ယန်ဇူက ပြိုင်ပွဲစင်မြင့်ထက်သို့ ဖြည်းဖြည်းချင်း တက်လှမ်းလာကာ အင်းကွက် အတွင်းသို့ ဝင်ရပ်လိုက်၏။ ရုတ်တရက် အားကောင်းသော မီးဓာတ်စွမ်းအင်များက သူ့တစ်ကိုယ်လုံးအား ပျံ့နှံ့သွားကာ မီးတောက်မီးလျှံများ ဖုံးလွှမ်းသွားသည်။ သူကား မီးဓာတ်စွမ်းအင်အား အာရုံခံနိုင်စွမ်း အမြင့်ဆုံးဖြစ်ကာ နိုးထခြင်း အဆင့်ခုနစ် ဖြစ်သည်။
ယန်ဇူအား ကြည့်ရသည်မှာ တစ်ကိုယ်လုံးရှိ မီးတောက်များက သူနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ပင်။ သဘာဝစွမ်းအင်များက သူ့တစ်ကိုယ်လုံးအား လှည့်ပတ်စီးဆင်းလျက် သူ့အား တဖြည်းဖြည်း ဝါးမျိုသွားကာ မီးလူသားကဲ့သို့ ဖြစ်သွား၏။ လူတိုင်းက ထိုမြင်ကွင်းအား အံ့သြတကြီး ကြည့်နေစဉ်မှာပင် ယန်ဇူ၏ ခန္ဓာမှ မီးတောက်တချို့က မြွေနဂါးကဲ့သို့ ပြောင်းလဲသွားကာ ဖူရှင်းထံသို့ တိုးဝင်တော့မည့်ဟန်ဖြင့် အားယူနေကြ၏။
ထိုကဲ့သို့ အားပြင်းသော မှော်သိုင်းကွက်။ လူတိုင်းက ယန်ဇူအား စိုက်ကြည့်နေကြ၏။ သူကဲ့သို့သော အားကောင်းသော မှော်ဆရာ တစ်ယောက် အနေဖြင့် စကြဝဠာ စွမ်းအင်အား စုပ်ယူကာ ထိုစွမ်းအင်အား သူ၏ မှော်သိုင်းကွက်နှင့် ပေါင်းစပ်ကာ ရန်သူအား တိုက်ခိုက်နိုင်ပေသည်။ ယေဘုယျအားဖြင့် မှော်ဆရာတစ်ယောက်၏ မှော်သိုင်းကွက်သည် သိုင်းပညာရှင် တစ်ယောက်၏ တိုက်ခိုက်ရေး နည်းစနစ်များထက် အားပြင်းလေ့ရှိသည်။
“လာစမ်းပါ… မင်းကိုယ်တိုင် သက်သေပြစမ်း… သိုင်းပညာရှင်က ရေရှည်အချိန်ဆွဲပြီး မှော်ပညာရှင်ကို မောပန်းအောင် လုပ်ပြီးတော့ အနိုင်ယူနိုင်တယ်လို့ မင်းပြောခဲ့တယ်… မင်းစကားကို မင်းပြန်စဉ်းစားဖို့ အချိန်ကျပြီ… မင်းခံစားရအောင် ငါလုပ်ပေးမယ်…” ယန်ဇူကား မှော်ပညာရှင် ဖြစ်ရသည်ကို အလွန်ဂုဏ်ယူသည်။ သူက ရီဖူရှင်းအား ညှာတာရန် စိတ်ကူးမရှိပေ။
“မနေ့က ရေးဖြေစာမေးပွဲမှာ မင်းကိုယ်တိုင် စွမ်းအားမြှင့်ဖို့အတွက် တခြားလူတွေရဲ့ စွမ်းအားကို လေးစားဖို့ မင်းက ပြောခဲ့တယ်မလား… ငါထင်တာကတော့ မင်းက ဒီသင်ခန်းစာကို မင်းကိုယ်တိုင် မလိုက်နာဘူးမလား…” ယန်ဇူအား အသာအယာပြုံးလျက် ရီဖူရှင်းက ပြောလိုက်၏။ သူကဆက်၍…
“ငါမနေ့က ပြောခဲ့တာက ယေဘုယျ အခြေအနေမှာလို့ပြောတာ… မင်းနဲ့ကတော့ ငါဒီလောက် အချိန်ကုန်မခံနိုင်ဘူး…” ထိုသို့ပြောကာ ရီဖူရှင်းက ယန်ဇူထံသို့ ခုန်လွှားလိုက်၏။ သူ၏ ခန္ဓာကိုယ်အား သိုင်းပညာ စွမ်းအင်များက စတင်လွှမ်းခြုံလာ၏။ ထိုစွမ်းအင်များက ပုံစံတစ်ခု အနေဖြင့် စုစည်း လာနေကြ၏။
ဒီကောင်က ယန်ဇူနဲ့ ထိပ်တိုက် ရင်ဆိုင်တော့မယ် ထင်တယ်…။ လူတိုင်းက ရီဖူရှင်း၏ စကားများအား ကြားက မည်သို့ ပြောရမှန်း မသိတော့။ သူကား နိုးထခြင်း အဆင့်ခုနစ်ဖြင့် အဆင့်တူ မှော်ပညာရှင်၏ အားပြင်းသော မှော်သိုင်းကွက်နှင့် တိုက်ရိုက်အားဖြင့် ထိပ်တိုက်ရင်ဆိုင်တော့မည် ဖြစ်သည်။
“ဒီကောင်က သူ့အသုံးမကျတဲ့ ယုံကြည်မှုကို နောင်တရနေတော့မယ်…” တစ်စုံတစ်ယောက်က နှာခေါင်းရှုံ့လိုက်၏။
ယန်ဇူကလည်း ရီဖူရှင်း၏ မှတ်ချက်အားကြားကာ ဟက်ဟက်ပက်ပက် ရယ်မောနေ၏။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်လျှင် သူ့တစ်ကိုယ်လုံးမှ မီးတောက်ငယ်များက မြွေနဂါးကြီးတစ်ကောင် အဖြစ် အသွင်ပြောင်းသွားသည်။ ထိုမီးမြွေနဂါးကြီးကား မုန်ယိုနေသော ဆင်တစ်ကောင်လို ရုန့်ရင်းကြမ်းတမ်းစွာဖြင့် လှည့်ပတ်နေကာ သူဖြတ်သွားရာ လမ်းတစ်လျှောက် ဝါးမျိုမည့် ပုံဟန်ပင်။
သူ ရူးနေတာလား…။ ချင်ယီက ထိုမှော်သိုင်းကွက် မည်မျှ စွမ်းအားပြင်းသည်ကို သတိထားမိကာ ရီဖူရှင်းအား စိုးရိမ်တကြီး ကြည့်လိုက်၏။ သည်မှော်သိုင်းကွက်က အသက်အန္တရာယ် ရှိသည်ကို သူမသိသည်။
“ဒါဆိုရင်လည်း မင်းကို ပညာပေးရတော့မှာပေါ့…” ယန်ဇူက အေးစက်စွာ ပြောလျက် ရီဖူရှင်းထံသို့ လျင်မြန်စွာ တိုးဝင်သွားလိုက်၏။ ရီဖူရှင်းကလည်း သူ၏တစ်ကိုယ်လုံးရှိ စွမ်းအင်များအား လှည့်ပတ်လျက် လျင်မြန်စွာ တိုးဝင်သွားသည်။ ပြိုင်ပွဲကွင်းပြင်နေရာတွင် လျှပ်စီးနှစ်ခုက တစ်ဖက်တစ်ချက်မှ ထိပ်တိုက်ရင်ဆိုင်ရန် လျင်မြန်စွာ ရွေ့လျားနေသကဲ့သို့ပင်။
ထိုအခိုက်မှာပင် ရီဖူရှင်း၏ တစ်ကိုယ်လုံးရှိ လွှမ်းခြုံထားသော သိုင်းစွမ်းအင်များက ပန်းရောင်သို့ ပြောင်းလဲသွား၏။ ထို့နောက် ထိုပန်းရောင်စွမ်းအင်များက နဂါးတစ်ကောင်ပုံစံသို့ ပြောင်းလဲသွားသည်။
ရီဖူရှင်း တစ်ကိုယ်လုံးကား ထိုအခိုက်တွင် နဂါးဟိန်းသံကဲ့သို့ အက်ကွဲသံများ ဖုံးလွှမ်းနေ၏။ လူတိုင်းက မျက်စိရှေ့မှ ပြောင်းလဲမှုများအား ကြည့်ကာ ရုတ်တရက် အံ့သြမှင်တက်သွားကြ၏။ နောက်ဆုံးတွင် သူတို့နောက်ယောက် ရင်ဆိုင်မိကြသည်။ ယန်ဇူက ထိန်းချုပ်မရတော့ဟန်ဖြင့် ရီဖူရှင်းထံသို့ မီးမြွေနဂါးကြီးအား ထုတ်လွှတ်လိုက်သည်။
ဟိန်းသံတစ်ချက် ကြားလိုက်ရပြီး ရီဖူရှင်းက လျှပ်စစ်နဂါးပုံ ဟန်ပြောင်းလဲသွား၏။ သူ၏ လက်အား ဆန့်ထုတ်လိုက်လျှင် ပန်းရောင် လျှပ်စီးနဂါးကြီး တစ်ကောင်က မီးနဂါးထံသို့ တိုးဝင်သွားသည်။
လျှပ်စစ် ပန်းရောင် နဂါးနှင့် မီးနဂါးတို့ ထပ်တိုက်ဆုံမိကာ အက်ကွဲသံများ အဆက်မပြတ် ထွက်လာသည်။ မီးနဂါးကား လျှပ်စီးနဂါးအား ခုခံနိုင်စွမ်းမရှိပေ။ ထိုခဏမှာပင် မီးနဂါးမှ အခိုးအငွေ့များ အဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားသည်။ သို့သော်လည်း လျှပ်စီးနဂါးကား ထိုနေရာတွင် ရပ်တန့်မနေဘဲ ယန်ဇူထံသို့ ဆက်လက် တိုးဝင်သွားကာ နောက်ဆုံး ယန်ဇူ၏ ရင်ဘတ်အား ထိသွားသည်။ ဝုန်းခနဲ မြည်သံနှင့်အတူ ယန်ဇူ အဝေးသို့ လွင့်စဉ်သွားသည်။
“ဒါက သိုင်းပညာ နည်းစနစ်တစ်ခုဖြစ်တဲ့ နဂါးအားမာန်သိုင်းပဲ… ဒီကောင် ဘယ်လိုများ လုပ်လိုက်တာလဲ…” ကျောင်းသားများအားလုံး ထိတ်လန့်သွားကြ၏။ မနေ့က ရီဖူရှင်းက ထိုစာအုပ်အား ငှားသွားသည်ကို လူတိုင်းက သိကြ၏။ သို့သော် သူတို့က မည်သည့်နည်းနှင့်မျှ အဓိပ္ပာယ် မရှိဟု တွေးခဲ့ကြသည်။ ရီဖူရှင်းက ထိုသိုင်းအား တစ်ရက်တည်းဖြင့် လေ့ကျင့် အောင်မြင်ခဲ့သည်ကို မည်သို့မျှ မယုံကြည်နိုင်ကြပေ။
ယခုမူကား ရယ်စရာက သူတို့ဖြစ်နေပေပြီ။ ရီဖူရှင်းအား နှာခေါင်းရှုံ့ခဲ့ကြသော ထိုသူများအားလုံး ရှက်ရွံ့သွားကြ၏။ နဂါးအားမာန်သိုင်းက သူတို့၏စွမ်းရည်ဖြင့် လိုက်မမီဟု မည်သူက ပြောသနည်း။ သူတို့မလုပ်နိုင်ယုံမျှဖြင့် တခြားသူများလည်း မလုပ်နိုင်ခြင်း မဟုတ်ကြောင်း ရီဖူရှင်းက သက်သေပြလိုက်သည်။
“နဂါးအားမာန်သိုင်း… တစ်ရက်တည်းမှာ… ဒါက ဘယ်လို ရယ်စရာ အမျိုးအစားလဲ…” ကျောင်းသားတချို့က သူတို့ရှေ့မှ အဖြစ်အပျက်များအား လက်ခံနိုင်သေးပုံ မရသေးပေ။
“လျှပ်စစ်စွမ်းအင်က အစစ်အမှန်ပဲ… ဒီကောင်က တိုက်ခိုက်ရေးသမား သတ်သတ်မဟုတ်ဘူး… လျှပ်စီးစွမ်းအင်လည်း သုံးနိုင်သေးတယ်…” နောက်တစ်ယောက်က မှတ်ချက်ချလိုက်သည်။
ကျောင်းသားများနှင့် ဆရားများအားလုံးက ရီဖူရှင်းအား ထူးဆန်းစွာ ကြည့်နေကြ၏။ ရီဖူရှင်းက သိုင်းပညာတွင် လျှပ်စီးစွမ်းအင်အား ပေါင်းစပ်၍ သုံးသွားခြင်းဖြစ်သည်။ သူကား နိုးထခြင်း အဆင့်ခုနစ်တွင်ပင် လျှပ်စီးစွမ်းအင်အား သူ၏ သိုင်းကွက်တွင် အောင်မြင်စွာ ပေါင်းစပ်၍ တိုက်ခိုက်နိုင်ပေပြီ။
“မင်းက ငါပြောတာ ဘာလို့မယုံခဲ့တာလဲ…” ရီဖူရှင်းက သက်ပြင်းချလျက် အခြေအနေ ဆိုးရွားကာ လဲလျောင်းနေသော ယန်ဇူအား လှမ်းပြောလိုက်သည်။ သူက အင်းကွက်ထဲသို့ ဝင်လိုက်သည်။ ထိုနောက် ပြိုင်ပွဲနေရာ တစ်ခုလုံးအား ဝေ့ကြည့်လိုက်ကာ ပြောလိုက်သည်…
“ငါက သိုင်းပညာသာမဟုတ်ဘဲ လျှပ်စီးစွမ်းအင်မှာလည်း အာရုံခံနိုင်စွမ်း အမြင့်ဆုံး အဆင့်ရှိတယ်ဆိုတာ မပြောဖူးလား…”
သူက ပြောပြီးသည်နှင့် အင်းကွက်က လျှပ်စီးစွမ်းအင်များ လွှမ်းခြုံလျက် တောက်ပလာ၏။ လျှပ်စီးများက ဖူရှင်း၏ တစ်ကိုယ်လုံးအား လှည့်ပတ်နေသည်မှာ ဇူးနတ်ဘုရားနှင့် တူလှသည်။
လူတိုင်းက ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်နေကြသည်။ ရီဖူရှင်းကား ငယ်ရွယ်သော အရာရာကို အလေးအနက် မထားသော လူအများ၏ သုံးနှစ်တိုင်တိုင် လှောင်ပြောင် ရယ်မောစရာ လူပေါ့လူသွမ်းကလေးအဖြစ် လူတိုင်းက သတ်မှတ်ထားခြင်း ခံထားရသူဖြစ်၏။ သူကိုယ်တိုင်က ထိုမတရားမှု၊ ခွဲခြားဆက်ဆံမှုများအား တည်ငြိမ်စွာ သည်းညည်းခံခဲ့သော်လည်း သူ၏စိတ်ထဲတွင်ကား အနည်းနှင့်အများ ထိခိုက်ခံစားခဲ့ရသည်သာ ဖြစ်သည်။ ယခု ထိုသုံးနှစ်တာကာလလုံး သူ့အား ကြမ်းတမ်းခက်ခဲစေသော ထိုအထိန်းအချုပ်။ အဟန့်အတားများအား ကျော်လွှားကာ သူက စင်ပေါ်တွင် ဝင့်ကြွားစွာ မတ်မတ်ရပ်နိုင်နေပြီ ဖြစ်သည်။
ရီဖူရှင်းကား ထပ်မံ၍ ခေါင်းငုံ့နေစရာ မလိုတော့ပေ။ ယခု… သူက ရေးဖြေစာမေးပွဲ၏ ချံပီယံဘွဲ့အား ရရှိပြီးဖြစ်သလို သိုင်းပညာနှင့်။ မိုးကြိုးလျှပ်စီးဓာတ်တို့ကို အာရုံခံဆင်ခြင်နိုင်စွမ်း အမြင့်ဆုံးဖြစ်ပြီး စွမ်းအင် နိုးထခြင်းအဆင့် ခုနစ်ရောက်နေပြီ ဖြစ်သည်။
ဖန်းရှင်းဇွီ၏ မျက်လုံးအစုံက ရီဖူရှင်းထံမှ ရှောင်လွှဲနိုင်ရန် မတတ်နိုင်တော့ပေ။ သူမ၏မျက်နှာကား ပျက်ယွင်းနေ၏။ နောက်ဆုံးတွင် ရီဖူရှင်းက သူမအား သိုင်းကျင့်ရာတွင် အကူအညီပေးလိုသော စိတ်သန့်သန့်ဖြင့် လာမေးခြင်း ဖြစ်သည်ကို နားလည်လိုက်သည်။ သူ၏ လက်ရှိ သိုင်းအဆင့်ဖြင့်ဆိုလျှင် ရီဖူရှင်းနှင့်အတူ သိုင်းလေ့ကျင့်ခြင်းက သူမအား အကျိုးရှိစေမည် ဖြစ်သည်။ သို့သော် သူမက မည်သို့ တုံ့ပြန်ခဲ့သနည်း။ သူမတို့နှစ်ယောက် အကြားသို့ မူရွန်ရှင်းအား ကြားဝင်စေကာ သူ့အား အဝေးသို့ တွန်းလွှတ်ခဲ့၏။
ရုတ်တရက်ပင် ရီဖူရှင်းက သက်ပြင်းချလျက် လှည့်ထွက်သွားသော ပုံရိပ်အား ပြန်မြင်ယောင်လာသည်။ သူမ၏ ရင်ဘတ်ထဲမှ ထိန်းချုပ်မရသော ဝမ်းနည်းမှုများက လှိုက်စားလာကာ တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသော စိတ်က သူမအား ပူလောင်နေစေသည်။ သူမကိုယ်တိုင်အားလည်း အခါခါ ပြန်မေးနေ၏။ သူမ တကယ် အရွယ်ရောက်လာပြီလား။ သူမအဖေ ပြောသလို ကိုယ်ပိုင်ဆုံးဖြတ်ချက်များ အတွက် မရင့်ကျက်သေးသည်မှာ မှန်ကန်သလော။ သူမဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်အတွက် အမှန်တကယ်ပင် သူမ နောင်တမရခဲ့လေသလော။ သူမက ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေခဲ့လေသလား။
တစ်ခုတည်းသော အမှန်တရားကား သူမ၏အဖေပြောသလို ရီဖူရှင်းမှာ သူမမျှော်လင့်ထားသော အရည်အချင်းများ မပြည့်စုံသောကြောင့် သူမက ရှောင်ဖယ်ခဲ့ခြင်း ဖြစ်လိမ့်မည်။
“ဘယ်လို ကလေကချေကောင်လဲ…” မူရွန်ရှင်းကက စိတ်ပျက်စွာ ရေရွတ်လိုက်၏။ သူမကလည်း သူမမှားယွင်းခဲ့သည်ကို ဝန်မခံနိုင်သေးဘဲ ရီဖူရှင်းအား မုန်းတီးစွာ စိုက်ကြည့်နေသည်။ သို့သော်လည်း ထိုစကားများက ဖန်းရှင်းဇွီအား ပိုမိုနာကျင်စေသည်။ မူရွန်ရှင်းပြောခဲ့သော အကြံပေးစကားများအား သူမ ပြန်အမှတ်ရလာသည်။ ယခုမူကား အဘယ်ကြောင့် မူရွန်ရှင်းစကားများအား ယုံကြည်ခဲ့ရသည်း သူမကိုယ်သူမ မေးမိသည်။
အင်းကွက်ထဲတွင် ရပ်နေလျက်ကပင် ရီဖူရှင်းက နောက်သို့လှည့်လျက် သူ၏မျက်လုံးက လှပသော မိန်းမပျို တစ်ယောက်ဆီသို့ ရောက်သွားသည်။
ဟွာဂျီယူက သူမအား ကြည့်နေသော ရီဖူရှင်းအား သတိထားမိလိုက်၏။ သူ၏ မချိုမချဉ် မျက်နှာပေးအား ကြည့်ကာ တစ်ခုခု မှားယွင်းနေပြီဟု သူမ စိတ်ထဲခံစားလာရသည်။
“ဟေး… မြေခွေးမ… မင်းကို စိတ်မပျက်စေခဲ့ဘူးမလား…” ရီဖူရှင်းက ရယ်မောလျက် ပြောလိုက်သည်။ သူ၏မျက်လုံးက ထိုစကားများထက်ပိုသော အဓိပ္ပာယ်များစွာ ဖော်ပြနေ၏။ ချက်ချင်းပင် လူအုပ်ကြီးက တိတ်ဆိတ်သွားသည်။
မြေခွေးမ၊ မည်ကဲ့သို့သော ကလူကျီစယ်သော နာမည်ပြောင်ပေနည်း။ ထို့အပြင် “စိတ်မပျက်စေခဲ့ဘူး” ဟူသော စကားအား ပြောခဲ့သေးသည်။ လူတိုင်းက သူတို့နှစ်ဦးကြား တစ်ခုခုရှိနေသည်ဟု တွေးလိုက်ကြသည်။ အထူးသဖြင့် ရေးဖြေစာမေးပွဲတွင် ဟာဂျီယူက ရီဖူရှင်း၏ဘေးတွင် နေရာယူခြင်း။ ရီဖူရှင်းအား ပြုံးပြခြင်း။ ဟွာဂျီယူ၏ “မနက်ဖြန် နင့်ကို စောင့်ကြည့်နေမယ်” စသော အပြုအမူ အပြောအဆိုများအား သတိရလာကြ၏။ ယခုကား လူတိုင်းကိုယ်စီ၏ မေးခွန်းများက အဖြေတစ်ခုတည်းအား ညွှန်ပြနေသည်။ သူတို့နှစ်ဦးကြား ထူးဆန်းသော ပတ်သက်မှု တစ်ခုခု ရှိနေရမည်။
“ဒါ… ဒါ… မဟုတ်လောက်ပါဘူး…” လူတိုင်းက မယုံကြည်နိုင်စွာဖြင့် သူတို့နှစ်ဦးအား ဝိုင်းကြည့်နေကြ၏။
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေအား ရိပ်မိလိုက်ကာ ရီဖူရှင်း၏ အရှက်မရှိပုံအား ကြည့်လျက် ဟွာဂျီယူက မည်သို့ ပြောရမည် မသိတော့။
သူမက ရီဖူရှင်းအား ပြောခဲ့သော စကားကြောင့် လူတိုင်း၏ ရန်သူအဖြစ် ဆက်ဆံခံခဲ့ရသည်များအား ပြန်၍ ကလဲ့စားချေလိုက်ပုံရသည်။ သူကား ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်နေခြင်း ဖြစ်ရမည်။ မှန်ပေသည်…။ ထိုမိန်းကလေးက သူ့အား အကွက်ချ လုပ်ကြံသည်ကို သူက အဘယ်ကြောင့် မသိချင်ယောင်ဆောင် နေနိုင်မည်နည်း။ သူတစ်နည်းနည်းဖြင့် တုံ့ပြန်ရပေမည်။
ယခု ကျောင်းသား အားလုံးနီးပါးက ဟွာဂျီယူအား စိုက်ကြည့်နေကြ၏။ သူမက မည်သို့ တုံ့ပြန်ပြောဆိုမည်ကို လွန်စွာ သိလိုနေကြသည်။
သူမ၏ မျက်လုံးများက တဖိတ်ဖိတ် တောက်ပလာသည်။ လူအားလုံးက သူမအား အာရုံစိုက်နေစဉ် အတွင်းမှာပင် သူမက ရုတ်တရက် ရီဖူရှင်းအား ပြန်ပြုံးပြလိုက်၏။ သူမ၏အပြုံးကား ကြည်လင်သော ညပြာပြာတွင် အတောက်ပဆုံးသော ကြယ်စင်အလား သဘာဝနှင့် လိုက်လျောညီထွေစွာ လှပလွန်းလှသည်။
“အင်း… ငါ… ကျေနပ်တာပေါ့…” ဟွာဂျီယူက ပြန်ပြောလိုက်သည်။
သူမ၏စကားလုံးများက သိမ်မွေ့ကာ နူးညံ့လှသည်။ ထိုအရာများက သူမ၏ တောက်ပသော အပြုံးဖြင့် ပေါင်းစပ်လိုက်လျှင် ကျောင်းသားများစွာ၏ နှလုံးသားများအား အရည်ပျော်သွားစေသည်။ ထိုအခိုက်တွင်ပင် သူတို့အားလုံး၏ ရင်ဘတ်တွင် အချစ်များ မွေးဖွားလာစေသည်။ တစ်ချိန်တည်းတွင်ပင် သူတို့၏နှလုံးသားများ ကွဲကြေစေသည်။ သူမ၏ အပြုံးက သူတို့အတွက် မဟုတ်ဘဲ တခြားယောက်ျား တစ်ယောက်အတွက် ဖြစ်နေသောကြောင့်ပင်။
ဟွာဂျီယူ၊ ကျောင်းတော်၏ ဒဏ္ဍာရီလာ အလှနတ်သမီး။ သူမကား ယခုကဲ့သို့ မည်သူ့ကိုမှ မပြောခဲ့ဖူး၊ မပြုံးပြခဲ့ဖူးပေ။ ရီဖူရှင်းက တစ်ခါမှမကြားဖူးသော အလုပ်တစ်ခုအား လုပ်ပြသွားသလို သူတို့ခံစားလိုက်ရ၏။ ယန်ဇူနှင့် မူရွန်ချူတို့က သူမအား ချဉ်းကပ် နေခဲ့ကြသည်မှာ ကြာပြီဖြစ်သော်လည်း သူတို့လည်း ယခု ရီဖူရှင်းကဲ့သို့ မစွမ်းဆောင်နိုင်ခဲ့သည့်အပြင် အနားပင် ကပ်၍ မရခဲ့ချေ။
လက်ရှိ အဖြစ်အပျက်များအား ကြည့်လျက် ဖန်းရှင်းဇွီကား အနည်းငယ် အိုစာသွားသလို ခံစားလိုက်ရသည်။ သူမက အသက် ဆယ့်ငါးနှစ် အရွယ်မျှပင် ရှိသေးသော်လည်း သူမသည်လည်း လှသွေးကြွယ်သော ပုရိသအပေါင်းတို့၏ရင်ကို လှုပ်ခတ်စေသောသူလေး ဖြစ်သော်လည်း ဟွာဂျီယူ၏ အရိပ်အောက်တွင် မှေးမှိန်နေဆဲပင်။
ရီဖူရှင်းလည်း သူမ၏အပြုံးတွင် နစ်မြောသွားသည်သာ ဖြစ်၏။ သူမည်မျှပင် စိတ်နှလုံးအား တည်ငြိမ်အောင် စုစည်းပါသော်လည်း သူ၏နှလုံးသားက စိတ်ဆန္ဒအား လွန်ဆန်ကာ ရင်ခုန်သံများ မြန်ဆန်လာသည်။
“ရီဖူရှင်း… ငါစိန်ခေါ်တာကို လက်ခံစမ်း…”
“ရီဖူရှင်း… ခွေးကောင်…”
“ငါ့နတ်သမီးလေးကို မင်းကများ… ငါစိန်ခေါ်တာ လက်ခံစမ်း… မင်းကို တစ်စစီ ဖြစ်အောင် လုပ်ပေးမယ်…”
ကွင်းပြင်အနှံ့မှ ဒေါသထွက်လာသော ကျောင်းသားများ၏ အော်ဟစ်ဆဲဆိုသံများ။ စိန်ခေါ်သံများ ရုတ်တရက် ဆူညံလာလေသည်။ ပြိုင်ပွဲဝင်များထဲမှ အနည်းငယ်သော ကျောင်းသားများသာလျှင် နိုးထခြင်းအဆင့် ရှစ်နှင့် နိုးထခြင်းအဆင့်ကိုးတွင် ရှိသော်လည်း သူတို့အားလုံးက ရီဖူရှင်း၏ _င်အား ကန်ကျောက်လိုသောစိတ်က ထိန်းမရအောင် ဖြစ်နေကြလေသည်။
မင်းက *****ပဲ။ ရီဖူရှင်းက ဟွာဂျီယူအား ကြည့်လျက် မိမိကိုယ်ကို စိတ်ထဲမှ ညစ်ပတ်စွာ ဆဲရေးလိုက်၏။ သို့သော်လည်း ဟွာဂျီယူကား ရီဖူရှင်းအား နူးညံ့စွာ ပြုံးပြနေဆဲပင်။ ထိုအပြုံးက ကျောင်းသားထုကြီး တစ်ခုလုံးအား ပိုမို၍ ဒေါသထွက်စေသည်။
“ဒါက ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲပဲ… လေးစားမှုရှိပါ… တိတ်ကြစမ်း…” ရီဖူရှင်းက လူအုပ်ကြီးအား ရုတ်တရက် အော်ဟစ်လိုက်၏။ လူတိုင်းက ရုတ်တရက် ထိတ်လန့် အံ့အားသင့်ကာ တစ်ဖန် တိတ်ဆိတ် သွားကြပြန်၏။
“ကောင်းပြီ… အခု ငါ့ကို ဘယ်သူတွေ စိန်ခေါ်မလဲ…” ရီဖူရှင်းက မေးလိုက်၏။
“ငါ…ငါ…”
“ငါစိန်ခေါ်မယ်… ခွေးကောင်”
“…….”
လူအများအပြားက စင်မြင့်အနီးသို့ ချဉ်းကပ်လာကာ အော်ဟစ်လိုက်ကြ၏။ ရီဖူရှင်းက သူတို့အားလုံးအား ဝေ့ကြည့်လိုက်သည်။ ထို့နောက် ပြုံးလျက် သူ၏လက်နှစ်ဖက်အား အင်္ကျီအိတ်သို့ထည့်လျက် ပြောလိုက်သည်…
“ငါက နှစ်ပွဲဆက်တိုက်… တိုက်ခိုက်ပြီးသွားပြီ… အခု အနားယူရမည့်အချိန်ပဲ…” သူက ထိုသို့ပြောလျက် လှည့်ကာ စင်မြင့်ထက်မှ ဆင်းသွားလေသည်။
“ဘာ… မင်းက နောက်နေတာလား…” လူအများက သူ့အား အော်ဟစ်လိုက်ကြသည်။
“မင်း ပြေးနေလို့ရတယ်… ပုန်းနေလို့တော့ မရဘူး…” နိုးထခြင်းအဆင့်ရှစ်မှ သိုင်းပညာရှင် တစ်ယောက်က မျက်နှာနီမြန်းလျက် လှမ်းအော်လိုက်သည်။
“ယူချင်း…မင်းအလှည့်ပဲ… ဒီကောင်တွေကို ပညာပေးလိုက်…” ရီဖူရှင်းက လူအုပ်ကြီးအား ပြောစရာ ရှာမရအောင် ထပ်မံလုပ်လိုက်ပြန်သည်။
အမှန်တကယ်ပင် သူက ဘယ်လိုလုပ် ယခုကဲ့သို့ အရှက်ကင်းမဲ့ နိုင်ရသနည်း။
***
👍