Switch Mode

အခန်း ( ၁၁၈ )

ပါမောက္ခကြီး ... ဒီမှာ စာတိုလေးတစ်ကြောင်း ရေးထားတယ်

ဝိညာဉ်အမြစ်ရွာထဲတွင် ဝမ်ပေါင်လဲ့မှာ လက်ဆွဲပုံးကြီးတစ်ပုံးကို သယ်ဆောင်လာ၏။ သူ၏ တောင်ကုန်းကြီးတစ်ခုနှင့်တူသော ခန္ဓာကိုယ်ကြီးမှာ ကောင်းကင်ယံတွင် လျင်မြန်စွာ‌ ရွေ့လျားနေ၏။ သူသယ်ဆောင်လာသော ပစ္စည်းများမှာ အလွန် များပြားနေသောကြောင့်လားတော့ မသိပေ။ သူ၏ ခန္ဓာကိုယ်ကြီးမှာ သိသိသာသာ ဝိတ်ကျသွားသည့်ပုံ ပေါက်နေ၏။ သူ့အား ဆွဲငင်နေသော သံလိုက်စက်ကွင်းပင် အခြားသူများထက် အဆများစွာပို၍ အစွမ်းထက်နေသည့်ပုံပင်။

လက်ရှိတွင်မူ ဝမ်ပေါင်လဲ့မှာ ဓားကျိုးတောင်ကြီးထဲတွင် ရှိနေခဲ့စဉ်တုန်းကလို ကယောင်ချောက်ချား ဖြစ်မနေတော့ပေ။ ဝမ်ပေါင်လဲ့မှာ သူရယူနိုင်ခဲ့သော ပစ္စည်းများအကြောင်းကို တွေးတောရင်း ထိုခံစားချက်များကို ချုပ်တည်းလိုက်ပြီး အလွန် စိတ်လှုပ်ရှားလာတော့သည်။

” ငါ အောင်မြင်နိုင်ခဲ့ပြီကွ ”

ဝမ်ပေါင်လဲ့မှာ သူ၏ လက်ဆွဲပုံးနှင့် ဘေးပတ်ပတ်လည်ရှိ ရုပ်သေးရုပ်များနှင့် ရုပ်အလောင်းများကို ကြည့်နေရင်း သူ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်လာတော့သည်။

” ငါ အပြင်ကိုရောက်တဲ့ အချိန်ကျရင် လူတိုင်းကို အံ့အားသင့်သွားအောင် လုပ်ပြီး ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ဘယ်လောက်တောင် အထင်ကြီးဖို့ကောင်းလဲဆိုတာ သိအောင်ပြရမယ် ”

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ ကျယ်လောင်စွာ ရယ်မောနေတော့သည်။

သို့သော် လက်တွေ့တွင်မူ ဝိညာဉ်အမြစ်ရွာ၏ အပြင်ဘက်ရှိ တာအိုကျောင်းကြီးလေးကျောင်းမှ လူအုပ်ကြီးနှင့် သူတို့နှင့်အတူ လိုက်ပါလာကြသော ကျင့်ကြံသူများမှာ အံ့ဩတုန်လှုပ်နေရကြပြီ ဖြစ်သည်။ ပါမောက္ခကြီးလေးယောက်မှာဆိုလျှင် ပို၍ပင် ဆိုးနေ၏။ သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် လောင်းကြေးထပ်ထားကြသည် ဖြစ်ပြီး အချိန်များ ကုန်လာသည်နှင့်အမျှ ယခင်အခေါက်တုန်းက စောင့်ဆိုင်းခဲ့ရသည့် အချိန်များနှင့် နှိုင်းယှဉ်၍ သူတို့၏ ကျောင်းသားများ ပြန်လာမည့်အချိန်များကို မှန်းဆထားခဲ့ကြသည်။ ထို့ကြောင့် ထိုအချိန်နားသို့ ကပ်လာလေလေ သူတို့မှာ စိုးရိမ်စိတ်များ ကြီးထွားလာလေလေ ဖြစ်နေကြပြီး ဝင်ပေါက်ကြီးကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြ၏။

ဝိညာဉ်အမြစ်ရွာထဲရှိ ဓားကျိုးတောင်ကြီးဆီမှ အလင်းရောင်များ ထွက်ပေါ်လာခဲ့ခြင်းမှာ ပြောင်းလဲမှုတစ်ခုကို ကိုယ်စားပြုနေခြင်း ဖြစ်နိုင်သောကြောင့် သူတို့မှာ အနည်းငယ် စိုးထိတ်နေကြ၏။ သို့သော် သူတို့၏ သက်ဆိုင်ရာ တာအိုကျောင်းများမှာ ထိုကိစ္စအပေါ် အာရုံစိုက်ထားကြသည်ဖြစ်ပြီး အကူအညီများကို စေလွှတ်ခဲ့သည်ဖြစ်ရာ သူတို့၏ စိုးရိမ်စိတ်များမှာ အနည်းငယ်ခန့် လျော့ကျသွားခဲ့၏။

တခဏအကြာတွင် ဖောက်ထွက်နိုင်ခဲ့ပြီး အာနာပါနအဆင့်သို့ ရောက်ရှိသွားသော သက်ဆိုင်ရာ တာအိုကျောင်းအသီးသီးမှ ပထမဆုံး ကျောင်းသားအသုတ်တစ်သုတ် သံလိုက်စက်ကွင်းများကြောင့် ဝင်ပေါက်အပြင်ဘက်သို့ တွန်းထုတ်ခံလိုက်ရ၏။ သူတို့ထဲမှ အများစုမှာ ငါးလက်မနှင့် အောက်ပိုင်းအဆင့်တွင်သာ ဖောက်ထွက်နိုင်ခဲ့ကြခြင်းဖြစ်ပြီး ပစ္စည်းတချို့ကို ရယူနိုင်ခဲ့ပါသော်လည်း ၎င်းတို့မှာ အံ့ဩဖွယ်ရာ မရှိပေ။

မည်သို့ပင်ဆိုစေကာမူ သူတို့မှာ အာနာပါနအဆင့် ကျင့်ကြံသူများ ဖြစ်သွားကြပြီ ဖြစ်သည်။ သူတို့ ထွက်ပေါ်လာပြီးနောက် သက်ဆိုင်ရာ တာအိုကျောင်းအသီးသီးမှ လူများမှာ ချက်ချင်းပင် ရှေ့သို့ ပြေးထွက်လာကြပြီး သူတို့၏ ဒဏ်ရာများကို ကြည့်ရှုစစ်ဆေးပေးလိုက်၏။ ထို့နောက် သူတို့ ရယူနိုင်ခဲ့သော ပစ္စည်းများကို စာရင်းပြုစုရင်း သူတို့အား ဂုဏ်ပြုစကားများနှင့် အားပေးစကားများ ဆိုနေကြတော့သည်။

တချိန်တည်းမှာပင် ထိုကဲ့သို့ ပထမဆုံး ပြန်ထွက်လာသော ကျောင်းသားများမှတစ်ဆင့် ဓားကျိုးတောင်ကြီး၏ အသွင်ပြောင်းလဲမှုနှင့် ၎င်း၏နောက်ပိုင်းတွင် ဆက်လက်ပေါ်ထွက်လာခဲ့သော ပြောင်းလဲမှုများအကြောင်းကို တာအိုကျောင်းအသီးသီးမှ ထိပ်တန်းအဆင့်ကျင့်ကြံသူများနှင့် ပါမောက္ခကြီးတို့ သိသွားကြ၏။ ထို့နောက် ထိုတောင်ကြီးထဲတွင် မတော်တဆဖြစ်ရပ်များ ကြီးကြီးမားမား ဖြစ်ပျက်ခဲ့ခြင်းမရှိကြောင်း သိလိုက်ရသောအခါမှသာ သူတို့ စိတ်အေးသွားကြပြီး သက်ပြင်းချလိုက်ကြတော့သည်။

ထို့အပြင် ထိုကျောင်းသားများမှာ ဝိညာဉ်အမြစ်ရွာထဲတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများနှင့် ပတ်သတ်၍ အသေးစိတ် ရှင်းပြလိုက်ကြ၏။ ကျောက်ယမုန့်မှာ လီယီနှင့်အတူ ရှစ်လက်မဝိညာဉ်အမြစ်ကို ရယူနိုင်ခဲ့ကြောင်း ကြားသိလိုက်ရသောအခါ တာအိုကျောင်းကြီး လေးကျောင်းမှ ပါမောက္ခကြီးများမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပြီး သူတို့၏ကျောင်းများမှ လူဘယ်နှယောက်အထိ ရှစ်လက်မဝိညာဉ်အမြစ်ကို ရယူနိုင်ခဲ့လိမ့်မည်နည်းဟု ခန့်မှန်းနေကြတော့သည် ။

တစ်ခုတည်းသော ပြဿနာမှာ ထိုကျောင်းသားများမှာ အခြေအနေကြီး တစ်ခုလုံးကို အပြည့်အဝ နားမလည်သောကြောင့် သူတို့ပြောပြသော သတင်းအချက်လက်များမှာ မပြည့်စုံဘဲ ဖြစ်နေရသည်။

သို့သော် သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့အကြောင်းကို ထုတ်ပြောခဲ့ကြသောကြောင့် တာအိုကျောင်းကြီးလေးကျောင်းမှ ပါမောက္ခကြီးများအပြင် လူအုပ်ကြီးမှာ အံ့ဩတုန်လှုပ်သွားကြ‌ရ၏။

” ပါမောက္ခကြီး … ဝမ်ပေါင်လဲ့က တော်တော်ကို တရားလွန်တာဗျ။ သူက လှည့်ကွက်တွေကို သုံးပြီးတော့ ဝိညာဉ်အမြစ် ထောင်ပေါင်များစွာကို သူနဲ့ ရေစက်ပါအောင် လုပ်ပြီး သူ့ပုံစံ ပြောင်းသွားအောင် စေခိုင်းခဲ့တာ။ ပါမောက္ခကြီးတို့ မမြင်လိုက်ရဘူးလား။ အစတုန်းကဆိုရင် ဝမ်ပေါင်လဲ့ရဲ့ ပုံစံတူ လူရိပ်ကြီးတွေက နေရာတိုင်းမှာ ရှိနေခဲ့တာ ”

” သူက တကယ့်ကို ဂြိုဟ်ကောင်ပါဗျာ။ သူနဲ့ ကြုံလိုက်ရတဲ့ ဝိညာဉ်အမြစ်တိုင်းက သူ့ပုံစံ ပြောင်းသွားကြတာဗျ။ သူ့ကြောင့်သာမဟုတ်ရင် ကျနော် ခုနစ်လက်မ ဝိညာဉ်အမြစ်အထိ ရောက်သွားမှာ သေချာပေါက်ပဲ ”

” အဲဒီကောင်လေးကို ဝိညာဉ်အမြစ်တစ်ထောင်ကျော်က လိုက်ဖမ်းတာ မှော်ဝင်နယ်မြေကြီးတစ်ခုလုံးလဲ ဗြောင်းဆန်လို့ပဲ ”

ပထမဆုံးပြန်ထွက်လာခဲ့သည့် ကျောင်းသားများ၏ နှုတ်မှ ထွက်ပေါ်လာသော စကားသံများထဲမှ ဒေါသစိတ်များနှင့် မကျေနပ်ချက်များကြောင့် အပြင်ဘက်ရှိ လူတိုင်း တွေဝေမိန်းမောသွားရ၏။ အခြား တာအိုကျောင်းကြီး သုံးကျောင်းမှ ပါမောက္ခကြီးများမှာ သမားတော်အိုကြီးအား ချက်ချင်းပင် လှမ်း၍ ကြည့်လိုက်ကြသည်။

” သူ ဝိညာဉ်အမြစ်တွေနဲ့ ရေစက်ပါနေတာက သူ့ရဲ့အပြစ်မှ မဟုတ်ဘဲ ”

သမားတော်အိုကြီးကမူ ပါးစပ်အား လက်သီးဖြင့်အုပ်၍ ချောင်းဟန့်ကာ ဆိုလိုက်၏။ သို့သော် ထိုစကားများကြောင့် သူသည်လည်း အံ့သြတုန်လှုပ်သွားခဲ့ရသည်။ ဝမ်ပေါင်လဲ့မှာ ပြဿနာရှာလိမ့်မည်ဟု သူက တွေးထားခဲ့ပါသော်လည်း ယခုလောက်အထိ ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။

အခြားတာအိုကျောင်း သုံးကျောင်းမှ ပါမောက္ခကြီးများမှာ ထိုစကားကို ကြားလိုက်ရသောအခါ ဆိတ်ငြိမ်သွားကြ၏။ ထိုဖြစ်ရပ်ကြီးတစ်ခုလုံးမှာ ထူးဆန်းနေပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူတို့ကျောင်းမှ ကျောင်းသားမဟုတ်သောကြောင့် သူတို့မှာ အများကြီး ပြစ်တင်ဝေဖန်နေရန် မသင့်တော်ပေ။

တဖြည်းဖြည်းနှင့် ဒုတိယမြောက်၊ တတိယမြောက်နှင့် စတုတ္ထမြောက် အသုတ်များမှာ ပြန်ထွက်လာကြ၏။ သူတို့ သယ်ဆောင်လာသော ပစ္စည်းအရေအတွက်များမှာလည်း ပို၍ များလာကြပြီး ထိုပစ္စည်းများထဲတွင် ဆေးလုံးနှင့် အသက်ရှင်သေးသော အပင်များပါ ပါလာကြသောအခါ တအံ့တဩ ရေရွတ်သံများ ပေါ်ထွက်လာကြတော့သည်။

” ဆေးလုံးတွေပါလား ”

” ဘုရားရေ။ သူက တကယ့်ကို အပင်တစ်ပင် ယူနိုင်ခဲ့တာပဲ။ အသီးတောင် သီးနေသေးတယ် ”

ထိုကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်ကို ကြည့်ရင်း သမင်ဖြူတာအိုကျောင်းမှ ပါမောက္ခကြီးမှာ ဟက်ဟက်ပက်ပက် ရယ်မောကာ မျက်စိမျက်နှာ ပျက်နေကြသော အခြားတာအိုကျောင်းသုံးကျောင်းမှ ပါမောက္ခကြီးများကို ဘဝင်လေဟပ်နေသည့် အကြည့်ဖြင့် လှမ်း၍ ကြည့်လိုက်၏။

” ဘယ်လိုလဲကွ။ ငါ့ သမင်ဖြူတာအိုကျောင်းက ကျောင်းသားတွေက မဆိုးဘူးမလား ”

သမားတော်အိုကြီးမှာ ချောင်းသာဟန့်လိုက်ပြီး စကားတစ်ခွန်းမှ ပြန်မပြောပေ။ အခြားတာအိုကျောင်းနှစ်ကျောင်းမှ ပါမောက္ခကြီးများမှာလည်း အမူအရာများ တည်ကြည်သွားကြပြီး ဂုဏ်ဆာနေသော သမင်ဖြူတာအိုကျောင်းမှ ပါမောက္ခကြီးအား ပြန်၍မကြည့်ရန် ဆုံးဖြတ်လိုက်ကြ၏။ သို့သော် ဆေးလုံးများနှင့် အထူးသဖြင့် အပင်များမှာ အလွန် ရှားပါးသောကြောင့် သူတို့၏ စိတ်ထဲတွင် အတွေးပေါင်းစုံဖြင့် ပြည့်နှက်နေတော့သည်။

သူတို့ လောင်းကြေးထပ်ထားသောအရာမှာ မိမိတို့၏ သက်ဆိုင်ရာ တာအိုကျောင်းမှ ကျောင်းသားများ စုဆောင်းနိုင်ခဲ့ကြသော ရင်းမြစ်ပစ္စည်းများ မဟုတ်ပါသော်လည်း လက်တွေ့တွင်မူ ၎င်းမှာ မှော်ဝင်နယ်မြေအား ဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်ပင် ဖြစ်သည်။ တာအိုကျောင်းကြီးလေးကျောင်း၏ မဟာမိတ်အဖွဲ့အတွင်း ရင်းမြစ်ပစ္စည်းများ ခွဲဝေမှုကို ထိုအချက်ပေါ်မူတည်၍ ဆုံးဖြတ်ကြမည်ဖြစ်သည်။

သို့သော် တခဏအကြာတွင် သမင်ဖြူတာအိုကျောင်းခွဲနှင့် မဟာမြစ်တာအိုကျောင်းမှ ပါမောက္ခများမှာ စိတ်နှလုံး တည်ငြိမ်အေးချမ်းသွားရတော့သည်။ နောက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာခဲ့သည့် ကျောင်းသားများ ရယူနိုင်ခဲ့သော ပစ္စည်းများထဲတွင် အပင်များ မပါဝင်ပါသော်လည်း ဆေးလုံးများ ပါနေသည့်အပြင် သူတို့ ယူဆောင်လာခဲ့သော ပစ္စည်းအရေအတွက်မှာ ပိုမိုများပြားနေသောကြောင့် သူတို့၏ မျက်နှာများပေါ်တွင် အပြုံးပန်းများဖြင့် ပြန်လည်ဝေဆာလာ၏။

ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများ ပြန်လည်ယူဆောင်လာသော ပစ္စည်းအရေအတွက်မှာ သိသိသာသာ လျော့နည်းနေသောကြောင့် သမားတော်အိုကြီး တစ်ယောက်သာလျှင် စိတ်ဓာတ်ကျနေရ၏။

ကျိုးရိဖန် လာခဲ့သည့် ဘူးသီး‌ခွံ‌လေးကြောင့်သာ သမားတော်အိုကြီးမှာ တစ်ခဏမျှ ပြန်လည်စိတ်အေးသွားရ၏။ သို့သော် သူ့ကျောင်းသားများ၏ စွမ်းဆောင်မှုမှာ စိတ်ပျက်စရာ ကောင်းနေသောကြောင့် သူသည် သောကရောက်နေရဆဲပင်။

ထို့ကြောင့် ကျိုးရိဖန်မှာ အစတုန်းက ပြောရန် ဆုံးဖြတ်ထားခဲ့သည့် ရုပ်အလောင်းများအကြောင်းကို မပြောတော့ဘဲ မျိုသိပ်ထားလိုက်ရတော့သည်။ သူသည် နောက်ဆုံးတွင် မည်သူက ထို ရုပ်အလောင်းကြီးကို ရရှိသွားခဲ့မှန်း မသိသောကြောင့် ထိုအကြောင်းနှင့် ပတ်သတ်၍ တစ်ခွန်းတစ်လေပင် ထုတ်မပြောရဲပေ။

” အဘိုးကြီးလု။ အရမ်းကြီး သောကရောက်မနေပါနဲ့။ ဒီနေရာမှာ ရှိနေတဲ့ ကျောင်းသားတွေထက် အများကြီးပိုပြီး အစွမ်းထက်တဲ့ ကျောင်းသားတွေ ပြန်လာဖို့ ကျန်ပါသေးတယ်။ အဲဒီတော့ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုရှိစမ်းပါ ”
သမင်ဖြူတာအိုကျောင်းမှ ပါမောက္ခကြီးက သမားတော်အိုကြီး၏ ပခုံးကို ပုတ်ကာ ရယ်မောရင်း ဆိုလိုက်၏။ အခြား ပါမောက္ခကြီး နှစ်ယောက်မှာ‌လည်း ထေ့ငေါ့သည့်လေသံဖြင့် ထင်မြင်သုံးသပ်ချက်များ ပေးနေကြ၏။

ထို သုံးယောက်ဆီမှ ” အားပေးစကား ” ဟု ထင်ရသော စကားများကို နားထောင်ရင်း သမားတော်အိုကြီးမှာ ဟန်ဆောင်ချောင်းဟန့်လိုက်ရ၏။ သူသည် မကျေမချမ်း ဖြစ်နေရပါသော်လည်း ခိုကိုးရာမဲ့နေရ၏။

သို့သော် သိပ်မကြာခင် သူ၏ ကူရာကယ်ရာမဲ့သလို ဖြစ်နေသော ခံစားချက်ကြီးမှာ ပျောက်ကွယ်သွား၏။ ကျောက်ယမုန့်၏ ပြန်ရောက်လာမှုကြောင့် ဘေးပတ်ပတ်လည်ရှိ လူများအားလုံးမှာ ဖော်ပြ၍ မရနိုင်လောက်အောင် အံ့ဩတုန်လှုပ်သွားကြတော့သည်။

” ရုပ်အလောင်း တစ်လောင်းပါလား ”

” မင်းမေဘ … တကယ်ကြီးကို ရုပ်အလောင်းတစ်လောင်းပဲ ”

လူတိုင်း ဆူညံပွက်လောရိုက်သွားကြသည်။ တာအိုကျောင်းကြီး လေးကျောင်းမှ ပါမောက္ခကြီးများသာ ဆွံ့အမှင်တက်သွားရုံတင် မဟုတ်ဘဲ သူတို့၏နောက်တွင် ရပ်နေကြသည့် ရာထူးအဆင့်အတန်း မြင့်မားပြီး ကျင့်ကြံခြင်းအဆင့် မြင့်မားကြသော အကြီးအကဲကြီး လေးယောက်ပင်လျှင် အံ့အားသင့်သွားကြ၏။ သူတို့အားလုံးမှာ ရှေ့သို့လှမ်းလာကြပြီး သေသေချာချာ ကြည့်ရှုလိုက်ကြ၏။ ယခင်တုန်းကလည်း ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိဖူးသည့် လူများ ရှိကြပါသော်လည်း ထိုရုပ်အလောင်း အများစုမှာ ပျက်စီးယိုယွင်းနေခဲ့ကြသည် ဖြစ်သောကြောင့် ယခုလို အကောင်းပတိရှိနေသော ရုပ်အလောင်းတစ်လောင်းမှာ အပင်များထက်ပင် ပို၍ရှားပါး၏။

သမားတော်အိုကြီးမှာ စိတ်လှုပ်တရှားဖြစ်သွားပြီး အမူအရာပျက်နေကြသော အခြားတာအိုကျောင်းသုံးကျောင်းမှ ပါမောက္ခကြီးများကို ဘဝင်လေဟပ်နေသော အကြည့်ဖြင့် ကြည့်ကာ ဆိုလိုက်၏။

” ဘယ်လိုလဲကွ။ ကောင်းကင်တာအိုကျောင်းက ကျောင်းသားတွေက မဆိုးဘူးမလား။ ရုပ်‌အလောင်း တစ်လောင်းတည်းနဲ့ကို သမင်ဖြူတာအိုကျောင်းက ပစ္စည်းတွေအကုန်လုံးထက် သာသွားပြီ။ ဒါပေမဲ့ စိတ်ဓာတ်မကျပါနဲ့။ ပိုပြီးတော့ အစွမ်းထက်‌တဲ့ ကျောင်းသားတွေ ပြန်ရောက်မလာသေးဘူးလေ။ ယုံကြည်ချက်ရှိရှိနဲ့ မျှော်လင့်ချက်ကြီးကြီး ထားကြပါ ”

သမားတော်အိုကြီးမှာ ထိုသို့ဆိုရင်း ကျောက်ယမုန့်အား ဂုဏ်ယူသော အကြည့်ဖြင့်ကြည့်ကာ သူမအား ချီးကျူးလိုက်၏။ ထို့နောက် သူမ၏ ဒဏ်ရာများကို သတိထားမိလိုက်သဖြင့် စိုးရိမ်တကြီး ဖြစ်သွားပြီး ဆေးလုံးအချို့ကို ချက်ချင်းပင် ထုတ်ပေးလိုက်၏။

” ပါမောက္ခကြီး။ သမီး ဒီ ရုပ်အလောင်းကို ယူနိုင်ခဲ့တာက ကျိုးရိဖန်နဲ့ ချန်မင်းယွီတို့ရဲ့ ကူညီမှုကြောင့်ပါ။ ဒါပေမဲ့ အဓိကကတော့ ဝမ်ပေါင်လဲ့ပါပဲ။ သူသာ မရှိရင် သမီး ဒီရုပ်အလောင်းကို အပြင်အထိ ယူလာနိုင်ခဲ့မှာ မဟုတ်ပါဘူး ”
ကျောက်ယမုန့်က ဆေးလုံးများကို လက်ခံရယူကာ ရှင်းပြလိုက်၏။

” ဝမ်ပေါင်လဲ့ ဟုတ်လား ”
ပါမောက္ခကြီးများမှာ ဝမ်ပေါင်လဲ့၏ အမည်အား ဒုတိယအကြိမ်အဖြစ် ကြားလိုက်ရခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့မှာ အံ့အားသင့်သွားကြပြီး ဝမ်ပေါင်လဲ့အကြောင်းကို ပို၍ နားစွင့်လိုက်ကြ၏။ သမင်ဖြူတာအိုကျောင်းမှ ပါမောက္ခကြီးကမူ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

” အဘိုးကြီးလု … သမင်ဖြူတာအိုကျောင်းက အစွမ်းအထက်ဆုံး ကျောင်းသားတွေက ထွက်မလာသေးဘူးနော်။ သူတို့တွေက သိပ်မကြာခင် ပြန်လာတော့မှာ။ သူတို့က ကျုပ်ကို စိတ်ပျက်အောင် လုပ်မှာမဟုတ်ဘူးဆိုတာ ကျုပ်ယုံတယ် ”

” ဟုတ်တယ် အဘိုးကြီးလု။ ဘာမှ စိုးရိမ်မနေနဲ့ ”

” အဘိုးကြီးလု။ ခင်ဗျား… ”

တာအိုကျောင်းကြီး သုံးကျောင်းမှ ပါမောက္ခကြီးများမှာ ရုပ်အလောင်းကြီးကို ကြည့်ရင်း တစ်ယောက်ပြီးတစ်ယောက် စကားပြောနေကြ၏။ သို့သော် သူတို့မှာ စကားဆုံးအောင် မပြောနိုင်ခင်မှာပင် ဝိညာဉ်အမြစ်ရွာ၏ ဝင်ပေါက်ထဲမှ တအံ့တဩ ဖြစ်နေကြသည့် အသံများ ရုတ်တရက်ဆိုသလို ပေါ်ထွက်လာတော့သည်။

ထို့နောက် လူရိပ်များစွာ တစ်ခုပြီးတစ်ခု ပြန်လည်ရောက်ရှိလာကြ၏။ သူတို့ထဲမှ တချို့မှာ သတိရှိနေကြပါသော်လည်း တချို့မှာမူ သတိလစ်နေကြ၏။ သူတို့မှာ သတိလစ်ရုံလောက်သာ ဆိုပါက ရေးကြီးခွင်ကျယ် မဟုတ်ပါသော်လည်း သူတို့ကို ရုပ်သေးရုပ်သုံးရုပ်က ချုပ်ထားကြသည်။

ထို့အပြင် ထိုရုပ်သေးရုပ်များမှာ သူတို့အား သာမန်အနေအထားဖြင့် ချုပ်ထားကြမည်ဆိုပါက အထူးတဆန်း ဖြစ်နေကြမည် မဟုတ်ပေ။ သို့သော် ထို ရုပ်သေးရုပ်သုံးရုပ်မှာ အလွန် ရမ္မက်ကြွဖွယ် ပုံစံဖြင့် ချုပ်ထားကြခြင်း ဖြစ်ပြီး ၎င်းတို့၏ အမူအရာများမှာ ထူးဆန်းနေကြသလို ၎င်းတို့ထံမှ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အသံများ ထွက်ပေါ်နေ၏။

၎င်းတို့၏ ညည်းတွားသံများနှင့် ချုပ်ထားသော ပုံစံများကြောင့် ရှိရှိသမျှ လူတိုင်း ကမ္ဘာသစ်ကြီးတစ်ခုကို မြင်လိုက်ရသည့်အလား အံ့ဩတုန်လှုပ်သွားကြတော့သည်

” ဝူဖန် ပါလားဟ ”

” အဲဒါ မဟာမြစ်တာအိုကျောင်းက ဝူဖန်ပဲ။ ရှစ်လက်မဝိညာဉ်အမြစ်ကို ရယူနိုင်ခဲ့တဲ့ ပါရမီရှင်လေးတစ်ယောက်လေ ”

” ဘာတွေများ ဖြစ်သွားတာပါလိမ့် ”

ကျိုးရိဖန်မှာ မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေပြီး ယခုလေးတင်မှ ကျောက်ယမုန့်နှင့်အတူ ပြန်ရောက်လာခဲ့သည့် ချန်မင်းယွီမှာလည်း အံ့ဩတုန်လှုပ်ကာ ပင့်သက်ရှိုက်မိသွား၏။ အမြဲတမ်း တည်တည်ကြည်ကြည် ရှိနေတတ်သော ကျောက်ယမုန့်ပင်လျှင် မိန်းမောတွေဝေသွားရ၏။

သူတို့သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း မျက်ဝန်းများထဲတွင် ခံစားချက်များနှင့် သံသယပေါင်းစုံတို့ဖြင့် ပြည့်နှက်လာကြသည်ကို မြင်လိုက်ရ၏။

တာအိုကျောင်းကြီးလေးကျောင်းမှ ပါမောက္ခကြီးများမှာ ထိုမြင်ကွင်းကြီးကို မြင်လိုက်ရသောအခါ ဆွံ့အမှင်တက်သွားကြပြီး မဟာမြစ်တာအိုကျောင်းမှ ပါမောက္ခကြီးဆိုလျှင် မျက်လုံးများ ကျွတ်ကျလုမတတ် ဖြစ်သွားရ၏။

သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ထွက်ပေါက်ထဲမှ လူများစွာ ပြန်လည်ရောက်ရှိလာ၏။ သူတို့ထဲမှ တစ်ယောက်မှာလည်း သတိလစ်နေပြီး သူ အနားသို့ ရောက်မလာခင်မှာပင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အသံများကို ကြားလိုက်ရသောကြောင့် အခြားလူအားလုံး အံ့ဩတုန်လှုပ်သွားကြ၏။ ထို့နောက် သူတို့မှာ နောက်သို့ လှည့်ကြည့်လိုက်ကြသောအခါ ရုပ်သေးရုပ်များ၏ ဝန်းရံခြင်းကို ခံထားရပြီး သတိလစ်နေသော မျက်နှာမည်းလူငယ်လေးကို မြင်လိုက်ရ၏။

” တော်တော်ကို တရားလွန်သွားပြီကွ ”

” သူတို့တွေ ဓားပြတိုက်ခံလိုက်ရတာလားဟ။ ဓားပြတိုက်ခံရတယ်ဆိုရင်တောင် တော်သေးတယ်။ ဘာလို့ အခုလိုပါ လုပ်လိုက်ရတာလဲ ”

မဟာမြစ်တာအိုကျောင်းနှင့် သမင်ဖြူတာအိုကျောင်းခွဲမှ ပါမောက္ခကြီးများမှာ ဒေါသအမျက်ချောင်းချောင်း ထွက်နေကြတော့သည်။ သူတို့မှာ ရှေ့သို့လှမ်းလာကြပြီး ထိုရုပ်သေးရုပ်များကို ဖျက်ဆီးရန် ပြင်လိုက်ပါသော်လည်း ၎င်းတို့ကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် ထိုရုပ်သေးရုပ်များမှာ ချက်ချင်းပင် ပေါက်ကွဲသွားတော့မည့်အလား ဖြစ်သွားကြသောကြောင့် ထိုပါမောက္ခကြီးနှစ်ယောက်မှာ တွေ့ဝေတုံ့ဆိုင်းသွားကြ၏။

သမားတော်အိုကြီးမှာမူ အကောင်းဆုံးကြိုးစားကာ ဂရုမစိုက်ချင်ယောင် ဆောင်နေ၏။ သူသည် ဆိတ်ငြိမ်နေပါသော်လည်း သူ၏ဘေးတွင်ရပ်နေသော သမင်ဖြူတာအိုကျောင်းမှ ပါမောက္ခကြီးမှာ တကျွတ်ကျွတ်နှင့် စုတ်သပ်ရင်း မှတ်ချက်ပေးလိုက်၏။

” ဟား ဟား ဒါကို လုပ်ခဲ့တဲ့လူက တော်တော်ကို တီထွင်ဖန်တီးနိုင်စွမ်း ရှိတဲ့ပုံပဲ။ ဒီရုပ်သေးရုပ်တွေရဲ့ လက်ရာက တော်တော်ကို သေသပ်တယ် ”
သူ ထိုသို့ဆိုလိုက်စဉ်မှာပင် စိတ်အနှောင့်အယှက်ဖြစ်စရာ အသံများကို ထပ်၍ ကြားလိုက်ရပြန်သည်။ ယခုအကြိမ်တွင်မူ သတိလစ်နေသော လီယီမှာ လူတိုင်း၏ရှေ့တွင် ပေါ်လာ၏။

ထိုအခါ သမင်ဖြူတာအိုကျောင်းမှ ပါမောက္ခကြီးမှာ ဆွံ့အသွားရ၏။ သူသည် လီယီအား သမင်ဖြူတာအိုကျောင်း၏ ကျောင်းသားအသစ်များမှ အတော်ဆုံးကျောင်းသူအဖြစ် သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ယခုတွင်မူ သူသည် မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်ကာ အော်ဟစ်မေးမြန်းလိုက်ရတော့သည်။
” ဘယ်သူလဲကွ။ ဒါကို ဘယ်သူလုပ်တာလဲ ”

ထိုပါမောက္ခကြီးသုံးယောက် အော်ဟစ်နေရင်း သူတို့မှာ မျက်နှာမည်း လူငယ်လေး၏ နောက်ကျောပေါ်ရှိ ပစ္စည်းတစ်ခုကို သတိထားမိလိုက်ကြ၏။

” ပါ… ပါမောက္ခကြီးတို့။ ဒီ… ဒီမှာ စာတိုလေးတစ်ကြောင်း ရေးထားတယ်… “

Comment

  1. ဦးဝိေကာ လသ says:

    Good

  2. mindpowerdeader says:

    Good

Leave a Reply

Options

not work with dark mode
Reset