ဝမ်ပေါင်လဲ့မှာ ဘုရင်ခံရုံးခန်းထဲမှ ထွက်ခွာလာပြီးနောက် သူ၏ မြို့တော်ဝန်ရာထူးအသစ်နှင့် ပတ်သတ်၍ ယခင်ကလောက် စိတ်အားထက်သန်မှု မရှိတော့ပေ။ သူသည် ဘုရင်ခံ သတ်မှတ်ထားသော အချက်သုံးချက်ကို တွေးမိလိုက်သည့် အချိန်တိုင်း ခေါင်းခဲသွားရသည်သာ ဖြစ်သည်။
” သူက ငါ့ကို ပြည့်တန်ဆာလိုမျိုး ကျင့်ကြံခိုင်းနေတာပဲဟ ” ဝမ်ပေါင်လဲ့မှာ မကျေမချမ်းနှင့် မြူခိုးတောင်ကျောင်းသို့ ပြန်ရောက်လာပြီးနောက် သက်ပြင်းချလိုက်၏။ သူ့ဆီတွင် အချိန်သိပ်မကျန်တော့ကြောင်း သူက သိထား၏။ သူသည် သုံးရက်အတွင်း ထွက်ခွာရတော့မည်ဖြစ်ရာ သူ၏ ပြဿနာများအား ဖြေရှင်းရန် အချိန် သုံးရက်သာ ကျန်တော့သည်ဖြစ်သည်။
” ကိစ္စ မရှိပါဘူး။ ဘာလို့ ဒီလောက်ကြီး စိတ်ပင်ပန်းခံနေရမှာလဲ။ သုံးရက်အတွင်း အဖြေမရှာနိုင်ရင်တောင် မြို့တော်နယ်မြေအသစ် တည်ဆောက်နေတုန်းမှာ နည်းလမ်းတစ်ခုခုရှာလို့ ရသေးတာပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့နှလုံးသွင်းကာ စိတ်အေးလက်အေးနှင့် သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် ဦးနှောက်တစ်ခုလုံးကို အိတ်သွန်ဖာမှောက် စဉ်းစားတွေးတောရင်း နည်းလမ်းများ ရှာဖွေနေတော့သည်။ သူ၏ လက်ရှိအခြေအနေကြီးမှာ သူ့ဆီ၌ ဆောက်လုပ်ရေးပစ္စည်း အနည်းငယ်လေးပင် ရှိမနေခဲ့သည့် ပြိုင်ပွဲထဲ၌ ဝင်ရောက်ယှဉ်မပြိုင်ခင်တုန်းက အခြေအနေနှင့် ဆင်တူနေပြီဖြစ်ကြောင်း ခံစားနေရ၏။ ထိုစဉ်တုန်းက သူ့ဆီတွင် သူ၏ ထာဝရခံတပ်ကြီး၏ ပုံစံစာရွက်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ရုပ်သေးရုပ်များသာ ရှိနေခဲ့သည်မဟုတ်ပါလော။
သူ၏ လက်ရှိအခြေအနေမှာလည်း အလားတူပင်။ သူသည် ဆောက်လုပ်ရေးပစ္စည်းအပိုင်းတွင် ချို့တဲ့နေဆဲပင် ဖြစ်သည်။ သို့သော် ယခုတွင်မူ ပုံစံစာရွက်များနှင့် ရုပ်သေးရုပ်များ၏နေရာ၌ လက်ထောက်မြို့တော်ဝန် ဖြစ်လာနိုင်မည့် အခွင့်အရေးများကိုသာ ညှိုနှိုင်းမှုများ ပြုလုပ်ရာ၌ အသုံးပြုနိုင်တော့မည်ဖြစ်သည်။
” ဝမ်ပေါင်လဲ့ဆိုတဲ့ ငါ့လို ဂုဏ်ကျက်သရေ အပြည့်ရှိပြီး ကိုယ်ကျင့်တရားနဲ့ ပြည့်စုံတဲ့အပြင် ရုပ်ရည်ချောမောပြီးတော့ ဘယ်တုန်းကမှ ကလိမ်ကကျစ် မကျခဲ့ဖူးတဲ့ လူမျိုးက အခုမှပဲ အင်္ဂါဂြိုဟ်ကိုလိုနီဘုရင်ခံ ပြုသမျှ နုနေရတယ်လို့ကွာ။ ထားလိုက်ပါတော့။ ဒီတစ်ခေါက်တော့ ငါ့ရဲ့ ကိုယ်ကျင့်တရားတွေကို မေ့ထားလိုက်ပါ့မယ် ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ရေရွတ်လိုက်၏။ သူသည် စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီးနောက် သူ့ဆီတွင် ရှိနေသော အရာများကို အသုံးပြုကာ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောနေလိုက်တော့သည်။
နိုင်ငံရေးအင်အားစုတိုင်းမှာ လက်ထောက်မြို့တော်ဝန် ရာထူးများကို ငမ်းငမ်းတက် လိုချင်နေကြမည်ဖြစ်ကြောင်း သူက သိထား၏။ သူတို့၏ အဖွဲ့ဝင်များမှာ မြို့တော်ဝန်ရာထူးအား မရရှိခဲ့သည့်တိုင်အောင် လက်ထောက်မြို့တော်ဝန် ရာထူးတစ်ခုကို ရရှိထားလျှင် ရေရှည်၌ အကျိုးအမြတ်ရမည်မှာ အသေအချာပင်။
” ငါ အဲဒီရာထူးတွေကို လေလံဆွဲပစ်လို့ရရင် အကောင်းသား ” ဝမ်ပေါင်လဲ့မှာ နောင်တကြီးစွာ တွေးနေမိတော့သည်။ သို့သော် သူသည် ထိုအကြံအစည်အား တစ်ခဏမျှသာ တွေးတောလိုက်၏။ အကယ်၍ သူသာ ထိုအတိုင်း လုပ်လိုက်မည်ဆိုပါက နောက်နေ့သို့ရောက်လျှင် သက်ဆိုင်ရာအာဏာပိုင်များက သူ့အား လာရောက်ဖမ်းဆီးသွားကြမည်သာဖြစ်ကြောင်း ယုံကြည်ထားသည်…
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ သူ့ဆီတွင်ရှိနေသော လက်ထောက်မြို့တော်ဝန်ရာထူးများအား အကောင်းဆုံးအသုံးချနိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောနေ၏။ ထို့နောက် သူ တရားထိုင်နေသည့် ညတစ်ညတွင် သူစိမ်းတစ်ယောက်ဆီမှ အသံလွှင့်အကြောင်းကြားစာတစ်ခုကို လက်ခံရရှိလိုက်သည်။
ထိုကဲ့သို့ ဆက်သွယ်လာသူမှာ အဘိုးကြီးတစ်ယောက်ဖြစ်၏။ ဝမ်ပေါင်လဲ့မှာ ထိုဆက်သွယ်မှုအား ချိတ်ဆက်လိုက်သည်နှင့် အသက်ကြီးပိုင်းလူတစ်ယောက်၏ စကားသံမှာ သူမည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းပင် ပြောပြလိုက်၏။
” ဝမ်ပေါင်လဲ့။ ငါက သမင်ဖြူတာအိုကျောင်းက ဂိုဏ်းချုပ်ကြီးပါ။ တာအိုကျောင်းလေးကျောင်းရဲ့ သဘောတူညီချက်အရ လီယီက မင်းရဲ့ လက်ထောက်မြို့တော်ဝန် ဖြစ်လာပြီးတော့ အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲမှာ မင်းကို ကူညီထောက်ပံ့ပေး…. ” ဂိုဏ်းချုပ်ကြီးမှာ ကသိကအောက်ဖြစ်နေပြီး သူ၏ မကျေနပ်ချက်များနှင့် ဒေါသများကို ချုပ်တည်းထားရ၏။ သူသည် အကောင်းဆုံး ကြိုးစားထားသည့်တိုင်အောင် သူ၏ လေသံမှာခက်ထန်ကာ အမိန့်ပေးနေသည့်ပုံစံ ပေါက်နေ၏။
သို့သော် သူ့စကားမဆုံးနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ စကားတစ်လုံးမှ ပြန်မပြောဘဲ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်၏။
ထိုအခါ သမင်ဖြူတာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ ကြက်သေသေသွားရတော့သည်။ သူသည် သူ၏ဒေါသများကို မချုပ်တည်းနိုင်တော့ဘဲ ယမ်းပုံမီးကျ ပေါက်ကွဲသွားရတော့သည်။
” ခွေးကောင်လေး။ ငါ့ရဲ့ ဆက်သွယ်မှုကို ဖြတ်တောက်ပစ်ရဲတယ်ပေါ့ ” ဂိုဏ်းချုပ်ကြီးမှာ သူ၏ခုံးစောင်းအား လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ထို့ကြောင့် သမင်ဖြူတာအိုကျောင်းထဲ၌ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာတော့သည်။
သူသည် အစကတည်းက ဝမ်ပေါင်လဲ့အား အမြင်မကြည်ပေ။ ဝမ်ပေါင်လဲ့မှာ တာအိုကျောင်းလေးကျောင်းအား ဖီဆန်၍ ပြိုင်ပွဲထဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည် မဟုတ်ပါလော။ သူသည် တာအိုကျောင်းများကို ဆန့်ကျင်ခဲ့သည်ဖြစ်ရာ သူ၏လုပ်ရပ်များမှာ ပုန်ကန်မှုနှင့် မထူးမခြားနားပင်။ တာအိုကျောင်းလေးကျောင်းမှာ လီယီအား ကူညီထောက်ပံ့ပေးရန် သဘောတူခဲ့ကြသည်ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဝင်ရောက်နှောင့်ယှက်ကာ ဆန်ခါတင်တစ်ယောက်အဖြစ်သို့ ရောက်သွားခဲ့လိမ့်မည်ဟု မည်သူက ထင်ထားမိမည်နည်း။
သူသည် ထိုအဆင့်လောက်တွင် ရပ်သွားခဲ့မည်ဆိုပါက ကိစ္စမရှိပေ။ သို့သော် သူသည် ပြိုင်ပွဲကြီးအား အနိုင်ယူသွားခဲ့ပြီဖြစ်သည်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ သမင်ဖြူတာအိုကျောင်းမှဆိုပါက ဂိုဏ်းချုပ်ကြီး၏ ထိုကိစ္စအပေါ် ထားရှိသော အတွေးအမြင်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ကျောင်းမှ မဟုတ်သည့်အပြင် သူ့အား ဖီဆန်ခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ဂိုဏ်းချုပ်ကြီးမှာ သူနှင့် ပတ်သတ်လာလျှင် ကသိကအောက်ဖြစ်ကာ စိတ်တိုနေရသည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ဆက်သွယ်မှုအား ရဲတင်းစွာ ဖြတ်တောက်လိုက်သည့်အချိန်တွင် သူ၏ ဒေါသများမှာ ပို၍ပင် ကြီးထွားလာရတော့သည်။ ထို့ကြောင့် သူသည် နှာမှုတ်ကာ အထင်သေးသည့် လေသံဖြင့် ရေရွတ်လိုက်၏
” အသက်ငယ်ငယ်လေးနဲ့ ဒီလောက်အထိ မောက်မာနေရတယ်လို့။ မင်း သဘောတူတူ မတူတူ လီယီက မင်းရဲ့ လက်ထောက်မြို့တော်ဝန် ဖြစ်လာစေရမယ်။ မင်း ဘယ်လောက်ပဲ မကျေမနပ် ဖြစ်နေဖြစ်နေ အဲဒီ မကျေနပ်ချက်တွေကို မျိုသိပ်ထားဖို့သာ ပြင်ထားတော့ ” ဂိုဏ်းချုပ်ကြီးမှာ ထိုသို့တွေးတောလိုက်ပြီး အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ၏ လက်ထောက်ဘုရင်ခံအား ချက်ချင်းပင် လှမ်း၍ ဆက်သွယ်လိုက်၏။
သူတို့မှာ အချိန်အနည်းငယ်ခန့် အပြန်အလှန် စကားပြောလိုက်ကြပြီးနောက် ဧရာမသစ်ပင်ကြီးမှာ သူသည်လည်း ထိုကိစ္စ၌ ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ပြောပြလိုက်သဖြင့် ဂိုဏ်းချုပ်ကြီးမှာ ဆွံ့အသွားရတော့သည်။ သူသည် အကြောင်းအစုံအလင်အား ဆက်လက်မေးမြန်းလိုက်သည့်အချိန်တွင် ပို၍ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ ဧရာမသစ်ပင်ကြီးမှာ သက်ပြင်းချလိုက်ပြီး သူသည်လည်း မြို့တော်နယ်မြေအသစ်၏ လက်ထောက်မြို့တော်ဝန် ရာထူးများနှင့် ပတ်သတ်၍ စုံစမ်းခဲ့စဉ်တုန်းက ဘုရင်ခံကိုယ်တိုင် ထိုရာထူးများအား ရွေးချယ်ရာ၌ မည်သူမှ ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း အတိအလင်း ကြေညာထားခြင်းဖြစ်ကြောင်း ပြောပြလိုက်၏။
ဧရာမသစ်ပင်ကြီးမှာ ထိုကိစ္စကြီးတစ်ခုလုံးနှင့် ပတ်သတ်၍ မကျေမနပ်ဖြစ်နေရ၏။ ထို့နောက် သူသည် အရာအားလုံးမှာ ဝမ်ပေါင်လဲ့၏ ထောက်ခံချက်အပေါ်တွင် မူတည်နေခြင်းဖြစ်ကြောင်း စိတ်မပါလက်မပါနှင့် ရှင်းပြလိုက်ရတော့သည်။
ထိုအခါ ဂိုဏ်းချုပ်ကြီးမှာ ချက်ချင်းဆိုသလိုပင် ခေါင်းခဲသွားရ၏။ သူသည် ဝမ်ပေါင်လဲ့ဆီသို့ နောက်ထပ် အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့ရန် တွေးမိလိုက်ပါသော်လည်း ပြောရမည့် စကားလုံးများကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေရတော့သည်….
ဂိုဏ်းချုပ်ကြီး၏ ဆက်သွယ်မှုအား ဖြတ်တောက်လိုက်သည့် ဝမ်ပေါင်လဲ့မှာမူ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေပြီး သူ၏ မျက်ဝန်းများမှာ အရောင်တောက်နေတော့သည်။ သူသည် ဂိုဏ်းချုပ်ကြီး၏ လေသံအား ကျေနပ်မှုမရှိသောကြောင့် သူ၏ ဆက်သွယ်မှုအား တမင်သက်သက် ဖြတ်တောက်ပစ်ခဲ့ခြင်း ဖြစ်သလို သူ့အား စမ်းသပ်နေခြင်းလည်း ဖြစ်သည်။
” ဘာဆက်ဖြစ်နိုင်မှာ မလို့လဲကွ။ အဲ့အဘိုးကြီးက ဘယ်သူ့ဆီ အကူအညီ သွားတောင်းမှာလဲ။ ဧရာမသစ်ပင်ကြီးဆီကိုလား။ ဘုရင်ခံဆီကိုလား။ ဒါမှမဟုတ် ကောင်းကင်တာအိုကျောင်းက ဂိုဏ်းချုပ်ကြီးဆီအထိ ရောက်သွားမှာလား ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ သူ့ကိုယ်သူ ကျေနပ်နေစဉ် သူ၏ အသံလွှင့်လက်စွပ်မှာ ထပ်၍ တုန်ရီလာပြန်သည်။ ထို့ကြောင့် သူသည် ခေါင်းငုံ့ကြည့်လိုက်သောအခါ ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးက သူ့အား ဆက်သွယ်နေခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ သူသည် အံ့အားသင့်နေခြင်း မရှိပေ။ ထို့ကြောင့် သူသည် ထိုဆက်သွယ်မှုနှင့် ချက်ချင်းပင်ချိတ်ဆက်လိုက်၏။ သူသည် ဂိုဏ်းချုပ်ကြီးနှင့် အပြန်အလှန် နှုတ်ဆက်လိုက်ပြီးနောက် ဂိုဏ်းချုပ်ကြီးမှာ သက်ပြင်းချကာ ဆိုလိုက်၏။
” ပေါင်လဲ့ရေ။ သမင်ဖြူတာအိုကျောင်းက ဂိုဏ်းချုပ်ကြီးက အခုလေးတင်ပဲ ငါ့ကို ဆက်သွယ်လာတယ်… တကယ်လို့ မင်း သူ့ရဲ့ကမ်းလှမ်းချက်ကို လက်မခံနိုင်ဘူးဆိုရင် ငါ သူ့ကို ငြင်းပေးလိုက်ပါ့မယ် ” ဂိုဏ်းချုပ်ကြီးကိုယ်တိုင်ပင်လျှင် ခံစားချက်မျိုးစုံ ဖြစ်နေရ၏။ သူသည် ဝမ်ပေါင်လဲ့အတွက် ဂုဏ်ယူနေပါသော်လည်း လက်ရှိတွင် သူသည် ပဲလှော်ကြား ဆားညှပ်နေသကဲ့သို့ ဖြစ်နေသောကြောင့် အခက်တွေ့နေရတော့သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ဝမ်ပေါင်လဲ့ဘက်မှ အမြဲတမ်းရပ်တည်ပေးမည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ဂိုဏ်းချုပ်ကြီး၏ တောင်းဆိုချက်များကို ဘယ်သောအခါမှ ငြင်းဆန်မည် မဟုတ်ပေ။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် ဘုရင်ခံက သူ့အား တောင်းဆိုထားသည့် အချက်သုံးချက်ကို ဂိုဏ်းချုပ်ကြီးအား အသိပေးလိုက်၏။
” ဂိုဏ်းချုပ်ကြီး။ ကျနော်က လီယီကို လက်ထောက်မြို့တော်ဝန်အဖြစ် ခန့်ရလည်း ကိစ္စမရှိဘူး။ သမင်ဖြူတာအိုကျောင်းက မြို့တော်နယ်မြေအသစ် ဆောက်လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကိုတော့ ထောက်ပံ့ပေးရမယ်။ အဲလိုထောက်ပံ့ပေးနိုင်မယ်ဆိုရင်တော့ သူ့ကို လက်ထောက်မြို့တော်ဝန်ဖြစ်လာအောင် လုပ်ပေးလို့ရတယ် ” ဝမ်ပေါင်လဲ့မှာ သူ၏မိတ်ဆွေများနှင့် စကားပြောဆိုရာတွင် စကားကို သွယ်ဝိုက်မပြောဆိုတတ်ပေ။ ဂိုဏ်းချုပ်ကြီးမှာ သူ၏စကားကို ကြားလိုက်ရသောအခါ ရယ်မောကာ ဆိုလိုက်၏။
” သမင်ဖြူတာအိုကျောင်း တစ်ကျောင်းထဲကပဲ ပစ္စည်းတွေ ပေးမှာမဟုတ်ပါဘူး။ တာအိုကျောင်းလေးကျောင်းစလုံးက ပေးပါမှာကွ။ အဲဒီပစ္စည်းတွေကို မင်း အသုံးပြုရမှာဆိုတော့ ကောင်းကင်တာအိုကျောင်းဘက်ကနေ အကောင်းဆုံး ကြိုးစားပေးမှာပါ။ ဒါပေမဲ့ မင်းက သဘောကောင်းလွန်းနေတာပဲကွ။ ဘာလို့ နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ တောင်းရတာလဲ။ အနည်းဆုံး လေးဆယ်ရာခိုင်နှုန်းလောက်အထိ တောင်းမှပေါ့ ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် မျက်လုံးများအရောင်လက်သွားပြီး ဂိုဏ်းချုပ်ကြီးမှာ သူ့အား အလွန်အင်မတန်မှ ကောင်းမွန်စွာ ဆက်ဆံနေသည်ဖြစ်ကြောင်း မှတ်ယူလိုက်တော့သည်။ သူသည် ဂိုဏ်းချုပ်ကြီးနှင့် အချိန်အနည်းငယ်ခန့် ထပ်၍ စကားပြောလိုက်ပြီးနောက် ဆက်သွယ်မှုကို သတ်လိုက်၏။ ထို့နောက် နာရီဝက်အကြာတွင် ဂိုဏ်းချုပ်ကြီးက သူ့အား နောက်ထပ် အသံလွှင့်အကြောင်းကြားစာတစ်ခု ပေးပို့လိုက်၏။ သူသည် စကားတစ်ခွန်းသာ ပြောခဲ့သည်။
” တာအိုကျောင်းလေးကျောင်းကနေပြီးတော့ အင်္ဂါဂြိုဟ် နယ်မြေအသစ်အတွက် လိုအပ်တဲ့ ပစ္စည်းတွေရဲ့ လေးဆယ်ရာခိုင်နှုန်းကို ထောက်ပံ့ပေးမယ် ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားရပြီး စိတ်အေးသွားရသောကြောင့် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်တော့သည်။ ထို့နောက် ထိုပစ္စည်းများ၏ မျက်နှာကိုထောက်ကာ သူနှင့် လီယီကြားတွင် ရှိနေသော တင်းမာမှုများကို လျစ်လျူရှုထားလိုက်ရန် ဆုံးဖြတ်လိုက်၏။ ထိုရွေးချယ်မှုအား သူ့ဘက်မှ သဘောမတူဘဲ ကန့်ကွက်နေမည်ဆိုလျှင်တောင် သမင်ဖြူတာအိုကျောင်း၏ လုပ်ပိုင်ခွင့်အာဏာအရဆိုလျှင် သူတို့မှာ နောက်ဆုံး၌ လီယီအား လက်ထောက်မြို့တော်ဝန်အဖြစ် ခန့်အပ်ရန် ဘုရင်ခံအား ဖျောင်းဖျနိုင်သွားမည်သာဖြစ်ကြောင်း သူက သိထား၏။
ထိုသို့သာဖြစ်သွားပါက သူတို့မှာ ယခုထက်ပို၍ စွန့်လွှတ်အနစ်နာခံရမည် ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့အတွက် အကျိုးရှိနိုင်တော့မည်မဟုတ်ပေ။
” နောက်ထပ်…. ရာထူးသုံးနေရာစာ ကျန်သေးတယ် ” ဝမ်ပေါင်လဲ့မှာ ဝင်းလက်တောက်ပနေသော မျက်ဝန်းများဖြင့် သူ၏အသံလွှင့်လက်စွပ်အား စိုက်ကြည့်နေ၏။ အင်အားကြီးအဖွဲ့အစည်းများမှာ သူ့ဆီသို့ အရင်ဆုံး ချဉ်းကပ်လာကြမည်ဖြစ်ရာ သူသည် အဖြေရှာနေရန်ပင် မလိုတော့ကြောင်း ခံစားနေရ၏။
သူ ထင်မှတ်ထားသည့်အတိုင်းအပင်။ သိပ်မကြာခင်တွင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၊ ယွီဟွားရှန်ထျန်းဂိုဏ်းနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းများမှ အသံလွှင့်အကြောင်းကြားစာများမှာ သူ့ဆီသို့ ရောက်ရှိလာကြ၏။ သူတို့မှာ ဖြစ်ကြောင်းကုန်စင်ကို ကြားသိသွားကြသည့် ပုံပင်။ ထို့ကြောင့် သူတို့မှာ အကြောင်းကြားစာများ၏ ထိပ်ဆုံး၌ သူတို့ဘက်မှ ပစ္စည်းမည်မျှအထိ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း အတိအလင်း အသိပေးခဲ့၏။ ဆည်းဆာကြယ်စင်စုဂိုဏ်းဆိုလျှင် စစချင်းကတည်းက ငါးဆယ်ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးမည်ဟု ကတိပေးခဲ့သည်။
ဝမ်ပေါင်လဲ့မှာ သူတို့၏ ကမ်းလှမ်းချက်များကြောင့် အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရ၏။ သူသည် ထိုကမ်းလှမ်းချက်များ၏ အကောင်းအကျိုး အဆိုးအပြစ်များကို ချင့်ချိန်သုံးသပ်နေစဉ်မှာပင် ဗိုလ်ချုပ်ကြီးကျိုးဆီမှ အသံလွှင့်အကြောင်းကြားစာတစ်ခုကို လက်ခံရရှိလိုက်သည်။ ဝမ်ပေါင်လဲ့မှာ သတ္တမမြောက်ခံစစ်ကြောင်းတိုက်ပွဲထဲ၌ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အချိန်ကတည်းက ထိုဗိုလ်ချုပ်ကြီးနှင့်ခင်မင်ရင်းနှီးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုဗိုလ်ချုပ်ကြီးမှာ စကားကို သွယ်ဝိုက်ပြောဆိုနေခြင်းမရှိဘဲ အင်္ဂါဂြိုဟ်နှင့် ကမ္ဘာပေါ်မှ စစ်တပ်နှစ်ခုစလုံးမှာ ခုန်းတောက်အား မြို့တော်နယ်မြေအသစ်၏ လက်ထောက်မြို့တော်ဝန် ဖြစ်လာစေလိုကြောင်း အသိပေးလိုက်၏။
ဝမ်ပေါင်လဲ့မှာလည်း ထိုကိစ္စနှင့်ပတ်သတ်၍ စဉ်းစားတွေးတောလိုက်၏။ သူသည် စစ်တပ်နှင့် ရင်းနှီးသောဆက်ဆံရေးတစ်ခု ပိုင်ဆိုင်ထားသည့်ဖြစ်ရာ သူတို့၏ ကမ်းလှမ်းချက်အား ငြင်းဆန်ရန် အခက်တွေ့နေရမည် ဖြစ်သည်။ သူတို့မှာ သူ ဆန်ခါတင်နေရာ တစ်နေရာ ရရှိအောင် ကူညီပေးခဲ့သည် မဟုတ်ပါလော။
သူ ထိုကိစ္စအကြောင်း စဉ်းစားတွေးတောနေစဉ်မှာပင် သူ၏ အသံလွှင့်လက်စွပ်မှာ ထပ်၍ တုန်ရီသွားရပြန်သည်။ ယခုအကြိမ်တွင်မူ ၎င်းမှာ ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်၏ ဌာနချုပ်မှ ဆက်သွယ်မှုတစ်ခု ဖြစ်သည်။ သူ့အား ဆက်သွယ်လာသူမှာ ဥက္ကဋ္ဌကြီးကိုယ်တိုင်မဟုတ်ဘဲ သူ၏ လက်ထောက်တစ်ယောက်ဖြစ်၏။ သူ၏ လေသံမှာ ယဉ်ကျေးမှုအပြည့်ရှိကာ ရိုကျိုးနေ၏။ သူသည် ဝမ်ပေါင်လဲ့မှာ မြို့တော်နယ်မြေအသစ်၏ မြို့တော်ဝန်အဖြစ်သို့ တက်လှမ်းသွားနိုင်ခဲ့ကြောင့် ဥက္ကဋ္ဌကြီး၏ အမိန့်အရ သူ့အား ဂုဏ်ပြုစကားများ လှမ်းပြောပေးခြင်းဖြစ်ကြောင်း အသိပေးလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ချီးကျူးကာ အားပေးစကားအချို့ ပြောလိုက်၏။
ထိုအသံလွှင့်အကြောင်းကြားစာနှစ်ခုမှာ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ငတုံးတစ်ယောက် ဖြစ်နေလျှင်တောင် အခြေအနေများကို ရိပ်စားမိသွားမည်သာ ဖြစ်သည်။ ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်မှာ ခုန်းတောက်၏ ခေါင်းကိုင်ဖခင် ဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် ထို အသံလွှင့်အကြောင်းကြားစာ၏ နောက်ကွယ်၌ရှိနေသော အဓိပ္ပါယ်မှာ သိသာထင်ရှားလွန်းလှပေသည်။
” ငါလည်း ခေါင်းကိုင်ဖခင်တစ်ယောက် လိုချင်တာပေါ့ ” ဝမ်ပေါင်လဲ့မှာ သူ၏နဖူးကိုရိုက်ကာ ရေရွတ်လိုက်၏။ ထို့နောက် သူသည် သက်ပြင်းချလိုက်ပြီး ခုန်းတောက်အား လက်ထောက်မြို့တော်ဝန် တစ်ယောက်အဖြစ် ခန့်အပ်ရန် အကြံပြုပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးကျိုးအား အကြောင်းကြားလိုက်၏။ သို့သော် ခုန်းတောက်သည်လည်း မြို့တော်ဆောက်လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများ၏ လေးဆယ်ရာခိုင်နှုန်းတိတိကို ထောက်ပံ့ပေးရမည်ဖြစ်သည်။ လီယီမှာလည်း သူ၏နည်းတူ ထောက်ပံ့ပေးရမည် မဟုတ်ပါလော။
သို့သော် သူနှင့် စစ်တပ်ကြားမှ ဆက်ဆံရေးကြောင့် ဝမ်ပေါင်လဲ့မှာ နှစ်ဆယ်ရာခိုင်နှုန်းသာ ယူရန် သဘောတူပေးခဲ့၏။ ဗိုလ်ချုပ်ကြီးကျိုးမှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ ဟက်ဟက်ပက်ပက် ရယ်မောမိသွား၏။ သူသည် အခြေအနေများကို ရိပ်စားမိနေသောကြောင့် ထိုလူငယ်လေး၏ ရိုးသားမှုကို သဘောကျနေမိတော့သည်။ ထို့ကြောင့် သူသည် ခေါင်းညိတ်လိုက်ပြီး အခြားတစ်ဖက်မှ လူများအား ဝမ်ပေါင်လဲ့က သူတို့အား ကူညီပေးနေခြင်းဖြစ်ကြောင်း အသိပေးလိုက်မည်ဟု ပြန်ပြောလိုက်၏။
ဝမ်ပေါင်လဲ့မှာ တစ်ရက်လုံး အလုပ်ရှုပ်နေခဲ့ပြီးနောက် သူ၏ လက်ထောက်မြို့တော်ဝန်နှစ်ယောက်အား ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။ ထို့အပြင် သူသည် သူ၏ မြို့တော်နယ်မြေအသစ်အတွက် လိုအပ်သော ပစ္စည်းများ၏ ခြောက်ဆယ်ရာခိုင်နှုန်းခန့်ကိုလည်း သေချာပေါက် ရရှိသွားတော့မည်ဖြစ်သည်။
အင်္ဂါဂြိုဟ် အစိုးရအဖွဲ့စည်းမှနေ၍ သူ့အား ပေးအပ်မည့် ပစ္စည်းများကိုပါ ထည့်တွက်လိုက်မည်ဆိုပါက သူသည် အသက်ရှူချောင်သွားရပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့ ခံစားနေခဲ့ရသော ဖိအားများမှာ သိသိသာသာ လျော့ကျသွား၏။ ထို့နောက် သူ့ဆီတွင် မြို့တော်ဝန်ရာထူး နှစ်နေရာစာ ကျန်ရှိနေသေးသည်ကို ပြန်တွေးမိလိုက်သောကြောင့် စိတ်လှုပ်တရှား ဖြစ်သွားရ၏။ သူသည် ပစ္စည်များကို ထပ်၍စုဆောင်းကာ သူ၏ ကနဦး စိတ်ကူးထဲရှိ အရွယ်အစားထက် ပို၍ကြီးမားသော မြို့တော်နေမြေကြီးတစ်ခုကို တည်ဆောက်လျှင် တည်ဆောက်နိုင်တော့မည်ဖြစ်ကြောင်း တွေးနေမိတော့သည်။