“သူ ဘာလုပ်နေတာလဲ…” လူတိုင်းက ယူချင်းအား ကြည့်ကာ ဘာဖြစ်နေသည်ကို တီးတိုး ဝေဖန်နေကြသည်။ သည်လူငယ် နှစ်ယောက်က ကျောင်းတော်၏ အခွင့်အာဏာအား အမှန်တကယ် သွေဖည်ရန် ကြိုးစား နေကြသည်လော။
စာမေးပွဲရလဒ်မှာ ကျောင်းဆောင်နှစ်ခု၏ ကျောင်းအုပ်များမှ ဆုံးဖြတ်ထားခြင်းဖြစ်ရာ ပြန်ပြင်ရန် အလွန် ခက်ခဲလှပေသည်။ သူတို့က ပြောင်းလဲရန် ကြိုးစားသည် ဆိုသည်မှာ ရူးသွပ်မှုတစ်ခုသာ ဖြစ်သည်။
“ယူချင်း… ပြန်လာခဲ့…” ရီဖူရှင်းက ယူချင်း၏ ဒေါသအား ခံစားမိသည်။ ယူချင်း ဆိုးရွားသောအရာ တစ်ခုခု လုပ်တော့မည်ဟု စိတ်ထဲမှလည်း ခံစားနေရသည်။ သူက အော်ဟစ်ကာ ယူချင်းအား ရပ်တန့်ရန် ကြိုးစား၏။ သို့သော် ယူချင်းကား နားထောင်ပုံမရပေ။
ကျောင်းတော်မှ တာဝန်ရှိသူများမှာလည်း မျက်နှာများ မည်းမှောင်နေကြသည်။ ရီဖူရှင်း၏ ပထမ အပြုအမူက လူအများ၏ရှေ့တွင် ကျောင်းတော်၏ ဂုဏ်သိက္ခာအား ထိခိုက်စေခဲ့သော်လည်း လူငယ်ဖြစ်နေသဖြင့် ပထမတစ်ကြိမ် ခွင့်လွှတ်ခြင်း ဖြစ်သော်လည်း ယခုတစ်ကြိမ်ကား မတူပေ။
“ယူချင်း… ပြန်ဆင်းသွား…” ဓားခန်းမသခင် လင်ရှန်းဖန်က ပြောလိုက်သည်။ သူကား မူလက ယူချင်းအား ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲ၏ ပထမနေရာပေးရန် ကြံခဲ့သည်။ သို့သော် ရှီဇောင်က မူရွန်ချူက ပထမရသင့်သည်ဟု အတင်းငြင်းခုံခဲ့သည်။ သူကလည်း လက်ခံခဲ့သည် အဘယ်ကြောင့်ဆိုသော် သာမန် အသေးအမွှား ကိစ္စဖြင့် သူတို့နှစ်ယောက်၏အကြား ဆက်ဆံရေး မပျက်ပြားလိုသောကြောင့် ဖြစ်သည်။ သို့သော် သည်ကောင်လေး နှစ်ယောက်ကား ခေါင်းမာလွန်းလှသည်။
“ကျွန်တော် မူရွန်ချူကို စိန်ခေါ်ချင်တယ်…” လင်ရှန်းဖန်အား စိုက်ကြည့်လျက် ယူချင်းက ပြောလိုက်သည်။
“မင်း ဘယ်လို ပြောလိုက်တာလဲ… ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲက ပြီးသွားပြီ… မင်းအနေနဲ့ စာမေးပွဲရလဒ်ကို ပြောင်းဖို့ နည်းမရှိတော့ဘူး… ကျောင်းတော်ရဲ့ စည်းကမ်းကို လေးစားတယ်ဆိုရင် အခု စင်ပေါ်က ဆင်းသွားတာ ကောင်းမယ်…” ရှီဇောင်က အေးစက်စွာ ပြောလိုက်သည်။
ယူချင်းက ကျောင်းတော်၏ ကျောင်းအုပ်များအား ကြည့်လိုက်သည်။ လေထုတစ်ခုလုံးအား သိပ်သည်းသွားစေအောင် သူ၏ခန္ဓာကိုယ်မှ ဒေါသလှိုင်းများ ထနေသည်။ ရီဖူရှင်းက ယူချင်းထံမှ အန္တရာယ် အငွေ့အသက်အား ခံစားမိကာ ပို၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်…
“ယူချင်း… ငါတကယ်ပြောနေတာ… ပြန်လာခဲ့…”
မွေးစားအဖေက ဖူရှင်းအား အသေအချာ မှာကြားထားသည်မှာ မည်သည့် အခြေအနေတွင် မဆို ယူချင်း၏ စွမ်းအား အစစ်အမှန်အား မည်သူ့ကိုမျှ မသိစေရဟု ပြောထားသည်။
“မလာဘူး…” ယူချင်းက ခေါင်းယမ်းလျက် ရှေ့သို့ ထပ်လှမ်းသွားလိုက်သည်။ ယခုကား ယူချင်း၏ကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအင်တချို့ လွှမ်းခြုံနေသည်ဟု ထင်ရသည်။ ရွှေဝါရောင် အပြင် အနက်ရောင် စွမ်းအင်တချို့ကပါ သူ၏ခန္ဓာအနှံ့ လွမ်းခြုံထားပြီး ကြောက်မက်ဖွယ် အငွေ့အသက်များ စင်မြင့်တစ်ခုလုံး ပျံ့နှံ့လာနေသည်။
ကျောင်းတော်မှ ဆရာအချို့က ပုံမှန်မဟုတ်သော အခြေအနေအား သတိထားမိလာကာ မျက်နှာများ တည်သွားသည်။ အခြေအနေကား သာမန်မဟုတ်တော့။
“ယူချင်း… ငါတကယ် စိတ်ဆိုးတော့မှာနော် ပြန်လာခဲ့တော့…” ရီဖူရှင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူကား အမှန်တကယ် ဒေါသထွက်နေပြီ ဖြစ်သည်။ ယူချင်းက သူ၏အသံကြားပြီး ရုတ်တရက် အသိဝင်လာပုံရသည်။ သူ၏နီရဲသော မျက်လုံးများ ပြန်လည် ကြည်လင်လာကာ သူ၏ခန္ဓာကိုယ်မှ စွမ်းအင်များ တဖြည်းဖြည်း ပြယ်လွင့်သွားသည်။ သူက ရီဖူရှင်းအား ပြန်ကြည့်လိုက်သည်။
သူ့အဖေက ပြောထားသည်မှာ မည်သူမဆို ရီဖူရှင်း၏ဂုဏ်သိက္ခာအား ထိခိုက်ရန် ကြိုးစားပါက သူက အစွမ်းကုန်ကြိုးစား၍ ကာကွယ်ရမည်ဖြစ်သည်။ အကယ်၍ သူ၏အသက်အား ပေးဆပ်ရမည်ဆိုလျှင်ပင် သူက အသေခံ၍ ရီဖူရှင်း၏ ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးရမည် ဖြစ်သည်။
“ဟေး… ကောင်လေး… မင်းသိလား… ဒီကိစ္စကို ငါတို့ မေ့လိုက်လို့ရတယ်… ငါတို့မှန်တယ်ဆိုတာ အချိန်က သက်သေပြသွားလိမ့်မယ်…” ရီဖူရှင်း၏အသံက ညင်သာ၍ နူးညံ့သွားသည်။ မူလက ယူချင်းက ရီဖူရှင်းအား ဖျောင်းဖျခဲ့ခြင်း ဖြစ်သော်လည်း ယခုမူကား ရီဖူရှင်းမှာ ယူချင်းစိတ်ပြောင်းအောင် အစွမ်းကုန် ကြိုးစားနေရရှာသည်။ ယူချင်းအား ကြည့်ရသည်မှာ ခေါင်းမာသည့်ပုံ ရနေသော်လည်း နောက်ဆုံးတွင် ရီဖူရှင်း၏ဘေးသို့ ပြန်လျှောက်လာသည်ကို တွေ့ရသည်။ ထိုမြင်ကွင်းကား ကျောင်းတော်မှ ဆရာများ၏ ဒေါသများအား ပြေပျောက်စေကာ အခြေအနေအား ပြန်လည် တည်ငြိမ်သွားစေသည်။
သို့သော် သူတို့နှစ်ယောက်အား ကြည့်နေသော ပရိသတ်များ၏ မျက်လုံးများက သူတို့နှစ်ယောက်အပေါ် အမြင်တစ်မျိုး ပြောင်းသွားစေသည်။ ထိုကောင်လေး နှစ်ယောက်ကား ရှုပ်ထွေးသော ပတ်သက်မှုများ ရှိနေသလော။ သူတို့က ဟွာဂျီယူအား ကြည့်လိုက်ကြသည်။ အကယ်၍ သူမက ရီဖူရှင်းနှင့် ပတ်သက်ခဲ့လျှင် သူတို့သုံးယောက်ကြား မည်သို့ ဖြစ်လာမည်နည်း အချို့က တွေးတောနေကြသည်။
တာဝန်ခံက ရလဒ်များအား ဆက်လက် ကြေညာသည်။ အားလုံးက အဆိုးဆုံး အခြေအနေအား ကြိုတွက်ထားပြီး ဖြစ်သော်လည်း နောက်ဆုံးနာမည်အထိ ဂုဏ်ထူးစာရင်းတွင် ရီဖူရှင်း၏ နာမည် မပါလာသောအခါ ရီဖူရှင်းအတွက် စိတ်မကောင်း ဖြစ်မိကြသည်။
ယနေ့စာမေးပွဲ မတိုင်မီ လူတိုင်းက ရီဖူရှင်းအား ရယ်မော နေခဲ့ကြသော်လည်း ဟွာဂျီယူ ကြောင့်မဟုတ်လျှင် သူတို့က ရီဖူရှင်းအား သည်မျှလောက် မုန်းတီးခဲ့ကြမည် မဟုတ်ပေ။ ဤသို့ဆိုလျှင်ပင် ရီဖူရှင်း၏စွမ်းဆောင်ရည်အရ သူသည် ထိပ်ဆုံးသုံးနေရာတွင် ပါဝင်သင့်သည်ဟု သူတို့ တွေးကြသည်။
ဤသို့ဆိုလျှင်ပင် သူတို့က ရီဖူရှင်းအား စာနာ နားလည်သည်ဟု မဆိုနိုင်သေးပေ။ ဟွာဂျီယူနှင့်ပတ်သက်၍ ထိုအရှက်မရှိသော ရီဖူရှင်းအပေါ် သူတို့၏မုန်းတီးမှုက သိသာ ထင်ရှားလှသည်။
ရီဖူရှင်းအား ကြည့်ရသည်မှာ ရာသီကုန်စာမေးပွဲတွင် အဆင့်မချိတ်ခြင်း အတွက် မည်သို့မျှ ခံစားရပုံမပေါ်ပေ။ သူကား အေးအေးဆေးဆေးပင် ရပ်နေသည်။
ပွဲကြည့်စင်ပေါ်မှ ချင်းကျူမြို့၏ အရာရှိများကမူ ယူချင်း၏ကိုယ်မှ ထုတ်လွှတ်ခဲ့သော အနက်ရောင် စွမ်းအင်များနှင့် ပတ်သက်၍ ထင်မြင်ချက်ပေး ဆွေးနွေးနေကြဆဲဖြစ်သည်။ ထိုအရာက မည်သည့်စွမ်းအင် ဖြစ်သည်ကို သူတို့ အဖြေရှာ မရပေ။ ယခုစာမေးပွဲတွင် အပြစ်အနာအဆာ မရှိအောင် ထူးချွန်စွာ စွမ်းဆောင်သွားသော သည်ကောင်လေးမှာ အနာဂတ်တွင် အကန့်အသတ်မဲ့စွာ တောက်ပလာမည်ဟု တွေးမိကြသည်။ သူတို့က အနည်းဆုံး ယူချင်း၏ စွမ်းဆောင်ရည် တစ်ခုတည်းကြောင့် ယနေ့ပွဲအား လာရောက်ကြည့်ရှုခြင်းမှ တန်သည်ဟု တွေးကြသည်။
နောက်ဆုံးတွင် လင်ရှန်းဖန်နှင့် ရှီဇောင်တို့က စာမေးပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာလိုက်သည်။ ထို့နောက် ကျောင်းအုပ်များနှင့် ဆရာများက ကျောင်းတော်အား အဓိက ထောက်ပံ့ကူညီသော ဗိုလ်ချုပ်ချင်နှင့် မြို့တော်ဝန်အား သွားရောက် နှုတ်ဆက်ကြသည်။ အသိ မိတ်ဆွေများကလည်း အချင်းချင်း တွေ့ဆုံနှုတ်ဆက်ကာ ရယ်မော ပြောဆိုနေကြသည်။
မူရွန်ချူကား ပြိုင်ပွဲ၏ ပထမနေရာကို ရသော်လည်း အပြည့်အဝ မပျော်နိုင်သေးပေ။ သူက ရီဖူရှင်းအား မျက်နှာ မည်းမှောင်လျက် ကြည့်နေသည်။ ရီဖူရှင်းက သူ၏ ပထမနေရာအား လူပုံအလယ်တွင် မေးခွန်းထုတ်ခြင်းဖြင့် သူက ပထမနေရာအား လူအများက သံသယ ဝင်စေသည် မဟုတ်ပါလား။ ယခုလည်း အတော်များများက ယူချင်းက သူ့ထက် ပို၍ တော်သည်ဟု ယုံကြည်နေကြလေပြီ။ ပိုဆိုးသည်မှာ ဟွာဂျီယူ၏ အပြုအမူများနှင့် ပတ်သက်၍ သူပို၍ ဒေါသထွက်ရသည်။ သူမက သူ့အား မည်သည့်အခါကမျှ စကားမပြောခဲ့ အဖက်မလုပ်ခဲ့သော်လည်း ရီဖူရှင်းကိုကား တစ်ချိန်လုံး ပြုံးပြနေလေသည်။
မူရွန်ချူက ကောက်ကျစ်စွာ တစ်ချက်ပြုံးလိုက်သည်။ ထို့နောက် ဖန်းရှင်းဇွီရှိရာ စင်မြင့်နားသို့ ချဉ်းကပ်သွားသည်။ ဖန်းရှင်းဇွီလည်း ရီဖူရှင်းအား ကြည့်ကာ တစ်စုံတစ်ခုအား တွေးနေပုံရသည်။ သူမ တစ်စုံတစ်ခုအား ဆုံးဖြတ်ရခက်နေပုံရကာ ချီတုံချတုံ ဖြစ်နေသည်။ ထိုစဉ် မူရွန်ချူက သူမအနားသို့ ကပ်ကာ ပြောလိုက်သည်…
“သူ အခုပဲ ဘာလုပ်လိုက်လဲ… သူက ဆရာတွေရဲ့ အခွင့်အာဏာကို စော်ကားခဲ့တယ်မလား…”
ဖန်းရှင်းဇွီကား မူရွန်ချူ ပြောသည်ကို ကြားပုံမရပေ။ သူမက ရီဖူရှင်းအား ကြည့်နေဆဲပင်။ ရီဖူရှင်းကလည်း သူ့အား တစ်ယောက်ယောက် ကြည့်နေသည်ကို ခံစားမိကာ သူ၏မျက်လုံးက ဖန်းရှင်းဇွီထံသို့ ရောက်လာသည်။ ရီဖူရှင်း၏ အကြည့်တွင် စိတ်ရှုပ်ထွေးမှု အနည်းငယ် တွေ့ရသော်လည်း ချက်ချင်း ပျောက်ကွယ်သွားကာ သူက ဖန်းရှင်းဇွီအား ပြုံးပြလိုက်သည်။ ထို့နောက် သူ၏အကြည့်အား လွှဲသွား၏။
သူ၏ အပြုံးတွင် အငြိုးအတေး တစ်စုံတစ်ရာမပါ။ သူငယ်ချင်းများအကြား ပြုံးပြသော သာမန်အပြုံးကဲ့သို့ပင် ရိုးရှင်းပြီး တည်ငြိမ်သည်။ သို့သော် ဤသည်က သူမ၏စိတ်အား ပိုမိုဆိုးရွားစေသည်။ အရင်ကမူ သူက သူမအား ပြုံးပြလျှင် ထိုအပြုံးတွင် စနောက်သော ခံစားချက်များ ပါနေတတ်သည်။ သို့သော် ယခုကား ထိုခံစားချက်များ မရှိတော့။ နောက်ဆုံးတွင် သူမပြောခဲ့သော အဝေးတွင်နေရန်ဟူသော စကားမှာ အမှန်တကယ် ဖြစ်သွားပြီဟု သိလိုက်သည်။ သူမ၏ မျက်လုံးများမှ မျက်ရည်များ ထိန်းချုပ်မရစွာ ကျလာသည်။ အနီးမှ မူရွန်ချူအားပင်လျှင် ဂရုမစိုက်တော့ဘဲ သူမ၏ အဖေရှိရာနေရာသို့ ပြေးသွားလေ၏။
လူများ တဖြည်းဖြည်းနှင့် အစုလိုက် အစုလိုက် ပြိုင်ပွဲကွင်းမှ ထွက်ခွာနေကြသည်။ သို့သော်လည်း ကျောင်းသား အတော်များများမှာကား ဟွာဂျီယူအား စောင့်ကြည့်နေကြဆဲဖြစ်သည်။ သူတို့ကြည့်နေစဉ်မှာပင် သူမက ရီဖူရှင်းနှင့် အတူတူမသွားဘဲ တစ်ယောက်တည်း ထွက်ခွာသွား၏။ ထိုအခါမှသာလျှင် အတော်များများက သက်ပြင်းချလျက် ထိုနေရာမှ တဖြည်းဖြည်း ထွက်သွားကြလေသည်။ အနည်းဆုံး သူတို့တွင် အခွင့်အရေးအနည်းငယ် ရှိနေသေးသည် မဟုတ်ပါလား။
“ရီဖူရှင်း…” ရုတ်တရက် မိန်းကလေးတစ်ဦးက ရီဖူရှင်းရှေ့သို့ လာရပ်ကာ ဒေါသတကြီး ခေါ်လိုက်သည်။ သူမက ဆက်၍… “နင် ဘယ်လောက်တောင် ခေါင်းမာတာလဲ… မင်းက စာမေးပွဲရဲ့ ထိပ်ဆုံး သုံးယောက်စာရင်း ဝင်ပြီး ကျောင်းတော်ရဲ့ တရားဝင် ကျောင်းသား ဖြစ်နိုင်ရဲ့သားနဲ့ အခု အားလုံးကို မင်းက ဖျက်ဆီးလိုက်တာပဲ…”
မိမိရှေ့မှ ဒေါသထွက်နေသော သူမအားကြည့်ကာ ဖူရှင်းက ပြုံးလိုက်သည်…
“မိန်းကလေးချင်… နင် ဒေါသထွက်နေတဲ့ အချိန် ပိုပြီးတောင် လှတယ်ဆိုတာ သိလား…”
“ဘာ…နင်…” ချင်ယီ ခေတ္တ မှင်တက်သွားသည်။ သူကား အမှန်တကယ်ပင် ယူချင်းအတွက် ကျောင်းတော်၏ အကြီးအကဲများအား မေးခွန်းထုတ်ခဲ့သော ရဲဝံ့သော ရီဖူရှင်းလား သူမက တွေးလိုက်သည်။ ချက်ချင်း ထိုသို့ အရှက်မရှိသော ပုံစံအား လျင်မြန်စွာ မည်သို့ ပြောင်းသွားပြန်သနည်း။
“နင်က နိုးထခြင်း အဆင့်တစ်ပဲရှိတာ… နိုးထခြင်းအဆင့် ခုနစ်ရောက်အောင် ဘယ်လို လုပ်လိုက်တာလဲ…” သူမက နားမလည်စွာဖြင့် မေးလိုက်သည်။
“ငါတို့ လောင်းကြေးကို သတိရသေးလား… ဒါက ငါ့ကို စိတ်ခွန်အားတွေ အများကြီးပေးလို့ အဆင့်နိမ့်ရာက တစ်ခါတည်း အဆင့်မြင့်သွားတာ…” သူက ချင်ယီအား ကြည့်ကာ ဆက်ပြောလိုက်သည်… “နင် ငါတို့ လောင်းထားတာ သတိရသေးတယ်မလား…”
ချင်ယီက မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လျက် ပြန်မေးလိုက်သည်… “ငါ ကတိပေးခဲ့လို့လား…”
“အာ…” ရီဖူရှင်းက အတန်ကြာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ပြီးမှ သူက…
“နင်ပြောတာက ငါစာမေးပွဲအောင်ရင် ဘာဖြစ်ဖြစ် လုပ်လို့ရတယ်ဆို”
“တကယ်လား… ငါပြောခဲ့တာလား.. .ငါမမှတ်မိတော့ဘူး…” သူမက သံသယ ရှိသော ပုံစံဖမ်းလိုက်သည်။ ထို့နောက် အနားမှ ဖြတ်သွားသော ကျောင်းသား တစ်ယောက်အား မေးလိုက်သည်…
“ဟေး… ငါ ကတိပေးခဲ့လား… ”
ထိုသူက ရုတ်တရက် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ပြီးမှ အခြေအနေအား ရိပ်စားမိကာ ပြန်ဖြေလိုက်၏…
“ဟင့်အင်း… မပေးခဲ့ပါဘူး…”
ထိုသူက ရီဖူရှင်းအား ကြည့်ကာ ပြုံးလိုက်သည်။ သည် အရှက်မရှိသော ကောင်ကား မိန်းကလေး ချင်အား စနောက်နေသည် ဖြစ်ရမည်။ သူ အတတ်နိုင်ဆုံး ကာကွယ်ရမည် ဟုတွေးလိုက်သည်။
“မင်း… လိမ်တာ…” ရီဖူရှင်းက သူအကွက်ချ လုပ်ကြံခံရပြီဟု သိလိုက်သည်… သူက အော်ဟစ်လိုက်သည်…
“ယူချင်း… ဒီကိုလာခဲ့…”
ထိုကျောင်းသားကား ယူချင်း နာမည်အား ကြားသည်နှင့် ထိုနေရာတွင် မနေရဲတော့ဘဲ ထွက်ပြေးသွားသည်မှာ အရိပ်ပင် မမြင်ရတော့ပေ။ သူကား စနောက်နေခြင်းသာလျှင် ဖြစ်သည်။ သည်ကောင်က အမှန်တကယ် ယူချင်းအားခေါ်လျက် သူ့အား ခြိမ်းခြောက်၏။
ရီဖူရှင်းအား ကြည့်ရသည်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသည်။ သူက ထပ်မေးလိုက်သည်…
“မိန်းကလေးချင်… မင်း ဒီလို လုပ်လို့မရဘူး… တကယ် မမှတ်မိတာလား…”
“အင်း ငါက မင်းဘာပြောနေလဲကို နားမလည်တာ…” သူမက အံ့အားသင့်စွာပင် အရှက်မဲ့ခြင်းသည်လည်း ပျော်စရာ ကောင်းသည်ဟု တွေးကာ နှိုက်ခြိုက်စွာ ပြုံးလိုက်၏။
ကြည့်ရသည်မှာ မိန်းကလေးချင်က သူ၏ဆိုလိုရင်းအား နားလည်မှု လွဲသွားပုံရသည်။ ရီဖူချင်း ခံစားသွားရ၏။ သူ၏အကြံအစည်ကား အရာမရောက်တော့။
“မင်းတို့တွေ ဘာတွေများ ပြောနေကြတာလဲ…” ထိုစဉ် သူတို့အား ကြားဖြတ်၍ တစ်စုံတစ်ယောက်က ဝင်ပြောလိုက်သည်။ သူတို့နှစ်ဦးက လှည့်ကြည့်လိုက်ပြီးနောက် ရီဖူရှင်းက အသစ်ရောက်လာသူအား လေးစားစွာ နှုတ်ဆက်လိုက်သည်…
“ဗိုလ်ချုပ်ချင်…”
“အဖေ…” ချင်ယီက ချစ်စဖွယ်ပုံဟန်ဖြင့် သူမ၏အဖေနားသို့ ကပ်ကာ ထိုလူကြီး၏လက်အား ဆွဲလျက် ခေါ်လိုက်သည်။ အပျိုကြီးဖားဖား ဖြစ်နေသော်လည်း သူမ၏အဖေရှေ့တွင် ကလေးလေး တစ်ယောက်လို ချွဲ့နွဲ့နေသော သူမအားကြည့်ကာ ရီဖူရှင်းမှာ ထူးဆန်းအံ့သြရ၏။
“သမီး… ရီဖူရှင်းကို အနိုင်စားနေတာလား…” ချင်ရွှီက သူ့သမီး၏ခေါင်းအား ပုတ်လျက် ပြောလိုက်သည်။ ထို့နောက် သူက ရီဖူရှင်းအားကြည့်ကာ ခေါင်းညိတ်လျက်…
“မင်း… ဒီနေ့ ကောင်းကောင်း လုပ်ခဲ့တယ်…”
“ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်” ရီဖူရှင်းက တလေးတစား ပြန်ပြောလိုက်၏။
“မင်းက ယူချင်း… ဟုတ်တယ်မလား…” ချင်ရွှီက ရီဖူရှင်းထံမှ အကြည့်လွှဲကာ ယူချင်းအားမေလိုက်သည်။ ယူချင်းကလည်း ခေါင်းညိတ်လိုက်၏။
“မင်းက ပါရမီပါတဲ့ မှော်ပညာရှင်တစ်ယောက်ပဲ… ဒါပေမဲ့ မင်းရဲ့အတွင်းဗီဇအရ မင်းက သဘာဝအလျောက် မွေးဖွားလာတဲ့ တိုက်ခိုက်ရေးသမားပဲ… သိုင်းပညာကို မေ့ထားပြီးတော့ မှော်ပညာတစ်ခုတည်းကိုပဲ အာရုံမစိုက်နဲ့…” ချင်ရွှီက အရေးကြီးဟန်ဖြင့် အကြံပေးသည်။ သူကား သည်ကောင်လေးအား အမှန်တကယ် သဘောကျသည်။ အဘယ်ကြောင့်ဆိုသော် ယူချင်ကား သူတွေ့ဖူးသမျှ လူငယ်များထဲတွင် ပါရမီ အပါဆုံးသော တိုက်ခိုက်ရေးသမား တစ်ယောက်ဖြစ်သည်။ နောက်နှစ် အနည်းငယ် အတွင်းတွင် သည်ကောင်လေးသည် သူကဲ့သို့ စွမ်းအားမြင့် သိုင်းပညာရှင် ဖြစ်လာနိုင်၏။
ယူချင်းက ထပ်မံ၍ ခေါင်းညိတ်လိုက်သည်။ သူကား သည်အချက်ကို ပုံမှန်အားဖြင့် သဘောပေါက်သည်။
“မင်းက မဟူရာမြင်းစစ်တပ်ကို ဝင်မယ်ဆိုရင် ငါက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှာပဲ… မင်းအတွက် အမြဲ တံခါးဖွင့်ထားတယ်…” ချင်ရွှီက ယူချင်းအား ပြောလိုက်သည်။
ယူချင်းနှင့်ဖူရှင်း နှစ်ယောက်လုံး အံ့အားသင့်သွားသည်။ ယူချင်းကား အသက် ဆယ့်ငါးနှစ်သာ ရှိသေးသော်လည်း ဗိုလ်ချုပ်ချင်က သူ၏စစ်တပ်သို့ဝင်ရန် သူကိုယ်တိုင် ဖိတ်ခေါ်နေသည် မဟုတ်ပါလား။
“သေချာတာပေါ့…”ယူချင်းက ပြန်ဖြေလိုက်သည်။
“သမီး… အိမ်ပြန်ကြစို့…” ချင်ရွှီက သူ၏သမီး ချင်ယီနှင့် ပြန်သွားကြ၏။ ပြန်ခါနီးတွင်ပင်လျှင် သူမက ရီဖူရှင်းအား မခိုးမခန့် ပြုံးပြသွားသေးသည်။
“ဒီလို စိတ်ပြောင်းလို့ ဘယ်ရမလဲ…” ရီဖူရှင်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ သူက ဘာမဆို လုပ်ခွင့်ရမည်ဟု သူမကိုယ်တိုင်ကတိ ပေးခဲ့သည်။ ယခုကား ဘာမှ ဖြစ်မလာခဲ့။
ရီဖူရှင်းက ပွဲကြည့်စင်ဆီသို့ လျှောက်လာသည်။ သူ၏အဖေကား နောက်တစ်ယောက်နှင့် စကားပြောနေသည်ကို တွေ့ရ၏…
“သူက ဂုဏ်ထူးအဆင့်မှာ မပါတာ တကယ်ရှက်စရာပဲ…”
“သူ့မှာလုံလောက်တဲ့ စွမ်းရည်ရှိတယ်ဆိုတာ ငါသိတယ်…” ထိုလူက ပြန်ဖြေလိုက်၏။ ရီဘေချွန်က ထိုစကားအား ပြောခဲ့သည်မှာ အခါတစ်ရာခန့် ရှိပြီဖြစ်သည်။
“သူ့အသက်အရွယ်မှာ ဆို ငါက ဒီထက် ပိုထူးချွန်သေးတယ်…” ရီဘေချွန်က ပြောလိုက်၏။
ရီဖူရှင်း ပို၍ စိတ်ညစ်သွားသည်။ သူက သူ့အဖေအား မျက်နှာချင်းဆိုင်၍ ပြောလိုက်သည်…
“အဖေ… သားကို ဘာလို့ မတရားပြောနေတာလဲ… ဒီအချိန်မှာ သားကို အပြစ်တင်မယ့်အစား နှိပ်သိမ့်ရမှာလေ…”
ရီဘေချွန်က နားမလည်ဟန်ဖြင့်…
“ဒီလောက်က မင်းအတွက် ဘာဖြစ်သွားလို့လဲ…”
ရီဖူရှင်း မည်သို့ ပြောရမည် မသိတော့…
“အိမ်ပြန်ရင်ပြန်တော့ အဖေ… ကျွန်တော် လိုက်မပို့တော့ဘူး…”
သူ့အခန်းသို့ပြန်ရာ လမ်းတစ်လျှောက်တွင် သူ၏အဖေ၏ အရှက်ကင်းမဲ့ပုံအား တွေးလျက် သူမည်မျှကံဆိုးသည်ကို တွေးကာ ရီဖူရှင်း အကြိမ်ကြိမ် သက်ပြင်းချနေသည်ကို တွေ့ရလေသည်။
***