Switch Mode

အခန်း ( ၁၁၂ )

ရတနာများ လိုက်လံရှာဖွေခြင်း

အဝေးမှ ကြည့်လိုက်ပါက ထိုဓားကျိုးတောင်ကြီးမှာ ခံ့ညားထည်ဝါနေပြီး ကောင်းကင်ကြီးကိုပင် လွှမ်းမိုးထားသည်ဟု ထင်ရ၏။

လက်ရှိကမ္ဘာမြေပေါ်ရှိ ရှာဖွေတွေ့ရှိထားသမျှ ကြေးညိုရောင် ရှေးဟောင်းကြေးဓားကြီး၏ အပိုင်းအစများထဲမှ အကြီးဆုံးအဖြစ် သတ်မှတ်ခံထားရသော ထိုတောင်ကြီး၏ သက်တမ်းမှာ သုံးဆယ့်ရှစ်နှစ်တိတိ ရှိနေပြီဖြစ်သည်။ ၎င်းမှာ ကမ္ဘာကြီးပေါ်တွင် ကျင့်ကြံခြင်းလူနေမှုအဖွဲ့အစည်း ပေါက်ဖွားလာခဲ့သည့် အချိန်ကတည်းက ရှိနေခဲ့ခြင်းလည်း ဖြစ်သည်။ ထို နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း တာအိုကျောင်းကြီးလေးကျောင်းမှ ရှေးဟောင်းသိုင်းအဆင့်ရှိ ထိပ်သီးပညာရှင်များစွာ ထိုတောင်ကြီးဆီသို့ အလည်အပတ်သွားခွင့် ရခဲ့ကြသည်ဖြစ်ပြီး နောက်ဆုံးတွင် ပြည်ထောင်စုကြီး၏ အဓိကထောက်တိုင်များ အဖြစ်သို့ ရောက်နေကြပြီ ဖြစ်သည်။

ထိုတောင်ကြီးမှာ အလွန် ခံ့ညားထည်ဝါ၏။ ၎င်းမှာ လက်ရှိနေရာသို့ ကျဆင်းလာခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က မြေပြင်ကြီးကို ရိုက်ခတ်သွားခဲ့သဖြင့် ကန္တာရကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားစေခဲ့သော လေမုန်တိုင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။ နှစ်ပေါင်းများစွာ ကြာပြီးသွားသော အခါမှသာ ထိုလေမုန်တိုင်းကြီးမှာ ပြန်လည်ငြိမ်သက်သွားခဲ့၏။ ထိုလေမုန်တိုင်းကြီး ငြိမ်သက်ပျောက်ကွယ်သွားပြီးသည့်တိုင်အောင် ကျန်ရစ်နေခဲ့သည့် သံလိုက်စက်ကွင်းမှ ကျင့်ကြံသူများကြားတွင် နာမည်ကျော်ကြားသော ဝိညာဉ်အမြစ်ရွာကို ဖန်တီးပေးခဲ့၏။

တာအိုကျောင်းကြီးလေးကျောင်း ရှာဖွေတွေ့ရှိခြင်း မရှိသေးသည့် ရင်းမြစ်ပစ္စည်းများ၊ ကျင့်ကြံခြင်းပညာရပ်များ၊ ဆေးလုံးများ၊ ဓမ္မရတနာများနှင့် အခြားသော ရတနာများစွာမှာ ထိုဓားကျိုးတောင်ကြီးထဲတွင် ရှိနေကြဆဲပင်။

ထို့ကြောင့် ထိုတောင်ကြီးထဲသို့ ဝင်ခွင့်ရသည့်အချိန်သို့ ရောက်တိုင်း ကျောင်းသားများမှာ အထဲသို့ ဝင်ရောက်ပြီး သူတို့၏ စူးစမ်းရှာဖွေခြင်းတာဝန်ကို အောင်မြင်စွာထမ်းရွက်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးပမ်းကြ၏။

ဝမ်ပေါင်လဲ့မှာ ရှေ့သို့ချီတက်ရင်း ထို ဓားကျိုးတောင်ကြီးကို စိုက်ကြည့်ကာ အလွန် စိတ်လှုပ်ရှားနေတော့သည်။ သူသည် ထိုတောင်ကြီးအပေါ်သို့ အာရုံအပြည့် စိုက်ထားပြီး ၎င်း၏အနီးသို့ ရောက်လေလေ ၎င်းမှာ ပို၍ ခံ့ညားထည်ဝါလေလေ ဖြစ်နေ၏။

ထိုတောင်ကြီးမှာ ဝမ်ပေါင်လဲ့ ဘဝတစ်လျှောက် မြင်ခဲ့ရသော အခြားတောင်များအားလုံးထက် အဆပေါင်းများစွာ ပို၍မြင့်မားနေ၏။ သူသည် ထိုတောင်ကြီး၏ ထိပ်ကိုပင် လှမ်း၍ မမြင်နိုင်သောကြောင့် ၎င်း၏ရှေ့တွင်ရပ်ရင်း စိတ်နှလုံးထဲတွင် သိမ်ငယ်စိတ်များပင် ပေါ်ထွက်လာ၏။

ထိုဓားကျိုးတောင်ကြီး၏ မျက်နှာပြင်ပေါ်တွင် ဇောက်အမျိုးမျိုး ရှိသော အက်ကွဲကြောင်းများကိုလည်း မြင်နိုင်၏။ ထိုအက်ကွဲကြောင်းများထဲမှ တချို့မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ပေါ်ပေါက်လာခြင်း ဖြစ်ပါသော်လည်း အများစုမှာမူ ရှေးယခင်ကတည်းက ရှိနေခဲ့ဟန်တူသည်။

ထိုအက်ကွဲကြောင်းများမှာ မျက်နှာပေါ်ရှိ အရေးကြောင်းများနှင့် ဆင်တူနေသောကြောင့် အသက်အရွယ်ရလာသဖြင့် ပင်ပန်နွမ်းနယ်မှုဒဏ်များကို ခံစားနေရသည့် အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသကဲ့သို့ပင်။ ၎င်းတို့ကို ကြည့်လိုက်ပါက ကုန်ဆုံးသွားခဲ့ပြီးဖြစ်သော နှစ်ထောင်ပေါင်းများစွာမှ အရိပ်အယောင်များကို ပြန်၍ ကြည့်နေရသည့်အလား ခံစားလိုက်ရမည် ဖြစ်သည်။

ထိုတောင်ကြီး၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်လောက်အောင် များပြားသော တလက်လက်တောက်ပနေသည့် ကျောက်စာများ ရှိနေ၏။ ထိုတလက်လက်တောက်ပနေသော အလင်းတန်းများမှာ လှိုင်းများကဲ့သို့ ဖြစ်နေကြ၏။ ၎င်းတို့မှာ စတင်ပေါ်ထွက်လာခဲ့သည့် အချိန်တုန်းကလောက် လင်းလက်နေခြင်း မရှိတော့ပါသော်လည်း အကွာအဝေးတစ်ခုအထိ ပျံ့နှံ့နေကြဆဲပင်။

တောင်ခြေတွင်မူ တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားများမှာ ဝင်ချည်ထွက်ချည် လုပ်နေကြ၏။ ဓားကျိုးတောင်ကြီးပေါ်တွင် ရှိနေသော အက်ကွဲကြောင်းများမှာ ဝင်ပေါက်များ ဖြစ်ကြပြီး ၎င်းတို့ထဲမှ ပေခုနစ်ဆယ်ကျော် ရှည်လျားပြီး ပေနှစ်ဆယ်ခန့် ကျယ်ဝန်းသော အက်ကွဲကြောင်းကြီးတစ်ခုမှာ မြေပြင်နှင့် အနီးဆုံးနေရာတွင် ရှိနေ၏။

၎င်းမှာ အကြီးမားဆုံး ဝင်ပေါက်ကြီးဖြစ်ပြီး ကျောင်းသားအများစုမှာ ထိုအပေါက်မှတစ်ဆင့် တောင်ထဲသို့ ဝင်ရောက်နေကြခြင်း ဖြစ်သည်။

လူပေါင်းများစွာ တောင်ကြီးထဲသို့ အတင်းဇွတ်တိုး၍ ဝင်နေကြပြီး နောက်ထပ်လူပေါင်းများစွာမှာ သံလိုက်စက်ကွင်းကြီး၏ ဝန်းရံခြင်းကို ခံလိုက်ရပြီးနောက် ချက်ချင်းပင် တွန်းထုတ်ခံနေရသည်ကို မြင်နိုင်၏။

ထိုကဲ့သို့ တွန်းထုတ်ခံလိုက်ရသည့် လူများထဲမှ အနည်းစုသာလျှင် လက်ဗလာဖြင့် ပြန်ထွက်သွားရသည်။ အများစုမှာ အရာဝတ္ထုပစ္စည်းတချို့ကို ကိုင်ဆောင်ထားကြ၏။ ၎င်းတို့မှာ အကျိုးအပဲ့များသာ ဖြစ်ကြသည့်ပုံ ပေါ်သော်လည်း ကျောင်းသားများ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များကို အတိုင်းသား မြင်နေရ၏။

တာအိုကျောင်းကြီးလေးကျောင်းမှာ မိမိတို့၏ ကျောင်းသားများကို အားတက်စေလိုသောကြောင့် သူတို့အား ထိုတောင်ကြီးထဲမှ ရယူနိုင်ခဲ့သော ပစ္စည်းများ၏ တစ်စိတ်တစ်ပိုင်းကို ရယူခံစားခွင့်ပေးမည်ဟု မက်လုံးပေးကာ ဆွဲဆောင်ခဲ့ကြ၏။ ထို့ကြောင့် ထိုကျောင်းသားများမှာ သူတို့၏တာဝန်များကို စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တပျော်တပါး ထမ်းဆောင်နေကြခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် ထိုဓားကျိုးတောင်ကြီးဆီမှ ရယူနိုင်သောပစ္စည်းများမှာ အခြားအရာများနှင့် မတူဘဲ ထူးခြားနေသောကြောင့် ၎င်းတို့ကို သိုလှောင်ပစ္စည်းတစ်ခုခုထဲတွင် ထည့်သွင်း၍ မရနိုင်ပေ။ ထို့ကြောင့် တာအိုကျောင်းကြီးလေးကျောင်းမှာ ကျောင်းသားများ လောဘတက်နေမည်ကို စိတ်ပူနေရန် မလိုပေ။ အရာအားလုံးမှာ အတိုင်းအတာတစ်ခုအထိ မျှမျှတတ ရှိသည်ဟု ဆိုနိုင်သောကြောင့် ဤတာဝန်မှာ တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားများအတွက် မိမိတို့၏ ကံကြမ္မာများကို ပြောင်းလဲခွင့်ရနိုင်မည့် အခွင့်အရေးကြီးတစ်ခု ဖြစ်သည်။

အာနာပါနအဆင့်သို့ ရောက်ရှိပြီးနောက် ဤအခွင့်အရေးအား ရနိုင်၊ မရနိုင်မှာ မိမိ၏ ကံကြမ္မာအပေါ်တွင်သာ မူတည်၏။ ထိုတောင်ကြီးဆီမှ ရတနာများကို ရရှိခဲ့ဖူးသည့် လူများစွာ ရှိခဲ့ဖူးသည်။ အမှန်အတိုင်းဆိုရလျှင် ထိုတောင်ကြီးထဲသို့ ဝင်ခွင့်ရသည့်အချိန်တိုင်း ထိုကဲ့သို့ ရတနာများ ရယူနိုင်ခဲ့သည့်လူများ ပေါ်ထွက်လာခဲ့သည်သာ ဖြစ်သည်။ အထင်အရှားဆုံး ဖြစ်ရပ်ကြီးမှာမူ သမင်ဖြူတာအိုကျောင်း၏ ကျောင်းသားဟောင်းတစ်ယောက်ဖြစ်ခဲ့သည့် လက်ရှိ ပြည်ထောင်စုဥက္ကဋ္ဌကြီး၏ ဖြစ်ရပ်ပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က သူသည် ထိုတောင်ကြီးဆီမှ ဒဏ္ဍာရီလာ မသေဆေးလုံးတစ်လုံးကို ရယူနိုင်ခဲ့၏။

ဝမ်ပေါင်လဲ့မှာ သံလိုက်စက်ကွင်း၏ ဝန်းရံခြင်းကို ခံလိုက်ရပြီး တောင်ထဲမှ တွန်းထုတ်ခံလိုက်ရသော ကျင့်ကြံသူများကိုကြည့်ရင်း နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ထိုဓားကျိုးတောင်ကြီး၏ ဝင်ပေါက်ဆီသို့ ပြေးသွားရန် ပြင်လိုက်၏။ သို့သော် ထိုအခိုက်အတန့်တွင် ဝင်ပေါက်ကြီး၏ အနီး၌ လူတချို့မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

