အပိုင်း(၁၇)

ကျုပ်လက်မခံနိုင်ဘူး

ယူချင်းက ပြိုင်ပွဲစင်မြင့်ထက်သို့ ရောက်သောအခါ ကွင်းပြင်ကျယ်ကြီးက တစ်ဖန် တိတ်ဆိတ် သွားပြန်လေသည်။

သူ၏ကြီးမားကျယ်ပြန့်၍ သန်စွမ်းသော ခန္ဓာကိုယ်ကြီးက သူ၏အသက် ဆယ့်ငါးနှစ်မျှသာ ရှိသေးသည်ကို မေ့လျော့သွားစေနိုင်သည်။

သူက အင်းကွက်ထဲသို့ ဝင်ရပ်လိုက်၏။ ရုတ်တရက် အင်းကွက်မှ ရွှေရောင် အရောင်အဝါများ လင်းလက် တောက်ပလာကာ တိုက်ပွဲ အရှိန်အဝါများက သူ၏တစ်ကိုယ်လုံးအား လွှမ်းခြုံသွားသည်။

သူ၏ သတ္တုစွမ်းအင်အား အာရုံခံနိုင်စွမ်းမှာ အဆင့်အမြင့်ဆုံး ဖြစ်သလို သူကား နိုးထခြင်းအဆင့် ရှစ်တွင် ရှိပေသည်။

“စင်ပေါ်တက်ခဲ့…” သူက စင်အောက်မှ အော်ဟစ်သူများထဲတွင် ကျယ်လောင်စွာ အော်နေသော နိုးထခြင်းအဆင့်ရှစ် ကျောင်းသား တစ်ယောက်အား လက်ညှိုးညွှန်လျက် ပြောလိုက်သည်။ ထိုသူ၏ မျက်နှာ ချက်ချင်း ဖြူရော်သွားသည်။ သို့သော် သူကား စင်ပေါ်သို့ တွန့်ဆုတ်စွာပင် တက်လာ၏။

“စင်ပေါ်တက်ခဲ့…” သူက စင်အောက်မှ အော်ဟစ်သူများထဲတွင် ကျယ်လောင်စွာ အော်နေသော နိုးထခြင်း အဆင့်ရှစ် ကျောင်းသား တစ်ယောက်အား လက်ညှိုးညွှန်လျက် ပြောလိုက်သည်။ ထိုသူ၏ မျက်နှာ ချက်ချင်း ဖြူရော်သွားသည်။ သို့သော် သူကား စင်ပေါ်သို့ တွန့်ဆုတ်စွာပင် တက်လာ၏။

သူလည်း ထူးချွန်သော သိုင်းပညာရှင်ဖြစ်သည်။ သိုင်းပညာစွမ်းအင်ကို အာရုံခံနိုင်စွမ်းရည်မှာ ဒုတိယအမြင့်ဆုံး အဆင့်ဖြစ်ပြီး နိုးထခြင်း အဆင့်ရှစ်သို့ ရောက်နေပြီဖြစ်သည်။ သို့သော်လည်း သူကား ယူချင်းအား ရင်ဆိုင်ရန် ယုံကြည်မှု မရှိပေ။

“မင်း အဆင်သင့် ဖြစ်ပြီလား…” ယူချင်းက မေးလိုက်သည်။

“အင်း” ထိုသူ၏အသံကား အနည်းငယ် တုန်ခါနေသည်။ ထိုသူ၏တုံ့ပြန်သံကို ကြားလိုက်သည်နှင့် ပရိသတ်များ အားလုံးက ပြိုင်ပွဲစင်မြင့်အား မော်ကြည့်လိုက်ကြ၏။ ယူချင်းက ခြေလှမ်းတစ်ချက် လှမ်းကာ လျင်မြန်စွာ ပြိုင်ဘက်ထံသို့ ချဉ်းကပ်သွားသည်။

“လာစမ်း…” ယူချင်း၏ပြိုင်ဘက်က အံကြိတ်လျက် အော်လိုက်သည်။ သူကား ယူချင်းအား ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီ။ သို့သော် ယူချင်း၏ခန္ဓာကိုယ်အား ရစ်ပတ်ထားသော ရွှေဝါရောင် စွမ်းအင်များအား မြင်ပြီးခဏမှာပင် ယုံကြည်မှုများ အားလုံး ပျောက်ဆုံးသွား၏။ သူ၏မျက်လုံးထဲတွင် ယူချင်းကား စစ်နတ်ဘုရားအလား ထင်မှတ်စေကာ ကြောက်ရွံ့သော စိတ်များသာလျှင် ကြီးစိုးလာသည်။

“ဘုန်း…”

ကျယ်လောင်သော အသံတစ်ချက် ကြားလိုက်ရပြီး တစ်ချက်တည်းဖြင့် ထိုသူမှာ အဝေးသို့ လွင့်စဉ်သွား၏။ ယူချင်းကား မည်သည့် သိုင်းပညာ မှော်ပညာကိုမျှ အသုံးပြုခြင်းမရှိဘဲ သူ၏လက်ဝါးရိုက်ချက် သတ်သတ်ဖြင့် ပြိုင်ဘက်အား တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

“နောက်တစ်ယောက်က မင်းပဲ…” ယူချင်းက လူအုပ်ထဲမှ ရီဖူရှင်းအား စိန်ခေါ်ခဲ့သော နိုးထခြင်းအဆင့်ရှစ် မှော်ဆရာ တစ်ယောက်အား လက်ညှိုးညွှန်လိုက်၏။ သို့သော် ထိုသူကား တိုက်ခိုက်ရန် စိတ်ဝင်စားပုံမရတော့…

“ငါ အရှုံးပေးတယ် “သူက ကြောက်ရွံ့စွာ ပြောလိုက်သည်။

“မင်းက နုတ်ထွက်ခဲ့မယ် ဆိုရင်တောင် မင်းရဲ့သိုင်းအဆင့်ကို သိဖို့ အင်းကွက်ထဲကို ဝင်ရမယ်…” ဒိုင်တစ်ယောက်က ပြောလိုက်သည်။ သူတို့က ထိုကျောင်းသား၏ ကြောက်ရွံ့မှုအား အပြစ်မတင်တော့ပေ။ ယူချင်းကား ပြိုင်ဘက်တစ်ဦး အနေဖြင့် အလွန်ကြောက်မက်ဖွယ် ကောင်းသော သိုင်းမစ္ဆာတစ်ကောင်နှင့် တူလှသည်။

ရီဖူရှင်းအား စိန်ခေါ်သူများအားလုံး အခြေအနေ မကောင်းပေ။ ယူချင်းက သူတို့အားလုံးအား ဆုံးမမည့်ပုံ ပေါ်နေသည်။ အကယ်၍ ယူချင်းက သူတို့အားလုံးအား စိန်ခေါ်ခဲ့ပါက ရာသီကုန် စာမေးပွဲတွင် သူတို့အတွက် မည်သည့် အခွင့်အရေးမှ ရရှိတော့မည် မဟုတ်ပေ။

ရီဖူရှင်းအား စိန်ခေါ်သူများ အားလုံး၏ မျက်နှာများ မည်းမှောင်နေကြ၏။ သူတို့၏ရည်ရွယ်ချက်မှာ ရီဖူရှင်းအား စိန်ခေါ်လိုရင်းသာ ဖြစ်သည်။ သို့သော် ရီဖူရှင်းက ယူချင်းအား အစားထိုး တိုက်ခိုက်ခိုင်းလိမ့်မည်ဟု မည်သူမှ မတွေးမိခဲ့ပေ။

အခြေအနေ အေးအေးဆေးဆေး ဖြစ်သွားသည်ကို ကြည့်လျက် ဖူရှင်း ပြုံးလိုက်သည်။ သူ၏အကြည့်အား ပြိုင်ပွဲစင်မြင့်ထက်မှ ယူချင်းထံသို့ ရွှေ့လိုက်သည်။ ယူချင်းကား ယခုနှစ် ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲ၏ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်ပေသည်။

သိပ်မထူးဆန်းလှစွာပင် ရီဖူရှင်းအား စိန်ခေါ်သူများအားလုံး တစ်ယောက်ပြီး တစ်ယောက် ယူချင်း၏စိန်ခေါ်မှုအား ခံရကာ နုတ်ထွက်သွားရ၏။ အတော်များများမှာ နိုးထခြင်း အဆင့်ရှစ်ဖြစ်ပြီး တချို့မှာ နိုးထခြင်းအဆင့်ကိုးကိုပင် ရောက်နေပြီး ဖြစ်သော်လည်း မည်သူမျှ ယူချင်း၏ပြိုင်ဘက် မဟုတ်ပေ။

ထိုသူများအားလုံးမှာ နဂိုတည်းက ကျောင်းတော်၏ တရားဝင်ကျောင်းသားများ ဖြစ်နိုင်သော်လည်း ကျောင်းတော်၏ ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲတွင် စွမ်းဆောင်ရည် ကောင်းအောင် လုပ်ပြခြင်းဖြင့် ကျောင်းတော်၏ တာဝန်ရှိသူများ၏ အသိအမှတ်ပြုမှုကို ရရှိလိုခြင်းကြောင့် ယနေ့အထိ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ပိုပြောရလျှင် ကျောင်းတော်၏ ထိပ်သီးပညာရှင်များက ရာသီကုန်စာမေးပွဲမှ ထူးချွန်သူများအား တပည့်အဖြစ် ရွေးချယ်လေ့ရှိကြောင်း ကောလာဟလများလည်း ရှိပေသည်။ ထိုအကြောင်းအရာများကြောင့် သူတို့အားလုံးမှာ ယနေ့အထိ အသေအချာ ပြင်ဆင်ပြီးမှ စာမေးပွဲတွင် ဝင်ပြိုင်ခြင်းဖြစ်သည်။

သို့သော်လည်း အခြေအနေကား သူတို့၏ ထင်မြင်ချက်များဖြင့် ဆန့်ကျင်လျက်ပင် သူတို့၏ ကြိုးစားအားထုတ်မှု အားလုံးမှာ အချည်းနှီးဖြစ်လျက် ယူချင်း၏ တောက်ပမှုအား ကူညီပေးရာပင် ရောက်နေလေသည်။

“ဒီကောင် လူကော ဟုတ်ရဲ့လား…” ပွဲကြည့်စင်မှ တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။

မဟူရာမြင်းတပ် ဗိုလ်ချုပ်ချင်ရွှီပင်လျှင် ယူချင်းအား အံ့အားသင့်စွာ ကြည့်နေသည်။ သည်ကောင်လေးကား သဘာဝအားဖြင့် အလွန် သန်စွမ်းသည်။ သူ၏ သိုင်းပညာနှင့် မှော်ပညာကို အာရုံခံနိုင်စွမ်းမှာလည်း အမြင့်ဆုံး အဆင့်တွင်ရှိသည်။ အကယ်၍ သူက မြင်းစစ်သည် ဖြစ်လာခဲ့ပါက စစ်မြေပြင်တွင် ပြိုင်ဘက်ကင်းပေလိမ့်မည်။

“ယူချင်း…ရပြီ…” ရီဖူရှင်းက လှမ်းအော်လိုက်သည်။ ယူချင်းက ရီဖူရှင်း၏ဘေးမှ သူ၏နဂိုနေရာသို့ ပြန်သွားလိုက်သောအခါမှ ကျောင်းသားများစွာ၏ စိက်လက်ပေါ့ပါးစွာဖြင့် သက်ပြင်းချသံများအား ကြားလိုက်ရသည်။

ယခုမှသာလျှင် ကျောင်းသားများက သူတို့၏ စွမ်းရည်များအား ပြသခွင့် ရပေတော့မည်။ ထို့နောက်တွင် ကျောင်းသား အများအပြား စင်ပေါ်သို့တက်၍ သူတို့၏ တိုက်ခိုက်ရေး စွမ်းအင်များအား အတတ်နိုင်ဆုံး ပြသကြသော်လည်း ယူချင်း၏ စွမ်းဆောင်ရည်နှင့် နှိုင်းယှဉ်ရန်ကား အလွန်လိုပေသေးသည်။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ နောက်ဆုံးတွင် မူရွန်ချူက စင်ပေါ်သို့ တက်လာသည်။ လူတိုင်းက သူ့အား စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ မူရွန်ချူက စင်မြင့်ပေါ်သို့ ရောက်သည်နှင့် တစ်ယောက်ပြီး တစ်ယောက် စိန်ခေါ်ကာ အနိုင်ယူသွား၏။ သူက နိုးထခြင်းအဆင့်ကိုးမှ ကျောင်းသားများအား အနိုင်ယူပြီးနောက် နိုးထခြင်းအဆင့်ရှစ်မှ ကျောင်းသားများအား ဆက်လက် စိန်ခေါ်သည်။ သူကား လူတိုင်း၏ လက်ခုပ်သြဘာများအား ခံယူရရှိနေသည်။

မူရွန်ချူက ယူချင်းထံသို့ပင်လျှင် ကြည့်လိုက်သေးသည်။ သို့သော် သူ့အား တိုက်ခိုက်ရန် အကြံအား စွန့်လွှတ်လိုက်သည်။ သူက ယူချင်းအား အနိုင်ရရန် ယုံကြည်မှု မရှိပေ။

ရီဖူရှင်းက မူရွန်ချူ၏မျက်လုံးထဲမှ မျှော်လင့်ချက်တချို့အား သတိထားမိသည်။ မူရွန်ချူကား ပထမနေရာအား ရည်ရွယ်နေခြင်း ဖြစ်သည်။ ပထမနေရာကို ရရန် တစ်ခုတည်းသော နည်းလမ်းမှာ အကြီးမားဆုံးသော အတားအဆီးဖြစ်သော ယူချင်းအား တိုက်ခိုက် အနိုင်ယူရန်ဖြစ်သည်။ သို့သော် သူကား ယုံကြည်မှုမရှိသောကြောင့် ထိုသို့ မလုပ်နိုင်ပေ။

မူရွန်ချူနှင့် ယူချင်းတို့ နှစ်ယောက်လုံးမှာ ရေးဖြေစာမေးပွဲတွင် ဂုဏ်ထူးအဆင့်ဝင်ခဲ့သည်။ ယနေ့လက်တွေ့ တိုက်ခိုက်ရေးတွင်လည်း သူတို့နှစ်ယောက်လုံးမှာ ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည်။ သို့သော်လည်း အသက်အရွယ်အရမူ ယူချင်းက အသာစီးရပေသည်။ ပထမနေရာကား ယူချင်းအတွက် ဖြစ်ပေမည်။ ရီဖူရှင်းက ထိုသို့တွေးလျက် ရလဒ်ထွက်လာမည့် အချိန်ကိုသာလျှင် စိတ်ရှည်စွာဖြင့် စောင့်နေလိုက်သည်။

နေကား ကောင်းကင်တွင် အလျှံညီးညီး တောက်လောင်နေဆဲပင်။ သို့သော်လည်း လူအများစုမှာ နေ့သစ်အစပြုစဉ် အချိန်ကကဲ့သို့ပင် အားအင်များ ပြည့်ဝနေဆဲပင်။ ကျောင်းသားပေါင်း တစ်ရာကျော်က စာမေးပွဲတွင် ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး သူတို့၏စွမ်းရည်များအား ပြသခွင့် ရခဲ့ကြသည်။ ဟွာဂျီယူက ပြိုင်ပွဲတွင် မပါဝင်ခဲ့သော်လည်း သူမကလည်း စင်မြင့်ပေါ်သို့တက်၍ အင်းကွက်တွင် သိုင်းအဆင့်စစ်ဆေးခြင်းကို လက်ခံသည်။ သူမ၏ လှပသော မျက်နှာကလေးအား ကြည့်ကာ ကျောင်းသားများ၏ ရင်ထဲတွင် ထိခိုက်နာကျင်ကြရသည်။ သူမအား ထို အရှက်မရှိသော ရီဖူရှင်းနှင့် ချိန်းတွေ့ရန် မည်သူမျှ မလိုလားပေ။

နောက်ဆုံးတွင် လက်တွေ့တိုက်ခိုက်ရေး စစ်ဆေးခြင်း ပြီးဆုံးကာ ရလဒ်များအား ကြေညာရန် အချိန်သို့ ရောက်ရှိလာသည်။ လူတိုင်းက ကျောင်းတော်၏ ထိပ်သီးပညာရှင်များ ထိုင်နေရာနေရာသို့ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

ဓားခန်းမသခင် လင်ရှန်းဖန်နှင့် မြေဓာတ်ကျောင်းဆောင် ကျောင်းအုပ် ရှီဇောင်တို့ကက စာမေးပွဲရလဒ်နှင့် ပတ်သက်၍ သဘောတူညီချက်ရသောအခါ ယနေ့ ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲ ပြီးဆုံးခြင်းသို့ ရောက်မည်ဖြစ်သည်။

လင်ရှန်းဖန်နှင့် ရှီဇောင်တို့ အကြိတ်အနယ် ဆွေးနွေးနေသော အချိန်တွင် ဘေးတွင် နောက်တစ်ယောက်က သူတို့ပြောသမျှ စကားများအားလုံးအား လိုက်လံ ရေးမှတ်နေလေသည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်၏ ဆုံးဖြတ်ချက်ပါသော စာရွက်အား ကိုင်လျက် ထိုရေးမှတ်သူက ပြိုင်ပွဲစင်မြင့်၏ အလယ်သို့ လျှောက်လှမ်းလာလေသည်။ သူက မျှော်လင့်ကြီးစွာ ကြည့်နေကြသော ကျောင်းသားများအား ကြည့်လျက် ပြောလိုက်သည်…

“ပုံမှန်အားဖြင့် စာမေးပွဲ ရလဒ်က ရေးဖြေစာမေးပွဲနဲ့ လက်တွေ့ တိုက်ခိုက်ရေး စစ်ဆေးခြင်းက စွမ်းဆောင်ရည်ကို မူတည်ပြီး ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲရဲ့ရလဒ်ကို ယေဘုယျအားဖြင့် အဆင့်သတ်မှတ်တာ ဖြစ်တယ်…”

ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲအပြီးတွင် အဆင့်လိုက်ရပ်တည်ချက် တစ်ခု ထွက်လာမည်ဖြစ်သည်။ ရေးဖြေစာမေးပွဲကဲ့သို့ပင် ထိပ်ဆုံးသုံးယောက်၏ နာမည်အားသာလျှင် အဆင့်စီမည်ဖြစ်သည်။

ထိပ်ဆုံး သုံးယောက်စာရင်းတွင် ပါဝင်ပါက ဂုဏ်တင့်တယ်သလို လူအများ၏ ချီးကျူး ဂုဏ်ပြုမှုများအားလည်း ရရှိမည်ဖြစ်သည်။ ထို့အပြင် အဆင့်ရပ်တည်ချက် စာရင်းတွင် ပါဝင်သူများ အားလုံးမှာ စာကြည့်တိုက်၏ ဒုတိယထပ်သို့ ဝင်ခွင့်ရမည် ဖြစ်သည်။

ထိပ်ဆုံးသုံးယောက်က မည်သူတို့ဖြစ်မည်ကို အားလုံးက သိလိုသောစိတ်ဖြင့် စောင့်ဆိုင်းနေကြသည်။ ရီဖူရှင်းက ကြေညာမည့်သူအား တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်။ ပထမနေရာက ယူချင်း ဖြစ်ရမည်ဟု သူယုံကြည်သည်။

“ပထမနေရာ… မူရွန်ချူ” တာဝန်ခံက ကြေညာလိုက်သည်။ ရီဖူရှင်း အံ့အားသင့်သွားသည်။ မည်သို့ ဖြစ်ပျက်သွားသည် သူ နားမလည်တော့ပေ။

ပထမနေရာ၊ မူရွန်ချူတဲ့လား။ တခြားလူများလည်း အံ့အားသင့်သွားကြသည်။ သို့သော်လည်း အံ့သြသောစိတ်များ ပြန်လည် ပျောက်ကွယ်သွားကြသည်။ မည်သို့ပင်ဆိုစေ မူရွန်ချူကား ရေးဖြေစာမေးပွဲတွင်လည်း ဂုဏ်ထူးစာရင်းဝင်ကာ သိုင်းပြိုင်ပွဲတွင်လည်း ရလဒ်ကောင်းများ ရထားသည် မဟုတ်ပါလား။ သို့သော်လည်း သူတို့အားလုံး၏ စိတ်ထဲတွင် ယူချင်းအတွက် မမျှတသလို ခံစားနေကြရသည်။

“ဒုတိယ နေရာ… ယူချင်း…” တာဝန်ခံက ဆက်လက်၍ ကြေညာလိုက်သည်။

“ဘာကြောင့်လဲ…” တာဝန်ခံမှ တတိယနေရာအား ကြေညာရန် ဟန်ပြင်နေစဉ်မှာပင် လူတစ်ယောက်က လှမ်းမေးလိုက်သည်။

“ဘာကြောင့်လဲ…” တာဝန်ခံမှ တတိယနေရာအား ကြေညာရန် ဟန်ပြင်နေစဉ်မှာပင် လူတစ်ယောက်က လှမ်းမေးလိုက်သည်။

လူတိုင်းက ခံစားချက် အမျိုးမျိုးဖြင့် တာဝန်ခံ၏ ကြေညာမှုအား နားထောင်နေကြသည်။ ဖူရှင်း၏ မေးခွန်းအား ကြားသည်နှင့် ကျောင်းတော်၏ တာဝန်ရှိလူကြီးများ။ ဆရာများ အားလုံး၏မျက်နှာ မည်းမှောင်သွားသည်။ တာဝန်ခံ၏ ရလဒ်ကြေညာမှုအား ကြားဖြတ် နှောင့်ယှက်ခြင်းသည် ကျောင်းတော်အား အလွန်မလေးစားရာ ကျပေသည်။

“မူရွန်ချူက ပထမရပြီး ယူချင်းက ဘာလို့ ဒုတိယလဲ…” ဖူရှင်းက ထပ်မေးလိုက်သည်။

“မင်းက ဘယ်လိုတောင် စည်းကမ်းမရှိတာလဲ… ရလဒ်က ဆုံးဖြတ်ပြီးသွားပြီ။ ပြီးတော့ ငါတို့မှာ သေချာတဲ့ အကြောင်းပြချက် ရှိတယ်…” တာဝန်ခံက အေးစက်စွာ ပြောလိုက်သည်။

“ကျွန်တော် လက်မခံနိုင်ဘူး…”ရီဖူရှင်းက တာဝန်ခံအား စိုက်ကြည့်လျက်ပြောလိုက်သည်။

“မူရွန်ချူ… အသက်ဆယ့်ခုနစ်။ မြေဓာတ်စွမ်းအင် မှော်ဆရာ။ နိုးထခြင်းအဆင့်ကိုး။ ယူချင်း… အသက်ဆယ့်ငါး။ သိုင်းနဲ့မှော် နှစ်မျိုးလုံး လေ့ကျင့်တယ်။ ဒီနှစ်မျိုးလုံးမှာ အာရုံခံနိုင်စွမ်း အမြင့်ဆုံး။ နိုးထခြင်းစွမ်းအင်အဆင့်ရှစ်။ မူရွန်ချူနဲ့ ယူချင်းက ရေးဖြေစာမေးပွဲမှာ နှစ်ယောက်လုံး ဂုဏ်ထူးအဆင့်ရတယ်။ မူရွန်ချူက နိုးထခြင်းအဆင့်ကိုးနဲ့ သူ့ပြိုင်ဘက် နိုးထခြင်းအဆင့်ကိုး ပညာရှင်တွေကို အနိုင်ရတယ်။ ယူချင်းက နိုးထခြင်းအဆင့်ရှစ် သိုင်းအဆင့်နဲ့ နိုးထခြင်းအဆင့်ကိုး ပညာရှင်တွေကို အနိုင်ရတယ်… နှိုင်းယှဉ်ရင် ဘယ်လိုပဲကြည့်ကြည့် ယူချင်းက အသာစီးရတယ်… ဒါဆို ဘာလို့ မူရွန်ချူက ပထမလဲ…” ဖူရှင်းက နှိုင်းယှဉ်ပြသည်။

သူက ရှေ့ကို တစ်လှမ်း ထပ်တိုးလိုက်ပြီး တာဝန်ခံအား ဦးညွှတ်ကာ ပြောလိုက်သည်…

“သူတို့တွေရဲ့ စွမ်းရည်တွေကို သေချာ အကဲဖြတ်ပြီး ဆုံးဖြတ်ပေးပါ ဆရာခင်ဗျား…”

“ဒီကောင်…” ချင်ယီက ရီဖူရှင်းအား အံ့အားသင့်လျက် ကြည့်လိုက်သည်။ သူမကိုယ်တိုင်ကလည်း စာမေးပွဲရလဒ်အား မကျေနပ်ဖြစ်မိသော်လည်း ယခုလို ဖူရှင်းက တာဝန်ခံအား မေးခွန်းထုတ်ရဲမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သူကား ပါးနပ်သော သူဖြစ်သည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် သူက ထိုသို့မိုက်မဲသော အလုပ်ကို လုပ်ရသနည်း သူမ မတွေးတတ်တော့။

ပြိုင်ပွဲကွင်းပြင်တွင် မတ်တတ်ရပ်နေသော ပြင်ပကျောင်းသာများမှာ ရီဖူရှင်းအား ကြည့်လျက် တီးတိုးပြောနေကြပြီ ဖြစ်သည်။ မူရွန်ချူကလည်း မျက်မှောင်ကုတ်လျက် ဖူရှင်းအား ကြည့်နေသည်။

စင်မြင့်ပေါ်မှ ပရိသတ်များ၊ ဧည့်သည်များမှာလည်း မည်သို့ပြောရမည်မှန်း မသိတော့။ သူတို့ကလည်း ယူချင်းအတွက် မမျှတသည်ကို နားလည်ကြသည်။ သို့သော် ကျောင်းသားတစ်ယောက်က စာမေးပွဲရလဒ်အား မေးခွန်းထုတ်ဝံ့လိမ့်မည်ဟု သူတို့ မတွေးမိကြပေ။

“ဆက်မပြောနဲ့တော့… မင်းအခု ဘာလုပ်နေလဲ သိလား…” အင်းကွက်ဘေးမှ ဒိုင်လူကြီး တစ်ယောက်က လှမ်းငေါက်လိုက်သည်။ သူသည်လည်း ရီဖူရှင်းအား သဘောကျသည်။ ထို့ကြောင့်လည်း လက်ရှိသူ၏ အပြုအမူအား ဆက်လက်လုပ်ရန် သူခွင့်မပြုလိုပေ။ လူငယ်တစ်ယောက်အတွက် ရူးသွပ်သော အလုပ်များအား လုပ်နိုင်သော်လည်း အကန့်အသတ်ရှိရန် လိုအပ်ပေသည်။

ရီဖူရှင်းလည်း သူ ဘာလုပ်နေသည်ကို သိသည်။ သူ၏ အကြောင်းပြချက်များက မည်သည့်ရလဒ်ကိုမျှ ပြောင်းလဲမရနိုင်မှန်းလည်း သိသည်။ သူ၏ ယခုအပြုအမူကား သင့်လျော်မှုမရှိပေ။ သို့သော် သူက ပြောရန် လိုအပ်သည်ဟု တွေးသည်။ အကယ်၍ သူကိုယ်တိုင် မတရားခံရခြင်း ဖြစ်ပါက ဂရုစိုက်မည် မဟုတ်သော်လည်း ယခုကား ယူချင်း ဖြစ်နေသည်။ ယူချင်း၏ ဂုဏ်သိက္ခာနှင့်ပတ်သက်၍ မတရားခွဲခြားခံရခြင်းအား သူလက်မခံနိုင်။ ယူချင်းသာလျှင် ပထမ ရသင့်ပေသည်။

ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲကား ရီဖူရှင်းပြောသလို စာမေးပွဲနှစ်ရက်လုံးမှ စွမ်းဆောင်ရည်အား တွက်၍ အဆင့်ခွဲခြားခြင်း ဖြစ်သည်။ သူ ပြောခဲ့သလို ယူချင်းက မူရွန်ချူထက် နိမ့်ကျသော အခြေအနေ တစ်ခုမှ မရှိပေ။ သို့ဆိုလျှင် သူက အဘယ်ကြောင့် မူရွန်ချူ၏ အောက်၌ အဆင့်ရပ်တည် နေရသနည်း။

အမှန်တကယ်တွင်ကား ပထမနေရာနှင့် ဒုတိယနေရာမှာ အနည်းငယ်သာလျှင် ကွာခြားပေသည်။ သို့သော် ရီဖူရှင်းအတွက်မူကား ပထမနေရာအား ယူချင်းသာလျှင် ပိုင်ရမည်။

ရီဖူရှင်းက သူ၏အပြုအမူမှာ မလေးမစား လုပ်ရာ ရောက်နေသည်ကို သိသည်။ သို့သော် သူအမှန်တကယ် ထိုရလဒ်အား လက်မခံနိုင်ပေ။ လူတိုင်းက သူ့အား စော်ကားသည်ကို သူသည်းခံနိုင်သော်လည်း ယူချင်း ပိုင်ဆိုင်သောအရာအား မတရားသဖြင့် လုယူခံရသည်အား သူမည်သို့မျှ လက်မခံနိုင်ပေ။

“ရီဖူရှင်း…” ယူချင်းက ခေါ်လိုက်သည်။ သူက ရီဖူရှင်းပခုံးထက်သို့ လက်တင်၍ သူ့အား လက်လျှော့လိုက်ရန် ခေါင်းယမ်းပြလိုက်သည်။ ရီဖူရှင်းက ယူချင်းအား ပြန်ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းချလျက် နောက်ပြန်ဆုတ်လိုက်သည်။

“ရလဒ်တွေကို ဆက်ကြေညာပြီး သူ့နာမည်ကို စာရင်းက ဖျက်လိုက်” ရှီဇောင်က တာဝန်ခံအား အေးစက်စွာ ပြောလိုက်သည်။ သူတို့ကလည်း ငြင်းဆန်မှုတချို့ ရှိလိမ့်မည်ဟု ခန့်မှန်းမိသော်လည်း မူရွန်ချူ၏ စွမ်းဆောင်ရည်မှာ သူတို့ မျှော်လင့်ထားသည်ထက် ကောင်းမွန်နေသောကြောင့် ပြဿနာမရှိနိုင်ဟု တွေးခဲ့ကြသည်။ သို့သော် ရီဖူရှင်းက အမှန်တကယ်ပင် လူအများရှေ့တွင် သူတို့၏ ဆုံးဖြတ်ချက်အား မေးခွန်းထုတ်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ရလဒ်ကြေညာသည့် တာဝန်ခံက ခေါင်းညိတ်ကာ ရီဖူရှင်း၏ နာမည်အား ဖျက်လိုက်သည်။ ထို့နောက် သူက တတိယနေရာအား ဆက်၍ ကြေညာလိုက်သည်…

“တတိယ နေရာ… ဟွာဂျီယူ…”

ဟွာဂျီယူက လက်တွေ့တိုက်ခိုက်ရေး စစ်ဆေးခြင်းတွင် မပါဝင်ခဲ့သော်လည်း သူမက ရေးဖြေစာမေးပွဲတွင် ဒုတိယ ရခဲ့သည်။ ထို့အပြင် နိုးထခြင်းအဆင့်ကိုးရှိသော ပါရမီရှင် ဖြစ်သည်။ သူမအား တတိယနေရာ ပေးခြင်းအား မည်သူမျှ သံသယမဖြစ်ကြပေ။ သို့သော် လူတိုင်းက တတိယနေရာမှာ ရီဖူရှင်း ရသင့်သည်ဟု ထင်မြင်ကြ၏။

“ဘုန်း…” ရုတ်တရက် ကျယ်လောင်သော မြေကြီး တုန်ခါသံတစ်ချက် ကြားကာ ရလဒ်ကြေညာနေသည့် တာဝန်ခံက မော်ကြည့်လိုက်သည်။ သူကား ယူချင်းဖြစ်သည်။ သူကား စင်မြင့်ထက်သို့ တစ်လှမ်းချင်း လှမ်းလာနေသည်။ သူ၏တစ်ကိုယ်လုံး သိုင်းစွမ်းအင် အားလှိုင်းများ ရစ်ပတ်ကာ ခြေလှမ်းတိုင်းက မြေကြီးအား တုန်ခါစေသည်။ သူကား အလွန် ဒေါသထွက်နေလေပြီ။

***


Comment

Leave a Reply

Options

not work with dark mode
Reset