Switch Mode

အခန်း (၃၆၈)

လင်းယုံ၏ အရည်အချင်း

ဝမ်ပေါင်လဲ့မှာ လက်ထောက်မြို့တော်ဝန်များအား ရွေးချယ်ခွင့်ရှိသည်ဆိုသော သတင်းမှာ ပျံ့နှံ့သွား၏။ ဤဖြစ်စဉ်ကြီး တစ်ခုလုံးထဲ၌ ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ အရေးပါနေလိမ့်မည်ဟု နိုင်ငံရေးအင်အားစု အသီးသီးမှာလည်း ခန့်မှန်းထားခဲ့ကြ၏။ သူတို့မှာ အင်္ဂါဂြိုဟ်ပေါ်ရှိ သူတို့၏ အဆက်အသွယ်များအား လှမ်း၍ မေးမြန်းလိုက်ကြပြီးနောက် သူတို့၏ ခန့်မှန်းချက်မှာ မှန်ကန်နေကြောင်း သိလိုက်ရသည်။

တာအိုကျောင်းလေးကျောင်းနှင့် စစ်တပ်မှ လူနှစ်ယောက်အား ရွေးချယ်ထားပြီးဖြစ်သောကြောင့် ကျန်ရှိနေသေးသော နေရာနှစ်နေရာစာအတွက် ဆက်လက်ယှဉ်ပြိုင်နိုင်သေးသည်ဖြစ်ရာ ပြိုင်ဆိုင်မှုများ ပြင်းထန်လာကြတော့သည်။

ထိုအချိန်တွင် ကျင့်သိုမင်မှာ သူ့ဆီသို့ ရောက်ရှိလာခဲ့၏။ ကျင့်သိုမင်မှာ သူတို့၏ နှစ်ယောက်ကြားရှိ သဘောတူညီချက်ကို အသုံးပြုကာ နယ်မြေအသစ်ထဲတွင် လက်ထောက်မြို့တော်ဝတ် ရာထူးတစ်ခုကို ရရှိပိုင်ဆိုင်နိုင်ရန် ကြိုးစားလိမ့်မည်ဟု ဝမ်ပေါင်လဲ့က ယူဆခဲ့၏။ သို့သော် ထူးဆန်းသည်မှာ ကျင့်သိုမင်သည် သူတို့၏ ကနဦးသဘောတူညီချက်အကြောင်း တစ်ခွန်းမှ မဟခြင်းပင်ဖြစ်သည်။

” ညီကိုပေါင်လဲ့ရေ။ ငါက ငါ့‌အဖေကိုယ်စား ရောက်လာတာ။ ငါတို့ရဲ့ လသုံးစင်းမဟာမိတ်အဖွဲ့က မြို့တော်အသစ် တည်ဆောက်ရေးလုပ်ငန်းတွက် မြို့တော်ဝန်လိုအပ်တဲ့ ပစ္စည်းတွေကို ကူညီထောက်ပံ့ပေးဖို့ အဆင်သင့်ပါပဲ ”

” ငါတို့ရဲ့ သခင်ကြီးက ပြတ်ပြတ်သားသား ပြောထားပြီးသား။ မင်းရဲ့ ခံတပ်ကြီး ဘယ်လောက်အထိ ကြီးနေကြီးနေ ငါတို့က မင်းလိုအပ်တဲ့ ပစ္စည်းပမာဏရဲ့ တစ်ဝက်တိတိကို ကူညီထောက်ပံ့ပေးမှာ ”

” ငါတို့ဘက်က တောင်းဆိုတဲ့ အချက်တစ်ချက်ပဲရှိတယ်။ အဲ့တာ ငါ လက်ထောက်မြို့တော်ဝန်တစ်ယောက် ဖြစ်လာဖို့ပဲ ” ကျင့်သိုမင်မှာ မြည်းလေးအား လိုက်ရှာနေသည့် ပုံစံဖြင့် ဝမ်ပေါင်လဲ့၏ နေအိမ်ထဲ၌ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုနေ၏။ သူ၏ လေသံမှာ အေးဆေးလွန်းနေပြီး သူသည် မြို့တော်နယ်မြေအသစ်၏ လက်ထောက်မြို့တော်ဝန်တစ်ယောက် ဖြစ်မလာလျှင်တောင် သိပ်၍ဂရုမစိုက်သည့်ပုံစံ ပေါက်နေ၏။

ကျင့်သိုမင်မှာ မြည်းလေးအား ရှာမတွေ့လိုက်သဖြင့် ချောင်းဟန့်လိုက်၏။ ထို့နောက် သူသည် စကားလမ်းကြောင်းပြောင်းသွားပြီး ဝမ်ပေါင်လဲ့ရှိရာဘက်သို့ ခန္ဓာကိုယ် ကိုင်းညွှတ်၍ တိုးတိုးလေး ပြောလိုက်၏။

” ညီကို။ လတ်တလောအတွင်း ငါ လုပ်ခဲ့တဲ့ သုတသနာတွေအရဆိုရင် မင်းရဲ့မြည်းလေးက သန္ဓေပြောင်း သားရဲတစ်ကောင် ဖြစ်နေလောက်တယ်။ အနာဂတ်မှာ အဲ့ကောင်က မင်းကို ပုန်ကန်ပြီးတော့ တစ်ကိုယ်လုံဝါးစားပစ်မယ့် အဆင့်အထိ ရောက်သွားနိုင်ခြေ အများကြီးရှိတယ်ကွ။ အရင်တုန်းကလည်း အဲ့လို သားရဲမျိုးတွေကို မွေးခဲ့ဖူးတဲ့ လူတွေရဲ့ သာဓကတွေ အများကြီးရှိတယ်။ အဲ့တာမလို့ ငါ အဲဒီမြည်းကို ဝယ်ဖို့ စဉ်းစားပြီးသွားပြီ။ ဒါနဲ့ အခု အဲ့ကောင် ဘယ်ရောက်သွားလဲ ” ကျင့်သိုမင်မှာ မျက်တောင်တဖျတ်ဖျတ် ခပ်ကာ မေးလိုက်၏။ သူပြောလိုက်သည့် စကားများကို မည်သူကမှ ယုံကြည်မည်မဟုတ်ကြောင်း သူက သိထားပြီးသားဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေးအား ပြိုင်ပွဲထဲသို့ ခေါ်သွားလိုက်ပြီးနောက် ထိုမြည်းလေးမှာ ဝမ်ပေါင်လဲ့အစား အလွန်အင်မတန်မှ ထင်ရှားကျော်ကြားလာရတော့သည်။ ပြည်ထောင်စုကြီးတစ်ခုလုံးထဲတွင် ထိုမြည်းလေး၏အကြောင်းကို မကြားဖူးသည့်လူ တစ်ယောက်တလေပင် ရှိမည်မဟုတ်ပေ။ ၎င်းမှာ ပြိုင်ပွဲကြီးအား တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့စဉ်တုန်းက လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ခြင်းဖြစ်ပေသည်။ ထိုစဉ်တုန်းက ထိုမြည်းလေး၏ နှစ်လိုဖွယ်ရာကောင်းသော အပြုအမူများသာမက ၎င်း၏ ဉာဏ်ပညာထက်မြက်မှုနှင့် ချစ်စရာကောင်းမှုများအားလုံးမှာ ဖန်သားပြင်များပေါ်၌ ထင်းနေအောင် ပေါ်ပေါက်လာခဲ့သည် မဟုတ်ပါလော။

ထို့ကြောင့် ထိုသားရဲကြီး၏ တန်ဖိုးမှာ ထိုးတက်သွားရတော့သည်။ ကမ္ဘာပေါ်တွင်ဆိုလျှင် ထိုမြည်းလေးအား ဝယ်ယူနိုင်ရဲ့အတွက် ‌ဈေးအမြောက်အမြား ပေးနေကြသည့် လူများပင်လျှင် ရှိနေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာမူ မြို့တော်နယ်မြေအသစ်တည်ဆောက်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများအား စုဆောင်းရှာဖွေနေရင်း အလုပ်ရှုပ်နေသောကြောင့် ထိုသတင်းများကို သတိမထားမိခဲ့ပေ။ သို့သော် သူသည် ကျင့်သိုမင်အား တစ်ချက်သာ ကြည့်လိုက်ပြီး သူပြောခဲ့သည့်စကားကို လျစ်လျူရှုရန် တွေးမိလိုက်၏။ သို့သော် သူတို့ နှစ်ယောက်၏ကြားမှ ဆက်ဆံရေးကြောင့် သူ့အား လျစ်လျူရှုလိုက်မည်ဆိုပါက ရိုင်းရာကျနေမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ဆက်ဆံရေးမပျက်ပြားလိုသောကြောင့် ချောင်းဟန့်ကာ မေးလိုက်၏။

” မြည်းလေးလား။ ငါ သူ့ကို ပြန်ခေါ်မလာဘူးကွ။ အဲ့တာမလို့ သူက နတ်ဘုရားလက်နက် လှိုဏ်ခေါင်းထဲမှာပဲ ရှိနေဦးမယ်ထင်တယ် ”

ကျင့်သိုမင်မှာ ထိုစကားကို ကြားလိုက်ရသောအခါ ကြက်သေသေသွား၏။

” ဘာရယ်။ မင်းက သူ့ကို ပြန်ခေါ်မလာခဲ့ဘူး ဟုတ်လား ”

” ဟုတ်တယ်။ ငါ မြို့တော်ဝန်အသစ်ဖြစ်လာရင် သူ့ကို သုံးရက်တိတိ ပွဲတော်တည်ခွင့် ပေးမယ်လို့ ကတိပေးထားတာလေ။ ငါ ပြိုင်ပွဲထဲမှာတုန်းက တည်ဆောက်ခဲ့တဲ့ ထာဝရခံတပ်ကြီးက တစ်စစီ ပျက်စီးလုနီးပါး ဖြစ်နေပြီ။ တခြားပြိုင်ပွဲဝင်တွေရဲ့ မြို့တော်အဆောက်အဦးတွေကလည်း ပျက်စီးထိခိုက်မှုတွေ အများကြီး ကြုံခဲ့ရတာ။ အဲ့တာမလို့ သူတို့ကို ပြန်ပြီးတော့ အသုံးပြုလည်း ဘာမှထူးမှာ မဟုတ်တော့ဘူး။ ပြီးတော့ ငါ မြို့တော်နယ်မြေအသစ်ကို မတည်ဆောက်ခင် အဲဒီနေရာတစ်ခုလုံးကို ရှင်းပစ်ဖို့လည်း လိုသေးတယ်လေ… ”

” အခုလောက်ဆိုရင် အဲ့မြည်းလေးက အဲဒီလည်မြေကြီးတစ်ခုလုံးကို ရှင်းပြီးသွားလောက်ပြီ ”

ထိုအခါ ကျင့်သိုမင်မှာ ချက်ချင်းပင် ခေါင်းငုံ့သွားပြီး သူ၏ အသံလွှင့်လက်စွပ်ကို ဖွင့်လိုက်၏။ ထို့နောက် သူသည် ခလုပ်အချို့ကို နှိပ်လိုက်သောအခါ ထိုအသံလွှင့်လက်စွပ်ထဲမှနေ၍ ရုတ်တရက်ဆိုသလို ဖန်သားပြင်တစ်ခု ထွက်ပေါ်လာ၏။ ထို ဖန်သားပြင်ပေါ်တွင် နတ်ဘုရားလက်နက်လှိုဏ်ခေါင်းကြီး၏ အနားရှိ ပြိုင်ပွဲကျင်းပခဲ့သောနေရာ ပေါ်ပေါက်လာသည်။ ထိုနေရာကြီး တစ်ခုလုံးမှာ လုံးဝပြောင်းလဲသွားပြီဖြစ်သည်။

၎င်းမှာ ရှုပ်ပွနေခြင်းမရှိတော့ဘဲ အရာအားလုံးမှာ ရှင်းလင်းနေ၏။ ထိုနယ်မြေထဲ၌ မြည်းလေးတစ်ကောင်မှာ ပျော်ရွှင်မြူးထူးစွာ ခုန်ပေါက်ရင်း အမြီးတယမ်းယမ်းနှင့် ကျိုးပဲ့ပျက်စီးနေသော စာရွက်တစ်ရွက်အား ဝမ်းသာအားရ ဝါးစားနေသည်ကို မြင်နိုင်ပေသည်။

ထိုစာရွက်မှာ မည်မျှအထိ ပျက်စီးနေစေကာမူ ပေထောင်ပေါင်းများစွာ ရှည်လျားနေဆဲပင်။ သို့သော် မြည်းလေးမှာ ၎င်းအား အဆက်မပြတ် ကိုက်ဝါးနေသောကြောင့် ၎င်းမှာ တဖြည်းဖြည်းနှင့် အရွယ်အစား သေးငယ်လာတော့သည်။

ကျင့်သိုမင်မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ ပင့်သက်ရှိုက်မိသွားပြီ သူ၏မျက်ဝန်းများထဲတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွား၏။ ထိုမြည်းလေး၏ အစာစားနိုင်စွမ်းမှာ သူ၏ စိတ်ကူးလေးကထက်ပင် ပို၍ သာလွန်နေပြန်ပြီဖြစ်သည်။ သူသည် အဘယ်ကြောင့် ထိုမြည်းလေးအား ဝယ်ယူရန် နောက်ထပ်တစ်ကြိမ်ထပ်၍ စဉ်းစားတွေးတောမိခဲ့သည့် အကြောင်းအရင်းကို နားမလည်နိုင်လောက်အောင် ဖြစ်သွားပြီး မြည်းတစ်ကောင်က သူ၏ ဦးခေါင်းအား ကန်ကျောက်လိုက်သကဲ့သို့ ခံစားလိုက်ရတော့သည်။ အကယ်၍ သူသာ ထိုမြည်းလေးအား အမှန်တကယ်ပင် ဝယ်ယူသွားပြီး သူ၏အိမ်သို့ ခေါ်သွားလိုက်မည်သာဆိုပါက ၎င်းမှာ သူ၏ တစ်အိမ်လုံးကိုပါ ဝါးစားပစ်လောက်ပေသည်။

” ညီကိုကျင့်က ဒီမြည်းလေးကို အရမ်းကြိုက်နေမှတော့ ဈေးညှိနှိုင်းကြတာပေါ့ဗျာ ” ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင်၏ ပခုံးအား လက်ဖြင့်ပုတ်ကာ ပြုံးဖြဲဖြဲနှင့် ဆိုလိုက်၏။

” ညီကိုပေါင်လဲ့။ ကျင့်သိုမင်ဆိုတဲ့ ငါက အခြားလူတစ်ယောက် တန်ဖိုးထားတဲ့ပစ္စည်းကို လုယူတတ်တဲ့ လူစားမျိုး မဟုတ်ပါဘူးကွ။ အဲ့တာမလို့ ငါက အဲဒီမြည်းလေးကို လိုချင်တက်မက်စိတ် လုံးဝမရှိပါဘူး။ ဪဒါနဲ့။ ငါ လီယီနဲ့ ချိန်းထားတာ ရှိသေးတယ်။ အဲ့တာမလို့ ငါ သွားတော့မယ်နော် ” ကျင့်သိုမင်မှာ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ဆိုလိုက်ပြီး အလောတကြီးထွက်ခွာသွား၏။ သူသည် ဝမ်ပေါင်လဲ့က ထိုအကြောင်း စကားပြန်ဆက်လိုက်မည်ကို ကြောက်ရွံ့ထိတ်လန့်နေရတော့သည်။

ဝမ်ပေါင်လဲ့မှာမူ သက်ပြင်းချကာ ကျင့်သိုမင်အား လိုက်လံနှုတ်ဆက်လိုက်၏။ သူသည် စိတ်ဓာတ်များ တက်ကြွနေပြီဖြစ်သည်။ ကျင့်သိုမင်တစ်ယောက် သူ့ဘက်မှ လာရောက်ပူးပေါင်းသည်ကို သူက သဘောကျနှစ်သက်နေ၏။ ထို့အပြင် လသုံးဆင့်မဟာမိတ်အဖွဲ့မှာ အလွန်အင်မတန်မှ ချမ်းသာကြွယ်ဝပြီး သူ၏ ဆောက်လုပ်ရေးလုပ်ငန်းမှာ မည်မျှအထိ ကြီးမားနေစေကာမူ လိုအပ်သော ပစ္စည်းများ၏ တစ်ဝက်တိတိကို ထောက်ပံ့ပေးမည်ဟု ကတိပေးထားသည်မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ ပြည်ထောင်စုမြို့တော်ထဲသို့ စတင်ရောက်ရှိသွားခဲ့သည့် အချိန်တုန်းက ကျောက်ယမုန့်၏ မိသားစုထံမှ အကန့်အသတ်မရှိ သုံးစွဲနိုင်သော ဝိညာဉ်ကတ်ပြားအား ရရှိခဲ့သည့်အချိန်ကို ပြန်၍ သတိရသွား၏။

” ငါတို့ရဲ့ ယမုန့်လေးကိုတောင် လွမ်းလာပြီ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှိတ်လိုက်သောအခါ သူ၏ အတွေးထဲ၌ ဘန်နီလေး၏ ပုံရိပ်တစ်ခု ပေါ်ပေါက်လာ၏။ သူသည် အတွေးထဲ၌ သူမအား စိုက်ကြည့်နေရင်း တစ်စုံတစ်ခုမှာ လွဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ ကျောက်ယမုန့်၏ ပုံရိပ်မှာ ဘန်နီလေး၏ဘေးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

” သူ့ကို အင်္ဂါဂြိုဟ်ဆီ ရာထူးပြောင်းလာဖို့ လှမ်းခေါ်လို့မရတာ နှမြောစရာပဲ။ ကျိုးရိဖန်းနဲ့ ကျောက်ယမုန့်တို့သာ ဒီမှာရှိနေမယ်ဆိုရင် လူချောလေးများအဖွဲ့က အင်္ဂါဂြိုဟ်တစ်ခုလုံးကို ကြီးစိုးနိုင်စွမ်းရှိသွားမှာ။ ဒါနဲ့ ငါတို့ရဲ့ လူချောလေးများအဖွဲ့ထဲမှာ အဖွဲ့ဝင်အလုပ်မလောက်မရှိသေးဘူးပဲကွ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ရေရွတ်လိုက်၏။ ထို့နောက် သူသည် နောက်ဆုံးကျန်ရှိနေသေးသော လက်ထောက်မြို့တော်ဝန်ရာထူးအား မည်သူ့ကို ပေးအပ်ရမည်နည်းဟု စဉ်းစားတွေးတောနေလိုက်တော့သည်။

သူသည် ထိုသို့တွေးတောနေရင်း ရုတ်တရက်ဆိုသလို လင်းတျန်ဟောက်အကြောင်း တွေးမိသွား၏။

သူသည် လင်းတျန်ဟောက်အား မြူခိုးတောင်ကျောင်း၏ ကျောင်းအုပ်အဖြစ် တာဝန်ယူရန် အကြံပေးခဲ့ပါသော်လည်း လင်းတျန်ဟောက်မှာ သူ၏အမိန့်များကို မြေဝယ်မကျ နားထောင်ခဲ့သလို သူ၏ဖခင်ဖြစ်သူမှာလည်း အလွန်အင်မတန်မှ ဩဇာအာဏာ ကြီးနေသည်ဖြစ်ကြောင်း တွေးမိသွား၏။ ထို့ကြောင့် သူသည် သူ့အား လူချောလေးများအဖွဲ့၏ အဖွဲ့တစ်ယောက်အဖြစ် သတ်မှတ်ရန် ‌စိတ်ကူးကြည့်လိုက်၏။

” ငါ့ရဲ့ လက်ထောက်မြို့တော်ဝန်ရာထူးတွေထဲမှာ ရန်သူတွေနဲ့ပဲ ပြည့်နေလို့ မဖြစ်ဘူး။ လီယီနဲ့ ခုန်းတောက်က ငါ့ကို လုံးဝကူညီမှာမဟုတ်ဘူး။ ကျင့်သိုမင်ကလည်း လီယီနားမှာ ရှိနေဖို့လောက် စိတ်ဝင်စားတဲ့‌ကောင်ဆိုတော့ တကယ့် မိုးထဲရေထဲရောက်ရင် သူ့ကို အားကိုးလို့ရမှာ မဟုတ်လောက်ဘူး… ” ဝမ်ပေါင်လဲ့မှာ ထိုကိစ္စအကြောင်း ပို၍စဉ်းစားမိလေလေ ပို၍စိုးရိမ်လာလေလေ ဖြစ်နေရတော့သည်။ သူ၏ လက်ထောက်မြို့တော်ဝန်များအား သူ့ကို အုပ်စုဖွဲ့အနိုင်ကျင့်နိုင်မည့် အခွင့်အရေးမျိုး ပေး၍မဖြစ်ကြောင်း သူက နားလည်သွား၏။ သူသည် သူ၏ မြို့တော်နယ်မြေအသစ်အတွက် လိုအပ်သော ပစ္စည်းများကို တက်နိုင်သမျှ အများဆုံးရအောင် စုဆောင်းနေရင်း ထိုဖြစ်နိုင်ခြေကို မေ့ပျောက်ထား၍ မဖြစ်ကြောင်း သူ့ကိုယ်သူ သတိပေးလိုက်ရ၏။

ထို့ကြောင့် သူ၏ မဟာမိတ်တစ်ယောက်အား လက်ထောက်မြို့တော်ဝန်တစ်ယောက်အဖြစ် ခန့်အပ်ထားရန် လိုအပ်ကြောင်း သူက ချက်ချင်းပင်ဆုံးဖြတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် ထပ်၍ တွေးတောလိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ လင်းတျန်ဟောက်ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။ သူသည် လင်းတျန်ဟောက်အား လက်ထောက်မြို့တော်ဝန်တစ်ယောက် ဖြစ်လာအောင် ထောက်ခံပေးရန် ကြံရွယ်ထားကြောင်း အသိပေးလိုက်သည်။ လင်းတျန်ဟောက်မှာ ကျောင်းအုပ်အသစ် ဖြစ်လာရသည့်အတွက် သူ၏ စိတ်လှုပ်ရှားမှုများကို မချုပ်တည်းနိုင်လောက်အောင် ဖြစ်နေစဉ်မှာပင် ဝမ်ပေါင်လဲ့၏ စကားများကြောင့် ထပ်၍ ဆွံ့အမှင်တက်သွားရပြန်သည်။ သူ၏မျက်နှာပေါ်၌ ပျော်ရွှင်မှုများနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ထင်ဟပ်သွား၏။

” ကျောင်းအုပ်… ကျနော်.. ”

” တျန်ဟောက်။ ကြိုးစားရမယ်နော်။ ငါ မင်းကို အရင်တုန်းက ပြောခဲ့ဖူးတဲ့စကားတွေကို မှတ်မိတယ်မလား။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ငါ့ရဲ့ မိတ်ဆွေတွေကို ဘယ်တော့မှ မမေ့တဲ့ လူစားမျိုးကွ။ ငါ ရာထူးတက်သွားရင် မင်းတို့ကိုပါ ဆွဲခေါ်သွားမှာ။ အစတုန်းကတော့ ငါက မင်းကို ငါ့ရဲ့ ကျောင်းအုပ်ရာထူးအဟောင်းပေးဖို့ စီစဉ်ထားတာပဲ။ ဒါပေမဲ့ သေသေချာချာ စဉ်းစားကြည့်လိုက်တော့ မင်းရဲ့ အရည်အချင်းတွေကို အပြည့်အဝ ထုတ်ပြနိုင်ဖို့ဆိုရင် အဆင့်ပိုမြင့်တဲ့ ရာထူးတစ်ခုခုမှာ ရောက်နေဖို့ လိုတယ်ကွ ”

တျန်းဟောက်။ ငါ မင်းကို အဲဒီရာထူး ပေးလိုက်မယ်ကွာ။ ငါတို့နှစ်ယောက် ပေါင်းပြီးတော့ အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲမှာ ငါတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ကြတာပေါ့ ”

ဝမ်ပေါင်လဲ့မှာ စကားကို ရွှန်းရွှန်းဝေအောင် ပြောလိုက်၏။ ထို့ကြောင့် လင်းတျန်ဟောက်မှာ စိတ်များလှူပ်ရှားကာ အသားများ တုန်ရီနေရပြီး ဦးနှောက်တစ်ခုလုံး ထူပူနေရတော့သည်။ သူသည် စကားတစ်ခွန်းတလေပင် ပြန်မပြောနိုင်တော့ပေ။ ၎င်းမှာ သူ့အတွက် တစ်ဘဝမှ တစ်ကြိမ်သာရမည့် အခွင့်အရေးကြီး မဟုတ်ပါလော။

ထို့ကြောင့် လင်းတျန်ဟောက်မှာ အကြိမ်အနည်းငယ်ခန့် အသက်ပြင်းပြင်းရှူလိုက်ပြီး အကြောင်းပြန်လိုက်၏ ” ကျ… ကျနော့်ရဲ့ အဖေကို သွားပြီးတော့ အသိပေးလိုက်ဦးမယ် ”

” သွား ” ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရသွား၏။ သူသည် ကျေးဇူးတုံ့ပြန်တတ်သည့် လူတစ်ယောက်ဖြစ်ကြောင်း လင်းယုံအား အသိပေးလိုခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် လင်းတျန်ဟောက်အား ရာထူးတက်လာအောင် ကူညီပေးနိုင်လေလေ သူနှင့် လင်းယုံ၏ကြားမှ ဆက်ဆံရေးမှာ ပို၍ တိုးတက်ကောင်းမွန်လာလေလေ ဖြစ်နေမည် ဖြစ်ကြောင်း နားလည်ထား၏။

သူ့လိုမျိုး အတွေ့အကြုံရင့်သန်ပြီး ဉာဏ်နီဉာဏ်နှင့်များကာ ဩဇာအာဏာကြီးမားသည့် အဆင့်မြင့်အရာရှိတစ်ယောက်အား မဟာမိတ်တစ်ယောက်အနေနှင့် ပိုင်ဆိုင်ထားရသည်မှာ သူ့အတွက် စိတ်အေးရပေသည်။ သူသည် လင်းတျန်ဟောက်အား လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်ရန်သာ လိုအပ်ပေသည်။

ဝမ်ပေါင်လဲ့မှာ သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်များထဲမှ လေ့လာမှတ်သားဖူးခဲ့သည့် ပညာရပ်များကို ပို၍ပင် နားလည်လာပြီဖြစ်ကြောင်း ခံစားလိုက်ရသောကြောင့် သူ့ကိုယ်သူ ကျေနပ်နေမိတော့သည်။ ထိုသို့ဖြင့် လင်းတျန်ဟောက်မှာ ဆက်သွယ်မှုကို အဆုံးသတ်လိုက်ပြီး အသံလွှင့်အကြောင်းကြားစာတစ်ခုအား သူ၏ဖခင်ဆီသို့ စိတ်လှုပ်တရှားနှင့် ပေးပို့လိုက်တော့သည်။

လင်းယုံကမူ ထိုအကြောင်းကို သိလိုက်ရသောအခါ ခပ်ရေးရေးမျှသာ ပြုံးလိုက်၏။ သူ၏မျက်ဝန်းများထဲတွင် ကျေနပ်မှုများနှင့် သဘောကျနှစ်သက်မှု အရိပ်အယောင်များ ထင်ဟပ်နေပြီဖြစ်သည်။ သူသည် လင်းတျန်ဟောက်အား ပြောပြထားခြင်းမရှိပါသော်လည်း သူသည် သူ၏ သားဖြစ်သူအား မြို့တော်ဝန်ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနှင့် ဝင်မပြိုင်ဖို့ တားဆီးခဲ့စဉ်တုန်းက လောင်းကစားတစ်ခု ပြုလုပ်ခဲ့ခြင်းသာဖြစ်သည်။

သူသည် ဝမ်ပေါင်လဲ့၏ အောင်မြင်မှုအပေါ် လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့မှာ မြို့တော်ဝန်ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် လင်းတျန်ဟောက်အား ရာထူးတိုးပေးကာ သူ၏ မြို့တော်နယ်မြေအသစ်ဆီသို့ ရာထူးလွှဲပြောင်းပေးဖို့ ချက်ချင်းလက်ငင်း ဆုံးဖြတ်နိုင်ခြေ မရှိပေ။ သို့သော် သူသည် သူစိမ်းနယ်မြေတစ်ခုတွင် အလုပ်လုပ်ရမည်ဖြစ်ရာ သိပ်မကြာခင်တွင် သူနှင့် ရင်းနှီးသောလူများအား သူ၏ လက်ထောက်များအဖြစ် ခန့်အပ်ရန် ပြင်ဆင်လိုက်ရမည်သာ ဖြစ်သည်။

ထိုအချိန်သို့ ရောက်လာပါက သူ၏ အတွေးထဲ၌ ပေါ်လာမည့် တစ်ဦးတည်းသောလူမှာ လင်းတျန်ဟောက်ပင် ဖြစ်သည်။

အကယ်၍ သူ၏လောင်းကြေးထပ်မှုမှာ ရှုံးနိမ့်သွားခဲ့ရင်တောင် သူသည် ဝမ်ပေါင်လဲ့အား လက်ထောက်မြို့တော်ဝန်တစ်ယောက် ဖြစ်လာအောင် ထပ်၍ ကူညီပေးလိုက်မည်သာဖြစ်သည်။ ထိုသို့သာဆိုလျှင် လင်းတျန်ဟောက်မှာ မြူခိုးတောင်ကျောင်း၏ ကျောင်းအုပ်အသစ်ဖြစ်လာဦးမည်သာ ဖြစ်သည်။

သို့ဖြစ်ရာ သူသည် မည်သို့ပင်ဖြစ်ဖြစ် အမြတ်ထွက်သွားမည်သာ ဖြစ်သည်။ ၎င်းမှာ လင်းယုံ၏ ဉာဏ်နီဉာဏ်နက်များပင် ဖြစ်ပေသည်။

ထို့အပြင် လင်းယုံမှာ နောက်ထပ် အရည်အချင်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ၎င်းမှာ သူသည် မည်သူ့ကိုမှ ငတုံးငအတစ်ယောက်အနေနှင့် မဆက်ဆံဖူးချင်းပင်။ ဝမ်ပေါင်လဲ့မှာ သူ၏ အကြံအစည်များအား မရိပ်မိလောက်သေးပေဟု သူက မှတ်ယူထားပါသော်လည်း သူသည် အတွေ့အကြုံ ရင့်သန်လာသည်နှင့်အမျှ တဖြည်းဖြည်းချင်း နားလည်သဘောပေါက်သွားလိမ့်မည်သာ ဖြစ်ကြောင်း သူက ကြိုတွက်ထား၏။ အကယ်၍ သူသည် ထိုအချိန်သို့ ရောက်သွားမှသာ ဖြစ်ကြောင်းကုန်စင်ကို နားလည်သွားမည်ဆိုလျှင် လင်းတျန်ဟောက်အတွက် ကောင်းကျိုးမရှိနိုင်ပေ။

ထို့ကြောင့် လင်းယုံမှာ သူ၏ ဘဝအတွေ့အကြုံများအားလုံးကို အပြည့်အဝအသုံးချရန် ဆုံးဖြတ်လိုက်၏။ ယခုတွင် ဝမ်ပေါင်လဲ့မှာ သူ၏ ဘဝထဲရှိ အရေးအကြီးဆုံး အချိုးအကွေ့ နေရာတစ်ခုဆီသို့ ရောက်နေပြီဖြစ်ရာ လင်းယုံမှာ သူ့အား အလွန်အင်မတန်မှ အဖိုးတန်သော သင်ခန်းစာတစ်ခုကို သင်ကြားပေးတော့မည် ဖြစ်သည်။

သူ ဝမ်ပေါင်လဲ့အား ပေးလိုက်မည့် အကြံဉာဏ်မှာ သူတို့၏ကြားတွင် ရှိနေသော တင်းမာမှုများအားလုံးကို ပျောက်ကွယ်သွားစေလိမ့်မည်ဟု သူက အပြည့်အဝယုံကြည်ထား၏။ အကယ်၍ ဝမ်ပေါင်လဲ့မှာ အစကတည်းက သူ၏အကြံအစည်များကို ရိပ်မိနေခဲ့လျှင်တောင် သူ့ကိုဖြစ်စေ၊ လင်းတျန်ဟောက်ကိုဖြစ်စေ မကျေမနပ် ဖြစ်နေတော့မည်မဟုတ်ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset