Switch Mode

အပိုင်း(၁၅)

အလွန်မောက်မာသော

လင်းရှာကိုယ်တိုင်က အဘယ်ကြောင့် ရီဖူရှင်းအား သည်လောက် မုန်းတီးရသည်ကို နားမလည်ပေ။ ဖြစ်နိုင်သည်က ရီဖူရှင်းကိုယ်တိုင်က သူမည်မျှ အသုံးမကျသည်ကို မသိဘဲ စာသင်ခန်းအတွင်းရှိ လူတိုင်း၏ရင်ထဲမှ အလှနတ်သမီး ချင်ယီအား စနောက်ခြင်းကြောင့်လည်း ဖြစ်မည်။ ထို့အတူ ဖန်းရှင်းဇွီအားလည်း အဓိပ္ပာယ်မရှိသော စကားများ ပြောသေးသည်။ ပို၍ မုန်းတီးစရာ ကောင်းသည်မှာကား မည်သူမျှ တိတိကျကျ ခန့်မှန်းမရသော ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ ဆက်ဆံရေးဖြစ်သည်။

သည်အရာများ အားလုံးက လင်းရှာ၏ အမုန်းတရားများအား တောက်လောင်စေသည်ဟု ဆိုရပေမည်။ သူ၏ ချောမောသော ရုပ်ရည်များနှင့် ယုံကြည်မှုရှိသော ထိုပုံစံသက်သက်ကပင်လျှင် လင်းရှာ၏နှလုံးအား ပူလောင်စေသည်။

ထိုအရာက မနာလိုခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သူကား ရီဖူရှင်းအား မနာလိုပေ။ အဘယ်ကြောင့်ဆိုသော် သူမလုပ်ရဲသော အလုပ်များ အားလုံးအား ရီဖူရှင်းက ရဲဝံ့စွာ လုပ်ရဲသောကြောင့်လည်း ဖြစ်သည်။

သတင်းကောင်း တစ်ခုမှာကား ယနေ့ ထို အရှက်မဲ့သောကောင်မှာ ယခင် အသုံးမကျသောဘွဲ့အား ပြန်ရယူ နိုင်တော့မည် ဖြစ်သည်။ သူကား ကျောင်းတော်မှလည်း ထုတ်ပယ်ခံရပေဦးမည်။

လူတိုင်းက ပူလောင်သော မျက်လုံးများဖြင့် ရီဖူရှင်းက ပြိုင်ပွဲစင်မြင့်သို့ တက်ရောက်လာသည်ကို ကြည့်နေကြသည်။ ဘာဆက်ဖြစ် လာမည်နည်း လူတိုင်းက စိတ်ဝင်စားနေကြသည်။

ရေးဖြေစာမေးပွဲ၏ ပထမဆုရှင်။ ထိုအရာကား တကယ့် တိုက်ခိုက်ရေးတွင် ဘာမှအသုံးမကျပေ။

“ဒီကောင်လေး…” ချင်ယီက လင်းရှာအား ကြည့်ကာ မည်သို့ ပြောရမည် မသိတော့။ သူကား ရီဖူရှင်း၏နာမည်အား ပထမဆုံး ခေါ်ကာ သူ့အား ခက်ခဲအောင် တမင်လုပ်နေသည် မဟုတ်ပါလား။ လင်းရှာက သူ့အား သက်ညှာပေးမည်ဟု သူမ မယုံပေ။

သူမ၏ ရီဖူရှင်းအပေါ် စိုးရိမ်မှုအား မျက်နှာတွင် မပေါ်ရန် ကြိုးစားလိုက်သည်။ အကယ်၍ ရီဖူရှင်းက ထိုစိန်ခေါ်မှုအား လက်မခံရဲဘဲ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့လျှင် ရေးဖြေစာမေးပွဲတွင် ပထမ ရသည်ကလည်း မည်သို့မျှ အသုံးမဝင်ပေ။

“ငါ့ထက်အရင် ဒီကောင်ကို စိန်ခေါ်တဲ့လူ ရှိမယ်လို့ မထင်မိဘူး… ဟား ဟား… ဒီကောင်ရဲ့ ကံဆိုးမိုးမှောင်မှုကို အရသာရှိရှိနဲ့ ကြည့်ရတော့မှာပဲ…”ယန်ဇူက အေးစက်စွာ ပြောလိုက်သည်။

