အပိုင်း(၂၂)

မောက်မာသော ကျူးကျော်သူများ

ချင်းကျူကျောင်းတော်၏ ဝင်ခွင့် စစ်ဆေးရာနေရာတွင် မီးတောက်သုံးခု အမှတ်အသားပါသော အနက်ရောင် ဝတ်စုံရှည်များ ဝတ်ဆင်ထားကြသော လူတစ်စုက ကျောင်းတော်၏ ဝင်ပေါက်အား ပိတ်ဆို့ထားကြသည်။

ရီဖူရှင်းနှင့် ဖန်းရှင်းဇွီတို့ ရောက်လာသောအခါ ထိုနေရာတွင် ဆရာများနှင့် ကျောင်းသား အတော်များများ စုမိနေကြပြီဖြစ်သည်။ အမှန်တကယ်တွင်လည်း အချို့သော ကျောင်းတော်မှ ခေါင်းဆောင် အချို့လည်း ထိုသတင်းအားကြားကာ ရောက်ရှိနေကြပြီဖြစ်သည်။

သူတို့ကား ကျောင်းတော်၏အဝင်ဝအား ပိတ်ဆို့ထားကြသည်။ ထိုဟိုင်ရန် ကျောင်းတော်မှ လူများ၏ ရိုင်းစိုင်းမှုအား တွေ့မြင်ကာ ရီဖူရှင်း အနည်းငယ် ထိတ်လန့် အံ့အားသင့်သွားရသည်။

ဖန်းရှင်းဇွီနှင့် ရီဖူရှင်းတို့က အတူတူ ရောက်ရှိလာသည့် အဖြစ်မှာလည်း လူတိုင်းအား အံ့အားသင့်စေသည်။ လွန်ခဲ့သော နှစ်လခန့်ကပင် ကောလာဟလများအရ ရီဖူရှင်းက ချင်ယီအား ပွေ့ဖက်ခဲ့သော သတင်းကား ကျောင်းတော်အနှံ့ပျံ့နှံ့ကာ လူတိုင်းက စိတ်ဆိုး ဒေါသထွက်ခဲ့ကြသည်။ ကျောင်းတော်မှ ရီဖူရှင်းအား ထုတ်ပယ်သင့်ပြီဟု သူတို့ အားလုံး ယူဆကြသည်။ သို့သော်လည်း ယခု မဟုတ်သေးပေ။ ကျောင်းတော်မှာ ယခုအချိန် ပြင်ပမှ ရန်သူများ ရောက်ရှိနေသည်။

ဟိုင်ရန်ကျောင်းမှလူများ အဘယ်ကြောင့် ရောက်ရှိနေကြသည်ကို သူတို့သိသည်။ သည်ကျူးကျော်သူများအား အလွန်ဆိုးရွားသော ပြဿနာများ ဖန်တီးရန် ရောက်ရှိနေကြခြင်း ဖြစ်သည်။

“ကျောင်းအုပ်တွေ ရောက်လာကြပြီ…” လူများက အသစ်ရောက်လာသော လူတစ်စုအား လူအုပ်ကြားမှ ဖြတ်သွားရန် လမ်းဖယ်ပေးကြသည်။ သူတို့ကား သိုင်းပညာသင် ကျောင်းများနှင့် မှော်ပညာ ကျောင်းဆောင်များမှ ကျောင်းအုပ်များ ဖြစ်ကြသည်။ သူတို့က ဟိုင်ရန်ကျောင်းတော်မှ လူများအား မျက်မှောင်ကုတ်လျက် ကြည့်နေကြသည်။ သည်ပြဿနာကောင်များက ချင်းကျူမြို့ကို ရောက်ကတည်းက ချင်းကျူကျောင်းတော်အား လာရောက် ပြဿနာရှာမည်ကို သူတို့ ခန့်မှန်းမိပြီးဖြစ်သည်။

ယခုအချိန်ကား နှင်းများ ထူထပ်စွာ ကျဆင်းနေချိန် ဖြစ်သည်။ လူတိုင်းကား အေးစက်သောဒဏ်ကို ခံစားနေကြရသည်။ ဆောင်းရာသီ၏ အအေးဒဏ်ကြောင့် အေးခြင်း မဟုတ်ဘဲ ထိုကျူးကျော်သူများထံမှ ရနေသော အန္တရာယ် အငွေ့အသက်များကြောင့် ဖြစ်သည်။

“ဒီနေရာက ကျောင်းတော်ရဲ့ အဝင်ဝဖြစ်တယ်… ခင်ဗျားတို့က ချင်းကျူကျောင်းတော်ကို ခရီးဝေးက လာကြရတယ်… ကျောင်းတော်ထဲကို ဝင်ပြီး အေးအေးဆေးဆေး စကားပြောရအောင်…” ချင်းကျူကျောင်းတော်၏ ကျောင်းအုပ် တစ်ယောက်က ဟိုင်ရန်ကျောင်းတော်မှ အုပ်စုအား ပြောလိုက်သည်။

“ဒီအတွက်တော့ မလိုဘူး… ငါတို့ အမြန်လိုတယ်… ပြောစရာရှိတာတွေ ဒီမှာပဲ ပြောမယ်…” ဟိုင်ရန်ကျောင်းတော်မှ ခေါင်းဆောင်ဟု ထင်ရသူ လူကြီးက ပြောလိုက်သည်။ ထိုခေါင်းဆောင်၏ အသားအရေမှာ အနက်ရောင်ဖြစ်ပြီး သူ၏မျက်နှာမှာ အလွန် ကြမ်းတမ်းပုံရသည်။ သူ၏မျက်လုံးများက သိမ်းငှက်၏မျက်လုံးများနှင့် အလွန်တူကာ သူ၏အကြည့်များက စူးရှကာ လူတိုင်း၏ရင်ကို ထွင်းဖောက်ကြည့်နိုင်စွမ်း ရှိသည့်အလားပင်။ သူကား စကားအားဖြင့် ချင်းကျူကျောင်းတော်အား မခန့်မလေးစား ပြောပြန်သည်။ အမှန်တကယ်လည်း သူကား ယဉ်ကျေးရန် မလိုအပ်ပေ။ သူတို့က သူတို့၏စွမ်းရည်အား ပြသရန် ရောက်ရှိနေခြင်း မဟုတ်ပါလား။

“ဘာကိစ္စပြောမလဲ…” ဓားခန်းမသခင် လင်ရှန်းဖန်က အခြေအနေအား နားလည်လိုက်သည်။ အေးအေးဆေးဆေး စကားပြော၍ မရသော အခြေအနေဖြစ်လာလျှင် သူကလည်း ပြဿနာအား မြန်မြန်ဆန်ဆန် ဖြေရှင်းလိုသည်။

“ငါတို့ နောက်ဆုံးတစ်ခေါက် လာခဲ့တဲ့အချိန်တောင် အတော်ကြာခဲ့ပြီပဲ… ဒီနှစ်ပိုင်းအတွင်းမှာ ငါတို့ကျောင်းတော်က လူငယ် အတော်များများက သူတို့ရဲ့ ပါရမီအခြေခံကို ပြသနိုင်ခဲ့ကြတယ်… သူတို့က အခြားနေရာက လူတွေနဲ့လည်း အတွေ့အကြုံကို အမြဲတမ်း ရှာဖွေနေခဲ့ကြတယ်… ဒါကြောင့် သူတို့ကို ချင်းကျူကျောင်းတော်က ထက်မြက်တဲ့ ကျောင်းသားတွေနဲ့ ယှဉ်ပြိုင်ခိုင်းမလို့ ခေါ်လာခဲ့တာ…” ဟိုင်ရန်ကျောင်းတော်မှ ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူက သူ၏နောက်မှ လူငယ်များအား လှည့်ကြည့်လျက် ပြောလိုက်သည်… “မင်းတို့က စိန်ခေါ်မလို့ လာတာမလား… အခု… ရှေ့ကိုထွက်လာပြီး သူတို့ကို စိန်ခေါ်လိုက်…”

ထိုလူငယ်များအားလုံးမှာ အသက် ဆယ့်ရှစ်နှစ်ထက် ငယ်ပုံရကြသည်။ သူတို့အထဲမှ အငယ်ဆုံးသော လူငယ်များမှာ အသက်ဆယ့်သုံးနှစ်ခန့် ဖြစ်သည်။ သို့သော်လည်း သူတို့က ချင်းကျူကျောင်းတော်မှ ကျောင်းသားများအား မတူမတန်သော အထင်သေးသော အကြည့်များဖြင့် ကြည့်နေကြသည်။

ချင်းကျူကျောင်းတော်မှ ကျောင်းသားများကလည်း သူတို့၏အကြည့်များအား နားလည်ကာ စိတ်ထဲတွင် ဆဲရေးနေကြသည်။ တချို့က လက်ဆစ်များ တဖြောက်ဖြောက် မြည်အောင်ချိုးကာ ထိုကျူးကျော်သူများအား သင်ခန်းစာပေးရမည့် အချိန်အား မစောင့်နိုင်အောင် ဖြစ်နေကြသည်။

ထိုစဉ် ဟိုင်ရန်ကျောင်းတော်မှ လူငယ်တစ်ယောက်က ရှေ့သို့ ထွက်လာသည်။ သူ၏အသက်ကား ဆယ့်ခြောက်နှစ်ခန့် ရှိပုံရသည်။ သူကား အရပ်ရှည်ပြီး ပိန်ကာ သာမန် ကျောင်းတော်များမှ စာပေသမားတစ်ယောက်နှင့် တူလှသည်။

“မူဂျန်… ဟိုင်ရန်ကျောင်းတော်… နိုးထခြင်းအဆင့်ကိုး… စိန်ခေါ်သူတွေကို လက်ခံပါတယ်…” သူက ယဉ်ကျေးစွာပင် ပြောလိုက်သည်။ သို့သော် သူ၏ပုံစံက မိမိကိုယ်ကို အလွန် ယုံကြည်မှုရှိသော ပုံစံဖြစ်ကာ မည်သည့်စိန်ခေါ်သူမဆို သူ၏မျက်လုံးထဲတွင် အလေးထားသော ပုံစံမရှိပေ။

ချင်းကျူကျောင်းတော်မှ ကျောင်းသားတစ်ယောက် ရှေ့ကို ထွက်လာသည်။

“ချူရန်… နိုးထခြင်းအဆင့်ကိုး…” သူကလည်း သူ့ကိုယ်သူ အေးဆေးစွာပင် မိတ်ဆက်လိုက်သည်။ သူသည်လည်း ချင်းကျူကျောင်းတော်၏ နွေဦးရာသီ စစ်ဆေးခြင်း စာမေးပွဲတွင် အလွန်ကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသထားသူတစ်ယောက် ဖြစ်သည်။ သူကား ကျောင်းတော်မှ စွမ်းအားမြင့်ကာ ကျော်ကြားသော မှော်ဆရာတစ်ယောက်ဖြစ်သည်။

“စလို့ရပြီ…” မူဂျန်က ခေါင်းညိတ်လျက် လက်ခံလိုက်သည်။ ချူရန် ရုတ်တရက် ပြေးလာသည်။ သူကား အလွန်လျင်မြန်သည်။ သိုင်းပညာ စွမ်းအင်များက သူ၏ခန္ဓာကိုယ်တွင် လွှမ်းခြုံထားသည်။ သို့သော် သူ၏ခန္ဓာကိုယ်မှ မီးဓာတ်စွမ်းအင်၏ အရိပ်အယောင်များအားလည်း မြင်နေရသည်။ သိသိသာသာပင် သူကား သိုင်းပညာနှင့် မှော်ပညာ နှစ်မျိုးလုံးကို လေ့ကျင့်သောသူ ဖြစ်သည်။

မူဂျန်ကား သိပ်ဂရုစိုက်ဟန်မရှိပဲ မတ်တတ်ရပ်နေသည်။ သူက မတ်တတ်ရပ်လျက် ချူရန်၏တိုက်ခိုက်မှုအား စောင့်နေ၏။

ချင်းကျူကျောင်းတော်မှ ဆရာများ အားလုံးက အန္တရာယ်အား မြင်နေကြသည်။ သို့သော် မူဂျန်ကား ချူရန်၏တိုက်ခိုက်မှုအား ကြိုတင် ခန့်မှန်းထားပုံရကာ တည်ငြိမ်စွာပင် စောင့်နေသည်။

ချူရန်ကား လျင်မြန်စွာ ချဉ်းကပ်လာနေသည်။ သူ့ပတ်ဝန်းကျင်ရှိ မီးဓာတ်စွမ်းအင်များက အစုအဝေးများ ဖြစ်လာကာ ကြာပန်းငယ်များ အသွင်သို့ ပြောင်းသွားကြသည်။ ထိုကြာပန်းများက လေထုအား မီးလောင်သောအသံ “ချီချီ”သံများ အဆက်မပြတ် ထွက်လာနေကြသည်။ ရုတ်တရက် မူဂျန်၏ ခန္ဓာကိုယ်အောက်မှ နှင်းခဲများက သူ့ခန္ဓာကိုယ်အနီးသို့ စုစည်းလာနေကြသည်။ သူ့ခန္ဓာတစ်ခုလုံး နှင်းခဲများ စုစည်းသွားကာ နှင်းတံတိုင်းများအဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရသည်။

ချူရန်၏တိုက်ခိုက်မှုက ကျရောက်လာလေပြီ။ မီးကြာပွင့်များက ရုတ်တရက် မီးပင်လယ်အလား ပြောင်းလဲသွားကာ မူဂျန်း၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားလေသည်။ ထိုမြင်ကွင်းက ချင်းကျူကျောင်းတော်မှ ကျောင်းသားများအား စိတ်လှုပ်ရှား ပျော်ရွှင်စေသည်။ ထိုကဲ့သို့သော မှော်သိုင်းကွက်ကား မရှောင်တိမ်းပဲ တိုက်ရိုက်ခုခံပါက သူ၏ လမ်းကြောင်းတစ်လျှောက် အတားအဆီးများ အားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအား ရှိပေသည်။

သို့သော်လည်း ထိုစိတ်လှုပ်ရှားမှုကား စက္ကန့်ခန့်မျှသာကြာသည်။ ရေခဲငွေ့များက မီးပင်လယ်အကြားမှ ခွဲထွက်လာက ချက်ချင်းပင် မီးပင်လယ်မှာ ရေခဲငွေ့များအကြား ပျောက်ဆုံးသွားလေသည်။ သို့သော် ရေခဲဓာတ်က ထိုမျှနှင့် မရပ်ပေ။ လူတိုင်းက ချူရန်၏လက်များမှာ တဖြည်းဖြည်း အေးခဲလာသည်ကို တွေ့ရလေသည်။ ထို့နောက် လက်မှတစ်ဆင့် သူ၏တစ်ကိုယ်လုံးအား ပျံ့နှံ့လာပုံရသည်။

“ဘာ… ဘာဖြစ်…”

“သူအေးခဲနေပြီ…” ချင်းကျူကျောင်းတော်မှ လူများက မူဂျန်မှာ ရေဓာတ်စွမ်းအင် မှော်ဆရာ ဖြစ်နေသည်ကို သိလိုက်သည်။ သူကား ချူရန်၏ မီးဓာတ်အား တန်ပြန် တိုက်ခိုက်နိုင်သော ရေဓာတ်မှော်ဆရာ ဖြစ်သည်။

ချူရန်ကား အေးစက်သော ဒဏ်များကြောင့် တဆတ်ဆတ် တုန်နေသည်ကို တွေ့ရသည်။ သူ၏ခန္ဓာတစ်ဝက်ကား လုံးဝအေးခဲသွားပြီ ဖြစ်သည်။ တခြားတစ်ဝက်မှာလည်း မကြာခင် အေးခဲသွားတော့မည် ဖြစ်သည်။

“ရပ်လိုက်…” ချင်းကျူ ကျောင်းတော်မှ ဆရာတစ်ယောက်က အော်လိုက်သည်။ မူဂျန်က ထိုသူ၏စကားအတိုင်း နားထောင်ကာ ရပ်လိုက်သည်။ သူက လက်ကို ဆန့်ထုတ်၍ ချူရန်၏ခေါင်းအား ပုတ်လိုက်ရာ ချူရန်မှာ လှုပ်ရှားနိုင်စွမ်း မရှိတော့ဘဲ မြေကြီးသို့ ခွေကျသွားသည်။

ချင်းကျူ ကျောင်းတော်မှ လူများက သူ့အား ဆေးကုသဆောင်သို့ တွဲခေါ်သွားကြသည်။ သူကား ရေခဲဒဏ်ကြောင့် အသက်အန္တရာယ်ပင် စိုးရိမ်ရသော အခြေအနေဖြစ်သည်။

“သူက သူ့ရန်သူရဲ့ အခြေအနေကိုတောင် မလေ့လာပဲ တိုက်ခိုက်တာ ဘယ်လောက်တောင် တုံးလိုက်သလဲ… ဒါက မင်းရဲ့ဆရာ သင်ပေးတာလား… အသုံးမကျလိုက်တာ…” မူဂျန်ကား အေးဆေး တည်ငြိမ်စွာပင် ပြောလိုက်သည်။ ထို့နောက် သူက ဟိုင်ရန်ကျောင်းတော် အုပ်စုထဲသို့ ပြန်ဝင်သွားသည်။ ချင်းကျူ ကျောင်းတော်မှ ကျောင်းသား အတော်များများမှာ သူ၏ရန်သူအား အဆင့်တူလျက်ပင် အေးခဲနိုင်စွမ်းရှိသော ရေဓာတ်စွမ်းအင်အား မြင်ကာ အရိုးထဲထိစိမ့်ကာ အေးလာသလို ခံစားလိုက်ကြရသည်။

မူဂျန်က သူတို့၏အုပ်စုထဲ ပြန်ရောက်သွားသည်နှင့် တခြားလူငယ်တစ်ဦး ရှေ့သို့ ထွက်လာသည်။ သူ၏မျက်လုံးများက ဓားသွားများလို ထက်မြက်လွန်းလှသည်။ သူကား ဓားသမားတစ်ဦး ဖြစ်သည်မှာ သိသာလှသည်။

“နိုးထခြင်းအဆင့်ရှစ်” သူက ပြောလိုက်သည်။ သူကား သူ၏အမည်ကိုပင် ပြောရန် ပျင်းရိပုံရသည်။ သူကား မူဂျန်ထက်ပင် မောက်မာလှသည်။

“သူ့ကို ငါစိန်ခေါ်တယ်…” တစ်ယောက်က အော်လိုက်သည်။

“ဝိုး… အဲဒါ…စီနီယာ… လီရှန်းရှန်မလား…” လူများက ထိုလူငယ်အား အတော် မျှော်လင့်ထားပုံရသည်။ လီရှန်းရှန်ကား ယခုနှစ် နွေဦးစစ်ဆေးခြင်း စာမေးပွဲတွင် တတိယ ရခဲ့သူဖြစ်သည်။ သူကား ယခု ဓားကျောင်းဆောင်တွင် ပညာသင်နေသည်။

“ငါက မင်းကို သုံးကွက်တည်းနဲ့ အနိုင်ယူမယ်…” ဟိုင်ရန်ကျောင်းတော်မှ လူငယ်က ပြောလိုက်သည်။

“ဘယ်လောက်တောင် ရူးလိုက်တဲ့ကောင်လဲ…” လီရှန်းရှန်ကား အလွန် ဒေါသထွက်သွားပုံ ရသည်။

“လာခဲ့…” လီရှန်းရှန်က သူ၏ဓားအား ဝှေ့ယမ်းလျက် ခေါ်လိုက်သည်။

ဓားစွမ်းအင်ကား စွမ်းအားမြင့်သော သိုင်းပညာ အမျိုးအစားဖြစ်သည်။ စကြဝဠာထဲမှ သဘာဝစွမ်းအင်အား ဓားသွားထံသို့ စီးဆင်းစေကာ ရန်သူအား တိုက်ခိုက်ရသော ပညာဖြစ်သည်။ ထိုစွမ်းအင်ကား မှော်ဆရာတစ်ယောက်၏ ဓာတ်စွမ်းအင်ထက် အင်အား မလျော့နည်းပေ။ တစ်ခါတစ်ရံ ဓားသမားတစ်ယောက်၏တိုက်ခိုက်မှုမှာ ပို၍ပင် ပြင်းထန်ပေသည်။

လီရှန်းရှန်ကား ချူရန်၏အဖြစ်အား သင်ခန်းစာယူကာ အခြေအနေအား သတိထား ကြည့်နေသည်။ သို့သော်လည်း ထိုလူငယ်က ရယ်မောလျက် ပြောလိုက်သည်… “အရမ်း ငြိမ်နေတယ်ပေါ့… ဟား..ဟား…”

သူက စကားပြောပြီးပြီးချင်း လီရှန်းရှန်ထံသို့ ခုန်ဝင်လိုက်သည်။ သူကား လေအဟုန်ကဲ့သို့ လျင်မြန်လွန်းရကား မြူနှင်းများအကြား အရိပ်တစ်ခု ပြေးသွားသည့် အလားပင်။ နှင်းများ ဖုံးလွှမ်းနေသော မြေကြီးမှာလည်း သူဖြတ်သွားရာ လမ်းတစ်လျှောက် နှင်းခဲများ ဖွာလျက် စွတ်ကြောင်းကြီး ဖြစ်ကျန်ရစ်သည်ကို တွေ့ရသည်။

“သတိထား… သူက လေဓာတ်အခြေခံ မှော်ဆရာပဲ…” ချင်းကျူ ကျောင်းတော်မှ လူများ ထိတ်လန့်သွားသည်။ လေဓာတ်အခြေခံ မှော်ပညာနှင့် ဓားသိုင်းပညာအား တွဲဘက်လေ့ကျင့်သူမှာ အလွန် အန္တရာယ်များလွန်း လှသည်။

လီရှန်းရှန်ကား မပေါ့ဆရဲပေ။ ထိုလူငယ်၏ တိုက်ခိုက်မှုအား အာရုံစိုက်လျက် မည်သို့ ပြန်လည် ချေဖျက်ရမည်ကို တွေးလိုက်သည်။ ထို့နောက် လျှပ်စီးကဲ့သို့ မြန်ဆန်သော ဓားချက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ သို့သော် သူ၏ရန်သူကား ပို၍ မြန်ဆန်ပေသည်။ ထိုလူငယ်၏ဓားက လီရှန်းရှန်ထံသို့ ဝင်လာရာ လမ်းတစ်လျှောက် လေဓာတ်စွမ်းအင်များ စီးဆင်းလျက် ရုတ်တရက် ကွေးကောက်သွားကာ မည်သည့်လမ်းကြောင်းမှ သူ့ထံဝင်လာသည်ကိုပင် ခန့်မှန်းမရတော့ပေ။

လီရှန်းရှန်၏ဓားက စွမ်းအင်များ စီးဆင်းလျက် စတင် တုန်ခါလာနေကာ သူက ရန်သူအား ဝှေ့ယမ်းတိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ရန်သူက ထိုဓားအား ဘေးသို့ အသာအယာပင် အလွယ်တကူ ရှောင်သွားသည်ကို တွေ့ရသည်။

“စီနီယာ…” ချင်းကျူကျောင်းတော်မှ ကျောင်းသားများကား လက်ရှိတိုက်ပွဲ အခြေအနေအား ကြည့်ကာ လီရှန်းရှန်အတွက် အလွန် စိုးရိမ်နေကြလေပြီ။ ဓားသိုင်းသမားနှစ်ဦးကြား တိုက်ပွဲကား အသက်အန္တရာယ် ပေးနိုင်လောက်အောင် ပြင်းထန်ပေသည်။

လီရှန်းရှန်က ညာဘက်လက်တွင် ကိုင်ထားသော ဓားစွမ်းအင်များ အားလုံးအား ဘယ်ဘက်လက်ဝါးသို့ လျင်မြန်စွာ လွှဲပြောင်းလိုက်ကာ ရန်သူ၏တိုက်ခိုက်မှုကို ကာကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ရန်သူက ပထမတစ်ကြိမ်ကလိုပင် သူ၏ဘေးမှ သူ၏နောက်ကျောဘက်သို့ လျင်မြန်စွာ ရောက်ရှိသွားကာ ဓားအား လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။ ဓားချက်ကား သူ၏ကျောပြင်ကို ထိကာ လီရှန်းရှန် မြေပေါ်သို့ လဲကျသွားသည်။ သူ၏ကျောတွင်လည်း ဓားဒဏ်ရာ ပြင်းထန်စွာ ရသွားကာ သွေးများ အဆက်မပြတ် ထွက်လာနေသည်။

“ဒါ တတိယမြောက် ဓားချက်ပဲ…” သူ၏ရန်သူက ဓားအား ဓားအိမ်ထဲသို့ ပြန်ထည့်ကာ သူ၏အုပ်စုထဲသို့ ပြန်ဝင်သွားသည်။ ချင်းကျူ ကျောင်းတော်မှ လူများကား ပို၍ဆိုးရွားစွာ ခံစားလိုက်ကြရသည်။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ် ဟိုင်ရန်ကျောင်းတော်မှ ပြဿနာရှာရန် အလွန်ထက်မြက်သော သူများအား လွှတ်လိုက်သည်ကို သိလိုက်ကြသည်။

“ရိုးရိုးသားသား ပြောရရင် တကယ်လို့ ဒီလို အသုံးမကျဘဲ ဆိုးဆိုးရွားရွား ယှဉ်ပြိုင်နေမယ်ဆိုရင် အချိန်ကုန်တယ်လို့ ထင်တယ်…” နောက်လူငယ် တစ်ယောက်က ဟိုင်ရန်ကျောင်းတော်အဖွဲ့မှ ထွက်လာကာ ပြောလိုက်သည်။ သူ၏အမူအရာက တည်ငြိမ်သည်။ သူ၏မျက်လုံးများက မာနထောင်လွှားမှုများကြောင့် တလက်လက် တောက်ပနေသည်။ သူ၏အတ္တ မာနများကား ထိုနေရာတွင် ရှိနေသူများ အားလုံး ခံစားမိနိုင်လောက်အောင် ပြင်းထန်လှသည်။

“ဟေး… ဒီအသုံးမကျတဲ့ အကောင်တွေနဲ့ မင်းက ဘာလို့ အချိန်ဖြုန်းနေတာလဲ…” သူ၏နောက်မှ တစ်ယောက်က မေးလိုက်သည်။ သူ၏လေသံမှာ သရော်သော သဘောထားများ အပြည့်ပါနေ၏။

သူက ခေါင်းခါလျက် ပြန်ဖြေလိုက်သည်… “ငါက ဒီအသုံးမကျတဲ့ ကောင်တွေကို သူတို့က ဘယ်လောက် ဆိုးရွားတယ်ဆိုတာ နားလည်အောင် သက်သေပြမလို့… ငါက အခု နိုးထခြင်းအဆင့် ခုနစ်မှာရှိတယ်… ငါက ချင်းကျူကျောင်းက နိုးထခြင်း ဘယ်အဆင့်မဆို စိန်ခေါ်မှုကို လက်ခံတယ်…”

ချင်းကျူကျောင်းတော်မှ ကျောင်းသားများအားလုံး ထိတ်လန့် သွားကြသည်။ ထိုလူငယ်ကာ နိုးထခြင်း အဆင့်ခုနစ်သာလျှင် ရှိသေးသည်။ သို့သော် သူက မည်သည့်အဆင့်မဆို စိန်ခေါ်နိုင်ကြောင်း ကြေညာလိုက်သည်။ ဘယ်လောက်တောင် မောက်မာလိုက်ပါသနည်း။

“ငါမင်းကို စိန်ခေါ်တယ်…” ယန်ဇူက ပြောလိုက်သည်။ သူကား ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲတွင် အရှက်ကွဲခဲ့ရသည်။ ယခုအချိန်ကား သူ၏စွမ်းရည်ကို သက်သေပြရန် အကောင်းဆုံး အချိန်ဖြစ်သည်။

“ငါလည်းမင်းကို စိန်ခေါ်တယ်…” နောက်လူငယ် အချို့ကလည်း သူတို့က စိန်ခေါ်လိုကြောင်း ပြောလိုက်ကြသည်။

ထိုလူငယ်က သူတို့အား တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်သည်…” မင်းတို့အားလုံး တက်လာခဲ့ …အရူးတွေ…”

သူက ထိုသို့ပြောပြီးသည်နှင့် မြေပြင်ပေါ်တွင် မြဲမြံစွာ ရပ်လိုက်သည်။ သူ၏ ကိုယ်ဟန်တစ်ချက် အနည်းငယ် လှုပ်ရှားကာ အားအင်များအား စုစည်းလိုက်လျှင် သူ၏ကိုယ်မှ အားလှိုင်းများကြောင့် သူ၏ပတ်ဝန်းကျင် တစ်မီတာအတွင်းရှိ နှင်းများ အားလုံးဘေးသို့ လွင့်စဉ်သွား၏။ ထိုစဉ်မှာပင် ထိုရှင်းလင်းသွားသော မြေကြီးတွင် စွမ်းအင်မျဉ်းများ ပေါ်လာသည်။ စိန်ခေါ်သူများကလည်း စတင် တိုက်ခိုက်ကြ၏။ သို့သော် ထိုလူငယ်က သူတို့အား အာရုံထဲတွင်ပင် ရှိပုံမရပေ။ ထိုနေရာတွင်ပင် ရပ်လျက် ကိုယ်ဟန်အနည်းငယ် လှုပ်ရှားလိုက်လျှင် ပိုပို၍ ထူးဆန်းသော စာလုံးများနှင့် မျဉ်းကွက်များ ပေါ်လာလေသည်။

“ဒါက အင်းကွက်ပဲ…” ချင်းကျူ ကျောင်းတော်မှ ကျောင်းအုပ်များက ထိုလူငယ်အား အထင်တကြီး ကြည့်လိုက်ကြသည်။ အမှန်တကယ်ကား ထိုလူငယ်မှာ အသက်ဆယ့်ငါးနှစ်ပင် ရှိသေးပုံမရပေ။ သူကား အင်းကွက် ချရန် အလွန် ငယ်လွန်းလှသည်။ သို့သော် သူကား အင်းကွက်ကို လျန်မြန်စွာပင် ချသွား၏။

ယခုကား သဘာဝစွမ်းအင်များက အင်းကွက်အလယ်ကို မူတည်၍ မျဉ်းကြောင်းများမှ တစ်ဆင့် စီးဆင်းနေကြသည်။ ထိုလူငယ်ကား အင်းကွက်၏အလယ်တွင် ထီးတည်းရပ်လျက် ပြိုင်ဘက်များ ရောက်အလာကို စောင့်နေလေသည်။ တိုက်ခိုက်သူများ အားလုံးက နောက်ဆုံးတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိလာကြသည်။ သို့သော် အလွန် နောက်ကျသွားလေပြီ။ သူတို့က အချင်းချင်းကြည့်ကာ အတူတကွ တိုက်ခိုက်လိုက်ကြသည်။

ကျရောက်လာသော တိုက်ခိုက်မှုများအား ကြည့်လျက် ထိုလူငယ်က ရယ်မောလိုက်သည်။ သူက ချက်ချင်း လက်နှစ်ဖက်အား သင်္ကေတအချို့ ပြုလုပ်လိုက်လျှင် သူ၏ခန္ဓာမှ နောက်အင်းကွက်တစ်ခု ပေါ်လာလေသည်။ သူ၏ခန္ဓာကား အင်းကွက် အသစ်ကြောင့် အလင်းရောင်များ စူးရှ တောက်ပလာကာ ရုတ်တရက် မီးတောက်မီးလျှံများ သူ့တစ်ကိုယ်လုံးအား ဖုံးလွှမ်းသွားလေသည်။

“သွားကြစမ်း…” သူက အော်ဟစ်လိုက်သည်နှင့် ရုတ်တရက် အလွန်ကြီးမားသော မြွေနဂါးများက သူ၏အင်းကွက်များက နိုးထလာကာ ရန်သူများအား စတင် တိုက်ခိုက်ကြလေသည်။ အမှန်တကယ်တွင်ကား ယန်ဇူ ခေါ်လိုက်သော မီးတောက်မြွေမှာ အလွန် သေးငယ်လွန်းရကား ထိုလူငယ်၏မြွေနဂါးများနှင့် ယှဉ်လိုက်လျင် ဆင်နှင့် ဆိတ်ပမာဏမျှသာ ရှိလေသည်။ ထိုခဏအတွင်းမှာပင် ယန်ဇူ၏မြွေမှာ အခိုးအငွေ့များအဖြစ်သို့ တိုက်ခိုက်ဖျက်ဆီး ခံလိုက်ရလေသည်။ ထို့နောက် ချင်းကျူကျောင်းတော်မှ လူငယ်များမှာ မြွေနဂါးများ၏ တိုက်ခိုက်ခြင်းခံရကာ အလွန်အခြေအနေ ဆိုးရွားနေလေပြီ။

ပတ်ဝန်းကျင်မှာကား ထိုလူငယ်၏ အင်းကွက်ကြောင့် အပူရှိန်များ အလွန် ပြင်းထန်လာနေသည်ကို တွေ့ရသည်။ ရေဓာတ်ကျောင်းဆောင် ကျောင်းအုပ်က ရှေ့သို့ အနည်းငယ်တိုးက အားလှိုင်းအနည်းငယ် ထုတ်လွှတ်လိုက်လျှင် ထိုမီးမြွေနဂါးများမှာ အခိုးအငွေ့များ အဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ် သွားလေသည်။

သို့သော် ထိုအချိန်မှာကား စိန်ခေါ်သူ ချင်းကျူ ကျောင်းတော်သားများ အားလုံး မြေပြင်ပေါ်တွင် လဲလျောင်း နေကြလေပြီ။ အကယ်၍ ရေဓာတ်ကျောင်းအုပ်ကသာလျှင် မကယ်လျှင် သူတို့ကား အလွန်ဆိုးရွားစွာ ဒဏ်ရာရနိုင်ခြေ ရှိလေသည်။

“ဘုရားရေ… သူက မှော်ထိန်းချုပ်သူပဲ…” ချင်းကျူ ကျောင်းတော်မှ ကျောင်းအုပ်တစ်ယောက်က အံ့သြစိတ်အား ထိန်းချုပ်မရတော့ပဲ ရေရွတ်လိုက်သည်။ ထိုလူငယ်ကား အသက်ဆယ့်ငါးနှစ်ပင် ပြည့်သေးပုံမရသော်လည်း မှော်ထိန်းချုပ်သူတစ်ယောက် ဖြစ်နေလေပြီ။

***.


Comment

Leave a Reply

Options

not work with dark mode
Reset