Switch Mode

အခန်း (၃၆၉) – လင်းယုံပေးသော အကြံဉာဏ်

လင်းယုံပေးသော အကြံဉာဏ်

ဝမ်ပေါင်လဲ့မှာ ထိုသင်ခန်းစာအား ရရှိရန် အချိန်အကြာကြီး မစောင့်လိုက်ရပေ။ လင်းယုံမှာ လင်းတျန်ဟောက်နှင့် စကားစ ဖြတ်လိုက်ပြီးနောက် လက်ဖက်ရည်တစ်ခွက် ဖျော်လိုက်၏။ သူသည် ထိုလက်ဖက်ရည်ခွက်ထဲမှာ တစ်ငုံခန့် သောက်လိုက်ပြီးနောက် တစ်ခဏမျှ စောင့်ဆိုင်းလိုက်၏။ လက်ဖက်ရည်ခွက် တစ်ဝက်အထိ ကုန်အောင် သောက်ပြီးသွားသောအခါမှ သူသည် သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူကာ ဝမ်ပေါင်လဲ့အား လှမ်း၍ ဆက်သွယ်လိုက်တော့သည်။

သူသည် အလျင်လိုနေခြင်းမရှိသလို နှောင့်နှေးကြန့်ကြာနေခြင်းလည်း မရှိဘဲ အချိန်ကိုက်ဖြစ်နေ၏။ ထို့ကြောင့် အခြားတစ်ဖက်မှလူမှာ သူ၏ ရိုးသားမှုနှင့် တည်ငြိမ်အေးဆေးမှုတို့ကို ခံစားမိနိုင်မည်ဖြစ်သည်။ ၎င်းမှာ လင်းယုံ၏ ဘဝသင်ခန်းစာတစ်ခုပင် ဖြစ်သည်။ ထိုသင်ခန်းစာအား ကိုယ်တိုင်မကြုံဖူးသည့်လူများမှာ နားလည်ကြမည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ လင်းယုံတစ်ယောက် သူ့အားဆက်သွယ်လာပြီး ကျေးဇူးတင်စကား ဆိုလိုက်မည်ကို မျှော်လင့်နေစဉ်မှာပင် သူ၏ အသံလွှင့်လက်စွပ်မှာ တုန်ရီသွား၏။ သူသည် ထိုလက်စွပ်ပေါ်တွင် လင်းယုံ၏အမည်ကို မြင်လိုက်ရသောကြောင့် သူ၏ဆက်သွယ်မှုကို ဖြေဆိုရန်ပြင်လိုက်၏။ ထို့နောက် သူသည် အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် တစ်ခဏမျှ စောင့်ဆိုင်းလိုက်ပြီးမှ ပြန်လည်ဖြေဆိုလိုက်၏။

ဝမ်ပေါင်လဲ့မှာ လင်းယုံနှင့် အများကြီး အဆက်အသွယ် မလုပ်ဖူးပေ။ အချိန်အများစုတွင် လင်းတျန်ဟောက်ကသာ သူတို့နှစ်ယောက်၏ ကြားလူအဖြစ် ဆောင်ရွက်ပေးသည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့ လင်းယုံအား နောက်ဆုံးအကြိမ်အဖြစ် ဆက်သွယ်ခဲ့သည့် အချိန်တုန်းက သူသည် လင်းတျန်ဟောက်၏ ပျောက်ကွယ်သွားမှုအတွက် အပြစ်ရှိသလို ခံစားနေခဲ့ရသောကြောင့်သာ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။

သူတို့နှစ်ယောက်မှာ အဆက်အသွယ် အများကြီး မလုပ်ဖူးပါသော်လည်း တစ်ဦးနှင့်တစ်ဦး အခက်အခဲမရှိ အပြန်အလှန် စကားပြောနိုင်ကြပေသည်။ လင်းယုံမှာ အလွန်အင်မတန်မှ ဩဇာတိက္ကမနှင့် ပြည့်စုံသော လူတစ်ယောက်ဖြစ်၏။ သူသည် ရုပ်ရည်အပိုင်းတွင် ဆွဲဆောင်မှုရှိနေရုံသာမက အခြားသူများနှင့် ပြောဆိုဆက်ဆံရာတွင်လည်း နှစ်လိုဖွယ် ကောင်းလှပေသည်။ သူသည် လင်းတျန်ဟောက်အား အရေးကြီးတာဝန်တစ်ခုကို ပေးအပ်ခဲ့သည့်အတွက် ဝမ်ပေါင်လဲ့ကို ကျေးဇူးတင်စကားဆိုလိုက်၏။

ထို့နောက် လင်းယုံမှာ ရပ်တန့်သွားပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည့် ပုံပင်။ ခဏအကြာတွင် သူသည် လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်၏။

” ပေါင်လဲ့။ မင်းနဲ့ တျန်ဟောက်တို့က အသက်အတူတူပဲမလို့ ငါ မင်းကို တူလေးတစ်ယောက်လို သဘောထားပါ့မယ်။ မင်း ပြည်ထောင်စုကြီးထဲက မင်းရဲ့အနာဂတ်အကြောင်းကို စဉ်းစားပုံဖော်ဖူးလား ”

” မင်းရဲ့ ရည်မှန်းချက်အကြောင်းကို ငါ ကြားထားပြီးသားပါ။ မင်းက ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်ချင်တာမလား။ သိပ်ကောင်းတယ်။ ငါ မင်းရဲ့အဖေကို အားကျတယ်ကွာ။ တျန်ဟောက်ကသာ မင်းလောက် ရည်မှန်းချက် ကြီးမားမယ်ဆိုရင် ငါ စိတ်အေးလက်အေးနေနိုင်ပြီ ” လင်းယုံက သက်ပြင်းချကာ ဆိုလိုက်၏။ ၎င်းမှာ သူ၏ရင်ထဲမှလာသော စကားလုံးများဖြစ်သည်။ သူသည် သူ၏ဘဝတစ်လျှောက်လုံးကို လိုလေသေးမရှိလောက်အောင် ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။ သူသည် သာမန်အဆင့်ထက်ပိုသော ပါရမီများကို ပိုင်ဆိုင်ထားသောကြောင့် သူ၏ အရည်အချင်းများနှင့် အရင်းအနှီးများနှင့်သာဆိုလျှင် အချိန်တစ်ခုရောက်လာပါက ယွမ်ယင်အဆင့်သို့ တက်လှမ်းနိုင်မည်သာဖြစ်ကြောင်း အပြည့်အဝယုံကြည်ထား၏။

သူ၏ အကြီးမားဆုံးသော နောင်တမှာ လင်းတျန်ဟောက်ပင် ဖြစ်သည်… ထို့ကြောင့်လည်း သူသည် ဝမ်ပေါင်လဲ့အား အလွန်အင်မတန်မှ ကျေးဇူးတင်နေရခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ လင်းယုံ၏ စကားကို ကြားလိုက်ရသောအခါ ချောင်းဟန့်မိသွား၏။

” ဦးလေးလင်းပြောတာ အမှန်ဘဲဗျ။ ကျနော်လည်း ငယ်ငယ်ကတည်းက အဲ့လိုပဲ တွေးခဲ့တာ။ ကျနော်အဖေက ကျနော့်လို ရုပ်ရည်ချောမောပြီး အရည်အချင်းရှိပြီးတော့ ရည်မှန်းချက်ကြီးမားတဲ့ သားတစ်ယောက်ကို ပိုင်ဆိုင်ထားရတာ မနာလိုဘူးဗျာ ”

ထိုအခါ လင်းယုံမှာ တစ်ခဏမျှ နှုတ်ဆိတ်သွားရ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ ပြောစကားကို ကြားလိုက်ရပြီးနောက် သတိပြန်လည်လာသည်ပုံပင်။ ထို့ကြောင့် သူ၏ မျက်နှာအမူအရာမှာ အထူးတဆန်းဖြစ်သွားပြီး သူသည် ချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်တော့သည်။

” ပေါင်လဲ့။ မင်းက အခု မင်းဘဝရဲ့ အရေးကြီးတဲ့ အချိုးအကွေ့တစ်ခုကို ရောက်လာပြီနော်။ ခေတ်တွေက မတူတော့ဘူးဆိုတော့ ငါ ငယ်ငယ်တုန်းက ကြုံခဲ့ရဲ့ အခြေအနေတွေနဲ့ ကြုံရတော့မှာမဟုတ်ပါဘူး။ ငါ ငယ်ငယ်တုန်းကဆိုရင် ကိုယ့်ရဲ့ကျင့်ကြံခြင်းအဆင့်က မြင့်မားနေပြီးတော့ ကိုယ်ကလည်း အတိုင်းအတာတစ်ခုအထိ ရင့်ကျက်‌နေပြီး ကိုယ့်ရဲ့အစွမ်းအစတွေကို ထုတ်ပြဖို့လည်း ဝန်မလေးနေဘူးဆိုရင် ရှင်ရင်ရွှေထီး သေရင်မြေကြီးပဲ ”

” အခုက အခြေအနေတွေ တည်ငြိမ်သွားပြီမလို့ နိုင်ငံရေးအင်အားစုတိုင်းက အချိန်အကြာကြီး အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် နေချင်ကြတာချည်းပဲ။ သွမ့်မုချွယ်တောင်မှ သူ့ရဲ့အနာဂတ်အတွက် ရည်မှန်းချက်အကြီးကြီးတွေ ရှိနေရင်တောင် ရှေ့ကို တစ်လှမ်းချင်းစီ လှမ်းနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရမှာ ”

” အဲ့တာမလို့…ငါပြောချင်တာက အခုလို ခေတ်ကာလမျိုးမှာ ပဏာမအဆင့်လေးရာထူးဆိုတာ ဩဇာအာဏာ လုံးဝမရှိတဲ့လူတစ်ယောက် အမြင့်ဆုံးရရှိနိုင်တဲ့ ရာထူးပဲ။ တခြား မျှော်လင့်မထားတဲ့ ကိစ္စရပ်မျိုးတွေ ထပ်ဖြစ်မလာတော့ဘူးဆိုရင် မင်းက မင်းဘဝရဲ့ ထိပ်ဆုံးအဆင့်အထိ ရောက်ရှိနေပြီ။ မင်းက ငါတို့ရဲ့ တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်ကြီးလိုမျိုး အမြုတေထိပ်ဆုံးဆင့်အထိ ရောက်ရှိသွားပြီးတော့ ကန့်သတ်ထားတဲ့ အတားအဆီးတွေကို ဖောက်ထွက်သွားနိုင်တဲ့ လူမျိုးမဟုတ်ရင် မင်းရဲ့ အခြေအနေတွေက ပြောင်းလဲသွားမှာမဟုတ်ဘူး။

” ဒါပေမဲ့ မင်း အဲလိုဖောက်ထွက်နိုင်တဲ့ အချိန်ရောက်ရင် ပြည်ထောင်စုဥက္ကဋ္ဌကြီးနဲ့ ငါတို့လိုလူမျိုးတွေ ယွမ်ယင်အဆင့်ထိ ရောက်မနေဖို့သာ ဆုတောင်းထား ”

” ပေါင်လဲ့။ မင်း ငါပြောချင်တဲ့ အဓိပ္ပါယ်ကို နားလည်တယ်မလား။ မင်း ဒီ့ထက်ပိုပြီးတော့ ရာထူးတိုးချင်ရင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အမြုတေအဆင့်ထိ ရောက်သွားရင်တောင် အခက်တွေ့နေရအုံးမှာ။ လက်ရှိမှာ တာအိုကျောင်းကြီးလေးကျောင်းကို ဦးဆောင်နေတာက ကောင်းကင်တာအိုကျောင်း မဟုတ်ဘူးလေ ”

လင်းယုံ၏ စကားများမှာ ရိုးသားဖြောင့်မတ်လလွန်းနေ၏။ သူသည် သူ၏ အတွေ့အကြုံများကို အခြေခံ၍ ဝမ်ပေါင်လဲ့၏ အနာဂတ်အား သုံးသပ်ပြနေခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ လင်းယုံ၏ စကားများကိုနားထောင်ရင်း အမူအရာ ပို၍ တည်ကြည်လာရ၏။ သူသည် လင်းယုံ၏ ပြောစကားများကို တွေးတောသုံးသပ်ကြည့်လိုက်ပြီးနောက် သူ၏စကားအများစုမှာ အမှန်ပင်ဖြစ်ကြောင်း လက်ခံလိုက်ရ၏။

ထို့ကြောင့် သူသည် အနည်းငယ်ခန့် စိတ်ဓာတ်ကျသွားရသည်။ ထို့နောက် သူသည် ပဏာမအဆင့်လေးရာထူးမှ ဒုပဏာမအဆင့်သုံးရာထူး သို့မဟုတ် ပဏာမအဆင့်သုံးရာထူးအထိ ရာထူးတိုးသွားအောင် လုပ်ပေးနိုင်မည့် နည်းလမ်းများ ရှိနေမည်လောဟု စဉ်းစားနေမိတော့သည်။

” ဒါပေမဲ့ မင်းက အင်္ဂါဂြိုဟ်မြို့တော်နယ်မြေအသစ်ရဲ့ မြို့တော်ဝန် ဖြစ်လာခဲ့တာလေ။ အဲ့တာမလို့ မင်းရွှေ့လိုက်တဲ့အကွက်က မှန်သွားပြီ။ အမှန်အတိုင်း ပြောရရင် ဒါက မင်းအတွက် အခွင့်အရေးတစ်ခုတောင် ဖြစ်လာနိုင်တယ်…. ”

” မင်းက လက်ဗလာအနေအထားကနေ ဒီအဆင့်အထိ ရောက်လာတယ်ဆိုတာ မင်း သိထားပြီးသား ဖြစ်မှာပါ။ မင်းက ဘာနည်းလမ်းမှ မရှိတဲ့အချိန်မှာ ကိုယ့်လမ်းကိုဖောက်ပြီးတော့ ပဏာမအဆင့်လေး အရာရှိတစ်ယောက် ဖြစ်လာခဲ့တာလေ။ အရင်တုန်းက အင်္ဂါဂြိုဟ်နယ်မြေအသစ်ဆိုတာ တစ်ခုတလေတောင် ရှိခဲ့ဖူးတာမှ မဟုတ်ပဲ ”

” မြို့တော်နယ်မြေအသစ်တစ်ခုကို တည်ဆောက်ရတာက နယ်မြေအသစ်တစ်ခုကို အခြေခံအုတ်မြစ်ကနေစပြီးတော့ တည်ထောင်ရတာနဲ့ မတူပေမယ့် ချီးကျူးထိုက်တဲ့ အောင်မြင်မှုကြီးတစ်ခုအဆင့်မှာတော့ ရှိနေတုန်းပါပဲ။ အဲ့တာမလို့လည်း နိုင်ငံရေးအင်အားစုတွေ အများကြီးက အဲဒီအခွင့်အရေးကိုရအောင် ကြိုးပမ်းခဲ့ကြတာပေါ့။ တစ်ဖက်ကနေကြည့်ရင် သူတို့က နတ်ဘုရားလက်နက်ကြီးအတွက် ကြိုးစားနေကြတာဖြစ်သလို အခြားတစ်ဖက်ကနေ ကြည့်ရင်လည်း သူတို့က သူတို့ရဲ့ အမွေခံ‌တွေရဲ့ အနာဂတ်အတွက် ယှဉ်ပြိုင်နေကြတာပဲ ”

” ကမ္ဘာကြီးက တဖြည်းဖြည်း တည်ငြိမ်အေးချမ်းလာတာမလို့ ပြည်ထောင်စုကြီးအတွက် အဲ့လိုမျိုး ချီးကျူးဂုဏ်ပြုထိုက်ပြီးတော့ တမူထူးခြားလောက်အောင် ထူးချွန်ပြောင်မြောက်တဲ့ အောင်မြင်မှုကြီးတွေကို ဆွတ်ခူးနိုင်မယ့် အခွင့်အရေးတွေဆိုတာ မရှိသလောက်ရှားသွားပြီ။ သားရဲကြီးတွေနဲ့ ကြောက်ခမန်းလိလိ စစ်ပွဲကြီးတွေကို ဆင်နွှဲခဲ့ပြီးတော့ ခံတပ်ဆယ့်ခုနစ်ခုကို တည်ဆောက်ခဲ့တဲ့ အချိန်တုန်းကပဲ အဲ့လိုမျိုး အောင်မြင်မှုမျိုးတွေကို ဆွတ်ခူးနိုင်ခဲ့တာ ”

” ဒီအခွင့်အရေးက နတ်ဘုရားတွေချီးမြှင့်တဲ့ အခွင့်အရေးတစ်ခုပဲကွ။ အဲ့တာမလို့ မင်း တမြတ်တနိုး တန်ဖိုးထားရမယ်။ မြို့တော်နယ်မြေအသစ်ကို တည်ဆောက်ပြီးတဲ့အချိန်ကျ သူများတွေ မင်းရဲ့ ကြိုးစားအားထုတ်မှုအပေါ် အမြတ်မထုတ်နိုင်အောင် သတိထားရမယ်။ မင်းရဲ့ ကြိုးစားအားထုတ်မှုတွေ အားလုံးအတွက် တခြားသူတွေရဲ့ နာမည်တွေမဟုတ်ဘဲ မင်းရဲ့နာမည်တစ်ခုတည်းကိုပဲ သမိုင်းတွင်ကျန်ရစ်နေခဲ့အောင် လုပ်ဖို့လိုတယ် ”

လင်းယုံမှာ မည်သည့် လျှို့ဝှက်ချက်ကိုမှ ထိန်ချန်ထားခြင်းမရှိဘဲ ဝမ်ပေါင်လဲ့အား အကြံဉာဏ်ပေးနေခြင်း ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ထိုစကားများကိုကြားလိုက်ရသောအခါ ချက်ချင်းပင် စိတ်နှလုံးလှုပ်ရှားသွားရပြီး အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သူသည် ထိုကဲ့သို့သော ကိစ္စရပ်များအကြောင်းကို အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲ၌ ဖတ်ရှုထားပြီးသားဖြစ်သည်။ သူ၏ လုပ်ရပ်များအတွက် အခြားသူများက အမြတ်ထုတ်သွားမည်ဆိုလျှင် သူ၏ ကြိုးစားအားထုတ်မှုများအားလုံးမှာ အချည်းနှီးသာ ဖြစ်နေမည်ဖြစ်ကြောင်း သူက ကောင်းကောင်းကြီး သိထား၏။ ထိုသို့သာဆိုပါက သူသာ တခြားလူတစ်ယောက်၏ အသုံးချခံပစ္စည်းတစ်ခုအဆင့်သာ ရောက်သွားမည် ဖြစ်သည်။

” မင်းရဲ့ မိတ်ဆွေတွေနဲ့ ရန်သူတွေကိုလည်း ကွဲကွဲပြားပြား သိထားဖို့လိုတယ်။ ဥပမာပြရရင် လီယီပေါ့။ တာအိုကျောင်းလေးကျောင်းက သူ့အပေါ်မှာ လက်‌လျှော့ဦးမှာ မဟုတ်ဘူးဆိုတာ ငါယုံတယ်။ သူက တာအိုရောင်းရင်းအမြဲစိမ်းသစ်ပင်ကြီးရဲ့ ထောက်ခံမှုကို ရထားတာ‌လေ။ အဲ့တာမလို့ သူက မင်းရဲ့ အကြီးမားဆုံး ရန်သူကြီး ဖြစ်လာမှာ ”

” ဘာလို့လဲဆိုတော့… မင်းတို့နှစ်ယောက်စလုံးဆီမှာ တာအိုကျောင်းကြီးလေးကျောင်းက ကျောင်းသားတွေဆိုတဲ့ တူညီတဲ့အချက်တစ်ခု ရှိနေလို့ပဲ။ သူက တရားဝင်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ပေမယ့် မင်းက ဘယ်ကနေမှန်းမသိ ပေါ်လာပြီး သူ့ကိုစိန်ခေါ်တဲ့ လူတစ်ယောက် ဖြစ်နေတာလေ။ ပြီးတော့ သူက သမင်ဖြူတာအိုကျောင်းက ဖြစ်နေပေမဲ့ မင်းက ကောင်းကင်တာအိုကျောင်းက ကျောင်းသားတစ်ယောက် ဖြစ်နေတာ ”

” အဲ့တာမလို့ အခုကိစ္စကြီးတစ်ခုလုံးက မင်းနဲ့ လီယီကြားက ပဋိပက္ခအဆင့်မှာပဲ ရှိနေတော့တာမဟုတ်ဘူး။ သမင်ဖြူတာအိုကျောင်းနဲ့ ကောင်းကင်တာအိုကျောင်း နှစ်ကျောင်းထဲက ဘယ်ကျောင်းက လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ ရရှိသွားမလဲဆိုတာ ဆုံးဖြတ်ပေးမယ့် ကိစ္စကြီးတစ်ခု ဖြစ်သွားပြီ။ သမင်ဖြူတာအိုကျောင်းက မင်း လီယီထက် ပိုပြီးတော့ ဩဇာအာဏာကြီးမားသွားတာကို လုံးဝခွင့်ပြုမှာ မဟုတ်ဘူး။ ကောင်းကင်တာအိုကျောင်းက မင်းဘက်ကနေ ကူညီပေးချင်ရင်တောင် တာအိုကျောင်းကြီးလေးကျောင်းဆိုတဲ့ အဖွဲ့အစည်းကြီးရဲ့ အကောင်းအဆိုး အကျိုးအပြစ်တွေနဲ့ တာအိုကျောင်းတွေရဲ့ ရိုးရာအစဥ်အလာတွေကို ထည့်တွက်ရအုံးမှာမလို့ ပေါ်ပေါ်ထင်ထင်ကြီး ကူညီပေးနိုင်မှာမဟုတ်ဘူး ”

” သူတို့အတွက် တာအိုကျောင်းတွေရဲ့ တည်ငြိမ်အေးချမ်းမှုက အရေးအကြီးဆုံးပဲ။ ပြီးတော့ ကောင်းကင်တာအိုကျောင်းရဲ့ လက်ရှိဂိုဏ်းချုပ်ကြီးကလည်း အရမ်းကြီး မရက်စက်တတ်တဲ့ လူတစ်ယောက် ဖြစ်နေသေးတာ။ အဲဒီအချက်တွေက မင်းရဲ့ အားနည်းချက်တွေပဲ ”

ဝမ်ပေါင်လဲ့မှာ သူပြောသမျှစကားတိုင်းကို သေသေချာချာ နားထောင်နေ၏။ သူသည် စကားတခွန်းမှ ပြန်မပြောဘဲ လင်းယုံပြောသမျှစကားအားလုံးကို နှလုံးသားထဲ၌ မှတ်သားကာ သေသေချာချာ စဉ်းစားတွေးတော သုံးသပ်နေလိုက်တော့သည်။ ထို့နောက် သူသည် သူ၏အနာဂတ်ကြီးအား ပို၍ပင် နားလည်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။

” တာအိုကျောင်းကြီးလေးကျောင်းက လီယီဘက်ကနေ ကူညီထောက်ပံ့ပေးနေတာမလို့ မင်း အရင်ဆုံးလုပ်ရမှာက လီယီရဲ့ အမှားတွေကို ထောက်ပြဖို့ပဲ။ မင်း သူ့ကို တရားဝင်နည်းလမ်းနဲ့ ပြိုင်ပွဲထဲကနေ ထွက်သွားအောင် လုပ်နိုင်ဖို့ ကောင်ဆုံးကြိုးစားရမယ် ”

” အဲ့လို လုပ်ပြီးသွားရင် မင်းက တာအိုကျောင်းကြီးလေးကျောင်းရဲ့ အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲက တစ်ဦးတည်းသော ကိုယ်စားလှယ် ဖြစ်သွားမှာပဲ။ အချိန်ကျရင် သူတို့က ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မင်းကိုပဲ ကူညီထောက်ပံ့ပေးရတော့မှာ။ သူတို့တွေ ဘယ်လောက်ပဲ မကျေမနပ်ဖြစ်နေပါစေ မင်းကို အပြည့်အဝ ထောက်ခံပေးရုံကလွဲပြီးတော့ တခြားရွေးချယ်စရာ ရှိတော့မှာမဟုတ်ဘူး ”

” အဲ့လိုဖြစ်လာရင် ကောင်းကင်တာအိုကျောင်းရဲ့ ဂိုဏ်းချုပ်ကြီးက မရက်စက်တတ်တဲ့ လူတစ်ယောက် ဖြစ်နေရင်တောင် ရတဲ့အခွင့်အရေးကို အပိုင်အသုံးချပြီးတော့ အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲမှာ တာအိုကျောင်းကြီးလေးကျောင်းအပေါ် အသာစီးရသွားအောင် လုပ်လိုက်မှာပဲ ”

” အဲ့အချိန်ကျရင် မင်းရဲ့ ကြိုးစားအားထုတ်မှု အသီးအပွင့်တွေကို ဆွတ်ခူးလို့ရပြီ ” လင်းယုံမှာ စကားဆုံးအောင်ပြောလိုက်ပြီးနောက် လက်ဖက်ရည်တစ်ငုံခန့် မော့သောက်လိုက်၏။ သူသည် အသံလွှင့်လက်စွပ်ထဲမှ ဝမ်ပေါင်လဲ့၏ အသက်ရှူသံများ မြန်ဆန်လာသည်ကို ကြားလိုက်ရသောကြောင့် ခပ်ရေးရေးမျှ ပြုံးလိုက်၏။

ဝမ်ပေါင်လဲ့မှာလည်း အမှန်တကယ်ပင် အသက်ရှူသံများ မြန်နေရပြီဖြစ်သည်။ လင်းယုံ၏ အကဲဖြတ်သုံးသပ်ချက်များနှင့် ဝမ်ပေါင်လဲ့၏ အခက်အခဲများအတွက် သူပေးအပ်ခဲ့သည့် နောက်ဆုံးဖြေရှင်းနည်းမှာ ဝမ်ပေါင်လဲ့အား ဉာဏ်အလင်းပွင့်သွားစေခဲ့ပြီး စိတ်ဓာတ်တက်ကြွသွားစေခဲ့၏။ ထို့ကြောင့် သူသည် စိတ်ထဲ၌ကျိတ်၍ သက်ပြင်းချမိသွားတော့သည်။ လင်းယုံမှာ အမှန်တကယ်ပင် ထောင့်စေ့အောင် စဉ်းစားတွေးတောနိုင်သည့် လူတယောက်ဖြစ်နေသည် မဟုတ်ပါလော။ သူသည် အကောင်းအကျိုး အဆိုးအပြစ်များကို ချင့်ချိန်သုံးသပ်ကာ အကောင်းဆုံးသော နည်းလမ်းအား ရွေးချယ်နိုင်စွမ်းရှိနေသည့် တမူထူးခြားသော အရည်အချင်းကို ပိုင်ဆိုင်ထားသည်ဖြစ်သည်။

” ကဲ။ မင်းရဲ့ ရန်သူတွေအကြောင်းကို ပြောပြီးပြီဆိုတော့ မင်းရဲ့ မိတ်ဆွေတွေအကြောင်း ပြောကြတာပေါ့။ ပေါင်လဲ့။ လူတစ်ယောက်က ရန်သူတွေနဲ့ ဝိုင်းနေရင် ကြီးမားတဲ့ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်မှာမဟုတ်ဘူး။ အဲ့တာမလို့ မင်း မိတ်ဆွေဖွဲ့နိုင်တဲ့ ရန်သူတွေနဲ့ လုံးဝ မိတ်ဆွေမဖွဲ့နိုင်မယ့် ရန်သူတွေကို ခွဲခြားတတ်ဖို့လိုတယ်။ မင်းပေါ်မှာ သေရာပါအငြိုးတွေ ရှိနေတဲ့လူတွေကို အမြန်ဆုံးနည်းနဲ့ ရှင်ထုတ်ပစ်ဖို့လိုတယ် ”

” ဥပမာပြရမယ်ဆိုရင် ခုန်းတောက်ပေါ့။ သူက ပြည်ထောင်စုဥက္ကဋ္ဌကြီးရဲ့မွေးစားသားတစ်ယောက်လည်း ဖြစ်နေသလို အင်္ဂါဂြိုဟ်စစ်တပ်ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်နေတာ။ အဲ့တာမလို့ မင်း သူ့ကို ရှင်းထုတ်ပစ်လို့ မရဘူး။ ဘာလိုလဲဆိုတော့ မင်းက တာအိုကျောင်းလေးကျောင်းရဲ့ တစ်ခုတည်းသော ရွေးချယ်မှု မဟုတ်လို့ပဲ။ မင်းက အင်္ဂါဂြိုဟ်ပေါ်က လူတွေရဲ့ ကူညီထောက်ပံ့မှုတွေကိုလည်း လိုအပ်နေဦးမှာ။ မင်းနဲ့ စစ်တပ်ကြားမှာရှိတဲ့ ဆက်ဆံရေးကြောင့် သူတို့က မင်းကို အလိုအလျောက် ကူညီထောက်ပံ့ပေးမှာပါ ”

” အဲဒီအပိုင်းမှာ ခုန်းတောက်က မင်းကို နောက်ကွယ်ကနေ ကူညီထောက်ပံ့ပေးလိမ့်မယ်။ မင်းက ပြည်ထောင်စုကြီးထဲက နိုင်ငံရေးအင်အားစုအသီးသီးကို ခွဲခြမ်းစိတ်ဖြာထားဖို့လိုတယ်။ သူတို့က အင်္ဂါဂြိုဟ်အစိုးရနဲ့ ပူးပေါင်းပြီးတော့ မြို့တော်နယ်မြေအသစ်ကို ဝေစားမျှစားနည်းနဲ့ ထိန်းချုပ်ဖို့ အစီအစဉ်ရှိလား။ အဲဒီမေးခွန်းရဲ့ အဖြေကိုကြည့်ရင် ခုန်းတောက်က လက်ထောက်မြို့တော်ဝန်တစ်ယောက်အနေနဲ့ပဲ ရှိနေမှာကို သိနိုင်တယ်။ တကယ်လို့ ခုန်းတောက်သာ နောက်ဆုံးပြိုင်ပွဲထဲမှာ ပထမရသွားခဲ့မယ်ဆိုရင် လက်ထောက်မြို့တော်ဝန်ရာထူးက လေးနေရာမဟုတ်ဘဲ ငါးနေရာအထိ တိုးမသွားနိုင်ဘူးလို့ မင်းယုံလား။ ပြီးတော့ ခုန်းတောက်က မြို့တော်နယ်မြေအသစ်ထဲမှာ လုံးဝရှိနေမှာမဟုတ်ဘူး ”

” အဲ့တာမလို့ မင်းက သူ မင်းရဲ့အမိန့်တွေကို နာခံတဲ့ပုံစံပေါက်အောင် လုပ်ထားဖို့ပဲလို့တယ်။ စိတ်မပူနဲ့။ သူက သူက ဘယ်တော့မှ အာဏာလုဖို့ ကြိုးစားမှာမဟုတ်ဘူး ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးပြူးသွားရတော့သည်။ လင်းယုံ၏ ခွဲခြမ်းစိတ်ဖြာမှုများနှင့် ရှင်းပြချက်များမှာ သူ၏ရှေ့၌ ပိတ်နေသော တံခါးတစ်ချပ်အား ဖွင့်ပေးလိုက်သကဲ့သို့ပင်။ ထို့ကြောင့် သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲ၌ ဖတ်ရှုထားဖူးပါသော်လည်း နားမလည်နိုင်ဘဲ ဖြစ်နေရသည့် သင်ခန်းစာအချို့ကို ရုတ်တရက်ဆိုသလို နားလည်သဘောပေါက်သွားသကဲ့သို့ ဖြစ်သွားရတော့သည်။

Comment

  1. Lamin says:

    👍👍👍👍👍👍👍

Leave a Reply

Options

not work with dark mode
Reset