ထို ဖျတ်ခနဲလက်သွားသော ခရမ်းရောင် အလင်းတန်းထဲတွင် ယုတ်မာရက်စက်မှု အငွေ့အသက်များ ကိန်းအောင်းနေပါသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သတိပြန်ရလာသော ဝမ်ပေါင်လဲ့မှာမူ မူးဝေဝေ ဖြစ်နေဆဲပင်။ မှန်ရှိမနေသောကြောင့် သူသည် သူ၏ မျက်လုံးများထဲရှိ ပြောင်းလဲမှုကို မမြင်နိုင်ပေ။
သို့သော် ချက်ချင်းဆိုသလိုပင် သူ၏အသက်ရှူသံမှာ မြန်ဆန်လာ၏။ သူသည် အားစိုက်၍ ခေါင်းငုံ့ကာ သူ၏ခန္ဓာကိုယ်အား စစ်ဆေးလိုက်ပြီးနောက် အရာအားလုံး အကောင်းအတိုင်း ရှိနေသေးကြောင်း သိလိုက်ရသည်။ ထို့နောက် သူသည် ချက်ချင်းပင် မတ်တတ်ထရပ်ကာ ခြေလှမ်းအနည်းငယ်ခန့် လှမ်းကြည့်လိုက်ပြီးနောက် ယခင်ကထက် ပို၍ ဖျတ်လတ်သွက်လက်နေခြင်းမှလွဲ၍ အခြားမည်သည့်အချက်မှ ပြောင်းလဲနေခြင်း မရှိကြောင်း သိလိုက်ရသောအခါမှ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်၏။
” ဘာမှမဖြစ်လို့ တော်သေးတာပေါ့ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးရင်း ဘေးဘီဝဲယာကို အကဲခတ်လိုက်၏။ အစက သူသည် တောင်များဖြင့် ဝန်းရံနေသော တောင်ကြားတစ်ခုထဲတွင် ရှိနေခဲ့ပါသော်လည်း ယခုတွင် ထိုတောင်များအားလုံး လုံးဝ ပျက်စီးသွားကြပြီဖြစ်ပြီး ကျောက်တုံး အကျိုးအပဲ့များသာလျှင် ထိုနေရာတစ်ဝိုက်တွင် ပြန့်ကျဲကာ ကျန်ရစ်ခဲ့၏။ သူ၏ ဂူနှင့် သိပ်မဝေးသော နေရာတွင် ရှိနေခဲ့သည် တောင်ထိပ်ကြီးမှာလည်း ပြားပြားဝပ်သွားပြီ ဖြစ်သည်။
” စောစောက ငါ့ကို တိုက်ခိုက်ခဲ့တာ ဘာကြီးလဲ ”
ထိုအဖြစ်အပျက်အားလုံးကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းခဲလာရ၏။ သူသည် တဖြည်းဖြည်းနှင့် အပြည့်အဝ သတိပြန်လည်လာသောအခါ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး၏ ပုံရိပ်များမှာ သူ၏ အသိစိတ်ထဲတွင် ပြန်၍ ပေါ်လာသောကြောင့် သူ၏ မျက်နှာအမူအရာမှာ အရုပ်ဆိုးသွားတော့သည်။
သူ မှတ်မိသည့် နောက်ဆုံးအရာမှာ သူ ခရမ်းရောင်အလင်းရောင်ကြီးကို ဝါးမျိုခြင်းသစ်စေ့ထဲသို့ စုပ်ယူလိုက်သောကြောင့် သူ၏ ခန္ဓာကိုယ် တုန်ရီသွားပြီး သူသည်လည်း တဖြည်းဖြည်းနှင့် သတိလစ်သွားသည့် အချက်ပင် ဖြစ်သည်။ သူသည် ထိုအခိုက်အတန့်အကြောင်းကို ပြန်၍ တွေးမိလိုက်သောအခါ သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်အမြစ်လုံးဝရှိမနေတော့ဘဲ ထိုနေရာတွင် ဝါးမျိုခြင်းသစ်စေ့၏ အာကာသတွင်းနက်ကြီးက အစားထိုးထားသည်ကို ရုတ်တရက် သတိထားမိလိုက်သဖြင့် သူသည် မျက်လုံးများ ပြူးကျယ်သွားပြီး အံ့သြတုန်လှုပ်သွားတော့သည်။
