ထိုကွယ်ဝှက်ထားသော စာကြောင်းကို မြင်လိုက်ရသူက အသိပေးလိုက်သောအခါ သမင်ဖြူတာအိုကျောင်းမှ ပါမောက္ခကြီးမှာ ၎င်းအား သတိထားမိသွား၏။ သူသည် ဒေါသစိတ်များကြောင့် ထိုစာကြောင်းကို အစက မမြင်ခဲ့ခြင်း ဖြစ်သည်။
သူသည် ထိုစာရွက်ကလေးအား ကောက်ယူ၍ ဖတ်ပြီးသွားသောအခါ သူ၏ နဖူးပေါ်တွင် အပြာရောင်သွေးကြောကြီးများ ထောင်မတ်လာတော့သည်။ ထို့နောက် သူသည် ကျောက်ယမုန့်ဘက်သို့လှည့်၍ သူမအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် ထိုစာရွက်အား သမားတော်အိုကြီးဆီသို့ လှမ်း၍ ပစ်ပေါက်လိုက်၏။ သူ၏ ပုံစံမှာ ပို၍ပင် ဒေါသထွက်လာသည့်ပုံ ပေါက်နေ၏။
” ပါမောက္ခလု။ ကျုပ်ကို ရှင်းပြပါဦး ”
သမားတော်အိုကြီးမှာမူ ထိုစာရွက်အား ဖတ်ပြီးသွားသောအခါ ရှုံ့မဲ့မဲ့နှင့် ရယ်မောလိုက်ရတော့သည်။
” ကျောက်ယမုန့်။ ပါမောက္ခကြီးကို ငါ့အစား အဲဒီရုပ်သေးရုပ်တွေကို ထိန်းသိမ်းထားပေးဖို့ ပြောပေးဦး။ အဲဒီအရုပ်တွေကို အားနဲ့ ဆောင့်မဆွဲလိုက်နဲ့နော်။ ပေါက်ကွဲသွားလိမ့်မယ် ”
ထိုစကားလုံးများ၏ နောက်တွင် ကမ္ဗည်းစာတန်းတချို့လည်း ရှိနေ၏။
ထို ကမ္ဗည်းစာများမှာ ထိုရုပ်သေးရုပ်များအား ဖယ်ရှားနိုင်မည့် နည်းလမ်းကို ဖော်ပြထားခြင်းဖြစ်သည်။ ကမ္ဗည်းစာလုံးများကို တတ်မြောက်ကျွမ်းကျင်ထားသည့် ဓမ္မလက်နက်ဌာနမှ လူတစ်ယောက်သာ မဟုတ်ပါက ထိုကမ္ဗည်းစာလုံးများကို အချိန်တိုအတွင်း အဓိပ္ပါယ်ဖော်နိုင်မည် မဟုတ်ပေ။ သမင်ဖြူတာအိုကျောင်းမှ ပါမောက္ခကြီးမှာ အဆင့်မြင့်သော ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်ထားပါသော်လည်း သမားတော်အိုကြီးလောက် ကမ္ဗည်းစာလုံးများကို နားလည်တတ်ကျွမ်းမှု မရှိပေ။ သူသည် သမားတော်အိုကြီးအား ဒေါသတကြီး စိုက်ကြည့်နေစဉ်တွင် သမားတော်အိုကြီးမှာ ဟန်ဆောင်ချောင်းဟန့်လိုက်၏။
” အားလုံးပဲ။ စိတ်အေးအေး ထားကြပါ ”
သူ ထိုကဲ့သို့ ဆိုလိုက်စဉ်မှာပင် ခပ်လှမ်းလှမ်းရှိ ဝိညာဉ်အမြစ်ရွာ၏ ဝင်ပေါက်မှနေ၍ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသောအသံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ ထို့ကြောင့် လူတိုင်း ဇဝေဇဝါ ဖြစ်နေကြစဉ်တွင် ရုပ်သေးရုပ်များ၏ ဝန်းရံခြင်းကို ခံထားရသော သမင်ဖြူတာအိုကျောင်းမှ ကျောင်းသားတစ်ယောက်မှာ ထိုလူအုပ်ကြီး၏ရှေ့တွင် ပေါ်လာ၏။
ထိုအခါ သမင်ဖြူတာအိုကျောင်းမှ ပါမောက္ခကြီး၏ အမူအရာမှာ ပို၍ပင်ဆိုးသွားတော့သည်။ ကောင်းကင်တာအိုကျောင်းနှင့် ပတ်သတ်၍ သူရရှိထားသော သတင်းများနှင့် ကျောက်ယမုန့် ဆိုလိုက်သည့် စကားများကြောင့် သူနှင့် အခြားပါမောက္ခကြီးနှစ်ယောက်မှာ ဤလုပ်ရပ်များ၏ တရားခံကို စိတ်ထဲတွင် သိနေကြပြီဖြစ်သည်။
သမားတော်အိုကြီးမှာမူ ခေါင်းခဲနေရပြီ ဖြစ်သည်။ ရုပ်သေးရုပ်များပါ ပါလာပြီဖြစ်သောကြောင့် ဤလုပ်ရပ်များအတွက် တာဝန်ရှိသူမှာ ဝမ်ပေါင်လဲ့ဖြစ်ကြောင်း ရှည်ရှည်ဝေးဝေးစဉ်းစားနေရန်ပင် မလိုတော့ပေ။
” ဒီကိစ္စက… ကျုပ် ရှင်းပြရမယ်ဆိုရင် … ”
သမားတော်အိုကြီးမှာ ဟန်ဆောင်ချောင်းဟန့်လိုက်ပြီး မသိချင်ယောင်ဆောင်ရန် ကြိုးစားလိုက်ပါသော်လည်း သူ စကားမဆုံးနိုင်ခင်မှာပင် ခပ်လှမ်းလှမ်းမှနေ၍ စိတ်နှောင့်အယှက် ဖြစ်စရာကောင်းသော အသံများ ထပ်၍ ပေါ်ထွက်လာပြန်သည်။
ထိုအခါ ပါမောက္ခကြီး သုံးယောက်၏ မျက်လုံးများထဲမှ ဒေါသမီးများမှာ ပို၍ပင် တောက်လောင်လာတော့သည်။ သမားတော်အိုကြီးကမူ သတိမထားမိဟန် ဆောင်လိုက်ပြီး အလျင်စလို ရှင်းပြလိုက်၏။
” တကယ်တမ်းက နားလည်မှုလွဲနေတာ ဖြစ်နိုင်လောက်တယ် ”
” အား … အီး …. ”
သို့သော် သူစကားဆုံးအောင် မပြောနိုင်ခင်မှာပင် စိတ်နှောင့်အယှက် ဖြစ်စရာကောင်းသော အသံများကို ထပ်၍ ကြားလိုက်ရပြန်သည်။ ယခုအကြိမ်တွင်မူ လူသုံးယောက်အတူတူ ပြန်လာကြခြင်းဖြစ်သည်။
ထိုမြင်ကွင်းကြောင့် ပါမောက္ခကြီး သုံးယောက်မှာ ပေါက်ကွဲထွက်သွားတော့မည့်အလား ဒေါသထွက်သွားရတော့သည်။ ထို့ကြောင့် သမားတော်အိုကြီးမှာ နဖူးကိုရိုက်လိုက်ပြီး သက်ပြင်းချကာ ဆိုလိုက်၏။
” အရင်ဆုံး ငါ သူ့ကို ကယ်တင်ပေးပါရစေဦး။ ပြီးမှ ရှင်းပြပါ့မယ် ”
သမားတော်အိုကြီးမှာ ထိုသို့ဆိုကာ လီယီဆီသို့ ရောက်လာ၏။ ထို့နောက် သူ၏ ညာလက်ကိုမြှောက်ကာ လီယီအား ရုပ်သေးရုပ်များဆီမှ ဆွဲထုတ်လိုက်၏။ သို့သော် သူသည် ၎င်းတို့၏ အော်သံများကို မပိတ်နိုင်ပေ။ ထို့အပြင် သူသည် ထိုရုပ်သေးရုပ်များကို အားသုံး၍ မဖျက်စီးချင်သောကြောင့် ၎င်းတို့မှာ စိတ်နှောင့်အယှက် ဖြစ်စရာကောင်းစွာ ဆက်၍ ညည်းတွားနေကြတော့သည်။
ထိုသို့ဖြင့် သူသည် ဝူဖန်နှင့် အခြားလူများကိုလည်း လွှတ်ပေးလိုက်၏။ ထို့နောက် တာအိုကျောင်းအသီးသီးမှ ကျောင်းသားများ၏ အကူအညီများကြောင့် သူတို့မှာ သတိပြန်ရလာကြသည်။ သူတို့အား စိုးရိမ်ပူပန်သည့် မျက်ဝန်းများဖြင့် ကြည့်နေကြသည့် ဘေးပတ်ပတ်လည်မှ လူများကို သတိထားမိလိုက်ကြပြီး သူတို့ သတိလစ်မသွားခင် ဖြစ်ပျက်ခဲ့သော အရာများကို ပြန်၍အမှတ်ရသွားသည့်အပြင် ရုပ်သေးရုပ်များ၏ စိတ်နှောင့်အယှက် ဖြစ်စရာကောင်းသော အသံများကို ကြားလိုက်ရသောအခါ သူတို့မှာ တုန်လှုပ်ချောက်ချားသွားကြပြီး မျက်နှာများကိုအုပ်၍ အသံကုန် အော်ဟစ်လိုက်ကြတော့သည်။
” ဝမ်ပေါင်လဲ့။ နင်နဲ့ငါ စာရင်းမပြတ်သေးဘူးဟေ့ ”
” ပါမောက္ခကြီး။ ဒါ ဝမ်ပေါင်လဲ့ လုပ်တာ ”
” ပါမောက္ခကြီး။ ကျနော့်အတွက် တရားမျှတမှုရအောင် ပြန်လုပ်ပေးပါ ”
ထိုကဲ့သို့ ကျူးလွန်ခံလိုက်ရသူများမှာ ချက်ချင်းပင် အော်ဟစ်လိုက်ကြ၏။ ဝူဖန်၊ မျက်နှာမည်း လူငယ်လေးနှင့် အခြားသူများမှာ ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးနေကြတော့သည်။ သူတို့၏နှုတ်မှ ဝမ်ပေါင်လဲ့ကို ကျိန်ဆဲနေကြသည့် စကားလုံးများ အဆက်မပြတ် ထွက်ပေါ်လာနေ၏။
ဘေးပတ်ပတ်လည်ရှိ အခြားတာအိုကျောင်းကြီး သုံးကျောင်းမှ ကျောင်းသားများမှာ ဤကိစ္စ၏ တရားခံမှာ ဝမ်ပေါင်လဲ့ဖြစ်ကြောင်း စိတ်ထဲတွင် သိထားကြပြီး ဖြစ်ပါသော်လည်း သူတို့မှာ ဤဖြစ်ရပ်ကြီးကို သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်မဟုတ်ပေ။ ထိုကဲ့သို့ ကျူးလွန်ခံခဲ့ရသည့် ကျောင်းသားများထဲမှ တချို့ဆိုလျှင် ဝမ်ပေါင်လဲ့ လက်တုံ့ပြန်မည် စိုးသောကြောင့် ထုတ်မပြောရဲခဲ့ကြပေ။ ဝမ်ပေါင်လဲ့ အသုံးပြုသော နည်းလမ်းများမှာ လူအများစု၏ အမြင်တွင် အလွန် ရက်စက်ကြမ်းကြုတ်နေသည် မဟုတ်ပါလော။
သို့သော် ယခုတွင်မူ လူတစ်ယောက်က စပြောလိုက်ပြီဖြစ်ရာ စကားသံများမှာ အဆက်မပြတ် ပေါ်ထွက်လာကြတော့သည်။
” ပါမောက္ခကြီး။ ဝမ်ပေါင်လဲ့က တော်တော်ကို အောက်တန်းကျတဲ့ကောင်။ သူက သမီးတို့ ရေချိုးနေတာကို ချောင်းကြည့်ခဲ့တာ ”
” ပါမောက္ခကြီး။ ဝမ်ပေါင်လဲ့က ကျနော့်ရဲ့ ငါးလက်မဝိညာဉ်အမြစ်ကို လုယူသွားခဲ့တာဗျ။ ကျနော် အစွမ်းကုန်တိုက်ခိုက်ခဲ့ပြီးမှ ရခဲ့တဲ့ ဝိညာဉ်အမြစ်လေးဗျာ။ ဝမ်ပေါင်လဲ့က ဘေးနားမှာ တချိန်လုံး ပုန်းနေခဲ့ပြီးတော့ အဲဒီ ဝိညာဉ်အမြစ်ကို လုသွားခဲ့တဲ့အပြင် ကျနော့်ကိုပါ ဒဏ်ရာရအောင်လုပ်သွားခဲ့သေးတာ ”
” ပါမောက္ခကြီး။ ကျနော်လည်း ဝမ်ပေါင်လဲ့အကြောင်း တိုင်စရာရှိတယ်။ သူက ကျိုးရိရှန်ကို အပြင်းအထန် ဒဏ်ရာရအောင်လုပ်ခဲ့လို့ သူက ခုနစ်လက်မဝိညာဉ်အမြစ်မှာပဲ ရပ်တန့်သွားခဲ့ရတာ ”
” ပါမောက္ခကြီး…. ”
တိုင်တန်းမှုများမှာ ကျောက်ဆောင်ကြီးများကို ရိုက်ခတ်နေသော လှိုင်းလုံးကြီးများကဲ့သို့ အဆက်မပြတ် ပေါ်ထွက်လာကြသောကြောင့် ဆူညံပွက်လော ရိုက်နေကြတော့သည်။ ထိုတိုင်တန်းမှုများမှာ တဖြည်းဖြည်းနှင့် အလွန် များပြားလာပြီး ပြင်းထန်လာကြသောကြောင့် နောက်ဆုံးတွင် အခြားတာအိုကျောင်းသုံးကျောင်းမှ ကျောင်းသားများအားလုံး ဝမ်ပေါင်လဲ့အား မြင်ဖူးသည်ဖြစ်စေ မမြင်ဖူးသည်ဖြစ်စေ သူ့အား ဒေါသတကြီး ရှုတ်ချနေကြပြီး အပြစ်တင်နေကြတော့သည်။ ထိုမြင်ကွင်းကြီးမှာ အလွန် ကြောက်မက်ဖွယ်ရာ ကောင်းနေတော့သည်။
ထို့ကြောင့် တာအိုကျောင်းကြီးလေးကျောင်းမှ ပါမောက္ခကြီးများမှာ အံ့ဩတုန်လှုပ်သွားရ၏။ ဝမ်ပေါင်လဲ့မှာ လူအများ၏ မုန်းတီးခြင်းကို ယခုလောက်အထိ ခံနေရလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။ ဝမ်ပေါင်လဲ့၏ လှည့်ဖျားကာ မြှူဆွယ်ခဲ့သော ဝိညာဉ်အမြစ် တစ်ထောင်ကျော်ထဲတွင် အခြားသူများနှင့် ရေစက်ပါခဲ့ကြသည့် ဝိညာဉ်အမြစ် မြောက်မြားစွာလည်း ပါဝင်ခဲ့၏။ ထို ဝိညာဉ်အမြစ်များ၏ သစ္စာဖောက်မှုများနှင့် ပြောင်းလဲမှုများကြောင့် လူပေါင်းများစွာ အမျက်ချောင်းချောင်း ထွက်နေရပြီဖြစ်သည်။
ထို့အပြင် ထိုဝိညာဉ်အမြစ်များမှာ ဝမ်ပေါင်လဲ့၏ တည်နေရာကို အတိအကျ မသိနိုင်ခဲ့သောကြောင့် ထိုနေရာတစ်ဝိုက်တွင် ဖြန့်ကျက်ကာ ရှာဖွေခဲ့ကြသဖြင့် ဝိညာဉ်အမြစ်ရွာကြီး တစ်ခုလုံးထဲတွင် သူ၏ ပုံစံတူ လူရိပ်များနှင့် ပြည့်နှက်နေခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် စိတ်ဓာတ်ကျနေသော ကျောင်းသားများမှာ ခံပြင်းနေကြသည့်အပြင် သူ၏ ပုံစံတူ လူရိပ်များမှာ သူတို့အား အမြဲတစေ သတိပေးနေသကဲ့သို့ ခံစားခဲ့ကြရသည်။
သူတို့ထဲတွင် ဝမ်ပေါင်လဲ့နှင့် မဆုံခဲ့ရသည့် လူပေါင်းများစွာလည်း ရှိပေသည်။ သို့သော် မနာလိုစိတ်များနှင့် ဤအရှုပ်ထုပ်ကြီးထဲတွင် ဝင်ပါလိုသော စိတ်များကြောင့် သူတို့မှာလည်း လီဆယ်၍ တိုင်တန်းနေကြတော့သည်။
ထိုသို့ဖြင့် ကျောင်းသားများစွာ တစ်ယောက်ပြီးတစ်ယောက် တိုင်တန်းကာ မကျေနပ်ချက်များကို ထုတ်ပြောနေကြသောကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်လာ၏။ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားသုံးယောက်မှာမူ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် သမားတော်အိုကြီးကိုကြည့်ကာ စကားတစ်ခွန်းမှမပြောဘဲ ဆိတ်ငြိမ်နေကြတော့သည်။
ထို့ကြောင့် သမားတော်အိုကြီးမှာ ဖိအားများအောက် ရောက်နေသကဲ့သို့ ခံစားနေရပြီး စိတ်ထဲတွင် မဲ့ပြုံးပြုံးနေမိတော့သည်။ ဝမ်ပေါင်လဲ့မှာ လူများကို ယခုလောက်အထိ စိတ်အနှောင့်အယှက် ပေးနိုင်စွမ်း ရှိနေလိမ့်မည်ဟု သူက ထင်မထားခဲ့ပေ။ ဝမ်ပေါင်လဲ့အား လူအုပ်ကြီးတစ်ခုထဲသို့ ထည့်ထားလိုက်ပါက သူတို့ဆီမှ မကျေနပ်ချက် မြောက်မြားစွာ ပေါ်ထွက်လာလိမ့်မည်ဟု သူက လုံးဝ တွေးမထားခဲ့ပေ။
သမားတော်အိုကြီးမှာ ခေါင်းခဲနေရပြီး ဆွေးနွေးငြင်းခုံကာ တိုင်တန်းနေကြသည့် စကားသံများ ပို၍ ကျယ်လောင်လာစဉ်တွင် အပေါက်ဝအား စောင့်ကြည့်နေခဲ့သည့် တာအိုကျောင်းကြီးလေးကျောင်းမှ အဖော်လိုက်လာသော ကျင့်ကြံသူများမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။
” ဘာကြီးမှန်းမသိဘူး လေပေါ်မှာ ပျံလာပြီဟ ”
” တိတ်ကြစမ်း။ ထူးဆန်းတဲ့ အရာကြီးတစ်ခု ရောက်လာနေပြီ ”
” တော်တော်ကို ကြီးတာပဲဟ။ ကျောင်းသားတစ်ယောက် မဟုတ်လောက်ဘူးထင်တယ် ”
ဝိညာဉ်အမြစ်ရွာ၏ ဝင်ပေါက်မှ အော်ဟစ်သံများက တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားများ၏ အာရုံကို ချက်ချင်းပင် ဖမ်းစားသွား၏။ ယခင်တုန်းကဆိုလျှင် ယခုလောက် သောင်းသောင်းဖျဖျ ဖြစ်နေကြမည် မဟုတ်ပါသော်လည်း ဝိညာဉ်အမြစ်ရွာထဲတွင် ပေါ်ထွက်လာခဲ့သော အလင်းရောင်ကြီးနှင့် ပြောင်းလဲမှုများကြောင့် သူတို့မှာ သတိကြီးကြီး ထားလိုက်ကြပြီး နောက်သို့လှည့်ကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြ၏။
ဘေးပတ်ပတ်လည်မှ ကျောင်းသားများမှာလည်း ဆွေးနွေးငြင်းခုံနေခြင်းများကို ရပ်တန့်လိုက်ကြပြီး ၎င်းဘက်သို့ ရင်တထိတ်ထိတ်နှင့် လှမ်း၍ ကြည့်လိုက်ကြသည်။
ထိုကဲ့သို့ အာရုံစိုက်၍ ကြည့်ရှုလိုက်စဉ်မှာပင် ဝိညာဉ်အမြစ်ရွာ၏ ဝင်ပေါက်၌ရှိနေသည့် ပေနှစ်ဆယ်အမြင့်ရှိပြီး ပေသုံးဆယ်ဗြက်ရှိသော အရာကြီးတစ်ခု သူတို့ဆီသို့ ပျံသန်းလာနေသည်ကို ချက်ချင်းပင် မြင်လိုက်ရ၏။
ထိုအရာဝတ္ထုကြီးကို သံလိုက်အားများက ဝန်းရံထားပြီး ၎င်းမှာ တလက်လက် တောက်ပနေသောကြောင့် ပြတ်ပြတ်သားသား မမြင်နိုင်ပေ။ ၎င်းမှာ အလွန် မြန်ဆန်ပြီး သူတို့နားသို့ ကပ်လာသောကြောင့် ၎င်း၏ ပုံပန်းသွင်ပြင်မှာလည် တဖြည်းဖြည်းနှင့် ရှင်းလင်းပြတ်သားလာ၏။
” ဘာကြီးလဲဟ ”
” လက်ဆွဲပုံးကြီးတစ်ပုံးနဲ့ တူသလားလို့… ”
” မဟုတ်သေးပါဘူး။ ရေပုံးကြီး မဟုတ်ဘူးဟ။ ပတ်ပတ်လည်မှာ လူတွေ တွဲလောင်းခိုပြီး ပါလာတာပဲ ”
” ရေပုံးကြီးထဲမှာ ပစ္စည်းတွေ အများကြီးဟ။ မင်းမေဘ … ငါ အထဲမှာ မှော်ဆေးရည်ဒယ်အိုးတစ်လုံး မြင်လိုက်ရသလိုပဲ ”
လူအုပ်ကြီးထဲမှ အံ့ဩတုန်လှုပ်နေကြသည့် စကားသံများ အဆက်မပြတ် ပေါ်ထွက်လာ၏။ ထိုအရာဝတ္ထုကြီး အနီးသို့ရောက်လာသောအခါ သမားတော်အိုကြီးမှာ ရေပုံးကြီးနှင့် ကွယ်နေသော လူရိပ်ကြီးတစ်ခုကို လှမ်း၍မြင်လိုက်ရ၏။ ၎င်းမှာ လုံးဝန်းသော ခန္ဓာကိုယ်ကြီးတစ်ခု ဖြစ်နေကြောင်း သိလိုက်ရသောအခါ သူသည် ပင့်သက်ရှိုက်မိသွားပြီး သူ၏မျက်နှာပေါ်တွင် တွေဝေမှုများနှင့် အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များဖြင့် ဖုံးလွှမ်းသွားတော့သည်။ သူ၏ဘေးမှ အခြားပါမောက္ခကြီး သုံးယောက်မှာလည်း သေသေချာချာ ကြည့်ရှုလိုက်ကြပြီးနောက် ထိုလူရိပ်ကြီးအား မျက်မှန်းတန်းမိသွားကြ၏။ ထို့ကြောင့် သူတို့မှာ ချက်ချင်းပင် ဆူပူကြိမ်းမောင်းရန် ပြင်လိုက်ပါသော်လည်း သူယူလာခဲ့သော ပစ္စည်းများမှာ သူတို့ တွေးထားသည်ထက်ပင် အများကြီးပို၍ သာလွန်နေသောကြောင့် ဆွံ့အမှင်တက်သွားရတော့သည်။
တခဏာအကြာတွင် မျက်စိလျင်သော ကျောင်းသားများမှာလည်း ထိုလုံးဝန်းသော ခန္ဓာကိုယ်ကြီးအား သတိထားမိသွားကြ၏။ သူတို့မှာ မျက်လုံးများပွတ်ကာ နောက်ထပ်တစ်ခေါက် ထပ်ကြည့်လိုက်ကြပြီးနောက် အသံကုန် အော်ဟစ်ချင်ပါသော်လည်း အသံတစ်သံမှ ထွက်မလာပေ။
” အဲဒါ … ဝမ်ပေါင်လဲ့ပဲဟ ”
သူတို့ ထိုသို့ရေရွတ်မိလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့၏ ခပ်တိုးတိုး ညည်းတွားသံလေး ရေပုံးကြီးနောက်မှ ပေါ်ထွက်လာ၏။
” ရှေ့ကလူတွေ လမ်းဖယ်ကြစမ်း။ ငါ့ရှေ့မှာ ပိတ်ရပ်မနေကြနဲ့။ ဒါကြီးကို ရပ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ ငါမသိဘူး။ အန္တရာယ်များတယ် ”
သူ၏ စကားသံ ထွက်ပေါ်လာသောအခါ တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားများမှာ ဝမ်ပေါင်လဲ့အား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရတော့သည်။ ထို့နောက် သူတို့မှာ ယောက်ယက်ခတ်သွားကြပြီး အလိုလို လူစုခွဲသွားကာ လမ်းဖယ်ပေးလိုက်ကြ၏။
