Switch Mode

အပိုင်း(၁၄)

ယှဉ်ပြိုင်ပွဲ
မနက်ခင်း နေရောင်ခြည်က သမိုင်းဝင် ကျောင်းတော်ကြီးအား ရွှေရောင်များ လွှမ်းခြုံစေကာ သက်ဝင်တောက်ပစေသည်။ ပြိုင်ပွဲကျင်းပရာ ကွင်းပြင်ကြီးကား လူများ တဖြည်းဖြည်း စုစည်းနေကြပြီဖြစ်သည်။ လူအုပ်ကား မနေ့ကထက် ပို၍များသည် ဆိုရပေမည်။

ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲကား အပိုင်းနှစ်ပိုင်းခွဲခြားထားသည်။ ပထမနေ့တွင် ရေးဖြေစာမေးပွဲကို စစ်ဆေးပြီး ဒုတိယနေ့တွင် လက်တွေ့တိုက်ခိုက်ရေးအား စစ်ဆေးခြင်း ဖြစ်သည်။

ရေးဖြေစာမေးပွဲက ကျောင်းတော်တွင် ပညာသင်နေစဉ် ကာလအတွင်း ကျောင်းသားများ၏ အသိပညာ ဗဟုသုတများအား စစ်ဆေးခြင်းဖြစ်ပြီး လက်တွေ့ တိုက်ခိုက်ခြင်းအားဖြင့် ကျောင်းသားများ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် သူတို့၏ သိုင်းအဆင့်အား သိရှိနိုင်ပေသည်။ အထူးသဖြင့် အသိပညာက အရေးကြီးသည် ဆိုသော်လည်း တကယ့် တိုက်ခိုက်ရေးစွမ်းရည်က သာလျက် အဓိက မဟုတ်ပါလား။ ထို့ကြောင့်လည်း လူတိုင်းက လက်တွေ့စစ်ဆေးခြင်းအား ပို၍ အလေးထားကြသည်။

ဘုန်း… ဘုန်း… ရုတ်တရက် ကျောင်းကွင်းပြင်တစ်ခုလုံး တုန်ခါလျက် မြင်းခွာသံများအား ကြားရလေသည်။

“ကြည့်လိုက်… မဟူရာမြင်းစစ်သည်တွေ…” ကွင်းပြင်တစ်ခုလုံးရှိ လူတိုင်းက အလုံးအရင်းနှင့် ချီတက်လာနေကြသော မြင်းစစ်သည်များအား မြင်ကြသည်။ မြင်းစစ်သားများအားလုံးက မဟူရာရောင် တောက်နေသော ချွီလင်အမျိုးအစား မြင်းအား စီးနင်းထားကြသည်။ ၎င်းမြင်းများမှာ ရှေးဟောင်းအနွယ်ဝင် မြင်းအမျိုးအစားဖြစ်ပြီး အလွန်မြန်ကာ တိုက်ခိုက်ရေးတွင် နံပါတ်တစ် မြင်းအမျိုးအစား ဖြစ်သည်။

“အဲဒါ … ဗိုလ်ချုပ်ချင်မလား…” လူများက မြင်းစစ်သည်များအား ဦးဆောင်လာသော လူကြီးအားကြည့်လျက် တီးတိုးပြောနေကြသည်။ သူတို့အားလုံးက ထိုမြင်းစစ်သည်များ လာရာလမ်းတစ်လျှောက် လေးစားစွာ နေရာဖယ်ပေးကြ၏။

ထိုမြင်းစစ်သည်များကား ချင်းကျူမြို့၏ ကာကွယ်ရေးတပ် ဖြစ်သည်။ ချင်းကျူမြို့သူ မြို့သားများ အားလုံးက ထိုမြင်းစစ်တပ်အား မြို့စားထက်ပင်လျှင် ပို၍ လေးစားကြသည်။

“ဗိုလ်ချုပ်ချင်က သူ့သမီးကို လာကြည့်တာများလား” တချို့က နားမလည်ဟန်ဖြင့် မေးကြသည်။ ဗိုလ်ချုပ်ချင်၏သမီးလည်း ချင်းကျူကျောင်းတော်တွင် တက်ရောက်နေသည်ကို လူတိုင်း သိကြသည်။

“မဟုတ်ဘူး… သူက မြို့ရဲ့ အနာဂတ် ပါရမီရှင်တွေကို လာစောင့်ကြည့်တာ ဖြစ်ရမယ်…” နောက်တစ်ယောက်က မှတ်ချက်ချသည်။ တခြားလူများကလည်း ထောက်ခံဟန်ဖြင့် ခေါင်းညိတ်ကြသည်။ ချင်းကျူကျောင်းတော်မှ ကျောင်းသားများမှာ အနာဂတ်တွင် မြို့၏ အထင်ကရပုဂ္ဂိုလ်များ။ ရာထူးရာခံများ ဖြစ်လာကြမည် ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်ချင်က ယခုစာမေးပွဲအား လာကြည့်သည်မှာ ထူးဆန်းမှု မရှိတော့ပေ။ ထို့အပြင် ဗိုလ်ချုပ်ချင်ကား တစ်ချိန်က ချင်းကျူကျောင်းတော်၏ ကျောင်းသား တစ်ယောက်ပင်။

လူအများက ဝိုင်းကြည့်နေကြစဉ်မှာပင် မြင်းစစ်သည်များက ပြိုင်ပွဲကွင်းပြင်ပ တစ်နေရာတွင် နေရာယူလိုက်ကြသည်။ ခဏအကြာ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော အခြားအုပ်စုတစ်စု ဝင်လာသည်။

“မြို့စား ကြွလာတယ်…” ကြေညာသံတစ်ခုနှင့်အတူ မြို့စားနှင့် သူ၏လူများက ပွဲကြည့်စင်ပေါ်သို့ တက်လာကာ အသင့်ချထားသော ထိုင်ခုံများတွင် ထိုင်လိုက်ကြသည်။ နှစ်တိုင်းလိုလိုပင် ချင်းကျူမြို့စားကား ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲအား တက်ရောက်လေ့ရှိသည်။ ဤသည်က သူက သည်စာမေးပွဲအား မည်မျှ အလေးထားသည်ကို ပေါ်လွင်စေပေသည်။

“ကြည့်ရတာ မြို့ရဲ့ အရာရှိ တစ်ဝက်ကျော်လောက်က တက်ရောက်လာတာပဲ…” တစ်ယောက်က ပြောလိုက်သည်။

“ဟုတ်တယ်… ဒီနေ့ … သူတို့က ကျောင်းသားတချို့ကို သတိပြုမိမှာ သေချာတယ်…” နောက်တစ်ယောက်က ခေါင်းညိတ်လျက် ပြောသည်။

ပြိုင်ပွဲနေရာ၏ဘေးမှ ပွဲကြည့်စင်များတွင်ကား လူများ ပြည့်ကျပ်နေလေပြီ။ ခုံလွတ်များ မရှိတော့သလို အတော်များများမှာလည်း မတ်တတ်ရပ်၍ ကြည့်နေကြရလေသည်။ ထိုအထဲတွင်ကား ရေးဖြေစာမေးပွဲတွင် မပါဝင်သူ ကျောင်းသားများ။ ရေးဖြေစာမေးပွဲမဖြေဆိုသူ ကျောင်းသားများလည်း ပါဝင်သည်။ စာမေးပွဲစည်းကမ်းအရ ရေးဖြေစာမေးပွဲ ဖြေဆို အောင်မြင်မှသာလျှင် လက်တွေ့တိုက်ခိုက်ရေး စာမေးပွဲတွင် ဝင်ပြိုင်ခွင့် ပြုလေသည်။

ရီဖူရှင်းက ပြိုင်ပွဲကွင်းသို့ ရောက်သည်နှင့် သူ့အဖေထိုင်နေရာ ထောင့်ဆီသို့ လျှောက်သွားလိုက်သည်။ သူက ပတ်ဝန်းကျင်အား တစ်ချက် ဝေ့ကြည့်လိုက်ကာ သူ့အဖေအား မေးလိုက်သည်…

“အဖေ… မွေးစားအဖေ မလာဘူးလား…”

ရီဘေချွန် ခေါင်းယမ်းလိုက်သည်… “သူဒီမှာ မရှိဘူး…သူက မင်းကို စကားမှာပါးလိုက်တယ်…”

“ဘာတွေလဲ…”

“ပထမတစ်ခုက မင်းက ဘယ်အခြေအနေမျိုးမှာ မဆို… တည်တည်ငြိမ်ငြိမ် ရှိရမယ်… ဒုတိယတစ်ခုက လုံးဝ သည်းမခံနိုင်လောက်တဲ့ အခြေအနေ မရောက်မချင်း မင်းရဲ့ စွမ်းအား အစစ်အမှန်ကို ထုတ်မပြရဘူး…” ရီဘေချွန်က အရေးကြီးဟန်ဖြင့် ပြောသည်။

“အင်း… နားလည်ပြီ…” ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက သူ၏နောက်မှ ယူချင်းအား ကြည့်လိုက်ပြီး… သူ့အဖေအား ထပ်မေးလိုက်သည်… “မွေးစားအဖေက ယူချင်းကိုရော ဘာမှာလိုက်လဲ…”

ရီဘေချွန်က ယူချင်းအားကြည့်ကာ ပြုံးလိုက်သည်… “ယူချင်း… ရီဖူရှင်း… မင်းတို့က တရားဝင် ကျောင်းတော်သားတွေ ဖြစ်သွားရင် ကျောင်းတော်မှာပဲ အချိန်ကုန်နေဖို့ မလိုဘူး… အိမ်ကို မကြာမကြာ လာလည်လို့ရတယ်…”

“သေချာတာပေါ့…” ဖူရှင်းက ထပ်မံ၍ ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့အား ကြည့်ရသည်မှာ အနည်းငယ်ခန့် စိတ်ပျက်သွားပုံရသည်။

“သွားကြတော့ ကောင်လေးတွေ… မင်းတို့ တောက်ပမယ့်အချိန် ရောက်နေပြီ…” ရီဘေချွန်က ရယ်မောလျက် သူတို့အား သွားရန် တိုက်တွန်းလိုက်သည်။ သူတို့နှစ်ယောက်က ထိုနေရာမှ ထွက်သွားပြီး ပြိုင်ပွဲနေရာတစ်ဖက် ပြိုင်ပွဲဝင်များ ထိုင်ရာနေရာသို့ လျှောက်လာခဲ့ကြသည်။ သူတို့ နှစ်ဦးအား အဝေးမှကြည့်လျက် ရီဘေချွန် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူတို့ကား နောက်ဆုံးတွင် အရွယ်ရောက်လာကြပြီ မဟုတ်ပါလား။

ဖန်းရူဟိုင်ကလည်း သူ၏သမီးနှင့် စကားပြောနေသည်။… “နင်က ရေးဖြေစာမေးပွဲမှာ ဂုဏ်ထူးစာရင်းမှာ ပါတယ်… နင်က မီးစွမ်းအင်ကို အာရုံခံနိုင်စွမ်းက ဒုတိယ အမြင့်ဆုံးပဲ… ပိုပြောရရင် နင်က နိုးထခြင်း အဆင့်ခြောက်ကို ရောက်နေပြီ… သိပ်မစိုးရိမ်နဲ့… အတတ်နိုင်ဆုံး တိုက်ခိုက်ပါ…”

“ကောင်းပြီ… အဖေ…” သူမက အနည်းငယ် ခေါင်းညိတ်ကာ အဝေးမှ ရီဖူရှင်းအား ကြည့်လိုက်သည်။ သူမက သတ်မှတ်ထားသော နေရာသို့ လျှောက်လာရင်း ရီဖူရှင်းမှာ ယခင်က ရီဖူရှင်းနှင့် အလွန် ကွဲပြား ခြားနားနေသည်ဟု ခံစားနေရသည်။ သူမက တစ်ခုခု ထူးဆန်းသည်များ ဖြစ်ပျက်မည်ဟု စိတ်ထဲမှ ထင်နေသည်။

မူရွန်မိသားစုဝင်များမှာလည်း စင်ပေါ်တွင် အတူတူ ထိုင်နေကြသည်။ မူရွန်ယူရှန်းက ပြိုင်ပွဲစင်အား ကြည့်လျက် မူရွန်ချူအား ပြောလိုက်သည်…” လူအနည်းငယ်ကပဲ မင်းရဲ့ပြိုင်ဘက် ဖြစ်လာလိမ့်မယ်… တကယ်လို့ ဟွာဂျီယူက ဝင်မပြိုင်ရင် အတတ်နိုင်ဆုံး ကြိုးစားပါ… မင်း နားလည်လား…”

“ဟုတ်ကဲ့ အဖေ…” သူက ခေါင်းညိတ်လိုက်သည်။ သူကား အနိုင်ရမည်ဟု ယုံကြည်ချက်ရှိသည်။

ယခုပြိုင်ပွဲအတွက် ဒိုင်နှစ်ယောက် ရှိပေသည်။ သိုင်းပညာကျောင်းဝင် ဓားခန်းမ သခင် လင်ရှန်းဖန်နှင့် မှော်ပညာကျောင်းဝင် မြေဓာတ်ကျောင်းဆောင် ကျောင်းအုပ် ရှီဇောင်တို့ ဖြစ်ကြသည်။ သူတို့က ပြိုင်ပွဲစင် ဗဟိုသို့ လျှောက်လာသည်ကာ လူအုပ်ကြီအား ကြည့်လိုက်သည်။ ရုတ်တရက်… ရှီဇောင်က ပြောလိုက်သည်…

“ရေးဖြေစာမေးပွဲ အောင်မြင်တဲ့သူတိုင်း လက်တွေ့ တိုက်ခိုက်ရေး စာမေးပွဲကို ဝင်ပြိုင်နိုင်တယ်… မင်းတို့အားလုံး စည်းမျဉ်းတွေကို သိထားပြီးဖြစ်မယ်လို့ ငါထင်တယ်… အခု ပြိုင်ပွဲစပြီ…”

ပြိုင်ပွဲဝင်များ ထိုင်နေရာတွင်ကား ရေးဖြေစာမေးပွဲ အောင်မြင်သူများ အားလုံး ထိုင်နေသည်။ ထိုအထဲတွင် ဟွာဂျီယူလည်း ပါဝင်ပေသည်။

ပြိုင်ပွဲဝင်များ ထိုင်နေရာတွင်ကား ရေးဖြေစာမေးပွဲ အောင်မြင်သူများ အားလုံး ထိုင်နေသည်။ ထိုအထဲတွင် ဟွာဂျီယူလည်း ပါဝင်ပေသည်။ သူမကား တစ်ချိန်တည်းမှာပင် လှပချောမောပြီး သိုင်းပညာ ထူးချွန်သူလေး ဖြစ်သည်။ ကံမကောင်းစွာပင် သူမက ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲတွင် တိုက်ခိုက်ရန် ငြင်းပယ်လေ့ရှိသည်။ သူမက ပါရမီနှင့် သိုင်းအဆင့်ကိုသာလျှင် သိအောင် စစ်ဆေးပြီး တကယ်တမ်း တိုက်ခိုက်ရန်မူ စိတ်ဝင်စားပုံမရပေ။

“သူမက သုံးနှစ်ဆက်တိုက် ရေးဖြေစာမေးပွဲမှာ ပထမ ရပေမဲ့ ဘယ်တုန်းကမှ လက်တွေ့ တိုက်ခိုက်ရေး စာမေးပွဲကို ဝင်မပြိုင်ခဲ့ဘူး။ မနေ့က အခြားတစ်ယောက်က ပထမ ရသွားတယ်…။ ဒီနေ့ ဝင်ပြိုင်ပါ့မလား…”

“အခြားလူတွေက သူ့ကို စိန်ခေါ်ဖို့ မတန်ဘူးလို့ တွေးနေတာလည်း ဖြစ်နိုင်တယ်… ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲ ချံပီယံ ဂုဏ်ပုဒ်ကိုတောင် သိပ်စိတ်ဝင်စားပုံ မရတာ… ဘယ်လောက်တောင် မာနကြီးလိုက်သလဲ…” လူတိုင်းက ဟွာဂျီယူအား ကြည့်လျက် တီးတိုး ပြောနေကြသည်။

တချို့ကလည်း ရီဖူရှင်းအား သတိထား ကြည့်နေကြသည်။ ယမန်နေ့က ရေးဖြေစာမေးပွဲတွင် ပထမရထားသည် မဟုတ်ပါလား။ သို့သော် အတော်များများက ရီဖူရှင်းမှာ လက်တွေ့ တိုက်ခိုက်ရေးတွင် စွမ်းဆောင်နိုင်လိမ့်မည်ဟု မယုံကြည်ကြပေ။ ပိုပြောရလျှင် ရီဖူရှင်းမှာ နိုးထခြင်း အဆင့်တစ်ဟုသာ သူတို့ သိထားကြပေသည်။ ၎င်းတို့အထဲတွင် လင်းရှာနှင့် ယန်ဇူတို့မှာ ထိပ်ဆုံးက ပါဝင်ပေသည်။ သူတို့က ရီဖူရှင်းက လက်တွေ့တိုက်ခိုက်ရေး စာမေးပွဲတွင် ကျရှုံးလျက် ကျောင်းထုတ်ခံရမည့် အချိန်ကို စောင့်မျှော်နေကြသည်။

ဖန်းရှင်းဇွီကား မူရွန်ရှန်း ဘေးတွင် ရပ်နေသည်။ သူတို့ကလည်း ရီဖူရှင်းအား သတိပြုမိကာ မူရွန်ရှန်းက နှာခေါင်းရှုံ့လိုက်သည်…

“မနေ့ကတော့ သူက အောင်မြင်တဲ့ ပထမဆုရှင်ပေါ့… ဒါပေမဲ့ ဒီနေ့တော့ မြေကြီးကို ပြုတ်ကျမှာသေချာတယ်… ဟင်း… ရေးဖြေစာမေးပွဲမှာ ပထမရပြီး သိုင်းအဆင့်နိမ့်လို့ ကျောင်းထုတ်ခံရတယ်ဆိုရင်… ဘယ်လောက် ရယ်စရာ ကောင်းလိုက်မလဲ…”

ကျောင်းသား အများစုကလည်း မူရွန်ရှန်းကဲ့သို့ တွေးနေကြသည်။ ရေးဖြေစာမေးပွဲတွင် ပထမ ရခဲ့သော်လည်း ရီဖူရှင်းမှာ ယခင်ကလို အသုံးမကျသည့်ကောင်ဟုသာ သူတို့တွေးကြသည်။

ဖန်းရှင်းဇွီက ယမန်နေ့က ဖူရှင်းအား ကျောင်းတော်၏ စာကြည့်တိုက်တွင် တွေ့မြင်ခဲ့သည်ကို သတိရမိကာ သူနှင့်ပတ်သက်၍ တစ်ခုခု ထူးဆန်းနေသည်ဟု စိတ်ထဲမှထင်နေသည်။ သို့သော်လည်း စိတ်ထဲမှပေါ်လာသော အတွေးများအား ခေါင်းထဲမှ ထုတ်ပစ်သည်။

“ရီဖူရှင်း… ငှက်ကလေးတစ်ကောင်က ပြောတယ်… မနေ့က မင်းကို ကျောင်းစာကြည့်တိုက်မှာ တွေ့လိုက်တယ်ဆို… ပြီးတော့ မင်းက စာအုပ်နှစ်အုပ်ကို ငှားသွားသေးတယ်တဲ့… တစ်အုပ်က ဘာတဲ့… နဂါးအားမာန်သိုင်းနဲ့ ဂမ္ဘီရသိုင်း ဟုတ်လား…” လင်းရှာက ရီဖူရှင်းထံသို့ လျှောက်လာလျက် ရယ်မောပြီး ပြောလိုက်သည်။ အမှန်တကယ်တွင်ကား ရီဖူရှင်းက ထိုစာအုပ်နှစ်အုပ်အား စာကြည့်တိုက်မှ ငှားယူသွားသည့်သတင်းမှာ ကျောင်းတော်တစ်ခုလုံး ပျံ့နှံ့နေပြီးဖြစ်သည်။

“ဒါက ငါတို့ရဲ့ ရေးဖြေစာမေးပွဲ ချန်ပီယံကြီးလေ… သူ့အတွေးတွေက ကွဲပြားခြားနားတယ်… မဟုတ်ဘူးလား… ဟား… ဟား…” ထိုသို့ပြောကာ တချို့ကလည်း လင်းရှာနှင့်အတူ ဝိုင်း၍ ရယ်မောကြသည်။ သိုင်းပညာကျောင်းနှင့် မှော်ပညာကျောင်းမှ ကျောင်းသားများ အားလုံးက ထိုစာအုပ် နှစ်အုပ်အားကြားက နှာခေါင်းရှုံ့ကြသည်။ ထိုသို့ စွမ်းအားပြင်း၍ ခက်ခဲသော နဂါးအားမာန်သိုင်းအား ထိုသို့သော အသုံးမကျသော အမှိုက်လိုကောင်က ဘယ်လို လေ့ကျင့်လို့ အောင်မြင်မလဲ… သူတို့အားလုံးက တွေးလိုက်ကြသည်။

“ဒီစာအုပ်နှစ်အုပ်ရဲ့ စွမ်းအားတွေကို ခံစားကြည့်ချင်မိရဲ့… ဒါပေမဲ့… မင်းက ဒီသိုင်းတွေ မသုံးရသေးခင် အရှုံးပေးသွားရမှာ စိုးရိမ်မိတယ်… ဟား… ဟား…” လင်းရှာက ရီဖူရှင်းအား အရှက်ကွဲနိုင်သမျှ ကွဲအောင် သရော်ကာနေသည်။ ယမန်နေ့က ရေးဖြေစာမေးပွဲတွင် ရီဖူရှင်းကြောင့် သူ အရှက်ကွဲကဲ့ရသည် မဟုတ်ပါလား။ ယနေ့တွင်မူ ရီဖူရှင်း အရှက်ကွဲရမည်ဟု သူဆုံးဖြတ်ထားသည်။

ကျောင်းသားအများစုက ရီဖူရှင်း အရှက်ရမည့် အချိန်အား မျှော်လင့်နေကြ၏။ တကယ်ဆိုလျင် ရေးဖြေစာမေးပွဲ ချန်ပီယံက လက်တွေ့တိုက်ခိုက်ရေး စာမေးပွဲတွင် အပယ်ခံရပါက မည်မျှရယ်စရာ ကောင်းမည်နည်း။ အကယ်၍ သူက အပယ်မခံလျှင်ကော… မည်သို့ပင်ဆိုစေ… သူကား အရှုံးပေးရကာ ကျောင်းတော်မှ အထုတ်ပယ်ခံရမည်သာ ဖြစ်သည်။

“ရီဖူရှင်း…” နောက်နားမှ အေးစက်သော ခေါ်သံတစ်ခု ကြားလိုက်ရသည်။ လူများက အသံလာရာသို့ ကြည့်လိုက်ကြရာ ထိုသူမှာ ယန်ဇူဖြစ်နေသည်ကို တွေ့ရသည်။

မနေ့က အဖြစ်အပျက်များအတွက် ယန်ဇူလည်း အရှက်ရနေပေသည်။ သူကား စိတ်ထဲတွင် ဒေါသများ အလိပ်လိုက်တက်ကာ ဖြစ်နိုင်လျှင် ရီဖူရှင်းအား တစ်စစီ ဖဲ့ခြွေပစ်ချင်နေသည်။

“ဒီနေ့ လူတိုင်းက မင်းက ဘာမှ မဟုတ်ဘူးဆိုတာ လက်တွေ့ သိရတော့မှာပဲ…” ယန်ဇူကား ယမန်နေ့က အဖြစ်အပျက်အား ပြန်တွေးလျက် မျက်နှာက မသာမယာ ဖြစ်နေဆဲပင်။ အမှန်တကယ်တွင်မူ လူအများက ရီဖူရှင်းအား မနာလိုစိတ်။ မုန်းတီးစိတ်များဖြင့် ကြည့်နေကြပေသည်။

ရီဖူရှင်းက သူ၏အခြေအနေ မည်မျှ ရှုပ်ထွေးသည်ကို သိနေသည်။ သူက မရည်ရွယ်ပဲ ထိုမြေခွေးမအား ကြည့်မိကာ စိတ်ထဲမှ ဆဲရေးလိုက်သည်။ ယခု သူခံယူနေရသော မုန်းတီးမှုများ အများစုမှာ မနေ့က သူမက သူ့အား ပြုံးပြခဲ့သောကြောင့် မဟုတ်ပါလား။ ယခင်က လူအများက သူ့အား ရယ်စရာ အနေဖြင့်သာ သတ်မှတ် ပြောဆိုကြသော်လည်း ယခုမူကား လူတိုင်း၏ နံပါတ်တစ်ရန်သူ ဖြစ်နေပြီဖြစ်သည်။ ထိုသူများမှာ အခွင့်အရေးရလျှင် သူ့အား နည်းမျိုးစုံဖြင့် ပြောဆို နှိပ်စက်ကြမည်ဟု သူထင်နေသည်။

“သူက မနေ့က ရေးဖြေစာမေးပွဲ ပထမရတယ်… ရီဖူရှင်း… ကြည့်ရတာတော့… လူတွေရဲ့ အမုန်းတရားတွေ အကုန်လုံးက သူ့ဆီကို ဦးတည်နေသလိုပဲ…” ပွဲကြည့်စင်ပေါ်မှ လူအချို့ ရီဖူရှင်းအား အနည်းငယ်ပြုံးလျက် ကြည့်ကာ မှတ်ချက်ချကြသည်။

“လူတွေပြောတာကတော့ သူက နိုးထခြင်း အဆင့်တစ်မှာ ရပ်နေတာ သုံးနှစ်ရှိပြီတဲ့… သူက ပါရမီပါတယ်… ဒါပေမဲ့ စရိုက်ဆိုးတယ်… သူက ပြီးခဲ့တဲ့ သုံးနှစ်လုံး စာမေးပွဲတွေ အကုန်လုံး ဝင်မပြိုင်ခဲ့ဘူး… ဒါပေမဲ့ ရုတ်တရက် အခု ရေးဖြေစာမေးပွဲမှာ ပထမနေရာကို ယူသွားတယ်… ဘယ်လောက် ထူးဆန်းလိုက်သလဲ…”

“အင်း…သူက ကောင်းတဲ့နေရာတော့ ရှိတယ်… ဒါပေမဲ့ ဒီကောင်က ပြဿနာကောင်ပဲ… တခြားပြိုင်ပွဲဝင်တွေက ဒီကောင်ကို သတ်ချင်နေကြတာ…” လူတချို့က ရီဖူရှင်းရှိရာသို့ ကြည့်လျက် ဝေဖန်နေကြသည်။

ပြိုင်ပွဲစင်မြင့် အလယ်တွင်ကား ကျောင်းမှ ပညာရှင်များ ဖန်တီးထားသော ကျောင်းသားများ၏ သဘာဝစွမ်းအင်အား စစ်ဆေးနိုင်သော အင်းကွက်တစ်ခု ရေးထွင်းထားသည်။ ထိုအင်းကွက်က ပြိုင်ပွဲဝင်များ၏ သဘာဝစွမ်းအင်အား အာရုံခံနိုင်စွမ်းကိုလည်း တိုင်းတာမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုစွမ်းရည်မှာ သူတို့၏ သိုင်းအဆင့်အလိုက် ကွဲပြားခြားနား နိုင်သောကြောင့် စာမေးပွဲစစ်တိုင်း ထိုစစ်ဆေးခြင်းအား ပြုလုပ်လေ့ရှိကြသည်။

ဆရာတစ်ယောက်က အင်းကွက်၏ဘေးတွင်ရပ်လျက် ကျောင်းသားများအား ပြောသည်…

“မင်းတို့က စည်းမျဉ်းကို သိပြီးသားပဲ… ပထမဆုံး စိန်ခေါ်မည့်သူ စင်ပေါ်တက်ခဲ့…”

“ကျွန်တော်က အဆင်သင့်ပဲ…” တစ်စုံတစ်ယောက်က အော်လျက် စင်ပေါ်သို့ တက်လာသည်။ ထိုသူကား လင်းရှာ ဖြစ်သည်။

သူက အင်းကွက်ထဲသို့ ဝင်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်လိုက်သည်။ မကြာမီ အင်းကွက်မှ လေတိုးသံများနှင့်အတူ လေသဘာဝက သူ့ခန္ဓာကိုယ်မှတစ်ဆင့် ထွက်လာကာ အင်းကွက်မှ အလင်းရောင်များ တောက်ပလာသည်။ တိတိကျကျ ပြောရလျှင် လေသဘာဝ စွမ်းအင်များက လင်းရှာ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးလွှမ်းနေလေသည်။

“လေသဘာဝစွမ်းအင်ကို အာရုံခံနိုင်စွမ်း ဒုတိယ အဆင့်အမြင့်ဆုံးနဲ့ နိုးထခြင်းအဆင့် ခြောက်” ထိုဆရာက အော်လိုက်သည်။ သူကဆက်၍…

“ဘယ်သူက သူ့ကို စိန်ခေါ်မလဲ…”

“ရီဖူရှင်း…” ရီဖူရှင်းအား စိုက်ကြည့်လျက် လင်းရှာက ခေါ်လိုက်သည်။ သူက အရင်ဆုံး ပြိုင်ပွဲစင်ပေါ်သို့ တက်လာသည်။ အဘယ်ကြောင့်ဆိုသော် သူက ရီဖူရှင်းအား အရှက်ခွဲလိုသောကြောင့် ဖြစ်သည်။

**


Comment

Leave a Reply

Options

not work with dark mode
Reset