Switch Mode

အပိုင်း(၁၉)

ပြိုင်ပွဲပီးနောက်

ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲကား ဇာတ်လမ်းငယ်တစ်ပုဒ်လို ပြီးဆုံးခြင်းသို့ ရောက်ခဲ့ပြီ။ လူများ တဖြည်းဖြည်း ကျဲသွားကာ နောက်ဆုံး ထိုကွင်းပြင်ကြီးကား တိတ်ဆိတ်ခြောက်ကပ် သွားလေသည်။

သို့သော်လည်း လူတိုင်း၏စိတ်က ပြိုင်ပွဲမှ အဖြစ်အပျက်များအား တွေးမိနေကြဆဲဖြစ်သည်။ ယခုနှစ်စာမေးပွဲတွင် ရီဖူရှင်း၏ စွမ်းဆောင်ရည်ကား သိသာ ထင်ရှားလှသည်။ သူက အသုံးမကျသည့် အရှုံးသမား အဆင့်မှ ပါရမီမြင့် မှော်ပညာရှင်နှင့် သိုင်းပညာရှင် အဖြစ်သို့ နေ့ချင်း ညချင်း ပြောင်းလဲသွားသည်။ ပို၍ပြောရလျှင် သိုင်းနှင့် မှော်နှစ်မျိုးလုံးတွင်လည်း အာရုံခံနိုင်စွမ်းက အမြင့်ဆုံးဖြစ်ပြီး ပို၍ မနာလိုစရာ ကောင်းသည်က သူနှင့် ဟွာဂျီယူတို့၏ နားလည်ရခက်သော ပတ်သက်မှုဖြစ်သည်။ ယူချင်း၏အဆင့်နှင့်ပတ်သက်၍ ကျောင်းတော်မှ ဆရာများနှင့် အနည်းငယ် အချင်းများရသည်ကလွဲလျှင် ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲ တစ်ခုလုံးကား သူ့အား ကျော်ကြားစေသည်ဟု ပြောရမည်ဖြစ်သည်။

ရီဖူရှင်းအပြင် ယူချင်းမှာလည်း လူအများအား ဖမ်းစားစေနိုင်ခဲ့သည်။ အနာဂတ်တွင် သူမည်သို့ ဖြစ်လာမည်ကို မည်သူမှ မပြောနိုင်သော်လည်း လက်ရှိ သူပြသသွားသော ပါရမီက ကြောက်မက်ဖွယ် ကောင်းလှသည်။ ပထမရသော မူရွန်ချူကား သူနှင့်ယှဉ်လျှင် သာမန်အဆင့်သာလျှင်ရှိသည်။

***

ဆောင်းဦးရာသီ၏ ညချမ်းက ချမ်းစိမ့်သော လေအေးများအား သယ်ဆောင်လာနေသည်။ ဤသည်ကပင်လျှင် ဆောင်းရာသီ၏ အငွေ့အသက်များအား ခံစားမိစေ၏။

ဤရက်ပိုင်း အတွင်းတွင် ချင်းကျူ ကျောင်းတော်ကား သတင်း အသစ်များဖြင့် သက်ဝင်လှုပ်ရှားနေ၏။ မူရွန်ချူနှင့် ဟွာဂျီယူတို့က ကျောင်းတော်၏ တရားဝင် ကျောင်းသားများ ဖြစ်လာကာ ကျောင်းတော်မှ ထိပ်သီးပညာရှင်များ၏ အာရုံစိုက်မှုကို ရလာသည်။ ယူချင်းလည်း ထို့အတူဖြစ်သည်။ ကောလာဟလများအရ သိုင်းပညာရှင်ကျောင်းမှ ဆရာများနှင့် သတ္တုဓာတ် မှော်ကျောင်းအုပ်တို့က ယူချင်းအတွက် ပြိုင်ဆိုင်မှုများ ပြင်းထန်နေကြောင်း ပြောနေကြသည်။

ပြင်ပကျောင်းသား အများအပြားမှာ ထိုသို့သော အရေးပေးမှုများအား မနာလိုဖြစ်ကြရ၏။ မျှော်လင့်ထားသည့်အတိုင်း ရာသီကုန်စာမေးပွဲတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်သူများမှာ ကျောင်းတော်အတွင်း မျက်နှာပွင့်လှသည်။

တခြား အကြောင်းအရာများထက် စာမေးပွဲအတွင်း အဆင့်ချိတ်နိုင်သူများမှာ ကျောင်းတော်၏ စာကြည့်တိုက် ဒုတိယထပ်သို့ ဝင်ရောက်ကာ လေ့လာနေကြရပြီ ဖြစ်သည်။ သူတို့ကား မရေမတွက်နိုင်သော စွမ်းအားမြင့် မှော်စာအုပ်များ။ သိုင်းကျမ်းများအား လေ့လာခွင့်ရကြ၏။

ရီဖူရှင်းအတွက်မူ သူကား ကျောင်းတော်မှ ဆရာများအား မလေးစားသော အပြုအမူများကြောင့် ဂုဏ်ထူးစာရင်းမှ ပယ်ဖျက်ခံရကာ စိတ်ပျက်လက်ပျက် အခြေအနေတွင် ရှိနေပုံရသည်။ ကောလာဟလများအရ ကျောင်းတော်မှ ဆရာများက ရီဖူရှင်း၏ အပြုအမူများအတွက် မပျော်မရွှင် ဖြစ်နေကြကာ ရီဖူရှင်းအား အပြစ်ပေးရန် စီစဉ်နေကြသည်ဟု ဆိုကြသည်။

ယူချင်းမှာလည်း စာမေးပွဲအတွင်း နှောင့်ယှက်ခဲ့သော်လည်း ကျောင်းမှ ထပ်သီးပညာရှင်များ၏ အာရုံစိုက်မှုကို ရနေသော သူ့အား မည်သူက အပြစ်ပေးဝံ့မည်နည်း။ ထို့အပြင် ယူချင်းလုပ်သမျှ အမှားများအားလုံး ရီဖူရှင်း၏ခေါင်းပေါ်သို့ ပုံကျသည်ဟု ပြောရမည်။ လူတိုင်းက ရီဖူရှင်းကိုသာလျှင် အပြစ်မြင်ကြ၏။ သူကား အမှန်တကယ်ပင် ကံဆိုးလှသည်။

သို့သော်လည်း ရီဖူရှင်းနှင့် ယူချင်းတို့ကား ထိုကိစ္စများအား အာရုံစိုက်ဟန်မရှိဘဲ မိမိတို့ အခန်းတွင်သာလျှင် အေးဆေးစွာ သိုင်းလေ့ကျင့်နေကြ၏။

ယနေ့တွင်လည်း စာသင်ခန်းထဲတွင် စီနီယာ အစ်မချင်က သင်ခန်းစာတချို့ သင်နေသည်။ ရီဖူရှင်းကား ကျောင်းသားကောင်း တစ်ဦးလုပ်ရန် အကြံဖြင့် ယနေ့ စာသင်ခန်းသို့ တစ်ဖန် ရောက်လာသည်။

သို့သော်လည်း သူက စာသင်ခန်းသို့ ခြေချလိုက်သည်နှင့် အခန်းထဲမှ လူများက သူ့အား ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်နေကြသည်ကို သတိထားမိလိုက်သည်။ ရီဖူချင်းကား အမှန်တကယ် အချိန်ကိုက် ရောက်လာ၏။ သူ့အား အပြစ်ပေးသည့် ကြေညာချက်အား ခုနကမှ ကြေညာပြီးသွားသည်။

ချင်ယီကလည်း ရီဖူရှင်း ရောက်လာသည်ကို မြင်၏။ သူမက သူ့အား စိုက်ကြည့်ကာ ရီဖူရှင်းမှာ မတရားသဖြင့် ခံရသည်ဟု တွေးလျက် စိတ်မကောင်း ဖြစ်မိသည်။

“ငါက ငါကြည့်ကောင်းတယ်ဆိုတာ သိပါတယ်… ဒါပေမဲ့ မင်းတို့တွေ ဒီလို စိုက်ကြည့်နေဖို့ မလိုဘူးလေ…” ရီဖူရှင်းက ပြောလိုက်သည်။

သူ၏အတန်းဖော်များ အားလုံး၏မျက်လုံးများ ဝိုင်းသွားသည်။ တစ်စုံတစ်ယောက်က အရှက်မရှိသော သူဖြစ်လျှင် ထိုသူမှာ နောင်လည်း အရှက်မရှိသော သူသာလျှင်ဖြစ်သည်ဟု သူတို့ တွေးလိုက်ကြသည်။

ချင်ယီက ရီဖူရှင်းထံသို့ လှမ်းသွားလိုက်၏။ သူမပုံစံ ကြည့်ရသည်မှာ ဝမ်းနည်းနေပုံရသည်…

“ရီဖူရှင်း… ကျောင်းတော်က မင်းကို စာသင်ခန်းထဲ ဝင်ခွင့် ယာယီပိတ်ထားတယ်… ဒါပေမဲ့ စိုးရိမ်စရာတော့ မရှိဘူး… ငါသူတို့နဲ့ သွားပြောလိုက်မယ်… သူတို့မကြာခင် နင့်ကို ခွင့်လွှတ်မယ်လို့ ငါယုံတယ်…”

ချင်ယီက ထိုသတင်းအား ကြားမိသောအခါ သူမ၏နားကိုပင် မယုံနိုင်ချေ။ ရီဖူရှင်း၏ ပါရမီ မည်မျှကောင်းမွန်သည်ကို အကုန်လုံးက မျက်မြင်ကိုယ်တွေ့ ဖြစ်သည်။ ကျောင်းတော်မှ ဆရာများနှင့်ဖြစ်သော အနည်းငယ်သော ကတောက်ကဆက သည်မျှ အပြစ်ပေးစရာ လိုသလား။ ထို့အပြင် စာမေးပွဲရလဒ်မှာလည်း ရာနှုန်းပြည့် တရားသည်ဟု သူမ မယုံပေ။

အမှန်တကယ်တွင်ကား ချင်ယီက ပြစ်ဒဏ် အပြည့်အစုံအား မပြောပြရသေးပေ။ ကျောင်းတော်က ရီဖူရှင်းအား စာသင်ခွင့် ပိတ်ရုံသာမက အနီးကပ် စောင့်ကြည့်ရန်ပါ ညွှန်ကြားထားသေးသည်။ ဆိုလိုသည်မှာ ရီဖူချင်းအား ကျောင်းမှ ထုတ်ပယ်ခံရကောင်း ခံရနိုင်သေးသည်။ ရီဖူရှင်း၏ ပါရမီအခြေခံကလည်း သူ့အား ကယ်နိုင်ပုံမရတော့ပေ။ သူ၏ ခေါင်းမာမှုအတွက် ပေးဆပ်ရသော အပြစ်ဒဏ်ဟုပင် ပြောနိုင်သည်။

ရီဖူရှင်း၏မျက်နှာကား ပြိုကျတော့မည့် ကောင်းကင်လိုပင်။ သူ၏ ဝမ်းနည်းသောပုံစံက လူတိုင်းအား သနားဂရုဏာ သက်စေသည်။

“စီနီယာ အစ်မ…” သူ၏အသံကား အနည်းငယ် တုန်နေသည်။ သူက ချင်ယီထံသို့ ခေါင်းအနည်းငယ်ငုံ့လျက် လျှောက်သွားလိုက်သည်။

သူမကား ထိုမြင်ကွင်းအား ကြည့်ရှုကာ ရင်ထဲ နာကျင်လာသည်။ သူမက ကြိုးစားပြုံးကာ နှိပ်သိမ့်ရန် ကြိုးစားလိုက်၏…

“စိတ်မပူနဲ့ မကြာခင် အဆင်ပြေသွားလိမ့်မယ်…”

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်…။ ထို့နောက် ရှေ့သို့ အနည်းငယ်တိုးကာ ချင်ယီအား အသာအယာ ဖက်လိုက်သည်။

“ဟင်…”

“သူ ဘာလုပ်နေတာလဲ…”

အခန်းထဲမှ လူများအားလုံး ထိတ်လန့် အံ့အားသင့်သွားကြသည်။

“ဒီအကောင် ဘာလုပ်နေတာလဲ…”

“….”

“ဒီကောင်က စီနီယာ အစ်မကို ဖက်လိုက်တာလား…”

အခန်းထဲမှလူများ ပါးစပ်များဟလျက် ထိုမြင်ကွင်းအား ငေးကြည့်နေကြသည်။

“ကျေးဇူး… စီနီယာအစ်မချင်…” ရီဖူရှင်းက အသာအယာ ပြောလိုက်သည်။

ချင်ယီက ဘာဖြစ်သွားမှန်း မသိလိုက်ပေ။ သူမက ရီဖူရှင်းအား နှစ်သိမ့်မည် ကြံနေခြင်းဖြစ်သည်။ တစ်ခုခု မှားနေသည်ဟု သိလိုက်သည်။

သူမ ရုတ်တရက် နောက်သို့ ခုန်ဆုတ်လိုက်သည်။ သူမ၏မျက်နှာကား ရှက်ရွံ့သောကြောင့် နီရဲနေ၏။ သူမကား ရီဖူရှင်းအား သနားသောစိတ် လုံးဝ မကျန်တော့။ သူမ ဒေါသတကြီး အော်ဟစ်လိုက်သည်…

“ရီ… ဖူ… ရှင်း…”

သို့သော် ချင်ယီ အော်ဟစ်နေစဉ် အတွင်းမှာပင် ရီဖူရှင်းကား အစအနပင် ရှာမရအောင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

“ငါနဲ့ နောက်တစ်ခါ မတွေ့စေနဲ့…” ထွက်ပြေးသွားသော အဝေးမှ ပုံရိပ်အား ဒေါသတကြီး ကြည့်ကာ သူမ အော်ဟစ်လိုက်၏။

နောက်ဆုံးတွင် မှင်တက်နေရာမှ ကျောင်းသားတချို့ သတိဝင်လာကာ ထရပ်လိုက်ကြ၏…

“ခွေးကောင်…” သူတို့ထဲမှ တစ်ယောက်က အော်လိုက်သည်။ ရီဖူရှင်းကား သူတို့၏ နတ်သမီးအား အမှန်တကယ်ပင် ပွေ့ဖက်ခဲ့သည်။ သူတို့ မည်သို့ သည်းခံနိုင်ပါမည်နည်း။

“ေ_ာက်ရှက်မရှိတဲ့ ခွေးကောင်… ကျောင်းတော်က အပြစ်ပေးတာတောင် နည်းသေးတယ်… တစ်ခါတည်း ကျောင်းထုတ်ပစ်ရမှာ…” နောက်ကျောင်းသား တစ်ယောက်က ပြောလိုက်သည်။

“ဟုတ်တယ်… ဒီကောင်ကို ကျောင်းထုတ်ပြီးတော့ ကျောင်းတော်ရဲ့မြေကို ဘယ်တော့မှ ခြေ ထပ်ချလို့မရအောင် လုပ်သင့်တယ်…”သူတို့၏ နတ်သမီးကား အသားယူခံလိုက်ရ၏။ လူတိုင်းက ဒေါသူပုန်ထလျက် ဆဲရဲပြစ်တင်နေကြသည်။

ရီဖူရှင်းနှင့် ယူချင်းတို့ နှစ်ယောက်သား ကျောင်းကော်ရစ်တာတွင် လမ်းလျှောက်နေကြသည်။ ယူချင်းက မေးလိုက်သည်…

“ဘယ်လိုနေလဲ…”

“မင်းဘာကို ပြောနေတာလဲ… စီနီယာအစ်မက ငါ့ကို အရမ်းကောင်းလို့ နည်းနည်း စနောက်ရုံပဲကို…” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ ယူချင်းက သူ့အား စီနီယာအစ်မချင်ကို မကောင်းသည့်စိတ်မျိုး တွေးနေသည်ဟု ထင်နေပုံရသည်။ သို့သော် အမှန်တကယ်ကား သူ့စိတ်ထဲတွင် ဘာမှမရှိပေ။

“အင်း…” ယူချင်းက နားလည်သည့်ပုံစံဖြင့် ခေါင်းညိတ်လိုက်သည်။ ရီဖူရှမ်းက သက်ပြင်းချက်လျက် ယူချင်းပင်လျှင် ပြောင်းလဲသွားသည်ဟု တွေးလိုက်သည်။

“ကျောင်းတော်က ငါ့ကို အပြစ်ပေးတယ်ဆိုတာ မယုံနိုင်ဘူး…” ရီဖူရှင်းက ပြောလိုက်သည်။ စာမေးပွဲအတွင်း သူပြသခဲ့သော ပါရမီကား အသုံးမဝင်သလို ယူချင်း၏ ပထမနေရာမှာလည်း မှားယွင်းစွာ ဆုံးဖြတ်ခြင်းခံခဲ့ရသည်။ ရီဖူရှင်းက သူတို့၏ဆုံးဖြတ်ချက်အား ဆန့်ကျင်ခဲ့သည့်အတွက် ယခု အပြစ်ပေးတော့မည် ဖြစ်သည်။ သူ အမှန်တကယ် စိတ်ပျက်မိသည်။

ယူချင်းက သူ့မျက်ခုံးများတွန့်အောင် တွေးလျက် ပြောလိုက်သည်… “ဖြစ်နိုင်တာက ဓားခန်းမသခင်နဲ့ ကျောင်းအုပ်က မင်းရဲ့အပြုအမူကြောင့် သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ထင်လို့ဖြစ်မယ်….”

“ငါဂရုမစိုက်ဘူး … သူတို့ ငါ့ကို တကယ်ထုတ်ပယ်မည့်ပုံ မရှိပါဘူး…” ရီဖူရှင်းက ပြန်ပြောလိုက်သည်။

“တကယ် မထုတ်ဘူးလို့ ဘယ်သူပြောလဲ…” သူတို့၏နောက်မှ တစ်စုံတစ်ယောက်က ပြောလိုက်၏။ ရီဖူရှင်းက လမ်းလျှောက်နေရာမှ ရပ်ပြီး နောက်ကို လှည့်ကြည့်လိုက်သည်။

ထိုသူကား မူရွန်ချူ ဖြစ်သည်။ သူက ဖူရှင်းအား သရော်သလိုကြည့်ကာ ပြောလိုက်သည်…” မင်းရဲ့ ပါရမီက ပြဿနာအားလုံးကို ပြေလည်စေလိမ့်မယ်လို့ ယုံနေတာတော့ မဟုတ်ပါဘူးနော်… ဟဟ… ဒါဆိုရင် ယူချင်းက ပထမနေရာကိုဘာလို့ ဆုံးရှုံးရတာလဲ…ဟ..ဟ…”

သူပြောသည်ကို ကြားပြီး ဖူရှင်း မျက်မှောင်ကုတ် သွားသည်။ ယူချင်းက ပထမနေရာကို လွဲခဲ့သည်မှာ ဒိုင်လူကြီးများ၏ ဘက်လိုက်မှု သို့မဟုတ် မှားယွင်းစွာ ဆုံးဖြတ်မှုကြောင့် မဟုတ်ဘဲ ပူးပေါင်း ကြံစည်ထားခြင်းပေလော။

“မင်း အခုတွေးနေတာက အမှန်တွေ… ဟား… ဟား… ဒါတင် မဟုတ်သေးဘူး ကျောင်းတော်က မင်းကို အပြစ်ပေးတာလည်း ငါ့ကြောင့်ပဲ…” မူရွန်ချူက ဖူရှင်း၏ရှေ့သို့ အနည်းငယ်တိုးကာ အသံနှိမ့်လျက် မေးလိုက်သည်…” မင်း အံ့သြသွားလား”

ထိုစဉ် ယူချင်းက လက်ဆစ်ရိုးများအား တဖြောက်ဖြောက် မြည်အောင် ချိုးလျက် ရှေ့သို့တိုးလာသည်။ သူကား မူရွန်ချူကို အလွန် ရိုက်နှက်ချင်နေလေပြီ။

“မင်းက ငါ့ကို ရိုက်ချင်တယ်… မင်းမှာ ဒီလိုလုပ်ဖို့ သတ္တိရှိလို့လား… အရူး…” မူရွန်ချူက ယူချင်းအား ကြည့်လိုက်သည်။ သူက ယူချင်းအား အထင်သေးနေပုံရ၏။ ရီဖူရှင်း၏ မျက်လုံးများ အေးစက်သွားသည်။

“ငါကြားတာတော့ မင်းနဲ့ ဖန်းရှင်းဇွီက အတူတူကြီးပြင်း လာကြတာဆို… သူမက အရမ်းလှတာပဲ… အသက်ဆယ့်ငါးနှစ်။ ပွင့်ဖူးကလေး…။ သွေးဆောင်ဖြားယောင်းရ လွယ်တယ်…” မူရွန်ချူက ဆက်ပြောလိုက်သည်။ ယူချင်းက ရှေ့သို့ တိုးလာနေ၏။

“ယူချင်း…” ဖူရှင်းက ခေါ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် အေးစက်မှုများ ပျောက်ကွယ်သွားကာ သူပြုံးလိုက်သည်။

မူရွန်ချူ၏စကားများကား သည်းခံရ တဖြည်းဖြည်း ခက်ခဲလာသည်။ သူ၏ ရည်ရွယ်ချက်ကား တစ်ခုတည်းသာ။ ရီဖူရှင်းအား ချောက်ချရန်ဖြစ်သည်။

အကယ်၍ ရီဖူရှင်းက သူ့အား တိုက်ခိုက်မည် ဆိုပါကလည်း သူ ခုခံမည် မဟုတ်ပေ။ သို့မှသာလျှင် ကျောင်းတော်မှ ရီဖူရှင်းအား ထုတ်ပယ်ရန် နောက်ထပ် အကြောင်းပြချက်တစ်ခု ရမည် မဟုတ်ပါလား။

“မူရွန်ချူ… ငါမှတ်ထားတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောလိုက်သည်။ “ယူချင်း…သွားစို့…” ရီဖူရှင်း နောက်သို့လှည့်ကာ ထွက်သွားလေသည်။

ယူချင်းက မူရွန်ချူအား နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်သည်။ ထို့နောက် ရီဖူရှင်း၏နောက်သို့ လိုက်ပါသွား၏။ မူရွန်ချူ အနည်းငယ် အံ့အားသင့်သွားသည်။ သူက ဖူရှင်းတို့ နှစ်ယောက် ထွက်သွားသည်ကို အေးစက်စွာ ကြည့်နေသည်။ သူတို့နှစ်ယောက်ကား စာမေးပွဲအတွင်း မည်မျှမာနကြီးသနည်း။ ယခု အဘယ်ကြောင့် ကြောက်ရွံ့နေသနည်း။ မူရွန်ချူ နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။

“မင်းဘာလို့ ငါ့ကို လှုပ်ရှားခွင့် မပေးတာလဲ… ငါ ဒီကောင် အရိုးတွေကို ချိုးပစ်မယ်…” ယူချင်းကား အလွန် ဒေါသထွက်နေပုံ ရသည်။

“ပြီးတော့ အပြစ်တွေကို ငါ့ခေါင်းဆီ ပုံပေးလိုက်လေ…”ရီဖူရှင်းက ပြောလိုက်သည်။ စာမေးပွဲပြီးကတည်းက မူရွန်ချူက သူ့အား မျက်စိကျနေပုံရသည်။ မူရွန်ချူ၏ ထောင်ချောက်ထဲသို့ သူ အဝင်မခံနိုင်ပေ။

“မင်း တစ်ယောက်တည်း ပြန်လိုက်တော့… ငါသွားစရာ ရှိသေးတယ်…”

“မင်း ဘယ်သွားမလို့လဲ…” ယူချင်းက ပြန်မေးလိုက်သည်။

“မြေခွေးမရဲ့ ဂူသို့…” ရီဖူရှင်းက ထိုသို့ပြောကာ နောက်လှည့်လျက် ထွက်သွားသည်။ ရီဖူရှင်း၏ကျောပြင်အား ကြည့်လျက် ယူချင်းက ရေရွတ်လိုက်သည်… “မိဘကိုတောင် တွေ့နေပြီလား…”

သူ မှတ်မိသလောက် ထိုသူတို့နှစ်ယောက် သိကြသည်မှာ တစ်လပင် မပြည့်သေးပေ။ သူတို့နှစ်ယောက်ကား မြန်ဆန်လွန်းလှသည်။ ယူချင်း စဉ်းစားရင်း နားမလည်တော့ပေ။ သူခေါင်းခါလိုက်ကာ သူ၏အဆောင်သို့ ပြန်သွားလိုက်သည်။

ဟွာဂျီယူနေထိုင်ရာ နေရာကား ကျောင်းတော်အတွင်း၌ အလွန်ကောင်းမွန်သော နေရာဟု သတ်မှတ်နိုင်သည်။ တခြား အဆောက်အဦများနှင့် ဝေးကွာကာ တိတ်ဆိတ် ငြိမ်သက်လှသည်။ ရီဖူရှင်း ကား သိပ်မအံ့သြတော့ပေ။ ထိုနေ့က တီအန်ယွာ တောင်ပေါ်၌ ကျောင်းတော်မှ ဆရာအများစုမှာ ထိုလူကြီးအား အလွန်တလေးတစား ဆက်ဆံရသည်ကို သူ မျက်မြင်ကိုယ်တွေ့ပင်။ ထိုလူကြီးမှာ ကျောင်းတော်တွင် အဆင့်မြင့် ထိပ်သီးပုဂ္ဂိုလ် တစ်ဦးဖြစ်သည်မှာ ထင်ရှားလှသည်။ ထို့အပြင် ဟွာဂျီယူမှာလည်း ကျောင်းတော်မှ အလွန်အရေးပေးခံရသော ပါရမီရှင်တစ်ယောက် ဖြစ်ပေသည်။

အဆောင်၏ အပြင်ဘက်နားတွင် ရီဖူရှင်းက လူငယ်တစ်ယောက်အား တွေ့၏။ ထိုလူငယ်ကလည်း ရီဖူရှင်းအားမြင်သည်။ သူအနည်းငယ် စိတ်ရှုပ်သွားပုံရသည်… ရီဖူရှင်းအား စာမေးပွဲအတွင်းတွင် သူမြင်ဖူးသည်။

“စီနီယာ အစ်ကို” ရီဖူရှင်းက နှုတ်ဆက်လိုက်သည်။ သူကလည်း ထိုလူငယ်မှာ ကျောင်းတော်၏ ဆရာများအနီးတွင် ထိုင်နေသည်ကို တွေ့ခဲ့သည်။ ထိုလူငယ်မှာ ကျောင်းတော်၏ တရားဝင်ကျောင်းသား ဖြစ်ရမည်။

“မင်း ဒီမှာ ဘာလုပ်နေတာလဲ…”ထိုလူငယ်က မေးလိုက်သည်။ သည်ကောင် ဤလမ်းကို မည်သို့ မှားယွင်း ရောက်လာသနည်း။ သူ့စိတ်ထဲ ထူးဆန်းသလို ဖြစ်သွားသည်။

“ကျွန်တော် ဆရာ့ဆီ လာတာလေ…” ရီဖူရှင်းက ပြန်ပြောလိုက်သည်။

“မင်းရဲ့ဆရာ… မင်းရဲ့ဆရာက ဘယ်သူလဲ…” ထိုလူငယ်က ဆက်မေးလိုက်သည်။

“သိပ်မသေချာဘူး… ဒါပေမဲ့ ဆရာက ဒီမှာနေတာ…” ရီဖူရှင်းက ရှေ့မှ အဆောက်အဦအား လက်ညှိုးညွှန်လျက် ဖြေလိုက်သည်။

“စီနီယာ ဟွာ…”ထိုလူငယ်က ရေရွတ်လိုက်သည်။ သူက တစ်ဖန် ရီဖူရှင်းအား ပြောလိုက်သည်… “ဂျူနီယာ… ငါ့မှာ အရေးတကြီး သွားစရာရှိလို့ သွားလိုက်ဦးမယ်…” ထိုလူငယ်ကပြောလိုက်သည်။

“အင်း…” ရီဖူရှင်း အနည်းငယ် ကသိကအောက် ဖြစ်သွားသည်။ သူကား သူ၏ဆရာနာမည်ကိုပင် မသိပေ။ သူက သူ့ဆရာ၏ မျိုးရိုးနာမည်ပင်လျှင် သေချာမသိပေ။ ထို့နောက် ဖူရှင်းက ဟွာဂျီယူနှင့် သူ့ဆရာ၏ ဆက်ဆံရေးအားတွေးကာ ထိုလူငယ်ပြောသည်မှ မှန်နိုင်သည်ဟု တွေးလိုက်သည်။

ထိုလူငယ်က ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲမှ ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ ဆက်ဆံရေးအား သတိရသွားကာ အခြေအနေအား ချက်ချင်း သဘောပေါက်သွားသည်။ သူ၏ရင်ထဲ နာကျင်သလို ခံစားလိုက်ရသည်။ ထို့နောက် ဘာမှဆက်မပြောတော့ပဲ လျင်မြန်စွာ ထွက်ခွာသွားသည်။

ထိုလူငယ်က ကျောင်းတော်၏ ရီဖူရှင်းအား အပြစ်ပေးမှုကိုလည်း တွေးမိသည်။ တချို့ဆိုလျင် ရီဖူရှင်းအား ကျောင်းမှထုတ်ပယ်ရန်အထိ ကြိုးစားနေကြသည်။ ကမ္ဘာကြီးကား ရှုပ်ထွေးလွန်းလှသည်။ မည်သူက ထိုမျှသတ္တိကောင်း၍ မြေဓာတ်ကျောင်းဆောင် ကျောင်းအုပ်၏ တပည့်အား အပြစ်ပေးရဲသနည်း။

ရီဖူရှင်းက သူ့ဆရာ၏ ခြံဝင်းထဲသို့ ဝင်လိုက်သည်။ သူက အိမ်ဝင်းတစ်နေရာမှ သာယာနာပျော်ဖွယ် ကောင်းစွာ ထွက်ပေါ်လာသော ကု့ချင်း ဂီတသံအား ကြားလိုက်ရ၏။ ထိုဂီတသံတွင် ထူးခြားစွာ နူးညံ့ပျော့ပျောင်းနေသည်ကို ကြည့်ကာ တီးခတ်သူမှာ မိန်းကလေးတစ်ယောက် ဖြစ်ရမည်ဟု ဖူရှင်းက ကောက်ချက်ချလိုက်သည်။

သို့သော်လည်း ရီဖူရှင်းကား အံ့သြစွာပင် ကု့ချင်းအား တီးခတ်နေသူမှာ ဟွာဂျီယူ၏ အဖေ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို တူရိယာနှင့် ဟွာဂျီယူ၏အဖေ ပုံစံမှာ သိမ်မွေ့ညင်သာကာ ငြိမ်းချမ်းသော အငွေ့အသက်များအား ခံစားရစေသည်။ သူ၏မျက်နှာအားကြည့်ပြီး ဟွာဂျီယူမှာ အဘယ်ကြောင့် သည်မျှ ချောမောလှပနေသည်ကို ရီဖူရှင်း နားလည်လိုက်သည်။ သူ့ဆရာ၏ ချောမောသော သွင်ပြင်ကားသူနှင့်ပင် နှိုင်းယှဉ်၍ ရသည်ဟု ရီဖူရှင်း တွေးလိုက်သည်။

***

Comment

  1. Don says:

    မည်သူက ထိုမျှသတ္တိကောင်း၍ မြေဓာတ်ကျောင်းဆောင် ကျောင်းအုပ်၏ တပည့်အား အပြစ်ပေးရဲသနည်း။

    အဲဒီစာကြောင်းကမှားနေတယ်

Leave a Reply

Options

not work with dark mode
Reset