Switch Mode

အခန်း ( ၁၁၇ )

အချုပ်အနှောင်

မူလက ဤနေရာတွင် ဖြစ်ပေါ်နေသည့် လေပွေနှင့် သားရဲတစ်ကောင် အော်သံကဲ့သို့ မြည်ဟီးနေသော မြူခိုးများမှာ ဝမ်ပေါင်လဲ့ ပုတီးစေ့ကို ယူသွားသည့် အခိုက်အတန့်၌ ရပ်တန့်သွားသည့်အလား ထင်ရသည်။

ထို့နောက် လေထဲတွင် ပိုမိုကျယ်လောင်သည့် ပေါက်ကွဲသံတစ်သံထွက်လာပြီး ဖိနှိပ်ခံထားရသည့် မိုးကြိုးများက အတောမသတ်နိုင်အောင် တဝုန်းဝုန်း ပေါက်ကွဲနေသည့်အလား ထင်ရသည်။ မြူခိုးများမှာ အချုပ်အနှောင်မှ ကင်းလွတ်ပြီးနောက် ဇွတ်အတင်း ဖယ်ရှားခံလိုက်ရသည့်အလား လျင်မြန်စွာ နောက်ဆုတ် ပျောက်ကွယ်သွားသည်ဖြစ်၍ ဘဲဥပုံ နေရာအပြင်ဘက်တွင် နေရာလွတ်ကြီးတစ်ခု ပေါ်ထွက်လာသည်။

တစ်ချက်ဝေ့ကြည့်လိုက်လျှင် မြူခိုး၏ ဖုံးလွှမ်းခြင်း မရှိတော့သောကြောင့် ထိုနေရာကျယ်တစ်ခုလုံးကို မြင်နေရသည်။

“ ဒါက … “
သံလိုက်စွမ်းအား၏ ဆွဲခေါ်ခြင်းကို ခံနေရသည့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီနေပြီး ခေါင်းမူးနေသည်။

ဘဲဥပုံနေရာအထက်မှ ဟင်းလင်းပြင်ထဲတွင် ဧရာမဦးခေါင်းခွံတစ်ခု ရှိနေသည်ကို ဝမ်ပေါင်လဲ့ တွေ့လိုက်ရသည်။ ၎င်း၏ မျက်နှာအစိတ်အပိုင်းများကို မမြင်ရသော်လည်း မည်းနက်နေသည့် မျက်နှာဖုံးတစ်ခု ကို တပ်ထားသည်မှာ ထင်ရှားသည်။

ဘဲဥပုံနေရာ၏ အောက်ခြေမှာ ဘာမျှ မရှိဘဲ မည်းနက်နေသောကြောင့် ၎င်းဘဲဥပုံနေရာမှာ လေထဲတွင် ပေါလောမျောနေသည်ဟု ထင်ရပြီး အမှောင်ထဲ၌ ဧရာမခန္ဓာကိုယ်တစ်ခု ရှိနေသည်။

ထိုခန္ဓာကိုယ်မှာ အပေါ်မှ ဦးခေါင်းခွံနှင့် ဆက်စပ်လိုက်သောအခါ ဧရာမရုပ်ထုကြီး ဖြစ်သွားပြီး ဘဲဥပုံနေရာမှာ ထိုရုပ်ထု၏ လက်ဖဝါးပြင် ဖြစ်သွားသည်။

