” ဝမ်ပေါင်လဲ့ပါလား ”
” မှော်ဆေးရည်ဒယ်အိုးပဲ။ အဲဒါ မှော်ဆေးရည်ဒယ်အိုးဆိုတာ သေချာတယ်။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က တကယ်ကို မှော်ဆေးရည်ဒယ်အိုးတစ်လုံးကို ယူလာနိုင်ခဲ့တာပဲ။ အဲဒီဒယ်အိုးကြီးရဲ့ ပတ်ပတ်လည်မှာ ရုပ်သေးရုပ်တွေကပါ တွဲလောင်းခိုလာသေးတယ် ”
” အဲဒီ မှော်ဆေးရည်ဒယ်အိုးက ဘာဟုတ်သေးလို့တုန်း။ အဲဒီဒယ်အိုးမှာ အဖုံးမပါဘူး။ အထဲကိုကြည့်ကြည့်လိုက်။ ပစ္စည်းတွေမှ အများကြီးပဲ။ ဓမ္မလက်နက် အကျိုးအပဲ့တွေကိုတောင် ငါ မြင်လိုက်ရသေးတယ် ”
” … ”
လူအုပ်ကြီးမှာ ကယောင်ချောက်ချား ဖြစ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်မှ အသံများကို ကြိုးစား နားထောင်လိုက်၏။ သူသည် ဖော်ပြ၍မရနိုင်လောက်အောင် ကျေနပ်အားရနေပြီး ချောင်းဟန့်ကာ လက်အိတ်စွပ်ထားသော သူ၏ညာဘက်လက်ဖြင့် လက်ဖျောက်တီးလိုက်၏။
ထိုအခါ ရေပုံးကြီးပတ်ပတ်လည်တွင် တွဲလောင်းခိုနေကြသော ရုပ်သေးရုပ်များမှာ လက်များကို လွှတ်လိုက်ကြ၏။ ထို့နောက် ဝီခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး သူတို့သယ်ဆောင်လာသည့် မရေမတွက်နိုင်လောက်အောင်များပြားနေသော ပစ္စည်းပေါင်းမြောက်မြားစွာ မြေကြီးပေါ်သို့ ကျလာကြသည်။
ထိုပစ္စည်းများထဲတွင် ဆေးလုံးများ၊ အကျိုးအပဲ့များ၊ ပျက်စီးနေသော ကျောက်စိမ်းပေလွှာများနှင့် ဝမ်ပေါင်လဲ့ မမြင်ဖူးသည့် ပစ္စည်းများပင် ပါနေ၏။ ၎င်းတို့မှာ အလွန် များပြားပြီး မြေကြီးပေါ်တွင် ပျံ့ကြဲနေကြသည်။
လူအုပ်ကြီးမှာ တစ်ခဏမျှ အသက်ရှူရပ်တန့်သွားကြပြီး ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားလာတော့သည်။
” သောက်ကျိုးနဲ၊ သူ… ရုပ်သေးရုပ်တွေ ယူလာခဲ့တဲ့ ပစ္စည်းတွေထဲမှာ သစ်ရွက်တစ်ရွက် ရှိနေတာပဲ။ အဲဒါ အပင်တစ်ပင်များ ဖြစ်နေနိုင်မလား ”
” ရှေးဟောင်း ဝိညာဉ်ကျောက်တုံးတွေလည်း ရှိသေးတယ်ဟ။ အဲဒီ ကျောက်တုံးတွေကို ကြည့်လိုက်။ သိပ်ဟုတ်တာပေါ့။ ရှေးဟောင်းဝိညာဉ်ကျောက်တုံးတွေ ”
” မြန်မြန်လေး။ ဟိုကွဲနေတဲ့ ကျောက်တုံးကြီးကိုကြည့်လိုက်။ အဲဒီအပေါ်မှာ ကျောက်စာတွေ ရေးထားတယ်။ အဲဒါ မန္တန်ကျောက်စာတွေများ ဖြစ်နေမလား မသိဘူး ”
လူအုပ်ကြီးဆီမှ စကားများမှာ အဆက်မပြတ် ကျယ်လောင်စွာ ထွက်ပေါ်လာနေကြ၏။ ဝမ်ပေါင်လဲ့မှာမူ ဝင့်ကြွားစွာ ရင်ကော့လိုက်ပါသော်လည်း သူ၏ အစွမ်းအစကို အလုံအလောက် ထုတ်မပြရသေးကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ခြေထောက်ကိုမြှောက်၍ ရေပုံးကြီးကို လှမ်းကန်လိုက်သောအခါ ၎င်းမှာ မှောက်သွား၏။
ထိုအခါ အခြားသော ပစ္စည်းများစွာ ထပ်၍ ထွက်ကျလာကြပြီး ရုပ်အလောင်းလေးလောင်းလည်း ပေါ်လာ၏။
ထို ရုပ်အလောင်းများမှာ မူလက ရေပုံးကြီး၏ ထိပ်ဆုံးတွင် ရှိနေခဲ့သည်။ သို့သော် သူ၏အပြန်လမ်းတွင် ထိုရုပ်အလောင်းများ အောက်သို့ပြုတ်ကျသွားမည်ကို စိုးရိမ်ခဲ့သောကြောင့် ၎င်းတို့အား အောက်ဆုံးသို့ ပြောင်း၍ထားခဲ့ခြင်းဖြစ်သည်။ ယခုတွင်မူ ထိုရုပ်အေလာင်းလေးလောင်း ပေါ်ထွက်လာပြီဖြစ်ရာ ပို၍ပင် ဆူညံပွက်လော ရိုက်သွားကြတော့သည်။
” ရုပ်အလောင်းတွေပါလား ”
” လေးလောင်းတောင်… ငါ အမြင်မှားနေတာ မဟုတ်ပါဘူးနော်။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ရုပ်အလောင်းလေးလောင်းကို ယူလာခဲ့တာလားဟ ”
ထိုဆူညံသံမှာများ ကမ္ဘာကြီးကိုပင် တုန်ရီသွားစေပြီး အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်သွားတော့သည်။ တာအိုကျောင်းလေးကျောင်းမှ သက်ဆိုင်ရာ ပါမောက္ခကြီးများထက် ကျင့်ကြံခြင်းသာမက ရာထူးအဆင့်အတန်းပါ သာလွန်ကြသည့် အကြီးအကဲများပင် မျက်လုံးများပြူးကြီးများဖြင့် စိုက်ကြည့်နေရတော့သည်။ သူတို့မှာ အသက်ပြင်းပြင်းရှူလိုက်ကြပြီး ထိုရုပ်အလောင်းလေးလောင်းအား တစ်ပြိုင်နက်တည်း ဆွံ့အမှင်တက်စွာ စိုက်ကြည့်နေမိတော့သည်။
” အဲဒါ စောစောက ငါတို့မြင်ခဲ့ရတဲ့ ရုပ်အလောင်းနဲ့ မျိုးဆက်အတူတူပဲ ”
” သူတို့ရဲ့ မျက်ခုံးကြားကနေရာကို ကြည့်လိုက်။ ဒီ ရုပ်အလောင်းတွေက မှတ်တမ်းတွေထဲမှာ ဖော်ပြထားတဲ့ အဆုံးမဲ့မျိုးနွယ်စုက လူတွေပဲ ”
” စောစောက ဟိုကောင်မလေး ပြောခဲ့တဲ့နေရာမှာ ရုပ်အလောင်းငါးလောင်း ရှိတယ်ဆို ”
ထိုအကြီးအကဲများမှာ ကျင့်ကြံခြင်းနှင့် ရာထူးအဆင့်အတန်း မြင့်မားကြသောကြောင့် သာမန်ဆိုလျှင် ခံစားချက်ကင်းမဲ့ပြီး အေးတိအေးစက်သာ နေကြပါသော်လည်း ယခုတွင်မူ မျက်လုံးများ အရောင်တောက်ကာ အလွန် စိတ်လှုပ်ရှားနေကြပြီ ဖြစ်သည်။ သူတို့ထဲမှ မျက်နှာနီမြန်းနေသော အကြီးအကဲကြီးမှာ ချက်ချင်းပင် ဝမ်ပေါင်လဲ့ဘက်သို့ လှည့်လာပြီး သူ့အား မေးမြန်းလိုက်၏။
” လူလေး။ ဒီ ရုပ်အလောင်း လေးလောင်းက ကျန်ခဲ့သမျှ အကုန်လုံးပဲလား ”
” အကြီးအကဲကြီးတို့။ ဒီ ရုပ်အလောင်းတွေကို အမှန်တကယ်ကို ပလ္လင်ကနေ ရခဲ့တာပါ။ ကျနော် အစွမ်းကုန်ကြိုးစားပြီး သေရေးရှင်ရေး အန္တရာယ်မျိုးတွေထဲမှာ ညှင်းပန်းနှိပ်စက်ခံခဲ့ပြီးတော့မှ ရယူနိုင်ခဲ့တာပါ။ သူတို့ကို ထုတ်ယူဖို့ဆိုတာ တော်တော်ကို ခက်တာ ”
ထိုအကြီးအကဲကြီးအချို့မှာ နာမည်ကျော်ကြားသူများ ဖြစ်ကြကြောင်း ဝမ်ပေါင်လဲ့က သိထားသောကြောင့် တရိုတသေ တလေးတစားနှင့် အတတ်နိုင်ဆုံး အမှန်ကန်ဆုံး ပြန်ဖြေလိုက်၏။
ဝမ်ပေါင်လဲ့၏ အဖြေအား ကြားလိုက်ရပြီးနောက် ထိုအကြီးအကဲများမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပါသော်လည်း အခြားလူအားလုံးထက်ပို၍ အံ့အားသင့်သွားကြ၏။ သူတို့အားလုံးမှာ ဟက်ဟယ်ပက်ပက် ရယ်မောကာ ကောင်းကင်ကြီးအား မော့ကြည့်လိုက်ကြ၏။ သူတို့ ဝမ်ပေါင်လဲ့ကို ကြည့်နေသော မျက်ဝန်းများထဲတွင် ချီးကျူးမှုနှင့် အသိအမှတ်ပြုခြင်း အရိပ်အယောင်များ ဖုံးလွှမ်းနေကြ၏။ သူတို့ထဲမှ သမင်ဖြူတာအိုကျောင်း ဝာာအိုဝတ်ရုံကို ဆင်မြန်းထားသည့် မျက်နှာရှည်ရှည်နှင့် အကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့အား အသိအမှတ်ပြုသည့် ပုံစံဖြင့် သူ၏ပခုံးကို ပုတ်လိုက်၏။
” မဆိုးဘူးဘဲကွ လူငယ်လေးရ။ ဒီ ပစ္စည်းတွေအားလုံးကို အရယူနိုင်ခဲ့တဲ့ မင်းရဲ့ အစွမ်းကို ငါ ချီးကျုးပါတယ်။ သမင်ဖြူတာအိုကျောင်းဆီ လာခဲ့လေ ”
သူ ထိုသို့ ကမ်းလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့အား အရင်ဆုံး မေးခွန်းမေးခဲ့သည့် နီမြန်းနေသောမျက်နှာနှင့် အကြီးအကဲကြီးကလည်း အရှုံးပေးရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူသည် ရှေ့သို့လှမ်းလာပြီး သူ၏လက်ဝါးကို လမ်းရိုက်လိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း သူ၏ မျက်ဝန်းများထဲတွင် ချီးကျူးလိုသော အရိပ်အယောင်များဖြင့် ဝင်းလက်တောက်ပလာပြီး ဖော်ရွေစွာ ပြုံးပြလိုက်၏။
” မင်းနာမည်က ဝမ်ပေါင်လဲ့နော်။ ဟုတ်တယ်မလား။ လူလေး။ ကောင်းကင်တာအိုကျောင်းမှာပဲနေ။ တော်တယ်။ မင်းရဲ့ အနာဂတ်က ထွန်းလင်းတောက်ပနေမှာ အမှန်ပဲ ”
သမင်ဖြူတာအိုကျောင်းမှ အကြီးအကဲကြီးမှာ စိတ်ဆိုးသွားခြင်း မရှိပေ။ သူသည် ဝမ်ပေါင်လဲ့အားကြည့်ကာ ပြုံးပြလိုက်ပြီးနောက် သူ ပြန်ယူလာခဲ့သော ရုပ်အလောင်းများအပေါ်သို့ အာရုံပြန်ရောက်သွား၏။ ထို့နောက် သူသည် ၎င်းတို့ကို သေသေချာချာ ကြည့်ရှုစစ်ဆေးနေတော့သည်။
ပတ်ပတ်လည်ရှိ တာအိုကျောင်းလေးကျောင်းမှ ကျောင်းသားများမှာ ဆူဆူညံညံဖြစ်နေရာမှ ငြိမ်သက်စ ပြုလာကြပြီဖြစ်သည်။ သို့သော် သူတို့၏ အသိစိတ်များမှာမူ ယောက်ယက်ခတ်နေကြဆဲပင်။ သူတို့မှာ မြေကြီးပေါ်တွင် ပျံ့ကြဲနေသည့် ပစ္စည်းများကိုကြည့်လိုက် ဝမ်းမြောက်ဝမ်းသာဖြစ်နေသော ဝမ်ပေါင်လဲ့အားကြည့်လိုက်နှင့် မိန်းမောတွေဝေနေကြတော့သည်။
ယခင်က ဆူညံနေခဲ့သည့် ဆွေးနွေးငြင်းခုံသံများနှင့် စောဒက တက်သံများမှာလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီ ဖြစ်သည်။ လီယီနှင့် အခြားသူများဆိုလျှင် ပစ္စည်းတချို့မှာ ယခင်က သူတို့၏ ပစ္စည်းများ ဖြစ်ခဲ့သောကြောင့် အံကြိတ်ကာ ဒေါသများကို မျိုသိပ်ထားရတော့သည်။
သို့သော် သူတို့မှာ ထိုပစ္စည်းများကို ဝမ်ပေါင်လဲ့ဆီသို့သာ လွှဲပေးလိုက်ရမည် ဖြစ်သည်။ သူ ယူလာသော ပစ္စည်းအရေအတွက်မှာ အဆမတန် ကြီးမားလွန်းနေသောကြောင့် သူတို့ဆီမှ လုယူသွားခဲ့သော ပစ္စည်းများကို ထည့်မတွက်လျှင်တောင် ဝမ်ပေါင်လဲ့ ယူလာခဲ့သည့် ပစ္စည်းများမှာ သူတို့အားလုံးထက် သာလွန်နေမည်သာဖြစ်သည်။
ထို့အပြင် ရုပ်အလောင်းလေးလောင်းကို မြင်လိုက်ရသောကြောင့် သူတို့မှာ စိတ်လှုပ်ရှားသွားရ၏။ သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် မည်သည့်နည်းလမ်းကို အသုံးပြု၍ ထိုရုပ်အလောင်းများအား ရယူနိုင်ခဲ့သည်ကို မတွေးတောနိုင်လောက်အောင် ဖြစ်နေကြ၏။
လီယီနှင့် အခြားသူများပင်လျှင် ထိုကဲ့သို့ တွေးတောနေကြမည် ဆိုပါက အခြားကျောင်းသားများဆိုလျှင် မည်ကဲ့သို့ ဖြစ်နေပါမည်နည်း။ ယခုတွင် ကျောင်းသားအားလုံးမှာ စိတ်နှလုံးများပင် တုန်လှုပ်ချောက်ချားနေကြပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့ ယူလာခဲ့သော ပစ္စည်းများမှာ ဖော်ပြ၍ မရနိုင်လောက်အောင် များပြားလွန်းနေ၏။ အကယ်၍ နှိုင်းယှဉ်ပြရမည်ဆိုပါက ဝမ်ပေါင်လဲ့အား တာအိုကျောင်း တစ်ကျောင်းလုံးနှင့် နှိုင်းယှဉ်လျှင်ပင် လွန်မည် မဟုတ်ပေ။ သူသည် ထိုရုပ်အလောင်းလေးလောင်းနှင့်ပင် အခြားတာအိုကျောင်းသုံးကျောင်းစလုံးထက် သာလွန်သွားခဲ့ပြီဖြစ်သည်။ ဝိညာဉ်အမြစ်ရွာ စတင်ဖွင့်လှစ်ခဲ့သည့် အချိန်မှစ၍ ယခုအထိ ဤမျှလောက် များပြားသော ပစ္စည်းများကို မည်သူမှ ယူမလာနိုင်ခဲ့ဖူးပေ။ ထို့ကြောင့် စကားလုံးများနှင့်ပင် ဖော်ပြ၍မရနိုင်လောက်အောင် အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းနေ၏။
သူ ရယူနိုင်ခဲ့သော ပစ္စည်းများနှင့် ယှဉ်လိုက်မည်ဆိုပါက ယခင်က သူ လုပ်ခဲ့သည့် အရာအားလုံးမှာ အရေးမပါတော့ပေ။ လူများကို ရုပ်သေးရုပ်များနှင့် ချုပ်နှောင်သည့် လုပ်ရပ်များပင် မဆိုထားဘိ ၎င်းထက်ပို၍ ဆိုးရွားသည့် လုပ်ရပ်များပင်လျှင် ဥပဒေနှင့် မဆန့်ကျင့်သော လုပ်ရပ်များ ဖြစ်နေသရွေ့ သူ့အား အပေါ်ယံမျှသာ ဆူပူကြိမ်းမောင်းလိုက်ရုံမျှဖြင့် ပြေလည်သွားမည်သာ ဖြစ်သည်။
ပါမောက္ခကြီး သုံးယောက်ပင်လျှင် ရှုံ့မဲ့မဲ့နှင့်သာ ရယ်မောနိုင်ကြတော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့အားကြည့်ကာ ခေါင်းယမ်းလိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာ သူတို့၏ တာအိုကျောင်းမှ ဆိုပါက မည်မျှပင် ကောင်းလိုက်မည်နည်းဟု တွေးတောနေကြခြင်း ဖြစ်နိုင်ပေသည်။
သမားတော်အိုကြီးကမူ အလွန် စိတ်လှုပ်ရှားနေ၏။ သူသည် ကောင်းကင်ကြီးကို မော့ကြည့်၍ ဟက်ဟက်ပက်ပက် ရယ်မောကာ ဝမ်ပေါင်လဲ့၏ပခုံးအား အားပါပါ ပုတ်လိုက်၏။
” ပေါင်လဲ့။ တော်တယ်ကွာ ”
သမားတော်အိုကြီး၏ နှလုံးသားထဲရှိ ပျော်ရွှင်မှုကို ဖော်ပြ၍ပင် မရနိုင်ပေ။ ဘေးပတ်ပတ်လည်ရှိ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများမှာလည်း စိတ်ဓာတ်များ တက်ကြွလာကြ၏။ သူတို့မှာ ရှေ့သို့လှမ်းလာကြပြီး ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဝမ်ပေါင်လဲ့အား ဂုဏ်ပြုစကားများ ဆိုလိုက်ကြသည်။ တချိန်တည်းမှာပင် သူတို့မှာ ကောင်းကင်တာအိုကျောင်း၏ ကျောင်းသားတစ်ယောက် ဖြစ်ရသည်ကိုလည်း ဂုဏ်ယူဝမ်းမြောက်နေကြတော့သည်။
သူတို့အတွက်မူ ဝိညာဉ်အမြစ်ရွာထဲတွင် ဝမ်ပေါင်လဲ့မှာ ကယ်တင်ရှင်ကြီးတစ်ယောက် ဖြစ်ခဲ့၏။ သူသည် ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများစွာကို အကူအညီပေးခဲ့သည် မဟုတ်ပါလော။ အခြားတာအိုကျောင်းသုံးကျောင်းမှ ကျောင်းသားများမှာ သူ့အား ကျယ်လောင်စွာ ပြစ်တင်ရှုတ်ချနေခဲ့စဉ်တုန်းက သူတို့မှာ စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့ အပြစ်ပေးခံရမည်ဆိုပါက သူ့ဘက်မှ ဝင်ရောက်ကာကွယ်ပေးရန် ပြင်ဆင်ထားခဲ့ကြပြီးသား ဖြစ်သည်။ ယခုတွင်မူ ထိုအရာအားလုံး ပြေလည်သွားပြီဖြစ်ပြီး ဝမ်ပေါင်လဲ့မှာ တာအိုကျောင်းကြီးအတွက် ကြီးမားသော အောင်မြင်မှုကြီးတခုကို ဆွတ်ခူးပေးနိုင်ခဲ့သည်ဖြစ်ရာ သူတို့မှာ အနည်းငယ်ခန့် မနာလိုနေသည့်တိုင်အောင် အလွန် အားရကျေနပ်နေကြ၏။
ဝမ်ပေါင်လဲ့မှာမူ အလွန့်အလွန် ပျော်ရွှင်နေပြီ ဖြစ်သည်။ သူသည် ဘေးပတ်ပတ်လည်ရှိ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများနှင့် ရွှင်ပျစွာ စကားစမြည် ပြောဆိုနေ၏။ ကျိုးရိဖန်၊ တုမင်နှင့် ချန်းကျစ်ဟန်တို့ပင် စကားဝိုင်းထဲသို့ ဝင်လာကြ၏။ တုမင်မှာ ခြောက်လက်မဝိညာဉ်အမြစ်အဆင့်သို့ ဖောက်ထွက်နိုင်လုနီးပါး ဖြစ်နေ၏။ ဝမ်ပေါင်လဲ့မှာ ဝိညာဉ်အမြစ်ရွာထဲတွင် ချန်းကျစ်ဟန်နှင့် မဆုံခဲ့ရပါသော်လည်း ချန်းကျစ်ဟန်မှာ တိုးတိုးတိတ်တိတ်နှင့် ခုနစ်လက်မ ဝိညာဉ်အမြစ်ကို ရယူနိုင်ခဲ့သည်ဖြစ်ရာ အံ့ဩဖွယ်ကောင်းသည်ဟု ဆိုနိုင်ပေသည်။
ကျိုးရိဖန်မှာမူ ဝမ်ပေါင်လဲ့နှင့် လမ်းခွဲသွားပြီးနောက် ကံတရား၏ဖေးမမှုကြောင့် ရှစ်လက်မဝိညာဉ်အမြစ်တစ်ခုကို စုပ်ယူနိုင်ခဲ့သည့်ပုံပင်။
ကျောက်ယမုန့်ပင်လျှင် ရှေ့သို့လမ်းလာပြီး သူ၏မျက်ဝန်းများထဲသို့ ကြင်နာစွာစိုက်ကြည့်ကာ သူ့အား ကျေးဇူးတင်လိုက်၏။
ထိုအခြင်းအရာများအားလုံးကြောင့် ဝမ်ပေါင်လဲ့မှာ ကျေနပ်နေပြီး သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်များကို အတိုင်းသား မြင်နေ၏။ သူသည် ယခုလို လူချစ်လူခင် ပေါများနေခြင်းမှာ အနာဂတ်တွင် ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်လာနိုင်ခြေရှိကြောင်းကို ဖော်ပြနေခြင်းဖြစ်သည်ဟု မှတ်ယူလိုက်၏။ ယုတ္တိဆန်မဆန်တော့ မသိပေ။ ဝမ်ပေါင်လဲ့မှာ ပို၍ပင် ယုံကြည်ချက်များ ပြင်းထန်လာတော့သည်။
အခြားတာအိုကျောင်းသုံးကျောင်းမှ ကျောင်းသားများမှာ ဝမ်ပေါင်လဲ့တစ်ယောက် လူအများ၏ အာရုံကို ထပ်မံ ဖမ်းစားသွားနိုင်ခဲ့သည်ကို ကြည့်ရင်း စိတ်ဓာတ်များ ကျနေကြပါသော်လည်း ဤအခြေအနေကြီးကို လက်ခံလိုက်ကြ၏။ ခဏအကြာတွင် ဝိညာဉ်အမြစ်ရွာမှ လူအများစု ပြန်ရောက်လာကြပြီဖြစ်သောကြောင့် တာအိုကျောင်းကြီးလေးကျောင်းမှ ကျင့်ကြံသူများမှာ မန္တန်အစီအရင်ကြီးအား ထိန်းညှိကာ ထွက်မလာသေးသော ကျောင်းသားများကို ပြန်လည်ခေါ်ထုတ်လိုက်ကြ၏။
ထိုသို့ဖြင့် ဝိညာဉ်အမြစ်ရွာ မှော်ဝင်နယ်မြေ စစ်ဆေးပွဲကြီးမှာ ပြီးဆုံးသွားတော့သည်။
ကျောင်းသားလေးထောင်ကျော်မှာ ရွာထဲသို့ ဝင်ရောက်ခဲ့ကြသည်ဖြစ်ပြီး ကိုးဆယ်ရာခိုင်နှုန်းကျော်မှာ အာနာပါနအဆင့် ကျင့်ကြံသူများအဖြစ်သို့ ဖောက်ထွက်နိုင်ခဲ့ကြသည်။ ကံမကောင်းခဲ့သော လူတချို့ ရှိပါသော်လည်း သူတို့၏ အရည်အချင်းများနှင့်ဆိုလျှင် ကျောင်းသို့ပြန်ရောက်ပါက အရည်အချင်းစစ် စာမေးပွဲများကို ပြန်ဖြေကာ သူတို့၏ သက်ဆိုင်ရာတာအိုကျောင်းများရှိ ကိုယ်ပိုင် မှော်ဝင်နယ်မြေများထဲသို့ ဝင်ရောက်နိုင်ကြဦးမည် ဖြစ်သည်။ သူတို့မှာ ကံဆိုးမိုးမှောင် ကျသည့်အဆင့်အထိ ရောက်မနေသရွေ့ အနာဂတ်တွင် အာနာပါနအဆင့်ကျင့်ကြံသူများအဖြစ်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးများကို ရရှိကြဦးမည်မှာ အမှန်ပင်။
သူတို့၏ တာဝန်ထမ်းဆောင်မှု မှတ်တမ်းများနှင့် ပတ်သက်၍ သူတို့ ရယူနိုင်ခဲ့သမျှ ပစ္စည်းတစ်ခုချင်းစီတိုင်းကို မှတ်တမ်းတင်ထား၏။ အကယ်၍ လိုချင်သော ပစ္စည်းတစ်ခုခု ရှိပါက ကြိုတင်ပြောထားခွင့် ရှိသည်။ ထိုသို့မဟုတ်ဘဲ တာအိုကျောင်းသို့ ပြန်ရောက်ပြီးနောက် သူတို့ ယူဆောင်လာသော ပစ္စည်းများကို သေသေသပ်သပ် စီစဉ်ပြီးသောအခါမှ စိတ်ကြိုက်ရှာဖွေကာ ရွေးချယ်၍လည်း ရသည်။ အကယ်၍ သူတို့မှာ တခြားပစ္စည်းများနှင့် လဲလှယ်ရန် ဆန္ဒရှိလျှင်တောင် တာအိုကျောင်းကြီးလေးကျောင်းက ထိုကိစ္စနှင့်ပတ်သက်၍ ကန့်သတ်ထားခြင်း မရှိသောကြောင့် လွတ်လပ်စွာ လဲလှယ်ခွင့် ရှိပေသည်။
ဝမ်ပေါင်လဲ့မှာမူ စေ့စေ့စပ်စပ် တွေးတောလိုက်ပြီး သဘောထားကြီးစွာဖြင့် အပြာရောင် ပုတီးစေ့အား ချန်ထားခဲ့ရန် ဆုံးဖြတ်လိုက်၏။ သူသည် ဝိညာဉ်အမြစ်ရွာအပြင်သို့ ထွက်လာခဲ့စဉ်တုန်းက ၎င်းအား သူ၏ သိုလှောင်လက်ကောက်ထဲတွင် သိမ်းဆည်း၍မရကြောင်း သိခဲ့ရ၏။ အမှန်တွင် ဝိညာဉ်အမြစ်ရွာထဲမှ မည်သည့်ပစ္စည်းကိုမှ သိုလှောင်လက်ကောက်ထဲတွင် သိမ်းဆည်း၍ မရနိုင်ပေ။
အပြာရောင်ပုတီးကုံးလေးမှာ အံ့ဩဖွယ်ကောင်းသော ပစ္စည်းတစ်ခု ဖြစ်ပါသော်လည်း ၎င်းမှာ အပြာရောင်လှံရှည်ကြီးမှ ရလာသော ပစ္စည်းဖြစ်ကြောင်းကို မည်သူကမှ မသိပေ။ ထို့အပြင် ဝမ်ပေါင်လဲ့ အပြင်သို့ ရောက်လာသည်နှင့် ၎င်းမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့၏။ ယခုတွင် ၎င်း၏ပုံစံမှာ စွဲမက်ဖွယ်ရာ မရှိတော့ပါသော်လည်း ၎င်းအား လိုချင်နေကြသည့် လူများ ရှိနေကြဆဲပင်။ သို့သော် ဝမ်ပေါင်လဲ့ ယူဆောင်လာနိုင်ခဲ့သည့် ပို၍ အံ့ဩဖွယ်ရာကောင်းသော အခြားပစ္စည်းများနှင့် ယှဉ်လိုက်ပါက ၎င်းမှာ အရေးမပါတော့ချေ။
ဝမ်ပေါင်လဲ့မှာ ထိုပုတီးကုံးကို ထားခဲ့ရုံသာမက တချို့ ပစ္စည်းများကိုပါ ချန်ရစ်ခဲ့၏။ သူသည် ပစ္စည်းများစွာ ယူလာနိုင်ခဲ့သည်ဖြစ်ရာ တာအိုကျောင်းသို့ ပြန်ရောက်ပြီးလျှင် အခြားပစ္စည်းများစွာကို တောင်းဆိုနိုင်ဦးမည် ဖြစ်သည်။
ထိုသို့ဖြင့် ပစ္စည်းများကို အမျိုးအစား ခွဲခြားပြီးနောက် တာအိုကျောင်းလေးကျောင်းမှာ အသီးသီး ထွက်ခွာသွားကြတော့သည်။ ပါမောက္ခကြီးလေးယောက်၏ လောင်းကြေးအား အနိုင်ရရှိသွားခဲ့သူမှာမူ သမားတော်အိုကြီးဖြစ်သည်။ ရှစ်လက်မ ဝိညာဉ်အမြစ်အား ရယူနိုင်ခဲ့သည့် လူများထဲတွင် လီယီအပြင် ကျိန်းယွမ်ကျဲ့ဟု အမည်ရသော နောက်ထပ်ကျောင်းသားတစ်ယောက်လည်း ရှိနေ၏။ သူသည် လူသိမများသလို ဝမ်ပေါင်လဲ့မှာ သူ့အား ဝိညာဉ်အမြစ်ရွာထဲ၌ မမြင်ခဲ့ရပေ။
အခြားတစ်ဖက်တွင်မူ ကောင်းကင်တာအိုကျောင်း၌ ရှစ်လက်မဝိညာဉ်အမြစ် ရယူနိုင်ခဲ့သည့် ကျောင်းသားမှာ သုံးယောက်တိတိ ရှိနေ၏။ သူတို့မှာ ကျောက်ယမုန့်၊ ကျိုးရိဖန်နှင့် ဝမ်ပေါင်လဲ့တို့ပင် ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ ဝိညာဉ်အမြစ်မှာ အသွင်ပြောင်းလဲနိုင်စွမ်း ရှိပါသော်လည်း သူသည် သူ၏ စွမ်းအားအစစ်အမှန်ကို လျှို့ဝှက်ထားလိုသောကြောင့် ရှစ်လက်မအဖြစ်သာ ပြောင်းထားရန် ဆုံးဖြတ်လိုက်၏။
နောက်ဆုံးတွင် လီယီနှင့် အခြားသူများ သင်္ဘောပျံကြီးပေါ်သို့တက်၍ ထွက်ခွာသွားကြသည်ကို ကြည့်ရင်း ဝမ်ပေါင်လဲ့၏ စိတ်နှလုံးထဲတွင် ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်သွားတော့သည်။
” သူတို့နဲ့ နောက်ဘယ်တော့မှများ ထပ်ပြီးတွေ့ရမှာပါလိမ့် ”
ဝမ်ပေါင်လဲ့က ထိုကဲ့သို့ လှမ်းကြည့်နေသည်ကို လီယီနှင့် အခြားသူများက သတိထားမိသွားကြသောကြောင့် သူတို့မှာ နောက်သို့လှည့်လာကြပြီး စူးရှသော အကြည့်များဖြင့် ပြန်ကြည့်ကာ သူတို့၏ သင်္ဘောပျံကြီးများပေါ်သို့ တက်သွားကြတော့သည်။
ခဏအကြာတွင် ကောင်းကင်တာအိုကျောင်းမှ သင်္ဘောပျံကြီးမှာလည်း ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ လေထဲသို့ ရောက်ရှိသွားပြီး ခပ်လှမ်းလှမ်းသို့ ရောက်ရှိသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ကုန်းပတ်ပေါ်တွင် မတ်တတ်ရပ်ရင်း ခေါင်းငုံ့၍ မြေပြင်ကြီးနှင့် ဝိညာဉ်အမြစ်ရွာတို့ကို လှမ်း၍ကြည့်ကာ တဖြည်းဖြည်းနှင့် မှုန်ဝါးစပြုလာသော ဓားကျိုးတောင်ကြီးကို စိုက်ကြည့်နေမေးတော့သည်။ ထို့နောက် အံ့ဖွယ်အမျိုးသမီးများ၏ ပန်းပုရုပ်ကြီးနှင့် မရေမတွက်နိုင်လောက်အောင် များပြားသော မျက်နှာများကို သူ၏ မျက်ဝန်းထဲတွင် ပြန်လည်မြင်ယောင်လာတော့သည်။
” အဆုံးမဲ့မျိုးနွယ်စုဆိုပါလား ”
ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။