ထို လှံရှည်ကြီးဆီမှ ထွက်ပေါ်နေသော အပြာရောင် အလင်းတန်းမှာ ထိုနေရာကြီးတစ်ခုလုံးကို လွှမ်းခြုံကာ အလင်းပေးထား၏။
” အဲဒါ ဘာရတနာကြီးလဲဟ ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူမိသွားပြီး စိတ်ထဲတွင် ယောက်ယက်ခတ်သွား၏။ သူသည် ဓမ္မလက်နက်ဌာန၏ ကျောင်းသားခေါင်းဆောင်ဖြစ်သောကြောင့် ဓမ္မအဆောင်များကို အာရုံခံနိုင်စွမ်းရှိသည်။ ယခုတွင်မူ သူသည် ထိုလှံရှည်ကြီးကို စိုက်ကြည့်ရင်း သူ၏အတွေးထဲ၌ ဒဏ္ဍာရီလာ အမည်တစ်ခု ပေါ်ပေါက်လာ၏။
” နတ်ဘုရားလက်နက်များလား ”
ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်ဌာန၏ ကျောင်းသားခေါင်းဆောင် ဖြစ်နေလျှင်တောင် နတ်ဘုရားလက်နက်များအကြောင်းကို မဆိုစလောက်သာ နားလည်ထားသည်။ နတ်ဘုရားလက်နက်များမှာ ဒဏ္ဍရီလာပစ္စည်းများသာ ဖြစ်ကြောင်းကို သူက သိထား၏။
ယခုတွင် ထိုလှံရှည်ကြီးဆီမှ ပေါ်ထွက်နေသော အငွေ့အသက်များကြောင့် ၎င်းမှာ ဒဏ္ဍာရီလာ နတ်ဘုရားလက်နက်တစ်ခု ဖြစ်ရမည်ဟု သူက မှတ်ယူလိုက်၏။
သို့သော် ဝမ်ပေါင်လဲ့မှာ နတ်ဘုရားလက်နက်များကို လုံးဝမမြင်ဖူးသောကြောင့် ယတိပြတ် ဆုံးဖြတ်၍တော့ မရပေ။ မည်သို့ပင်ဆိုစေကာမူ ထိုလှံရှည်ကြီးမှာ နတ်ဘုရားလက်နက်တစ်ခု မဟုတ်လျှင်တောင် ၎င်းကဲ့သို့ပင် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိသော ရတနာတစ်ခု ဖြစ်ရမည်ဟု သူက ယုံကြည်ထား၏။
တချိန်တည်းမှာပင် ထိုလှံရှည်ကြီး၏ ပတ်ပတ်လည်၌ ပြည်ထောင်စုခေတ်မှ မဟုတ်ဘဲ ရှေးခေတ်မှ ဝတ်ရုံရှည်ကြီးများကို ဆင်မြန်းထားကြသည့် လူလေးယောက် ရှိနေ၏။ သူတို့မှာ လေပေါ်တွင် တင်ပျဉ်ခွေထိုင်နေကြပြီး ထိုလှံရှည်ကြီး၏ ပတ်ပတ်လည်၌ တရားထိုင်နေကြသည်။ သူတို့မှာ အသက်မရှိတော့သည်မှာ သေချာနေပါသော်လည်း သူတို့၏ ရုပ်အလောင်းများမှာ လေပေါ်တွင် ရှိနေဆဲဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဖိအားများမှာ အလွန် ပြင်းထန်နေဆဲပင်။ ဝမ်ပေါင်လဲ့မှာ တစ်ချက်မျှသာ လှမ်းကြည့်လိုက်ပါသော်လည်း သူ၏မျက်လုံးမှာ စူစူးဝါးဝါး နာကျင်သွားရပြီး သူသည် စိတ်ရောကိုယ်ပါ မအီမလည် ဖြစ်သွားရ၏။
အစတွင် ထိုလှံရှည်ကြီး၏ ပတ်ပတ်လည်၌ တရားထိုင်နေသည့် ရုပ်အလောင်းအရေအတွက်မှာ လေးခုမဟုတ်ဘဲ ပဉ္စဂံပုံစံ ယဇ်ပလ္လင်အတိုင်း ငါးခုတိတိ ရှိနေရမည်ဖြစ်သည်။ ထိုပဉ္စမမြောက် ရုပ်အလောင်းမှာ မည်သည့် အကြောင်းကြောင့်မှန်းမသိ မန္တန်အစီအရင်ကြီး၏ အပြင်ဘက်သို့ရောက်လာပြီး ထောင့်တစ်နေရာတွင် လဲလျောင်းနေ၏။
ထို ပဉ္စမမြောက်ရုပ်အလောင်းမှာ တမူထူးခြားလောက်အောင် ချောမောလှပသော မိန်းမပျိုလေးတစ်ယောက်၏ ရုပ်အလောင်းဖြစ်ကြောင်း မြင်နိုင်၏။ သူမသည် သေဆုံးနေပြီဖြစ်ပါသော်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ပုံစံဖြင့်သာ လဲလျောင်းနေသည်ဟု ထင်ရ၏။ သူမ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသော အပုပ်နံ့များကြောင့်သာ မဟုတ်ပါက သူမကို အသက်ရှင်နေသေးသည်ဟုပင် အမှတ်မှားသွားမည်သာ ဖြစ်သည်။
သူမ၏ရှေ့တွင်မူ မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ဒဏ်ရာအပြင်းအထန် ရထားသောကြောင့် မတည်မငြိမ်ဖြစ်နေသည့် ကျောက်ယမုန့် ရှိနေသည်။ ထို့အပြင် ထိုနေရာ၌ ကောင်းကင်တာအိုကျောင်း၏ ဝတ်ရုံများကို ဆင်မြန်းထားသော အခြားလူငယ်လေးတစ်ယောက်လည်း မတ်တတ်ရပ်နေသေးသည်။ သူတို့ကိုမူ အခြား တာအိုကျောင်းသုံးကျောင်းမှ ကျောင်းသား ခုနစ်ယောက် ရှစ်ယောက်လောက်က ဝိုင်းထားကြသည်။
သူတို့ထဲတွင် လီယီ၊ ဝူဖန်နှင့် အနက်ရောင်မျက်နှာနှင့် လူငယ်လေးတို့ ရှိနေကြသည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသော ဖိအားများကိုကြည့်၍ သူတို့မှာလည်း ရှစ်လက်မဝိညာဉ်အမြစ်တစ်ခုကို အသုံးပြုကာ ဖောက်ထွက်ခဲ့ခြင်းဖြစ်ကြောင်း အထင်အရှား သိနိုင်ပေးသည်။
ချမ့်မုန့်၊ လီဖုန်းနှင့် ဝမ်ပေါင်လဲ့ ကြုံခဲ့ရသည့် အခြားသူများမှာမူ ထိုနေရာတွင် ရှိမနေပေ။ သို့သော် ထိုသုံးယောက်အပြင် အခြားသူများမှာလည်း ခေသူများတော့ မဟုတ်ကြပေ။ သူတို့မှာ ရှစ်လက်မဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားကြသည့် အာနာပါနအဆင့် ပညာရှင်များ မဟုတ်လျှင်တောင် အနည်းဆုံး ခုနစ်လက်မဝိညာဉ်အမြစ်များဖြင့် ဖောက်ထွက်နိုင်ခဲ့ကြသူများ ဖြစ်သည်။
ကိစ္စရပ်များစွာ ဖြစ်ပျက်သွားခဲ့ပြီးပြီဟု ထင်ရပါသော်လည်း လက်တွေ့တွင် ဝမ်ပေါင်လဲ့မှာ အတွင်းသို့ ဇွတ်တိုးဝင်လာပြီးနောက် ဘေးပတ်ဝန်းကျင်ကို တစ်ချက်မျှသာ ဝေ့ဝိုက်ကြည့်ရှုရသေးသည်။ ဝမ်ပေါင်လဲ့၏ မျက်လုံးရှေ့တွင် မြင်နေရသည့် မြင်ကွင်းမှာ မြေပြင်ပေါ်တွင် ရပ်နေကြသည့် လူများက သူရောက်လာသည်ကို မြင်လိုက်ရသောအခါ အံ့ဩမှင်တက်စွာ ပင့်သက်ရှိုက်မိသွားကြပြီး ခံစားချက်မျိုးစုံဖြင့် ယောက်ယက်ခတ်သွားကြသည့် မြင်ကွင်းပင်ဖြစ်သည်။
” ဝမ်ပေါင်လဲ့ပဲ ”
” ဝမ်ပေါင်လဲ့ပါလားဟ ”
” တောက်ကွာ။ ဘာလို့ သူက ဒီကိုရောက်လာရတာလဲ ”
ဝမ်ပေါင်လဲ့၏ ရက်စက်ကြမ်းကြုတ်မှုအကြောင်းနှင့် ပတ်သက်သည့် သတင်းများမှာ ဝိညာဉ်အမြစ်ရွာ အနှံ့ ပျံ့နှံ့နေခဲ့ပြီးဖြစ်သည်။ သူ၏ ရက်စက်ကြမ်းကြုတ်မှုများကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများ ဖြစ်စေ နားဖြင့်သာ ကြားခဲ့ရသူများဖြစ်စေ သူတို့အားလုံးမှာ လက်ရှိတွင် ကျောက်ယမုန့်အပြင် ဝမ်ပေါင်လဲ့မှာ ကောင်းကင်တာအိုကျောင်းမှ အစွမ်းအထက်ဆုံး ကျောင်းသားဖြစ်ကြောင်းကို သိထားကြသည်။
လူအများ၏ မုန်းတီးခြင်းကို ခံရသည့်နေရာနှင့် ကျော်ကြားမှုနေရာတွင်လည်း ဝမ်ပေါင်လဲ့မှာ အခြားလူများ အားလုံးထက် သာလွန်နေပြီး တာအိုကျောင်းကြီးလေးကျောင်းထဲတွင် ထိပ်ဆုံးအဆင့်၌ ရှိနေ၏။
အခြားလူများမှာ မျက်မှောင်များ ကြုတ်သွားကြပြီး အံ့ဩတုန်လှုပ်သွားကြပါသော်လည်း ကောင်းကင်တာအိုကျောင်းမှ လူငယ်လေးနှင့် ကျောက်ယမုန့်တို့မှာမူ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များဖြင့် ဖုံးလွှမ်းသွား၏။
” ဝမ်ပေါင်လဲ့ .. မန္တန်အစီအရင်နားကို သွားဖို့က မဖြစ်နိုင်ဘူး။ အဲဒီတော့ အဲဒီပစ္စည်းတွေကို ယူသွားနိုင်ဖို့က တော်တော်ကိုခက်ခဲမှာ။ ဒီရုပ်အလောင်းက ကျောက်ယမုန့်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရလာခဲ့တာ။ အဲဒီရုပ်အလောင်းကို ကောင်းကင်တာအိုကျောင်းက ပိုင်တယ် ”
ကောင်းကင်တာအိုကျောင်းမှ လူငယ်လေးက အလျင်စလို လှမ်းပြောလိုက်၏။
ထိုလူငယ်လေး ရှင်းမပြလျှင်တောင် ဝမ်ပေါင်လဲ့မှာ ထိုအခြေအနေ တစ်ခုလုံးကို နားလည်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူ၏မျက်လုံးများမှာ အရောင်လက်လာပြီး အပြာရောင်လှံရှည်ကြီးကြောင့် ခံစားနေရသော အံ့သြတုန်လှုပ်မှုများကို ချုပ်တည်းကာ သူတို့ရှိရာသို့ ပြေးသွားလိုက်၏။
ထိုအခါ အခြားတာအိုကျောင်းများမှ ကျောင်းသားများမှာ အံ့အားသင့်သွားကြပြီး သူတို့၏မျက်လုံးများမှာ အရောက်လက်သွားကြသည်။ အထူးသဖြင့် ဝူဖန်ဆိုလျှင် ပြတ်ပြတ်သားသား ဆိုလိုက်၏။
” အချိန်မရှိတော့ဘူး။ ဘာမှ အများကြီး တွေးတောမနေကြနဲ့တော့။ မင်းတို့အကုန် ဖယ်ကြစမ်း။ ရတဲ့လူ ယူကြေးပဲ ”
ဝူဖန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ မျက်ခုံးနှစ်ဖက်ကြားတွင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ထွက်လာပြီး သွေးချီများ လေထဲသို့ ပျံ့လွင့်လာ၏။ အာနာပါနအဆင့်သို့ ရောက်ရှိသွားပြီးနောက် သူ၏ သွေးချီများထဲတွင် ဝိညာဉ်ချီများပင် အနည်းငယ် ကိန်းအောင်းနေပြီး ၎င်းတို့မှာ မန္တန်တစ်ခုကဲ့သို့ ကျောက်ယမုန့်ဆီသို့ ဦးတည်လာ၏။
လီယီ၏မျက်လုံးများမှာလည်း အရောင်လက်သွားသည်။ သူမသည် လျင်မြန်စွာ လှုပ်ရှားလိုက်သောအခါ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ မီးတောက်များ ပေါ်ထွက်လာပြီး သူမ၏ ပုံစံမှာ အလွန် ခံ့ညားထည်ဝါနေ၏။ ကျန်ရှိနေသေးသောလူများမှာ သူတို့လောက် အစွမ်းမထက်ကြပါသော်လည်း သူတို့မှာ ခုနစ်လက်မဝိညာဉ်အမြစ်ကို အသုံးပြု၍ ဖောက်ထွက်ခဲ့ကြသည့် အာနာပါနအဆင့် ပညာရှင်များ မဟုတ်ပါလော။ ထို့ကြောင့် သူတို့ အသုံးပြုသော ဓမ္မအဆောင်များမှာ သူတို့ ရှေးဟောင်းသိုင်းအဆင့်တွင် ရှိခဲ့စဉ်တုန်းကထက် သိသိသာသာပို၍ အစွမ်းထက်နေပြီဖြစ်သည်။ သူတို့အားလုံးမှာ ပြိုင်တူလှုပ်ရှားကာ ကျောက်ယမုန့်နှင့် ကောင်းကင်တာအိုကျောင်းမှ လူငယ်လေးဆီသို့ ပြေးလာကြတော့သည်။
သူတို့ လှုပ်ရှားလိုက်သည့် အချိန်မှာပင် သမင်ဖြူတာအိုကျောင်းခွဲမှ အနက်ရောင်မျက်နှာနှင့် လူငယ်လေးမှာ ရုတ်တရက်ဆိုသလို နောက်သို့လှည့်လာပြီး လက်ထဲတွင် သံလိုက်အိမ်မြောင်ကိုကိုင်၍ လေသံတိုးတိုးဖြင့် ညည်းတွားလိုက်ပြီး ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်၏။
” ခန္ဓာကိုယ်၊ ချုပ်နှောင်စေ ”
ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ဘေးပတ်ပတ်လည်မှ ဝိညာဉ်ချီများမှာ ဝမ်ပေါင်လဲ့ဆီသို့ စီးဆင်းလာကြပြီး သူ့အား ဖိနှိပ်လိုက်၏။ တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့ကြောင့် နောက်သို့ တွန်းထုတ်ခံလိုက်ရသည့် လူထွားကြီးမှာ ရုတ်တရက်ဆိုသလို အော်ဟစ်မြည်တမ်းလိုက်ပြီး ဓားကြီးတစ်လက်ကို ထုတ်ယူကာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာ၏။
အရာအားလုံးမှာ တစ်ပြိုင်နက်တည်း ဖြစ်ပျက်နေခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့ ရောက်ရှိလာမှုကြောင့် အခြေအနေကြီးမှာ ပို၍ပင် တင်းမာသွားရခြင်း ဖြစ်၏။
တာအိုကျောင်းကြီးလေးကျောင်းမှာ မဟာမိတ် ဖွဲ့ထားကြသည်ဖြစ်သလို လူအရေအတွက်မှာလည်း များပြားနေခဲ့သည်ဖြစ်ရာ ဝမ်ပေါင်လဲ့ ရောက်မလာခင်က သူတို့အားလုံးမှာ ကိုယ်ကျိုးအတွက်သာ တိုက်ခိုက်နေခဲ့ကြ၏။ ထို့အပြင် ကျောက်ယမုန့်မှာ မကြာခင် ဂူထဲမှ တွန်းထုတ်ခံရတော့မည် ဖြစ်ကြောင်းကို သူတို့က သိထားကြသောကြောင့် မည်သူကမှလည်း အစွမ်းအကုန် ထုတ်မသုံးခဲ့ကြပေ။ သူတို့မှာ သူမအား အပြင်သို့သာ နှင်ထုတ်ချင်ကြသည် မဟုတ်ပါလော။
သို့သော် ယခုတွင် ဝမ်ပေါင်လဲ့ပါ ရောက်ရှိလာပြီဖြစ်ရာ စောင့်ဆိုင်းနေ၍ မရတော့ပေ။ ထို့ကြောင့် သူတို့အားလုံးမှာ ချက်ချင်းပင် သူတို့၏ ဝှက်ဖဲများကို ထုတ်သုံး၍ အစွမ်းကုန် တိုက်ခိုက်လိုက်ကြတော့သည်။
အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး ကျောက်ယမုန့်၏ နှုတ်ခမ်းထောင့်မှ သွေးစိမ်းများ စီးကျလာ၏။ သူမသည် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး မန္တန်အစီအရင် အချုပ်အနှောင်များကို ထုတ်လွှတ်လိုက်၏။ သူမမှာ ထိုကဲ့သို့ အခြားသူများကို တားဆီးနေစဉ် သူမ၏ဘေးမှ လူငယ်လေးမှာ သွေးများအန်ထွက်လာ၏။ သူသည် ပြန်လည် တုံ့ပြန်တိုက်ခိုက်ချင်ပါသော်လည်း ယခုကဲ့သို့ အသက်တမျှ အရေးကြီးနေသောအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှ သံလိုက်စက်ကွင်းများ ပေါ်ပေါက်လာတော့သည်။ သူသည် ဒေါသတကြီး အော်ဟစ်ကာ ရုပ်အလောင်းကို ယူသွားချင်ပါသော်လည်း အခြားသူများ ရှိနေသေးသည်ဖြစ်ရာ လုံးဝမဖြစ်နိုင်ပေ။
ချက်ချင်းဆိုသလိုပင် လျှို့ဝှက်ဆန်းကြယ်သော ရတနာများစွာ လေပေါ်သို့ ဝဲပျံလာသောကြောင့် ထိုလူငယ်လေးမှာ လက်လျှော့လိုက်ရတော့သည်။ ထို့နောက် သံလိုက်စက်ကွင်းကြီးကြောင့် သူ၏ခန္ဓာကိုယ်မှာ လေပေါ်သို့ မြောက်တက်သွားပြီး သူသည် နောင်တကြီးစွာဖြင့် ထွက်ပေါက်ဆီသို့ တွန်းထုတ်ခံလိုက်ရတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အခြားသူများမှာ မျက်လုံးများ အရောင်လက်သွားကြပြီး ကျောက်ယမုန့်ဆီသို့ နောက်ထပ်တစ်ကြိမ် ပြေးလာကြပြန်သည်။
ကျောက်ယမုန့်၏ စိတ်နှလုံးထဲတွင်လည်း ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူမသည် ထို ရုပ်အလောင်းကြီးကို ထုတ်ယူနိုင်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသောကြောင့် အလွန် အားအင်ချိနဲ့နေပြီး စွမ်းအင် တစ်စိုးတစ်စိပင် မကျန်တော့ပေ။ ထိုကဲ့သို့ သူမ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်၍ ထုတ်ယူခဲ့ရသော ရုပ်အလောင်းကြီးမှာ လုယူခံလိုက်ရတော့မည်ဖြစ်ရာ ကျောက်ယမုန့်မှာ ဒေါသအမျက်ချောင်းချောင်း ထွက်နေတော့သည်။ သူမသည် အခြားသူများကို ဆက်လက် တားဆီးချင်ပါသော်လည်း ထိုအခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ်ထဲမှ သံလိုက်စက်ကွင်းတစ်ခု ပေါ်ထွက်လာ၏။
” ငါက သူများတွေကို အကျိုးပြုပေးဖို့ပဲ ကံပါတာလား… ”
ကျောက်ယမုန့်မှာ အသာအယာ သက်ပြင်းချလိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှာ သံလိုက်စက်ကွင်းကြီးကြောင့် လေပေါ်သို့ မြောက်တက်သွား၏။ သို့သော် ထိုအချိန်တွင် အပေါက်ဝနားရှိ ဝမ်ပေါင်လဲ့မှာ မာန်သွင်း အော်ဟစ်လိုက်၏။
သူသည် ထိုသို့ အော်ဟစ်ကာ ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလာပြီး လက်သီးချက်များ ထုတ်လွှတ်ကာ လေမုန်တိုင်းများ ဖန်တီးလိုက်၏။ ထိုသို့ဖြင့် သူသည် အနက်ရောင်မျက်နှာနှင့် လူငယ်လေး၏ မန္တန်အစီအရင် အချုပ်အနှောက်အား ဖျက်ဆီးလိုက်ပြီးနောက် သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်၏။
” လူအင်အားနဲ့ အနိုင်ကျင့်နေတယ်ပေါ့ ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာ ထိုသို့မေးလိုက်ပြီး ရုပ်သေးရုပ် မြောက်မြားစွာကို ထုတ်လွှတ်လိုက်သဖြင့် ထိုနေရာတစ်ဝိုက်တွင် ပြည့်နှက်သွားပြီး ၎င်းတို့မှာ အခြားသူများဆီသို့ ပြေးသွားကြတော့သည်။ ဓားပျံများလည်း ပေါ်ထွက်လာကာ လူထွားကြီးကို နောက်သို့တွန်းထုတ်၍ အနက်ရောင်မျက်နှာနှင့် လူငယ်လေးဆီသို့ ဦးတည်လာပြီး သူ့အား မန္တန်အစီအရင်များ ထပ်၍ မထုတ်လွှတ်နိုင်အောင် ဝာားဆီးလိုက်သည်။
ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ ညာခြေထောက်ဖြင့် မြေပြင်ပေါ်သို့ လျင်မြန်သွက်လက်စွာ ဆင်းသက်လာ၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်မှာ မြားတချောင်းကဲ့သို့ ရှေ့သို့ ထိုးခွင်းသွားပြီး မြေပြင်ကြီး အပြင်းထန်တုန်ရီသွား၏။ တုန်ခါလှိုင်းများမှာလည်း လေထုထဲတွင် ပြည့်နှက်သွားကာ ဝိညာဉ်ချီများနှင့် ပေါင်းစည်းသွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့လာတော့သည်။
ထို့နောက် မျက်လုံးဖြင့် မမြင်နိုင်သော လှိုင်းတစ်လှိုင်း ပေါ်ထွက်လာပြီး ကျောက်ယမုန့်ဆီသို့ ချဉ်းကပ်လာနေကြသည့် လူများအား ရိုက်ခတ်သွားသဖြင့် သူတို့မှာ ချက်ချင်းပင် ရပ်တန့်သွားကြတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ လူတိုင်း ရပ်တန့်သွားသည့် အခိုက်အတန့်ကို အသုံးချကာ သူတို့ပြန်လည်တုံ့ပြန်ရန် ပြင်နေသည့် အချိန်တွင် သူတို့၏ရှေ့သို့ ရောက်လာပြီး လေထုကြီးကို အားပါပါ ထိုးနှက်လိုက်၏။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အမျှင်တန်း ပေါ်ပေါက်လာပြီး ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်ချီများကို ထိန်းချုပ်လိုက်၏။ ဝါးမျိုခြင်းသစ်စေ့နှင့် လက်အိတ်ကြီးမှာလည်း ပြန်လည်အသက်ဝင်လာပြီး အပြင်ဘက်ရှိ ဝိညာဉ်ချီများကို ထိန်းချုပ်လိုက်ပြန်သည်။ ဝမ်ပေါင်လဲ့၏ ထိုကဲ့သို့ ရှုပ်ထွေးသော လှုပ်ရှားမှုများကြောင့် သူ၏ လက်သီးချက် ကျရောက်လာသောအခါ ဝိညာဉ်ချီလေမုန်တိုင်းကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
ထိုနေရာတစ်ဝိုက်တွင် ကျယ်လောင်သော အသံကြီးများဖြင့် ပြည့်နှက်သွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ဝိညာဉ်ချီလေမုန်တိုင်းကြီး တိုက်ခတ်လာသောအခါ လူတိုင်း အပြင်းအထန် တုန်ရီသွားကြပြီး နောက်သို့ ဆုတ်ခွာလိုက်ရတော့သည်။ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ ရှေ့သို့ပြေးထွက်လာပြီး မြင်သမျှ လူအားလုံးကို တင်းကြပ်စွာ ပွေ့ဖက်ကာ ချုပ်ထားလိုက်၏။
ထိုအခြင်းအရာများမှာ ရပ်တန့်ခြင်းမရှိဘဲ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်ကြီး တစ်ခုလုံးမှာ အတာအဆီးမရှိ စီးဆင်းနေသော ရေများ ကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ ဖြစ်နိုင်ချေရှိသော လမ်းကြောင်းများအားလုံးကို ကြိုတွေးထားပြီးသား ဖြစ်သည်။ ထိုသို့ဖြင့် လူတိုင်း တားဆီးခံလိုက်ရပြီး ဝမ်ပေါင်လဲ့မှာ ရုပ်အလောင်းကြီးဆီသို့ ချဉ်းကပ်နေပြီဖြစ်ရာ လီယီနှင့် အပေါင်းအပါများမှာ စိုးရိမ်သွားကြတော့သည်။
” ဝမ်ပေါင်လဲ့ ”
လူတိုင်း ဒေါသတကြီး အော်ဟစ်ကာ အစွမ်းကုန် ရုန်းကန်နေကြပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ မြန်ဆန်လွန်းလှသောကြောင့် ရုပ်အလောင်းကြီးဆီသို့ တစ်စက္ကန့်အတွင်း ရောက်ရှိသွား၏။ ထို့နောက် သူ၏ ခြေထောက်ကိုမြှောက်ကာ ထို ရုပ်အလောင်းကြီးအား သံလိုက်စက်ကွင်းကြီးကြောင့် ထွက်ပေါက်ဆီသို့ အဆွဲခံနေရသည့် ကျောက်ယမုန့်ဆီသို့ လှမ်း၍ ကန်ပေးလိုက်၏။
ထိုအခါ ကျောက်ယမုန့်မှာ အံ့အားသင့်သွားကာ နှစ်လိုဖွယ်ကောင်းသော အကြည့်ဖြင့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲသို့ စိုက်ကြည့်လိုက်၏။ ထို့နောက် သူမ၏ မန္တန်လက်ကွက်များကို ထပ်၍ဖော်လိုက်ပြီး လက်ညှိုးထိုး၍ ကျန်ရှိနေသေးသော စွမ်းအင်များကို ထုတ်လွှတ်ကာ မန္တန်အစီအရင်တစ်ခုကို ဖန်တီးလိုက်ပြီး ထိုရုပ်အလောင်းကြီးအား ဝန်းရံသွားစေလိုက်သည်။ ထို့နောက် သူမမှာ ၎င်းအား တင်းကြပ်စွာ ဆုပ်ကိုင်၍ သံလိုင်းစက်ကွင်းကြီး၏ အားကို အသုံးပြုကာ ထွက်ပေါက်ဆီသို့ ပျံသန်းသွားပြီး တခဏအကြာတွင် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။ နောက်ဆုံးတွင် တဖြည်းဖြည်းနှင့် တိုးတိုးသွားသော သူမ၏ အော်ဟစ်သံများကိုသာ ခပ်ရေးရေးမျှ ကြားနိုင်တော့သည်။