Switch Mode

အပိုင်း(၂၁)

ဟိုင်ရန်ကျောင်းတော်

ဆောင်းရာသီ၏ လေအေးများက ရောက်ရှိလာပြီ ဖြစ်သည်။ နဂိုထက် ပိုမိုအေးစက်သော အခြေအနေကြောင့် ကျောင်းသားများမှာ ပြင်ပတွင် သွားလာ လှုပ်ရှားမှု သိပ်မရှိကြတော့သောကြောင့် ကျောင်းတော်မှာ နဂိုထက် အနည်းငယ် သက်ဝင်လှုပ်ရှားမှု နည်းသွားသည်ဟု ဆိုနိုင်သည်။

သို့သော်လည်း ထိုအေးစက်မှုများက ရီဖူရှင်းအား မည်သို့မှ သက်ရောက်ပုံ မရပေ။ သူ၏နေ့ရက်များမှာ အပူအပင်ကင်းလျက် သက်သောင့်သက်သာပင် ကုန်ဆုံးနေကြသည်။ နေ့စဉ် စာလိပ်ရေး လေ့ကျင့်ရင်း ဟွာဂျီယူ၏ အလှအပများအား မျက်လုံး အစာကျွေးခြင်းဖြင့် သာယာသောနေ့ရက်များအား ပျော်ရွှင်စွာပင် ဖြတ်သန်းနေလေသည်။ သူကား ပျော်ရွှင်လွန်းသောကြောင့် သူ၏စိတ်ထဲတွင် ယူချင်းမှာ နောက်ဆုံးရှိသောသူဖြစ်ကာ ထို နှစ်လ ကာလအတွင်း ယူချင်းထံသို့ နှစ်ကြိမ်သာလျှင် ပြန်၍ တွေ့ဆုံခဲ့သည်။ ယူချင်းအတွက်မူကား သူ့ထံသို့ နှစ်ကြိမ်မျှသာ ပြန်လာတွေ့သော ရီဖူရှင်းအားကြည့်ကာ ဟွာဂျီယူ၏အိမ်တွင် သူဘာလုပ်နေသနည်း တွေးကာ စဉ်းစားရ ကျပ်နေလေသည်။

ကျောင်းတော်မှ ရီဖူရှင်းအတွက် အပြစ်ဒဏ်မှာ ဆက်လက်ရှိနေဆဲ ဖြစ်သည်။ လူတိုင်းက ရီဖူရှင်း မည်သို့ အခြေအနေရှိမည်ကို သိလိုကြသော်လည်း ရီဖူရှင်းကား သူတို့၏မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်နေလေသည်။ သူ၏ပျောက်ကွယ်မှုအား ကြည့်ကာ လူတိုင်းက အကယ်၍ ကျောင်းတော်၏အပြစ်ဒဏ်သာ မရှိခဲ့လျှင် ရီဖူရှင်းက စာသင်ခန်းသို့ ပြန်လာမည်လော တွေးကြသည်။ အထူးသဖြင့် စီနီယာအစ်မချင်၏ သင်ခန်းစာ ပို့ချချိန်မျိုးတွင် ဖြစ်သည်။

မည်သည့် သတိပေးခြင်းမှမရှိဘဲ ဆောင်းရာသီ၏ မြူနှင်းများကား လျင်မြန်စွာ ရောက်ရှိလာပြီ ဖြစ်သည်။ မြူနှင်းများကား ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အဖြူရောင် ဖြစ်သွားအောင် ထူထပ်သိပ်သည်းစွာ အဆက်မပြတ် ကျရောက်နေလေသည်။

ထိုနေ့နံနက်တွင် ရီဖူရှင်း သူ၏အခန်းထဲမှ ထွက်လာသည်။ မြူနှင်းများ ဝေဆိုင်းနေသော ကောင်းကင်အား ကြည့်လျက် သူ၏လက်ဝါးများအား ပွတ်လိုက်သည်။ ထို့နောက် ပြုံးလျက် အငွေ့များထသွားအောင် လေပူရှည်တစ်ချက် မှုတ်ထုတ်လိုက်သည်။

မနီးမဝေးမှ အဆောင်ငယ်ကား ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများ ဖုံးလွှမ်းလျက် သူတစ်ယောက်တည်း ထီးထီးတည်းရပ်ကာ အထီးကျန် ဆန်လွန်းလှသည်။ သို့သော် ထိုအဆောင်ငယ်ကား လုံးဝ အထီးကျန်ဟန်မတူပေ။ အဆောင်ငယ်၏ရှေ့တွင် ပုံသဏ္ဌာန်တစ်ခု မြူနှင်းများကြားထဲ မတ်တတ်ရပ်နေသည်ကို ဖူရှင်း သတိပြုမိလိုက်သည်။ သူမကား အလွန်လှပသော ရှုခင်းများအလယ် အတွေးများကြားထဲ နစ်မျောနေပုံရသည်။ နှင်းများကား အလွန် လှပလွန်းလှသည်။

ရီဖူရှင်းက သူမထံသို့ လှမ်းသွားလိုက်သည်။ ဖြူဖွေးသော နှင်းမြေပြင်တွင် သူလျှောက်လှမ်းရာ လမ်းတစ်လျှောက် ခြေရာများ အစီအရီ ပေါ်လာ၏။

ထိုမိန်းမပျို၏ဘေးတွင် မတ်တတ်ရပ်လျက် ရီဖူရှင်းက သူမအား တစ်ချက် ခိုးကြည့်လိုက်သည်။ သူမကား သူရောက်နေသည်ကိုပင် သတိထားမိပုံမရပေ။ သူမ၏လှပသော မျက်ဝန်းအစုံအား မှိတ်လျက် ပတ်ဝန်းကျင်အား ခံစားနေလေသည်။

ရီဖူရှင်းလည်း သူ၏မျက်လုံးများအား မှိတ်လိုက်သည်။ ထို့နောက် သူမ၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။ အဆက်မပြတ် ကျနေသော မြူနှင်းများက သူတို့နှစ်ယောက်အား နောက်ဆုံးတွင် အလွှာပါးလေး တစ်ခုအလား ဖုံးလွှမ်းသွားတော့သည်။

“နင် ဘာလုပ်နေတာလဲ…” ဟွာဂျီယူက သူမ၏မျက်လုံးများအား ဖွင့်လိုက်ကာ သူမလုပ်သကဲ့သို့ လိုက်လုပ်နေသာ ရီဖူရှင်းအား ပြုံးလျက် ပြောလိုက်သည်။

ရီဖူရှင်းကလည်း သူ၏မျက်လုံးများအား ဖွင့်လိုက်သည်။ ထို့နောက် ဟွာဂျီယူအား နူးညံ့စွာကြည့်လျက် ပြောလိုက်သည်…

“ငါတို့ ဆံပင်ဖြူသွားတဲ့အထိ မင်းကို အဖော် လုပ်ပေးနေတာလေ…”

ဟွာဂျီယူ ရင်ထဲ အနည်းငယ် လှုပ်ရှားသွားသည်။ ထို့နောက် သူမက မြူနှင်းများ ဖုံးလွှမ်းနေသော ရီဖူရှင်း၏ဦခေါင်းအား သတိထားမိလိုက်သည်။ သူမ အနည်းငယ် စိတ်ပျက်သွားသည်။ ရီဖူရှင်း၏ စကားများအား အမှန်တကယ် ယူ၍မရသည်ကို သတိရသွားကာ သက်ပြင်းခိုးချလိုက်သည်။

“နှစ်လတောင်ရှိပြီ… နင်တကယ် ဒီနေရာကို နင့်အိမ်လို သဘောထားနေတာတော့ မဟုတ်ပါဘူးနော်…” ဟွာဂျီယူက သရော်သလို မေးလိုက်သည်။

“ဆရာက ငါ့အတွက် ဆရာ တစ်ယောက်ထက်ပိုတယ်… သူက ငါ့အတွက် အဖေတစ်ယောက်လိုပဲ… ဒါကြောင့် သူ့အိမ်ကလည်း ငါ့အိမ်ပဲ…” ရီဖူရှင်းက ပြောလိုက်သည်။ သူမက အနည်းငယ် ပိုသည်ဟု ထင်သော်လည်း သူ၏စကားများ၏ နောက်ကွယ်မှ စိတ်ရင်းအား ခံစားမိနေရသည်။

“ဟေး… ကြွက်စုတ်လေးနှစ်ကောင်…” ရုတ်တရက် ခေါ်သံကြားလိုက်သည်။ သူတို့ နှစ်ယောက်က လှည့်ကြည့်လိုက်ရာ အလွန်ချောမောကာ ခန့်ညားသော လူကြီးတစ်ယောက်က သူတို့အား ပြုံးလျက် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူက ဆက်၍ ပြောလိုက်သည်… “မနက်စောစောစီးစီး တပူးတွဲတွဲနဲ့… မင်းတို့တွေ ငါရှိတယ်လို့တောင် သတိမရတော့ဘူးလား…”

ရီဖူရှင်း သက်ပြင်းချလိုက်သည်။ ဆရာကား သူ့အား အလွန် နားလည်သည်ဟု ခံစားလိုက်ရသည်။

“အဖေ…” ဟွာဂျီယူက အလိုမကျစွာ အော်လိုက်သည်။ သူမက သူမ၏အဖေအား ကြည့်ကာ ပြောလိုက်သည်… “အဖေက သမီးရဲ့တကယ့်အဖေလား…”

သူမ၏အဖေကား ရီဖူရှင်းဘက်တွင်သာ အမြဲရှိသည်။ ဘယ်လိုအဖေမျိုးလဲ… ဟွာဂျီယူ အလိုမကျစွာ တွေးလိုက်သည်။

“ဘယ်သူရှိဦးမလဲ… ငါကပဲ ချင်းကျူတစ်မြို့လုံးရဲ့ အလှဆုံး သမီးတစ်ယောက်ကို မွေးထားတာလေ…” သူက ရယ်လျက် ပြောလိုက်သည်။ ဟွာဂျီယူက သူမ၏အဖေအား ကြည့်လိုက်သည်။ နှစ်လအတွင်းမှာပင် သူမအဖေ၏လေသံနှင့် အပြုအမူများမှာ ထို ရီဖူရှင်း၏ပုံစံအတိုင်း ဖြစ်လာသည်ဟု သူမတွေးလိုက်သည်။

ရီဖူရှင်းကား အလွန် သဘောကျသွားသည်။ သူ၏ဆရာကား သူနှင့်ယှဉ်လျှင် ပို၍ ထူးခြားသာလွန်သည်ဟု သူတွေးလိုက်သည်။

အချိန်နှစ်လခန့် အတူ ရှိနေပြီးသောအခါ နောက်ဆုံးတွင် သူ၏ ဆရာ၏အမည်မှာ ဟွာဖန်းလူ ဖြစ်ကြောင်း သိထားပြီးဖြစ်သည်။

သူ၏နာမည်ပင်လျှင် အထင်ကြီးစရာ ကောင်းလွန်းလှသည်။ သူကား သူ၏ဆရာနှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်ပေ။

“ရီဖူရှင်း… ကုန်ခဲ့တဲ့ရက်တွေအတွင်း မင်းရဲ့ စာလိပ်ရေးတဲ့စွမ်းရည်က တိုးတက်တာ အရမ်းမြန်ဆန်တဲ့အတွက် အခုဆိုမင်းက ဒီထက် ပိုပြီး ငါ့ရဲ့လမ်းညွှန်မှု မလိုတော့ဘူး… မင်းရဲ့စွမ်းအင် အဆင့်မြင့်လာတာနဲ့အမျှ မင်းက ဒီထက်ပိုစွမ်းအင်မြင့်တဲ့ မှော်စာလိပ်တွေ ရေးနိုင်လာလိမ့်မယ်…” ဟွာဖန်းလူက ပြောလိုက်သည်။ ရီဖူရှင်းကား နိုးထခြင်းအဆင့် ခုနစ်တွင်သာ ရှိသေးသော်လည်း သူကား နိုးထခြင်းအဆင့်မှ အဆင့်အမြင့်ဆုံးသော သိုင်းကွက်များကိုပင် မှော်စာလိပ်တွင် ရေးနိုင်လေပြီ။

“ဒါတွေအကုန်လုံး ဆရာ့ရဲ့ သင်ပြမှုတွေကြောင့်ပါဆရာ…” ရီဖူရှင်းက လေးစားစွာ ပြန်ပြောလိုက်သည်။

ဟွာဖန်းလူက လက်မခံပေ။ သူက လက်ဝှေ့ယမ်းလျက် ပြောလိုက်သည်…

“မင်းက သဘာဝအားဖြင့်ကို ပါရမီရှင်ပဲ… နောက်ဆရာတစ်ယောက်နဲ့ ဆိုရင်လည်း မင်းက တူညီတဲ့ ရလဒ်အတိုင်း ဖြစ်မှာပဲ… ဒါပေမဲ့… မင်း သတိရရမှာက ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် အလွန်အကျူး အထင်မကြီးနဲ့… အပြင်လောကကြီးက မင်းထင်တာထက်ကို ရှုပ်ထွေးတယ်… မင်းရဲ့ ခရီးက အခုမှ စဦးမှာ… မင်းမှာ မေးစရာရှိရင် ငါ့ဆီ အချိန်မရွေးလာခဲ့… စာလိပ်ရေးတာ တစ်ခုတည်း မဟုတ်ဘူး… သိုင်းကျင့်တာနဲ့ ပတ်သက်တာ… တခြား အကြောင်းအရာတွေ အကုန်လုံးပဲ…”

“ဆရာရဲ့စကားကို ရင်ထဲ သေချာ မှတ်သားထားပါ့မယ်…” ရီဖူရှင်းက ခေါင်းညိတ်လျက် ပြန်ပြောလိုက်သည်။

“ကောင်းပြီ… အခုသွားတော့…”

ရီဖူရှင်းက ထပ်မံခေါင်းညိတ်လျက် ဟွာဖန်းလူ၏ရှေ့တွင် ဒူးထောက်လိုက်သည်။ ထို့နောက် သူ၏နဖူးအား မြေကြီးတွင် သုံးကြိမ်ဦးတိုက်ပြီး သူ၏ဆရာကား ဂါရဝတ်ပြု ဦးညွှတ်လိုက်သည်။

“ဆရာရဲ့လက်အောက်မှာ သင်ယူခဲ့တာ အခုဆို လအတန်ငယ် ကြာသွားပါပြီဆရာ… အခုထိ သေသေချာချာ အရိုအသေ မပေးဖူးသေးပါဘူး… ကျွန်တော်က စနောက်ရတာ သဘောကျပေမဲ့… ဆရာက ကျွန်တော့်အတွက် အဖေတစ်ယောက်နဲ့ တူတယ်လို့ပြောတာက တကယ်ကို ရင်ထဲက လာတဲ့စကားပါ ဆရာ… ကျွန်တော် ဆရာ့ရဲ့ဆုံးမ သြဝါဒတွေကို မှတ်ထားပါ့မယ်…” ရီဖူရှင်းက တလေးတစား ပြောလိုက်သည်။

သူက အရိုအသေပေးပြီးသည်နှင့် ထရပ်က ဖြည်းညင်းစွာ ပြောလိုက်သည်…

“ကျွန်တော် သွားပြီ ဆရာ…”

ထို့နောက် သူက ဟွာဂျီယူဘက်သို့ လှည့်၍ နှုတ်ဆက်လိုက်သည်…

“တာ့တာ… မြေခွေးမ… ငါ့ကို အရမ်းသတိရမနေနဲ့…”

သူမက ပြန်မပြောရသေးခင်ပင် သူကား အဆောင်မှ ထွက်ခွာသွားပြီဖြစ်သည်။

“ဒီကြွက်စောက်… သူမရှိဘဲ ဒီနေရာက နေသားကျဖို့ အချိန်တော်ယူရဦးမယ်…” ဟွာဖန်းလူက ခေါင်းခါလျက် ရယ်မောကာ ပြောလိုက်သည်။

“သူ့ကို ဘာလို့ ဒီလောက် သဘောကျရတာလဲ…” ဟွာဂျီယူက သူမ၏အဖေအား နားမလည်တော့ပေ။ သူမ၏အဖေက ရီဖူရှင်းအား အလွန်သဘောကျသည်ကို ခံစားမိသည်။ သို့သော် အဘယ်ကြောင့်နည်း။ သူ၏ပါရမီကြောင့်လား။

“ပထမကတော့ သူ့ရဲ့ပါရမီကြောင့်ပဲ… ဒါပေမဲ့… သူ့အကြောင်းကို မင်းပြောတာ ကြားပြီးတဲ့နောက်…နဲ့ ရာသီကုန်စာမေးပွဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ… သူ့ရဲ့ ပြောင်ချော်ချော် အမူအရာတွေအောက်မှာ အရမ်းသန့်စင်တဲ့ နှလုံးသားတစ်ခု ရှိတယ်ဆိုတာ ငါမြင်နေရတယ်… သုံးနှစ်ကာလလုံး လူတိုင်းရဲ့စော်ကားမှုကို သည်းခံခဲ့ရပေမဲ့ သူ့ရဲ့ နှလုံးသားက အမည်းစက် အနည်းငယ်တောင် စွန်းထင်းပုံမရဘူး… သူ့ကိုကြည့်ရတာ လန်းဆန်းတောက်ပတဲ့ နေတစ်စင်းလိုပဲ… ပိုပြီးပြောရရင် သူက ယူချင်းအတွက် ကျောင်းတော်ကိုတောင် ပြန်ပြီး မေးခွန်းထုတ်ရဲတယ် ဆိုတော့ သူဟာ သစ္စာတရားကို တန်ဖိုးထားတဲ့လူဆိုတာ အလွယ်တကူ ပြောနိုင်တယ်… ဒီနှစ်လလောက် သူနဲ့ အတူရှိခဲ့စဉ်ကာလမှာ ငါတဖြည်းဖြည်း သူ့ကို ပိုပိုပြီး သဘောကျလာတယ်…” ဟွာဖန်းလူက ပြန်ပြောလိုက်သည်။

“ဒါကြောင့် အဖေက သမီးကို ရောင်းစားတော့မယ်ပေါ့…” ဟွာဂျီယူက နှာခေါင်းရှုံ့လျက် ပြောသည်။ ထို့နောက် သူမက… “သူ့မှာ ဒီလိုကောင်းကွက်တွေ ရှိတယ်ဆိုပေမဲ့… သူက အရှက်မရှိတဲ့ နှာဘူး ဆိုတာ အဖေငြင်းလို့ မရဘူး…”

“သူ့ရဲ့ ကိုးရိုးကားရားပုံစံတွေက ချစ်စရာကောင်းတယ် မထင်ဘူးလား…” ဟွာဖန်းလူက ရယ်မောလျက် ပြောသည်။

ဟွာဂျီယူက ဘာပြောရမှန်း မသိတော့ပေ။ သူမ၏စကားများက အခြေအနေကို ပိုမိုဆိုးရွားလာစေသည်ဟု ခံစားလိုက်ရသည်။ သူမ၏လေးစားရသော အဖေကား တစ်စုံတစ်ယောက်၏ မှော်သိုင်းကွက်တွင် ပြုစားခံလိုက်ရလေပြီ။

ချင်းကျူကျောင်းတော်ကြီး တစ်ခုလုံး အဖြူရောင် လွှမ်းသွားအောင် မြူနှင်းများကား အဆက်မပြတ် ကျဆင်းနေကာ အလွန်လှပသော ရှုခင်းအား ဖြစ်ပေါ်စေသည်။ သို့သော်လည်း ချင်းကျူကျောင်းတော်မှ ကျောင်းသားများမှာ ထိုလှပသော မြင်ကွင်းများအား စိတ်ဝင်စားပုံမရပေ။ ထိုနေ့ နံနက်၌ အလွန် စွမ်းအားမြင့်သော အုပ်စုတစ်စု ကျောင်းတော်အား ရောက်ရှိလာသည်။ သူတို့ရောက်လာသည်နှင့် ချင်းကျူကျောင်းတော်မှ စွမ်းအားမြင့်သော တရားဝင် ကျောင်းသားများ ဖြစ်ကြသော သိုင်းဆရာများနှင့် မှော်ဆရာများအားလုံး တိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။ ကျောင်းဝင်းတစ်ခုလုံးတွင် အလွန်တင်းမာကာ သက်သောင့်သက်သာမရှိသော အခြေအနေမျိုးအား အားလုံးသောသူက ခံစားနေရသည်။

ပြင်ပကျောင်းသား အများစုမှာ လက်ရှိအခြေအနေအား နားမလည်ကြသော်လည်း တရားဝင် ကျောင်းသားများကား ထိုအုပ်စု မည်သည့်နေရာက လာသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် လာသည်ကို သိနေကြသည်။ လက်ရှိကျောင်းတော်ကား အလွန်အရေးကြီးသော ပြဿနာများနှင့် ရင်ဆိုင်ကြရတော့မည်ကို သိနေကြသည်။

ချင်းကျူကျောင်းတော် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေသကဲ့သို့ ကျောင်းသားများမှာ တစ်နေရာတည်းအား ဦးတည်ကာ ထိန်းမရသိမ်းမရစွာ အလျှိုလျှို စုဝေးလျက် သွားနေကြသည်။

ရီဖူရှင်းက ထိုမြင်ကွင်းအား ကြည့်ကာ ခေါင်းရှုပ်သွားသည်။ သူက မည်သို့ဖြစ်ပျက်နေသည်ကို နားမလည်ပေ။ အခြေအနေ ကြည့်ရသည်မှာ ကျောင်းတော်အတွင်း ကြီးမားသော ပြဿနာတစ်ခုခု ဖြစ်ပျက်နေသကဲ့သို့ပင်။

“ရီဖူရှင်း…” သူ၏အခန်းသို့ ရောက်ခါနီးတွင် သူ့အား တစ်စုံတစ်ယောက်က လှမ်းခေါ်သံကြားလိုက်၍ လှည့်ကြည့်လိုက်ရာ သူက လှပသော မျက်နှာလေးအား မြင်ကာ ညင်သာစွာ ပြုံးလိုက်သည်။

“ဘယ်ကို သွားနေတာလဲ…” ဖန်းရှင်းဇွီက မေးလိုက်သည်။

“ယူချင်းကို သွားကြည့်မလို့…” ရီဖူရှင်းက ဖြေလိုက်သည်။

“ကျောင်းတော်က ကျောင်းသားတွေအားလုံးကို လူစုခိုင်းထားတယ်… ယူချင်းလည်း အဲဒီနေရာမှာ ရှိလိမ့်မယ်…” ဖန်းရှင်းဇွီက ပြောလိုက်သည်။ ရီဖူရှင်း၏မျက်လုံးတွင် အရောင်တစ်ချက် လက်သွားကာ သူ အနည်းငယ် စဉ်းစားလိုက်သည်။

ဖန်းရှင်းဇွီက သူမ၏လက်များအား တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ အနည်းငယ် စိုးရိမ်နေပုံရသည်။ သူမက မေးလိုက်သည်… “ငါတို့ အတူ သွားကြည့်ကြမယ်လေ…”

ရီဖူရှင်း အနည်းငယ် အံ့အားသင့်သွားသည်။ သူက သူ၏ရှေ့မှ ထိုမိန်းကလေးအား ကြည့်လိုက်သည်။ သူမ၏ခန္ဓာကိုယ်အား နှင်းဖွဲများက ဖြည်းညင်းစွာ ကျနေသည်။ သူမအား ကြည့်ရသည်မှာ စိုးရိမ်စိတ်များကာ တည်ငြိမ်ပုံမရပေ။

“ဒါပေါ့…” ရီဖူရှင်းက ခေါင်းညိတ်လျက် ပြောသည်။

“အင်း…” ဖန်းရှင်းဇွီက သူ၏ဘေးတွင် လာရပ်သည်။ ထို့နောက် သူတို့နှစ်ယောက်က လူအုပ်စု သွားရာလမ်းအတိုင်း လျှောက်သွားလိုက်ကြသည်။

ရီဖူရှင်းကား သူမကို အရင်လို စနောက်ခြင်း ရယ်စရာ ပြောခြင်းများ မရှိတော့ပေ။ သို့သော် တချို့ အကြောင်းအရာများမှာ ဖြစ်ပျက်ပြီးပါက မူလအခြေအနေသို့ ပြန်မရောက်နိုင်သည်ကို သူမ နားလည်သည်။ သူမက အတိတ်မှ အကြောင်းအရာများအား သဘောကျသည် မှန်သော်လည်း သူမကား အနည်းငယ် ရင့်ကျက်နေပြီဖြစ်သည်။ သူမဖြစ်ချင်သည့်အတိုင်း ဖြစ်မလာနိုင်သည်ကို သူမ နားလည်ထားသည်။ တချို့ကောင်းမွန်သော အရာများမှာ ဆုံးရှုံးသွားပြီကို သိသော်လည်း ရီဖူရှင်းနှင့် လုံးဝ သူစိမ်းဖြစ်သွားမည်ကို သူမ မလိုလားပေ။

“ငါ တောင်းပန်တယ်ပါတယ်ဟာ…” ဖန်းရှင်းဇွီက ရုတ်တရက် ပြောလိုက်သည်။ ရီဖူရှင်းက နောက်တစ်ခေါက် အံ့သြစွာ ကြည့်လိုက်သည်။ သူမကား အတတ်နိုင်ဆုံး အားတင်းထားပုံရသည်။ သူမက သူ့အား ကြည့်၍ ထပ်ပြောလိုက်သည်…” ရီဖူရှင်း… ငါတောင်းပန်တယ်ဟာ…”

သူမ၏မျက်လုံးများက နီရဲစပြုလာပြီဖြစ်သည်။ ထိုနေ့ရက်များအတွင်း သူမ၏အဖေပြောခဲ့သော စကားများအား အဆက်မပြတ် တွေးနေခဲ့သည်။ သူမ၏အပြုအမူများက ရီဖူရှင်း၏ ဂုဏ်သိက္ခာအား ထိခိုက်စေသည်ကို သူမ နားလည်လာသည်။

“ငါဒီကိစ္စကို မေ့သွားတာကြာပြီ…” ရီဖူရှင်းက ပြန်ပြောလိုက်သည်။ သူမ အဘယ်ကြောင့် သူ့အား တောင်းပန်နေသည်ကို သူ အပြည့်အဝ နားလည်သည်။

“မူရွန်ချူနဲ့ငါ့ကြားမှာ ထူးထူးခြားခြား ဘာမှမရှိဘူး… မတော်တဆ ဖြစ်ခဲ့တဲ့နေ့ပြီးနောက် မူရွန်ချူက ငါ့ကို လာရှာခဲ့ပေမဲ့ ငါသူနဲ့ ထပ်မတွေ့တော့ဘူး…” ဖန်းရှင်းဇွီက ရှင်းပြရန် ကြိုးစားသည်။ သူမ၏စကားများက သူတို့နှစ်ယောက်အကြား မည်သို့မျှ ထူးခြားသွားမည် မဟုတ်သည်ကို သိသော်လည်း တချို့အရာများအား သူမက ရှင်းလင်းအောင် ပြောလိုသည်။

“ဒါက အရင်က အကြောင်းတွေပါ…” ရီဖူရှင်းက ပြန်ပြောလိုက်သည်… ထို့နောက်… “အင်း… ဒါနဲ့… ကျောင်းတော်မှာ ဘာဖြစ်နေတာလဲ…”

ရီဖူရှင်းက စကားလမ်းကြောင်း လွှဲလိုက်သည်ကို သူမက နားလည်လိုက်ကာ အနည်းငယ် စိတ်ပျက်သွားသည်။ “ငါကြားတာကတော့… ဟိုင်ရန်မြို့က လူတွေက ဟိုင်ရန်ကျောင်းတော်က ကျောင်းသားတွေကို ဦးဆောင်ပြီး ဒီကို ရောက်လာတယ်တဲ့…”

“ဟိုင်ရန်မြို့” ရီဖူရှင်းက ရေရွတ်လိုက်သည်။ သူ၏မျက်နှာ အနည်းငယ် မည်းမှောင်သွားသည်။ ဟိုင်ရန်မြို့နှင့် ချင်းကျူမြို့တို့မှာ အရှေ့ကျွန်းစု၏မြို့များ ဖြစ်ကြသည်။ သမိုင်းစာအုပ်များနှင့် အတူကြီးပြင်းလာရသော ရီဖူရှင်းအတွက် သမိုင်း အကြောင်းအရာများအား ဗဟုသုတ အများအပြား ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က ဧကရာဇ်ရီချင်နှင့် အရှင်ဒွန်ဟောင်တို့က ကမ္ဘာကြီးအား စုစည်းခဲ့စဉ်က အတန်းအစား ခွဲခြားမှုများ ရှိခဲ့သည်။ ထိုရှုပ်ထွေးသော ကာလအတွင်း သိုင်းပညာရှင်များ။ မှော်ပညာရှင်များက ပစ္စည်းဥစ္စာများနောက်သို့ လိုက်ခဲ့ကြသည်။ ထိုအချိန်က ဟိုင်ရန်မြို့အား ဟိုင်ရန်မိသားစုမှ ထိန်းချုပ်ခဲ့ကြသည်။ ထိုမိသားစုကား အလွန် ရက်စက်ကြမ်းကြုတ်သည်။ သူတို့က ပစ္စည်းဥစ္စာများအတွက် အရှေ့ကျွန်းစု၏ အခြားမြို့များအား အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြသည်။

ကမ္ဘာကြီးအား စုစည်းပြီးနောက် ဧကရာဇ်ရီချင်နှင့် အရှင်ဒွန်ဟောင်တို့က ဥပဒေများ ချမှတ်ကာ နယ်မြေများအား အေးချမ်းစေခဲ့သည်။ သို့သော်လည်း သူတို့က အရှေ့ပင်လယ်၏ မြို့အချို့အား အပြည့်အဝ ထိန်းချုပ်ရန် ခက်ခဲနေဆဲဖြစ်သည်။ ဟိုင်ရန်မိသားစုက နောက်ပိုင်းတွင် ဟိုင်ရန်ကျောင်းတော် ဖြစ်လာပြီး မြို့အား အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ကြသည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ချင်းကျူမြို့အား သိမ်းပိုက်ရန် သူတို့က လက်လျှော့သေးပုံမရပေ။

ထိုသမိုင်းနောက်ခံများကြောင့် ဟိုင်ရန်ကျောင်းတော်နှင့် ချင်းကျူကျောင်းတော်တို့မှာ သဘာဝ ရန်သူများ ဖြစ်ကြသည်။ နှစ်အတန်ငယ်ကြာလျှင် သူတို့က စွမ်းအားမြင့်သော သူအချို့အား စုစည်းကာ ကျောင်းသားများ၏ အရည်အချင်းအား စမ်းသပ်ရန် အကြောင်းပြချက်ဖြင့် ချင်းကျူကျောင်းတော်အား လာရောက် ရန်စလေ့ရှိကြသည်။

“ကြည့်ရတာတော့ ဟိုင်ရန်မြို့က ပြန်ပြီး လောဘတက်လာပြန်ပြီ ထင်တယ်…” ရီဖူရှင်းက ပြောလိုက်သည်။ ချင်းကျူမြို့၏ အေးချမ်းသာယာမှုကား မကြာခင် နှောင့်ယှက်ခံရတော့မည် ဖြစ်သည်။ သို့သော်လည်း သည်အရေးကိစ္စများမှာ သူနှင့် သိပ်မသက်ဆိုင်လှပေ။ ချင်းကျူမြို့တွင် မြို့အားကာကွယ်ပေးမည့် မဟူရာမြင်းစစ်တပ်ရှိပေသည်။

သို့သော်လည်း ချင်းကျူမြို့ကား ပြဿနာ အကြားတွင် ရှိနေဆဲဖြစ်၏။

  1. **

Comment

Leave a Reply

Options

not work with dark mode
Reset