ရီဖူရှင်းက အဆောင်ငယ်လေးထဲသို့ ခြေလှမ်းအား ညင်သာစွာ လှမ်းလျက် ဝင်လိုက်သည်။ သို့သော် ဂီတသံက သူ ချဉ်းကပ်လာသည်ကို သိသည့်အလား သံစဉ်က တဖြည်းဖြည်းတိုးကာ ရပ်တန့်သွားလေသည်။ ဟွာဂျီယူ၏အဖေက ရီဖူရှင်းအားကြည့်ကာ ပြုံးလျက်ပြောလိုက်သည်… “မင်း ရောက်ပြီလား…”
“ဆရာ့ကို နှုတ်ဆက်ပါတယ်…” ရီဖူရှင်းက အရိုအသေ ပေးလိုက်သည်။
“လာ…ထိုင်…” ဟွာဂျီယူ၏ အဖေက ရီဖူရှင်းအား လှမ်းပြောလိုက်သည်။ ရီဖူရှင်းလည်း သူ့ဆီသို့ လျှောက်သွားလိုက်ကာ သူ၏ရှေ့တစ်နေရာတွင် ထိုင်လိုက်၏။
“မှော်စာလိပ်တွေအကြောင်းကို မင်းဘယ်လောက်သိလဲ…”
“မှော်စာလိပ်ဆိုတာ စာလိပ်တစ်ခုမှာ မှော်သိုင်းကွက် တစ်မျိုးကို ထည့်သွင်းထားတဲ့ စာလိပ်ကို ပြောတာပါ… စွမ်းအင်ကို အရမ်းအာရုံခံနိုင်အား မြင့်တဲ့ မှော်ဆရာတွေကပဲ မှော်စာလိပ်တွေကို ရေးနိုင်တယ်… ဒါကြောင့် သူတို့ကို မှော်စာလိပ်ရေးသူတွေလို့ ခေါ်ကြတယ်…” ရီဖူရှင်းက ပြောလိုက်သည်။
“မှော်ဆရာတစ်ယောက်က တိုက်ပွဲမှာ သူသုံးလို့ရတဲ့ စွမ်းအင် ပမာဏက အကန့်အသတ် ရှိတယ်… တစ်ခါတလေ မှော်သိုင်းကွက်ကို လျင်လျင်မြန်မြန် ထုတ်သုံးရမယ့် အခြေအနေမျိုးရှိတယ်… ဒါကြောင့် သူ့မှော်သိုင်းကွက်က သူ့သိုင်းအဆင့်ကို လိုက်ပြီး အားပြင်းတယ် ဒါပေမဲ့ တိုက်ပွဲအတွင်း မဟုတ်ရင် မှော်ဆရာတစ်ယောက်က ပိုမိုအားကောင်းတဲ့ မှော်စာလိပ်တွေကို အချိန်အကြာကြီး ယူပြီး ဖန်တီးနိုင်စွမ်းရှိတော့ မှော်စာလိပ်ကို ကြိုတင် ရေးထားခြင်းဖြင့် တိုက်ပွဲမှာ ပိုအားကောင်းတဲ့ သိုင်းကွက်ကို အဆင်သင့်သုံးနိုင်တယ်…”
“မင်းမှန်တယ်… တကယ်လို့ မင်းဟာ အတော်ကောင်းမွန်တဲ့ မှော်စာလိပ်ရေးသူ တစ်ယောက်ဆိုရင် မင်းရေးထားတဲ့ မှော်စာလိပ်က မင်းရဲ့ တိုက်ပွဲအတွင်းမှာ သုံးတဲ့ မှော်သိုင်းကွက်ထက် ပိုပြီး စွမ်းအားမြင့်လိမ့်မယ်… ဒါကြောင့် မှော်စာလိပ်ရေးသူတွေဟာ သူတို့ရဲ့ စွမ်းအားထက်ပိုတဲ့ မှော်စာလိပ်တွေကြောင့် ရန်သူကို အသာစီးရနိုင်တယ်… အမှန်တကယ်လည်း လူတွေက မှော်စာလိပ်ရေးသူတွေနဲ့ တိုက်ခိုက်ရမှာ မလိုလားကြဘူး…”
ဟွာဂျီယူ၏အဖေက ဆက်ပြောသည်… “ထက်မြက်တဲ့ မှော်စာလိပ်ရေးသူ တစ်ယောက်အတွက် ပိုပြီး အကျိုးဖြစ်ထွန်းနိုင်တာက သူတို့ဟာ အရမ်း ချမ်းသာကြွယ်ဝကြတာပဲ… ဘာလို့လဲဆိုတော့ အရည်အသွေးကောင်းတဲ့ မှော်စာလိပ်တွေက အရမ်းဈေးကြီးပြီးတော့ ရှားပါးတယ်… ထပ်ပြောရရင် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်က ဂုဏ်သိက္ခာမြင့်တယ်…”
“ကျွန်တော် သိပါတယ် ဆရာ…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။
“ဒီအလုပ်က ပါရမီ ပါဖို့လည်း လိုတယ်… သာမန်စွမ်းရည်ပဲရှိတဲ့ မှော်ဆရာတွေက မှော်စာလိပ်ရေးသူ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး… မင်းကတော့မတူဘူး… မင်းမှာ ဒီပါရမီ ပါတယ်… ငါနဲ့လိုက်ခဲ့…” သူက ရီဖူရှင်းအား ကြည့်လျက် ထရပ်လိုက်သည်။ ထို့နောက် ရှေ့မှထွက်ခွာသွား၏။
ရီဖူရှင်းက သူ၏နောက်မှ လိုက်ပါသွင်းရင်း နောက်ဆုံးတွင် စာကြည့်တိုက်ငယ် တစ်ခုသို့ ရောက်လာ၏။ စာကြည့်တိုက်ကား သေးငယ်သော်လည်း အထဲတွင် ထောင်ပေါင်းများစွာသော စာအုပ်များအား သပ်သပ်ရပ်ရပ် စီထားသည်ကို တွေ့ရသည်။ ထိုစာအုပ်များမှာ ဟွာဂျီယူ၏အဖေ စုဆောင်းထားသော စာအုပ်များ ဖြစ်ရမည်။ သူက စာအုပ်စင် တစ်နေရာအား လက်ညှိုးထိုးလျက် ရီဖူရှင်းအား ပြောလိုက်သည်…
“ဒီစင်ပေါ်က စာအုပ်တွေ လေ့လာ… အဲဒီစာအုပ်တွေက မှော်စာလိပ်တွေ အကြောင်းကို အခြေ ခံကစပြီး ရှင်းပြထားလိမ့်မယ်…”
“ဟုတ်ကဲ့…” ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဘာမှပြောမနေတော့ စာအုပ်စင်အနားသို့ ချဉ်းကပ်သွားကာ ထိုင်ချလိုက်သည်။ ဤအခွင့်အရေးကား အလွန်ရှားပါးသော အခွင့်အရေးဖြစ်သည်။ ကျောင်းတော်၏ စာကြည့်တိုက်တွင်ပင်လျှင် မရနိုင်သော ရှားပါးသော မှော်စာလိပ်များနှင့် ပတ်သက်သော စာအုပ်များ မဟုတ်ပါလား။ ဤစာအုပ်များမှာ မည်မျှတန်ဖိုးကြီးကြောင်း ဖူရှင်း သိသည်။ ဟွာဂျီယူ၏အဖေက ပြုံးလျက် ပြန်ထွက်သွားသည်။
သူက စာအုပ်များအား အကြမ်းအားဖြင့် ကြည့်လိုက်သည်။ ထို့နောက် စာအုပ်တစ်အုပ်အား ရွေးထုတ်၍ သေသေချာချာ ဖတ်ရန် ကြိုးစားလိုက်သည်။ မည်မျှပင် ပါရမီပါနေပါစေ အခြေခံဗဟုသုတမှာ အဓိကကျသည်ကို ရီဖူရှင်း နားလည်သည်။ အမှန်တကယ်လည်း သူ၏ အတွေးစိတ်ကူးများက သူ၏ မွေးစားအဖေနှင့် ဆင်လှသည်။ အခြေခံကျခြင်း၏ အရေးပါမှုအား သူကောင်းကောင်း သိသည်။
တဖြည်းဖြည်းနှင့် အမှောင်ရိပ်များ သန်းလာပြီ ဖြစ်သည်။ ဟွာဂျီယူက အပြင်မှ ပြန်ရောက်လာပြီး သူမ၏အဖေအား လာတွေ့သည်။
“ဒီနေ့ စွမ်းဆောင်ရည် ဘယ်လိုလဲ…” ဟွာဂျီယူ၏အဖေက လှမ်းမေးလိုက်သည်။
“သမီး အဆင့်ကိုး မိစ္ဆာ သုံးကောင် အနိုင်ယူလာတယ်…” ဟွာဂျီယူက ပြုံးလျက် ပြောလိုက်သည်။
“ကောင်းတယ်… စုတ်တံနဲ့ စာလိပ်တချို့ သွားပြင်ဆင်လိုက်…” သူ ခေါင်းညိတ်လျက် ပြောလိုက်သည်။
“နောက်တစ်ခါ လေ့ကျင့်ရဦးမှာလား…” ဟွာဂျီယူက နားမလည်သလို မေးလိုက်သည်။
“ဒါတွေက မင်းအတွက် မဟုတ်ဘူး…ဖူရှင်းအတွက်…” သူပြုံးလျက် ပြန်ဖြေလိုက်၏။
ထိုနာမည်အား ကြားလိုက်သည်နှင့် သူမ၏မျက်လုံးများက အရောင်တစ်ချက် လက်သွားသည်။ ရီဖူရှင်း ရောက်နေတာလား။ ကြည့်ရသည်မှာ သူမ၏အဖေက ရီဖူရှင်းအား စတင် သင်ကြားပေးနေပြီ ထင်သည်။
ရီဖူရှင်း စာကြည့်တိုက်မှ ထွက်လာသောအခါ ဟွာဂျီယူက စာလိပ်အချို့ ပုံလျက် စားပွဲငယ်တစ်ခု ပြင်ဆင်နေသည်ကို မြင်၏။ သူမကား အရပ်ရှည်လျက် ပိန်သည် ထို့နောက် သူမ၏ အသက်အရွယ်နှင့် မလိုက်အောင်ပင် သိမ်မွေ့သော အမူအရာများ ပိုင်ဆိုင်ထားသည်။ သူမ၏ အမေသည်လည်း အလွန် လှပရပေမည်။ သူမ၏အမေအား တစ်ခါမျှပင် မမြင်ဖူးသည်မှာ သူ့တွက် ဆိုးသည်ဟု ရီဖူရှင်း တွေးလိုက်သည်။
ရီဖူရှင်းက သူမအနားသို့ ချဉ်းကပ်သွားကာ ပြောလိုက်သည်… “ဘယ်လောက်တောင် ဖြူ စင်လှပတဲ့ ကောင်မလေးလဲ…”
ဟွာဂျီယူ စိတ်ရှုပ်သွားသည်။ သူ ရယ်စရာ ပြောနေတာလား။ သူမက ဖြူစင်သည်တဲ့လား။
“ဒါငါ့အိမ်နော်… စကားပြောတာ ဆင်ခြင်ရင် ကောင်းမယ်…” ဟွာဂျီယူက ပြန်ကြည့်ကာ ပြုံးပြလိုက်သည်။ သူမ၏အပြုံးကား အသက်ရှူ မှားလောက်သည်။ သို့သော် ရီဖူရှင်းကား ထိုအပြုံးအား အပြည့်အဝ မခံစားရဲပေ။ သည်ကောင်မလေး မည်မျှ ကလိမ်ကျသည်ကို သူအသိဆုံးပင်။
“ဖူရှင်း… မင်း ဖတ်လို့ ပြီးပြီလား…” ဟွာဂျီယူ၏အဖေက အခန်းထဲမှ စာအုပ်တစ်အုပ်အား လက်တွင်ကိုင်လျက် ထွက်လာသည်။
“ဟုတ်ကဲ့ ပြီးပြီ ဆရာ…” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ… ဒါနဲ့ မင်းရဲ့ မှော်စွမ်းအင် အဆင့်က ဘယ်လောက်လဲ…” သူက မေးလိုက်သည်။
“နိုးထခြင်းအဆင့် ခြောက်… ဆရာ…”
“မှော်သိုင်းကွက် တစ်မျိုးမျိုး လေ့ကျင့်ဖူးလား…”
“မလေ့ကျင့်ဖူးဘူး ဆရာ…”
“ဒါက မင်းအတွက်ကောင်းတယ်…” သူ့အား ကြည့်ရသည်မှာ ရီဖူရှင်း၏ အဖြေများနှင့် ပတ်သက်၍ အတော် စိတ်ကျေနပ်သွားပုံရသည်။ ရီဖူရှင်းကား နားမလည်တော့ပေ။ မှော်သိုင်းအား လုံးဝမလေ့ကျင့်ဖူးသည်က ကောင်းသော အရာလား။
“တိုက်ပွဲအတွင်းမှာ မင်းထုတ်သုံးတဲ့ မှော်သိုင်းကွက်နဲ့ မှော်စာလိပ်က သိုင်းကွက်က အများကြီး ကွဲပြားခြားနားတယ်… အမှန်တကယ်က မှော်သိုင်းနဲ့ ပတ်သက်ပြီး အတွေ့အကြုံ သိပ်မရှိတာက ဒီကွဲပြားခြားနားမှုတွေကို ပိုပြီး ထိထိရောက်ရောက် ဆင်ခြင်နိုင်စွမ်း မြင့်စေလိမ့်မယ်… “ဟွာဂျီယူ၏ အဖေက လက်ထဲမှစာအုပ်အား ရီဖူရှင်းအား ကမ်းပေးလျက် ရှင်းပြသည်။ သူကဆက်၍…” ဒီစာအုပ်က အခြေခံသိုင်းကွက်တွေကို ဘယ်လို ရေးထွင်းရမလဲ မင်းကို သင်ပေးလိမ့်မယ်… ပထမဆုံး တစ်ခေါက် စလုပ်ကြည့်ရအောင်…”
ရီဖူရှင်းက ခေါင်းညိတ်လျက် စာအုပ်အား လှမ်းယူလိုက်သည်။ ပထမဆုံး မှော်သိုင်းကွက် အမည်ကား မိုးကြိုး မုန်တိုင်း သိုင်းကွက် ဖြစ်သည်။ ထိုသိုင်းကွက်ကား နိုးထခြင်း အဆင့်တစ်သိုင်း အဆင့်များအတွက်ဖြစ်ပြီး မိုးကြိုးလျှပ်စီးအား အသုံးပြုကာ မုန်တိုင်းအလား ရန်သူအား တိုက်ခိုက်ရသော သိုင်းဖြစ်၏။
“ကျွန်တော် ဖတ်ပြီးသွားပြီ…” သူက ပြောလျက် စာအုပ်အား ပိတ်လိုက်သည်။
“အခု ရေးကြည့်…” ဟွာဂျီယူ၏အဖေက ခေါင်းညိတ်ကာ ပြောလိုက်သည်။ ရီဖူရှင်းက စုတ်တံအား ကောက်ကိုင်လိုက်သည်။ သူကား စိတ်တည်ငြိမ်အောက် အသက်ဝအောင် ရှူလိုက်သည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ မိုးကြိုးလျှပ်စီးစွမ်းအင်များ ထွက်ပေါ်လာပြီး သူ၏စုတ်တံကိုင် ထားရာ ညာဘက်လက်သို့ စီးဆင်းလာနေကြကာ နောက်ဆုံးတွင် စုတ်တံ၏ခေါင်းတွင် စုနေကြသည်။ ရီဖူရှင်းက လက်အား ဖြည်းညင်းစွာ လှုပ်ရှားလျက် သင်္ကေတအချို့ ရေးထွင်းရန် ကြိုးစားလိုက်သည်။ သဘာဝစွမ်းအင်များက စာလိပ်ပေါ်တွင် ပျံ့နှံ့လာကာ သင်္ကေတ တချို့ပေါ်လာသည်။ သို့သော် ရုတ်တရက် အက်ကွဲသံ တစ်ချက် မြည်သွားကာ စုတ်တံထိပ်တွင်စုနေသော စွမ်းအင်များ ပြယ်လွင့်သွားသည်။ စာလိပ်ပေါ်မှ စာလုံးများလည်း ပြန်လည် ပျောက်ကွယ်သွား၏။
“ကျွန်တော် ကျရှုံးသွားတယ်…” ရီဖူရှင်း အနည်းငယ် စိတ်ပျက်သွားသည်။
“ရတယ်… ဆက်လုပ်… နောက်တစ်ခေါက် စမ်းကြည့်ပါဦး…” ဟွာဂျီယူ၏အဖေက ပြောလိုက်သည်။ ရီဖူရှင်းက နောက်စာလိပ်တစ်ခု ကောက်ကိုင်လိုက်သည်။ သို့သော် စိတ်ထဲ အနည်းငယ်တော့ ဝမ်းနည်းမိသည်။ သူကား တန်ဖိုးကြီးသော တစ်စုံတစ်ခုအား ဖြုန်းတီးမိသလို ခံစားနေရသည်။
သူ၏ ဒုတိယအကြိမ်မြောက်လည်း မအောင်မြင်ခဲ့ပေ။ တတိယအကြိမ်မြောက်နှင့် နောက်ဆုံး ကိုးကြိမ်မြောက်အထိ ကျရှုံးနေဆဲဖြစ်သည်။ သူ မအောင်မြင်သေးသော်လည်း တစ်ကြိမ်နှင့်တစ်ကြိမ် သိသာစွာပင် စွမ်းအင်အား မပြယ်လွင့်အောင် ကြာကြာ ရေးနိုင်လာလေသည်။
“ဂျီယူ… ရေးပြလိုက်ဦး…” ဟွာဂျီယူ၏အဖေက ပြောလိုက်သည်။ သူမက ခေါင်းညိတ်လျက် သူမ၏လက်က ရီဖူရှင်း ဆုပ်ကိုင်ထားသော စုတ်တံသို့ ရောက်သွားသည်။ ရီဖူရှင်း အနည်းငယ် အံ့အားသင့်သွားသော်လည်း သူက စုတ်တံကို လက်လွှတ်ပေးလိုက်သည်။
ဟွာဂျီယူက စာလိပ် တစ်လိပ် ကောက်ကိုင်လိုက်ကာ သူမ၏ရှေ့တွင် ချလိုက်သည်။ ခဏအတွင်းမှာပင် မိုးကြိုး လျှပ်စီးစွမ်းအင်များက သူမ၏တစ်ကိုယ်လုံး အနှံ့ပျံ့သွားသည်။
သူမ၏ မိုးကြိုးလျှပ်စီးများအား စွမ်းအားပြင်းလှသည်။ ရီဖူရှင်း အလွန် အထင်ကြီးသွား၏။ သူကား သူမ၏ သတ္တုဓာတ်စွမ်းအင်နှင့် လေဓာတ်စွမ်းအင်အား တီအန်ယွာ တောင်တန်းပေါ်တွင် မြင်ဖူးပြီးဖြစ်သည်။ သူမကား သူ့လိုပင် ဓာတ်စွမ်းအင် အမျိုးမျိုးအား အသုံးပြုနိုင်သည့် သူဖြစ်သည်။
သူမက စာလိပ်ပေါ်တွင် ရေးထွင်းနေစဉ် အာရုံစိုက်နေပုံ ရသော်လည်း အေးအေးဆေးဆေး နိုင်ပုံရသည်။ အာရုံစူးစိုက်နေစဉ် သူမ၏ခန္ဓာကိုယ်မှ စွမ်းအင်များမှာ ပိုမို အင်အား ကောင်းလာသလို သူမမှာလည်း ပိုမိုချောမော လှပလာသည်ဟု ထင်ရသည်။ သူမက နောက်ဆုံးတွင် မှော်စာလိပ်အား အောင်မြင်စွာ ရေးထွင်းလိုက်ပြီး ရီဖူရှင်းအား ပြုံးပြလိုက်သည်။ ရီဖူရှင်းကလည်း ပြန်ပြုံးပြလိုက်သော်လည်း အနည်းငယ် ကသိကအောက် ခံစားလိုက်ရသည်။
“အခု မင်းဘာသာ အေးဆေး ရေး…” ထိုသို့ပြောကာ ဟွာဂျီယူ၏အဖေနှင့် ဟွာဂျီယူတို့ ရီဖူရှင်းအား တစ်ယောက်တည်း ချန်ထားခဲ့ကာ အဆောင်ထဲမှ ထွက်သွားကြသည်။ သူကား ရီဖူရှင်းအား လွတ်လပ်စွာ လေ့ကျင့်နိုင်အောင် ရည်ရွယ်ချက်ရှိရှိ ထွက်သွားခြင်းဖြစ်သည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ ထပ်မံ၍ စုတ်တံတွင် ပြန်လည် အာရုံစိုက်ကာ စာလိပ်ကို ရေးရန် ကြိုးစားလိုက်သည်။ အကြိမ်တိုင်းတွင် သူ မအောင်မြင်ခဲ့သော်လည်း အကြိမ်တိုင်းတွင် သူ တိုးတက်မှုရှိလေသည်။
ကျောင်းတော်ကြီးကား အမှောင်လွှမ်းနေပြီဖြစ်သည်။ ဟွာဂျီယူ၏အဖေက သူ၏သမီးအား လှမ်းမေးလိုက်သည်… “မင်းရဲ့ ပထမဆုံး မှော်စာလိပ်ကို အောင်မြင်ဖို့ ဘယ်လောက်ကြာခဲ့သလဲ…”
“တစ်ရက်…” သူမက ဖြေလိုက်သည်။
“သူမကြာခင် အောင်မြင်လိမ့်မယ်။ ငါ့လမ်းညွှန်မှုကို မရရင်တောင်မှ…” သူက ဆက်ပြောသည်… “အမှန်ဆို သူက ငါမြင်ဖူးသမျှ နိုးထခြင်းအဆင့် မှော်ဆရာတွေထဲ သဘာဝစွမ်းအင်ကို အာရုံခံနိုင်စွမ်းနဲ့ ထိန်းချုပ်နိုင်စွမ်း အမြင့်ဆုံး မှော်ဆရာပဲ… သူက မင်းထက်တောင် ပိုကောင်းသေးတယ်…”
ဟွာဂျီယူက အဝေးမှ အဆောင်ငယ်လေးတွင် ထိုင်၍ ရေးနေသော ထိုလူငယ်လေးအား ကြည့်လိုက်သည်။ ရုတ်တရက် တောက်ပသော လျှပ်စီးကြောင်းတစ်ခု ကောင်းကင်မှ ဆင်းသက်လာကာ အဆောင်ငယ်လေးအား စီးဆင်းသွားသည်ကို တွေ့လိုက်ရ၏။
ဟွာဂျီယူ၏မျက်နှာ ရှုံ့မဲ့သွားသည်။ ရီဖူရှင်းက ထိုမျှ မြန်မြန် အောင်မြင်လိမ့်မည်ဟု သူမ မယုံကြည်နိုင်သေးပေ။
“သူက မှော်စာလိပ်ကို ဖန်တီးပြီးတာနဲ့ သုံးပစ်တယ်… ဖြုန်းတီးတာပဲ…” ဟွာဂျီယူ၏အဖေက ထိုသို့ရေရွတ်ကာ သက်ပြင်းချလိုက်သည်။ သို့သော်လည်း အဝေးမှ ရီဖူရှင်းအားကြည့်ကာ သူပြုံးနေသည်။ ရီဖူရှင်းကဲ့သို့ ပါရမီရှိသောသူ ဤမြို့တွင် သူရှာတွေ့မည်ဟု မထင်မိပေ။ သည်ကောင်လေးကား ဓာတ်မျိုးစုံသုံးနိုင်သော မှော်ဆရာဖြစ်ကာ သဘာဝအရ မွေးဖွားလာသော မှော်စာလိပ်ရေးသူဖြစ်သည်။
“ငါလုပ်နိုင်ပြီ… ဟား… ဟား…” ရီဖူရှင်းကား မှော်စာလိပ်အား သုံးပြီးပြီးချင်း ထခုန်ကာ ဝမ်းသာလုံးဆို့လျက် အော်ဟစ်လိုက်သည်။ ထို့နောက် သူ့၏ဆရာထံသို့ ပြေးသွားလိုက်သည်။ သူ အလွန် စိတ်လှုပ်ရှားနေ၏။ သူကား မှော်စာလိပ်တစ်ခုအား အောင်မြင်အောင် ရေးထွင်းနိုင်သည်သာမက ထဲထဲဝင်ဝင်သိအောင် လေ့လာနိုင်ခဲ့သည်။
“ကောင်းကောင်း လုပ်ခဲ့တယ်… ဒါပေမဲ့ မင်း အများကြီး ကြိုးစားရဦးမယ်… အဲဒီစာအုပ်က သိုင်းကွက်တွေ အကုန်လုံးကို ရေးတတ်ဖို့ လိုသေးတယ်…” ဟွာဂျီယူ၏ အဖေက သူ အလွန်ပျော်နေသည်ကို သိသည်။ မည်မျှပင် သူက ပါရမီပါ၍ တော်နေ ထက်မြက်နေပါစေ သူကား အသက်ဆယ့်ငါးနှစ်မျှသာ ရှိသေးသော ခံစားလွယ်သော လူငယ်တစ်ယောက်ပင်။
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။
“ညရောက်နေပြီ…နင်…” ဟွာဂျီယူက သူ့အား ပြုံးလျက် သတိပေးလိုက်သည်။ သူမက ရီဖူရှင်းအား ပြန်ရန် အချက်ပြလိုက်ခြင်း ဖြစ်သည်။
“အာ… အချိန်တွေ ကုန်တာ မြန်လိုက်တာ…” ရီဖူရှင်းက ကောင်းကင်အား မော့ကြည့်လိုက်သည်။ ထို့နောက် ဆက်ပြောလိုက်သည်… “အပြင်မှာ အခုတော်တော် မှောင်နေပြီ… အန္တရာယ် အရမ်းများတယ်… ဆရာ… အခန်းအပိုရှိလား… ဒီမှာ တစ်ညအိပ်လို့ အဆင်ပြေလား… ဆရာ…”
“ဘာ…” ဟွာဂျီယူ ထိတ်လန့်သွားသည်။ မှောင်ပြီး အန္တရာယ် ရှိတယ်တဲ့လား။ ဘယ်လို အရှက်မဲ့တဲ့ စကားလဲ။ သို့သော် ရီဖူရှင်းကား သူမအား ဂရုမစိုက်ပေ။ သူ့ဆရာအား မျှော်လင့်တကြီး ကြည့်နေသည်။
“ကောင်းပြီ… နေလို့ရတယ်… ဂျီယူ… သူ့အတွက် အခန်းပြင်ပေးလိုက်…” ဟွာဂျီယူ၏အဖေက ပြုံးလျက် ပြောလိုက်သည်။
“အာ…” ဟွာဂျီယူ စိတ်ညစ်သွားသည်။ သူမက သည်အရှက်မရှိတဲ့ အကောင်အတွက် အခန်းပြင်ပေးရမှာလား။ ရီဖူရှင်းကလည်း သူမအား ကြည့်နေသည်။ စိတ်ထဲမှလည်း ဝမ်းသာအားရ ဖြစ်နေ၏။ မြေခွေးမကား သူ့အား အိပ်ရာပြင်ပေးတော့မည်။ အိပ်မက်အလား သူထင်မိသည်။
“မပြင်ဘူး…” ဟွာဂျီယူက ရီဖူရှင်း၏ အကြည့်အား နားလည်ကာ ငြင်းလိုက်သည်။
“ဂျီယူ… စကားပြောတာ ဆင်ခြင်…” သူမ၏အဖေက လှမ်းငေါက်လိုက်သည်။ သူမ ထရပ်လိုက်သည်။ ထို့နောက် စိတ်မပါစွာဖြင့် အခန်းပြင်ရန် ထသွားသည်။
“ဆရာ… ကျွန်တော် သူ့ကို သွားကူလိုက်မယ်”သူက ထိုသို့ပြောလျက် သူမ၏နောက်မှ လိုက်ပါသွားသည်။
ရီဖူရှင်းကား တစ်နေ့လုံး ဤနေရာတွင် နေပြီးသည့်တိုင်အောင် ယခု အဆောင်သို့ပြန်ရန် မလိုလားသေးပေ။ ဟွာဂျီယူကား သူမ၏အဖေက မြေခွေးတစ်ကောင်အား အိမ်ထဲသို့ ဖိတ်ခေါ်ထားသည်ဟု တွေးလိုက်သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ရီဖူရှင်းကား တခြား သိုင်းကွက်များအားလည်း ရေးနိုင်လာသည်။ တချို့စာလိပ်များဆိုလျှင် စွမ်းအားက နိုးထခြင်း အဆင့်ခုနစ်တွင်ပင်လျှင် ရှိသည်။
တစ်ရက်တွင် ရီဖူရှင်းကား အဆောင်ငယ်လေးတွင် တစ်ယောက်တည်း စာလိပ်များ ရေးနေသည်။ ရုတ်တရက် သူက တစ်စုံတစ်ခုအား ဝိုးတိုးဝါးတား ခံစားမိကာ သူ၏စိတ်မှာ တစ်ခုခု ပြောင်းလဲလာသည်ကို ခံစားမိလိုက်သည်။ တဖြည်းဖြည်း သူက သူ၏ခန္ဓာကိုယ်မှာ စကြဝဠာစွမ်းအင်များ ရစ်ပတ်လျက် ကိုယ်တွင်းအင်္ဂါစိတ်အပိုင်း အားလုံးသို့ လှည့်ပတ် စီးဆင်းလာနေသည်ကို သတိထားမိလိုက်သည်။ တစ်ကိုယ်လုံး နွေးထွေးသွားကာ အားအင်များ ကြည့်ဝနေသလို ခံစားချက်က စွမ်းအင် စုဆောင်းခြင်းနှင့် ကွာခြားလှသည်။
ရီဖူရှင်း ပြုံးလိုက်သည်။ သူကား နိုးထခြင်းအဆင့် ခုနစ်သို့ တက်ရောက်သွားပြီဟု သိလိုက်သည်။ ယခုရက်ပိုင်းအတွင်း စာလိပ်ရေးခြင်းဖြင့် သူ၏ စွမ်းအင်ကို အာရုံခံနိုင်စွမ်းနှင့် ထိန်းချုပ်နိုင်သည့် စွမ်းရည်တို့မှာ အဆက်မပြတ် တိုးတက်လာနေသည်ကို ခံစားမိသည်။ အမှန်တကယ်လည်း စာလိပ်ရေးခြင်းမှာ သိုင်းကျင့်ခြင်း တစ်မျိုးပင် ဖြစ်ပေသည်။
***