” သူ့ ရင်ခွင်ထဲမှာ ပွေ့လာတာကြီးက ဘာကြီးလည်းဟ။ သောက်ကျိုးနဲ အပင်တစ်ပင်ပါလား။ အသက်လည်း ရှိနေသေးတယ် ”

” ဒီကောင်ကတော့ ထောပြီဟေ့ ”

” အဲဒီအပင်က မသေဆေးလုံးတစ်လုံး မဟုတ်ပေမဲ့ အဖိုးတန်တဲ့ သဘာဝရတနာတစ်ခုခု ဖြစ်နေမှာ သေချာပေါက်ပဲ ”

ထိုကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့် လူအုပ်ကြီးထဲတွင် သမင်ဖြူတာအိုကျောင်းမှ ကျောင်းသားတစ်ယောက်မှာ သံလိုက်စက်ကွင်း အလင်းတန်းများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး ဝင်ပေါက်အပြင်ဘက်သို့ တွန်းထုတ်ခံလိုက်ရ၏။ သူသည် အလွန် စိတ်လှုပ်ရှားနေပြီး ခြောက်လက်မဝိညာဉ်အမြစ်နှင့်သာ အာနာပါနအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါသော်လည်း သူ၏ ရင်ခွင်ထဲတွင် သုံးရောင်ခြယ် အပင်တစ်မျိုးကို ပွေ့ပိုက်ထား၏။ ထိုအပင်ပေါ်တွင် ပေါက်နေသော သစ်သီးတစ်လုံးဆိုလျှင် မွှေးရနံ့တစ်မျိုးကိုပင် ထုတ်လွှတ်နေ၏။

သူ၏ ပေါ်ပေါက်လာမှုမှာ ချက်ချင်းပင် လူအားလုံး၏ အာရုံကို ဖမ်းစားလိုက်သဖြင့် လူအုပ်ကြီးထဲတွင် ဆွေးနွေးငြင်းခုံသံများနှင့် တီးတိုးစကားသံများဖြင့် ပြည့်နှက်သွားတော့သည်။ သမင်ဖြူတာအိုကျောင်းမှ ကျောင်းသားမှာမူ သူသည် ဓားကျိုးတောင်ကြီးထဲမှ တွန်းထုတ်ခံလိုက်ရပြီဖြစ်ကြောင်း ရိပ်မိသွားသောအခါ ရယ်မောရင်း လေထဲတွင် ယိမ်းထိုးနေတော့သည်။

ထိုမြင်ကွင်းကို မျက်ဝါးထင်ထင်မြင်လိုက်ရသည့် လူတိုင်းမှာ ပို၍ပင် စိတ်ဓာတ်များ တက်ကြွလာကြပြီး ထို ဓားကျိုးတောင်ကြီးထဲသို့ ပို၍ပင် လျင်မြန်စွာ ပြေးဝင်သွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ရင်ခွင်ထဲတွင် အပင်တစ်ပင်ကို ပွေ့ရင်း ထွက်ခွာသွားသည့် သမင်ဖြူတာအိုကျောင်းမှ ကျောင်းသားကို မြင်လိုက်ရပြီးနောက် အခြားသူများကဲ့သို့ပင် စိတ်ဓာတ်တက်ကြွသွား၏။ သူ၏မျက်လုံးထဲတွင် ဓားကျိုးတောင်ကြီးမှာ ရတနာသိုက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

” စိတ်ကြိုက် သိမ်းပိုက်ရမယ့် အချိန်ပဲဟေ့ ”
ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ အရောင်တောက်လာပြီး သူသည် ဓားကျိုးတောင်ကြီးဆီ ပြေးသွားလိုက်၏။ ထို့နောက် သူသည် လူများစွာကို ကျော်တက်ကာ ထိုအက်ကွဲကြောင်းထဲသို့ ဝင်သွား၏။ သူ အထဲသို့ ဝင်သွားလိုက်သောအခါ အလင်းတန်းများမှာ သိသိသာသာ မှေးမှိန်သွားပါသော်လည်း အလင်းရောင် ပြောင်းလဲမှုကို ကျင့်သားရသွားပြီနောက် သူ၏ ဘေးနားတစ်ဝိုက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်း ရှိသွား၏။

ထိုနေရာကြီးမှာ နတ်ဝိဇ္ဇာဂူကြီးတစ်လုံးနှင့် တူပြီး လျှို့ဝှက်အခန်း ဆယ်ခန်းကျော်အထိ ရှိနေ၏။ ထိုအခန်းများမှာ ပျက်စီးနေပြီဖြစ်သောကြောင့် အပေါက်များ ပွင့်နေကြသည်။ ကျောင်းသားအများစု အသုံးပြုနေကြသည့် ဝင်ပေါက်ကြီးမှာ ထို နတ်ဝိဇ္ဇာဂူကြီးထဲရှိ လျှို့ဝှက်အခန်းတစ်ခန်း၏ နံရံထဲရှိ အပေါက်တစ်ပေါက် ဖြစ်နေသည့်ပုံပင်။

ဘယ်ဘက်တွင်မူ စက်ဝိုင်းပုံသဏ္ဌာန် လမ်းတစ်ခု ရှိနေ၏။ ထိုလမ်းမှာ ပေ‌တစ်ထောင်ကျော် ကျယ်ဝန်းသည်။ ထိုလမ်း၏အဆုံးကို လှမ်းမမြင်နိုင်သလို ဤနေရာသို့ ရောက်လာကြသည့် လူများမှာ ပတ်ပတ်လည်ရှိ လျှို့ဝှက်အခန်းများအား စူးစမ်းရှာဖွေခြင်း မရှိကြဘဲ ထိုလမ်းဆီသို့သာ တန်း၍ ပြေးသွားကြသည်။

” တော်တော်ကြီးကို ပြောင်သလင်းခါနေတာပဲ ”
ဝမ်ပေါင်လဲ့မှာ ဘေးဘီဝဲယာအား အကဲခတ်လိုက်ပြီး လျှို့ဝှက်အခန်းများထဲသို့ လှမ်း၍ကြည့်လိုက်သည်။ ထိုအခန်းထဲရှိ အရာအားလုံးမှာ ယခင်က လောက်များ၏ ဝါးမျိုစားသုံးခြင်းကို ခံခဲ့ရသကဲ့သို့ ပြောင်သလင်းခါနေ၏။ ကြမ်းပြင်ပေါ်တွင် ကျောက်တုံး တစ်တုံးပင် ရှိမနေပေ။

လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ဝိညာဉ်အမြစ်ရွာမှာ အကြိမ်ပေါင်းများစွာ ပွင့်ခဲ့သည်ဖြစ်ရာ ထိုစဉ်က ဝင်ရောက်ခဲ့ကြသည့် လူများမှာ ဝင်ပေါက်အနီးရှိ နေရာများကို မြေလှန်ကာ ရှာဖွေခဲ့ကြသည့် ပုံပင်။ အကယ်၍ ဤနေရာမှ ပစ္စည်းတစ်ခုခုကို လိုချင်ပါက အတွင်းထဲအထိ သွားရမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှပင် တွေဝေတုံ့ဆိုင်းနေခြင်း မရှိပေ။ သူသည် ထိုလမ်းဆီသို့ အမြန်ဆုံး ပြေးသွားလိုက်၏။ လမ်းတစ်လျှောက်လုံးတွင်လည်း ထိုလမ်းကြီး၏ တစ်ဖက်တစ်ချက်ဆီတွင် အခန်းပေါင်း မြောက်များစွာရှိနေသည်ကို မြင်ခဲ့ရ၏။ ထိုအခန်းများ အားလုံးမှာ အတော်အသင့် ကျယ်ဝန်းပါသော်လည်း ပြောင်သလင်း ခါနေကြပြီဖြစ်သည်။ ထို့အပြင် လမ်းခွဲတချို့လည်း ရှိနေသောကြောင့် ထိုနေရာကြီး တစ်ခုလုံးမှာ ဝင်္ကပါတစ်ခုနှင့်ပင် ဆင်တူနေတော့သည်။

လူများမှာ ထိုနေရာထဲမှ မရပ်မနား ပေါ်ထွက်လာနေကြပြီး သူတို့မှာ ထိုဝင်္ကပါထဲ၌ လမ်းပျောက်သွားမည်ကို စိုးရိမ်နေခြင်း အလျင်းမရှိကြသည့် ပုံပင်။

” ကြည့်ရတာ ရှေ့ဆက်သွားမှပဲ ရတနာတွေကို ရှာတွေ့မယ်ထင်တယ် ”
ဝမ်ပေါင်လဲ့မှာ ဘေးဘီဝဲယာအား အကဲခတ်လိုက်ပြီး အရှိန်လျော့ကျသွားခြင်းမရှိဘဲ ရှေ့သို့ဆက်၍ ချီတက်သွား၏။ ထို့နောက် တဖြည်းဖြည်းနှင့် သူ၏ရှေ့တွင် လူများ တိုက်ခိုက်နေကြည့်အသံများကို ကြားလာရ၏။ ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်လက်သွားပြီး သူသည် ထိုအသံများ ထွက်ပေါ်လာသည့်ဘက်သို့ ဦးတည်သွားလိုက်သောအခါ ကြီးမားကျယ်ဝန်းသော နေရာကြီးတစ်ခုဆီသို့ ရောက်ရှိသွား၏။

ထိုနေရာကြီးမှာ ပျက်စီးနေသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ ဘေးဘီဝဲယာသို့ အကဲခတ်ကြည့်လိုက်သောအခါ ပြိုလဲနေသော အဆောက်အဦများနှင့် သူ မမြင်ဖူးသော ပစ္စည်းကိရိယာများကို မြေကြီးပေါ်တွင် မြင်လိုက်ရသည်။ တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသား ဆယ်ယောက်ကျော်မှာ ထိုပစ္စည်းများကို အမြန်ဆုံး ကောက်ယူနေကြပြီး သူတို့ထဲမှ ခုနစ်ယောက် ရှစ်ယောက်လောက်မှာ အသံကုန်အော်ဟစ်ရင်း တိုက်ခိုက်နေကြသည်။

တစ်ခါတရံတွင် လူတချို့မှာ ထိုပစ္စည်းများကို ဝမ်းသာအားရ ပွေ့ပိုက်ထားရင်း သံလိုက်စက်ကွင်းကြီးကြောင့် ဂူကြီး၏အပြင်ဘက်သို့ တွန်းထုတ်ခံလိုက်ရ၏။ တချိန်တည်းမှာပင် ထိုနေရာသို့ ဝမ်ပေါင်လဲ့၏နောက်မှ ရောက်ရှိလာပြီး မြင်မြင်သမျှ အရာအားလုံးကို ကောက်ယူနေကြသည့် လူများလည်း ရှိသေးသည်။

” ဓားပြတိုက်နေကြတာလားဟ ”

ထိုကဲ့သို့ ပရမ်းပတာဖြစ်နေသည့် မြင်ကွင်းများကို ကြည့်ကာ ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်လိုက်ပြီး ရှေ့သို့ဆက်၍ ပြေးသွားလိုက်သည်။ တခဏအကြာတွင် သူသည် လက်ဆွဲ ရေပုံးတစ်ပုံးနှင့်တူသော ပစ္စည်းတစ်ခုကို ရှာတွေ့သွား၏။ ၎င်းမှာ ရေပုံးတစ်ပုံးနှင့်သာ တူပါသော်လည်း အရွယ်အစားကြီးမားပြီး ၎င်း၏ ပတ်ပတ်လည်တွင် ညီညီညာညာ ဖောက်ထားသော အပေါက်ကလေးများ အတန်းလိုက် ရှိနေ၏။ ထို့ကြောင့် အထဲသို့ ရေထည့်လိုက်မည်ဆိုပါက စိမ့်ထွက်လာမည်သာ ဖြစ်သည်။ သို့သော် ၎င်းကို လက်ဆွဲရေပုံးတစ်ပုံးဟု မသတ်မှတ်ပါက အခြားမည်ကဲ့သို့ အသုံးပြုနိုင်မည်ကို ဝမ်ပေါင်လဲ့က မသိနိုင်လောက်အောင် ဖြစ်နေရသည်။ သို့သော် သူသည် ၎င်းအား သူ၏ ရင်ခွင်ထဲ၌ ပွေ့ထားလိုက်ပြီး သိုလှောင်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုရန် တွေးလိုက်၏။ ထို့နောက် သူသည် အခြားနေရာတစ်ခုသို့ ပြေးထွက်သွား၏။

လူအများစုမှာ အခြားသူများဆီမှ ပစ္စည်းများ လုယူနေရန် အချိန်မရှိကြပေ။ သို့သော် ထိုကဲ့သို့ လုယူရသည်ကို သဘောတွေ့ကြသည့် လူတချို့လည်း ရှိနေဆဲပင်။ ဝမ်ပေါင်လဲ့မှာ ပစ္စည်းများရှာဖွေနေရင်း ထိုကဲ့သို့သော လူတစ်ယောက်နှင့် ကြုံခဲ့ရ၏။

ထိုသူမှာ သမင်ဖြူတာအိုကျောင်းမှ ဖြစ်သည်။ သူသည် သံလိုက်စက်ကွင်း၏ ဝန်းရံခြင်းကို ခံထားရသောကြောင့် တွန်းထုတ်ခံရတော့မည်ဖြစ်သည်။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ ရှေ့ရှိ လက်သီးဆုပ်အရွယ်အစားခန့်ရှိသော သတ္တုတုံးတစ်တုံးကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားကာ ရှေ့သို့ပြေးလာပြီး ၎င်းအား ကောက်ယူလိုက်၏။

” သတ္တိကောင်းနေတယ်ပေါ့ ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာ သူ့အား စိုက်ကြည့်ကာ ရေရွတ်လိုက်၏။ ထို့နောက် သူသည် လက်ဆွဲရေပုံးကို ပွေ့ပိုက်ကာ အမြန်ဆုံးသော အရှိန်ဖြင့် ပြေးထွက်သွားလိုက်ပြီး ထိုသမင်ဖြူတာအိုကျောင်းမှ ကျောင်းသားကို အားပါပါ ကန်ကျောက်လိုက်၏။ ထို့ကြောင့် ထိုကျောင်းသားမှာ နာကျည်းစွာ အော်ဟစ်မြည်တမ်းလိုက်ရပြီး သူ၏ ရင်ခွင်ထဲတွင် ပိုက်ထားသော ပစ္စည်းများအားလုံး မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။

ထို့ကြောင့် သူသည် ချက်ချင်းပင် စိုးရိမ်သောက ရောက်သွားရတော့သည်။ သူသည် ထိုပစ္စည်းများကို ပြန်လည် ကောက်ယူချင်ပါသော်လည်း သံလိုက်စက်ကွင်း၏ ဝန်းရံခြင်းကို ခံထားရသည်ဖြစ်ရာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ လေပေါ်သို့ မြောက်တက်သွား၏။ ထို့နောက် သူသည် မကျေမချမ်းနှင့် ဒေါတသကြီး အော်ဟစ်နေရင်း အတင်းအဓမ္မ တွန်းထုတ်ခံလိုက်ရတော့သည်။

ဝမ်ပေါင်လဲ့မှာမူ နှာမှုတ်လိုက်ပြီး ရှေ့သို့လှမ်း၍ ကျန်ရစ်ခဲ့သော ပစ္စည်းများကို ကောက်ယူကာ ရေပုံးထဲသို့ ပစ်ထည့်လိုက်၏။ ထို့နောက် သူသည် နာရီဝက်တိတိ ပြေးလွှားကာ မရပ်မနား ရှာဖွေလိုက်ပြီးနောက် ထို အပျက်အစီးများထဲမှ ထွက်ခွာလာတော့သည်။ လမ်းတစ်လျှောက်တွင် ထိုကဲ့သို့သော နေရာမျိုး သုံးခုတိတိ ကျော်ဖြတ်လာပြီးနောက် ထိုနေရာတွင် ရှိနေသော လူအရေအတွက်မှာလည်း လျော့နည်းလာ၏။

သူ ရှာဖွေတွေ့ရှိခဲ့သည့် ထူးဆန်းသော ပစ္စည်းများမှာလည်း တဖြည်းဖြည်းနှင့် ပို၍များလာ၏။ သူသည် ထိုပစ္စည်းအများစုကို လက်ဆွဲရေပုံးထဲသို့ ပစ်ထည့်ခဲ့သောကြောင့် ၎င်းတို့မှာ တောင်ငယ်လေးတစ်လုံးကဲ့သို့ စုပုံနေတော့သည်။

ထို့နောက် သူသည် ရှေ့သို့ဆက်သွားရင်း ခပ်လှမ်းလှမ်းတွင် လုံးဝန်းသော ဘောလုံးတစ်လုံးကို မြင်လိုက်ရ၏။

Comment

Leave a Reply

Options

not work with dark mode
Reset