သူတို့ လူစုခွဲသွားကြသည်နှင့် တစ်ပြိုင်နက် သံလိုက်အားများ၏ ဝန်းရံခြင်းကို ခံထားရသော ဝမ်ပေါင်လဲ့မှာ ပို၍ပင် မြန်ဆန်သော အရှိန်ဖြင့် ရှေ့သို့ရောက်လာ၏။ ထို့နောက် အုန်းခနဲအသံကြီးတစ်သံ ပေါ်ထွက်လာပြီး သူသည် ဝိညာဉ်အမြစ်ရွာ၏ ဝင်ပေါက်ကိုဖြတ်ကာ ရင်ပြင်ထဲသို့ ချက်ချင်းရောက်လာ၏။
သံလိုက်အားများမှာ လွင့်စင်ပျောက်ကွယ်သွားပြီ ဖြစ်ပါသော်လည်း လက်ကျန်အရှိန်များမှာ ကျန်ရစ်နေဆဲဖြစ်သောကြောင့် ဝမ်ပေါင်လဲ့ မြေပြင်ပေါ်သို့ ဆင်းလက်လာသောအခါ သူ၏ ကြီးမားလေးလံသော အလေးချိန်ကြီးနှင့် အမြန်နှုန်းတို့ကြောင့် မြေပြင်ကြီးမှာ အကြိမ်အနည်းငယ် တုန်ရီသွား၏။ သူကမူ ရေပုံးကြီးကို ပွေ့ထားရင်း ပေတစ်ရာကျော်အထိ တလိမ့်ခေါက်ကွေး ဖြစ်သွားပြီးနောက် ရပ်တန့်သွား၏။ ထို့နောက် သူသည် ရေပုံးကြီးအား မြေကြီးပေါ်သို့ အသံအကျယ်ကြီးမြည်အောင် ပစ်ချလိုက်၏။
ထို့နောက် ဝမ်ပေါင်လဲ့မှာ ဟောဟဲလိုက်နေရင်း နောက်သို့ လှည့်လာ၏။ သူသည် ချွေးများကိုသုတ်ကာ လူအုပ်ကြီးကို ကြည့်လိုက်၏။ ထိုအခါမှသာ ကျောင်းသားများဖြစ်စေ၊ အဖော်လိုက်လာကြသော ကျင့်ကြံသူ တစ်ရာကျော်ဖြစ်စေ၊ တာအိုကျောင်းကြီးလေးကျောင်းမှ ပါမောက္ခကြီးများဖြစ်စေ၊ သို့မဟုတ် နောက်မှထပ်၍ ရောက်လာကြသော သက်ဆိုင်ရာ တာအိုကျောင်းအသီးသီးမှ အကြီးအကဲများနှင့် အာဏာကြီးမားသော ပုဂ္ဂိလ်ကြီးများပင်ဖြစ်စေ သူ၏ ပတ်ပတ်လည်မှ လူများအားလုံးမှာ သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ သူ့အား စိုက်ကြည့်နေကြသည်ကို သတိထားမိလိုက်၏။
ဝမ်ပေါင်လဲ့မှာ သူတို့အားလုံး၏ အံ့ဩတုန်လှုပ်နေကြသော မျက်နှာအမူအရာများကို ကြည့်ကာ အလွန် ကျေနပ်အားရသွား၏။ သူသည် ချောင်းဟန့်လိုက်ပြီး သူ့ကိုယ်သူ နှိမ့်ချသည့်စကားတချို့ကို ပြောရန် ပြင်လိုက်ပါသော်လည်း သူ ပါးစပ်မဟနိုင်ခင်မှာပင် နားစည်များပင် ကွဲအက်သွားလောက်အောင် ဆူညံပွက်လော ရိုက်သွားကြပြီး ကောင်းကင်ကြီးနှင့် ကမ္ဘာကြီးကိုပင် တုန်ရီသွားစေနိုင်သော ဆူညံသံကြီးတစ်သံ ပေါ်ထွက်လာ၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုအသံကြီး၏အောက်တွင် ချက်ချင်းပင် နစ်မြုပ်သွားရတော့သည်။
Good