ရုပ်ထု၏ မျက်နှာဖုံး ဝတ်ဆင်ထားသည့် အသွင်အပြင်မှာ ဝမ်ပေါင်လဲ့အတွက် မထူးဆန်းပေ။ တောင်ထိပ်ငါးခုသို့ ရောက်ခဲ့စဉ်က တွေ့ခဲ့ရသည့် ပုံရိပ်ယောင်မြင်ကွင်းထဲမှ ပုံရိပ်ယောင် မိန်းမပျိုနှင့် တစ်ထေရာတည်း တူနေသည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောက်လာသည်။ သူ့မျက်စိရှေ့မှ မြင်ကွင်းတစ်ခုလုံးကို ဆက်စပ်ကာ မြင်သာအောင် ကြည့်လိုက်လျှင် ဤရုပ်ထုမှာ ပုံရိပ်ယောင် မိန်းမပျိုက မြှောက်ထားသည့် သူမ၏ညာလက်ဖဝါးထက်ရှိ ယစ်ပလ္လင်ပေါ်တွင် ပျံဝဲနေသည့် အပြာရောင် လှံရှည်အား ကြည့်နေပုံကို ထွင်းထုထားခြင်း ဖြစ်ကြောင်း သဘောပေါက်သွားသည်။

ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ရီနေသည်။ ကံကောင်းစွာနှင့် သူက မျက်နှာဖုံး မထုတ်မီကပင် စိတ်ကို ကြိုတင်ပြင်ဆင်ထားပြီး မိန်းမပျိုကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။

သို့ရာတွင် တချိန်တည်း၌ ဝမ်ပေါင်လဲ့၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူ့ခန္ဓာကိုယ်မှာ သံလိုက်စက်ကွင်းကြောင့် နောက်ဆုတ်နေစဉ် ရုပ်ထုအနောက်ဘက် လေဟာပြင်ထဲမှ ငိုနေသည့် မျက်နှာတစ်ခု ရုတ်တရက် ပေါ်လာသည်။

ထိုမျက်နှာမှာ ပေတစ်ရာကျော် ကြီးမားပြီး ဒွါရပေါက်များမှ သွေးများ စီးကျနေသည်။ မျက်လုံးများထဲ၌ ခရမ်းရောင် အလင်းတစ်ခု လင်းလက်နေပြီး ၎င်းကို ကျား၊မ ခွဲခြားရန် မဖြစ်နိုင်ပေ။ ထိုမျက်နှာမှ ကျောချမ်းဖွယ် ကြောက်စရာ အေးစက်စက် အငွေ့အသက်များ ပြင်းထန်စွာ ထွက်လာနေပြီး ဝမ်ပေါင်လဲ့မှာ ချောက်နက်ထဲသို့ ရုတ်တရက် ပစ်ချခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။

“ အဲဒါ ဘာကြီးလဲဟ ”

ဝမ်ပေါင်လဲ့က အံအားသင့်ကာ ရေရွတ်လိုက်စဉ် ရုပ်ထုနောက်ဘက် လေဟာနယ်ထဲ၌ ခပ်ဆင်ဆင် မျက်နှာများ ဆယ်ခုကျော် မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာပြန်သည်။ ၎င်းတို့အားလုံး ဆင်တူကြသော်လည်း တစ်ခုစီ၌ မတူညီကြသည့် မျက်နှာအမူအရာများ ပိုင်ဆိုင်ထားကြသည်။ တချို့က ဝမ်းနည်းနေပုံ‌ပေါ်ပြီး ငိုကြွေးနေကြသည့် မျက်နှာများအပြင် လှောင်ရယ်ရယ်နေကြသော ဒေါသထွက်နေကြသည့် မျက်နှာများလည်း ရှိသည်။

သို့ရာတွင် သူတို့အားလုံး၌ တူညီသည့် အချက်မှာ ဒွါရပေါက်အားလုံးမှ သွေးများ စီးကျနေပြီး မျက်လုံးများထဲတွင် ကြောက်စရာ ခရမ်းရောင်အလင်းများ လက်နေခြင်း ဖြစ်သည်။ ထိုသို့ မျက်နှာအများအပြားက လျင်မြန်စွာ ပေါ်လာပြီး လျှပ်တစ်ပြက်အတွင်း မည်းမှောင်နေသည့် လေဟာနယ်တစ်ခုလုံး မရေမတွက်နိုင်သည့် ရုပ်တုမျက်နှာများဖြင့် ပြည့်နှက်သွားသည်။

မျက်နှာများအားလုံးက ပါးစပ်ဟကာ အော်ဟစ်ရန် ကြိုးစားလိုက်ကြသည်။ သူတို့သည် ရုပ်ထုကို ဖြတ်ကာ ဝမ်ပေါင်လဲ့ဆီသို့ တဟုန်ထိုး ပြေးသွားနေကြပုံပေါ်သည်။ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်‌တော့မည့် အလား ခံစားလိုက်ရသည်။ သူ့စိတ်မှာလည်း ချာချာလည်အောင် မူးနောက်သွားပြီး ချက်ချင်းပင် သံလိုက်အားက ဆွဲခေါ်သွားရန် ဆုတောင်းနေမိသည်။

သို့ရာတွင် ရုပ်ထုကို မျက်နှာများ ဖြတ်သွားတော့မည့် အခိုက်အတန့်၌ အသက်မဲ့နေသည့်ပုံပေါက်သည့် ရုပ်ထုမျက်လုံးထဲ၌ အလင်းတစ်ချက် လင်းသွားကာ နူးညံ့တိုးတိတ်သည့် မိန်းကလေးသံတစ်သံ လေဟာနယ်ထဲမှ ပေါ်ထွက်လာသည်။

“ ဖိနှိပ်ထားစေ ”

အသံက ဘေးဘက်သို့ ပျံ့နှံ့သွားသည်နှင့် ရုပ်ထု၏ ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင် တောက်ပလာပြီး ရွှေရောင် လျှပ်စီးတန်းများ ဖြာထွက်လာသည်။ ထိုအလင်းတန်းများမှာ တခဏအတွင်း ရောင်ခြည်ကွန်ခြာကြီးဖြစ်လာပြီး ရုပ်ထုမှ ထိုးထွက်နေသည့် ကြက်သီးထဖွယ် မျက်နှာများအားလုံးကို တိုက်ရိုက် လွှမ်းခြုံသွားသည်။

မျက်စိတစ်မှိတ်အတွင်း တစ်ခုနှင့် တစ်ခု ထိသွားပြီးနောက် မျက်နှာများထံမှ သနားစရာ အော်ဟစ်သံများ လွင့်ပျံလာသည်။ ၎င်းတို့မှာ ရုန်းကန်ကြသော်လည်း အချည်းနှီးပင်။ လျှပ်စီးရောင်ခြည်ကွန်ခြာထဲမှ မထွက်နိုင်ကြဘဲ ၎င်း၏ ဖိအားကြောင့် နောက်ဆုတ်လိုက်ရပြီး ဘာမှ မရှိတော့သည်အထိ မှိန်ဖျော့ပျောက်ကွယ်သွားကြသည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ ဗြောင်းဆန်ကုန်သည်။ ယခု သူ့ခန္ဓာကိုယ်မှာ ထွက်ပေါက်ဆီသို့ ဆွဲခေါ်ခံနေရပြီး သူ့အကြည့်မှာ မူလအခြေအနေသို့ ပြန်ရောက်သွားသည့် ရုပ်ထုပေါ်၌ ဝေ့ဝဲ ကျန်နေခဲ့သည်။ ဤမျက်နှာများမှ ခရမ်းရောင်အလင်းကြောင့် ယခင်က မမျှော်လင့်ဘဲ တိုက်ခိုက်ခံခဲ့ရသည်ကို သူ သတိရသွားပြီး စိတ်မအေးနိုင် ဖြစ်နေသည်။ ထိုမျက်နှာများမှ ရနေသည့် ခံစားချက်မှာ ခရမ်းရောင်အလင်း၏ အငွေ့အသက်နှင့် တစ်ပုံစံတည်း ဖြစ်သည်။

“ သူတို့များ ဖြစ်နေမလား ”
ဝမ်‌ပေါင်လဲ့မှာ ကြောက်လန့်တကြား ဖြစ်နေပြီး တောင်ထိပ်ငါးခု၌လည်း ကောင်းကင်ယံတွင် မျက်နှာများ ပေါ်လာဖူးကြောင်း ရုတ်တရက် သတိရသွားသည်။

ထို့ပြင် မျက်နှာအသွင်အပြင်အနေဖြင့် ထိုစဉ်က မျက်နှာများမှာ ယခုလေးတင် မြင်လိုက်ရသည့် မျက်နှာများနှင့် ဆင်တူနေသည်။

“ ဘာတွေ ဖြစ်ကုန်တာလဲဟ၊ ငါ အပြာရောင် ပုတီးစေ့လုံးကို ယူပြီးပြီးချင်း ဘာလို့ အဲဒီမျက်နှာတွေ ပေါ်လာရတာလဲ။ ပုတီးစေ့လုံးက သူတို့ကို ဖိနှိပ်ထားတဲ့ အရာများ ဖြစ်နေမလား ”

ထိုသို့တွေးမိကာ အပြာရောင် လှံရှည်ကို ဝန်းရံနေကြသည့် ရုပ်အလောင်းငါးလောင်းက ပုတီးစေ့လုံးကို ကာကွယ်နေသည်ဟု စဉ်းစားမိပြန်သည်။

“ ဒါဆို ငါ ပုတီးစေ့ကို ယူသွားတော့ ကပ်ဆိုက်လာမှာလား ”

ဝမ်ပေါင်လဲ့မှာ ချက်ချင်း ရင်တုန်လာပြီး ရုပ်ထုကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည့် အခိုက်အတန့်၌ သူ့ခန္ဓာကိုယ်မှာ စြင်္ကန်လမ်းမှတဆင့် အပြင်ဘက်ရှိ ထွက်ပေါက်ဆီသို့ ဆွဲခေါ်ခံလိုက်ရသည်။

အဝေးမှကြည့်လျှင် ဝမ်ပေါင်လဲ့မှာ တောင်သေးသေးလေး တစ်လုံးအလားဖြစ်နေပြီး လက်ဆွဲပုံးကြီးတစ်ခုကို သယ်ထားကာ ပုံးနှုတ်ခမ်းတွင် ပစ္စည်းအိတ်များ ကိုယ်စီ ချိတ်ဆွဲထားသည့် အရုပ်များ တွဲလောင်းကျနေသည်။ တချိန်တည်းမှာပင် အလောင်းလေးလောင်းကလည်း လက်ဆွဲပုံးကြီးနှင့်အတူ တန်းလန်းပါနေသည်။

ဝမ်‌ပေါင်လဲ့က လက်ဆွဲပုံးပေါ် ပစ်တင်ခဲ့သည့် အလောင်းလေးလောင်းကို ရုတ်တရက် ကြည့်လိုက်မိလျှင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ အကွာအဝေးကြောင့် ဝမ်ပေါင်လဲ့မှာ အလောင်းများကို သတိမထားမိပေ။ ထို့ပြင် သူသည် အပြာရောင် လှံရှည်ကိုသာ တချိန်လုံး အာရုံစိုက်နေခဲ့သောကြောင့် အလောင်းများကို သေချာမကြည့်ရသေးပေ။

ယခု အလောင်းလေးလောင်းကို အနီးကပ်ကြည့်လိုက်ချိန်မှ ၎င်းတို့ခန္ဓာကိုယ်များတွင် ကမ္ဗည်းစာများ ရေးထားကြောင်း သတိထားမိသွားသည်။ နှာခေါင်းထိပ်နေရာတွင် ခရမ်းရောင် အမှတ်အသားများကိုလည်း မြင်တွေ့နိုင်သည်။

ထိုအမှတ်အသားများမှာ အမူအရာအမျိုးမျိုး ရှိသည့် မျက်နှာများကို ချုံ့ကာ စုစည်းထားသည်ဟု ထင်ရသည်။

၎င်းတို့သည် မကြာသေးခင်က ရုပ်ထုမှ အချုပ်အနှောင်က ဖိနှိပ်လိုက်သော မျက်နှာများနှင့် တစ်ပုံစံတည်း ဖြစ်သည်။

ဤတွေ့ရှိချက်ကြောင့် ဝမ်ပေါင်လဲ့ ရင်ထဲသို့ အကြောက်တရား ဝင်လာကာ ယခင်က သူကောက်ချက်ချထားသည်မှာလည်း မှားယွင်းသွားသည်။

“ သူတို့က ပုတီးစေ့ကို ကာကွယ်နေတာ မဟုတ်ဘဲ ဖိနှိပ်နေတာများလား ”

ဝမ်ပေါင်လဲ့မှာ အနည်းငယ် ဇဝေဇ‌ဝါ ဖြစ်နေပြီး တစ်စုံတစ်ခု လွဲနေသကဲ့သို့ ခံစားရသည်။ နောက်ဆုံးတွင် သူ့မျက်လုံးများမှာ လက်ခနဲ ဖြစ်သွားပြီး စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ထွက်လာသည်။

“ ငါ အထင်မှားနေတာများလား။ အလောင်းတွေပဲ ဖြစ်ဖြစ်၊ အပြာရောင် လှံရှည်ပဲဖြစ်ဖြစ် … မျက်နှာတွေက ရုပ်ထုကို ဖိနှိပ်ထားဖို့ သုံးတဲ့ အရာတွေများ ဖြစ်နေမလား။ အဲဒါကြောင့် ငါပုတီးစေ့လုံး ယူသွားတော့ မြူခိုးတွေ ပျောက်ကွယ်သွားပြီး ရုပ်ထုကြီး ပေါ်လာတဲ့အခါမှာ မျက်နှာတွေက ပုတီးစေ့လုံးကို ပြန်ရဖို့ အသည်းအသန် ကြိုးစားကြတာ၊ နောက်ဆုံး ရုပ်ထုကြီးက အဲဒီမျက်နှာတွေကို ဖိနှိပ်ဖို့ အသက်ပြန်ရှင်လာရတာလား”

သဲလွန်စများ မရှိသောကြောင့် ဝမ်ပေါင်လဲ့အနေဖြင့် မှန်ကန်မည့် ခန့်မှန်းချက် ထုတ်ရန် ခက်ခဲလှသည်။ သို့ရာတွင် သူယူလာသည့် အလောင်းများမှာ ယခင်က သူ့ကို ဝါးမျိုချင်နေသည့် ခရမ်းရောင်အလင်းနှင့် သေချာပေါက် ဆက်နွယ်မှုရှိကြောင်း ပြောနိုင်သည်။

“ ငါ ဒါကို သေချာ သိဖို့လိုတယ်။ ဘာလို့ ခရမ်းရောင်အလင်းက ငါ့ကို ဝါးမျိုချင်တာလဲ။ ကိုးလက်မဝိညာဉ်အမြစ်ကြောင့်များလား။ အသံက အရင်တုန်းက အစွန်းရောက်နေသူ ရှိတယ်လို့ ပြောခဲ့တာ။ အဲဒါက ကိုးလက်မဝိညာဉ်အမြစ်များလား။ ဒါပေမဲ့ နိုးလာတော့ ငါ့ခန္ဓာကိုယ်ထဲက ဝိညာဉ်ကြောတွေက ကိုးဆယ်ရာခိုင်နှုန်းတောင် ကျော်ပြီး တစ်ရာနားတောင် ကပ်နေတာ….”

ဝမ်ပေါင်လဲ့မှာ ဓားကျိုးတောင်မှ လမ်းကြားတစ်လျှောက် ဆွဲခေါ်ခံနေရစဉ် စိတ်ထဲမှ အဆက်မပြတ် တွေးနေမိသည်။

အဖြစ်အပျက်များကြောင့် ဤနေရာတစ်ခုလုံး ထူးခြားဆန်းကြယ်နေသည့်အပြင် ခန့်မှန်း၍ မရနိုင်ကြောင်း သဘောပေါက်သွားသည်။ အထူးသဖြင့် သူရောက်ခဲ့သည့် နေရာမှာ ဓားကျိုးတောင်နှင့်ယှဉ်လျှင် အစွန်အဖျားသာ ဖြစ်ကြောင်း နားလည်‌သွားသည်။ သူသည် တောင်၏ အလယ်ဗဟိုရောက်ရန် အဝေးကြီး လိုသေးသည်။

သူ၏ ကျင့်ကြံခြင်း၊ အမြန်နှုန်း၊ အချိန်ကန့်သတ်ချက်များကြောင့် ဗဟိုချက်ထိ ရောက်ရန် သူ့အတွက် မဖြစ်နိုင်ပေ။

အစွန်အဖျားကပင် အလွန်ထူးဆန်းအံ့ဩဖွယ် ကောင်းနေရာ ဤဓားကျိုးတောင်၏ အတွင်းပိုင်း၌ မည်သို့သော အရာများ ပုန်းကွယ်တည်ရှိနေမည်နည်း။

ဝမ်ပေါင်လဲ့က အသက်ကို ပြင်းပြင်း ရှိုက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ဆွဲခေါ်ခံနေရစဉ် အဝေး၌ကျန်ခဲ့သည့် ဓားကျိုတောင်ကို ကြည့်ကာ ရင်ထဲ၌ လေးစားမြတ်နိုးခြင်းများ ဖြစ်ပေါ်လာသည်။

ဝမ်ပေါင်လဲ့က အပြန်ခရီးတွင် ဓားကျိုးတောင်ကို အရိုအသေပြုလိုက်စဉ် တာအိုကျောင်းလေးကျောင်းမှ ကျောင်းသားများမှာ ဝင်ချည်ထွက်ချည် လုပ်နေကြသည်။ ဝမ်ပေါင်လဲ့ ရလာသည့် ပစ္စည်းအမြောက်အများကို သူတို့ မြင်၍ သူ့ကို အဆုံးစွန်ထိ လေးစားသွားကြသည်။

“ ရုပ်အလောင်းတွေပါလား ”

“ သောက်ကျိုးနဲ … ငါမြင်လိုက်တာ ဘာတွေပါလိမ့်၊ ရှေးဟောင်းဝတ်ရုံတွေ ဝတ်ထားတဲ့ ရုပ်အလောင်းတွေကိုမှ တစ်ခုတောင် မကဘူး “

“ ဒါကြီးကတော့ များလွန်းသွားပြီဟေ့။ ဒီလောက်ကြီးတဲ့ ပုံးကြီးထဲမှာ၊ အရုပ်တွေမှာလည်း ပစ္စည်းတွေ ချိတ်ထားသေးတာ ”

ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပွက်ပွက်ညံသွားသည်။ ရက်စက်ကြမ်းတမ်းသည့် အရိပ်အယောင်များ ထင်ဟပ်နေသော မျက်လုံးပြူးကြီးများဖြင့် ခေါင်းတစ်ခေါင်းက ဓားကျိုးတောင်ထိပ်၏ အစွန်အဖျားနားတွင် တိတ်တဆိတ် ပေါ်လာကြောင်း မည်သူမျှ သတိမထားမိကြပေ။ ၎င်းမှာ လမ်းခွဆုံမှ ကြောက်စရာ ပုံရိပ်ပိုင်ရှင် ဖြစ်သည်။

သူက ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည့် အရပ်ကို စိုက်ကြည့်နေသည်။ တဖြည်းဖြည်းနှင့် ၎င်း၏ ရက်စက်ကြမ်းကြုတ်သည့် အမူအရာမှာ တုန်လှုပ်ချောက်ချားစရာ ကောင်းလာပြီး မသေချာမရေရာသည့် ပုံစံလည်း ပေါက်နေသည်။ အချိန်အတော်ကြီး ကြာသွားပြီးမှသာ ၎င်းက နောက်ပြန်ဆုတ်သွားလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset