ချင်းကျူ ကျောင်းတော်ကား ချင်းကျူ တစ်မြို့လုံး၏ စာအုပ်စာပေများ စုဝေးရာ စာကြည့်တိုက်ကြီးဟု သတ်မှတ်နိုင်သည်။ ရေးဖြေ စာမေးပွဲပြီးသည်နှင့် ရီဖူရှင်းလည်း သူ၏ အခန်းသို့ပြန်၍ သိုင်းကျင့်၏။ ညနေစောင်းခန့်တွင် သူ တစ်ယောက်တည်း ကျောင်းတော်၏ စာကြည့်တိုက်သို့ ရောက်လာသည်။
သူကား စာကြည့်တိုက်၏ ပထမထပ်သို့သာ ဝင်ခွင့်ရ၏။ ထိုပထမထပ်ရှိ စာအုပ်များ၊ စာလိပ်များတွင်ကား အမျိုးမျိုးသော တိုက်ခိုက်ရေး နည်းပညာများ၊ သိုင်းကျမ်းများ၊ မှော်ပညာများ၏ အခြေခံနှင့် ပတ်သက်သော စာအုပ်များကို တွေ့ရသည်။ ထိုစာအုပ်များကား နိုးထခြင်းအဆင့်ရှိသော ပြင်ပကျောင်းသားများ အတွက် သင့်တော်လှပေသည်။
ဒုတိယထပ်ရှိ စာအုပ်များမှာကား နွေဦးရာသီနှင့် ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲများတွင် အဆင့်ရသော ပြင်ပကျောင်းသားများနှင့် တရားဝင် ကျောင်းသားများသာလျှင် လေ့လာခွင့်ရ၏။ ထိုမှော်စာအုပ်များအား ဖတ်ရှုခွင့်ရရန်မှာ ကျောင်းတော်၏ မှော်ပညာ ကျောင်းသားများ အားလုံး၏ အိပ်မက်ပင်ဖြစ်သည်။ ဖန်းရှင်းဇွီမှာ ထိုသူများထဲမှ တစ်ယောက်ဖြစ်ပြီး ရာသီကုန်စာမေးပွဲတွင် အဆင့်ချိတ်ရန်မှာ သူမ၏ ရည်မှန်းချက်ပင် ဖြစ်သည်။
သို့သော်လည်း ယခု ရီဖူရှင်းက စာကြည့်တိုက်သို့ လာရောက်သည်မှာ စာကြည့်တိုက်၏ ဒုတိယထပ်အတွက် မဟုတ်ပေ။ သူကား အမြဲတမ်း စနစ်တကျ သိုင်းကျင့်ခဲ့သည်။ လွတ်လပ်မှု ကျင့်စဉ်မှလွဲ၍ သူကား မည်သည့် တိုက်ခိုက်ရေး နည်းပညာ။ မှော်သိုင်းကွက်များအား မလေ့ကျင့်ဖူးပေ။ မနက်ဖြန် စာမေးပွဲကား တကယ့်တိုက်ပွဲများ ဆင်နွှဲရနိုင်သည်။ သူကား ရေးဖြေစာမေးပွဲတွင် ပထမ ရထားသည် မဟုတ်ပါလား။ အကယ်၍ မနက်ဖြန် ပြိုင်ပွဲ၌ သူက ဆိုးရွားသော သိုင်းကွက်များကိုသာသုံးလျှင် အရှက်ရစရာ ကောင်းပေသည်။ သူက ထိုသို့ အဖြစ်မခံနိုင်ပေ။ လူအတော်များများက သူအခြေအနေ မဟန်လျှင် အရှက်ခွဲရန် စောင့်နေကြပေသည်။
စာကြည့်တိုက်ကား သိုင်းပညာစာအုပ်များထားရာနေရာနှင့် မှော်ပညာစာအုပ်များထားရာ ဟူ၍ နှစ်ပိုင်း ခွဲခြားထားသည်။ ဖူရှင်းက သိုင်းပညာစာအုပ်များ ထားရာဘက်သို့ လျှောက်သွားလိုက်သည်။
နိုးထခြင်း အဆင့်ခြောက်ကား ကွဲပြားခြားနားသော အဆင့်ဖြစ်သည်။ အဆင့်ခြောက်မတိုင်မီ သိုင်းပညာနှင့် မှော်ပညာ ကျင့်စဉ်မှာ အခြေခံအားဖြင့် တူညီသည်။ သို့သော် သိုင်းပညာရှင်က အဆင့်ခြောက်ကို ရောက်သောအခါ သဘာဝစွမ်းအားကို ခန္ဓာကိုယ်အား ဖြန့်ကြက်၍ တစ်ကိုယ်လုံးအား သန်စွမ်းစေအောင် လေ့ကျင့်သလို မှော်ပညာရှင်ကလည်း သဘာဝစွမ်းအင်အား ထိန်းချုပ်ရန် ကြိုးစားခြင်းဖြင့် အဆင့်တက်ရန် ကြိုးစားရပေသည်။ သို့သော် နိုးထခြင်း အဆင့်ခြောက်မတိုင်မီကား လမ်းစဉ်နှစ်ခုလုံး တူတူပင်ဖြစ်သည်။
သိုင်းပညာရှင်က သိုင်းကျင့်သောအခါ လှုပ်ရှားမှုများ၏ သဘောတရားများအား နားလည်အောင် ကြိုးစားရသည်။ ထိုမှသာလျှင်သူတို့က နိုးထခြင်း အဆင့်ခုနစ်အား တက်ရောက်နိုင်မည် ဖြစ်သည်။
မှော်ပညာရှင်ကမူ သဘာဝစွမ်းအင်များအား အာရုံခံစား၍ ထိန်းချုပ်နိုင်အောင် ကြိုးစားရသလို မိမိတို့ အထူးပြုသော ဓာတ်သဘာဝများနှင့်လည်း လိုက်လျောညီထွေ ဖြစ်အောင် လေ့ကျင့်ရသည်။ ထိုမှသာလျှင် နိုးထခြင်း အဆင့် ခုနစ်သို့ တက်ရောက်နိုင်ပေသည်။
ထို့ကြောင့် ချင်းကျူကျောင်းတော်၏ တရားဝင် ကျောင်းသားဖြစ်ရန် အသက်ဆယ့်ရှစ်နှစ်မတိုင်မီ နိုးထခြင်းအဆင့် ခုနစ်သို့ ရောက်ရန် လိုသည်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။ သို့မဟုတ် သင့်တွင် ယူချင်းကဲ့သို့ သိုင်းပညာနှင့် မှော်ပညာနှစ်ခုလုံးအား လေ့ကျင့်နိုင်သော ပါရမီပါရန် လိုပေသည်။
စာကြည့်တိုက်တွင် လူအများကြီး မရှိသော်လည်း ရီဖူရှင်းအား စောင့်ကြည့်နေသူများကား ရှိကြပေသည်။ သူ၏ရေးဖြေ စာမေးပွဲ ရလဒ်ကြောင့်သော် လည်းကောင်း။ ဟွာဂျီယူ၏ ရီဖူရှင်းအား ပြုံးပြသော အကြောင်းအရာရလည်းကောင်း လူအများအပြားက သူ့အား သတိထား စောင့်ကြည့်လာကြသည်။
ကောလာဟလများက ရီဖူရှင်းက နိုးထခြင်း အဆင့်တစ်တွင် ရပ်တန့်နေသည်ဟု သူတို့ သိထားကြသည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် သူက စာကြည့်တိုက်တွင် ရောက်နေရသနည်း။ စာကြည့်တိုက်ရှိ လူတိုင်းက ရီဖူရှင်းအား ကြည့်လျက် ထိုမေးခွန်းအား စိတ်ထဲတွင် မေးနေကြသည်။
သူတို့က ရီဖူရှင်း ဟိုဟိုဒီဒီ လျှောက်သွားနေသည်ကို စောင့်ကြည့်နေကြသည်။ သူ့ပုံစံအရ ရီဖူရှင်းမှာ သူနှင့် သင့်တော်သော သိုင်းကွက်များအား ရှာဖွေနေပုံရသည်။
အတန်ကြာသောအခါ ရီဖူရှင်းက စာအုပ်စင် တစ်နေရာတွင် ရပ်တန့်လိုက်သည်။ သူက စာအုပ်တစ်အုပ်အား ကောက်ကိုင်လိုက်ပြီး အလွန်စိတ်ဝင်စားဟန်ဖြင့် ထိုစာအုပ်အား ဖတ်နေသည်ကို တွေ့ကြ၏။
နဂါးအားမာန်သိုင်း၊ စစ်သူရဲကောင်းများ အများစု လေ့ကျင့်ကြသည်။ လေ့ကျင့်သူ၏ ခန္ဓာကိုယ်က နဂါးတစ်ကောင်အလား ဖြစ်သွားပြီး ထိန်းချုပ်ရခက်ခဲကာ လွတ်လပ်စွာ တိုက်ခိုက်ခြင်းကို အထူးပြုသည်။
“လေ့ကျင့်ရာမှာ ခက်ခဲ ကြမ်းတမ်းနိုင်တယ်… ဒါပေမဲ့ အားပြင်းတယ်…” ရီဖူရှင်းကား သူရှာတွေ့သော သိုင်းကွက်အား ကျေနပ်နေပုံရသည်။
“ဒီဟာပဲ…” သူက စာအုပ်အား ပိတ်လျက် ထွက်ခွာရန် ပြင်လိုက်သည်။
“မင်းက နဂါးအားမာန်သိုင်းကွက်ကို လေ့ကျင့်မလို့လား…” သူ့အား စောင့်ကြည့်နေသူများထဲမှ တစ်ယောက်က သိလိုစိတ်ကို ထိန်းချုပ်မရတော့ဟန်ဖြင့် သူ့အား မေးလိုက်သည်။
“ဘာလို့လဲ… ပြဿနာ… တစ်ခုခုရှိလို့လား…” ရီဖူရှင်းက မျက်မှောင်ကုတ်လျက် မေးလိုက်သည်။
“ပြဿနာမရှိဘူး… ဒါကမင်းနဲ့ အသင့်တော်ဆုံးပဲ…” ထိုသူက ရယ်ချင်သောစိတ်ကို ထိန်းချုပ်လျက် ပြန်ပြောလိုက်သည်။
ရီဖူရှင်းကား ဂရုမစိုက်ပေ။ သူက နောက်သို့ လှည့်လျက် ထိုနေရာမှ ထွက်ခွာသွားသည်။ သူ အတော်ဝေးဝေးသို့ ရောက်သွားသောအခါမှ သူ၏နောက်မှ ပျံ့လွင့်လာသော ရယ်သံတချို့အား သူကြားလိုက်သည်။
“ဒီကောင်က စာကြည့်တိုက်ကို အလှပြမလို့ လာတာလား … ဟား… ဟား…” တစ်ယောက်က ပြောလိုက်သည်။ လူတိုင်းက သူ၏စကားအား ခေါင်းညိတ်ကာ ရယ်မောလိုက်ကြသည်။
“မင်း ဘာသိလို့လဲ… နဂါးအားမာန်သိုင်းကွက်က အရမ်းအားပြင်းတာ… ရေးဖြေစာမေးပွဲ ပထမဆုရှင်နဲ့ ကွက်တိပဲ… အာ… ငါမေ့တော့မလို့… သူက ရီဖူရှင်းပဲ… ဟား… ဟား…” နောက်တစ်ယောက်က သရော်လိုက်သည်။
“မှန်တယ် … ပထမဆုရှင်က ငါတို့နဲ့ တကယ်ကို ကွာခြားတယ်…”သရော်သော အသံများ။ ရယ်မောသံများ ရီဖူရှင်း ထွက်သွားပြီး ခဏမှာပင် စာကြည့်တိုက် တစ်ခုလုံး ပျံ့လွင့်သွားသည်။
နဂါးအားမာန်သိုင်းကား ပြင်ပကျောင်းသားများ အကြားတွင် အလွန်ကျော်ကြားသော သိုင်းကွက်ဖြစ်သည်။ အမှန်တကယ်လည်း အင်အားပြင်းသော သိုင်းကွက်ဖြစ်သည်။ သို့သော် ၎င်းသိုင်းက နဂါးတစ်ကောင်၏ လှုပ်ရှားပုံများအား နားလည်ရန် လိုအပ်ပေသည်။ ထိုအရာကား မဖြစ်နိုင်ပေ။ ထိုမတိုင်မီက ကျောင်းသားများစွာက ၎င်းသိုင်းအား လေ့ကျင့်ရန် ကြိုးစားဖူးကြသည်။ သို့သော် မည်သူမျှ မအောင်မြင်ခဲ့ကြပေ။
ရီဖူရှင်းကား သူတို့ မည်သည့် အကြောင်းများ ပြောဆို နေကြသည်ကို ဂရုမစိုက်ပေ။ သူက မှော်ပညာစာအုပ်များ ရှိရာဘက်သို့ လျှောက်လှမ်းလာရာ သူ၏ရှေ့သို့ လူနှစ်ယောက် တည့်တည့် လျှောက်လာသည်ကို မြင်ပြီး သူ့ခြေလှမ်းများ ရပ်တန့်သွားသည်။
သူမ၏အဖေထံမှ ဆူပူကြိမ်းမောင်း ခံရပြီးနောက် ဖန်းရှင်းဇွီကား အတော် စိတ်ထွေပြားနေသည်။ ထို့ကြောင့် သူမက စိတ်တည်ငြိမ်မှုရစေရန် စာကြည့်တိုက်အတွင်းသို့ လျှောက်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် သူမကား ရာသီကုန် အမဲလိုက်အစီအစဉ် ပြီးကတည်းက နိုးထခြင်း အဆင့်ခြောက်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ သူမကား မှော်ပညာအား လေ့လာရန် အဆင်သင့်ဖြစ်နေပြီဟု တွေးမိသည်။ ထို့ကြောင့် သူမနှင့်သင့်တော်သော ကျင့်စဉ်အား စာကြည့်တိုက်တွင် ရှာဖွေလိုသည်။ ဖန်းရှင်းဇွီက စာကြည့်တိုက်အတွင်း၌ ရီဖူရှင်းနှင့် ဆုံလိမ့်မည်ဟု လုံးဝမထင်မှတ်ထားပေ။
သူမ၏မျက်လုံးများက တောက်ပသွားသည်။ သူမကား ရီဖူရှင်းအား ဆက်လက် ရှောင်ဖယ်ရန် စိတ်ကူးမရှိတော့ပေ။ သူမက ရီဖူရှင်းအား ကြည့်လျက် မေးလိုက်သည်…
“နင်က သိုင်းကျင့်စဉ်တွေ လာရှာတာလား…”
“အင်း”ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
ဖန်းရှင်းဇွီက ဘာဆက်ပြောရမှန်း မသိတော့ပေ။ အခြေအနေက သက်သောင့်သက်သာ မဖြစ်တော့သလို ခံစားလာရသည်။
“ဖန်းရှင်းဇွီ … နင်… မှော်သိုင်းစာအုပ်တွေ… သွားမကြည့်ဘူးလား…” သူမ၏ဘေးမှ မူရွန်ရှင်းက ဖန်းရှင်းဇွီအား မှော်ပညာစာအုပ်များ ထားရာဘက်သို့ ဆွဲခေါ်သွားသည်။ ထို့နောက် သူမက ဖန်းရှင်းဇွိအား တိုးတိုလေး ကပ်ပြောလိုက်သည်…” ဖန်းရှင်းဇွီ… ဒီကောင်…နင့်ကို လက်လျှော့ပုံမရသေးဘူး…”
ဖန်းရှင်းဇွီက ထိုစကားကိုကြားကာ စိတ်လှုပ်ရှားသွားသည်။ သူမက ရီဖူရှင်းအား တစ်ချက် ခိုးကြည့်လိုက်သည်။ သူကား စာအုပ်များအား ရှာဖွေနေပုံရသည်။
“ဘယ်လောက်တောင် ဟန်ဆောင်ကောင်းလဲ…” မူရွန်ရှင်းက မျက်မှောင်ကုတ်လျက် ရေရွတ်လိုက်သည်။ ရေးဖြေစာမေးပွဲတွင် ပထမရသော်လည်း လက်တွေ့ တိုက်ခိုက်ရေးတွင် အသုံးကျမည်ဟု သူမ မယုံပေ။ လက်တွေ့ တိုက်ခိုက်ရေးအား သိသည် ဆိုလျက်ပင် သူကား သိုင်းပညာ စာအုပ်များထားရာ နေရာတွင် ရှိနေသင့်သည် မဟုတ်ပါလား။
“ဖြစ်နိုင်တာက သူက မှော်ပညာနဲ့ပတ်သက်ပြီး ဗဟုသုတ ရှာချင်တာလည်း ဖြစ်နိုင်တာပဲ…” ဖန်းရှင်းဇွီက တိုးတိုးလေး ပြန်ပြောသည်။ သူမကား ရီဖူရှင်းအား အထင်မသေးရဲတော့ပေ။ ရေးဖြေစာမေးပွဲတွင် သူ၏ စွမ်းဆောင်ရည်က သူမအား ထိတ်လန့်စေသည်။ ရေးဖြေစာမေးပွဲတွင် ပထမ ရရန်မှာ သိုင်းပညာနှင့် မှော်ပညာ ပညာရပ်နှစ်ခုလုံးအား နက်ရှိုင်းစွာ နားလည်ရန် လိုအပ်ပေသည်။
“ဂမ္ဘီရသိုင်းစာအုပ်” မူရွန်ရှင်းက ဖူရှင်း၏လက်ထဲမှ စာအုပ်အား မြင်လိုက်သည်။ သူမက ပြုံးလျက် လှမ်းပြောလိုက်သည်…
“တကယ်လို့ နင်က ဟန်ဆောင်တယ် ဆိုရင်တောင် သေသေချာချာ လုပ်လို့မရဘူးလား… ဒီလို ကလေးစာအုပ်နဲ့ သူများကို အရူးလုပ်နေတာလား…”
ထိုအနီးအနားမှ လူတိုင်းက သူမပြောသော စကားအား ကြားကာ ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ သူမပြောသည်မှာ မှန်ကန်နေသည်ကို တွေ့ရ၍ လူတိုင်းက စတင် ရယ်မောကြသည်။ သူကား အမှန်တကယ်ပင် အခြေခံ မှော်သိုင်းကွက်များ ပါဝင်သော ဂမ္ဘီရသိုင်းစာအုပ်အား ကိုင်ထားသည်ကို တွေ့ရသည်။ ထိုစာအုပ်ကား ကလေးများအား လှည့်စားရန်သာ အသုံးဝင်သော မှော်သိုင်းစာအုပ် ဖြစ်သည်။
ရီဖူရှင်းက စာအုပ်အား ပိတ်လိုက်ပြီး နဂါးအားမာန်သိုင်း စာအုပ်နှင့်အတူ လက်မောင်းအိုးအောက်၌ ထည့်ထားလိုက်သည်။ ထို့နောက် မူရွန်ရှင်းဘက်သို့ လှည့်လျက် ဝေခွဲမရဟန်ဖြင့် ကြည့်လိုက်သည်…
“ငါ မင်းကို သိလို့လား…” သူက မူရွန်ရှင်းအား မေးကာ ထွက်သွားလေသည်။
“နင်…” သူမက ရီဖူရှင်း၏ နောက်ကျောအား လက်ညှိုးဖြင့် ထိုးလျက် ဘာဆက်ပြောရမည်မှန်း မသိတော့ပေ။ နောက်ဆုံးတွင် သူမက…
“ကြည့်ရတာ ရေးဖြေစာမေးပွဲမှာ ပထမရပြီး အတော် ဘဝင်မြင့်သွားတဲ့ပုံပဲ… ကျောင်းတော်ရဲ့ စာကြည့်တိုက်ကိုတောင် လာပြီး ဂမ္ဘီရသိုင်းစာအုပ်ကို ကလေးစာအုပ်နဲ့ ဟန်လာလုပ်နေသေးတယ်… နင်က လုံးဝအရှုံးသမားဆိုတာ ထားလိုက်ဦး… ပုံမှန်သိုင်းပညာရှင် ဆိုရင်တောင် နင်က ဖန်းရှင်းဇွီနဲ့ မတန်သေးဘူး…”
ဖန်းရှင်းဇွီနှင့် မူရွန်ရှင်းကား မှော်ပညာရှင်များ ဖြစ်ကြသည်။ မှော်ပညာရှင်များ အားလုံးက သူတို့သည် သိုင်းပညာရှင်များထက် ပို၍ကောင်းသည်ဟု ယူဆထားကြသည်။ အထူးသဖြင့် မှော်ပညာရှင်များ အားလုံးတွင် မွေးရာပါ သိုင်းပညာကို လေ့ကျင့်နိုင်သော ပါရမီ ပါကြသည်။ သူတို့က သဘာဝစွမ်းအင်အား စုဆောင်းကာ မှော်ပညာကို လေ့ကျင့်နိုင်သလို သိုင်းပညာကိုလည်း လေ့ကျင့်နိုင်သည်။ သို့သော် မှော်ပညာရှင်တိုင်းက သိုင်းပညာ တိုးတက်မှုတွင် အချိန် မကုန်ဆုံးလိုကြပေ။
ရီဖူရှင်းက သူမပြောနေသည်ကို ဂရုပင်မစိုက်ပေ။ သို့သော် သူမက ရပ်တန့်ခြင်းမရှိပဲ ဆက်၍ သရော်လိုက်သည်…
“ထပ်ပြောရရင် မနက်ဖြန်ပြီးသွားရင် နင်က အရင်ကလို နေရာကို ပြန်ရောက်သွားမှာပဲ… ဘယ်လောက်တောင် ရယ်ဖို့ကောင်းလဲ… တစ်ခါ အသုံးမကျရင် တစ်သက်လုံး အသုံးမကျဘူးမလား… မနက်ဖြန် နင်ဘယ်လို အရူးဖြစ်မလဲ ဆိုတာ ငါ မစောင့်နိုင်တော့ဘူး… ဟဟ”
ရီဖူရှင်းက သူ၏စာအုပ်နှစ်အုပ်အား ယူကာ စာအုပ်များအား မှတ်တမ်းယူပြီးနောက် စာကြည့်တိုက်မှ ထွက်သွားသည်။ လူတိုင်းက သူငှားသွားသော စာအုပ်နှစ်အုပ်နှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်။ သူတို့အားလုံး စိတ်ထဲမှ တွေးနေကြသည်… နဂါးအားမာန်သိုင်းနဲ့ ဂမ္ဘီရသိုင်း … ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်သလဲ…။
ဖန်းရှင်းဇွီက တိတ်ဆိတ်စွာ နားထောင်နေသည်။ သူမကား ဘာပြောရမှန်း မသိတော့ပေ။ ရီဖူရှင်းက သူမအား ပြုံးပြခဲ့သော်လည်း သူမတို့နှစ်ခုအကြား တစ်ခုခုက ခြားထားသလို ခံစားနေရသည်။ သူမက ပြောခဲ့သလို ရီဖူရှင်းက သူမ၏အဝေးတွင် နေသော်လည်း သူမ၏ရင်ထဲတွင် လေးလံနေသည်ကို နားမလည်ပေ။
“နဂါးအားမာန်သိုင်းနဲ့ ဂမ္ဘီရသိုင်း” ယူချင်းက ထိုစာအုပ်နှစ်အုပ်အား မြင်သည်နှင့် အနည်းငယ် အံ့အားသင့်သွားသည်။ သူက ရီဖူရှင်းအား ကြည့်လျက်…
“မင်းက သိုင်းနဲ့ မှော် နှစ်ခုလုံးကို လေ့ကျင့်တော့မှာလား…”
“အင်း… မှော်ထိန်းချုပ်သူတွေလို့ ခေါ်တာက သူတို့က မွေးရာပါ ဓာတ်သဘာဝ စွမ်းအင်တွေကို ထိန်းချုပ်နိုင်တဲ့ ပါရမီပါလို့ပဲ… ဒီအတိုင်းငါက ဒီပါရမီတွေကို အလကား အဖြစ်မခံနိုင်ဘူး… သိုင်းပညာကို လေ့ကျင့်တယ် ဆိုတာကလည်း ငါ့ရဲ့ မှော်ပညာက အားပြည့်အင်ပြည့် သုံးရအောင် စွမ်းအင်မလုံလောက်သေးဘူး… အခြေခံအရဆို ငါက မှော်ပညာကို အကောင်းဆုံး အသုံးမချနိုင်သေးဘူး…”
“ဒါဆို ဂမ္ဘီရသိုင်းစာအုပ်က ဘာကြောင့်လဲ…” ယူချင်းက သိလိုစိတ်အား ထိန်းချုပ်မရဟန်ဖြင့် မေးသည်။
“အရာအားလုံးကို ကြိုတင် ပြင်ဆင်ထားတာ အကောင်းဆုံးပဲ…” ရီဖူရှင်းက ထူးဆန်းသော အပြုံးဖြင့် ပြောလိုက်သည်။ သူကဆက်၍…
“ထပ်ပြောရရင် ဂမ္ဘီရသိုင်းကို လေ့ကျင့်ရတာ အရမ်းလွယ်တယ်…အချိန်မကုန်ဘူး…”
၁။ ယူချင်းက နားမလည်သော်လည်း ခေါင်းညိတ်လိုက်သည်။ ဖူရှင်းက ဆက်၍ ပြောသည်…
“အဲဒီ မြေခွေးမ ကြည့်ရတာတော့ သိုင်းပြိုင်ပွဲကို စိတ်ဝင်စားပုံမရဘူး… ဒါကြောင့် ဝင်ပြိုင်မှာ မဟုတ်ဘူး… တကယ်လို့ သူမ မပြိုင်ဘူးဆိုင်ရင် ငါက ပထမ ရအောင် လုပ်ရမှာပဲ…”
“ကောင်းပြီ…” ယူချင်းက ခေါင်းညိတ်လိုက်သည်။ ထိုအရာက ရီဖူရှင်း လိုချင်သည့်အရာ ဆိုပါက သူကလည်း ထိုအရာအား လုပ်မည် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူကား ဂုဏ်ထူးအဆင့်တွင် ပါဝင်ပြီးဖြစ်သည်။ အကယ်၍ မနက်ဖြန် အားလုံး၏အထက်တွင် ရပ်နိုင်ပါက သူကား ပထမရရန်မှာ သေချာပေသည်။
“ငါသိုင်းကျင့်တော့မယ်…” ရီဖူရှင်းက ပြောသည်။ ထို့နောက် သူက သိုင်းကျင့်ရာနေရာသို့ ထွက်လာသည်။ သူက နဂါးအားမာန်သိုင်း စာအုပ်အား လှန်လျက် ရုပ်ပုံများ။ စာများအား ဖတ်ကာ နားလည်အောင် အရင် လေ့လာလိုက်သည်။ ထို့နောက် စာအုပ်အား ပိတ်ကာ သူ၏မျက်လုံးအား မှိတ်ထားလိုက်သည်။ ချက်ချင်းပင် အက်ကွဲသံတချို့ မည်လာကာ သူ၏တစ်ကိုယ်လုံးအား လျှပ်စီးများ ဖုံးလွှမ်းသွားသည်။
ကြောက်မက်ဖွယ် မိုးကြိုးလျှပ်စစ်များက သူ့ကိုယ်အား စီးဆင်းစေလျက် သူ့သက်စောင့်ဟော်နန်းထဲမှ နဂါးအော်သံ၊ နဂါးလှုပ်ရှားပုံများအား အာရုံပြုလိုက်သည်။ တဖြည်းဖြည်း သူ၏ မိုးကြိုးလျှပ်စစ်များ ပို၍ အားကောင်းလာသည်။ နောက်ဆုံးတွင် သူ့ကိုယ်အား လှည့်ပတ်နေသော မိုးကြိုးလျှပ်စစ်များက နဂါးတစ်ကောင်၏ပုံစံအလား ဖြစ်လာသည်။ ထိုနဂါးကား သူ၏သက်စောင့်ဟော်နန်းထဲမှ နဂါးပုံသဏ္ဌာန်နှင့် အရောင်အဝါ အားလုံး အတူတူဖြစ်သည်။
နဂါးအားမာန်သိုင်းအား ယခင်က ကျင့်ရန် ကြိုးစားဖူးသူများအားလုံး မအောင်မြင်ခဲ့ကြပေ။ သို့သော် ရီဖူရှင်းအတွက်ကား ခက်ခဲမှုမရှိခဲ့ပေ။ စာအုပ်ထဲမှ နည်းစနစ်များအတိုင်း လေ့ကျင့်ခြင်းဖြင့် သူ၏ခန္ဓာကိုယ်တစ်လျှောက် မိုးကြိုးလျှပ်စစ်နဂါးက အရှိန်အဟုန် ပြင်းစွာဖြင့် လှည့်ပတ်စီးဆင်းနေသည်။ ထိုစွမ်းအင်များက တဖြည်းဖြည်း သူ၏ သွေးကြောများ။ အရိုးများထဲအထိ စီးဝင်ကာ စိမ့်ဝင်ပျံ့နှံ့သွားကာ ရီဖူရှင်းကိုယ်တိုင်က နဂါးတစ်ကောင်အလား အားအင်ပြည့်ဝလာသလို ခံစားရသည်။ သူ၏မျက်နှာက အနီရောင်တစ်လှည့်။ အဖြူရောင်တစ်လှည့် ပြောင်းနေသည်။ သူက အလွန်အမင်း နာကျင်သည့်ပုံပေါ်ကာ တစ်ချက်တစ်ချက် နဂါးဟိန်းသံကဲ့သို့သော အသံများက ပတ်ဝန်းကျင်သို့ ပျံ့နှံ့နေသည်။
နဂါးအားမာန်သိုင်းကား အလွန်အားပြင်းသော သိုင်းဖြစ်ကာ နဂါးတစ်ကောင်၏ ပုံရိပ်အား ဖန်တီးလျက် မိမိကိုယ်တိုင် နဂါးတစ်ကောင်အလား ဖြစ်အောင် လေ့ကျင့်ရသော သိုင်းဖြစ်ပေသည်။
ထိုသို့ လေ့ကျင့်နေလျက်ပင် အချိန်ကား နေ့ဘက်မှ ညဘက်သို့ ကူးလာပြီဖြစ်သည်။ နောက်တစ်နေ့ နေထွက်သည့်အချိန်တွင် လေ့ကျင့်ရေးကွင်း တစ်နေရာတွင် ပုံရိပ်တစ်ခုကား အင်အားပြင်းထန်စွာ ရွေ့လျား လှုပ်ရှားနေသည်ကို တွေ့ရသည်။ သူကား နဂါးအားမာန်သိုင်းအား လေ့ကျင့်နေဆဲဖြစ်သည်။ သူ၏လှုပ်ရှားမှုများက အရှိန်အဟုန်ပြင်းလျက် အားပြင်းသည်။ သူ့တစ်ကိုယ်လုံးကား ကိုယ်ရောင်ကိုယ်ဝါများ တောက်ပလျက် မိုးကြိုးလျှပ်စီး နဂါးတစ်ကောင်က သူ၏ခန္ဓာကိုယ်အား လှည့်ပတ်နေသည်။ ပို၍သေချာအောင် ပြောရမည်ဆိုလျှင်ကား သူကား နဂါးတစ်ကောင်နှင့် တူလှသည်။
ကျယ်လောင်သော မာန်သွင်းသံ တစ်ချက်နှင့်အတူ ရီဖူရှင်းက လက်ဝါးရိုက်ချက် တစ်ချက် ရိုက်ထုတ်လိုက်သည်။ လက်ဝါးရိုက်သံကား နဂါးဟိန်းသံအလား ကျယ်လောင်လှသည်။ အဝေးဆီမှ ကျယ်လောင်သော အသံတစ်ချက် ထပ်မြည်သွားကာ နံရံတစ်ဖက် ပြိုဆင်းသွားသည်။
ထိုအခိုက် ထိုနေရာသို့ တစ်စုံတစ်ယောက် ပြေးလာသည်။ သူကား ယူချင်းဖြစ်သည်။ သူက အပျက်အစီးနေရာအား ကြည့်ပြီးနောက် ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်လိုက်သည်။
“မင်းက သိုင်းပညာမှာ သိုင်းပညာရဲ့ ရသ(သိုင်းပညာအား အာရုံဝင်စားနိုင်သော အဆင့်) အဆင့်ကိုတောင် ရောက်နေပြီပေါ့ ဟုတ်လား။ ဒါဆိုမင်းက အခု နိုးထခြင်းအဆင့် ခုနစ်ကို တက်သွားပြီပေါ့…” ယူချင်းက မေးလိုက်သည်။
“နိုးထခြင်းအဆင့်ခုနစ်…” ဖူရှင်းက တိုးတိုးကလေး ရေရွတ်လိုက်သည်။ ထို့နောက်ပြုံးလျက် … “ကြည့်ရတာတော့ တစ်ယောက်ယောက်ကို ပျက်စီးသွားတဲ့ နံရံကို ပြန်ပြင်ခိုင်းဖို့ လိုလိမ့်မယ်… ဒါကို မင်းသိုင်းကျင့်နေတုန်း ပျက်စီးသွားတယ် ပြောလိုက်…”
“မင်းက ငါ့ကို ဒီအမှိုက်တွေ လာပေးပြန်ပြီ…” ယူချင်းက ခေါင်းခါလျက် ပြောသည်။
“သေချာတာပေါ့…” ဖူရှင်းက ရယ်မောလျက် သူ၏အခန်းသို့ ပြန်သွားလေသည်။ သူ၏တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေပြီး ယနေ့ ရာသီကုန်စစ်ဆေးခြင်း စာမေးပွဲအတွက် ကိုယ်လက်သန့်စင်ကာ ပြင်ဆင်ရန် လိုအပ်သည် မဟုတ်ပါလား။
**