“ဖန်းရှင်းဇွီ… သေချာကြည့်… နင့်ဆုံးဖြတ်ချက် မှန်တယ်ဆိုတာ… မကြာခင် သိရတော့မယ်… ဒီကောင်က နင့်ဘေးမှာ ရှိနေဖို့ မတန်တဲ့ကောင်…” မူရွန်ရှန်းက ဖန်းရှင်းဇွီအား ပြောလိုက်သည်။

မူရွန်ချူကလည်း အခြေအနေအား စောင့်ကြည့်နေသည်။ သို့သော် သူက ဖူရှင်းအား ဂရုသိပ်မစိုက်သလို ပုံစံဖြင့် မျက်နှာက အေးစက်သော ဟန်ပန်လုပ်ထားသည်။ သို့သော်လည်း စိတ်ထဲတွင်ကား မုန်းတီးစွာဖြင့် ဖူရှင်း အရှက်ကွဲမည့် အချိန်အား စောင့်နေသည်။ သူက ဂုဏ်ထူးစာရင်း အဆင့်တစ်မှ ဖယ်ထုတ်ခံရခြင်းမှာ ဖူရှင်းကြောင့်ပင် မဟုတ်ပါလား။

ပြိုင်ပွဲ၏ပထမဆုံး စိန်ခေါ်ပွဲပင်လျှင် စိတ်ဝင်စားမှု အလွန် ကောင်းနေပြီဖြစ်သည်။ သို့သော် ပြိုင်ပွဲဝင်များမှာ အလွန် စွမ်းအားမြင့်သောကြောင့် မဟုတ်ဘဲ ရီဖူရှင်း၏ နာမည် ကျော်ကြားမှုများကြောင့်ပင် ဖြစ်သည်။

ရီဖူရှင်းက ပြိုင်ပွဲစင်အလယ်သို့ ဖြည်းဖြည်းချင်း လျှောက်လာကာ နောက်ဆုံးတွင် လင်းရှာ၏ ရှေ့တွင် ရပ်လိုက်သည်။

“ရီဖူရှင်း… စိန်ခေါ်မှုကို လက်ခံသလား…” ဒိုင် တစ်ယောက်က မေးလိုက်သည်။ လူတိုင်း၏ မျက်လုံးများက သူမည်သို့ ပြန်ဖြေမည်ကို သိလိုစိတ်ဖြင့် ဖူရှင်းအား စိုက်ကြည့်နေကြသည်။

ရီဖူရှင်းက နက်ရှိုင်းစွာ ပြုံးလိုက်၏။ နေရောင်အောက်တွင် သူ၏ ငယ်ရွယ်နုပျိုသော မျက်နှာက သန့်စင်နေသည်။

“ကျွန်တော် လက်ခံတယ်…” သူပြန်ပြောသည်။ စိတ်ဝင်တစား ကြည့်နေကြသော လူအများအပြား၏ အံ့အားသင့်သော အမူအရာများအား တွေ့ရသည်။ ထို့နောက် ရယ်ရွှင်ဖွယ် အမူအရာများသို့ ပြောင်းသွားသည်။ သူ တကယ် ဒီကံဆိုးမှုကို ရှောင်လွှဲလို့ မရတော့ဘူးဆိုတာ သိသွားပြီလား ထိုသူများက တွေးလိုက်သည်။

“ကျွန်တော့်ကို ကျောင်းတော်က လက်ခံတဲ့အချိန်က စစ်ဆေးချက်ရလဒ်အရ ကျွန်တော်က သဘာဝစွမ်းအင်ကို အာရုံခံနိုင်စွမ်းက အမြင့်ဆုံးအဆင့်မှာ ရှိခဲ့တယ်… အခု ကျွန်တော်က ပြိုင်ပွဲမှာလည်း ဝင်ပြိုင်တော့မယ်… အင်းကွက်ကနေတစ်ဆင့် စစ်ဆေးစရာ မလိုတော့ဘူးမလား…” သူက ဒိုင်လူကြီးအား မေးလိုက်သည်။ အကယ်၍ စိန်ခေါ်မှုအား ငြင်းပယ်ခဲ့ပါက သူ၏သိုင်းအဆင့်အား စစ်ဆေးရမည်ဖြစ်ပြီး သူက စိန်ခေါ်မှုအား လက်ခံခဲ့ပါက တိုက်ပွဲအတွင်း အားလုံးက သိနိုင်သည် မဟုတ်ပါလား။

“ဒါ မှန်တယ်…” ဒိုင်လူကြီးက ခေါင်းညိတ်လိုက်၏။

လင်းရှာက ရယ်မောလိုက်သည်။ ထို့နောက် ရီဖူရှင်းအား ကြည့်လျက် မေးလိုက်သည်…

“မင်းက တကယ့် အစစ်အမှန်ကို ရင်ဆိုင်ရတော့မယ်… ဘယ်လိုခံစားရလဲ… ဟ.. ဟ…”

“ရေးဖြေစာမေးပွဲပြီးတုန်းက မင်းကိုငါ တစ်ခုပဲမေးခဲ့တယ်… ရလဒ်က မင်းထင်သလို မဟုတ်ခဲ့ရင် မင်း ဘာလုပ်မလဲ…” ရီဖူရှင်းက ပြောလိုက်၏။ သူက ခေါင်းခါလျက် ဆက်ပြောလိုက်သည်…

“တကယ်လို့ မင်း နောက်ဆုတ်လိုက်မယ် ဆိုရင် ထိတ်လန့်စရာ အတွေ့အကြုံမျိုး မတွေ့ရတော့မည့်အပြင် အရှက်လည်း ထပ်ကွဲမှာ မဟုတ်ဘူး… ဒါမှမဟုတ်ရင် မင်းရဲ့ စိတ်ဓာတ်မျိုးနဲ့ဆို ခံနိုင်ရည်မရှိမှာ ငါစိုးရိမ်တယ်…”

လူတိုင်းက သူ့အား ထူးဆန်းစွာ ကြည့်လိုက်ကြသည်။ အဘယ်ကြောင့် ရီဖူရှင်းက ထိုသို့ အဓိပ္ပာယ်မရှိသော စကားမျိုးကို ယခုလို အခြေအနေမျိုးတွင် ပြောနိုင်ရသနည်း။ သူတကယ် ရူးသွပ်သွားပြီလား။

“အားလုံး အဆုံးသတ် သွားတော့မည့် အချိန်မှာတောင် မင်းက ဟန်ဆောင် နေသေးတယ်… ဟင်း…” လင်းရှာက နှာခေါင်းရှုံ့လိုက်သည်။ လင်းရှာ၏ ဒေါသများကား ပွင့်ထွက်လုနီးပါး ဖြစ်သည်။ လေသဘာဝ စွမ်းအင်များက သူ့ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသည်။ ထို့နောက် ရှေ့ခြေတစ်လှမ်း ထောက်ကာ ရီဖူရှင်းထံသို့ လေအဟုန်ကဲ့သို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။

လင်းရှာကား လေဓာတ်အခြေခံ နိုးထခြင်း အဆင့်ခြောက် မှော်ဆရာ ဖြစ်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် လင်းရှာက ဖူရှင်း၏ ရှေ့သို့ ရောက်လာသည်။ သူက အလွယ်တကူပင် သဘာဝစွမ်းအင်အား သုံးလျက် ရိုးရှင်းသော မှော်သိုင်းကွက် တစ်ကွက် ထုတ်လွှတ်လိုက်သည်။ ဖူရှင်းအတွက် တကယ့်မှော်ပညာအား ထုတ်သုံးရန် မလိုပေ။ သာမန် လက်ဝါးရိုက်ချက် တစ်ချက်က လုံလောက်ပေသည်။

“သတိထား…” ချင်ယီက အဝေးမှ စိုးရိမ်တကြီး အော်ဟစ် သတိပေးလိုက်သည်။ လင်းရှာက ဖူရှင်းအား တိုက်ခိုက်လိုက်သော လက်ဝါးအား အဟုန်အား ကြည့်ကာ သူမက ဖူရှင်းအတွက် အလွန် စိုးရိမ်သွားသည်။ အကယ်၍ ဖူရှင်းက နိုးထခြင်း ပထမအဆင့်တွင်သာ ရှိလျှင် ထိုလက်ဝါးရိုက်ချက်မှာ သူ့အတွက် ခုခံကာကွယ်ရန် အလွန်ခက်ခဲကာ အန္တရာယ်များလှသည်။ လင်းရှာကား လုံးဝ မညှာပေ။

လူတိုင်းနီးပါးက ရီဖူရှင်းအား သဘောမကျသော်လည်း ထိုအခိုက်အတန့်တွင် လူတိုင်းက ဖူရှင်းအား ကြည့်လျက် သနားမိလိုက်ကြသည်။ သူကား ထိုရိုက်ချက် တစ်ချက်တည်းဖြင့် အပြင်းအထန် ဒဏ်ရာ ရပေတော့မည်။

သို့သော်လည်း မူရွန်ချူ မူရွန်ရှန်းနှင့် ယန်ဇူတို့ကမူ အေးစက်စွာ ကြည့်နေကြသည်။ ထိုအရာက သူတို့ မျှော်လင့်နေသော ရလဒ်ပင် မဟုတ်ပါလား။

“ဝုန်း…”

ကျယ်လောင်သော အသံတစ်ချက် မြည်သွားသည်။ မမျှော်လင့်သော မြင်ကွင်းက အားလုံးအား အံ့အားသင့် မှင်တက်သွားစေသည်။ လင်းရှာ ရပ်တန့်သွားသည်။ သူ၏ လက်ဝါးရိုက်ချက်က ဖူရှင်းထံသို့ မရောက်လိုက်ပေ။ ၎င်းအစား သူ၏ ရိုက်ချက်အားလှိုင်းက ဖူရှင်း၏ လက်ဝါးများအောက်တွင် နစ်မြုပ် ပျောက်ကွယ်သွားသည်။

“ဒါ…” လူတိုင်း၏မျက်လုံးများ ပြူးကျယ်သွားလျက် ပြိုင်ပွဲကွင်းပြင် နေရာအား ကြည့်ကာ ကျောက်ရုပ်များလို ရပ်တန့်သွားကြသည်။ လင်းရှာ၏ လက်ဝါးက ဖူရှင်း၏ ရင်ဘတ်နှင့် နီးလာသောအခါ ဖူရှင်း၏ ရိုးရှင်းစွာ ဝှေ့ယမ်းလိုက်သော လက်ဝါးတစ်ချက်တွင်ပင် ကြောက်မက်ဖွယ်အား အဟုန်က ပျောက်ကွယ်သွားသည်။

“ဒါတကယ်ပဲ ဘာမှအသုံးမကျတဲ့ ဖူရှင်းလား… နိုးထခြင်းအဆင့်တစ်နဲ့ ဒီလို လုပ်လို့ရတာလား” ပရိသတ်ထဲမှ တစ်ယောက်က ရေရွတ်လိုက်သည်။

ချင်ယီ၊ ဖန်းရှင်းဇွီ၊ ယန်ဇူ၊ မူရွန်ချူနှင့် တခြားများစွာသော သူများအားလုံးက ရီဖူရှင်းအား မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်နေကြသည်။ သူတို့အားလုံးက အံ့အားသင့်ကာ ပြောစရာစကား မရှိကြတော့ပေ။ လင်းရှာ၏ ရိုက်ချက်အား အလွယ်တကူ ရပ်တန့်နိုင်ရန်မှာ အနည်းဆုံး လင်းရှာနှင့် သိုင်းအား အဆင့်တူရှိရမည် မဟုတ်ပါလား။

ကောက်ချက်ချရလျှင် ရီဖူရှင်းမှာ နိုးထခြင်း အဆင့်ခြောက် သို့မဟုတ် ပို၍မြင့်သော အဆင့်ရှိသော သိုင်းပညာရှင် ဖြစ်ရပေမည်။

“ဒါ… ဒါ… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” လင်းရှာကား လက်ရှိ အခြေအနေကိုပင် သတိမရတော့။ သူသိသော တစ်ခုတည်းသော အရာမှာ သူ၏ ရိုက်ချက်အား ရှေ့သို့ ဆက်တိုးမရအောင် အားပြင်းသော အားလှိုင်းတစ်ခုက တားဆီးလိုက်သည် ဟုသာ သိသည်။

“ငါမင်းကို အခွင့်အရေး ပေးခဲ့တယ်…” ရီဖူရှင်းက လင်းရှာအား ကြည့်လိုက်သည်။ ထို့နောက်တွင် အားကောင်းသော တိုက်ခိုက်ရေး အရှိန်အဝါတစ်ခုက ထိုနေရာ တစ်ဝိုက်အား ဖုံးလွှမ်းသွားသည်။

သိုင်းပညာရဲ့ ရသ အသိပညာ။ သူကား နိုးထခြင်းစွမ်းအင် အဆင့်ခုနစ် ဖြစ်သည်။ လူတိုင်းက ဖူရှင်းအား မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ ထို အသုံးမကျ အမှိုက်လိုကောင်က ယခု နိုးထခြင်း အဆင့်ခုနစ် ရောက်နေသော သိုင်းပညာရှင် ဖြစ်နေလေပြီ။

ပိုပြောရလျှင် သိုင်းပညာကို အာရုံခံနိုင်စွမ်းက အမြင့်ဆုံးဖြစ်ကာ ရေးဖြေ စာမေးပွဲတွင်လည်း ပထမ ရထားသေးသည်။ သူကား သံသယရှိစရာ မလိုအောင်ပင်လျှင် ခြွင်းချက်မရှိသော ပါရမီရှင် သိုင်းပညာရှင် ဖြစ်သည်။

လူပေါင်းများစွာ မည်မျှ သူ့အား သရော်ခဲ့ကြသနည်း။ ရယ်မောခဲ့ကြသနည်း။ ထိုပါရမီရှင်အား စော်ကားခဲ့ကြသနည်း။

“ဘုရားရေ… ဒီကောင် တကယ့်ကောင်ပဲ…” ချင်ယီကား စိတ်ထဲတွင် ရှုပ်ထွေးနေသည်။ တစ်ဖက်တွင်လည်း သူ ယခုလို လျှို့ဝှက်ထားလိမ့်မည်ဟု သူမ မယုံကြည်နိုင်ပေ။ စာသင်ခန်းတွင် ပြုလုပ်ခဲ့သော လောင်းကြေးအား ပြန်တွေးမိလျှင် ဒေါသထွက်လျက် မျက်နှာက ရဲသွားသည်။ သည်ကောင်ကား အမြဲပင် အရှက်ကင်းမဲ့လှသည်။ အကယ်၍ မသင့်တော်သော တောင်းဆိုချက်များ လုပ်ခဲ့လျှင် ဘယ်လိုလုပ်မည်နည်း။ သူမက တကယ်ပင် လက်ခံရတော့မည်လော။

တခြား တစ်ဖက်တွင်လည်း သူမက ပျော်မိသည်။ လွန်ခဲ့သော သုံးနှစ်ခန့်မှ ကျောင်းဝင်ခွင့် စစ်ဆေးခြင်းနေရာမှ ပါရမီရှင် ကောင်လေးကား သူ၏ ကောင်းကင် လက်ဆောင်အား စွန့်ပစ်ခဲ့ခြင်း မရှိပေ။

သို့သော်လည်း သူက မည်သို့ နိုးထခြင်းအဆင့် ခုနစ်သို့ ရောက်ရှိခဲ့သနည်း ဆိုသည်ကား ဇဝေဇဝါ ဖြစ်နေတုန်းပင်။

ဖန်းရှင်းဇွီကား လုံးဝ အေးခဲသွားသလို ဖြစ်သွားလေပြီ။ သူမက ရုတ်တရက် တစ်ခုခု ဆုံးရှုံးသွားသလို ခံစားလိုက်ရ၏။ အသုံးမကျသည့် ကောင်တဲ့လား။ သူမက သူမ၏အဖေ ပြောခဲ့သော စကားများအား ပြန်တွေးမိသည်။ သုံးနှစ်လုံးလုံး သူ၏စွမ်းရည်များအား ဖုံးကွယ်ထားပြီးသကာလ အနုတ်သဘောဆောင်သော အရာများအား ထိုးဖောက်ကာ သူကား ကွယ်ရာမှ လူများ၏ရှေ့သို့ ရောက်လာလေပြီ။

သူမ၏ဘေးတွင် ရပ်နေသော မူရွန်ရှင်းမှာလည်း အခြေအနေမဟန်ပေ။ ထို့အတူ ယန်ဇူလည်း အတူတူပင်။ လူတိုင်းက ဘာဖြစ်နေသည်ကို လုံးဝ အာရုံစိုက် နေကြလေပြီ။ ရီဖူရှင်းက လင်းရှာအား ကြည့်လျက် အနည်းငယ် ပြုံးလိုက်၏။

“မင်း ဘယ်လိုထင်လဲ…” ရီဖူရှင်းက လင်းရှာ၏ စကားအား ပြန်ပြောလိုက်သည်။

လင်းရှာက ထိတ်လန့်စွာ ရပ်နေရာမှ သတိဝင်လာသည်။ သူက လက်ဝါးအား ရုပ်လျက် ချက်ချင်း ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်။ သိုင်းပညာရှင်နှင့် အနီးကပ် တိုက်ခိုက်ခြင်းကား အလွန်မိုက်မဲသော ဆုံးဖြတ်ချက်ဖြစ်သည်။ သူက ရီဖူရှင်းနှင့် အကွာအဝေး တစ်ခုတွင် ရှိနေရန် လိုအပ်သည်။ သူ့အတွက် အခွင့်အရေး ရနိုင်သေးသည်။

သို့သော်…

“ဘုန်း…”

ကျယ်လောင်သော အသံတစ်ချက် ကြားလိုက်ရပြီး လင်းရှာ အဝေးသို့ လွင့်စဉ်သွားသည်။ ရီဖူရှင်းထံမှ ထိုမျှမြန်ဆန်ကာ အားပြင်းသော ကန်ချက် ထွက်လာမည်ဟု သူမမျှော်လင့်ထားပေ။ ရင်ဝအား တောင်ကြီးတစ်လုံး ဖိနင်းလိုက်သလို ခံစားချက်နှင့်အတူ လင်းရှာကား လွင့်စဉ်သွားကာ ပါးစပ်မှ သွေးများအန်လျက် မြေကြီးသို့ ခွေကျသွားသည်။ ကြည့်ရသည်မှာ သူကား ဆိုးရွားစွာ ဒဏ်ရာရသွားပြီ ဖြစ်သည်။

လင်းရှာက ကြိုးစားလျက် ထရပ်လိုက်သည်။ သူ၏မျက်နှာကား သွေးရောင် ကင်းမဲ့လျက် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေသည်။ သူက ရီဖူရှင်းအား မုန်းတီးစွာ ကြည့်နေသည်။

“ဒါက မင်းငါ့ကို အမြဲတမ်း လုပ်ချင်တဲ့အရာ မဟုတ်ဘူးလား… မင်းရဲ့ ကိုယ်ပိုင်ဆေးကို ပြန်ခံစားရတဲ့ အရသာက ဘယ်လိုလဲ” ရီဖူရှင်းက သူ့အား မသနားပေ။ သူကား လင်းရှာအား ဘာမှလုပ်ခဲ့သည် မရှိခဲ့သော်လည်း လင်းရှာက သူ့အား ရန်သူလို သဘောထားကာ အမြဲလို ရန်စကာ စော်ကားနေခဲ့သည်။ လင်းရှာ၏ ရည်ရွယ်ချက်မှာ ရီဖူရှင်းအား ကျောင်းမှ ထုတ်ပယ်ခံရရန် ဖြစ်သည်။ ထို့အတူ သူက ရီဖူရှင်းအား ရိုက်ခဲ့သော လက်ဝါးရိုက်ချက်တွင်လည်း သက်ညှာမှု မရှိခဲ့ပေ။

ထို့ကြောင့် ရီဖူရှင်းပြောသလို သူကား လင်းရှာအား သူ၏ကိုယ်ပိုင်ဆေး အရသာအား မြည်းစမ်းစေခဲ့ခြင်းသာ ဖြစ်သည်။

“ဒီအတွက် မင်းဆီက ပြန်ယူမယ်”သူက ထိုသို့ပြောလျက် လူအုပ်ထဲသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

လူတိုင်းက ဖူရှင်းအား ဝိုင်းကြည့်နေကြ၏။ ယမန်နေ့က ရေးဖြေစာမေးပွဲတွင် ပထမရခဲ့သည်မှာ စာရွက်ပေါ်မှ အသိပညာသက်သက် မဟုတ်ဘဲ တကယ့် လက်တွေ့ တိုက်ခိုက်ရေး စွမ်းရည်မှာလည်း ထက်မြက်သည်ကို အားလုံးက မျက်မြင်သက်သေပင်။

“မင်းက နိုးထခြင်း အဆင့် ခုနစ် ဆိုရင်တောင် ဒီလောက် ဘဝင်မြင့်စရာ လိုလို့လား… မင်းက ကိုယ့်ဘာသာ နည်းနည်း အထင်ကြီးလွန်း မနေဘူးလား…” ယန်ဇူက မေးလိုက်သည်။ သူက ဆက်၍…” မင်းက နိုးထခြင်းအဆင့် ခုနစ် သိုင်းပညာရှင် ဆိုမှတော့ ငါကလည်း အဆင့်တူ မှော်ဆရာပဲ… ဒါက မနေ့က အကြွေးကို ဖြေရှင်းဖို့ အကောင်းဆုံး အခွင့်အရေးလို့ မင်းမထင်ဘူးလား… ငါမင်းကို စိန်ခေါ်တယ်…”

ယမန်နေ့က ရေးဖြေစာမေးပွဲတွင် နိုးထခြင်း အဆင့်အတွင်းရှိသော သိုင်းပညာရှင်နှင့် မှော်ပညာရှင်တို့အကြား တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ သူတို့နှစ်ဦး ငြင်းခုံခဲ့ကြရာ ရီဖူရှင်းက အသာစီးရခဲ့သည်။ ရီဖူရှင်းက နိုးထခြင်းအဆင့်တွင် သိုင်းပညာရှင်းက အနိုင်ရရန် ပိုအခွင့်အရေးများသည်ဟု ပြောခဲ့သလို စာမေးပွဲကြီးကြပ်သူကလည်း သဘောတူခဲ့သည်။ ထို့ကြောင့် ယခုအခြေအနေသည် ထိုငြင်းခုံမှုအား ရီဖူရှင်း မှားယွင်းကြောင်း သက်သေပြရန် အကောင်းဆုံး အခွင့်အရေးဟု ယန်ဇူ တွေးသည်။

“မင်း လက်ခံသလား…” ယန်ဇူက ရီဖူရှင်းအား မေးလိုက်သည်။

ရီဖူရှင်းက ယန်ဇူအား ပြန်ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်…

“မင်းက ငါ့ကို ရေးဖြေ စာမေးပွဲမှာလည်း ရှုံးပြီးပြီ… အခုလည်း ထပ်ပြီး ရှုံးတော့မယ်…မင်း မရှက်ဘူးလား…”

လူတိုင်းက တွေးလိုက်ကြသည်… “ဒီကောင် ဘဝင်မြင့်တာ မများလွန်းဘူးလား…” လူတိုင်းက ရီဖူရှင်းမှာ ရူးနေသည်ဟု တွေးလိုက်ကြသည်။ သိုင်းပညာရှင်က မှော်ပညာရှင်အား မည်သို့ အနိုင်ရမည်နည်း။

“မင်း လက်ခံသလား…” ယန်ဇူက ထပ်မေးလိုက်၏

“မင်းတို့ကောင်တွေ ငါပြောတာ နည်းနည်းလေးတောင် နားထောင် မပေးတော့ဘူးလား” ရီဖူရှင်း အနည်းငယ် စိတ်ရှုပ်သွားသည်။ ထို့နောက် သူက ပခုံးတွန့်လျက် ပြောလိုက်သည်…

“ကောင်းပြီလေ ဒါဆိုလည်း အဖော်လုပ်ပေးရမှာပေါ့…”

“ဒီကောင် တကယ်ကို မိုက်မဲတာပဲ…” ရီဖူရှင်း၏ အေးဆေးသော ပုံစံက ချင်းကျူ ကျောင်းတော်မှ လူများအားလုံးအား မည်သို့ပြောရမည်မသိ ဖြစ်သွားစေသည်။ အကယ်၍ သူက သိုင်းပညာ အဆင့်တူနေလျှင်ပင် မှော်ပညာရှင်အား မသရော်သင့်ပေ။ သိုင်းပညာရှင်များ မည်သည့်အချိန်က မှော်ပညာရှင်းများရှေ့တွင် ဘဝင်မြင့်ရဲသနည်း။

ထိုကောင်လေးကား တကယ်ပင် အရိုက်ခံရန် တောင်းဆိုနေပုံရ၏။ ပွဲကြည့်စင်ပေါ်မှ အထူး ဧည့်သည်များနှင့် ဆရာများပင်လျှင် ပြောစရာ စကားရှာမရတော့ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset