သင်္ဘောပျံက ခရီးဆက်လာရာ ဝမ်ပေါင်လဲ့သည် ဝိညာဉ်အမြစ်ရွာကိုလည်းကောင်း၊ မှုန်ဝါးဝါး ဓါးကျိုးတောင်ကိုလည်းကောင်း မမြင်ရတော့ပေ။
မျက်စိမှိတ်လိုက်သောအခါ သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ကြောများကို ခံစားမိနေသည်။ ဝမ်ပေါင်လဲ့သည် “ ရိုးသားသူသည် သူ၏ ကြွယ်ဝမှုကြောင့် ဒုက္ခကြုံရသည် ” ဟူသော စကားကို သေချာနားလည်သောကြောင့် သူခိုးရွှေရ တပြပြ မလုပ်ဘဲ ဝိညာဉ်အမြစ် အစစ်အမှန်ကို ဖုံးကွယ်ထားရန် လိုအပ်သည်။ ရှစ်လက်မဝိညာဉ်အမြစ်များမှာ အများ လက်ခံထားကြသည့် အကန့်အသတ် တစ်ခုဖြစ်သည်။ ဆယ်လက်မဝိညာဉ်အမြစ် ရရှိထားသူတစ်ယောက်အနေဖြင့် မှန်းဆမရနိုင်လောက်သည့် ဆူပူမှုများ ဖြစ်စေနိုင်သည်။
သူ့တွင် အင်အားကြီး နောက်ခံအသိုင်းအဝိုင်း ရှိခဲ့လျှင်မူ ထိုပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သည်။ သို့သော် သူ့မှာ နောက်ခံကောင်းကောင်း မရှိပေ။ သူ့အကြောင်း လူသိသွားလျှင် သူ့အတွက် ရှေ့ဆက်ရမည့် လမ်းမှာ မည်ကဲ့သို့ ဖြစ်နိုင်ကြောင်း တွေးကြည့်နိုင်သည်။
ကံကိုယုံ၍ ဆူးပုံမနင်းရ…
ဤသည်မှာ အဆင့်မြင့် အရာရှိများ၏ အတ္တုပ္ပတ္တိများမှ စကားဖြစ်သည်။ ကလေးဘဝက ဝမ်ပေါင်လဲ့ နားမလည်ခဲ့သော်လည်း အသက်ကြီးလာပြီးနောက် ထိုအဓိပ္ပါယ်ကို ရှင်းလင်းစွာ သဘောပေါက်လာသည်။
မကြာမီ ဝမ်ပေါင်လဲ့က သက်ပြင်းမောကြီး ရှိုက်ထုတ်ကာ အတွေးများကို မေ့ထားလိုက်သည်။ မုန့်တစ်ထုပ်ကို ဖောက်ကာ သင်္ဘောပျံထဲသို့ ဝင်သွားရင်း စားနေသည်။ သရေစာမုန့်များက အရာရာကို ပိုအဆင်ပြေသွားစေသည်။ မုန့်စားပြီးနောက် ဝမ်ပေါင်လဲ့က သူရခဲ့သည့် ပစ္စည်းများနှင့် မကြာမီ အဆင့်မြင့်ကျောင်းကျွန်းကို ဝင်နိုင်တော့မည့် အကြောင်းတွေးမိကာ စိတ်ထဲ ကျေနပ်ပျော်ရွှင်သွားသည်။ သီချင်းလေး ညည်းကာ စကားပြောရန် လူလိုက်ရှာတော့သည်။
ပထမဆုံး ချန်းကျစ်ဟန် အခန်းသို့ သွားလိုက်သည်။ သို့သော် ချန်းကျစ်ဟန်မှာ အာနာပါနအဆင့်သို့ ဖောက်ထွက်ပြီးနောက် သူ့အခြေအနေကို တည်ငြိမ်အောင် ကျင့်ကြံနေပြီး ဝမ်ပေါင်လဲ့နှင့် စကားပြောရန် အချိန်မရှိပေ။ ဝမ်ပေါင်လဲ့မှာ ဘာမှ လုပ်မရသဖြင့် တုမင်ကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။
အစက သူတို့နှစ်ယောက်လုံး တည်ငြိမ်စွာ ပြောနေကြသည်။ ဝမ်ပေါင်လဲ့က လွတ်လွတ်လပ်လပ် ပြောမိသည့် အခိုက်အတန့်၌ တုမင်က အမြင်မကြည်ဖြစ်ကာ အော်ထုတ်လိုက်သည်။
