Switch Mode

အခန်း (၁၁၆ )

အတုကြီးလား

ဝမ်ပေါင်လဲ့က သဘောကောင်းပေးချင်သော်လည်း ဤလူများက သူ့ကို သတိမေ့သွားအောင် လုပ်ချင်ရုံမက တုံးလုံးပါ ချွတ်ပစ်ချင်နေကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ သူ၏ ကျစ်လျစ်တောင့်တင်းသော ခန္ဓာကိုယ်ကို လူအများ မြင်သာအောင် ဖော်ပြရန် ဖြစ်ပြီး ထိုသို့ ဖော်ပြရန် ဝမ်ပေါင်လဲ့ အနေဖြင့် လျစ်လျူရှုမထားနိုင်ပေ။ယင်းက သူ လုံးဝ လက်မခံနိုင်သည့် ကိစ္စရပ် ဖြစ်သည်။

ဝမ်ပေါင်လဲ့က ထိုသို့ တွေးမိပြီး ပို၍ ဒေါသထွက်လာသည်။ ထို့ကြောင့် သူက အမြန်လှည့်လာကာ တဟုန်ထိုး ပြေးသွားသည်။ ခေတ္တကြာလျှင် အော်ဟစ်သံများ ကြားလိုက်ရပြီး သံလိုက်စက်ကွင်း ကောင်းမှုကြောင့် လွတ်သွားသည့် နှစ်ယောက်မှ လွဲ၍ ကျန်လူအားလုံး ဝမ်ပေါင်လဲ့၏ ထိုးနှက်ချက် ခံရပြီး သတိမေ့မြောသွားကြသည်။ သတိလစ်သွားသည့်လူများ‌ပေါ်သို့ အရုပ်များ ပစ်တင်လိုက်ပြီး ဝမ်ပေါင်လဲ့က သူတို့ကို ကြိုးချည်ထားလိုက်သည်။

ထို့နောက် ဝမ်ပေါင်လဲ့က အင်္ကျီကို လက်ဖြင့် ပွတ်သုတ်လိုက်ပြီး အရုပ်များ ဖက်တွယ်လျက်သားဖြင့် သံလိုက်စက်ကွင်း ဆွဲအားကြောင့် ပျံသန်းထွက်သွားသူများကို ဝမ်း‌မြောက်ဝမ်းသာ ကြည့်နေသည်။

“ ငါ့လောက် ကြင်နာ သဘောကောင်းတာ ငါပဲရှိတယ်။ သူတို့ သတိလစ်သွားတာ တွေ့လို့ ငါက အရုပ်တွေ သုံးပြီး လိုက်ပို့ပေးတာလေ “
ဝမ်ပေါင်လဲ့မှာ စိတ်တက်ကြွ ပျော်မြူးနေသည်။ သူက အခြားလူများ ဓားကျိုးတောင်ထဲမှ ရှာဖွေတွေ့ရှိခဲ့သော အရာအားလုံးကို စုဆောင်းကာ သူ့လက်ဆွဲပုံးထဲသို့ ထည့်လိုက်သည်။ ပစ္စည်းများမှာ များလွန်းလှသဖြင့် သိမ်းဆည်းရန် ခက်နေသောကြောင့် ဝမ်ပေါင်လဲ့က အကြံရကာ ကျန်အရုပ်များကို အသက်သွင်းပြီး အရုပ်တိုင်းတွင် ပစ္စည်းများ ချည်ထားလိုက်သည်။ ထိုသို့ဖြင့် သူသည် စိတ်ကျေနပ်သွားသည်။

“ ထူးဆန်းလိုက်တာ … ငါက ဘာလို့ အထုတ်မခံရသေးတာပါလိမ့်… “
ဝမ်‌ပေါင်လဲ့က သူ၏ ကျင့်ကြံခြင်းကို အာရုံခံကြည့်ရာ ထုတ်ပယ်ခံရမည့် ခံစားချက် ဖြစ်မလာသေးပေ။ ထိုအကြောင်းကို တွေးကြည့်ပြီး ယစ်ပလ္လင်ဆီသို့ မော့ကြည့်လိုက်သည်။

“ ငါ သွားကြည့်လိုက်ရမလား… “
ဝမ်ပေါင်လဲ့သည် ယစ်ပလ္လင်ပေါ်မှ အပြာရောင် လှံရှည်ကို ကြည့်လိုက်စဉ် သူ့မျက်လုံးများ ဝင်းလက်သွားသည်။ ယုတ္တိတန်တန် စဉ်းစားကြည့်လျှင် သူသည် အန္တရာယ်များသည့် နေရာတစ်ခုတွင် ရောက်ရှိနေပြီး သူ့ကျင့်ကြံခြင်းမှာလည်း မလုံလောက်သေးပေ။ သို့သော် သူက ကံကြမ္မာကို စမ်းကြည့်ချင်သေးသည်။ ထို့ကြောင့် သူက ရှေ့သို့ တိုးသွားကာ မန္တန် အစီအရင်လမ်းကြောင်းဘေးတွင် ရပ်လိုက်သည်။

ဝမ်ပေါင်လဲ့မှာ အနားသို့ ကပ်မသွားရဲပေ။ ထိုအစား ခေါင်းငုံ့ကာ ငါးပေအကျယ်ရှိသည့် လမ်းကြောင်းကို ကြည့်ကာ ရပ်နေရင်း မျှော်လင့်တကြီးဖြင့် ညာလက်ကို မြှောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့က ပေါက်ကွဲထွက်လာပြီး မန္တာန်အစီအရင်အတွင်းမှ ယစ်ပလ္လင်ပေါ်ရှိ အပြာရောင်လှံတံကို ဆွဲယူရန် စုပ်အားကို ထိုနေရာသို့ ဦးတည်ပျံ့နှံ့သွားစေသည်။

ထိုစုပ်အားက မန္တာန်အစီအရင်အတွင်းမှ ကျောက်တုံး အများအပြားကို လေထဲသို့ ‌မြောက်တက်သွားစေသည်။ ယစ်ပလ္လင်ပေါ်မှ သင်္ကေတများက သုံး၊လေးကြိမ် လင်းလက်သွားသော်လည်း ထိပ်ဆုံးမှ အပြာရောင်လှံရှည်နှင့် ရုပ်အလောင်းလေးလောင်းတို့မှာ နေမြဲတိုင်း မလှုပ်မယှက် လေထဲတွင် ရှိနေဆဲ ဖြစ်သည်။

ဤနည်းလမ်းမှာ အလုပ်ဖြစ်သော်လည်း အပြာရောင် လှံရှည်ကို သက်ရောက်မှု မရှိသောကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ် အားမလို အားမရ ဖြစ်သွားသည်။ သူက မျက်လုံးပြူးကာ ကျယ်လောင်စွာ အော်ဟစ်၍ သူ့ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့ကို အစွမ်းကုန် ထုတ်သုံးလိုက်သည်။ စုပ်အားမှာ ဆတိုး မြင့်တက်လာပြီး ကျယ်လောင်စွာ ပေါက်ကွဲသံတစ်သံ အတူတကွ ပေါ်ထွက်လာသည်။ တခဏအတွင်း မန္တန်အစီအရင်လမ်းကြောင်းဘေး၌ ဟာရီကိန်းမုန်တိုင်းတစ်ခု ပေါ်လာသည့်အလား ထင်ရသည်။ သူ့ဆီသို့ ရောက်လာသည့် ကျောက်တုံးအပိုင်းအစများ ပိုမိုများပြားလာပြီး ယစ်ပလ္လင်ထက်တွင် တရားကျင့်ကြံနေသည့် ရုပ်အလောင်းလေးလောင်းမှာလည်း စုပ်အား၏ လွှမ်းမိုးမှုကြောင့် ဝမ်ပေါင်လဲ့ဆီသို့ အနည်းငယ် ရွေ့လျားလာကြသည်။

တစ်ခုတည်းသော ပြဿနာမှာ ဝမ်ပေါင်လဲ့က မျက်နှာများ နီရဲကာ အစွမ်းကုန် ထုတ်သုံးသည့်တိုင် အပြာရောင် လှံရှည်မှာ တုပ်တုပ်မျှမလှုပ်ဘဲ ကျန်နေဆဲ ဖြစ်သည်။

“ သောက်ခွေးတဲ့မှပဲ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားလာသည်။ သူက မန္တန်အစီအရင်လမ်းကြောင်းပေါ်သို့ တက်နင်းကာ အနီးကပ်အနေအထားမှ လှံတံကို ဆွဲယူချင်သော်လည်း သူ့ကိုယ်သူ အတင်း တားနေရသည်။ သူ့ရှေ့မှ မန္တန်အစီအရင်လမ်းကြောင်းကို ကြည့်ကာ အရုပ်တစ်ရုပ် ထုတ်လိုက်ပြီး မန္တန်အစီအရင် အနားသတ်ဘောင်ဆီသို့ လျှောက်ရန် စေခိုင်းလိုက်သည်။ အရုပ်မှာ လေထဲသို့ ပျံတက်ကာ မန္တာန်အစီအရင် လမ်း‌ကြောင်းထဲသို့ ခုန်ဝင်ရန် ပြင်လိုက်သည်။

ထိုအခိုက်အတန့်၌ မန္တန်အစီအရင် လမ်းကြောင်းမှ မျက်စိကျိန်းလောက်သည့် အလင်းတစ်ခု ထွက်လာပြီး ကြောက်စရာကောင်းစွာ အရုပ်ပေါ်သို့ ဝုန်းခနဲ အသံနှင့် အတူ တည့်တည့် ကျသွားသည်။

အရုပ်မှာ တမုဟုတ်ချင်း ကြေမွပျက်စီးကာ အငွေ့အဖြစ် ပြောင်းသွားသည်။ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ကျောချမ်းကာ ကြက်သီးထသွားပြီး သက်ပြင်းရှည်ချလိုက်သည်။

“ အန္တရာယ်များလိုက်တာ ”
ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ တဒုတ်ဒုတ်ခုန်နေသည်။ တခဏအကြာတွင် သူသာ လက်လျှော့လိုက်ပါက နှမြောစရာကောင်းကြောင်း တွေးမိပြီး မျက်လုံးများ အရောင်လက်လာပြန်သည်။ ထို့ကြောင့် သူက တွေးကြည့်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ဤနေရာတစ်ဝိုက်တွင် သူမှ လွဲ၍ မည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက် တင်ပျဉ်ခွေထိုင်ချကာ စောင့်နေလိုက်သည်။

အချိန်တရွေ့ရွေ့ကုန်ဆုံးသွားပြီး ငါးမိနစ်အကြာတွင် သံလိုက်စက်ကွင်းများက ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။ အားများ တစ်ခုနှင့် တစ်ခု အပြိုင်ဆွဲနေကြစဉ် ဝမ်ပေါင်လဲ့က တွေဝေခြင်းမရှိဘဲ သူ၏ ထူးဆန်းသော မျက်နှာဖုံးကို ထုတ်လိုက်သည်။

“ ငါ စွန့်စားကြည့်ရမှာပဲ ”

မျက်နှာဖုံးပေါ်လာသည့် အခိုက်အတန့်၌ ထိုနေရာတစ်ခုလုံးကို မြူခိုးများ ဖုံးလွှမ်းသွားပြီး ကမ္ဘာမြေကြီးကို လှုပ်ခတ်နေသည့်အလား မငြိမ်မသက် ဖြစ်နေသည့် အသံလှိုင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။

မျက်နှာဖုံးထွက်လာပြီးနောက် ဘေးပတ်လည်မှ မြူခိုးများက ရုန့်ရင်းဆန်ခတ် ဖြစ်လာသည်။ တစ်ခါတရံတွင် ရှေ့သို့ တိုးနေပြီး ရံဖန်ရံခါ နောက်ဆုတ်ကာ ၎င်းမျက်နှာဖုံးထဲ၌ ရက်စက်ကြမ်းတမ်းသည့် သားရဲတစ်ကောင် ရှိနေသည့်အလား ရုန်းကန်လှုပ်ရှား အော်ဟစ်နေသည်။

နားကွဲလောက်သည့် အသံကြီးတစ်သံ အဘက်ဘက်သို့ ပျံ့နှံ့သွားပြီး မြေပြင်မှာ ပြင်းထန်စွာ လှုပ်ရှားသွားသည်။ ထို့ပြင် မန္တန်အစီအရင် လမ်းကြောင်း၌လည်း အက်ကွဲရာများ ပေါ်လာသည်။ ကျောက်တုံးအပိုင်းအစများ ဆက်တိုက်ကျလာပြီး မြေပြင်တစ်ခုလုံး အက်ကွဲသွားတော့မည့်အလား ထင်ရသည်။

ပြောင်းလဲမှုမှာ ကြီးမားလှသည်။

ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ကာ ယိုင်တိယိုင်ထိုး ရပ်နေရပြီး နှလုံးခုန်နှုန်း မြန်လာသောကြောင့် နောက်ဆုတ်လိုက်ရသည်။ မျက်နှာဖုံး ထုတ်လိုက်ရသည့် ရည်ရွယ်ချက်မှာ ဤနေရာ၌ ပြောင်းလဲမှုများ ဖြစ်စေကာ သူ့အတွက် အခွင့်အရေး ရနိုင်မလား စမ်းကြည့်ရန် ဖြစ်သည်။

သူ့မျက်စိရှေ့မှ လွန်ကဲစွာ ဖြစ်ပျက်သွားသည့် အပြောင်းအလဲများကြောင့် သူ အနည်းငယ် နောင်တရနေသော်လည်း အပြာရောင် လှံရှည်အကြောင်း တွေးမိသောအခါ မျက်လုံးထဲတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်လာပြီး ပို၍ စိတ်ဓာတ်ခိုင်မာသွားသည်။

“ အနာခံမှအသာစံရတာပဲ… နောက်ပြီး အရမ်း အန္တရာယ်များလာရင် ငါ သံလိုက်စက်ကွင်းကို ခုခံမနေတော့ဘဲ ထွက်သွားလိုက်မှာပေါ့… “

ထိုသို့ စဉ်းစားပြီးနောက် ဝမ်ပေါင်လဲ့က ကျန်နေသည့် အရုပ်လေးဆယ်ခန့်ကို ထုတ်ပြီး မန္တန်လမ်းကြောင်းဆီ သွားရန် ထိန်းချုပ်လိုက်သည်။

ဤတစ်ကြိမ်တွင် မျက်စိကျိန်းလောက်သည့် အလင်းတန်းတစ်တန်း မန္တာန်အစီအရင် လမ်းကြောင်းမှ ထွက်ပေါ်လာနေသော်လည်း ဘေးမှ မြူခိုးများ ပို၍ ပြင်းထန်စွာ လှုပ်ရှားလာသည်။ မြေပြင်တုန်ခါခြင်းကြောင့်လည်း အလင်းတန်းမှာ အနည်းငယ် လမ်းကြောင်းပြောင်းသွားသည်။ အရုပ်လေးဆယ်နီးပါး ပျက်စီးသွားသော်လည်း နှစ်ရုပ်မှာ အလင်းနံရံကို အောင်မြင်စွာ ဖြတ်သန်းပြီး မန္တန်အစီအရင်ထဲသို့ ရောက်သွားသည်။

ထိုအရုပ်နှစ်ရုပ် မန္တာန်အစီအရင် ထဲသို့ ရောက်သွားချိန်၌ ဝမ်ပေါင်လဲ့က အမြန်ပြေးသွားပြီး သူ့ကို ဝိညာဉ်အမျှင်တန်းများက အရှိန်တင်ပေးထားသည်။ ဝမ်ပေါင်လဲ့က မြေပြင်ပေါ်မှ အရုပ်နှစ်ရုပ်နောက်သို့ ဘေးကင်းစွာ ကပ်လိုက်ရင်း မန္တာန်အစီအရင်ကို ဖြတ်သန်းကာ အထဲသို့ ရောက်သွားသည်။

သူ ရောက်သွားသောအခါ သူ၏နှလုံးခုန်နှုန်းမှာ သိသာစွာ မြန်ဆန်လာပြီး အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။

“ ငါ ရောက်လာပြီကွ ”

ဝမ်ပေါင်လဲ့မှာ အားရကျေနပ်ကာ သူနှင့် မလှမ်းမကမ်းမှ လှေကားထစ်ပုံစံ ယစ်ပလ္လင်ကို မော့ကြည့်လိုက်ပြီး မျက်လုံးများလက်လာသည်။ သူ့ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့ ထပ်မံအသက်ဝင်လာပြီး စုပ်အားထွက်လာပြန်သည်။ ဤတစ်ကြိမ်တွင် ရုပ်အလောင်းလေးလောင်း ရွေ့လျားသွားသည့် အကွာအဝေးမှာ မြင်သာထင်သာ တိုးတက်လာသော်လည်း အပြာရောင် လှံရှည်မှာ နေရာတွင် ရှိနေဆဲ ဖြစ်သည်။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်သွားပြီး အကွာအဝေးကို ခန့်မှန်းချေ တွက်ချက်လိုက်ပြီးနောက် အံကြိတ်ကာ နောက်တစ်ကြိမ် ထပ်မံ ဆွဲယူရန် ပြင်လိုက်သည်။ သူ့ဘေးမှ အရုပ်နှစ်ရုပ်ကို စမ်းသပ်ပစ္စည်းများအဖြစ် အသုံးပြုကာ ထိန်းချုပ်ကြည့်လိုက်သည်။

အန္တရာယ်ကင်းကြောင်း အတည်ပြုပြီးနောက် သူက နောက်မှ ကပ်လိုက်ကာ မကြာခင် အရုပ်နှစ်ရုပ်နှင့်အတူ နီးကပ်လာသည်။ ယစ်ပလ္လင်၏ လှေကားထစ်များပေါ်မှ မရေမတွက်နိုင်သည့် သင်္ကေတများ၊ ကမ္ဗည်းစာများမှာ ဝင်းလက်နေသောကြောင့် သူ ရှေ့ဆက်မတိုးရဲတော့ပေ။ အထူးသဖြင့် သူ ထိန်းချုပ်နေသည့် အရုပ်တစ်ရုပ်ကို ယစ်ပလ္လင်ပေါ် ခုန်တက်ခိုင်းလိုက်ရာ ၎င်းအရုပ်မှာ အလင်းကြောင့် ချက်ချင်း ကြေမွ ပျက်စီးသွားသည်။ ထိုအခြင်းအရာကြောင့် သူ ထိတ်ခနဲ ဖြစ်သွားသည်။

“ ငါ ရှေ့ဆက်တိုးလို့ မရတော့ဘူး ”

ဝမ်ပေါင်လဲ့မှာ တိတ်ဆိတ်စွာဖြင့် နောက်ဆုံးအရုပ်ကို လေထဲသို့ ခုန်ခိုင်းလိုက်သည်။ မျက်တောင်မခတ် ကြည့်နေဆဲမှာပင် အရုပ်သည် ပေငါးဆယ် အမြင့်သို့ ခုန်တက်လိုက်သည်နှင့် အလားတူ ပျက်စီး ကြေမွသွားကြောင်း တွေ့လိုက်ရသည်။

ဝမ်ပေါင်လဲ့မှာ ရှုံ့တွနေသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ သံလိုက်အားနှင့် ဆွဲငင်အားတို့မှာ ပိုမို အားကောင်းလာကြောင်း ခံစားလိုက်ရပြီး အချိန်များများ မကျန်တော့ကြောင်း သိလိုက်ရသည်။ သူက ခေါင်းမော့ကာ ယစ်ပလ္လင်ထက်မှ အပြာရောင် လှံရှည်ကို ကြည့်လိုက်ပြီး မျက်လုံးများ မှေးကာ ငုတ်တုပ်ထိုင်ချလိုက်သည်။

တခဏကြာပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ ကျန်နေသည့် စွမ်းအင်ကို သုံးကာ မြေပြင်ပေါ်သို့ ဆောင့်နင်းပြီး ကြုံးဝါးလိုက်သည်။ သူ့ခန္ဓာကိုယ်မှာလည်း လေထဲသို့ ချက်ချင်း ခုန်တက်သွားပြီး စွမ်းအားကို ထိန်းချုပ်ကာ ဓါးပျံတစ်လက်ကို ထုတ်လိုက်ပြီး ပေငါးဆယ် အမြင့်၌ သူ့ခြေထောက်အောက်သို့ ထည့်လိုက်သည်။

ရှေး‌ဟောင်းသိုင်းအဆင့်မှ လူများမှာ လေထဲတွင် မရပ်နိုင်ပေ။ သို့ရာတွင် အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ဓမ္မအဆောင် အကူအညီဖြင့် ခဏရပ်နိုင်သည်။ ယခု ဝမ်ပေါင်လဲ့က ထိုကဲ့သို့ ရပ်နေခြင်း ဖြစ်သည်။ ဓါးပျံပေါ်တွင် ရပ်ထားပြီး ဝါးမျိုခြင်းသစ်စေ့ကို အပြည့်အဝ ထုတ်သုံးကာ အပြာရောင် လှံရှည်ကို တိုက်ရိုက် ဆွဲယူလိုက်သည်။

“ ငါ့ဆီ လာစမ်း ”

ဝုန်းခနဲ အသံနှင့်အတူ ပြင်းထန်လှသည့် စုပ်အားကြောင့် ရုပ်အလောင်းလေးလောင်းမှာ ဝမ်ပေါင်လဲ့ဆီသို့ ရောက်လာသည်။ သို့ရာတွင် အပြာရောင် လှံရှည်မှာမူ အနည်းငယ်သာ ရွေ့သွားပြီး ဝမ်ပေါင်လဲ့ဆီသို့ ရောက်မလာပေ။ ထိုအစား ပုံစံ ပျက်လာပြီး ကြည်လင်ဝင်းပသွားကာ အလိုလို ဖျက်ဆီးပစ်မည့် အရိပ်အ‌ယောင်များ ပေါ်လာသည်။

“ ဘာတွေ ဖြစ်နေတာလဲ…”
ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားသည်။ လျင်မြန်စွာပင် သူ့မျက်စိရှေ့၌ လှံရှည်က ပိုပြီး ကြည်လင်လာသည်။ နောက်ဆုံးတွင် ပုံစံပျက်သွားသည့်အလား အလင်းအလျင်ဖြင့် ‌ကွယ်ပျောက်သွားသည်။

အပြာရောင် လှံရှည်မှာ ပုံရိပ်ယောင်တစ်ခု ဖြစ်နေခဲ့သည့်အလား ထင်ရသည်။ ဝမ်ပေါင်လဲ့၏ စုပ်အားမှာ မတည်မငြိမ်ဖြစ်လာပြီး ပျောက်သွားသည်။

“ အစစ်မဟုတ်ဘူးလား”
ဝမ်ပေါင်လဲ့က မျက်လုံးများ ပွတ်သပ်ကာ အရာရာကို သေချာစွာ အနီးကပ်ကြည့်လိုက်လျှင် ကြက်သေသေသွားသည်။

“ သေလိုက်ပါတော့။ ငါ ဒီလောက် အားထုတ်ထားရတာ။ အတုဖြစ်နေတာတဲ့လား၊ ဒီနေရာမှာ လှံတံအတုထားတာက လိမ်လည်မှုပဲ။ ခင်ဗျားတို့ ဝဋ်လည်ကြမှာ ”
ဝမ်ပေါင်လဲ့က ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး ခန္ဓာကိုယ်ကလည်း အောက်သို့ လျှောကျလာသည်။

သို့ရာတွင် မြေပြင်သို့ ခြေချမိလျှင် လှံရှည် ပျောက်ကွယ်သွားသည့်နေရာမှ အပြာရောင် ပုတီးစေ့လုံးတစ်လုံးက ဝမ်ပေါင်လဲ့ဆီ တည့်တည့်ကြီး ပျံသန်းလာသည်။

ဝမ်ပေါင်လဲ့၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ပုတီးစေ့လုံးကို ဖမ်းယူလိုက်ပြီးနောက် ပြေးဝင်လာသည့် သက်ရောက်အားကြောင့် ဝမ်ပေါင်လဲ့မှာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။ တချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသည့် သံလိုက်စက်ကွင်းမှာလည်း ပိုမိုအားကောင်းလာပြီး သူ့ခန္ဓာကိုယ်ကို နောက်သို့ လျင်မြန်စွာ ဆွဲယူသွားသည်။

“ ဒီပုတီးစေ့ကိုပဲ ယူရတော့မှာပဲ ”
ဝမ်ပေါင်လဲ့မှာ အလွန်အမင်း အံ့အားသင့်သွားသည်။ သံလိုက်စက်ကွင်းကြောင့် နောက်သို့ ဆွဲယူခြင်း ခံနေရသည်ကို တွေ့ပြီး ချက်ချင်းပင် ဝါးမျိုခြင်းသစ်စေ့ကို ထုတ်လွှတ်ကာ ရုပ်အလောင်းလေးလောင်းကို သူနှင့်အတူ နောက်သို့ ဆွဲယူလိုက်သည်။

“ အပြန်လမ်းတော့ လှပြီ ”
ဝမ်ပေါင်လဲ့မှာ ရွှင်မြူးနေချိန် သူ့ခန္ဓာကိုယ်မှာ မန္တာန်အစီအရင် လမ်းကြောင်း အပေါ်ဘက်လေဟာနယ်ထဲသို့ ဆွဲယူခံလိုက်ရသည်။ သူသည် စိတ်ပူပန်နေသော်လည်း ပုတီးစေ့ကြောင့်လား၊ သူ့ကို ကာကွယ်ပေးနေသည့် ရုပ်အလောင်းများကြောင့်လားမသိ မန္တန်လမ်းကြောင်းကို ဖြတ်လာနိုင်ခဲ့သည်။

ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်ပြီး ဝါးမျိုခြင်းသစ်စေ့ကို သုံးကာ နောက်တစ်ကြိမ် စုပ်အား ထုတ်လွှတ်၍ လက်ဆွဲပုံးနှင့် သူ့ရတနာများကို သူ့ဆီ ဆွဲယူလိုက်သည်။

သို့သော် ထိုအခိုက် မူမမှန်သည့် အခြင်းအရာတစ်ခု ဖြစ်ပျက်သွားသည်။

Comment

Leave a Reply

Options

not work with dark mode
Reset