၏အကြည့်က လူငယ်တစ်ယောက်ထံသို့ ရောက်သွားသည်။ သူကား ရီဖူရှင်းဖြစ်သည်။

သူမက ရီဖူရှင်းသာမက သူ၏ဘေးမှရပ်နေသော ဖန်းရှင်းဇွီအားလည်း အစောပိုင်းကတည်းက သတိထားမိပြီး ဖြစ်သည်။ သူမက ပြုံးလျက် ရီဖူရှင်းအား နူးညံ့စွာ ပြောလိုက်သည်…” သူတို့ ငါ့ကို ရွေးနေကြတယ်…”

သူမက ရီဖူရှင်းဘက်သို့ လှည့်သွားသောအခါ လူတိုင်းက နားမလည်ကြပေ။ သူမက သူ့အား ထိုသို့ ပြောလိုက်သောအခါ လူတိုင်း၏အသည်းများ ကွဲကြေသွားရ၏။

သူတို့က ငါ့ကို ရွေးနေကြတယ်…။ ထိုစကားကား အလွန် နူးညံ့သိမ်မွေ့လှသည်။ သူတို့၏ အပြစ်အနာအဆာကင်းသော နတ်သမီးကား အမှန်တကယ် ရီဖူရှင်း၏ရှေ့တွင် ချစ်စရာကောင်းအောင် ပြောနေသည်။ အကယ်၍ ထိုမျှလေသံဖြင့် သူတို့ထဲမှ တစ်ယောက်ယောက်အား ပြောခဲ့ပါက သူတို့က သူမအတွက် အသေခံ၍ပင် တိုက်ခိုက်ကြမည် ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာ ကောင်းသည်က သူမ၏စကားများက သူတို့အတွက် မဟုတ်ပေ။

“ငါ့နှလုံးသား ကွဲကြေရပါပြီ…” တစ်စုံတစ်ယောက်က ပြောလိုက်သည်။ လူတိုင်းက ဖန်းရှင်းဇွီမှာ ရီဖူရှင်း၏ဘေးတွင် မတ်တတ်ရပ်နေသည်ကို သိကြသည်။ ပထမဆုံးသူက ချင်ယီအား နောက်ပြောင်သည်။ ယခုသူကား ဖန်းရှင်းဇွီနှင့် အတူရပ်နေသည်။ သူကား ကျောင်းတော်၏ အလှဆုံးသော မိန်းမပျိုများဖြင့် ဝိုင်းနေသည်။ ထိုမိန်းကလေးများ အဘယ်ကြောင့် သူ့ထံသို့ ရောက်သွားကြသတည်း လူတိုင်းက နားမလည်တော့ပေ။

ဖန်းရှင်းဇွီကား ဟွာဂျီယူ၏ စကားကြောင့် ထိတ်လန့်သွားသည်။ မျက်လုံးများစွာက သူမအား ကြည့်နေကြသည်ကို ခံစားမိကာ စိုးရိမ်စိတ်ဖြင့် ခေါင်းငုံ့ကာ သူမ၏အင်္ကျီထောင့် အနားစအား ကိုင်ကာ လိမ်နေမိသည်။သူမက ဟွာဂျီယူဖြင့် ယှဉ်ပြိုင်နေရသကဲ့သို့ ခံစားနေရ၏။

ရီဖူရှင်းကလည်း အကြည့်ပေါင်းများစွာက သူ့ထံရောက်နေသည်ကို သိသည်။ သူက ခေါင်းကို ပွတ်လိုက်သည်။ သူကား အမှန်တကယ်ပင် နှိမ့်ချစွာ နေလိုသည်။ သို့သော် ယခုကား ထိုသို့နေ၍ ရတော့မည့်ပုံ မပေါ်ပေ။

ဟိုင်ရန်ကျောင်းတော်မှ လူများကလည်း သူ့အား ကြည့်လိုက်ကြသည်။ ဟွာဂျီယူကဲ့သော လှပသောမိန်းမပျိုက သူ့အား ထိုသို့ ဆက်ဆံရအောင် သည်လူငယ်မှာ မည်သည့်ထူးခြားချက်များ ရှိသနည်း အားလုံးက တွေးတော နေကြသည်။

ယူချင်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ ချင်းကျူကျောင်းတော်မှ လူများအားလုံးက ရီဖူရှင်းမှာ ဟွာဂျီယူအတွက် အမှန်တကယ်ပင် ကြိုးစား ရပ်တည်ပေးတော့မည်ဟု တွေးလိုက်ကြသည်။ သို့သော်လည်း သူတို့ကသာ ရီဖူရှင်း၏နေရာတွင် ဆိုလျှင်လည်း ရီဖူရှင်းကဲ့သို့ပင် လုပ်ကြမည်ဖြစ်သည်။ ဤကား ရှားမှရှားသော အခွင်အရေးတစ်ရပ်ပင် ဖြစ်သည်။

ဟိုင်ရန်ကျောင်းတော်က လူငယ်က ကွင်းလယ်တွင် ရပ်လျက်ပင် ရီဖူရှင်း ရှေ့သို့ တက်လာသည်ကို မြင်သည်။ သူက ပြုံးလျက်ပင် ပြောလိုက်သည်… “ငါထင်တာကတော့ မင်းရဲ့ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားသင့်တယ်… မိန်းကလေးတစ်ယောက် အတွက် ရပ်တည်တယ်… ဟဟ… ဘယ်လောက် ရူးမိုက်လိုက်သလဲ… မင်းက ဒီအကျိုးဆက်ကို ခံစားရဖို့ ပြင်ဆင်ထားသင့်တယ်…”

ရီဖူရှင်းက ထိုလူငယ်ပြောသည်ကို မကြားဟန်ဖြင့် ပြန်ပြောလိုက်သည်… “ပထမဆုံး ကိုယ့်ဘာသာ ပါးရိုက်လိုက်… ပြီးတော့ တောင်းပန်… ဒါဆို… မင်းတို့ကောင်တွေကို ချင်းကျူ ကျောင်းတော်က ဘာမှမထိခိုက်ဘဲ သွားခွင့်ပြုလိုက်မယ်…”

ဒါ… လူတိုင်း၏မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့ ခုနက ကြားသည့်စကားကိုပင် သူတို့ မယုံနိုင်ကြပေ။ အကယ်၍ သူက မိန်းကလေးတစ်ယောက် အတွက် ရပ်တည်သည်ဆိုလျှင်ပင် ထိုသို့ ကြီးကြီးကျယ်ကျယ် မပြောသင့်ပေ။ သူက သူ၏ရန်သူ၏အနိုင်ယူခြင်းအား ခံရသော အချိန်တွင် ချင်းကျူ ကျောင်းတော်မှ လူများအားလုံး နောက်တစ်ခေါက် အရှက်ကွဲရ ပြန်ပေဦးမည်။

ချင်းကျူ ကျောင်းတော်မှ လူငယ်များ၏ရင်ထဲ တဆစ်ဆစ် ကိုက်ခဲ နာကျင်နေကြသည်။ ဟွာဂျီယူက အဘယ်ကြောင့် သည်လိုကောင်ကို ကြိုက်နှစ်သက်ရပါသနည်း။ ကမ္ဘာကြီးကား ထူးဆန်းလွန်းလှသည်။

ချင်းကျူ ကျောင်းတော်မှ လူကြီးပိုင်းများကပင်လျှင် ရီဖူရှင်းပြောသည်ကို နားမခံသာကြပေ။ သည်ကောင်လေးကား အနည်းငယ် ပိုလွန်းလှသည်။ သူ၏အရည်အချင်းမှာ မဆိုးလှသော်လည်း သူ၏ရန်သူကား မှော်ထိန်းချုပ်သူ တစ်ယောက် ဖြစ်သည်။

“ငါက ငြင်းမယ်ဆိုရင်ရော…” ဟိုင်ရန်ကျောင်းတော်မှ လူငယ်က ရီဖူရှင်းကို ထူးဆန်းသလို ကြည့်ကာ ပြောလိုက်သည်။ သည်ကောင်၏ ခေါင်းထဲမှာ တစ်ခုခု မှားယွင်းနေသည် ဖြစ်ရမည်ဟု ထိုလူငယ်က တွေးလိုက်သည်။

“ကောင်းပြီလေ… ဒါဆိုလည်း…” ရီဖူရှင်းက နောက်ထပ် ခြေတစ်လှမ်း တိုးလာသည်။ လူတိုင်းက သူ့အား ကြည့်နေကြသည်။ သူတို့အားလုံးက ရီဖူရှင်းက စိန်ခေါ်တော့မည်ဟု တွေးလိုက်သော အချိန်တွင်… ရီဖူရှင်းက ကျယ်လောင်စွာ အော်ခေါ်လိုက်သည်… “ယူချင်း…”

ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

မျက်လုံးများ ပြူးကျယ်လျက် လူတိုင်းက ရီဖူရှင်းအား အံ့အားသင့် မှင်တက်လျက် ကြည့်နေကြသည်။ နောက်ဆုံးတွင် ရီဖူရှင်းကား ရီဖူရှင်းသာလျှင်ဖြစ်သည်။

***

ဟွာဂျီယူပင်လျှင် မျက်လုံး ပြူးကျယ်သွားသည်။ ဤသည်ကား သူမကို အရှက်ရစေ၏။

ရုတ်တရက် မြေကြီးက တုန်ခါလာသလို ခံစားလိုက်ကြရသည်။ ယူချင်း၏ ခန္ဓာကိုယ်ကြီးက လူအုပ်၏အလယ်သို့ ချဉ်းကပ်လာသည်နှင့်အမျှ နှင်းခဲအစုအပုံများ ပြိုဆင်းလာသလို ပတ်ဝန်းကျင် တစ်ခုလုံးလည်း ပို၍ အေးစက်လာသလို ခံစားကြရ၏။ ယူချင်းကား သင်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သူကား သဘာဝအားဖြင့်ပင် မွေးဖွားလာသော တိုက်ခိုက်ရေးသမား ဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်ပေ။

ဟိုင်ရန်ကျောင်းတော်ဘက်မှ လူတော်တော်များများက ယူချင်းအားကြည့်ပြီး မျက်နှာများ မည်းမှောင်သွားကြသည်။ သူ၏အရှိန်အဝါအား ကြည့်လျက်ပင်လျှင် သူကား တခြား ချင်းကျူ ကျောင်းတော်သားများထက် အဆမတန် စွမ်းအားမြင့်သည်ကို ခံစားကြရသည်။

ချင်းကျူကျောင်းတော်မှ လူကြီးများကာ အနည်းငယ် ရှက်ရွံ့သွားကြပုံရသည်။ သူတို့က ယူချင်းအား တိုက်ခိုက်ရန် တိုက်တွန်းနိုင်စွမ်း မရှိကြပေ။ သို့သော် ရီဖူရှင်း၏ စကားတစ်ခွန်းက ယူချင်းအား တိုက်ပွဲနေရာသို့ ရောက်ရှိလာစေသည်။ ဤသည်ကား သူတို့၏မျက်နှာကို လူပုံအလယ်တွင် ပါးရိုက်ခံရသကဲ့သို့ ခံစားကြရသော်လည်း မည်သို့ပင်ဆိုစေ နောက်ဆုံးတွင် ယူချင်းမှာ ကျောင်းတော်အတွက် ဟိုင်ရန်ကျောင်းမှ လူငယ်အား စိန်ခေါ်တော့မည် ဖြစ်ပေသည်။

ယူချင်းက ဟွာဂျီယူအား ကြည့်လျက် ပြောလိုက်သည်… “ငါ့တာဝန် ထားလိုက်ပါ… မရီး…”

“ဟင်…” လူတိုင်းက စိတ်ရှုပ်ထွေး သွားကြသည်။

ညဏ်ကောင်းတဲ့ကောင်… ရီဖူရှင်းက စိတ်ထဲက ချီးကျူးလိုက်သည်…။ ယူချင်းကား ပြောင်းလဲသွားလေပြီ။ သူကား ပို၍ပင် နားလည်လွယ်လာသည်။

ယူချင်းက ထိုမောက်မာလှသော ဟိုင်ရန်ကျောင်းမှ လူငယ်အား လက်ညှိုးညွှန်လျက် အေးစက်စွာ ပြောလိုက်သည်… “ထွက်သွား… ပိုပြီးအဆင့်မြင့်တဲ့ တစ်ယောက်ကို ထွက်လာခိုင်း… လူတွေက ငါ့ကို အားနည်းတဲ့ကောင်တွေကို နိုင်စားတယ်လို့ အပြောမခံနိုင်ဘူး…”

ယူချင်းအား ကြည့်ရသည်မှာ အလွန် အရှိန်အဝါကြီးသော စစ်နတ်ဘုရား အလားပင်။ လူတိုင်း၏ ရင်ထဲ သူ၏စကားများက အေးစက်သော အငွေ့အသက်မျာအား ခံစားရစေသည်။ ချင်းကျူ ကျောင်းတော်မှ လူတိုင်းက ယူချင်းအားကြည့်ကာ ကျဆင်းလာသော စိတ်ဓာတ်အင်အားများ ပြန်တက်လာစေသည်။

မကြာသေးမီက ဤကဲ့သော အမူအရာမျိုးကို နောက်တစ်ယောက်က လုပ်ခဲ့သည်။ သို့သော် လူတိုင်းက နောက်ဆုံးတွင် အရှက်တကွဲ ဖြစ်ရ၏။ ထိုသူနှင့် ယူချင်းကား လုံးဝဆန့်ကျင်ဘက်ပင်။ ထိုအရှက်မဲ့သော သတ္တဝါ ရီဖူရှင်းကား ယူချင်းနှင့် မည်သို့မှ နှိုင်းယှဉ်၍ ရနိုင်မည်မဟုတ်ဟု လူတိုင်းက တွေးလိုက်ကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset