ရုပ်အလောင်းအား ကျောက်ယမုန့် သယ်သွားသည်ကို တွေ့လိုက်ရပြီး ဝမ်ပေါင်လဲ့မှာ စိတ်ကျေနပ်သွားသည်။ အလောင်းကို လက်ဝယ်ရရှိသွားသူမှာ ကျောက်ယမုန့်ဖြစ်သော်လည်း ဝမ်ပေါင်လဲ့က တာအိုကျောင်း၏ တန်းတူညီမျှရှိမှုကို ယုံကြည်သည်။
ထို့အပြင် ကျောက်ယမုန့်၏ တည်ကြည်မှုကြောင့် သူ့အားထုတ်မှုများမှာ အလဟဿ မဖြစ်သွားနိုင်ပေ။
ဝမ်ပေါင်လဲ့သာ အရေးကြီးနေသည့် အခိုက်အတန့်တွင် ရောက်မလာခဲ့ပါက ရုပ်အလောင်းကို တခြားလူများက ယူသွားမည် ဖြစ်သည်။ ယခု သူသည် ထပ်နေရန် အချိန်ရှိသေးသည့်အပြင် ကိစ္စအကြီးကြီးတစ်ခု လုပ်လိုက်နိုင်သောကြောင့် ဝမ်းသာအားရ ဖြစ်နေသည်။ အခြားသူများကို လှည့်ကြည့်လိုက်မိသည့်အချိန်တွင် အံ့ဩထိတ်လန့်သွားပြီး မျက်လုံးများ မှေးသွားသည်။
သူတို့အားလုံး၏ မျက်လုံးများထဲတွင် ဒေါသမီးတောက်များ ဟုန်းဟုန်းထနေသည်ကို မြင်နေရပြီး တစ်ယောက်မှ ရင်းနှီးဖော်ရွေသည့် အရိပ်အယောင်မပြပေ။
“ အဲ …”
ဝမ်ပေါင်လဲ့က ချောင်းဟန့်ကာ စကားစလိုက်သည်။
“ ကျုပ် အလောတကြီးနဲ့ ရောက်လာရလို့ ဘယ်သူ့ကိုမှ နှုတ်ဆက်ဖို့ အချိန်မရလိုက်ဘူး။ ဒီမှာ ရှိတဲ့သူအကုန်လုံးကတော့ ကျုပ်ကို မသိလောက်ဘူး ထင်တယ်။ အဲဒီတော့ ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်မယ်။ ကျုပ်က ဝမ်ပေါင်လဲ့ပါ ”
သူက ပြောရင်းနှင့် ရှေ့သို့တိုးလာကာ သူ ဖျက်ဆီးပစ်လိုက်သည့် ဒိုင်းကာပိုင်ရှင် လူထွားကြီးကို ထူပေးလိုက်သည်။
ထိုလူထွားကြီးက ဝမ်ပေါင်လဲ့ကို စိတ်ဆိုးမာန်ဆိုးဖြင့် စိုက်ကြည့်ကာ လက်ကို ရုန်းလိုက်သည်။
“ အားလုံးက ကိုယ့်ကျောင်းကို သစ္စာရှိကြတာပဲလေ။ ကျုပ်ကလည်း ထာဝရတာအိုကျောင်းကဆိုတော့ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုလုပ်ပြီး မကူညီဘဲ နေနိုင်မှာလဲ။ အဲဒါကြောင့် ကျုပ်ကို ဒီလောက် ဒေါသတကြီး ကြည့်စရာမလိုဘူး ထင်တာပဲ။ ဟုတ်တယ်မလား။ နောက်ပြီး မင်းတို့ အားလုံးကို ငါ အစွမ်းကုန်ထုတ်ပြီး တိုက်ရသေးတာ မဟုတ်ဘူး။ အဲဒါကို ဘာလို့ အဲဒီလောက် ဒေါသထွက်နေကြတာလဲ”
ဝမ်ပေါင်လဲ့က သက်ပြင်းချကာ ကျန်လူများကို ကြည့်လိုက်သည်။
ထိုအချိန်တွင် ကျောင်းသားအားလုံးက အရုပ်များလက်မှ လွတ်အောင် ရုန်းလိုက်ကြပြီး ဖြစ်သည်။ အရုပ်များမှာ ရှေးဟောင်းသိုင်းအဆင့် ရှိကြပြီး အာနာပါနအဆင့် ပညာရှင်များအနေဖြင့် အချုပ်ခံရသည့်တိုင် လျင်မြန်စွာ ဖယ်ရှားနိုင်သည်။
သူတို့သည် လွတ်အောင် ရုန်းပြီးသည့်တိုင် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ လီယီ၊ ဝူဖန်နှင့် မျက်နှာမည်းလူငယ်တို့မှာ ထူးခြားစွာ တည်ငြိမ်နေကြသည်။
သူတို့သည် ဝမ်ပေါင်လဲ့ကို ရန်သူတော်ကြီးအဖြစ် မှတ်မိနေသည်။ သူနှင့် တိုက်ခိုက်သည့် အကြိမ်တိုင်း အရှုံးပေးခဲ့ရသည်။ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်စဉ် ဝမ်ပေါင်လဲ့ကို ပြင်းပြင်းပြပြ လက်စားချေချင်စိတ်ပေါ်နေသည်ကို သူတို့ သတိပြုမိလိုက်သည်။ ထိုဆန္ဒမှာ မဖြစ်မြောက်ခဲ့ပါက ထိန်းမရနိုင်အောင် ပေါက်ကွဲထွက်လာမည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာလည်း သတိကြီးကြီးထားလိုက်သည်။ အပေါ်ယံတွင်မူ သူက သက်ပြင်းချကာ ကျိုးပဲ့သွားသည့် အရုပ်များကို ပြန်သိမ်းလိုက်သည်။
အရုပ်များ သိမ်းပြီးနောက် လီယီနှင့် အခြားလူများမှာ သူ့ကို ဒေါသတကြီး ကြည့်နေဆဲ ဖြစ်ကြောင်း ဝမ်ပေါင်လဲ့ သတိထားမိသွားပြီး သူတို့ဘက်သို့ လှည့်ကြည့်လိုက်သည်။
“ အားလုံးပဲ … ငါ တကယ် ဘာလုပ်နိုင်မလဲဆိုတာ သိချင်ရင် တိုက်ကြည့်လိုက်၊ ဒါပေမဲ့ အရင်ဆုံး ဆွေးနွေးညှိနှိုင်းကြည့်ရအောင်ပါ။ ငါ့ကို အကုန်လုံးက အဲဒီလိုကြီး မကြည့်ကြပါနဲ့လား။ ငါ ရုပ်ချောတာ သိပေမဲ့ အားလုံးက စိုက်ကြည့်နေတော့ ရှက်တယ်ဟ ”
ဝမ်ပေါင်လဲ့က ခေါင်းငုံ့ကာ ရှက်ရွံ့ဟန်ဖြင့် ပြောလိုက်သည်။
သူပြောလိုက်သည့် အခိုက်အတန့်တွင် အားလုံးမှာ မျက်နှာများ ရှုံ့မဲ့သွားကြသည်။ လီယီက သူမရှေ့မှ ဤဖက်တီး၏ မျက်နှာပြောင်ပုံ၊ အမြင်ကပ်စရာ ကောင်းပုံကို တွေးမိကာ မျက်စောင်းထိုးပြီး အံကြိတ်လိုက်သည်။
“ လက်သီးနဲ့ ထိုးကြစမ်း။ သူ့ကို သတိလစ်သွားအောင် လုပ်ပြီး ကိုယ်တုံးလုံး ချွတ်ပစ်ရအောင်။ ဒါမှ သူ ဒီက ထွက်ရင် အရှက်ရမှာ ”
လီယီက လေထဲသို့ ခုန်တက်ကာ ပြောလိုက်သည်။ သဘာဝ မီးဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် သူမသည် အာနာပါနအဆင့်သို့ တက်လှမ်းပြီးနောက်ပိုင်း မန္တာန်များ မလေ့လာရသေးသော်လည်း ရှေ့တိုးလိုက်သည်နှင့် ခန္ဓာကိုယ်ထဲမှ မီးလျှံများ ထွက်လာသည်။ ယင်းက မီးပင်လယ်ကဲ့သို့ မပျံ့သွားသော်လည်း သူမကို ဝန်းရံ ရစ်ပတ်ထားသည်။
သူမ တိုက်ခိုက်လိုက်သည်နှင့် ခန္ဓာကိုယ် အလယ်ဗဟိုမှ မီးလုံးတစ်လုံး ဝမ်ပေါင်လဲ့ဆီသို့ တည့်တည့်ကြီး ပြေးဝင်သွားသည်။ လေထုပါ မီးစွဲသွားသည့်အလား ဖြစ်သွား၍ ဝမ်ပေါင်လဲ့မှာ အတော်လေး မှင်သက်သွားရသည်။ အပူလှိုင်းမှာ ဝမ်ပေါင်လဲ့ဆီသို့ ကြောက်မက်ဖွယ် လျင်မြန်စွာ တလိမ့်လိမ့်တက်လာနေသည်။
လီယီက ခုန်ထွက်လိုက်စဉ် မျက်နှာမည်းလူငယ်မှာလည်း မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
“ ကောင်းပြီလေ။ ဒီအကြံ မဆိုးဘူး”
သူသည် အကြံကောင်းဟု ခံစားရသဖြင့် သံလိုက်ပေါ်သို့ ဖိလိုက်သည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အားတစ်ခု အဘက်ဘက်မှ ပေါက်ကွဲထွက်လာပြီး မန္တန်အစီအရင် အချုပ်အနှောင်များ အထပ်ထပ်ပေါ်လာပြီး ဝမ်ပေါင်လဲ့ကို ဦးတည်ကာ ကောင်းကင်နှင့် ကမ္ဘာမြေကို ဖုံးလွှမ်းသွားသည်။
ဝူဖန်အတွက် လီယီ၏ စိတ်သဘောထားမှာ ရက်စက်ကြမ်းတမ်းလှသည်ဟု ခံစားရသော်လည်း သူက ထိုအကြံကို သဘောတူကာ ချက်ချင်းပင် ဆေးလုံးလေးလုံး ထုတ်လိုက်သည်။
အမှန်တွင် ဤဆေးလုံးများမှာ သူ၏ အားသာချက်ဖြစ်သည်။ ယခင်က သူထုတ်ပြခဲ့သည့် သွေးချီပညာရပ်မှာ ဤဆေးလုံးများကို မျိုချပြီးနောက် ဖြစ်လာသည့် ရလဒ်တစ်ခု ဖြစ်သည်။ ယခု ဝမ်ပေါင်လဲ့ကို လက်စားချေချင်သည့် စိတ်များ အလွန်ထက်သန်နေရာ ဆေးလုံးလေးလုံးကို နှစ်ခါ မစဉ်းစားဘဲ မျိုချလိုက်သည်။
တခဏအတွင်း သူက အော်ဟစ်လိုက်ကာ သူ့အရေပြားများ နီရဲလာသည်။ သူ့နဖူးတွင်လည်း ကြောက်မက်ဖွယ် အက်ကွဲကြောင်း လေးကြောင်းပေါ်လာပြီး ချောက်ချားဖွယ် အရှိန်အဝါနှင့် ဝမ်ပေါင်လဲ့ဆီသို့ တရှိန်ထိုး ပြေးဝင်လာသည်။
သူတို့အားလုံးက သူတို့၏ ဝှက်ဖဲတိုက်ကွက်များကို ထုတ်သုံးနေကြသည်။ တချို့မှာ သူတို့ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာနေပြီ ဖြစ်သည့် သံလိုက်စက်ကွင်းကြောင့် ထုတ်ပယ်ခံရတော့မည် ဖြစ်သည့်တိုင် တိုက်ခိုက်နေကြသေးသည်။ သူတို့၏ ဒေါသမုန်တိုင်းမှာ ပြောပြ၍မရနိုင်အောင် ကြီးမားနေပြီး ဝမ်ပေါင်လဲ့ကို တုံးလုံးချွတ်ကာ အရှက်ခွဲလိုသည့် ဆန္ဒများ ပြင်းပြနေကြသည်။
“ ရက်စက်လိုက်တာ၊ လီယီ၊ မင်းက တကယ် ယုတ်မာတာပဲ”
ဝမ်ပေါင်လဲ့က အသက်ကို ပြင်းပြင်းရှူလိုက်သည်။ နောက်ဆက်တွဲ အကျိုးဆက်များမှာ ဆိုးဝါးလွန်းလှသဖြင့် စိတ်ကို လွှတ်မချရဲဘဲ သတိထားနေရသည်။ သူ့ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့ကို အသက်သွင်းလိုက်ပြီး စုပ်အားတစ်မျိုး ထုတ်လွှတ်လိုက်ရာ ထိုနေရာတစ်ခုလုံးကို ခြုံလွှမ်းကာ မန္တန်များ၊ ဓမ္မရတနာများနှင့် အပြင်ခန္ဓာများကိုပါ ဆွဲယူသွားသည်။ သူတို့၏ ချိန်မှတ်များ လွဲသွားသောကြောင့် သူတို့အားလုံးမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
သူတို့ခန္ဓာကိုယ်များက စုပ်အားကို ရုန်းကန်နေကြစဉ် ဝမ်ပေါင်လဲ့၏ ဝိညာဉ်အမျှင်တန်းများက စတင်လှုပ်ရှားလာပြီး ရှေ့သို့ တရှိန်ထိုး ပြေးသွားသည်။ သူသည် ပုံမှန် အာနာပါနအဆင့် ကျင့်ကြံသူများထက် သိသိသာသာ မြန်ဆန်နေပြီး လီယီ၏ မီးလုံးကို ရှောင်ရှားကာ မျက်နှာမည်းလူငယ်ရှေ့၌ ပေါ်လာပြီး ညာဖက်လက်အိတ်ဖြင့် ထိုးချလိုက်သည်။
“ သွားစမ်း ”
ဝမ်ပေါင်လဲ့က ကြိတ်အော်လိုက်သည်။
ဝုန်းခနဲအသံ ထွက်လာသည်။ မန္တန်အစီအရင်များကို အဓိက လေ့လာသည့် မျက်နှာမည်း လူငယ်လေးမှာ အာနာပါနအဆင့်သို့ ရောက်ပြီး ဖြစ်သော်လည်း သူ့ဗိုက်ပေါ်ကျလာသည့် ဝမ်ပေါင်လဲ့၏ လက်သီးချက်ကို မရှောင်နိုင်ပေ။ ဝမ်ပေါင်လဲ့မှာ အလွန်အစွမ်းထက်လှသောကြောင့် မျက်နှာမည်း လူငယ်လေးမှာ အရှိန်မြင့်ရထားတစ်စီးက ဝင်တိုက်လိုက်သည့်အလား ခံစားရသည်။ သူ့နှုတ်ခမ်းမှ သွေးများ စီးကျလာပြီး ခန္ဓာကိုယ်မှာ ဘေးသို့ လွင့်ထွက်ကာ သတိလစ်သွားသည်။
မြေပေါ်သို့ မကျမီမှာပင် ဝမ်ပေါင်လဲ့က သူ့လက်ကို ဝှေ့ယမ်းကာ တာအိုအလင်းဆောင်ဌာနမှ ကျောင်းသားများနှင့် တူသည့် အရုပ်သုံးရုပ်ကို လွှတ်ပြီး ရှေ့သို့တိုးကာ လူငယ်လေး၏ ခန္ဓာကိုယ်ကို တင်းကြပ်စွာ ဖက်တွယ်လိုက်ကြသည်။ ထို့နောက် ဝမ်ပေါင်လဲ့က ဘေးဘက်သို့ လှည့်ရွှေ့ပြီး သူ့ဆီ ပျံသန်းလာသည့် နတ်ဘုရားရတနာများထံမှ ရှောင်တိမ်းကာ ဝူဖန်ရှေ့သို့ ရောက်သွားသည်။ ဝူဖန်မတုံ့ပြန်နိုင်ခင် ဝမ်ပေါင်လဲ့က သူ့ကို လက်သီးဖြင့် ထိုးချလိုက်သည်။
“ မင်းလည်း သွားပေတော့ ”
ဝူဖန်မှာ မည်သို့ပင် ရုန်းကန်ပါစေ၊ သူအသုံးပြုနေသည့် နတ်ဘုရားရတနာများ အပါအဝင် အရာအားလုံး အချည်းနှီးဖြစ်သွားသည်။ ဝမ်ပေါင်လဲ့၏ လက်အိတ်စွပ် လက်သီးချက်မှာ အစွမ်းထက်လှသဖြင့် အရာအားလုံးကို တမုဟုတ်ချင်း ဖျက်ဆီးကာ ဝူဖန်၏ ဗိုက်ပေါ်ကျသွားသည်။
ဝူဖန်မှာလည်း သွေးများ အန်ထွက်ကာ သတိလစ်သွားပြီး အလားတူ အရုပ်များ၏ ဖက်တွယ်ခြင်းကို ခံလိုက်ရသည်။
အရာအားလုံး လျင်မြန်စွာ ဖြစ်ပျက်သွားပြီး ဘေးမှ လူအားလုံး ပါးစပ်အဟောင်းသား ထိတ်လန့်နေသည့် အမူအရာများဖြင့် ကြည့်နေကြသည်။ လီယီ၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းတမ်းသည့် အကြည့်တစ်ချက် ဖြတ်ပြေးသွားကာ ဝမ်ပေါင်လဲ့ဆီ ချဉ်းကပ်လာသည်။ သူမ၏ လက်တံဆိပ်တော်များကို အသက်သွင်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူမ ခန္ဓာကိုယ်တစ်ခုလုံး မီးလျှံများ ပေါက်ကွဲထွက်လာကာ ဝမ်ပေါင်လဲ့ကို ဝါးမျိုရန် ကြိုးစားနေသည့် မီးပါးစပ်ကြီး ဖြစ်သွားသည်။
“ မင်းကို ငါက ကြောက်မယ်များ ထင်နေလား”
ခေါင်းကို ချာခနဲ လှည့်ကာ ဝမ်ပေါင်လဲ့ လက်ထဲတွင် အော်လံတစ်ခု ပေါ်လာသည်။ သူက ထိုအော်လံဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ၏ ကျယ်ပြီးသား နားကွဲစေလောက်သည့် အသံကြီးမှာ လူသားမီးလုံးဖြစ်သော လီယီဆီ ဦးတည်သွားသည့် ဟာရီကိန်းမုန်တိုင်းတစ်ခုအဖြစ် ပိုမိုကျယ်လောင်စွာ မြည်ဟည်းသွားသည်။
တခဏအတွင်း မီးလုံးမှာ တွန့်လိမ်သွားပြီး ကြောက်မက်ဖွယ် အသံလှိုင်းကြောင့် ပျက်စီးကာ အော်ဟစ်ဆုတ်ခွာနေသည့် လီယီပေါ်ထွက်လာသည်။
ဝမ်းသာစွာဖြင့် ဝမ်ပေါင်လဲ့က သူမဆီ အမြန်ပြေးသွားသည်။ သူက သနားညှာတာခြင်း မရှိဘဲ လီယီကို သတိလစ်အောင် ထိုးချလိုက်ပြီး အရုပ်များပစ်လွှတ်ကာ ခေတ္တမျှ ရပ်လိုက်ပြီး ကြောက်လန့်တုန်လှုပ်နေသည့် အခြားလူများကို လှည့်ကြည့်လိုက်သည်။
“ မင်းတို့ ကျန်နေတဲ့ သူတွေ ဘာလုပ်ကြမှာလဲ”
“ ဝမ်ပေါင်လဲ့၊ မင်းက ရက်စက်လွန်းတယ်”
ကျန်သည့်လူများမှာ ချက်ချင်းပင် နောက်ဆုတ်လိုက်ကြပြီး လူထွားကြီးက ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ ဟုတ်တယ်။ မင်းကရော ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ သူတို့ကိုလည်း အရုပ်တွေနဲ့ ချုပ်ထားမှာလား”
သို့ရာတွင် သူ့စကားအဆုံး၌ သတိမေ့နေသော ဝူဖန်ကို သံလိုက်စက်ကွင်းက မြှောက်ချလိုက်သည်။ ဝူဖန်မှာ သတိလစ်နေသောကြောင့် ခုခံရန် အားမရှိဘဲ ထွက်ပေါက်ဆီသို့ ပျံသန်းသွားသည်။ မရိုးမသား အနေအထားမှ တင်းကြပ်စွာ ဖက်တွယ်ထားသည့် အရုပ်သုံးရုပ်မှာလည်း ဝူဖန်နှင့်အတူ ပါသွားသည်။
ထိုမြင်ကွင်းကြောင့် အားလုံးမှာ အံ့ဩထိတ်လန့်သွားကြသည်။ ဝမ်ပေါင်လဲ့က ချောင်းဟန့်လိုက်ပြီး မျက်နှာမည်းလူငယ်၏ ခန္ဓာကိုယ်၌ သံလိုက်စက်ကွင်း ထွက်ပေါ်လာသည်ကို သတိထားမိသောကြောင့် အင်္ကျီစကို ဖြဲကာ တစ်ခုခု ရေးလိုက်ပြီး လူငယ်လေးပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
ထို့နောက် ဝမ်ပေါင်လဲ့က ကျန်နေသည့်လူများဘက်သို့ လှည့်ကာ ထီမထင်ဟန် ပြုံးလိုက်သည်။
“ ကဲ၊ အခု ဘာလုပ်ချင်လဲဆိုတာ သိကြပြီ၊ မဟုတ်လား”
ဖြစ်ပျက်သမျှကို မျက်မြင်တွေ့ပြီးနောက် လူထွားကြီးအပါအဝင် အားလုံးမှာ အံ့အားသင့်သွားကြပြီး ပင့်သက်ရှိုက်လိုက်ကြသည်။ ဝမ်ပေါင်လဲ့၏ အစီအစဉ်မှာလည်း လီယီအကြံကဲ့သို့ ဖြစ်ကာ အရှက်တကွဲ အကျိုးနည်းစေမည်ဖြစ်သည်။ သူတို့ သတိလစ်သွားသည်နှင့် အရုပ်များက မဖွယ်မရာ အနေအထားများဖြင့် ဖက်တွယ်ကာ အပြင်သို့ ထုတ်ပယ်ခံရမည် ဖြစ်သည်။ တာအိုကျောင်းလေးကျောင်းမှ အပြင်ဘက်တွင် စောင့်နေကြသည့် လူအားလုံး သူတို့၏ အဖြစ်ကို တွေ့သွားကြမည် ဖြစ်ပြီး နာမည်ပျက်ကာ ပယ်ဖျက်မရနိုင်သည့် အစွန်းအထင်းတစ်ခု ဖြစ်သွားမည် ဖြစ်သည်။
သူတို့အားလုံးမှာ တာအိုကျောင်းအသီးသီးမှ နာမည်ကြီး ကျောင်းသားများ ဖြစ်ကြရာ သူတို့အတွက် နာမည်နှင့် ဂုဏ်သိက္ခာမှာ အရေးကြီးလှသည်။ ထို့ကြောင့် ကျန်နေသူများက ထွက်ခွာရန် စီစဉ်ကာ အမြန် လူစုခွဲလိုက်ကြသည်။
သို့ရာတွင် အရာရာမှာ နောက်ကျသွားလေပြီ။ ကံမကောင်းစွာဖြင့် ယခုတစ်ကြိမ်တွင် ဝမ်ပေါင်လဲ့က သူတို့ကို တစ်ဖန် အခဲမကျေနိုင်အောင် ဖြစ်သွားပေပြီ။
Good