ဝမ်ပေါင်လဲ့မှာ ထိုတလိမ့်လိမ့် ရွေ့လျားနေသော မြင်ကွင်းကြီးကို မမြင်လိုက်ရပါက ကိစ္စရှိမည် မဟုတ်ပေ။ သို့သော် သူသည် ရှေ့သို့ပြေးလွှားရင်း လမ်း၏ဘေးဘက်တွင်ရှိသော သူ၏ပုံရိပ်ကို ပြန်လည်ထင်ဟပ်စေနိုင်သည့် သတ္တုနံရံကြီးတစ်ခုကို ဖြတ်သွားမိလိုက်၏။ သူသည် ရှေ့သို့ပြေးလွှားရင်း ဘေးဘီဝဲယာကို ဝေ့ဝိုက်ကြည့်မိလိုက်သောအခါ ထိုနံရံပေါ်တွင် ထင်ဟပ်နေသော သူ၏ပုံရိပ်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ရပ်တန့်သွားရ၏။
” ငါက အရင်တုန်းကလို ပိန်ပိန်သွယ်သွယ်လေး ဖြစ်နေတုန်းပါပဲလား ”
သူ၏ ‘ ပိန်သွယ်မှု ‘ ဆိုသော စကားလုံးကို နားလည်ထားပုံမှာ အခြားသူများနှင့် မတူညီဘဲ ကွဲပြားခြားနားနေသည့် ပုံပင်။ ယခုတွင် သူသည် သတ္တုနံရံကြီးပေါ်ရှိ သူ၏ပုံရိပ်ကို ကြည့်ရင်း သက်ပြင်းချလိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်အား ဘယ်ဘက်သို့လှည့်လိုက် ညာဘက်သို့လှည့်လိုက် လုပ်ကာ ရှုထောင့်အမျိုးမျိုးမှနေ၍ ကျေနပ်အားရစွာ ကြည့်နေတော့သည်။
” ဒီ လက်ဆွဲရေပုံးကြီးက အရမ်းကြီးကြီးနေတော့ ငါက နဂိုထက် ပိုဝတဲ့ပုံ ပေါက်နေတာပဲ။ အဲဒါတောင်မှ ငါက ခံ့ချောကြီး ဖြစ်နေတုန်း ”
တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားအရေအတွက်မှာ သိသိသာသာ လျော့ကျသွားပြီဖြစ်ပြီး နောက်ဆုံးတွင် သူတစ်ယောက်သာ ကျန်ရစ်ခဲ့၏။
သူသည် အလွန် နက်ရှိုင်းသောနေရာသို့ ရောက်နေပြီဖြစ်ရာ မြေကြီးပေါ်နှင့် ဘေးပတ်ပတ်လည်ရှိ အခန်းများထဲတွင် ထူးဆန်းသော ပစ္စည်းများစွာ ရှိနေကြပြီဖြစ်သည်။ ၎င်းတို့ထဲမှ တချို့မှာ ကျိုးပဲ့နေသော ယင်မောင်းယပ်တောင်များ၊ ကျိုးပဲ့နေသော ချပ်ဝတ်တန်ဆာများနှင့် မွဲခြောက်ခြောက်ဖြစ်နေသော သတ္တုပြားများ ဖြစ်ကြသည်။
ဝမ်ပေါင်လဲ့မှာ ထိုပစ္စည်းများအပြင် ပျက်စီးနေသော ခေါင်းလောင်းများနှင့် ဆေးပုလင်းကွဲပေါင်း မြောက်မြားစွာကိုလည်း မြင်လိုက်ရသည်။
” ဘာလို့ ဒါတွေအကုန်လုံးက ကျိုးပဲ့ပျက်စီးနေကြတာလဲဟ ”
ဝမ်ပေါင်လဲ့မှာ အနည်းငယ် စိတ်ဓာတ်ကျသွား၏။ လမ်းတစ်လျှောက်တွင် သူမြင်တွေ့ခဲ့ရသည့် အရာအားလုံးမှာ ကျိုးပဲ့ပျက်စီးနေသော အရာဝတ္ထုများသာ ဖြစ်နေ၏။ သူ ပိုက်ထားသော လက်ဆွဲရေပုံးကြီးမှလွဲ၍ အခြားမည်သည့်အရာကိုမှ အကောင်းအတိုင်းရှိနေသည်ဟု သတ်မှတ်၍မရပေ။ အပင်များ၊ ဆေးလုံးများနှင့် ဓမ္မရတနာများဆိုလျှင် အိပ်မက်အဆင့်တွင်သာ ရှိသည်။
” ကျိုးပဲ့ပျက်စီးနေတာတွေဆိုရင်တောင် ယူသွားလိုက်မယ်ကွာ ”
ဝမ်ပေါင်လဲ့မှာ လက်မလျှော့ချင်သောကြောင့် သူ သေချာမသိသေးသော အရာများထဲတွင် အဖိုးတန်သော ပစ္စည်းများ ရှိနေလောက်သည်ဟု ယူဆလိုက်၏။ ထို့ကြောင့် သူသည် ထိုပစ္စည်း အချို့ကို ကောက်ယူကာ လက်ဆွဲရေပုံးထဲသို့ ပစ်ထည့်လိုက်ပြီး ရှေ့သို့ဆက်၍ ချီတက်သွား၏။
တစ်ခဏမျှ ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ လမ်း၏ညာဘက်ရှိ ခပ်မှိန်မှိန်ခန့် လင်းလက်နေသော လမ်းနှစ်ခွဘေးမှ ဖြတ်ပြေးသွားရန် ပြင်လိုက်ချိန်တွင် ထို လမ်းနှစ်ခွထဲမှ ရုတ်တရက်ဆိုသလို ကျောချမ်းဖွယ်ကောင်းသော အေးစက်မှုကြီးတစ်ခု ပေါ်ထွက်လာ၏။ ထို့နောက် အနက်ရောင်လူရိပ်ကြီးတစ်ခုက အမြန်ဆုံးသော အရှိန်ဖြင့် သူ၏ဘေးမှ ဖြတ်ပြေးသွားသည်။
” ဘယ်သူလဲကွ ”
ဝမ်ပေါင်လဲ့မှာ မျက်စောင်းထိုးကြည့်လိုက်သောအခါ ထိုလူရိပ်ကြီးကို လှမ်း၍မြင်လိုက်ရသောကြောင့် ကြောက်ရွံ့တုန်လှုပ်သွား၏။ သူသည် ချက်ချင်းပင် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်ကာ သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်၏။ သို့သော် ထိုနှစ်ခွဖြစ်နေသည့် လမ်းမှာ အလွန် တိတ်ဆိတ်ငြိမ်သက်နေပြီး တစ်စုံတစ်ရာမှ ပြောင်းလဲသွားခဲ့ခြင်း မရှိသည့်ပုံပင်။ ထို အနက်ရောင်လူရိပ်ကြီးမှာ ဝမ်ပေါင်လဲ့ သေသေချာချာ အာရုံမစိုက်ထားမိသောကြောင့် အမြင်မှားသွားခဲ့ခြင်းသာ ဖြစ်သွားခဲ့သည့် ပုံပင်။
ဝမ်ပေါင်လဲ့မှာမူ မယုံသင်္ကာဖြစ်သွားသောကြောင့် ရုပ်သေးရုပ်တစ်ရုပ်ကို ထုတ်ကာ အနီးကပ် ကြည့်ရှုစစ်ဆေးရန် ပြင်လိုက်ချိန်တွင် မှောင်မိုက်နေသော လမ်းနှစ်ခွထဲတွင် အလင်းရောင်တစ်ခု ရုတ်တရက်ဆိုသလို ထွက်ပေါ်လာပြီး လေးလံသော အသက်ရှူသံများနှင့် ဆူညံသံများမှာလည်း ချက်ချင်းပင် ပျံ့နှံ့လာ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သတိကြီးကြီးထားလိုက်ပြီး အာရုံအပြည့်စိုက်ကာ ရှေ့သို့လှမ်းကြည့်နေလိုက်၏။ ထို့နောက် ထိုအလင်းမှာ လူတစ်ယောက်ကို ဝန်းရံထားသော သံလိုက်စက်ကွင်းတစ်ခုမှနေ၍ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း သူက မြင်လိုက်ရ၏။ ထိုသူမှာ ကောင်းကင်တာအိုကျောင်း၏ ကျောင်းသားဝတ်ရုံတစ်ခုကို ဆင်မြန်းထားပြီး ငွေရောင် ဘူးသီးခွံတစ်လုံးကို ပိုက်ထား၏။
” ကျိုးရိဖန် ”
ဝမ်ပေါင်လဲ့မှာ သူ့ဆီသို့ ချဉ်းကပ်လာနေသည့်သူကို မြင်လိုက်ရသည်နှင့် အော်ခေါ်မိလိုက်၏။ တချိန်ထဲမှာပင် ကျိုးရိဖန်ဆီမှ သံလိုက်စက်ကွင်းကို ခုခံတွန်းလှန်နေဿာ ဖိအားများမှာ ခုနစ်လက်မအဆင့်ရှိသော ဖိနှိပ်အားများမဟုတ်ဘဲ ရှစ်လက်အဆင့်အထိ ရှိနေသည်ကို သတိထားမိလိုက်၏။
” ဝမ်ပေါင်လဲ့ ”
သူ့အား ဝန်းရံထားသည့် သံလိုက်စက်ကွင်း၏ တွန်းကန်မှုကြောင့် ဘေးမှဖြတ်ပျံသွားသည့် လူရိပ်မှာ အမှန်တကယ်ပင် ကျိုးရိဖန် ဖြစ်နေ၏။ သူ၏မျက်နှာပေါ်တွင် နောင်တရနေသည့် အရိပ်အယောင်များနှင့် မကျေမချမ်းဖြစ်နေသည့် အမူအရာများ ဖုံးလွှမ်းနေပြီး သူသည် နောက်ဘက်သို့လှည့်၍ ကြည့်နေ၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ အသံကို ကြားလိုက်ရသောအခါ ချက်ချင်းပင် နောက်သို့လှည့်လာ၏။ ဝမ်ပေါင်လဲ့အား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူသည် တစ်ခဏမျှ အံ့အားသင့်သွားပြီး တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား အော်ပြောလိုက်၏။
” ဝမ်ပေါင်လဲ့ … အခုချက်ချင်း အဲဒီကိုသွားတော့။ ကျောက်ယမုန့်က အဲဒီထဲက ယဇ်ပလ္လင်တစ်ခုကို ရှာတွေ့ထားတာ။ အဲဒီအထဲမှာ ရတနာတွေတင် မဟုတ်ဘူး ရုပ်အလောင်းတွေပါ အပြည့်ပဲ ”
” မြန်မြန်လုပ်။ အဲဒီနေရာမှာ တခြားလူတွေ အများကြီးက ရတနာတွေကို လုယူနေကြတာ ”
ကျိုးရိဖန်မှာ သူ့အား သံလိုက်စွမ်းအားများက ဆွဲငင်နေသောကြောင့် ထိုစကားများကိုသာ လှမ်း၍ အော်ပြောလိုက်နိုင်ပြီး ဝမ်ပေါင်လဲ့၏ဘေးမှနေ၍ ထွက်ပေါက်ဆီသို့ ရောက်ရှိသွားပြီး ပျောက်ကွယ်သွားတော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားပြီး အရောင်များတောက်လာ၏။ ထို့နောက် သူ၏ အသက်ရှူနှုန်းများမှာလည်း မြန်ဆန်လာ၏။
” ရုပ်အလောင်းတွေ ဆိုပါလား ”
ထိုစကားလုံးမှာ ဝမ်ပေါင်လဲ့အား စိတ်အလှုပ်ရှားဆုံး ဖြစ်သွားရ၏။ ကျိုးရိဖန်မှာ လက်ရှိကမ္ဘာပေါ်မှ လူများ၏ ရုပ်အလောင်းများကို ဆိုလိုခဲ့ခြင်း မဟုတ်ကြောင်း ဝမ်ပေါင်လဲ့က သိလိုက်၏။ ထို့ကြောင့် ထိုရုပ်အလောင်းများမှာ ရှေးဟောင်းကြေးညိုရောင်ဓားကြီးအား စီးနင်းကာ ဤဂြိုဟ်ပေါ်သို့ ရောက်ရှိလာခဲ့ကြသော ကျင့်ကြံခြင်း လူနေမှုအဖွဲ့အစည်းမှ လူများ၏ ရုပ်အလောင်းများသာ ဖြစ်ရပေမည်။
ကျင့်ကြံခြင်းပညာရပ်များ၊ ဆေးလုံးများနှင့် အခြား အသက်မရှိသော အရာဝတ္ထုပစ္စည်းများနှင့် ယှဉ်လိုက်မည်ဆိုပါက ကျင့်ကြံခြင်း လူနေမှုအဖွဲ့အစည်းမှ လူများ၏ ရုပ်အလောင်းများမှာ ပို၍နက်ရှိုင်းသော အနက်အဓိပ္ပါယ်များကို ပိုင်ဆိုင်ထားကြမည်ဖြစ်သည်။ လက်ရှိပြည်ထောင်စုကြီးအတွက်ဆိုလျှင် ၎င်းတို့၏ အရေးပါမှုမှာ ဖော်ပြ၍ မရနိုင်လောက်အောင် ကြီးမားနေမည်ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော ရုပ်အလောင်းတစ်လောင်းကို တာအိုကျောင်းကြီးလေးကျောင်းဆီသို့ ပြန်လည်ယူဆောင်လာနိုင်မည့်သူမှာ စကားလုံးများနှင့်ပင် ဖော်ပြ၍မရနိုင်လောက်အောင် အံ့ဩဖွယ်ကောင်းသော အောင်မြင်မှုကြီးတစ်ခုကို ဆွတ်ခူးနိုင်သကဲ့သို့ ဖြစ်သွားမည်မှာ မလွဲဧကန်ပင်။
ဝမ်ပေါင်လဲ့မှာ ထိုအတွေးများကြောင့် ယောက်ယက်ခတ်သွားပြီး အမြန်ဆုံးသော အရှိန်ဖြင့် ထိုလမ်းထဲသို့ ပြေးဝင်သွားလိုက်၏။
ဝမ်ပေါင်လဲ့ ထွက်ခွာသွားပြီးနောက် ထိုလမ်း၏ နံရံများမှာ ရုတ်တရက် တွန့်လိမ်သွားပြီး အထဲမှ အနက်ရောင် ဦးခေါင်းခွံကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထိုဦးခေါင်းခွံကြီးမှာ အချိန်အတော်အတန်ကြာအောင် ပုပ်ပွပျက်စီးနေခဲ့ပြီး အခွံတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့သည့်ပုံပင်။ ၎င်းမှာ ဝမ်ပေါင်လဲ့ ထွက်သွားသည့်ဘက်သို့ လှမ်းကြည့်ကာ ပါးစပ်ဟလိုက်သောအခါ မည်းနက်၍ ဝါကျင့်ကျင့်ဖြစ်ကာ ချွန်ထက်နေသော သွားများနှင့် အပေါ်မေးရိုးနှင့် အောက်မေးရိုးတို့ကို ချိတ်ဆက်ပေးထားသည့် ကပ်စေးကပ်စေး ဖြစ်နေသော အမျှင်တန်းတစ်ခု ပေါက်လာသည်။
၎င်း၏ ပုံစံမှာ ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းလှသောကြောင့် ၎င်းကို မြင်လိုက်ရသည့် လူတိုင်း ကျောချမ်းသွားကြမည်သာဖြစ်သည်။
ထို့နောက် ၎င်းမှာ နောက်သို့လှည့်၍ နံရံကြီးထဲသို့ ပြန်၍ တိုးဝင်သွား၏။ ထိုအခါ ထိုနံရံထဲသို့ သက်စောင့်အားများ ဝင်ရောက်သွားသကဲ့သို့ ဖြစ်သွားပြီး အထဲတွင် အသားစနှင့် သွေးစများ လျင်မြန်စွာ လှုပ်ရှားသွားကြ၏။
မည်သူကမှ ထိုပြောင်းလဲမှုများကို သတိမထားမိလိုက်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ လျင်မြန်စွာ ပြေးလွှားနေသည့် တိုင်အောင် သူ ခံစားခဲ့ရသည့် အေးစက်မှုကြီးကို ဆက်လက်ခံစားနေရဆဲဖြစ်ပြီး သူ၏ဘေးမှ ဖြတ်ပြေးသွားသော အနက်ရောင်ပုံရိပ်ကြီးမှာ သူ အမြင်မှားသွားခဲ့ခြင်း မဟုတ်နိုင်ကြောင်း တွေးနေမိတော့သည်။
ထို့ကြောင့် သူသည် ရှေ့သို့ ဆက်လက်ချီတက်နေပါသော်လည်း စိတ်အေးလက်အေး မနေရဲပေ။
” ဒီနေရာကို အရင်တုန်းက လူတွေအများကြီး ရောက်ဖူးခဲ့ကြပေမယ့် ဒီနေရာကြီးက အန္တရာယ်များတယ်လို့ ဘယ်သူကမှ မပြောခဲ့ကြဘူး။ ဒါပေမဲ့ အဲဒါနဲ့ပဲ ငါ စိတ်လွတ်ကိုယ်လွတ် နေလို့မဖြစ်ဘူးလေ ”
ဝမ်ပေါင်လဲ့မှာ သတိကြီးကြီးထား၍ ထိုလမ်းအတိုင်း ဆက်လက် ပြေးလွှားနေ၏။ အနည်းငယ်ခန့်ကြာပြီးနောက် သူသည် ခပ်လှမ်းလှမ်းရှိ နေရာတစ်ခုမှ ကျယ်လောင်သော အုန်းခနဲမြည်သံကြီးတစ်သံနှင့် လူများ ငြင်းခုံနေကြသည့် အသံများကို လှမ်း၍ကြားလိုက်ရသည်။
” ကျောက်ယမုန့်၊ ချန်မင်းယွီ၊ ဘာလို့ နင်တို့နှစ်ယောက်က အခုထိ တိုက်ခိုက်နေကြသေးတာလဲ။ ကျိုးရိဖန်က တွန်းထုတ်ခံလိုက်ရပြီလေ။ ကောင်းကင်တာအိုကျောင်းက ကျန်တော့တဲ့ကျောင်းသားဆိုလို့ နင်တို့နှစ်ယောက်ပဲ ရှိတော့တယ် ”
” ကျောက်ယမုန့် … နင်က ဒီနေရာကို ရှာတွေ့ခဲ့တဲ့လူဆိုတော့ ငါတို့တွေ နင့်ကို ဒီ ဘူးသီးခွံလေး ယူသွားခွင့်ပေးမယ်။ ဒါပေမဲ့ ဒီရုပ်အလောင်းကိုတော့ ယူသွားခွင့်မပေးနိုင်ဘူး ”
” ဟင် … လူတစ်ယောက် လာနေပြီ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ မြင်နေရသည့် အဝေးဆုံးရှိ နံရံပေါ်တွင် အက်ကွဲကြောင်းတစ်ကြောင်း ပေါ်လာ၏။ ၎င်းမှာ ပေနှစ်ဆယ်ခန့် ကျယ်ဝန်းပြီး အထဲမှနေ၍ အပြာရောင်အလင်းတစ်ခု ထွက်ပေါ်နေ၏။
ထိုထဲတွင် လူရိပ်တချို့မှာ ဟိုဟိုသည်သည် ရွေ့လျားနေကြသည်ကို ခပ်ရေးရေးခန့် လှမ်း၍မြင်နိုင်ပြီး သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြသည်ကို ကြားနိုင်၏။ ထို့နောက် လူတစ်ယောက်မှာ ထိုအက်ကွဲကြောင်းကြီး၏အနီးသို့ အလျင်အမြန် ရောက်လာပြီး ၎င်းအား ပိတ်ဆို့နိုင်ရန် ကြိုးပမ်းလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ ဖျတ်ခနဲလက်သွားပြီး သူသည် သူ၏အရှိန်ကို လျှော့ချခြင်းမရှိဘဲ ပို၍ပင် မြှင့်တင်လိုက်၏။ ထို့နောက် သူသည် အော်ဟစ်ကြိမ်းဝါးကာ ထိုအက်ကွဲကြောင်းကြီးဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်သဖြင့် တရွှီရွှီမြည်သံများပင် ပေါ်ထွက်လာ၏။
သူသည် အလွန် မြန်ဆန်လွန်းနေသည်။ ထိုအက်ကွဲကြောင်းနားသို့ ရောက်သွားသောအခါ အတွင်းထဲတွင် သမင်ဖြူတာအိုကျောင်း ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည့် လူထွားကြီးတစ်ယောက် ရှိနေသည်ကို မြင်လိုက်ရသည်။ သူသည် သူ၏ခန္ဓာကိုယ်နီးပါး မြင့်မားသော ဒိုင်းကာကြီးတစ်ခုကို ကိုင်ကာ ထိုအက်ကွဲကြောင်းကြီးကို ပိတ်ဆို့ထား၏။ ဝမ်ပေါင်လဲ့မှာ သူ၏နောက်တွင်ရှိနေသည်ကို အာရုံခံမိလိုက်သောအခါ သူ၏ သူငယ်အိမ်များမှာ ကျဉ်းမြောင်းသွားပြီး သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
” လစ်လိုက်တော့ ”
” ဆုတောင်းလေ ”
ဝမ်ပေါင်လဲ့ကလည်း ထိုလူထွားကြီးထက် ပို၍ပင်ကျယ်လောင်သော အသံဖြင့် ဒေါသတကြီး အော်ပြောလိုက်သည်။ သူသည် ထိုကဲ့သို့ အော်ဟစ်ရင်း သူ၏ညာလက်ကိုမြှောက်ကာ ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ထိုအခါ သူ၏ ပတ်ပတ်လည်မှ ဝိညာဉ်ချီများမှာ ချက်ချင်းပင် စုပ်ယူခံလိုက်ရပြီး သူသည် ထိုးနှက်လိုက်သဖြင့် သူ၏ လက်အိတ်ကြီးမှာ ပေါက်ကွဲသွားတော့သည်။
သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များကလည်း ရွေ့လျားလာကြပြီး ထိုလက်အိတ်ကြီးထဲသို့ စီးဝင်သွားကြသောကြောင့် ၎င်း၏ အနက်ရောင်အလင်းမှာ ပို၍ပင် တောက်ပလာ၏။ သူသည် ကြယ်ပျံတစ်လုံးကဲ့သို့ ထိုလူထွားကြီး၏ ဒိုင်းကာကို အရှိန်ပြင်းစွာ ဝင်တိုက်လိုက်သဖြင့် အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာတော့သည်။
၎င်းမှာ အတွင်းဘက်နှင့် အပြင်ဘက်ရှိ ဝိညာဉ်ချီများကို ထိန်းချုပ်ရာမှ ထွက်ပေါ်လာသော လှိုင်းများ၏ စွမ်းအားဖြစ်ပြီး ထိုစွမ်းအားမှာ ကိုးလက်မဝိညာဉ်အမြစ်ထက် များစွာပို၍ သာလွန်၏။ ထိုစွမ်းအားများ ပေါ်ထွက်လာသောအခါ အလွန် ကျယ်လောင်သော အသံများ မြည်ဟည်းသွားသောကြောင့် ကမ္ဘာကြီးပင်လျှင် တုန်ရီသွားရတော့သည်။ ထိုလူထွားကြီးရှေ့ရှိ ဒိုင်းကာကြီးမှာလည်း ထိုစွမ်းအားကို ခုခံနိုင်ခြင်းမရှိဘဲ ချက်ချင်းပင် တစ်စစီ ကြေမွပျက်စီးသွားရ၏။ ထို့နောက် သမင်ဖြူတာအိုကျောင်းမှ လူထွားကြီးမှာ ရဲရဲနီနေသော သွေးစိမ်းများ အန်ထွက်လာပြီး နာကျည်းစွာ အော်ဟစ်မြည်တမ်းကာ သူ၏ ခန္ဓာကိုယ်မှာ တလိမ့်ခေါက်ကွေး ဖြစ်သွားပြီး နောက်သို့ ပေတစ်ရာကျော်အထိ ဆုတ်ခွာသွား၏။
ထိုလူကြီး နောက်သို့ ဆုတ်ခွာသွားသောအခါ ဝမ်ပေါင်လဲ့မှာ အက်ကွဲကြောင်းထဲမှနေ၍ ထွက်ပေါ်လာပြီး အပြာရောင်အလင်းများ ထုတ်လွှတ်ပေးနေသည့် နေရာထဲသို့ ရောက်သွား၏။
ဝမ်ပေါင်လဲ့မှာ ဘေးဘီဝဲယာအား သေသေချာချာ အကဲခတ်လိုက်ပြီးနောက် ကယောင်ချောက်ချားဖြစ်သွားကာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရသလို အသက်ပင်မရှူနိုင်တော့ပေ။
သူ ပထမဆုံး သတိထားမိလိုက်သည့် အချက်မှာ ထိုနေရာကြီးသည် ဘဲဥပုံသဏ္ဍာန် ရှိနေပြီး လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြူခိုးများက နေရာအများစုကို ဖုံးအုပ်ထားကြပြီး အရပ်မျက်နှာအနှံ့မှနေ၍ ဝန်းရံထားသည်ကို မြင်လိုက်ရသည်။
ကံကောင်းသည်မှာ ထိုနေရာမှာ လင်းလက်နေသောကြောင့် မြေကြီးပေါ်ရှိ ကြီမားသော တူးမြောင်းကြီးများကို မြင်နေရ၏။ ထို တူးမြောင်းကြီးမှာ တစ်ခုအပေါ်တစ်ခု ဖြတ်သွားနေကြပြီး မန္တန်အစီအရင်တစ်ခုနှင့် ဆင်တူနေ၏။
ထို မန္တန်အစီအရင်ထဲတွင် ရုပ်ထုများ စုဝေးနေကြ၏။ ၎င်းတို့ထဲမှ အများစုမှာ ကျိုးပဲ့ပျက်စီးနေကြပြီ ဖြစ်သော်လည်း ၎င်းတို့၏ ပုံစံများကို မြင်နေရဆဲပင်။ ၎င်းတို့အားလုံးမှာ ဒူးထောက်နေကြပြီး ဘုရားဝတ်ပြုနေကြသည့်အလား ၎င်းတို့အားလုံး၏ မျက်နှာအမူအရာများမှာ အလွန် ရိုးသားဖြူစင်နေကြ၏။ သူတို့ ဒူးထောက်ကာ ကြည့်နေသည့်ဘက်တွင်မူ….
ကျောက်စိမ်းဖြင့်ပြုလုပ်ထားသော ပဉ္စဂံပုံ ယဇ်ပလ္လင်ကြီးတစ်ခု ရှိနေ၏။ ယဇ်ပလ္လင်တွင် အပေါ်သို့ တက်နိုင်သော လှေကားများပါ ရှိနေပြီး ၎င်း၏ အရွယ်အစားမှာ အဆမတန် ကြီးမားလွန်းသောကြောင့် မန္တန်အစီအရင်၏ တစ်ဝက်ကျော်အထိ နေရာယူထား၏။ ဘဲဥပုံစံဖြစ်နေသော ထိုအခန်းကြီးတစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင်မူ ၎င်းမှာ အခန်း၏ သုံးဆယ်ရာခိုင်နှုန်းကျော်အထိ ရှိနေ၏။
သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ယဇ်ပလ္လင်ပေါ်သို့ တက်နိုင်သည့် လှေကားထစ်ချိုးပေါင်း ကိုးခုအထိ ရှိနေသည်ကို မြင်နိုင်သည်။ လှေကားထစ်တစ်ချိုးစီတိုင်းတွင် အစီအရင်ကမ္ဗည်းစာလုံးများကို ရေးထိုးထားပြီး ယဇ်ပလ္လင်ကြီး၏ အမြင့်ဆုံးနေရာတွင် လှံရှည်ကြီးတစ်ချောင်း လေပေါ်တွင် မျောလွင့်နေ၏။
ထိုလှံရှည်ကြီးမှာ တဖိတ်ဖိတ်တောက်ပနေပြီး ၎င်းကိုရစ်ပတ်ထားသည့် အမှတ်အသားများမှာလည်း လင်းလက်နေ၏။ ဤကမ္ဘာပေါ်တွင် ထိုကဲ့သို့သော လှံမျိုး တစ်ချောင်းတည်းသာ ရှိမည့်ပုံပေါ်ပြီး ၎င်းမှာ လူတစ်ယောက်ကို အံ့အားသင့်သွားစေနိုင်လောက်အောင် ထူးကဲသော အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေ၏။ ၎င်းမှာ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးသော ရတနာတစ်ခုပင် ဖြစ်ရပေမည်။