“ ငတုံးဖက်တီး၊ သွားစမ်း ”
ဝမ်ပေါင်လဲ့က နှာခေါင်းကို ပွတ်ကာ တုမင်မှာ အမှန်ပင် စိတ်ဆိုးလွယ်ကြောင်း တွေးမိကာ အမြန် ထွက်လာခဲ့သည်။ တခဏမျှ တွေးပြီးနောက် သူက ကျိုးရိဖန်ကို သွားရှာလိုက်သည်။ သို့သော် ကျိုးရိဖန်မှာလည်း သီးခြားကျင့်ကြံနေကြောင်း သိလိုက်ရသည်။ ဝမ်ပေါင်လဲ့က ခေါင်းကုတ်ကာ ကျောက်ယမုန့်ကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။
မကြာမီမှာပင် ကျောက်ယမုန့်အခန်းမှလည်း ထွက်လာရသည်။ ကျောက်ယမုန့်အခန်းသို့ သွားသောအခါ သူမကို ငြိမ်ငြိမ်လေး ထိုင်နေကြောင်း တွေ့ရသည်။ မည်မျှပင် ဝမ်ပေါင်လဲ့က စကားပြောပါစေ၊ သူမက ပြန်မဖြေသောကြောင့် ဝမ်ပေါင်လဲ့မှာ အနေရခက်လာကာ တစ်ယောက်တည်း စကားပြောနေရသည့်အလား ပျင်းလာသည်။
ဝမ်ပေါင်လဲ့မှာ ကူကယ်ရာမဲ့ကာ ကျင့်ကြံရန် ကိုယ့်အခန်းကိုယ် ပြန်သည်က ကောင်းမည်ဟု စဉ်းစားမိသည်။ ထိုအခိုက် ပါမောက္ခဆီမှ အလောင်းများ တွေ့ခဲ့သည့် ဓါးကျိုးတောင်ထဲမှ နေရာအကြောင်းကို သေချာ ပြောပြရန် ဆင့်ခေါ်စာ ရောက်လာသည်။
သူရောက်သွားသောအခါ အခန်းထဲတွင် အခြားသူများလည်း ရှိနေကြောင်း တွေ့လိုက်ရသည်။ နီမြန်းသော မျက်နှာနှင့် အကြီးအကဲ၊ အခြားမရင်းနှီးသည့် ကျင့်ကြံသူတချို့ကလည်း ဝမ်ပေါင်လဲ့ကို ကြည့်နေကြသည်။
ထို့အပြင် ကျောက်ယမုန့်၊ ကျိုးရိဖန်နှင့် ချန်မင်းယွီတို့မှာလည်း အမြန်ရောက်လာကြသည်။ ပါမောက္ခက သူတို့ကို မေးခွန်းများ မေးပြီး လေးယောက်လုံးက တစ်ယောက်ပြီး တစ်ယောက် အလောင်းများ တွေ့ရှိရသည့် ယစ်ပလ္လင်ကို သေချာ ပြောပြကြသည်။
သူတို့ မည်သို့မည်ပုံ အလောင်းများကို ရယူခဲ့ကြောင်းကိုလည်း ရှင်းပြကြသည်။ ကျောက်ယမုန့်သည် အလောင်း ရယူရန် များစွာပေးဆပ်ကာ လျှို့ဝှက်မှော်ပညာရပ်ကို အသုံးပြုခဲ့ရသည်။
သို့ရာတွင် ဝမ်ပေါင်လဲ့မှာ အကုန်အစင် ဖွင့်မပြောပေ။ ထိုနေရာတွင် မမျှော်လင့်ထားခဲ့သည့် အဖြစ်အပျက်တစ်ခု ရှိခဲ့ကြောင်းကိုသာ ရှင်းပြလိုက်သည်။ မြူခိုးများ ပျံ့နှံ့သွားပြီး ရုပ်ထုပေါ်လာသည်။ ထူးဆန်းသည့် မျက်နှာမှာ ပုံရိပ်ယောင် အသွင်ပြောင်းကာ ဖိနှိပ်ခံလိုက်ရပြီး မြေပြင်မှာလည်း လှုပ်ရှားသွားသည်။ ထို့နောက် သူက အရုပ်များကို သုံးကာ လမ်းကြောင်းရှာပြီး သွားယူခဲ့ရသည်။ သူက အပြန်လမ်းတွင် ထိုအဖြေများကို သေချာ စဉ်းစားပြီး ဖြစ်သည်။
“ အဲဒီအပြာရောင် လှံတံရှည်က အတုကြီး။ အဲဒါကို ကျွန်တော်က နတ်ဘုရားလက်နက်သို့ ထင်ခဲ့သေးတာ။ စိတ်တိုစရာ ကောင်းလိုက်တာ ”
ဝမ်ပေါင်လဲ့၏ ပြောစကား အများစုမှာ မျက်နှာဖုံးနှင့် အပြာရောင် ပုတီးစေ့လုံးမှ လွဲ၍ အမှန်ဖြစ်သည်။ အခြားသူများအတွက် ဤတစ်ဝက်ခန့် မှန်နေသည့် အကြောင်းအရာများကို သေချာ သိရန် မလွယ်ပေ။ လှံတံရှည်မှာ အတုဖြစ်ကြောင်းကို ဖုံးကွယ်ထားရန် မလိုပေ။ ထို့ပြင် ဝမ်ပေါင်လဲ့သည် ဤအချက်ကို တာအိုကျောင်းက စုံစမ်းမည် စိတ်ပူနေသဖြင့် လိမ်မပြောရဲပေ။
“ အပြာရောင် လှံရှည်”
ပါမောက္ခမှာ အနည်းငယ် စိတ်ဝင်စားလာသည်။ ပါမောက္ခနောက်၌ တင်ပျဉ်ခွေကာ ထိုင်နေသော မျက်နှာနီ အကြီးအကဲမှာ ဝမ်ပေါင်လဲ့စကားကို ကြားပြီးနောက် ဘေးမှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူတို့က ခေါင်းညိတ်လိုက်သည်ကို တွေ့ပြီး အကြီးအကဲက ပြုံးလိုက်သည်။ ဝမ်ပေါင်လဲ့သာ ထိုအပြာရောင် လှံရှည် အတုဖြစ်ကြောင်း မပြောခဲ့လျှင် ပြဿနာဖြစ်လာနိုင်သည်။
“ အဲဒါက တကယ်ကြီး အတုပဲ”
“ အမှန်တော့၊ ပုံရိပ်ယောင် အပြာရောင်လှံရှည်ကို တာအိုကျောင်းလေးကျောင်းက တွေ့ဖူးတာ ဒါ ပထမအကြိမ် မဟုတ်ဘူး”
မျက်နှာစိမ်း ကျင့်ကြံသူများထဲမှ တစ်ယောက်က ပြောလိုက်သည်။
“ ဒီနေ့ မတိုင်ခင်ထိ ငါတို့ တခြား အကျိုးအပဲ့တွေကြားမှာ လှံရှည် သုံးခု တွေ့ခဲ့ဖူးတယ်။ အဲဒီသုံးနေရာလုံးက ရုပ်ထုနဲ့ ထူးဆန်းတဲ့ အမူအရာရှိတဲ့ မျက်နှာလည်း ရှိတယ်”
“ တခြား ယစ်ပလ္လင် သုံးခုက အပြာရောင် လှံရှည်တွေက ဘေးပတ်လည် အလောင်းတွေကို ယူပြီးတာနဲ့ ပျောက်ကွယ်သွားကြတာ။ ရှာတွေ့ထားသလောက်တော့ အဲဒီလှံတွေက ငါတို့ ထိန်းချုပ်လို့ မရတဲ့ စွမ်းအားတစ်ခုက ဖန်တီးထားတဲ့ ပုံရိပ်တွေ ဖြစ်ပြီး ဖိနှိပ်စွမ်းအား ရှိကြတယ်။ ငါတို့ ထိန်းချုပ်လို့မရတာ နှမြောစရာပဲ။ အလောင်းတွေကတော့ အရင် ရဖူးတာတွေက မပြည့်စုံကြဘူး။ လေ့လာရတဲ့ အကျိုးကျေးဇူးတော့ ရှိပေမဲ့ ဒီတစ်ခါ ရလာတာနဲ့တော့ ယှဉ်လို့ မရဘူး”
သူတို့ ပြောနေသည်ကို နားထောင်ရင်း ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားသည်။ အပြာရောင် လှံရှည်ရှိသည့် ယစ်ပလ္လင်ကို တာအိုကျောင်းလေးကျောင်းက ရှာဖွေတွေ့ရှိပြီး ဖြစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ တချိန်တည်းမှာပင် သူ့စိတ်ထဲ၌ ထူးဆန်းသည့် ခံစားချက်တစ်မျိုး ဖြစ်လာသည်။
“ သူတို့က အပြာရောင် ပုတီးစေ့ကို မရသွားကြဘူးလား။ အဲဒီပုတီးစေ့ကို ငါတစ်ယောက်တည်းပဲ ရခဲ့တာလား”
ဝမ်ပေါင်လဲ့မှာ ရင်တဒိတ်ဒိတ် ခုန်လာသည်။ ထိုအပြာရောင်ပုတီးစေ့ကို ရရှိရန် ဝါးမျိုခြင်းသစ်စေ့၏ စုပ်အားကို သုံးရန် လိုခဲ့ကြောင်း ရုတ်တရက် စဉ်းစားမိသွားသည်။
အပြာရောင် လှံရှည်က ပျောက်ကွယ်သွားတာ မဟုတ်ဘဲ ဝါးမျိုခြင်းသစ်စေ့ရဲ့ စုပ်အားကြောင့် ခဲပြီး ပုတီးစေ့ ဖြစ်သွားတာများလား…
ဝမ်ပေါင်လဲ့၏ ပြောင်းလဲနေသော အတွေးများကို မျက်နှာနီ အကြီးအကဲက သတိထားမိသွားပြီး အံ့အားသင့်စွာ ကြည့်လိုက်သည်။
မျက်နှာနီ အကြီးအကဲ၏ အကြည့်က သူ့ဆီ ရောက်နေကြောင်း ခံစားမိကာ ဝမ်ပေါင်လဲ့က ပင့်သက်ရှိုက်ပြီး ပြောလိုက်သည်။
“ ဘိုးဘိုး၊ တကယ်လို့ အပြာရောင် လှံရှည်က ပုံရိပ်ယောင်တစ်ခုပဲဆိုရင် ကျွန်တော်တို့ မသိတဲ့ တစ်နေရာမှာ တကယ်ပဲ အဲဒီလှံရှည် ပုန်းကွယ်နေတာ မဖြစ်နိုင်ဘူးလား။ အဲဒီလိုသာ ရှိခဲ့မယ်ဆို အဲ့လှံက နတ်ဘုရားလက်နက် ဖြစ်မှာပဲ”
မျက်နှာနီ အကြီးအကဲက ဝမ်ပေါင်လဲ့ လိမ်ပြောသည်ကို မသိပေ။ သူသည်လည်း ဤအချက်များကို လွန်ခဲ့သော နှစ်များက သိခဲ့ရစဉ် အလားတူ အံ့အားသင့်ကာ မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့ စကားကို ကြားသောအခါ ပြုံးလိုက်သည်။
“ နတ်ဘုရားလက်နက်၊ နတ်ဘုရားလက်နက်က ဘာလို့ အဲဒီလောက် အများကြီး ရှိနိုင်မှာလဲ။ ဒီနေ့ထိ ပြည်ထောင်စု တစ်ခုလုံးမှာ နတ်ဘုရားလက်နက် တစ်ခုပဲ ရှိတယ်၊ အဲဒါကလည်း တာအိုကျောင်းလေးကျောင်းက ပိုင်ဆိုင်ပြီး လက်ရှိ ပြည်ထောင်စုဥက္ကဋ္ဌ သုံးနေတာ။ အဲဒါ ငါတို့ ပြည်ထောင်စုရဲ့ တန်ဖိုးအရှိဆုံး ရတနာပဲ”
မျက်နှာနီ အကြီးအကဲက ရယ်မောလိုက်သည်။ ပုံမှန်အားဖြင့် သူသည် ဤသို့ ရှည်ရှည်ဝေးဝေး ရှင်းပြစရာ မလိုပေ။ ဝမ်ပေါင်လဲ့ကို သဘောကျသွားသောကြောင့်သာ သေချာ ရှင်းပြခြင်း ဖြစ်သည်။
“ တစ်ခုတည်းလား”
ဝမ်ပေါင်လဲ့မှာ မျက်လုံးပြူးသွားသည်။ ချန်မင်းယွီသည်လည်း ဤအကြောင်းအရာကို ယနေ့ ပထမဆုံး ကြားဖူးခြင်း ဖြစ်ဟန်တူကာ အံ့ဩနေသည်။ သို့ရာတွင် ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့မှာ အံ့ဩသွားခြင်း မရှိပေ။ သူတို့ သေချာပေါက် သိထားပြီး ဖြစ်သည့် အကြောင်းအရာဖြစ်သည်။
မျက်နှာနီ အကြီးအကဲက ပြုံးလိုက်သည်။ သူက နတ်ဘုရားလက်နက်အကြောင်း ဆက်မပြောတော့ဘဲ သူတို့ လေးယောက်ကို အသေးစိတ် အကြောင်းအရာအချို့ မေးမြန်းပြီးနောက် ပြန်ခွင့်ပြုလိုက်သည်။
သူ့အခန်းသို့ ရောက်သည့်တိုင် ဝမ်ပေါင်လဲ့မှာ အံ့ဩနေဆဲ ဖြစ်သည်။
ပြည်ထောင်စု တစ်ခုလုံးမှာ နတ်ဘုရားလက်နက် တစ်ခုတည်းပဲ ရှိတာလား …
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ နတ်ဘုရားလက်နက်၏ တန်ဖိုးကို နားလည်သွားပြီး သူ့အကြည့်မှာ လိုချင်တပ်မက်ခြင်းများ ပြည့်နှက်နေသည်။
လက်ရှိတွင် သူသည် လူအတော်များများ မသိကြသည့် ပြည်ထောင်စုအကြောင်း အချက်အလက်များ သိရှိသွားသည်။ ဥပမာအနေဖြင့် တာအိုကျောင်းလေးကျောင်းမှာ မဟာမိတ်ဖွဲ့ထားပြီး ပြည်ထောင်စုထဲ၌ အင်အားကြီး အဖွဲ့အစည်း တစ်ခုဖြစ်သည်။
ပြည်ထောင်စုထဲမှ အရာရှိများ၏ တစ်ဝက်နီးပါးမှာ တာအိုကျောင်းများမှ ဖြစ်သည်။ ထို့အပြင် ယခင်ဥက္ကဋ္ဌဟောင်းနှင့် လက်ရှိ ဥက္ကဋ္ဌတို့မှာလည်း တာအိုကျောင်းများမှ ဖြစ်သည်။
အခြေအနေတစ်ခုတွင် တာအိုကျောင်းလေးကျောင်းက ဥက္ကဋ္ဌကိုပင် ရွေးချယ်နိုင်သည်။ ယခင်က ဤအကြောင်းအရင်းကို ဝမ်ပေါင်လဲ့ နားမလည်ခဲ့ပေ။ ယခု အကြောင်းရင်းကို သိခဲ့ရပြီ ဖြစ်သည်။ ပြည်ထောင်စုမှ အင်အားကြီး အဖွဲ့များထဲ၌ တစ်ခုတည်းသော နတ်ဘုရားလက်နက်ကို တာအိုကျောင်းလေးကျောင်းကသာ ပိုင်ဆိုင်ထားသည်။
ပြောရလျှင် ပြည်ထောင်စုဥက္ကဋ္ဌမှာ တာအိုကျောင်းလေးကျောင်း၏ ပြောခွင့်ရပုဂ္ဂိုလ်ဟုပင် ဆိုနိုင်သည်။ သို့သော် လွှတ်တော်က တာအိုကျောင်းလေးကျောင်း၏ တန်ခိုးအာဏာကို မေးခွန်းထုတ်နိုင်သည့် အရည်အချင်း ရှိသည်။
ဝမ်ပေါင်လဲ့သည် အကုန်လုံးကို နားမလည်နိုင်သော်လည်း အကြမ်းဖျင်း ခန့်မှန်းကြည့်နိုင်သည်။ တာအိုကျောင်းလေးကျောင်းက ဥက္ကဋ္ဌကို ဆုံးဖြတ်ပြီး လွှတ်တော်က ပြည်ထောင်စု၏ နိုင်ငံလုံးဆိုင်ရာ မူဝါဒကို ချမှတ်သည်။
သူတို့မှာ ဆန့်ကျင်ဘက် ဖြစ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး ခွဲခွာမရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် အထဲမှ ကန့်သတ်ထားသည့် အင်အားစုများ ရှိသည့်အပြင် ပြင်ပ၌လည်း မရေမတွက်နိုင်သော သားရဲများ ရှိနေသည်။
ဝမ်ပေါင်လဲ့က ထိုအကြောင်းကို တွေးမိကာ ပင့်သပ်ရှိုက်လိုက်သည်။ အများစုကို နားမလည်ဘဲ ခန့်မှန်းရုံသာ တတ်နိုင်သော်လည်း အဆင့်မြင့်ကျွန်းသို့ ရောက်သည်နှင့် ပြည်ထောင်စုကို ဖုံးလွှမ်းထားသည့် မှော်ဆန်ဆန် ဇာပဝါပါးကို လှစ်ဟနိုင်လိမ့်မည်ဟု သိထားသည်။
“ သူတို့က အဆုံးမဲ့မျိုးနွယ်စုအကြောင်း ဘယ်လောက် သိထားကြလဲ။ ဒီဓါးကြီးရဲ့ မူလအစကိုရော ဘယ်လောက် သိလဲ….”
“ အလောင်းကို တွေ့ထားကြတယ်ဆိုတော့… သက်ရှိလူတစ်ယောက်ယောက်ကိုရော မတွေ့ကြဘူးလား….”
“ နေကို ထိုးစိုက်နေတဲ့ အဲဒီရှေးဟောင်း ကြေးညိုရောင် ဓါးကြီးထဲကို ခြေချနိုင်ခဲ့တဲ့ ပြည်ထောင်စုသား တစ်ယောက်ယောက်ရော မရှိဘူးလား “
ဝမ်ပေါင်လဲ့ မျက်လုံးထဲမှ ရူးသွပ်စွဲလမ်းခြင်းက ပိုမို ပြင်းပြလာသည်။ သူက ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ မန္တန်အကြောင်း ကျိုးရိဖန်ကိုပင် မေးကြည့်လိုက်သေးသည်။ ကျိုးရိဖန်၏ ရှင်းလင်းချက်မှာ အနည်းငယ် ထူးဆန်းနေသည်။ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စု၌ အကျိုးအပဲ့တစ်ခုမှ ရှာဖွေတွေ့ရှိထားသည့် မှော်ပညာရပ်တစ်ခု ရှိသည်။ ထိုပညာရပ်မှာ ယခင်ကမ္ဘာကြီးကို ဖြစ်ပေါ်စေခဲ့သည့် အခြေခံအုတ်မြစ်ဖြစ်ပြီး ဝိညာဉ်အမြစ်များ၏ မူလအစနှင့်လည်း သက်ဆိုင်သည်။
အာနာပါနအဆင့် မဟုတ်သည့်တိုင် ဝိညာဉ်အမြစ်ရှိသည်ဆိုလျှင် ကောင်းစွာ အသုံးချနိုင်သည်။ ကျိုးရိဖန်၏ ပညာရပ်မှာ ကျိုးရိရှန်ကဲ့သို့ မတတ်ကျွမ်းသေးသောကြောင့် သူက မလုပ်နိုင်ခြင်း ဖြစ်သည်။
နောက်ပြီး ဓါးကြီးကနေ ကျလာတဲ့ အကျိုးအပဲ့တွေက သေချာပေါက် အများကြီး ရှိမှာပဲ။ လနဲ့ တခြားကြယ်တွေပေါ်မှာရော ဘယ်လိုပုံစံ ရှိမလဲ သိချင်လိုက်တာ…
ဝမ်ပေါင်လဲ့သည် သင်္ဘောပျံအပြင်ဘက် ကောင်းကင်ကြီးကိည မျှော်လင့်ခြင်းများစွာဖြင့် ကြည့်လိုက်သည်။
တစ်နေ့တာ အချိန် ကုန်လွန်သွားလေပြီ။ သင်္ဘောပျံမှာ ကောင်းကင်မှ ဆင်းသက်လာသည်တွင် အဝေးမှ သစ်တောစိမ်းရေကန်ကို တွေ့နိုင်သည်။
ထိုအခိုက် ကောင်းကင်မြို့တော်ထဲ၌ ပေသုံးဆယ် အကျယ် ကျုံးတစ်ခုက ခြားထားသည့် နေရာတစ်နေရာ ရှိသည်။ ထိုကျုံးက ပတ်ပတ်လည် ဝန်းရံထားပြီး အတွင်းစည်းမြို့တစ်ခု ဖြစ်နေသည်။
ဤနေရာမှာ ကောင်းကင်မြို့တော်၏ အတွင်းစည်းမြို့ဖြစ်ပြီး ပြည်ထောင်စု၏ လွှတ်တော်အမတ် ဆယ့်ခုနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ကောင်းကင်မြို့စား၏ ကိုယ်ပိုင်နေရာလည်း ဖြစ်သည်။
ကျုံး ပတ်လည်ဝိုင်းထားသည့် အတွင်းစည်းမြို့၏ အကျယ်အဝန်းမှာ အံ့ဩစရာ ကောင်းလှသည်။ အိမ်တော် ဆယ်ဆောင်ခန့်မက ကြီးမားသည်။ အဝေးမှ ကြည့်လျှင် မြို့လယ်ရှိ ခေတ်ဟောင်းရဲတိုက်မှာ မျက်လုံးထဲ ထင်သာ မြင်သာ ရှိလှသည်။ ငှက်များက တေးသီနေကြပြီး ပန်းပွင့်များဆီမှ မွှေးရနံ့ ပျံ့လွင့်နေသည်။
ကန်များ၊ လူလုပ်တောင်ကုန်းများနှင့် ဗဟိုရဲတိုက်ကို ဝန်းရံနေသော ပြန်လည် မွမ်းမံထားသည့် ရှေးဟောင်းရဲတိုက်များကိုလည်း တွေ့နိုင်သည်။ အတွင်းစည်းမြို့တစ်ခုလုံး၌ ကြမ်းပြင်မှ ကျောက်တုံးကွက်များ၊ ဗိသုကာလက်ရာများ၊ အကာကွယ်မြစ်တို့ အားလုံး၌ ကွယ်ဝှက်မန္တန်အစီအရင်များ ရှိကြပြီး တစ်မြို့လုံးကို မန္တာန်အစီအရင်များဖြင့် လွှမ်းခြုံထားသည်။
ထို့ပြင် ဤသည်မှာ မျက်စိဖြင့် မြင်နိုင်သည့် အစီအရင်များ ဖြစ်သည်။ ဤအတွင်းစည်းမြို့ထဲ၌ မျက်စိဖြင့် မမြင်နိုင်သည့် အကာအကွယ်များ၊ လူသတ်နည်းစနစ်များ ကွယ်ဝှက် တည်ရှိနေမည်ကို တွေးကြည့်နိုင်သည်။
တချိန်တည်းမှာပင် တစ်မြို့လုံးကို ကင်းလှည့်နေသည့် ချပ်ဝတ်တန်ဆာ အနက်ရောင်များ ဝတ်ဆင်ထားကြသည့် အစောင့်များစွာလည်း ရှိသည်။ သူတို့အားလုံးက အစွမ်းထက် အရှိန်အဝါများ ထုတ်လွှတ်နေသည်။ အခြံအရံများ၊ ထမင်းချက်များ၊ ဂီတပညာရှင်များ၊ အစေအပါးများ စသဖြင့် လူများစွာ ရှိနေသည်။ သူတို့အားလုံးမှာ အတွင်းစည်းမြို့ထဲတွင် အလုပ်ရှုပ်နေကြပြီး သူတို့ဘဝမှာ အရှင်သခင်များကို နောက်ဆုံးထွက်သက်အထိ အလုပ်အကျွေးပြုသွားကြရမည် ဖြစ်သည်။
ထိုအခိုက် ရဲတိုက်နောက်ဘက်တွင် အရှင်သခင်များ၏ ခွင့်ပြုချက် မရှိဘဲ ဝင်ခွင့် မရှိသည့် ကန့်သတ်နေရာ တစ်ခုရှိသည်။ ပေပေါင်းများစွာ မြင့်သည့် သစ်ပင်အိုကြီး တစ်ပင် ရှိပြီး ထိုးထွက်နေသည့် အကိုင်းအခက်များက များပြားလှစွာ ပေတစ်ရာကျော် ကျယ်ပြန့်သည်။ အစိမ်းရောင်များ ကြားတွင် မမှည့်သေးသည့် သစ်သီးစိမ်းများကို မထင်မရှားတွေ့ရသည်။
ထိုသစ်ပင်ကြီးအောက်တွင် လူနှစ်ယောက် ထိုင်နေသည်။ တစ်ယောက်မှာ လင်းတျန်ဟောက်ဖြစ်သည်။ သူ့အမူအရာမှာ စိတ်ဓါတ်ကျနေဟန် ရှိသည်။ ရှေ့သို့ မျက်နှာမူကာ တစ်ခုခု ပြောချင်နေသော်လည်း အကြိမ်တိုင်း မပြောဖြစ်ဘဲ ငြိမ်နေမိသည်။ သူကြည့်နေသူမှာ ခါးရှည်ကုတ်အင်္ကျီ ဝတ်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်သည်။ သူသည် လင်းတျန်ဟောင်ကို ကျောပေးထားပြီး သစ်ပင်မှ အသီးများကို ငေးမောကာ အတွေးထဲ နစ်မြောနေဟန် ရှိသည်။
ထိုလူ၏ခန္ဓာကိုယ်မှာ အရပ်ရှည်ကာ ကျစ်လျစ်တောင့်တင်းသည်။ သက်လတ်ပိုင်း ဖြစ်သော်လည်း မျက်လုံးထောင့်နားတွင်သာ အရေးအကြောင်း ရှိသည်။ သေချာမကြည့်လျှင် လူငယ်တစ်ယောက်ဟုပင် ထင်ကြမည် ဖြစ်သည်။ သူ့ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်မှာမူ သမုဒ္ဒရာ တစ်စင်းအလား နက်ရှိုင်းကာ ထိုးဖောက်မမြင်နိုင်ဘဲ ဖိနှိပ်အား အရိပ်အယောင်များ ရောစွက်နေသည်။ ထိုအရှိန်အဝါကြောင့် ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်ချီများကို မငြိမ်မသက် ဖြစ်စေသည်။
သူသည် ပြည်ထောင်စု၏ လွှတ်တော်အမတ် ဆယ့်ခုနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ကောင်းကင်မြို့စား လင်းယုံဖြစ်သည်။
ဘာသာပြန်သူမှတ်စု
အဆင့်တစ်ကနေ အဆင့်နှစ်ရှိတဲ့ လက်နက်တွေကို ” ဓမ္မအဆောင် ” တွေလို့ ခေါ်ပါတယ်။
အဆင့်သုံးကနေ အဆင့်ခြောက်အထိကို ” နတ်ဘုရားရတနာ ” တွေလို့ ခေါ်ပါတယ်။
အဆင့်ခုနစ်ကို ” ဓမ္မလက်နက် ” အဖြစ် သတ်မှတ်ပါတယ်။
အဆင့်ခုနစ်အထက် လက်နက်တွေကိုတော့ ” နတ်ဘုရားလက်နက် ” တွေလို့ ခေါ်ပါတယ်။ နတ်ဘုရားလက်နက်တွေကို အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့် ၊ အဆင့်လွန်ဆိုပြီး လေးဆင့်ခွဲထားပါသေးတယ်။
( နတ်ဘုရားရတနာ နဲ့ နတ်ဘုရားလက်နက်တို့ အတူတူပါတဲ့အခါ မျက်စိမရှုပ်သွားစေဖို့ မျှော်လင့်ပါတယ်။ အဲဒီနှစ်ခုက မတူပါဘူးခင်ဗျာ )
ဖြည့်စွက်ဆိုရလျှင် အဆင့်သုံး နတ်ဘုရားရတနာ အဆင့် ရောက်သွားတဲ့အခါ အဲဒီလက်နက်မှာ လက်နက်အဆင့်ကိုဖော်ပြနေတဲ့ သဘာဝအမှတ်အသားသုံးခု ပေါ်လာပါတယ်။
အကြမ်းဖျင်းအားဖြင့် လက်နက်ခွဲခြားတာကို အခန်း ်( ၃၄ ) မှာ ပါပါတယ်။ အခုက လက်နက်အကြောင်းတွေ ပါလာတော့မှာမို့ သေချာရှင်းပြရခြင်း ဖြစ်ပါတယ်။