” သောက်ခွေး … ငါ့ရဲ့ ဝိညာဉ်အမြစ်က ဘယ်မှာလဲဟ။ ငါ့ရဲ့ ကိုးလက်မဝိညာဉ်အမြစ် မရှိတော့ပါလား ”
ဝမ်ပေါင်လဲ့မှာ ခရမ်းရောင်အလင်းရောင်ကြီးနှင့် တိုက်ခိုက်နေခဲ့စဉ်က ဝိညာဉ်အမြစ်မှာ ဝါးမျိုခြင်းသစ်စေ့၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်ဖြစ်ကြောင်း ပြန်၍ အမှတ်ရသွားသဖြင့် သနားစဖွယ် အော်ဟစ်မြည်တမ်းလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။ သူ၏ ရင်ဘတ်ထဲတွင် ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်သွားပြီး သူသည် ငိုချလိုက်ချင်ပါသော်လည်း မျက်ရည်ထွက်မလာခဲ့ပေ။
” ငါ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ပြီးမှ ရခဲ့တဲ့ ကိုးလက်မဝိညာဉ်အမြစ်လေး ”
ဝမ်ပေါင်လဲ့မှာ ဒေါသထွက်ကာ မကျေမချမ်း ဖြစ်နေရတော့သည်။ သူသည် သူ၏ ခန္ဓာကိုယ်အား သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီးနောက် မှင်တက်သွားပြီး အသက်ရှူသံများ မြန်လာတော့သည်။
” မဟုတ်သေးပါဘူးဟ ”
ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် ထိုင်ချလိုက်ပြီး အသက်ပြင်းပြင်းရှူကာ သူ ခံစားလိုက်ရသည့် သူ၏ ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများကို ပြန်၍ အကဲခတ်လိုက်ပြန်သည်။ သူသည် ထိုကဲ့သို့ တွေဝေမိန်းမောကာ ထိုင်နေရင်း တဖြည်းဖြည်းနှင့် သူ၏ မျက်ဝန်းများထဲတွင် နားမလည်နိုင်သည့် အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။
” ဘာတွေ ဖြစ်နေတာလဲကွာ… ”
သူ၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်အမြစ်များ လုံးဝရှိမနေသည်ကို သူက သတိထားမိပါသော်လည်း သူ၏ သွေးကြောအားလုံး သူ ဖောက်ထွက်နေခဲ့စဉ်တုန်းက ခံစားခဲ့ရသည့် ဝိညာဉ်သွေးကြောများအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော် ကွဲပြားခြားနားချက်များလည်း ရှိနေသေးသည်။ ဥပမာတစ်ခု ဆိုရလျှင် သူ လက်ရှိ ပိုင်ဆိုင်ထားသော ဝိညာဉ်သွေးကြောများမှာ ခရမ်းရောင်ဖြစ်နေပြီး ၎င်းတို့မှာ ဝမ်ပေါင်လဲ့ အတိအကျ မခွဲခြားနိုင်သော ထူးဆန်းသည့် အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေကြ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဝေခွဲမရ ဖြစ်သွားရ၏။ အချိန်အနည်းငယ်ခန့် ကြာပြီးနောက် သူသည် သူ၏ ကျင့်ကြံခြင်းကို လှုပ်နှိုး၍ ဘေးပတ်ပတ်လည်ရှိ ဝိညာဉ်ချီများကို စုပ်ယူနိုင်ရန် ကြိုးစားလိုက်၏။ သို့သော် သူ ထို့ကဲ့သို့ကြိုးစားလိုက်သည်နှင့် တစ်ပြိုင်နက် အရပ်မျက်နှာအနှံ့မှ ဝိညာဉ်ချီများမှာ ပုံမှန်ထက်ပင် ပို၍မြန်ဆန်သော အမြန်နှုန်းမျိုးဖြင့် သူ့အား ဗဟိုပြု၍ လည်ပတ်ကာ တစ်ပြိုင်နက်တည်း စုစည်းလာကြပြီး သူ၏ ဝိညာဉ်သွေးကြောများထဲသို့ ဒလဟော စီးဝင်လာကြတော့သည်။
ဝမ်ပေါင်လဲ့ ပို၍ အံ့သြတုန်လှုပ်သွားရသော အချက်မှာ ယခင်က သူ ဝါးမျိုခြင်းသစ်စေ့ကို အသုံးပြုကာ စုပ်ယူခဲ့စဉ်တုန်းက ဝိညာဉ်ချီများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာခဲ့ကြသည် ဖြစ်သော်လည်း ၎င်းတို့မှာ အဆက်မပြတ် ပြန်လည်စိမ့်ထွက်နေခဲ့သည်သာ ဖြစ်သည်။ ထို့ကြောင့် လက်တစ်ဖက်ထဲတွင် ဝိညာဉ်ချီများကို စုဝေးကာ ဝိညာဉ်ကျောက်တုံးများကို ဖန်တီးနိုင်သည့် ကျင့်ကြံခြင်းပညာရပ် ဖြစ်သော ချီအားဖြည့်ပညာရပ် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။
ရှေးဟောင်းသိုင်းအဆင့်နှင့် ဆင်တူသည့် အချက်တစ်ချက်မှာ ဝိညာဉ်ချီများသည် ဝိညာဉ်ကျောက်တုံး သန့်စင်ရာတွင်သာ အသုံးပြုကြသော ပြင်ပပစ္စည်းတစ်ခုသာ ဖြစ်သည်။ အခြားတစ်နည်း ဖြင့်ဆိုရသော် ၎င်းအား ခန္ဓာကိုယ်ထဲသို့ စဉ်ဆက်မပြတ် ဝင်လိုက်ထွက်လိုက် လုပ်ခိုင်းကာ မိမိ၏ ခန္ဓာကိုယ်အား ကျင့်ကြံသည့် ပညာရပ်တစ်ခုဟု မှတ်သားနိုင်၏။
” ခန္ဓာကိုယ်ထဲမှာ ထာဝရ သိုလှောင်ထားလို့မရဘူးပဲ ”
ဝမ်ပေါင်လဲ့၏ ဝိညာဉ်အဆီများမှာ ဝါးမျိုခြင်းသစ်စေ့ထဲမှ အမြောက်အမြား ထွက်ပေါ်လာခဲ့သော စုပ်အားများကြောင့် စုဝေးလာခဲ့သည့် ထိုဝိညာဉ်ချီများကို အတိုင်းအတာတစ်ခုအထိသာ ယာယီခန့် သိုလောင်ထားနိုင်စွမ်း ရှိသည်။ ထိုဝိညာဉ်အဆီများမှာ ချေဖျက်ခံလိုက်ရပြီးလျှင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား ပိုမိုသန်မာလာရုံမျှသာ ကူညီပေးနိုင်စွမ်း ရှိ၏။ နိဂုံးချုပ်ရသော် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင် သူ အမှန်တကယ် ပိုင်ဆိုင်ထားသည့် ဝိညာဉ်စွမ်းအင်ဟူ၍ မရှိပေ။
သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် တစ်မျိုးတည်းသော ဝိညာဉ်စွမ်းအင်မှာ လိုအပ်သောအခါမှသာ အပြင်ဘက် ပတ်ဝန်းကျင်မှ စုပ်ယူထားသော ဝိညာဉ်ချီများသာ ဖြစ်၏။
ဖွံ့ထွားသွေးကြောအဆင့်သို့ ရောက်ရှိနေလျှင်တောင် ဝိညာဉ်ချီများကို ခန္ဓာကိုယ်ထဲ၌ ယာယီမျှသာ သိုလှောင်ထားနိုင်သည်။ ၎င်းတို့ကို အကြာကြီး သိုလောင်ထားနိုင်စွမ်း မရှိသလို မိမိ၏ ခန္ဓာကိုယ်ကလည်း ၎င်းတို့ကို ပိုင်ဆိုင်ခြင်းမရှိပေ။
သို့သော် ယခုတွင်မူ တရိပ်ရိပ် မြင့်တက်လာသော ဝိညာဉ်ချီများကြောင့် တစ်ခုခု ပြောင်းလဲနေကြောင်း ဝမ်ပေါင်လဲ့က ချက်ချင်းပင် သတိထားမိလိုက်သည်။ ဝိညာဉ်ချီများမှာ သူ၏ သွေးကြောများမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးနောက် တစ်စိုးတစ်စိမျှပင် ပြန်လည် စိမ့်ထွက်သွားခြင်း မရှိပေ။ ၎င်းတို့မှာ ဝိညာဉ်အမျှင်အတန်းတစ်ခုအသွင် ပြောင်းလဲကာ သူ၏ သွေးကြောများထဲ၌ လည်ပတ်သွားပြီးနောက် ဝါးမျိုခြင်းသစ်စေ့ကြောင့် ပေါ်လာသည့် အာကာသတွင်းနက်ကြီးထဲသို့ နစ်မြုပ်သွားကြဟန်တူသည်။
ဝမ်ပေါင်လဲ့မှာ စမ်းသပ်ကြည့်လိုက်ပြီးနောက် အကယ်၍ သူသာ ဆန္ဒရှိပါက ဝါးမျိုခြင်းသစ်စေ့ထဲမှ ထိုဝိညာဉ်အမျှင်အတန်းများကို ထုတ်ယူကာ သူ၏ ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းလည်ပတ်သွားအောင် စေခိုင်း၍ ရနေကြောင်း သိလိုက်ရသည်။ ထို ဝိညာဉ်အမျှင်အတန်းများမှာ သူ၏ သွေးကြောများထဲတွင် တစ်ပတ်ပြည့်အောင် လည်ပတ်ပြီးသွားတိုင်း ပြင်ပကမ္ဘာမှ ဝိညာဉ်ချီများကို သူ၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သကဲ့သို့ ခံစားလိုက်ရ၏။ ထို့နောက် ၎င်းတို့မှာ သူ၏ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစည်းသွားသောအခါ သူသည် ပို၍ သန်မာလာ၏။
ထိုဖြစ်စဉ်မှာ နှေးကွေးပါသော်လည်း ရှေးဟောင်းသိုင်းအဆင့်နှင့် လုံးဝမတူပေ။ ထို ဝိညာဉ်အမျှင်အတန်းများကို သူတစ်ယောက်တည်းသာ ပိုင်ဆိုင်ထားသကဲ့သို့ပင်။
ထိုဝိညာဉ်အမျှင်အတန်းများကို ဆန္ဒရှိသလို ပြောင်းလဲကာ ထိန်းချုပ်၍ရနေသောကြောင့် ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်မှ ခွဲခြား၍မရနိုင်သော အစိတ်အပိုင်း တစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားပြီး အသက်ပင် မရှူနိုင်တော့ပေ။ အနည်းငယ်ခန့် တွေးတောသုံးသပ်လိုက်ပြီးနောက် သူ၏ မျက်ဝန်းများမှာ တလက်လက်တောက်ပသွားပြီး သူသည် သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်အမျှင်အတန်းများကို ထိန်းချုပ်ကာ ထုတ်လွှတ်လိုက်၏။ ထိုဝိညာဉ်အမျှင်အတန်းများမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာသည်နှင့် တစ်ပြိုင်နက် အာနာပါနအဆင့်နှင့်သာ သက်ဆိုင်သော ဖိနှိပ်အားတစ်မျိုး ဝမ်ပေါင်လဲ့၏ ပတ်ပတ်ပတ်လည်သို့ ပျံ့နှံ့သွားပြီး အသေးစား လေမုန်တိုင်းလေးတစ်ခု ပေါ်ပေါက်လာ၏။
” အာနာပါနအဆင့်ပဲ ”
ထို ဖိအား လေမုန်တိုင်း ပေါ်ပေါက်လာမှုကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် ကောက်ချက်ချနိုင်သွားတော့သည်။ ထို့ကြောင့် သူသည် စိတ်လှုပ်ရှားသွားရပြီး အာနာပါနအဆင့် ကျင့်ကြံသူများက ရှေးဟောင်းသိုင်းအဆင့်မှ လူများအား ဖိနှိပ်နိုင်စွမ်း ရှိနေရသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။
အဘယ့်ကြောင့်ဆိုသော အာနာပါနအဆင့်၏ ဝိညာဉ်ချီများကို ကျင့်ကြံသူကိုယ်တိုင် ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ ဝိညာဉ်ချီ အမျှင်အတန်း တစ်ခုတစ်လေပင် စိမ့်ထွက်လာခဲ့လျှင်တောင် ၎င်းမှာ တစ်နည်းနည်းဖြင့် ပတ်ပတ်လည်ရှိ ဝိညာဉ်ချီများနှင့် ပေါင်းစည်းသွားပြီး လူတစ်ယောက်၏ စိတ်ဆန္ဒကို ထိုဝိညာဉ်ချီများထဲသို့ ထည့်သွင်းကာ ရှေးဟောင်းသိုင်းအဆင့်လူများ ခုခံတွန်းလှန်နိုင်စွမ်း မရှိသည့် ဖိအားတမျိုးကို ဖန်တီးပေးလိုက်မည်သာ ဖြစ်သည်။
ထိုပညာရပ်မှာ အသုံးပြုပုံသာ မတူညီပါသော်လည်း ကိုးလက်မဝိညာဉ်အမြစ်၏ ဝိညာဉ်ချီများကို စုစည်းကာ ထိုလှိုင်းများကို ဖန်တီးသည့် အယူအဆနှင့်တော့ အတူတူပင် ဖြစ်သည်။ သို့သော် အသုံးပြုပုံတွင်မူ အာနာပါနအဆင့် ကျင့်ကြံသူမှာ ဝိညာဉ်ချီကို ခန္ဓာကိုယ်ထဲမှနေ၍ ထိန်းချုပ်ခြင်းဖြစ်ပြီး ကိုးလက်မဝိညာဉ်အမြစ်မှာမူ အပြင်ဘက်မှ ဝိညာဉ်အမြစ်ကို ထိန်းကျောင်းပေးခြင်း ဖြစ်သည်။
အာနာပါနအဆင့် ဖိအားများ ပျံ့နှံ့နေသည်ကို ခံစားနေရသောကြောင့် စိတ်လှုပ်တရှား ဖြစ်နေသော ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်လက်ကောက်ထဲမှ ဓားပျံတစ်လက်ကို ထုတ်ယူလိုက်ပြီး လက်ထဲတွင်ကိုင်ထားလိုက်၏။ ထို့နောက် သူ၏ခန္ဓာကိုယ် အပြင်ဘက်ရှိ ဝိညာဉ်အမျှင်အတန်းကို ထိန်းချုပ်၍ ထိုဓားပျံထဲသို့ ထည့်သွင်းလိုက်၏။ ထို့နောက် သူက ထိုဓားကို ဝှေ့ယမ်းလိုက်သောအခါ ဓမ္မရောင်ခြည်တန်းများ ပေါ်ထွက်လာပြီး ရှေ့သို့ပြေးထွက်သွား၏။ သို့သော် ဝမ်ပေါင်လဲ့မှာ တစ်ချက်မျှ တွေးလိုက်ရုံဖြင့် ထိုဓားပျံမှာ ချက်ချင်းပင် ရပ်တန့်သွားသည်။
မျက်လုံးဖြင့် မမြင်နိုင်သော အမျှင်အတန်းတစ်ခုမှာ ၎င်းအား ထိန်းချုပ်နေသည့် အလားပင်။ တခဏအကြာတွင်မူ ဝမ်ပေါင်လဲ့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော ထိုဓားပျံကလေးမှာ သူ၏ဆန္ဒအတိုင်း မြန်ဆန်လာလိုက်၊ အရှိန်လျော့ကျသွားလိုက်၊ ဖြောင့်တန်းစွာ သွားလိုက်၊ ကွေ့ကောက်ကာ ဝဲပျံလိုက် ဖြစ်နေတော့သည်။ သူသည် ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်စွမ်း မရှိသေးပါသော်လည်း ရှေးဟောင်းသိုင်းအဆင့်နှင့် ယှဉ်လိုက်ပါက လုံးဝမတူညီသောအဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားနေရ၏။
တခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ သူ၏ ဓားပျံကို သိမ်းဆည်းလိုက်ပြီး ကောင်းကင်ကြီးကိုမော့ကြည့်ကာ ဟက်ဟက်ပက်ပင်နှင့် စိတ်လှုပ်ရှားစွာ ရယ်မောလိုက်တော့သည်။ ထို့နောက် သူ၏ အပြင်အားကိုလည်း ထပ်၍ စမ်းသပ်ကြည့်လိုက်သောအခါ အနည်းငယ်ခန့် လှုပ်ရှားလိုက်ရုံမျှဖြင့် အလွန် မြန်ဆန်နေပြီဖြစ်ကြောင်း သိလိုက်ရ၏။ ဝိညာဉ်အမျှင်တန်းမှ ပေးစွမ်းသော အားအင်တိုးပွားမှုများကြောင့် သူသည် ရှေးဟောင်းသိုင်းအဆင့်တွင် ရှိခဲ့စဉ်တုန်းကထက် သိသိသာသာပို၍ အစွမ်းထက်လာပြီဖြစ်သည်။
ထို ဝိညာဉ်အမျှင်အတန်း၏ ကူညီထောက်ပံ့မှုကြောင့် သူ၏ ခွန်အားမှာလည်း သိသိသာသာ တိုးတက်လာ၏။
လက်ရှိမြင်နေရသည့် ဝမ်ပေါင်လဲ့မှာ အခန်းကဏ္ဍတိုင်းတွင် တိုးတက်လာသည်ဖြစ်ရာ ဇီဝကမ္မကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့သည်ဟုပင် သတ်မှတ်နိုင်၏။
” အခု ငါ့ရဲ့ ဝိညာဉ်အမြစ်က ဘယ်နှလက်မအထိ ရှိနေပြီလဲမသိဘူး။ ငါ့ရဲ့ သွေးကြော အကုန်လုံးက ဝိညာဉ် သွေးကြောတွေ ဖြစ်ကုန်ပြီ။ ကြည့်ရတာ ခရမ်းရောင် အလင်းကြီးက ငါ့ကို ဆယ်လက်မအထိ ပြောင်းလဲပေးလိုက်တဲ့ပုံပဲ ”
ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရစွာဖြင့် သူ၏ ခန္ဓာကိုယ်ထဲရှိ ဝါးမျိုခြင်းသစ်စေ့အား အာရုံခံလိုက်၏။ သူ၏ အတွေးထဲတွင် ဆယ်လက်မဝိညာဉ်အမြစ်၏ ပုံရိပ်တစ်ခု ဖျတ်ခနဲ ပေါ်လာသောအခါ သူ၏ ဝါးမျိုခြင်းသစ်စေ့မှာ မှုန်ဝါးဝါးဖြစ်သွားပြီ တခဏအကြာတွင် အသွင်ပြောင်းလဲသွား၏။ ထို့နောက် ၎င်းမှာ အာကာသတွင်းနက်ကြီးတစ်ခု မဟုတ်တော့ဘဲ ဆယ်လက်မဝိညာဉ်အမြစ်တစ်ခု အဖြစ်သို့ ရောက်သွားတော့သည်။
ထိုအခြင်းအရာကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြူးကျယ်သွားပြီး အနည်းငယ်ခန့်ကြာမှ မျက်တောင်တဖျတ်ဖျတ်တ် ခတ်ကာ တွေးလိုက်၏။
” ငါက ဆယ်လက်မအကြောင်းတွေးလို့ ဆယ်လက်မ ဖြစ်သွားတယ်ဆိုရင် ကိုးလက်မအကြောင်း တွေးလိုက်ရင်ရော ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ပင် တွေးတောရသေးပါသော်လည်း ဝါးမျိုခြင်းသစ်စေ့မှာ ချက်ချင်းပင် မှုန်ဝါးသွားပြီး ဆယ်လက်မဝိညာဉ်အမြစ်မှ ကိုးလက်မဝိညာဉ်အမြစ်အဖြစ်သို့ ပြောင်းလဲသွား၏။
” လက်မနှစ်ဆယ်။ လက်မသုံးဆယ်။ လက်မ တစ်ရာကွာ ”
ထို ဝါးမျိုခြင်းသစ်စေ့မှာ သူ၏ အတွေးအတိုင်း အဆက်မပြတ်လိုက်၍ ပြောင်းလဲနေသောကြောင့် ဝမ်ပေါင်လဲ့မှာ တအံ့တဩဖြစ်ကာ ဟက်ဟက်ပက်ပက် ရယ်မောမိသွားတော့သည်။
” ဆန္ဒရှိသလို ပြောင်းလို့ရတာပဲကွ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်သွား၏။ သူသည် ၎င်းအား ကြိမ်ဖန်များစွာ ပြောင်းလဲလိုက်ပြီးနောက် ခရမ်းရောင်အလင်းကြီးမှာ သူ့အတွက် ကြီးမားပြီး အကျိုးရှိသော ပြောင်းလဲမှုများကို ယူဆောင်ပေးခဲ့ခြင်း ဖြစ်သည်ဟု မှတ်ယူကာ သွေးနားထင် ရောက်သွားတော့သည်။
” မင်းဟာမင်း ဘယ်လောက်ပဲစွမ်းစွမ်း ဘိုးဘိုးဝမ်ရှေ့ရောက်ရင် ခေါင်းငုံ့ပြီး အရှုံးကို လက်ခံရတာပါပဲကွ ”
ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်ကျေနပ်နေတော့သည်။ သူ၏ စိတ်ဓာတ်ကျနေခဲ့သော ခံစားချက်များ ပျောက်ဆုံးသွားသောအခါ သူသည် တာအိုကျောင်း၏ ကျောက်စိမ်းပေလွှာထဲတွင် ဖော်ပြထားခဲ့သည့် အာနာပါနအဆင့်သို့ ရောက်ရှိပြီးလျှင် ကြုံရမည့် တွန်းကန်အားကြီးအကြောင်းကို သတိရသွား၏။
” ငါက အာနာပါနအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး နောက်ပိုင်း ဒီနေရာမှာ ဆက်ပြီးတော့ နေနိုင်မယ့် အချိန်ပမာဏက ငါ့ရဲ့ ဝိညာဉ်အမြစ်ပေါ်မှာ မူတည်တာ။ ငါက ဘယ်လောက်အကြာကြီး သတိလစ်နေခဲ့သလဲဆိုတာကိုလည်း မသိတော့ ဘယ်လောက်ဆက်ပြီးတော့ နေနိုင်ဦးမယ်ဆိုတာလည်း မသိဘူး… ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ ချက်ချင်းပင် ခေါင်းမော့လာပြီး ဝိညာဉ်အမြစ်ရွာ အတွင်းပိုင်းထဲရှိ ဓားကျိုးတောင်ကြီး ရှိရာဘက်သို့ လှမ်း၍ကြည့်လိုက်သည်။
” တာအိုကျောင်းက ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့တာ။ သူတို့အတွက် ပစ္စည်းတွေ ယူသွားပေးနိုင်မယ်ဆိုရင် ရအောင် ယူပေးရမယ် ”
ဝမ်ပေါင်လဲ့မှာ ဆုံးဖြတ်ချက်ချလိုက်ပြီး နောက်သို့လှည့်ကာ ထိုဓားကျိုးတောင်ကြီးဆီသို့ အမြန်ဆုံး ပြေးသွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ရှစ်လက်မဝိညာဉ်အမြစ်ကို ရရှိခဲ့သည့် ပထမဆုံးလူ ဖြစ်ပါသော်လည်း အာနာပါနအဆင့်သို့ ပထမဆုံး တက်လှမ်းနိုင်ခဲ့သည့်လူတော့ မဟုတ်ပေ။ ကိုးလက်မဝိညာဉ်အမြစ်နှင့် တိုက်ခိုက်ကာ ခရမ်းရောင်အလင်းကို စုပ်ယူခဲ့ပြီးနောက် သတိမေ့မျောသွားခဲ့သည့် အချိန်အတွင်း ရှစ်လက်မ ဝိညာဉ်အမြစ်များစွာ ပေါ်ထွက်လာခဲ့သည်ဖြစ်ပြီး ၎င်းတို့အားလုံးကို အခြားသူများက သိမ်းပိုက်သွားခဲ့ကြသည်။
တချိန်တည်းမှာပင် တာအိုကျောင်းကြီးလေးကျောင်းမှ ကျောင်းသားများထဲတွင် ရှေးဟောင်းသိုင်းအဆင့်မှ ဖောက်ထွက်ကာ အာနာပါနအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည့် ကျောင်းသားများလည်း ရှိနေ၏။ သူတို့ထဲမှ အများစုမှာ ငါးလက်မထက်နိမ့်သော အဆင့်မှလူများ ဖြစ်ကြသောကြောင့် အကြာကြီး ဆက်၍ မနေနိုင်ခဲ့ကြပေ။ သို့သော် တာအိုကျောင်းမှ ပေးအပ်ထားသည့်တာဝန်ကို ပြီးစီးအောင်ဆောင်ရွက်ရန် လိုအပ်သောကြောင့် သူတို့အားလုံးမှာ ဓားကျိုးတောင်ကြီး၏ အနီးတွင် ဖောက်ထွက်နိုင်ရန် ပြင်ဆင်နေကြပြီး တာဝန်ပြီးမြောက်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားနေကြသည်။
ထိုသို့ဖြင့် သူတို့မှာ ဖောက်ထွက်ပြီးသွားသည်နှင့် တစ်ပြိုင်နက် ဓားကျိုးတောင်ကြီးဆီသို့ ချက်ချင်း ပြေးသွားနိုင်မည် ဖြစ်သည်။ သူတို့မှာ ပစ္စည်းများကို ရှာဖွေတွေ့ရှိပြီးလျှင် ပေါ်ထွက်လာမည့် တွန်းကန်အားကြီးကို အသုံးပြုကာ ထိုပစ္စည်းများကို သူတို့နှင့်အတူ ယူဆောင်သွားနိုင်မည် ဖြစ်သည်။
သို့သော် ထိုကဲ့သို့ ဖောက်ထွက်ပြီးသွားသော လူများထဲတွင် ငါးလက်မအထက်တွင် ရှိနေသည့် လူများစွာလည်း ရှိနေကြ၏။ သူတို့ထဲမှတချို့မှာ ခုနစ်လက်မအထိ ပိုင်ဆိုင်ထားကြသည်ဖြစ်ပြီး တချို့မှာမူ လက်ရှိဝိညာဉ်အမြစ်ထက် ပို၍ရှည်လျားသော ဝိညာဉ်အမြစ်များကို ရရှိနိုင်ရန် အခွင့်အလမ်း မရှိကြတော့ပေ။ ထို့ကြောင့် သူတို့မှာ လက်ကျန်အချိန်ကို ကောင်းကောင်းအသုံးချ၍ ဓားကျိုးတောင်ကြီးဆီမှ ပစ္စည်းများကို စုဆောင်းရန် ပြင်ဆင်ထားကြ၏။ ထိုသို့ဖြင့် သူတို့ကို ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်အောင် ထမ်းရွက်နိုင်မည် ဖြစ်သလို သူတို့ကိုယ်တိုင်လည်း အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့က ထိုဓားကျိုးတောင်ကြီးနားသို့ ရောက်သွားသောအခါ ရှေးဟောင်းသိုင်းအဆင့်မှ ဖောက်ထွက်နိုင်ခဲ့ကြသည့် တာအိုကျောင်းကြီးလေးကျောင်းမှ အာနာပါနအဆင့် ကျင့်ကြံသူ အယောက်တစ်ရာကျော်ဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည့် မြင်ကွင်းကြီးကို မြင်လိုက်ရသည်။ သူတို့ထဲမှ တချို့မှာ ဓားကျိုးတောင်ကြီးဆီသို့ ပြေးလွှားနေကြပြီး တချို့မှာမူ သံလိုက်စက်ကွင်းတစ်ခု၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး တောင်တန်းများထဲမှ တွန်းထုတ်ခံနေရ၏။